Thursday, April 9, 2009

မောင်းမကန်သွား တောလား (၃)


ရောက်ပါပြီ၊ ကျနော့်ဇာတိဖြစ်တဲ့ မောင်းမကန်ရွာထဲ။ ရင်ထဲမှာ နွေးသလိုလို၊ အေးသလိုလိုခံစားလိုက်ရပါတယ်။ တစ်ခါတုန်းက ရွာထိပ်မှာ တည်ရှိခဲ့တဲ့ တောင်ပေါ်လေသာလို့ခေါ်တဲ့ ရွာဦးကျောင်းရှိရာ တောင်စောင်းဘက် စောင်းငဲ့ကြည့်ရှုလိုက်မိပါတယ်။ ကျနော့်ရင်ထဲမှာ ဆို့နစ်မှုတွေနဲ့အတူ သွားလေသူတွေရဲ့ မျက်ဝန်းတွေ ဘွားကနဲ ဘွားကနဲ မြင်ယောင်လာပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က အဖြစ်အပျက်ကြီးတစ်ခုပါ။ အခုတော့လဲ ပုံပြင်တစ်ခုလိုပါပဲ။ ကျနော်တို့ရွာသားတွေရဲ့ပါးစပ်ထဲမှာ ဒဏ္ဍာရီဆန်ဆန်ပုံပြင်တစ်ခုဖြစ်နေပြီထင့်။ ဒါပေမဲ့ မျက်မြင်တွေ့လိုက်ရသူတွေနဲ့ ကျနော်အပါအ၀င် သက်ဆိုင်ရာဆွေမျိုးသားချင်းတွေရဲ့ ရင်ထဲမှာတော့ မနေ့ကလိုပါပဲ။

“ဆရာတော်ဘုရား၊ လာပါဘုရား၊ အောက်ဆင်းကြစို့ဘုရား”
မနက်စောစော လေးနာရီလောက် အိပ်ယာထ၊ မျက်နှာတော်သစ်ပြီး ကျောင်းပေါ်မှာ ပရိတ်တော်ရွတ်ဖတ်ရင်း လမ်းလျှောက်နေတဲ့ ကျောင်းထိုင်ဆရာတော် (ကျနော့်အကိုဝမ်းကွဲ) ကို သာမဏေငယ်လေး နှစ်ပါးက ကျောင်းပေါ်တက်လာပြီး အထက်ပါအတိုင်းလျှောက်ထားရင်း ဆရာတော်ရဲ့ဝဲယာလက်တစ်ဘက်တစ်ချက်စီကို ဆွဲချသွားခဲ့ကြတယ်။ တကယ်တော့ ဒီအချိန်ဟာ ကိုရင်လေးတွေ အိပ်ယာက ထတဲ့အချိန်မဟုတ်သေးပါဘူး။ လေးနာရီခွဲလောက်မှ ထပြီး ဘုရားရှိခိုးကြရပါတယ်။ ဒါဟာ ကျနော့်တို့ရွာရှိ ဘုန်းကြီးကျောင်းတိုက်တွေရဲ့ နေ့စဉ်စည်းကမ်းတွေထဲက တစ်ခုပါ။

ဒီနေ့တော့ ထူးထူးခြားခြား၊ သူတို့ကြောက်ရလှတဲ့ ဆရာတော်ကို သူတို့လေးတွေကိုယ်တိုင် ကျောင်းပေါ်တက်လာပြီး ကျောင်းအောက် ဘေးလွတ်ရာမြေကွက်လပ်ရောက်သည်အထိ လက်ဆွဲခေါ်ချသွားခဲ့ကြပါတယ်။ ဆရာတော်လဲ ဘာပါလိမ်လို့ တွေးရင်း ကိုရင်ငယ်လေးနှစ်ပါးခေါ်ရာနောက် မငြင်းမဆန် ကြွလိုက်သွားခဲ့ပါတယ်။ ကျောင်းနဲ့ ဝေးရာခပ်လှမ်းလှမ်းရောက်တဲ့ အခါကျတော့ သည်းတုန် ရင်ခုန်စရာကောင်းတဲ့ ၀ုန်းဆိုပြီး တော်လဲသံကြီး တစ်ချက်ကြားလိုက်ကြရပါတယ်။ အဲဒီအချိန်မှာ ကျောင်းအတွင်းရှိ ဆရာတော်ရဲ့ ခမည်းတော်ကြီးအပါအ၀င် ကျောင်းသားကိုရင် နှစ်ဆယ်ကျော်ကျော်လောက်ဟာ အိပ်မောကျနေကြဆဲ။

တော်လဲသံကြီးကို ကြားလိုက်ရပြီးနောက်ပိုင်းမှာတော့ ရွာဦးကျောင်းတိုက်ဟာ ကွက်ကြားကမ္ဘာဖျက်မိုးရဲ့နှိပ်စက်မှုအောက်မှာ အစအနရှာမရလောက်အောင် ပျောက်ခြင်းမလှ ပျောက်ခဲ့ရပါတယ်။ ခုနှစ်ရက်၊ တစ်ပတ်ကျော်ကျော် ရွာနေတဲ့ ဖျက်မိုးကြောင့် မြေသားတောင်ကြီးဖြစ်တဲ့ မောင်းမကန်တောင်တန်းကြီးဟာ ရေတွေစိမ့်ဝင်ပြီး ပျော်ကျခဲ့ရပါတယ်။ ကျောင်းဆောက်ထားတဲ့နေရာဟာ အဲဒီမြေသားတောင်စောင်းမှာ ဖြစ်တဲ့အတွက် ပြိုကျလာတဲ့ မြေစိုက်မြေခဲတွေနဲ့အတူ ကျောက်တုံးကြီးတွေဟာ တောင်အောက်မှာရှိတဲ့ တိုက်ကျောင်းကြီးငါးကျောင်းနဲ့ ကျောင်းတိုက်အတွင်း အိပ်မောကျနေသူတွေ အားလုံးကို ရက်ရက်စက်စက် ၀ါးမျိုသွားခဲ့ပါတယ်။ အော်---ကံတူကျိုးပေး ဆိုတာ ဒါမျိုးပြောတယ်ထင်ပါရဲ့။

ကျောင်းထိုင်ဆရာတော်နဲ့အတူ အနည်းငယ်အသက်ရှင် ကျန်ရစ်သူတစ်ချိ့တစ်လေမှအပ ဆရာတော်ရဲ့ အဖခမည်းတော်ကြီးအပါအ၀င် စုစုပေါင်း (၂၁) ယောက်တိတိ တွင်းတူစရာမလိုပဲ အရှင်လတ်လတ်မြေအောက် ရောက်သွားကြပါတယ်။ ဘယ်ကံကြမ္မာများ ဖန်လာလေတယ် မသိ၊ ဘုရားမြတ်စွာသက်တော်ထင်ရှားရှိရင်တော့ အဖြေသိရတန်ကောင်းရဲ့။ အခုတော့ တစ်ချိန်တုန်းက ရွာအ၀င်မှာ ကျက်သရေမင်္ဂလာပြည့်ဝလှတဲ့ ရွာဦးကျောင်းတည်ရှိရာနေရာမှာ သွားလေသူတွေကို ရည်စူးပြီး လွမ်းစေတီငယ်လေး တစ်ဆူတည်ထားပေးပါတယ်။ သွားလေသူတို့ရေ့---ကောင်းရာလားကြပါစေ---။

ကျနော့်ရင်ထဲက တွေးစကို ရုတ်တရက်ဖြတ်ပြီး မျက်နှာလွှဲပစ်လိုက်မိပါတယ်။ သူတို့အတွက် ကျလာမည့် ရင်ထဲကမျက်ရည်တွေ အပြင်မရောက်စေချင်ပါ။ ပြီးခဲ့ပြီပဲလေ။ ဟုတ်ပါတယ်။ ဆယ်နှစ်တောင်ရှိသွားပြီပဲ။ ဒါပေမဲ့ကျနော့်ရင်ထဲမှာတော့----။ ကျနော်ဆက်မတွေးလိုတော့။ ရွာဝင်လမ်းမကို မျက်တောင်မခတ်စိုက်ကြည့်ရင်း ကားပေါ်ထိုင်လိုက်လာမိတယ်။ ကျနော်နဲ့အတူလိုက်လာတဲ့ ကျနော့်သူငယ်ချင်း ဒေါက်တာကိုသစ်နိုင် (Ph.D) က ကျနော့်မျက်နှာကို ကြည့်ပြီး “ကိုယ့်လူကြည့်ရတာ တစ်ခုခုကို လွမ်းနေသလိုပါပဲလား” တဲ့။ အင်းလေ။ သူမှ မသိပဲကိုး။ ကျနော့်ပါးစပ်က အလိုလိုပြန်ပြောလိုက်မိပါတယ်။ “လွမ်းနေတာ မဟုတ်ဘူး သူငယ်ချင်းရေ့---၀မ်းနည်းနေတာ၊ ၀မ်းနည်းနေတာ---” လို့။

နောက်ကျမှ ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြမိတယ်။ သူလဲ စိတ်မကောင်းဘူးပေါ့။ ဒီလိုနဲ့ ကျနော်တို့သူငယ်ချင်းသုံးယောက်၊ ကျနော်ရယ်၊ ဒေါက်တာကိုသစ်နိုင်ရယ်၊ အမေရိကန်မှာနေတဲ့ ကျနော့်သူငယ်ချင်း ကိုတင့်လွင် (မဟာဝိဇ္ဇာ)ရယ်၊ ကျနော့်အိမ်ရောက်ခဲ့ကြတယ်။ မိသားစုတွေ အားလုံး ပြန်တွေ့ကြရတော့ ၀မ်းသာလိုက်ကြတာ မပြောပါနဲ့။ ရွာအ၀င်တုန်းက ရှိခဲ့တဲ့ ၀မ်းနည်းမှုလေးတွေလဲ အကုန်ပျောက်ကုန်ပြီ။ တစ်ယောက်နဲ့တစ်ယောက် ၀မ်းသာအားရ နှုတ်ဆက်ရင်း သာကြောင်းမာကြောင်းတွေ မပြီးမစီးမေးကြတော့တာပဲ။

ကျနော့်ရင်ထဲမှာတော့ အသက်ကိုးဆယ်ကျော်နေကြပြီဖြစ်တဲ့ ကျနော့် အဘိုးနှစ်ယောက်ရယ်၊ အဖေရယ်၊ ကျနော့်အမ၊ ညီမလေးတွေနဲ့ ကျနော့်တူလေးတွေ၊ တူမလေးတွေကြည့်ပြီး အရမ်းကြည်နူးခဲ့ရပါတယ်။ သူတို့လဲ ကျနော့်ကို တွေ့ရလို့ ၀မ်းသာသလို ကျနော်လဲ သူတို့တွေ့ရလို့ ပျော်ရွှင်ရပါတယ်။ ဒါသည်ပင် ဝေးရပ်မြေခြားက ပြန်ရောက်လာသူတွေရဲ့ ခံစားချက်တစ်မျိုးထင်ပါရဲ့။ ရောက်ရောက်ချင်း ခဏအနားယူပြီး ကျနော်တို့ သူငယ်ချင်းသုံးယောက်သား မောင်းမကန်ရွာရဲ့ မြောက်ဘက်စူးစူးမှာရှိတဲ့ ရေပူစမ်းရှိရာသို့ ဦးတည်လျှောက်လာခဲ့ကြပါတော့တယ်။

No comments: