Friday, April 10, 2009

မောင်းမကန်သွား တောလား (၄)


ကျနော်တို့သူငယ်ချင်းသုံးယောက်သား စကားတပြောပြောနဲ့ မောင်းမကန်ရွာရဲ့ မြောက်ဘက်စူးစူးရှိ Hot Spring သို့မဟုတ် Thermal Spring ခေါ် ရေပူစမ်းရှိရာသို့ ဦးတည်လျှောက်လာခဲ့ကြတယ်။ ကျနော်တို့ အိမ်ကထွက်လာတဲ့ အချိန်ဟာ ညနေ ငါးနာရီကျော်ကျော်လောက်ရှိပါပြီ။ ရွာထဲကနေ ရေပူတွင်းတွေရှိတဲ့ဆီ တစ်မိုင်သာသာလောက် လမ်းလျှောက်ရပါတယ်။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေနဲ့လဲ သွားလာကြပါတယ်။ လမ်းမှာရေပူချိုးပြီးပြန်လာကြတဲ့ စုံတွဲတွေလဲ အတော်များများတွေ့ရပါတယ်။ ကျနော်တို့ကတော့ လမ်းတောက်လျှောက် စိမ်းလမ်းစိုပြေစွာပေါက်ရောက်နေတဲ့ သစ်ပင်ကြီးငယ်တွေကို မျက်စိအရသာခံရင်း လမ်းလျှောက်သွားခဲ့ကြပါတယ်။

ကျနော်တို့ရွာနဲ့ ရေပူစမ်းရှိရာသို့ သွားရာလမ်းမှာ ရွာသူရွာသားတွေရဲ့အကျိုးစီးပွါးကို တစ်စုံတစ်ရာဆောင်ရွက်တယ်လို့ ကျနော့်တစ်သက် တစ်ခါမှ မကြားခဲ့ရဖူးတဲ့ ရဲစခန်းတစ်ခုလဲရှိပါတယ်။ သူတို့အကြောင်းကိုတော့ ကျနော်ရေးနေတဲ့ တောလားလေး အရသာပျက်သွားမှာစိုးလို့ အလျှင်းသင့်ပေမဲ့ မရေးပါရစေနဲ့တော့။ ရေပူတွင်းတွေက အဲဒီရဲစခန်းအလွန် လမ်းကွေ့ရောက်တာနဲ့ နောက်ဘက်တစ်ဖာလုံလောက် ချိုးလိုက်ရင် ရောက်ပါပြီ။ အဲဒီရေပူတွင်းရှိရာသို့ ဦးမတည်ဘဲ ရှေ့ဆက်သွားမယ်ဆိုရင်တော့ တနင်္သာရီကမ်းရိုးတမ်း တံငါရွာလေးတွေဖြစ်တဲ့ ပန်းတင်အင်း၊ နဖူးလည် စတဲ့ရွာတွေဆီရောက်သွားမှာဖြစ်ပါတယ်။

ရေပူစမ်း

ဒီနေရာမှာ ကျနော်ရေပူစမ်းနဲ့ပတ်သက်ပြီး ဗဟုဿုတအဖြစ် အနည်းမျှ တင်ပြချင်ပါတယ်။ Hot Spring လို့အင်္ဂလိပ်လိုခေါ်တဲ့ ရေပူစမ်းဟာ ကျနော်တို့နေတဲ့ ဟောဒီကမ္ဘာမြေပြင် နေရာအနှံ့မှာ ရှိနေတယ်လို့ ဆိုပါတယ်။ ရေပူစမ်းရှိတဲ့နိုင်ငံတွေအတော်များများ စာရင်းပြုစုထားတာတွေ့နိုင်ပါတယ်။ အဲဒီထဲမှာ ကျနော်တို့နိုင်ငံတောင် ပါတာမတွေ့ရပါဘူး။ တကယ်တော့ ကျနော်တို့နိုင်ငံဟာလဲ ရေပူစမ်းထွက်ရာနိုင်ငံကြီးတစ်ခုပါ။ ကျနော်တို့ရွာမှာတင်မကပါဘူး။ ရခိုင်ပြည်နယ်တို့ဘက်မှာလဲ ရေပူစမ်းတွေရှိတယ်လို့ သိရပါတယ်။

ရေပူစမ်းနဲ့ပတ်သက်ပြီး ဘုရားစာပေတွေထဲမှာ ဖတ်ရဖူးတာလေး ကြုံတုန်းပြောပြချင်ပါတယ်။ ပါဠိစာပေထဲမှာ တပေါဒ (တပ=ပူသော+ ဥဒ=ရေ) လို့ခေါ်တဲ့ မြစ်တစ်စင်းရှိပါတယ်။ အဲဒီမြစ်ရဲ့ စတင်စီးဆင်းရာနေရာဟာ အလွန်အင်မတန်အေးမြကြည်လင်တဲ့ရေအိုင်ကြီးတစ်ခု လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီမြစ်ထဲက လျှံထွက်စီးဆင်းတဲ့ရေတွေဟာ လောဟကုမ္ဘီလို့ခေါ်တဲ့ ငရဲကိုဖြတ်ပြီး စီးဆင်းသွားပါသတဲ့။ အဲဒီငရဲကြီးကမှ တစ်ဆင့် ကျနော်တို့လူ့ပြည်ရောက်လာတယ်လို့ စာပေတွေက ဆိုပါတယ်။ ဒါကြောင့် အဲဒီမြစ်ရေတွေဟာ အလွန်ပူတယ်လို့ သိရပါတယ်။ တပေါဒလို့ခေါ်တဲ့ ရေပူစမ်းချောင်းကြီးဟာ ယနေ့အထိ အင်ဒိယနိုင်ငံမှာ ရှိနေတုန်းပါ။ ဒီစာပေအရဆိုရင် ရေပူစမ်းတွေဟာ ငရဲနဲ့နီးတဲ့နေရာတွေက ထွက်လာတယ်လို့တောင် မှတ်ယူနိုင်ပါတယ်။ ဒါကတော့ စာပေမှာလာတာကို ပြောပြတာပါ။

ယနေ့သိပံ္ပပညာရှင်တွေနဲ့ ဘူမိဘေဒပညာရှင်တွေကတော့ ရေပူစမ်းတွေထွက်ရခြင်းရဲ့အကြောင်းကို အောက်ပါအတိုင်း နှစ်မျိုးနှစ်စားတင်ပြကြပါတယ်။
(၁) ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်းမှာတည်ရှိတဲ့ ကျောက်တုံးကျောက်သားတွေဟာ မဟာပထ၀ီမြေကြီးရဲ့ အလွန်လေးလံတဲ့ဖိအားကြောင့် အလွန်ပူပြင်းပြီး အဲဒီကျောက်သားတွေကို ဖြတ်ကျော် စီးဆင်းလာတဲ့ ရေတွေဟာ ရေပူအဖြစ် ကမ္ဘာ့မြေမျက်နှာပြင်ဆီ စိမ့်ထွက်လာတယ်လို့ဆိုပါတယ်။
(၂) နောက်တစ်မျိုးကတော့ အမေရိကန်နိုင်ငံ၊ Yellowstone National Park ထဲမှာ ရှိတဲ့ ရေပူးစမ်းတို့လို့ (Active Volcanic Zones) မီးတောင်ရှင်တွေတည်ရှိရာဒေသတွေမှာလဲ ရေပူစမ်းတွေထွက်တတ်တယ်လို့ ဆိုပါတယ်။ Magma လို့ခေါ်တဲ့ ချော်ကျောက်တွေအနားက ဖြတ်သန်းစီးဆင်းလာတဲ့ရေတွေဟာ ပူပြင်းလွန်းတဲ့ ချော်ကျောက်တွေရဲ့အရှိန်ကြောင့် အလွန်ပူတဲ့ရေအဖြစ်ပြောင်းလဲပြီး မြေမျက်နှာပြင်အပေါ် စိမ့်ထွက်လာတတ်ပါတယ်။

ဒီလိုနည်းနဲ့ ရေပူတွင်းတွေနဲ့ ရေပူစမ်းချောင်းတွေဟာ ကမ္ဘာမြေပြင်နေရာအနှံ့မှာ ဖြစ်တည်လာကြပါတယ်။ တခြားနေရာကရေပူစမ်းတွေရှိ ရေရဲ့အရသာဟာ ဘယ်လိုအရသာရှိတယ် မသိရပေမဲ့ ကျနော်တို့မောင်းမကန်ရွာရှိရေပူစမ်းထွက် ရေကတော့ ပင်လယ်ရေလို ငံပါတယ်။ ပင်လယ်နဲ့နီးတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲဒီရေပူတွေဟာ အငံဓာတ်နဲ့ သံဓာတ်အမြောက်အများပါဝင်တဲ့အတွက်ကြောင့် ၀ဲနာ၊ ယားနာပေါက်သူတွေအတွက် အလွန်သင့်တော်တဲ့ ဆေးကောင်းဝါးကောင်းတစ်လက်ဖြစ်ပါတယ်။ အဲဒါတော့ ကျနော်တို့ မောင်းမကန်ရွာသူရွာသားတွေရဲ့ ကိုယ်တွေ့ပါပဲ။ ကျနော်တို့ငယ်ငယ်ကဆို ရွာမှာ ၀ဲနာ၊ ယားနာပေါက်လို့ကတော့ ဘာဆေးမှ လိမ်းမနေကြတော့ဘူး။ ရေပူတွင်းသွားပြီး သုံးလေးရက်ဆက်ချိုးလိုက်တာနဲ့ အလိုလိုချောက်ပြီး ပျောက်သွားတော့တာပါပဲ။

နောက်ပြီး သာမန်လေဖြတ်ခံထားရတဲ့ လူတွေဟာလဲ ရေပူစမ်းရေကို တစ်နေ့ မိနစ်သုံးလေးဆယ်လောက် စိမ်ချိုးချိုးရုံနဲ့ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ကျနော့်အကိုကြီးတစ်ယောက်ပြောစကားအရ လေဖြတ်ခံထားရတဲ့ အဘိုးကြီးတစ်ယောက်ဟာ အဲဒီရေပူစမ်းရေကို နေ့တိုင်းသောက်ရင်းနဲ့ တဖြေးဖြေးပြန်လည်သက်သာသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် ရေပူစမ်းကထွက်တဲ့ရေတွေဟာ နတ်ဆေးတစ်မျိုးလို့တောင် ဆိုနိုင်ပါတယ်။ အဲဒီနတ်ဆေးမျိုးကို ကျနော်တို့ မောင်းမကန်ရွာသားတွေ ပိုင်ဆိုင်ထားကြကြောင်းပါ။ ၀ဲပဲပေါက်ပေါက်၊ ယားနာပဲဖြစ်ဖြစ်၊ လေပဲဖြတ်ဖြတ်၊ မောင်းမကန်သွားပြီး ရေပူချိုးဖို့ တိုက်တွန်းပါရစေ။

ကျနော်တို့ သူငယ်ချင်းသုံးယောက် ရေပူစမ်းရောက်တဲ့အခါကျတော့ ရေပူတွင်းတွေကို ခြံခတ်ထားတာတွေ့ရပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကတော့ အခုလို ခြံခတ်မထားပါဘူး။ ဘယ်သူမဆို အချိန်မရွေး သွားရောက်ချိုးနိုင်ပါတယ်။ အခုတော့ ထားဝယ်မြို့ပေါ်က အကွက်မြင်တဲ့ စီးပွါးရေးသမားတွေလက်ထဲ ရောက်သွားပြီထင်ပါရဲ့။ အဲဒီ ရေပူတွင်းတွေအနားမှာ စားသောက်ဆိုင်တွေလဲ ဖွင့်ထားတာတွေ့ရပါတယ်။ နောက်ပြီး ၀င်စိမ်ချိုးလို့ရအောင် ရေချိုးအခန်းလေးတွေလဲ ဖွဲ့ပေးထားတယ်။ အပြင်မှာ ချိုးရင် (၁၀၀)ကျပ်၊ ရေချိုးခန်းထဲမှာ ၀င်စိမ်ချိုးရင် (၃၀၀) ကျပ်ယူတယ်လို့ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် တန်ပါတယ်။ လာလုပ်တဲ့လူတွေကိုပဲ ကျေးဇူးတင်ရမှာပါ။ ကျနော်တို့သူငယ်ချင်းသုံးယောက်လဲ တစ်ယောက်တစ်ခန်းစီယူပြီး ၀င်စိမ်လိုက်ကြပါတယ်။ အား--ပါး---ပါ---အရသာရှိလိုက်ပါဘိဗျာ။

နာရီဝက်ကျော်ကျော်လောက် ၀င်စိမ်ကြပြီး ပြန်ထွက်လာတဲ့အခါကျတော့ ကျနော်တို့သုံးယောက်လုံး ခြေထောက်နဲ့ မြေကြီးထိတယ်မထင်ရလောက်အောင်ကို သွက်လက်ပေါ့ပါးသွားတယ်လို့ ခံစားလိုက်ကြရတယ်။ တကယ့်ကို ပေါ့ပါးသွက်လက်သွားတာပါ။ ရေပူနဲ့ တ၀ကြီးစိမ်ကြပြီး အနီးနားက ဆိုင်မှာ စကားတပြောပြောနဲ့ အအေးတစ်ခွက်စီဝင်သောက်ခဲ့ကြပါသေးတယ်။ ရေပူစိမ်ပြီးပြီးချင်း အအေးသောက်ရတဲ့ အရသာကလဲ ဘာနဲ့နှိုင်းပြောလို့ ပြောရမှန်းမသိတဲ့အတွက် မပြောတော့ပါဘူး။ အလွန်ကောင်းတယ်ဗျာ--လို့ပဲ ဆိုပါရစေတော့။ သာမန်အချိန်မှာ အအေးသောက်လေ့မရှိတဲ့ ကျနော်ဟာ အဲဒီအချိန်သောက်လိုက်ရတဲ့ အအေးတစ်ခွက်ရဲ့အရသာကို အခုထိ သတိတရရှိနေဆဲပါပဲ။ ဒါမျိုးကလဲ ကြုံကြိုက်ဦးမှကိုးဗျာ့။

No comments: