Wednesday, April 8, 2009

ကျနော်ချစ်သော ကျနော့်မြေ


မြန်မာပြည်နဲ့ တစ်နှစ်ကျော်ကျော်လောက် ခွဲခွါခဲ့ရပြီးနောက် အလွမ်းပြေတစ်ခေါက် ပြန်ရောက်သွားခဲ့ပါတယ်။ အသွားအပြန် TG= လေယာဉ်လက်မှတ်တစ်စောင်ဝယ်လိုက်တယ်။ စတာလင်ပေါင် (၇၄၇) ပေးရပါတယ်။ အဲဒီတုန်းက ဈေးပေါ့။ ရာသီအလိုက် လေယာဉ်လက်မှတ်ဈေးအတက်/အကျရှိပါတယ်။ တစ်နှစ်ဆိုတဲ့ အချိန်ဟာ ဘာမှ မကြာလိုက်သလို မြန်မာပြည်မှာလဲ ဘာအပြောင်းအလဲမှ မရှိသေးပါဘူး။ သွားနေကျ နေရာလေးတွေဆီ အလွမ်းပြေပြန်လည်ခြေချမိပြီး မိတ်ဆွေသူငယ်ချင်းအဟောင်းအမြင်းတွေနဲ့ ပြန်လည်တွေ့ဆုံရတာကိုပဲ အမြတ်လို့ မှတ်ယူခဲ့ပါတယ်။

ကိစ္စအထူးမရှိဘဲ ပြန်ချင်တဲ့စိတ်သက်သက်နဲ့ သွားတာမို့ ရောက်တော့လဲ ပျော်သလိုပါပဲ။ တကယ်တော့ ကိုယ့်နိုင်ငံလောက် ကိုယ့်ကို ကြိုဆိုနိုင်တဲ့နိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ ရှိမယ်မထင်ပါဘူး။ ကိုယ့်နိုင်ငံဟာ ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပေမဲ့ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ချစ်ရတဲ့ချစ်သူတွေနဲ့ ရေစက်ဆုံရာ အိုအေစစ်လေးတစ်ခုပါ။ ကျနော်မှန်တာကို ပြောပါရစေ။ ကျနော်ဟာ မြန်မာပြည်ကို အချစ်ဆုံးပါပဲ။

ကျနော်ရန်ကုန်ရောက်တဲ့အချိန်မှာ ရန်ကုန်ရဲ့ အပူဒီဂရီဟာ ၃၃ နဲ့ ၃၅ အကြားမှာ ရှိနေပါတယ်။ အလွန်အေးတဲ့ နိုင်ငံတစ်နိုင်ငံကနေ အလွန်ပူတဲ့တိုင်းပြည်တစ်ပြည်ကို ရောက်သွားရပေမဲ့ ရင်ထဲမှာတော့ အေးမြမှုတွေနဲ့အတူ ပျော်ရွှင်နေခဲ့ပါတယ်။ မြင်နေကျ မြင်ကွင်းဟောင်းတွေ မပြောင်းလဲသလို သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ကြိုဆိုမှုဟာလဲ မပြောင်းလဲကြပါဘူး။ တစ်ချို့က ကျနော့်ကို ပြောကြတယ်။ မြန်မာပြည်ကို ပြန်မလာနဲ့တော့၊ အဲဒီမှာပဲ နေလိုက်တော့ တဲ့။ ကျနော့်ရင်ထဲအရှိတိုင်း ပြန်ပြောခဲ့ပါတယ်။ မြန်မာပြည်ကိုတော့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ပြန်လာမှာပဲ လို့။

အင်္ဂလန်နဲ့ မြန်မာနိုင်ငံတွေအကြား အစစအရာရာ ကွာခြားမှုတွေ ရှိနေပေမဲ့ ကိုယ့်မြေ၊ ကိုယ့်ရေနဲ့ ကိုယ့်ဆွေ ကိုယ့်မျိုးတွေကို မျက်နှာလွှဲနိုင်တဲ့ စွမ်းအား ကျနော့်မှာ မရှိသေးတာ အမှန်ပါ။ မနက်မိုးလင်းလို့ အိပ်ယာထ၊ မျက်နှာသစ်ပြီးတဲ့အခါ လက်ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ အတူသွားထိုင်ပြီး ကျဆိမ့်တစ်ခွက်နဲ့ ပဲနံပြားတစ်ချပ်ကို တစ်ငုံချင်း တစ်ဖက်ချင်း အေးအေးဆေးဆေး စကားပြောရင်း စားရသောက်ရတဲ့ အရသာမျိုး ကျနော်သိရသလောက် ဘယ်နိုင်ငံမှာမှ ရနိုင်မယ်မထင်ပါ။ အချိန်အင်မတန်ပေါတဲ့ မြန်မာပြည်ဟာ ကျနော့်လို အချိန်ဖြုန်းချင်တဲ့ကောင်အတွက်တော့ တကယ့်နတ်ဘုံနတ်နန်းကြီးတစ်ခုပါပဲ။

မတ်လတစ်လလုံး မြန်မာပြည်မှာ ကျနော်ရှိနေခဲ့ပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဟိုသွားဒီသွား သိပ်ပျော်ခဲ့ပါတယ်။ မသွားဖူးတဲ့အရပ်ကို အသစ်ထွင်ပြီး မသွားခဲ့ပါဘူး။ သွားနေကျ ရောက်နေကျနေရာတွေဆီပဲ ထပ်သွားဖြစ်၊ ထပ်ရောက်ဖြစ်ခဲ့တာပါ။ ဒါမှလဲ အလွမ်းပြေမှာကိုး။ ကျနော်က လွမ်းတတ်တယ်လေ။ ကျနော့်ကို သိပ်ချစ်တယ်လို့ပြောတဲ့ ချစ်သူအသစ်/အဟောင်းတွေနဲ့လဲ ထုံးစံအတိုင်းတွေ့ခဲ့ပါတယ်။ သူတို့နဲ့တွေ့တော့ ရင်ထဲတစ်မျိုးကြီးပါပဲ။ တွဲရတဲ့အရသာကို လိုလားပေမဲ့ သေချာပေါက်ခွဲရမဲ့အရေး တွေးမိတော့ ချစ်သူတွေအတွက် စိတ်မကောင်းများစွာဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့လေ ဘယ်တတ်နိုင်မလဲ။ ကိုယ့်ကို ခွင့်လွှတ်နိုင်ကြပါစေလို့ တိတ်တဆိတ်ဆန္ဒပြုခဲ့မိပါတယ်။

ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရမယ် ဆိုတဲ့အသိကို ဇွတ်မှိတ်လိုက်နာရင်း တဖြေးဖြေးနဲ့ နီးနီးလာတဲ့ ပြန်ရမည့်ရက်ကို မုန်းတီးစွာ ကြိုဆိုခဲ့ရပါတယ်။ ဒီလိုနဲ့ April လေးရက်ဆိုတဲ့နေ့ဟာ ကျနော့်ကို ကျနော်အလွန်ချစ်၊ အလွန်ပျော်ရာ ပြည်မြန်မာကနေ ကျနော်အလွန်ပျင်း အလွန်မနေချင်တဲ့ အင်္ဂလန်နိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတော့တယ်။
တက်ရပေဦးတော့မယ် ကျောင်း။
ကျက်ရပေဦးတော့မယ် စာ။
ကုန်ရပေဦးတော့မယ် ပိုက်ဆံ။
လွမ်းရပေဦးတော့မယ် ချစ်သူ။
ချမ်းရပေဦးတော့မယ် ဆောင်းရာသီ။

No comments: