Thursday, April 30, 2009
Swine Flu ကူးစက်ပုံအဆင့်ဆင့်
ဒီရောဂါကူးစက်ပုံကို Phase ခေါ်အဆင့်ခြောက်ဆင့်နဲ့ WHO ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီးက သတ်မှတ်ပါတယ်။ ကျနော်တို့မြန်မာစာဖတ်ပရိတ်သတ်များအတွက် ဗဟုဿုတပွါးနိုင်အောင် အဲဒီအဆင့်ခြောက်ဆင့်ကို ရုပ်ပုံများနှင့်တကွ ရှာဖွေတင်ပြပေးလိုက်ပါတယ်။
(၁) Phase One;
A virus circulates among animals but has not infected humans.
ဒီအဆင့်မှာ ရောဂါပိုးဟာ တိရစ္ဆာန်အချင်းချင်းပဲ ကူးစက်ပျံ့နှံ့နေပါသေးတယ်။ လူတွေဆီမရောက်သေးပါဘူး။
(၂) Phase Two;
Animal flu virus has known to have infected humans and is considered a potential pandemic threat.
ဒီဒုတိယအဆင့်မှာတော့ တိရစ္ဆာန်တွေမှာကူးစက်နေတဲ့ ရောဂါပိုးဟာ လူတွေဆီ စတင်ကူးစက်လာနေပါပြီ။ ဒါကြောင့် ကူးစက်ရောဂါအဖြစ်ချိန်းချောက်နိုင်တဲ့အလားအလာရှိကြောင်း ယူဆလို့ရတဲ့ အနေအထားမှာရှိပါတယ်။
(3) Phase Three;
A small outbreak of an animal or human-animal virus in humans. The level of human-to-human transmission is not sufficient enough to sustain community-level outbreaks.
တိရစ္ဆာန်အချင်းချင်းကူးစက်ရောဂါပိုး၊ သို့မဟုတ် တိရစ္ဆာန်မှလူဆီကူးစက်ရောဂါပိုးဟာ လူတွေအကြား အတန်ငယ်ဖြစ်ပွါးနေတဲ့ အဆင့်ပါ။ ဒီလူအချင်းချင်းကူးစက်နေပုံဟာ အားချိနေသေးတဲ့အတွက် လူထုကြီးတစ်ရပ်လုံးမှာဖြစ်ပွါးတဲ့အဆင့်အနေနဲ့ မသတ်မှတ်နိုင်သေးပါဘူး။
(4) Phase Four;
A significant increase in the risk of a pandemic. Affected countries should impose trade and travel restrictions and consider deploying a vaccines although one is not available in this case. This case still offers the possibility of isolating affected areas.
ကူးစက်ရောဂါအန္တရယ်အတော်ကြီးထွားလာတဲ့ အခြေအနေပါ။ ရောဂါဖြစ်ပွါးနေပြီဖြစ်တဲ့နိုင်ငံတွေဟာ ကုန်သွယ်နဲ့သွားလာရေးကိစ္စတွေကို ထိမ်းချုပ်ပြီး သက်ဆိုင်ရာကုသရေးဆေးဝါးတွေကို အဆင်သင်ပြင်ဆင်ထားဖို့လိုအပ်နေပါပြီ။ ဒီအဆင့်မှာတော့ လူအများစုမနေတဲ့ဒေသတွေမှာ အုပ်စုတစ်ခုအတွင်း ရောဂါဖြစ်ပွါးနေမှုကို ဆိုလိုပါတယ်။
(5) Phase Five;
Pandemic is "imminent". Affected countries are required to advise people with respiratory illnesses should prepare to suspend classes or meetings.
မကြာမီကူးစက်ရောဂါအကြီးအကျယ်ဖြစ်တော့မည့် အနေအထားဖြစ်ပါတယ်။ ရောဂါဖြစ်ပွါးနေတဲ့နိုင်ငံတွေဟာ အသက်ရှူမှုနဲ့ပတ်သက်တဲ့ဝေဒနာရှိသူတွေကို အတန်းတွေ၊ အစည်းအဝေးတွေမတက်ဖို့ရာ အကြံပေးကြဖို့ လိုအပ်နေပါပြီ။
(6) Phase Six;
Sustained transmission of a virus between humans in several countries. Contingency plans for health systems at all levels should be implemented.
နိုင်ငံအတော်များများမှာ လူထုအတွင်းရောဂါကူးစက်ပျံ့နေပါပြီ။ ကျမ်းမာရေးဆိုင်ရာနည်းစနစ်တွေအတွက် ဖြစ်နိုင်သမျှအစီအမံတွေကို ရနိုင်သမျှချမှတ် အကောင်အထည်ဖေါ်ရတော့မှာဖြစ်ပါတယ်။
အခုလက်ရှိအခြေအနေမှာတော့ မနေ့ကကျင်းပတဲ့ ဂျီနီဗာအစည်းအဝေးမှာ WHO အဖွဲ့ကြီးမှ အကြီးအကဲဖြစ်သူ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာမာဂရက်ချမ်းက အထက်ပါ အဆင့်ခြောက်ဆင့်အနက် အဆင့် (၅)ကို ကမ္ဘာသို့ သတ်မှတ်ကြေညာလိုက်ပါပြီ။ ဒေါက်တာမာရရက်ချမ်းရဲ့ အောက်ပါ ကျေညာချက်ကို နားဆင်ကြည့်ပါ။
အဲဒီတော့ အချိန်မီမကာကွယ်နိုင်ဘူးဆိုရင် မကြာမီသောကာလမှာ နောက်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် (၆)သို့ ရောက်လာမှာ ဧကန်ပါပဲ။ မိမိဆီတိုက်ရိုက်ရောက်မလာခင် လုပ်သင့်လုပ်ထိုက်တဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားကြပါရန် ထပ်မံ အထူးတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
အရောဂါ ဟောန္တု=ရောဂါခပ်သိမ်း ကင်းဝေးကြပါစေကုန်သောဝ်။
Tuesday, April 28, 2009
ထောက်လှမ်းရေး ဘောလ်ပင်
ပြီးခဲ့တဲ့သုံးလေးလလောက်တုန်းက အွန်လိုင်းမှာပလူပျံလာတဲ့ သတင်းတစ်ပုဒ်ကို မှတ်မိနေကြဦးမယ်ထင်ပါတယ်။ ရန်ကုန် စူပါမားကစ်ကြီးတစ်ချို့ရှိ အမျိုးသမီးများအ၀တ်လဲခန်းတွေထဲမှာ (ဗွီဒိယို) ကင်မရာခိုးရိုက်ပြီး အင်တာနက်မှာ တင်ထားတဲ့ သတင်းပါ။ ကျနော်လဲ လူစွာလုပ်ပြီး ပို့စ်တစ်ခုရေးဖြစ်ခဲ့ပါသေးတယ်။ သက်ဆိုင်သူအမျိုးသမီးထုကြီးအတွက် ရှက်စရာကောင်းတဲ့ အခြေအနေတစ်ရပ်လို့ အများစုသုံးသပ်ကြပါတယ်။ အမျိုးသမီးတစ်ယောက် အ၀တ်လဲခန်းထဲဝင်ပြီး အ၀တ်လဲပြီဆိုမှတော့ သူဝယ်မည့်အ၀တ်အထည် သူနဲ့တော်/မတော်သိရဖို့အတွက် သူ့ကိုယ်ပေါ် နဂိုဝတ်လာတဲ့ အ၀တ်တွေကို ချွတ်မှပဲ အဆင်ပြေမှာပေါ့ဗျာ။ ဒါများ ကင်မရာတွေဘာတွေနဲ့ ခိုးရိုက်နေဖို့ လိုလို့လား။ မှန်းကြည့်ပေါ့။
ဒီခေတ်ဒီခါကြီးမှာ အမျိုးသမီးတွေကို သဘာဝအတိုင်းမြင်ချင်သပဆိုရင် လွယ်ပါ့။ အင်တာနက်ပေါ်တစ်ချက်တက်လိုက်ပြီး သက်ဆိုင်ရာဝက်ဘဆိုဒ်ကို click လိုက်တာနဲ့ Day-to-Day Update လုပ်ထားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ပုံလို့ အောလို့ပဲ။ ဒါနဲ့များ ချောင်းကြည့်ချင်၊ ခိုးကြည့်ချင်တဲ့ လူတွေက ရှိသေး။ တစ်ယောက်ကို ကျကျနနမြင်ရပြီးရင် နောက်တစ်ယောက်လဲ ဒီအတိုင်းပဲဆိုတာ သိရော့ပေါ့။ ပိန်တာ၊ ၀တာ၊ ဖြူတာ၊ မည်းတာပဲကွာမယ်။ ကျနော်ပြောတာ ဟုတ်ဘူးလားဗျာ။
ဒါပေမဲ့ ခက်နေတာက လူ့စရိုက်။ လူတစ်ယောက်အကြိုက်တစ်မျိုးစီရှိတယ်ဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတော့ မတူဘူးပေါ့။ အချို့ရှင်းရှင်းလင်းလင်းမြင်ရမှ၊ အချို့ မပေါ့်တပေါ်မြင်ရမှ၊ အချို့ကျတော့လဲ ပင်ပင်ပန်းပန်းကို ချောင်းကြည့်ရမှ အာသာပြေကြတယ် ဆိုကိုး။ ခက်လှချည့်။ အဲလိုလူမျိုးတွေကို မြင်ဖူးချင်ရင် ကန်တော်ကြီးစောင်း သွားကြည့်။ ပေါသမှ။ ပြောရင်းနဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်ကို ပြေးသတိရမိသေးတယ်။ ကျနော်ငယ်ငယ်က ရန်ကုန်မှာနေတော့ စနေ၊ တနင်္ဂနွေအားတဲ့ရက်တွေဆို ရောက်လာပြီ၊ ကျနော့်ဆီ။ ဘာလုပ်ဖို့လဲဆိုတော့ ကန်တော်ကြီးထဲ အတွဲသွားချောင်းဖို့။
ကျနော်လဲ ပျင်းနေတဲ့အခါနဲ့ကြုံရင်တော့ သူ့အလိုလိုက်ပြီး လိုက်သွားတဲ့အခါ တစ်ခါနှစ်ခါလောက်ရှိပါတယ်။ များသောအားဖြင့်တော့ မလိုက်ဖြစ်ဘူး။ အဲလိုအတွဲချောင်းရတာတို့၊ တစ်ယောက်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ချောင်းရမြောင်းရတာတို့ဆို မုန်းလွန်းလို့။ ကိုယ်ချင်းစာကြည့်တယ်လေ။ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို သူများက လာချောင်းမြောင်းရင် ကြိုက်မလား။ ဘယ်ကြိုက်လိမ့်။ ဒါကြောင့် ကျနော် မလိုက်တာ။ အဲလို မလိုက်ရင် မင်းကဘာဖြစ်တယ်၊ ညာဖြစ်တယ်ပြောပြီး သူ့တစ်ယောက်တည်းသွားတာပဲ။ ပြန်လာရင်ပြောပြီ၊ ဘယ်အတွဲက ဘယ်လို၊ ဘယ်အတွဲက ညာလို စသဖြင့်စသဖြင့်၊ စိတ်ညစ်နေအောင် နားထောင်ပေတော့။ သူခေါ်တုန်းက မလိုက်ပဲငြင်းခဲ့တော့ ပြန်လာပြီးပြောပြတဲ့အခါ သည်းခံပြီး နားထောင်ပေးရရှာတယ်။ မဟုတ်ရင် မိတ်ဆွေပျက်ဦးမှာ။ အော်---ကျနော့်ခမျှလဲ အတော်သနားစရာကောင်းပါတယ်။ အဲဒီတုန်းကပါ။
အဲဒီလိုလူမျိုးကို ကျနော်ဖတ်ဖူးတဲ့ ဘုရားစာပေတွေထဲမှာ Gay တစ်မျိုးလို့ သတ်မှတ်တယ်ဗျား။ သူများကိုယ်ရေးကိုယ်တာကိစ္စကို ချောင်းရမြောင်းရမှ အာသာပြေတဲ့ အခြောက်ဆိုပဲ။ ၀ါသနာရှိတဲ့သူများ ကိုယ့်ကိုယ်ကို ကျားကျားယားယား ရှိ/မရှိ မှတ်ကျောက်တင်ချင်ရင်တော့ အဲဒါနဲ့သာတင်။ မလွဲဘူး။ အဲလိုချောင်းမြောင်းတဲ့အခါမှာ အချို့က မှန်ဘီလူးနဲ့၊ အချို့က အဝေးရိုက်ကင်မရာနဲ့၊ ဘာမှမရှိလို့ ကိုယ့်မွေးရာပါ မျက်လုံးပဲအားကိုးစရာရှိတဲ့သူတွေကျတော့လဲ အတွဲရှိလောက်တဲ့နေရာ၊ လာလောက်တဲ့နေရာနဲ့ အနီးဆုံးသစ်ပင်၊ ချုံပုတ်တွေအနားသွားပြီး ခြင်အကိုက်ခံ၊ ဖြုတ်အကိုက်ခံပြီး ချောင်းကြရရှာတယ်။ အတော်သနားစရာကောင်းတဲ့ လူတွေပေါ့ဗျာ။
IT-ခေတ်ရဲ့ ဒီဘက်အပိုင်းရောက်လာတဲ့အခါမှာတော့ အထက်မှာပြောတဲ့ လေးလံတဲ့မှန်ဘီလူးတွေ၊ ကင်မရာတွေမလိုအပ်တော့ဘူး။ သေးပေ့၊ ကွေးပေ့ဆိုတဲ့ ကင်မရာလေးတွေ၊ မှန်ဘီလူးလေးတွေ ရှိနေပြီကိုး။ ရိုးရိုးကင်မရာမပြောနဲ့၊ ဗွီဒီယိုကင်မရာတွေတောင် အသေးဆုံးအနေအထားရောက်နေပြီ။ လက်ကိုင်ဖုန်းတစ်လုံးလောက်ရှိရင် ကိစ္စအကုန်ပြီးတယ်။ ဓာတ်ပုံရိုက်မလား၊ ဗွီဒီယိုရိုက်မလား၊ ရေဒီယို၊ MP3, MP4 စသည်စသည်အကုန်ရ။ ဒါက ကျနော်တို့ဆင်းရဲတဲ့နိုင်ငံကလူတွေ လက်လှမ်းမီသလောက်ကိုပြောတာ။
ယနေ့မှာတော့ အဲဒီလို အချောင်းအမြောင်းဝါသနာကြီးတဲ့ ဖိုးချောင်းချင်တွေအတွက် Spy Camera အသေးစားလေးတွေအနက် Pen Camera လို့ခေါ်တဲ့ ဓာတ်ပုံရော၊ ဗွီဒီယိုပါ ရိုက်လို့ရတဲ့ ဘောလ်ပင်လေးတွေ ပေါ်နေပါပြီ။ စာရေးလို့လဲရသလို ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ခြင်းအပါအ၀င် ကျန်တဲ့ကိစ္စအတော်များများကိုလဲ ဆောင်ရွက်ပေးနိုင်ပါတယ်။ 1GB ကနေ 8GB အထိ Storage Capacity ရှိပါတယ်။ ဒီ Pen Camera ရဲ့ရည်ရွယ်ချက်ကတော့ Spy Camera ဆိုတဲ့အတိုင်း မသင်္ကာသူတွေကို မသိမသာထောက်လှမ်းဖို့ တီထွင်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ---ဒါပေမဲ့---
ကနေ့ ကျနော် AFP internet သတင်းမှာ ဒီကင်မရာလေးနဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ စပိန်နိုင်ငံ၊ တောင်ပိုင်းက အသက် (၂၅)နှစ်အရွယ် အသက်ငယ်ငယ် ဆရာဝန်လေးတစ်ယောက်ကို ပုလိပ်တွေလာဖမ်းသွားတယ်ဆိုတဲ့ သတင်းပါ။ လာဖမ်းရခြင်းရဲ့အကြောင်းကတော့ သူ့ရဲ့ ဆေးဝါးကုသမှုနဲ့ နည်းနည်းမှ မပတ်သက်ပါဘူး။ ခုနားက ကျနော်ပြောခဲ့တဲ့ စပိုင်ဘောလ်ပင်လေးကို လွဲမှားစွာ အသုံးပြုမှုနဲ့ပါ။ သူ့ဆေးခန်းမှာ အလုပ်လုပ်တဲ့ အမျိုးသမီးဝန်ထမ်းလေးတွေ အ၀တ်လဲခန်းထဲ အ၀တ်အစားလဲနေပုံတွေကို အဲဒီဘောလ်ပင်နဲ့ ဗွီဒီယိုရိုက်ထား ဆိုကိုး။ ပြဿနာဖြစ်ချင်တော့ သူ့လုပ်ဖေါ်ကိုင်ဘက်တစ်ယောက်က ထူးဆန်းတဲ့ဘောလ်ပင်လေးကို သင်္ကာမကင်းဖြစ်လို့ ဆရာဝန်လေးအလစ်မှာ ဘယ်လိုဟာများတုန်းဆိုပြီး စပ်စုမိရာကနေ အဲဒီဘောလ်ပင်ထဲမှာ အမျိုးသမီးလေးတွေ အ၀တ်လဲနေတဲ့ပုံ အတော်များများတွေ့သွားသတဲ့။
ဒါနဲ့ ပုလိပ်ကို အကြောင်းကြားလို့ သက်ဆိုင်ရာက လာရောက်စစ်ဆေးပြီး ဆရာဝန်လေးကို ဖမ်းသွားပါလေရော။ အဖြစ်ကတော့ ဒါပါပဲ။ အဲဒီတော့ ကျနော်ပြောချင်တာက ခေတ်ကြီးရဲ့ တိုးတက်မှုနဲ့ လိုက်လျှောညီထွေဖြစ်လာတဲ့ ဆိုးကျိုးတွေကိုပါ။ အရာဝတ္ထုတစ်ခုကို ရည်ရွယ်ချက်တစ်ခုခုကြောင့် တီထွင်လိုက်တာနဲ့ အဲဒီမူလရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဘက်ဆိုးပြစ်တွေဟာလဲ ရံခါ တွဲပါလာတတ်ပါတယ်။ ကျနော်တို့လူသားတွေက သူ့စည်း၊ ကိုယ့်စည်းစောင့်ပြီး နေထိုင်ကြမယ်ဆိုရင် ဘာပြဿနာမှ တက်ဖို့အကြောင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ်လေ၊ ဒီလို Spy Camera မျိုးလေးတွေ သာမန်လူထုလက်ဝယ် ရောက်နေပြီဆိုတော့ အချောင်းအမြောင်းဝါသနာအိုးတွေအတွက်တော့ အကွက်ဖြစ်သွားတာပေါ့။ အမျိုးသမီးလေးတွေ သွားသွားလာလာ ခါတိုင်းထက် ပိုမိုဂရုစိုက်ကြဖို့တော့ လိုမယ်ထင်တယ်နော်။ သတိပေးပါတယ်ဗျာ။
Monday, April 27, 2009
ဝက်တုတ်ကွေး ကူးစက်ရောဂါ ကြောက်စရာ
ယနေ့ ရေဒီယိုသတင်း၊ တီဗွီသတင်း၊ အင်တာနက်သတင်းနဲ့ သတင်းစာတွေမှာ အများဆုံးရေးသားဖေါ်ပြနေတဲ့ သတင်းတစ်ပုဒ်ကတော့ Swine Flu လို့ခေါ်တဲ့ တုတ်ကွေးရောဂါ ပျံ့နှံ့မှုနဲ့ပတ်သက်ဆက်နွယ်နေတဲ့ သတင်းပါပဲ။ အခုနောက်ဆုံးရတဲ့ သတင်းများအရ ဒီရောဂါကြောင့် တစ်ကမ္ဘာလုံး သေဆုံးသူဦးရေဟာ ရာဂဏန်းအထက်ရှိနေပြီး ရောဂါကူးစက်ခံနေရသူတွေဟာလဲ တစ်ကမ္ဘာလုံးမှာ လောလောဆယ်အထိ (၁၆၀၀) ကျော်လောက်ရှိနေပါပြီ။ အနောက်နိုင်ငံကြီးတွေဖြစ်တဲ့ မက်ခ်စီကို၊ အမေရိက၊ ကနေဒါနဲ့ စပိန်နိုင်ငံတွေမှာ အဖြစ်များနေပါတယ်။ အထူးသဖြင့် ရောဂါစတင်ဖြစ်ပွါးရာ မက်ခ်စီကိုနိုင်ငံတစ်ခုတည်းမှာတင် သေဆုံးဦးရေဟာ တစ်ရာကျော်နေပြီလို့ သိရပါတယ်။
SIV လို့အတိုကောက်ခေါ်တဲ့ (Swine Influenza Virus) ၀က်တုတ်ကွေးရောဂါပိုးဟာ ၀က်တွေဆီမှာ စတင်ဖြစ်ပွါးပျံ့နှံ့တယ်လို့ သိရပါတယ်။ ဒီရောဂါကို H1N1 လို့အမည်ပေးထားပါတယ်။ H1N1 ဆိုတာ Influenza A အမျိုးအစားငါးခု (H1N1, H1N2, H3N1, H3N2, H2N3) ထဲက ပထမဆုံးအမျိုးအစားဖြစ်ပါတယ်။ ယနေ့အထိနောက်ဆုံးတွေ့ထားတဲ့ hemagglutinin protein (၁၆) မျိုးအနက် နံပါတ်တစ်နဲ့ neuraminidase protein အမျိုးပေါင်း (၁၃၇)မျိုးထဲက နံပါတ်တစ်တွေကိုပေါင်းပြီး H1N1 လို့ခေါ်ပါတယ်။ H1, H2, နဲ့ H3 အမျိုးအစားတွေကို လူ့ကိုယ်ထဲရှိ တုတ်ကွေးပိုးတွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။
H1N1 လို့ခေါ်တဲ့ ဒီရောဂါအမျိုးအစားဟာ ၁၉၁၈-၁၉-ခုနှစ်တွေမှာ စပိန်နိုင်ငံကစတင်ဖြစ်ပွါးပြီး တစ်ကမ္ဘာလုံး လူဦးရေ သန်းငါးဆယ်မှ သန်းတစ်ရာအတွင်း သတ်ဖြတ်သွားတဲ့ Spanish Flu ခေါ် စပိန်တုတ်ကွေးအပါအ၀င် လူ၊ ကြက်၊ ၀က်တုတ်ကွေးကူးစက်ရောဂါပိုးပုံစံနဲ့ အမျိုးမျိုးကြီးထွားလာနေတယ်လို့ သိရပါတယ်။ အလွန်ကြောက်စရာကောင်းပြီး အလွန်သတိထားဖို့ လိုအပ်တဲ့ ရောဂါကြီးတစ်မျိုးဖြစ်ကြောင်း နားလည်ကြရပါမယ်။
ဒီရောဂါရဲ့လက္ခဏာတွေကတော့
(၁) ဖျားနာခြင်း၊
(၂) ယောင်တိယောင်နဖြစ်ခြင်း၊
(၃) လက်ဆစ်ခြေဆစ်များ ခက်ထရော်ခြင်း၊
(၄) အော့အံခြင်းနဲ့
(၅) မူးမေ့သေဆုံးခြင်း တွေပါပဲ။
Swine Flu လို့ခေါ်တဲ့ H1N1 ရောဂါပိုး လူတစ်ယောက်နဲ့ တစ်ယောက် ကူးစက်ပုံဟာ ရာသီအပြောင်းအလဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Seasonal Flu ခေါ် ရာသီတုတ်ကွေးရောဂါကူးစက်ပုံနဲ့ အလားတူတယ်လို့ဆိုပါတယ်။ အဖျားတက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စားချင်သောက်ချင်စိတ်မရှိခြင်းနဲ့ ချောင်းဆိုးခြင်းဆိုတဲ့ ရာသီတုတ်ကွေးရောဂါလက္ခဏာတွေဟာ ဒီဝက်တုတ်ကွေးရောဂါလက္ခဏာနဲ့ အတော်များများတူပါတယ်။ အချို့Swine Flu ရောဂါဒဏ်ခံနေရတဲ့သူတွေမှာ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားချင်သလိုလိုဖြစ်ခြင်း၊ အော့အံခြင်းနဲ့ ၀မ်းလျှောခြင်း စတဲ့ လက္ခဏာမျိုးတွေ တွေ့ရတယ်လို ဆိုပါတယ်။
အခြားတုတ်ကွေးရောဂါတွေ ကူးစက်ပုံနည်းတူ ဒီရောဂါဟာလဲ ကူးစက်ပါတယ်။ ရောဂါဖြစ်နေသူဆီက ချောင်းဆိုးခြင်း၊ နှာချေခြင်းတွေက ပျံ့နှံ့လာတဲ့လေကို ရှူမိတဲ့အခါမျိုးမှာဖြစ်စေ၊ သူအသုံးပြုထားတဲ့ပစ္စည်းပစ္စယများကို ထိကိုင်မိခြင်းနဲ့ ရောဂါရှိသူရဲ့ နှာခေါင်း၊ ပါးစပ်များကို ထိကိုင်မိတဲ့အခါမျိုးတွေမှာဖြစ်စေ ဒီရောဂါပိုးဟာ အလွယ်တကူကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေအနဲ့ ရောဂါရှိသူနဲ့ ဝေးဝေးနေတာအကောင်းဆုံးပါပဲ။ အခုလောလောဆယ် အနောက်နိုင်ငံတွေမှာတော့ တစ်ယောက်နဲ့ တစ်ယောက်ကူးစက်မှုမဖြစ်ပွါးအောင် အပြင်ထွက်တဲ့အခါ လူတိုင်းလောက်နီးပါး နှာခေါင်းပိတ်လေးတွေ ဆောင်ထားကြပါတယ်။
အခုလောလောဆယ်မှာတော့ ရောဂါသည်တွေကို Tamiflu လို့ခေါ်တဲ့ ပဋိဇီဝဆေးတစ်မျိုးနဲ့ပဲ ကုသနေရပါသေးတယ်။ ဒါပေမဲ့ နိုင်နိုင်နင်းနင်းတော့ ဟုတ်ဟန်မတူသေးပါဘူး။ ဒီရောဂါကို တိုက်ရိုက်ကုသပျောက်စေနိုင်တဲ့ဆေးကို အခုမှ စတင်စမ်းသပ်ဆဲဖြစ်တဲ့အတွက် ရောဂါမကူးစက်အောင်နေတဲ့ နည်းလမ်းမှတစ်ပါး အခြားမရှိပါဘူး။ အပြင်လူတောသူတောထဲက ပြန်ရောက်တဲ့အခါ ဆပ်ပြာနဲ့ ချက်ချင်းလက်ဆေးခြင်း၊ ချောင်းဆိုးတဲ့အခါ တစ်ရှူးထဲမှာ ဆိုးခြင်း၊ လက်အုပ်ပြီး ချောင်းဆိုးခဲ့ရင်လဲ ချက်ချင်းလက်ကိုဆေးကြောခြင်း စတဲ့ ကာကွယ်မှုတွေ ပြုလုပ်ဖို့ နှိုးဆော်ထားပါတယ်။ “မိုးမပြို၊ ပြိုခဲ့သော်” ဆိုတဲ့ စကားပုံအတိုင်း ကိုယ့်ဆီတိုက်ရိုက်ရောက်မလာသေးပေမဲ့ ရောက်လာနိုင်တဲ့အခြေအနေရှိတဲ့အတွက် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတာအကောင်းဆုံးပါပဲ။ အားလုံးပဲ ကျမ်းမာကြပါစေ။ အောက်မှာပေးထားတဲ့ သတင်းတွေကိုလဲ နားဆင်ကြပါကုန်။
Sunday, April 26, 2009
အီးသုံးလုံးဆုံးမစာ
Past is Experience.. .!
Present is Experiments. ..!
Future is Expectations. ..!
Use your Experience in your experiments for your expectations.
(Unknown Author)
အတိတ်သည် အတွေ့အကြုံ၊
ပစ္စုပ္ပန်သည် စမ်းသပ်မှု၊
အနာဂတ်သည် မျှော်လင့်ချက်ဖြစ်၏။
သင့်မျှော်လင့်ချက်များအတွက် သင်၏အတွေ့အကြုံကို သင့်စမ်းသပ်ခန်းအတွင်း အသုံးပြုကြည့်ပါ။
(အမည်မသိ)
ကျနော့်ဘရားသားတစ်ယောက်ရဲ့ Gtalk Box ထဲက တွေ့ရတဲ့ အဆိုအမိန့်လေးတစ်ခုပါ။ ကျနော်ကြိုက်လို့ သူ့ခွင့်ပြုချက်ယူပြီး ပို့စ်ရေးဖြစ်တာ။ ဘယ်သူပြောခဲ့တဲ့ စကားလဲဆိုတာတော့ ကျနော်ရှာဆဲပါ။ ကျနော်ဘရားသားလဲ သူ့ကိုယ်ပိုင်တော့မဟုတ်ဘူး၊ ဒါပေမဲ့ ဘယ်သူ့စာလဲတော့ မသိဘူးတဲ့။ သူလဲ ကြိုက်လို့ တင်ထားတာ တဲ့။ ဒါနဲ့ ကျနော်လဲ Yahoo Answers ကို လှမ်းမေးကြည့်တယ်။ အဖြေသုံးခုပေးတယ်။ တစ်ခုမှ ရေရေရာရာမရှိဘူး။ စာဖတ်သူလဲ ဒီအဆိုကို ဘယ်သူပြောခဲ့တယ်ဆိုတာ တိတိကျကျသိရင် ကျနော့် Cbox ထဲမှာ လက်ဆင့်ကမ်းခဲ့ဖို့ အနူးအညွတ်ပန်ကြားပါရစေ။
“အတိတ်သည် အတွေ့အကြုံဖြစ်သည်” ဆိုတာကိုတော့ လူတိုင်းနားလည်သလို ပြောလဲပြောနေကြပါတယ်။ ဒါပေမဲ့ “ပစ္စုပ္ပန်သည် စမ်းသပ်မှု၊ အနာဂတ်သည် မျှော်လင့်ချက်ဖြစ်၏” ဆိုတာကိုတော့ သိပ်ပြောသံ မကြားရပါဘူး။ ကျနော် နားမထောင်တတ်တာလဲ ပါမှာပေါ့လေ။ တိုက်ရိုက်အဓိပ္ပါယ်မဟုတ်တောင် တခြားနည်းနဲ့ပြောကြတာတွေတော့လဲ ရှိမှာပါပဲ။ ဒီအဆိုအမိန့်က ရှင်းပြီးသားမို့ ကျနော် အထူးရှင်းပြနေစရာတော့ မရှိပါဘူး။ ဒါပေမဲ့ “နာဘူးထပ်မံ” ဆိုသလို ကြားဖူးပြီး သိဖူးပြီးစကားတစ်ခွန်းကို ထပ်မံကြားရ၊ သိရခြင်းဟာ နဂိုရှိရင်းစွဲအသိကို ပိုမိုရှင်းလင်းစေတဲ့အတွက် ကျနော်အနည်းငယ်ပြောချင်ပါသေးတယ်။
ကျနော်တို့ လူသားတွေဟာ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ ကာလယန္တယားကြီးတစ်ခုထဲမှာ လည်ပတ်နေကြတဲ့ အရုပ်ကလေးတွေမျှသာဖြစ်ကြပါတယ်။ လက်ရှိပစ္စုပ္ပန်မှာ အတိတ်ရဲ့ အရိပ်တွေကို လွှဲဖယ်ဖို့ ကြိုးစားရင် အနာဂတ်ခရီးသို့ ချီတက်နေကြသူတွေချည်းပါပဲ။ မျှော်လင့်ချက်တစ်ခုခုကို ရင်မှာထွေးပိုက်ပြီး အတိတ်ဆိုတဲ့ မြို့ဟောင်းထဲက ဒရောသောပါးထွက်ပြေးလာကြသူတွေလဲ ရှိပါတယ်။ ပြီးခဲ့တဲ့ အတိတ်ဆိုတာ အနာဂတ်မြို့သစ်ကို လျှောလျှောလျှူလျှူ သွားနိုင်ဖို့ ပြင်ဆင်ပေးထားတဲ့ Road Map (လမ်းပြမြေပုံ) တစ်ခုပါပဲ။ ဒါပေမဲ့ လူတိုင်းတော့ ဒီမြေပုံကို မကြည့်တတ်ကြပါဘူး။ ကြည့်တတ်တဲ့လူနဲ့ မကြည့်တတ်တဲ့လူတွေကို နှစ်စုခွဲလိုက်ရင် မကြည့်တတ်တဲ့လူတွေက ပိုများလိမ့်မယ်လို့ ကျနော်ခန့်မှန်းပါတယ်။
ကျနော်တို့ အနာဂတ်မှာ ဘာကို မျှော်လင့်ကြသလဲ။ ဒီမေးခွန်းအတွက် အဖြေကို အမျိုးမျိုးပေးကြမှာပါ။
(၁) ခေတ်ကာလအလိုက်၊
(၂) အသက်အရွယ်အလိုက်၊
(၃) ပတ်ဝန်းကျင်အလိုက်၊
(၄) ရှိရင်းစွဲအသိဉာဏ်အလိုက်၊
(၅) အားကျရာအလိုက် စသဖြင့် စသဖြင့် မတူကွဲပြား၊ ခြားနားတဲ့အဖြေကို ပေးကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ုခုသေချာတာကတော့ ဘယ်လိုအဖြေမျိုးပဲဖြစ်ဖြစ် အနာဂတ်မှာ လက်ရှိအနေထားထက် ပိုမိုကောင်းမွန်တဲ့ အနေအထားတစ်ခုကို မျှော်လင့်မှုအရိပ်အယောင်ပါတဲ့ အဖြေပဲဖြစ်မှာပါ။ မမျှော်လင့်နိုင်တဲ့သူတွေတောင် မျှော်လင့်နေကြသေးရင် မျှော်လင့်နိုင်တဲ့သူတွေအတွက်တော့ အနာဂတ်ကြီးပွါးရေးဆိုတာ ဘယ်တော့မှ မပျက်ပျယ်တဲ့ အိပ်မက်တစ်ခုဖြစ်နေမှာ သေချာပါတယ်။
အဲဒီအိပ်မက်ကို အကောင်အထည်ပေါ်စေချင်ရင်တော့ လမ်းပြမြေပုံနဲ့တူတဲ့ အတိတ်ကိုပြန်ကြည့်ရပါလိမ့်မယ်။ တစ်ခါဆုံးရှုံးဖူးတဲ့လူတစ်ယောက်အတွက် နောက်တစ်ခါထိုနည်းတူမဆုံးရှုံးဖို့အရေးမှာ သူ့ရဲ့အတွေ့အကြုံက ပြောပြ၊ညွှန်ပြပါလိမ့်မယ်။ ဆုံးရှုံးခဲ့ဖူးတဲ့ အတိတ်ဖြစ်ရပ်ကို သင်္ခန်းစာလို့ မှတ်ယူပြီး အနာဂတ်မျှော်လင့်ချက်တစ်ခု ရှင်သန်ရေးအတွက် လက်ရှိဘ၀မှာ အသိဉာဏ်ရှိရှိနဲ့ ကြိုးစားတတ်မယ်ဆိုရင် အတိတ်ရဲ့ဆုံးရှုံးမှုဟာ အဲဒီလူအတွက် ကြီးမားသောအထောက်အပံ့ကောင်းတစ်ခုဖြစ်မှာ သေချာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှေးမြန်မာကြီးတွေက နောင်လာနောင်သားများအတွက် “တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည်”၊ “ခဲမှန်ဖူးသော စာသူငယ်” စသဖြင့် ပုံဆောင်စရာစကားတွေ အမြောက်အများထားခဲ့ကြပါတယ်။ ဒါကြောင့် “အတိတ်ဆိုတာ အတွေ့အကြုံဖြစ်တယ်” ဆိုတဲ့ ဆုံးမစကားဟာ မှန်ကန်တဲ့ စကားအဖြစ် နားလည်အပ်ပါတယ်။
လူရွယ်လူလတ်မှသည် လူကြီးတွေတိုင်သော လူသားများအားလုံးမှာ ကုန်လွန်ပြီးသော အတိတ်ကိုယ်စီရှိကြပြီးဖြစ်တဲ့အတွက် ပစ္စုပ္ပန်ဆိုတဲ့လက်တွေ့ဘ၀မှာ မိမိတို့ရဲ့ အတွေ့အကြုံကို ဘယ်လိုပြန်သုံးချမလဲဆိုတဲ့ မေးခွန်းဟာ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့အတိတ်ဆိုတဲ့ အတွေ့အကြုံကို
(၁) ဆောင်ရန်အတွေ့အကြုံနဲ့
(၂) ရှောင်ရန်အတွေ့အကြုံရယ် လို့ ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားပြီး မြင်နိုင်ပါတယ်။
အောင်မြင်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့ လူတစ်ယောက်ဟာ ထိုအောင်မြင်မှုမျိုးကိုဖြစ်စေ၊ထိုနည်းတူအောင်မြင်မှုမျိုးကိုဖြစ်စေ၊ ရယူလိုပါက သူ့အတွက် လိုက်နာကျင့်သုံးစရာဆိုတာ တခြားရှာစရာမလိုပါဘူး။ သူ့ကိုယ်တိုင်မှာပဲ ရှိနေပြီးသားပါ။ ပြန်လည်အသုံးချတတ်ဖို့ပဲ လိုအပ်ပါတယ်။ နဂိုဉာဏ်ရည်ဉာဏ်သွေးမျိုးနဲ့ နဂိုလုလ္လမျိုးရှိ/မရှိ ဆိုတာပဲ အရေးကြီးပါတယ်။ လုလ္လနဲ့ အသိဉာဏ်ဟာ နဂိုအတိုင်းထပ်တူရှိနေသေးရင် နဂိုထက်သာတဲ့ အောင်မြင်မှုမျိုးရယူနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ သူရချင်တဲ့အောင်မြင်မှုမျိုးကို ရခဲ့ဖူးတဲ့ အတွေ့အကြုံရှိနှင့်ပြီးဖြစ်ပါတယ်။ အဲဒီအတွေ့အကြုံမျိုးကိုတော့ ဆောင်ရန်အတွေ့အကြုံလို့ သတ်မှတ်နိုင်ပါတယ်။
ထိုနည်းတူ ဆုံးရှုံးခဲ့ဖူးတဲ့လူဟာလဲ အထက်မှာပြောခဲ့သလို မိမိဆုံးရှုံးခဲ့စဉ်က အသုံးပြုမိတဲ့ နည်းစနစ်မှားတွေကို ရှောင်ပြီး ပြင်တန်ပြင်၊ ပြောင်းတန်ပြောင်းပြီး လိုအပ်တဲ့အောင်မြင်မှုနဲ့ လိုက်လျောညီထွေရှိမည့် နည်းစနစ်မျိုးကို ရှာဖွေကျင့်သုံးတတ်မယ်ဆိုရင် သူလိုချင်တဲ့ အောင်မြင်မှုမျိုးကို ရမှာမလွဲပါဘူး။ အတိတ်မှာ လွဲခဲ့ဖူးတဲ့နည်းစနစ်တွေဆိုတာ ပစ္စုပ္ပန်အတွက် အသုံးမကျတော့တဲ့ ရှောင်ရန်အတွေ့အကြုံတွေပါပဲ။ ဒါကြောင့် မိမိမှာရှိတဲ့ အတိတ်ဆိုတဲ အတွေ့အကြုံတွေထဲက ရှောင်သင့်တာရှောင်ပြီး ဆောင်သင့်တာဆောင်ရင်း ပစ္စုပ္ပန်မှာ ကျင့်သုံးတတ်မယ်ဆိုရင် မိမိမျှော်လင့်ထားသော အနာဂတ်ဆိုတဲ့ ပန်းတိုင်ဟာ အဲဒီလူဆီ မကြာခင်သောကာလမှာ ရောက်ရှိလာမှာဖြစ်ကြောင်း တင်ပြရင်း (E) သုံးလုံးဆုံးမစာကို နိဂုံးချုပ်ပါတယ်။
Wednesday, April 22, 2009
မြန်မာ့မြေပေါ်မှ ကမ္ဘာ့အံ့ဘွယ်လောင်းလျာ
“တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဒို့အရေး” ဆိုတဲ့
နအဖတို့ရဲ့ ဆောင်ပုဒ်ကို “အမျိုးသား (အမျိုးသမီးလဲပါတယ်နော်) စည်းလုံးညီညွတ်ရေး ဒို့အရေး” လို့မှန်မှန်ကန်ကန်ပြုပြင်ပြီးသကာလ အဟမ်း---အဟမ်း---အရေးထဲ ချွဲကလဲ ကပ်လိုက်သေးသဗျာ့---မဲပေးကြပါကုန်စို့---လို့ ကမ္ဘာ့အရပ်ရပ်မှာ မှီတင်းနေထိုင်ကြကုန်သော အသက် (၁၃)နှစ်မှအစ မြန်မာနိုင်ငံသားများအားလုံးကို (ယမ်ယမ်ခေါက်ဆွဲပြုတ်သလို) အနူးအညွတ်ပန်ကြားအပ်ပါသည် ခင်ဗျား-----။
ဒီလိုဗျာ့---။ အခု ကျနော်ကြေညာနေတာ တစ်မျိုးမထင်နဲ့။ ၂၀၁၀-ခုနှစ် (အခုကတည်းက ဘယ်သူဘယ်ဝါဆိုတာ အဆင်သင့်ရွေးထားပြီးသော) ရွေးကောက်ပွဲအတွက် လှုပ်ဆော်နေတာမဟုတ်ဘူးနော်။ အဲဒီအတွက်တော့ လှုပ်ဆော်တဲ့လူ အာညောင်းရုံပဲအဖတ်တင်မယ်။ သူတို့က ရွေးထားပြီးသား။ ကျနော်ပေးစေလိုတဲ့ မဲက အဲဒါနဲ့ဘာမှမဆိုင်ဘူး။ ကမ္ဘာ့အလယ်မှာ မြန်မာ့အလှကို ထည်ထည်ဝါ၀ါပြနိုင်မည့်ကျွန်းစုကြီးတစ်စုအတွက် မဲပေးကြဖို့ လှုပ်ဆော်နေတာပါဗျား။
ကျွန်းစုပေါင်း (၂၀၀)ကျော် (၀က်ဘ်ဆိုဒ်စွယ်စုံအဘိဓာန်အလိုအရ=၈၀၀-ကျော်) နဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံတောင်ဘက်စူးစူးက Mergui Archipelago ခေါ် မြိတ် (ဘိတ်) ကျွန်းစုကြီးအတွက် မဲပေးကြဖို့ ကျနော်ပန်ကြားလိုပါတယ်။ ဘာကြောင့်ပေးရသလဲ ဆိုတော့ New 7-Wonders လို့အမည်ပေးထားတဲ့ ကမ္ဘာ့အံ့ဘွယ်အသစ် ခုနှစ်မျိုးကို အခုလာမည့် ခရစ်နှစ်၂၀၁၁-မှာ အပြီးရွေးချယ်ပြီး စာရင်းထုတ်ပြန်မှာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ ဒေသအသီးသီးဟာ ကမ္ဘာကျော်အံ့ဘွယ်တစ်ပါးအဖြစ်သတ်မှတ်ခံရပြီး သက်ဆိုင်ရာနိုင်ငံသူနိုင်သားများက အဲဒီအတွက် ဂုဏ်ယူဝင့်ကြွား နိုင်ကြမှာဖြစ်ပါတယ်။
အဲဒီ အံ့ဘွယ် (၇)ပါးထဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့နေရာပေါင်း (၂၆၁)ခုကို (ကျနော်လိုက်ရေကြည့်တာ-၂၅၈-ခုပဲရတယ်။ ၃-ခု ပျောက်နေတယ်။ ရှာပေးကြပါဦး။) ကမ္ဘာ့တိုက်ကြီး (၇)တိုက်ရှိ နိုင်ငံအသီးသီးမှ ရွေးချယ်သတ်မှတ်ပေးထားပါတယ်။ ရွေးချယ်ထားတဲ့ နေရာတွေကို အောက်ပါအတိုင်း အုပ်စု (၇)မျိုးဖွဲ့စည်းပြီး ဖေါ်ပြထားပါတယ်။
(၁) လွင်ပြင်ကျယ်ကြီးများနှင့် ရေခဲပုံဆောင်များ (စုစုပေါင်း=၂၀-ခု)
(၂) ကျွန်းများ (စုစုပေါင်း= ၃၀-ခု)
(၃) တောင်နှင့် မီးတောင်များ (စုစုပေါင်း= ၃၇-ခု)
(၄) လှိုင်ခေါင်း၊ ကျောက်ပုံဆောင်နှင့် ခြိုက်ဝှမ်းများ (စုစုပေါင်း= ၃၀-ခု)
(၅) သစ်တောများ၊ အမျိုးသာဥယျာဉ်ကြီးများနှင့် သဘာဝထိမ်းသိမ်းနယ်မြေများ (စုစုပေါင်း= ၅၆-ခု)
(၆) အင်းအိုင်ကြီးများ၊ မြစ်များနှင့် ရေတံခွန်များ (စုစုပေါင်း= ၆၀-ခု) နဲ့
(၇) လှပသောပင်လယ်ဒေသများ (စုစုပေါင်း= ၂၅-ခု) ဖြစ်ကြပါတယ်။
အဲဒီအုပ်စု (၇)မျိုးထဲက ကျနော်တို့မြန်မာနိုင်ငံပိုင်မြိတ်ကျွန်းစုကြီးကတော့ အမှတ် (၂) ဖြစ်တဲ့ ကျွန်းအမျိုးအစား စုစုပေါင်း-(၃၀)အနက် နံပါတ်(၂၂) နေရာက ပါဝင်ပါတယ်။ အနိုင်ရဖို့အရေး နိုင်ငံသားတိုင်း တာဝန်သိသိနဲ့ မဲပေးကြရမှာဖြစ်ပါတယ်။ အခုပေးရမည့်မဲကတော့ ပြိုင်ပွဲဝင်နေရာပေါင်း (၂၆၁)ခုအနက် ဆန်ခါတင် (၇၇)-ခု ထဲမှာပါဝင်ရေးအတွက် ပေးကြရမှာပါ။ ဒီအတွက် ၂၀၀၉၊ ဇူလိုင်လအထိ အချိန်သတ်မှတ်ပေးထားပါတယ်။ ဇူလိုင်မကုန်ခင်ပေးကြရမှာဖြစ်တဲ့အတွက် ဆက်နွယ်ရာမြန်မာပြည်သူတို့ဆီ အကြောင်းကြားပြီး မဲပေးဖို့ တိုက်တွန်းကြစေလိုပါတယ်။ အဲဒီ ပထမအဆင့်ဆန်ခါတင် (၇၇)-ခုထဲမှ ဒုတိယအဆင့်ဆန်ခါတင် (၂၁)-ခုကိုထပ်မံရွေးချယ်မှာဖြစ်ပြီး အဲဒီ (၂၁)-ခုထဲမှာမှ နောက်ဆုံးဆန်ခါတင် (၇)-ခုကို ရွေးချယ်မှာဖြစ်ပါတယ်။ အဲဒီ (၇)-ခုဟာ လာမည့် ၂၀၁၁-ခုမှစတင်ပြီး ကမ္ဘာ့အံဘွယ်အသစ်ခုနှစ်ပါး ဖြစ်လာကြမှာပါ။
မဲပေးရမည့်ပုံစံ
မဲပေးရမည့်ပုံစံကို ကျနော်တင်ပြလိုပါတယ်။ လူအတော်များများဟာ အလွယ်တကူမဟုတ်ရင် (ပျင်းတာနဲ့) မလုပ်ဖြစ်ကြတာများပါတယ်။ ကျနော်လဲ အဲဒီအကျင့်ရှိလို့ ပြောတာပါ။ (အဟဲ--ကိုယ့်ပေတံနဲ့ တိုင်းသလိုတော့ဖြစ်နေပြီ၊ ခွင့်လွှတ်တော်မူကြပါဗျား။ အဲလိုပြောတာ အကျင့်ပါနေလို့။)
(၁) www.new7wonders.com ထဲ ၀င်လိုက်ပါ။
(၂) Window ပွင့်သွားတဲ့အခါ Vote Now 7-Wonders of Nature ဆိုတဲ့စာတန်း ဖူဂျီတောင်နောက်ခံထားပြီး ပေါ်လာပါ့မယ်။ အဲဒီထဲမှ Vote Here ဆိုတဲ့ အ၀ါရင့်ရောင် စာတမ်းလေးကို Click လိုက်ပါ။
(၃) Window ပွင့်သွားတဲ့အခါ ကမ္ဘာ့မြေပုံနဲ့ မဲပေးပုံအဆင့်ဆင့်ပြထားတဲ့ ဇယားပါတဲ့ အင်တာနက်စာမျက်နှာပေါ်လာပါ့မယ်။ အဲဒီပုံတွေအထက်မှာရှိတဲ့ စာကြောင်းတွေထဲက Vote Now ဆိုပြီး အ၀ါရင့်ရောင်နဲ့ရေးထားတဲ့ စာတမ်းကို Click လိုက်ပါ။
(၄) ပေါ်လာတဲ့ ၀င်းဒိုးစာမျက်နှာမှာ ပြိုင်ပွဲဝင်ဒေသတွေရွေးချယ်ပုံကိုပြတဲ့ ဇယားနဲ့ အဲဒီအောက်က မိမိရဲ့ E-mail Address ကို ရိုက်ထည့်ရမည့် အထက်/အောက် လေးထောင့်ကွက်အရှည်နှစ်ခုပေးထားပါတယ်။
(၄/က) အဲဒီထဲမှာ ကိုယ့် E-mail Address ကို မှန်မှန်ကန်ကန်ရိုက်ထည့်ပါ။
(၄/ခ) အဲဒီနောက် အောက်မှာပါတဲ့ အကွက်ရှည် (၇)-ခုကို တစ်ခုစီ၊ တစ်ခုစီ Click လိုက်တဲ့အခါ ကမ္ဘာ့တိုက်ကြီး ခြောက်ခုပေါ်လာပါ့မယ်။ မိမိမဲပေးချင်တဲ့ တိုက်ကို ရွေးပါ။ အဲဒီလိုရွေးလိုက်တဲ့အခါ နောက်ထပ် အကွက်ရှည်တစ်ခု ထပ်ပေါ်လာပါ့မယ်။ အဲဒီအကွက်ထဲမှာတော့ တိုက်အလိုက်ရှိတဲ့ ပြိုင်ပွဲဝင်ဒေသအသီးသီးပါဝင်ပါတယ်။ မိမိမဲပေးချင်တဲ့ ဒေသကို ရွေးလိုက်ပါ။ အကွက်တစ်ခုထဲရှိ တိုက်ကြီးတစ်ခုကို ရွေးလိုက်တိုင်း အဲဒီအောက်က ပြိုင်ပွဲဝင်နေရာတွေပါတဲ့အကွက်အသစ်တစ်ခုတစ်ခု ပေါ်လာတာကြောင့် စုစုပေါင်း (၁၄) ကွက်တိတိ ဖြည့်ရမှာဖြစ်ပါတယ်။ အသစ်ပေါ်လာတဲ့ အကွက်တွေထဲက ရွေးပြီးသားဒေသကို ပြန်ရွေးလို့မရတာကိုလဲ သတိပြုပါ။
(၄/ဂ) အထက်က အကွက်(၁၄)ခုလုံးကို (Asia တိုက်နဲ့ Mergui Archipelago ဆိုတဲ့ဒေသပါဝင်စေလျှက်) ပြိုင်ပွဲဝင် တိုက်တူ/ဒေသကွဲ (သို့မဟုတ်) တိုက်ကွဲ/ဒေသကွဲ ခြားနားမှုရှိအောင်ရွေးချယ်ပြီးနောက် အဲဒီအောက်ကြပ်ကြပ်မှာ Anti Spam ဆိုတဲ့ စာတမ်းနောက်က အကွက်ရှည်တစ်ခုပေးထားပါတယ်။ အဲဒီထဲမှာ ကွက်ရဲ့အထက်က ဖြူနီပြာဝါ ရောင်စုံဖြာတဲ့ စာလုံးတွေပေးထားပါတယ်။ အဲဒီစာလုံးတွေကို အကွက်ထဲမှာ မှန်မှန်ကန်ကန်ရိုက်ထည့်ရမှာဖြစ်ပါတယ်။ တကယ်လို့ ပေးထားတဲ့စာလုံးက မရှင်းလင်းဘူးဆိုရင် အကွက်နောက်မှာ မျှားကောက်နှစ်ခု စက်ဝိုင်းပုံပေးထားပါတယ်။ အဲဒီမျှားကိုနှိပ်လိုက်ရင် စာလုံးပုံစံတွေ ပြောင်းပြောင်းသွားမှာဖြစ်ပါတယ်။ ကိုယ့်အတွက် အရှင်းလင်းဆုံးဖြစ်တဲ့ စာလုံးတွေကို ရွေးချယ်ပြီး ဖြည့်ထည့်နိုင်ပါတယ်။ ရှင်းတယ်နော်။
(၄/ဃ) အဲဒီနောက် မဖြစ်မနေ (Mandatory) လုပ်ရမည့်အလုပ်တစ်ခုကတော့ ဖြည့်ထားတာတွေကို မှန်/မမှန်သေချာအောင်ပြန်စစ်ပြီး သေချာပြီဆိုတာနဲ့ အနီရောင်လေးထောင့်ကွက်ထဲမှာရေးထားတဲ့ Submit ဆိုတဲ့ စာလုံးကို Click လိုက်ပါ။
(၅) Submit ကို Click လိုက်တဲ့အခါ ဖြည့်ထားတဲ့အချက်အလက်တွေမှန်ကန်ရင် Window အသစ်တစ်ခုပေါ်လာပါ့မယ်။ အချက်အလက်တွေမမှန်ရင်တော့ ပြန်ပြင်ခိုင်းပါလိမ့်မယ်။ အသစ်ပေါ်လာတဲ့ဝင်းဒိုးစာမျက်နှာမှာ---
(၅/က) ကိုယ့်ရဲ့ First Name စသည်ကို တောင်းတဲ့ အကွက်ရှည်လေးတွေ ပေးထားပါတယ်။ တောင်းတဲ့အတိုင်း မှန်မှန်ကန်ကန်ဖြည့်ထည့်ပါ။
(၅/ခ) ကွက်လပ်တွေဖြည့်ပြီးတဲ့အခါ အောက်ဆုံးမှာ “New 7-Wonders နဲ့ပတ်သက်တဲ့ ဝေါဟာရတွေနဲ့ အနေအထားတွေကို သဘောတူကြောင်းပြောရတဲ့ လေးထောင့်ကွက်လေးတစ်ခုနဲ့ သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို ပို့ပေးရင်လက်ခံ/မခံမေးထားတဲ့ လေးထောင့်အကွက်လေးတစ်ခုကို ပေးထားပါတယ်။ အဲဒီအကွက်တွေကိုလဲ Tick လိုက်ပါ။ မဖြည့်ချင်လဲ သဘော။
(၅/ဂ) အဲဒါပြီးရင် အောက်မှာ ၀င်းဒိုးစာမျက်နှာ (၄)တုန်းက ဖြည့်ထားတဲ့ အကွက် (၁၄)ခုတွေ့ပါ့မယ်။ ဖြည့်ပြီးသားမို့ ထပ်ဖြည့်စရာမလိုပါ။
(၅/ဃ) အဲဒီအောက်က Anti Spam ဆိုတဲ့စာနဲ့ စာလုံးတွေရိုက်ထည့်ရတဲ့ အကွက်ရှည်တစ်ခုထပ်ပေးထားပါတယ်။ စာမျက်နှာ (၄)မှာတုန်းကအတိုင်း မှန်မှန်ကန်ကန် ဖြည့်ထည့်လိုက်ပါ။
(၅/င) အဲဒီနောက် အောက်မှာပေးထားတဲ့ အနီရောင်ကွက်ထဲက Submit ကို Click လိုက်ပါ။
(၆) ဖြည့်ထားတဲ့အချက်အလက်တွေ မှန်ကန်လို့ ၀င်းဒိုးအသစ်ပွင့်သွားတဲ့အခါ တိုက်ရွေးချယ်ပုံနဲ့ ဒေသရွေးချယ်ပုံကို ပြထားတဲ့ ဇယားပါတဲ့ စာမျက်နှာပေါ်လာပါတယ်။ အဲဒီဇယားကို ဘာမှလုပ်စရာမလိုပါ။ အဲဒီဇယားအောက်မှာ “Thank you for participating in the second voting stage for the New7Wonders of Nature. To finalize your votes, please check your mailbox and confirm by clicking the link provided”. ဆိုတဲ့စာတမ်းတစ်ခုနဲ့ သင့်ကို ကျေးဇူးတင်ကြောင်း၊ သင့် E-mailbox ကို သွားရောက် Checking လုပ်ဖို့လိုကြောင်းပြောထားပါတယ်။ ဒါကြောင့်---
(၇) အထက်ပါ အဆင့်ခြောက်ဆင့်ကို အောင်အောင်မြင်မြင်ပြီးဆုံးသွားတဲ့အခါ သင့် E-mailbox ထဲကို သက်ဆိုင်ရာကနေပြီး သင်ပေးလိုက်တဲ့ မဲကို လက်ခံရရှိကြောင်းအသိပေးတဲ့ Confirmation Letter ပို့ပေးထားမှာဖြစ်ပါတယ်။ ဒီလောက်နဲ့ သင့်ရဲ့ မဲပေးခြင်းကိစ္စမပြီးသေးပါ။ ပို့ထားတဲ့ Mail ကိုဖွင့်လိုက်ပါ။ http://www.new7wonders.com/
(၈) Your votes for your New7Wonders of Nature nominees have now been successfully counted. ဆိုပြီးတော့ သင့်ရဲ့ မဲပေးခြင်းကိစ္စပြီးစီးအောင်မြင်ကြောင်း အသိပေးတဲ့စာတမ်းတစ်ခုပေါ်လာပါ့မယ်။ ဒါဆိုရင် သေချာပေါက် အောင်အောင်မြင်မြင် မဲပေးပြီးပြီလို့ တထစ်ချမှတ်ယူ နားလည်လိုက်ပါတော့။
ဟူး---ပြောရတာလဲ မောလိုက်တာ။ အထက်မှာ ကျနော်တင်ပြခဲ့တဲ့ အစီအစဉ်အတိုင်းသာ မဲပေးကြပါတော့လို့ နောက်ဆုံးပြောလိုက်ပါရစေ---ခင်ဗျား။
မှတ်ချက်။
Email Address တစ်ခုရှိရင် တစ်မဲပေးနိုင်တဲ့အတွက် တစ်ခုထက်ပိုရှိသူများကလဲ မိမိတို့မှာ ရှိသလောက် Address တွေနဲ့ များနိုင်သမျှများအောင် ပေးလို့ရပါတယ်။ လိပ်စာမထပ်ဖို့ပဲ အရေးကြီးပါတယ်။ အင်ဒိယစတဲ့ သူများနိုင်ငံကလူတွေလဲ သူတို့နိုင်ငံအတွင်းရှိ ပြိုင်ပွဲဝင်နေရာတွေ အနိုင်ရဖို့အရေး အသည်းအသန်လုံးပန်းနေကြပါပြီ။ ဒီလို လုံးပန်းတဲ့နေရာမှာ အင်ဒိယနိုင်ငံဟာ လူဦးရေသန်းတစ်ထောင်နီးပါးရှိပြီး လူတိုင်းလောက်နီးပါး အင်တာနက်သုံးနိုင်ရုံမျှမက မဲပေးဝါသနာပါကြတဲ့ ဒီမိုကရေစီနိုင်ငံကြီးသားများဖြစ်ကြသည့်အလျောက် ဒီလိုကိစ္စမျိုးတွေမှာ သူတို့နေရာ ရှေ့တန်းရောက်ဖို့အရေး သူဦးငါအရင် မဲပေးကြပါတယ်။ ဒါကြောင့် အတော်အသင့်လောက်သာအံ့ဘွယ်ရာဖြစ်တဲ့ Taj Mahal သင်္ချိုင်းဂူကြီးဟာ ယနေ့ ကမ္ဘာ့အံ့ဘွယ်ခုနှစ်ပါး စာရင်းထဲက မပြုတ်သေးတာပါ။
တကယ်တော့ ကမ္ဘာပေါ်မှာ အဲဒီဂူကြီးထက် အံ့သြဘွယ်ကောင်းတဲ့အရာတွေ ရေတွက်လို့တောင် ကုန်အံ့မထင်ပါဘူး။ သူတို့က လူဦးရေများပြီး ရှိသလောက်မဲပေးနိုင်ကြလို့သာ သူတို့နိုင်ငံရှိ သင်္ချိုင်းဂူကြီး ကမ္ဘာ့စာမျက်နှာရှေ့တန်းမှာ နေရာယူနေနိုင်ခြင်းဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံကတော့---
(၁) မီဒီယာလောကဆင်းရဲခြင်း၊
(၂) လူဦးရေနည်းပါးခြင်း၊
(၃) သတင်းကြပ်မတ်ခြင်း၊
(၄) အာဏာရှင်လက်အောက်မှာကြီးပျင်းရသူများပီပီ မဲပေးခြင်းကိစ္စအပေါ် စိတ်ဝင်စားမှုနည်းပါးခြင်း စတဲ့အားနည်းချက်တွေကြောင့် အံ့ဘွယ်ကောင်းလောက်အောင် လှပလွန်းတဲ့ မြန်မာ့မြေပေါ်က နေရာအတော်များများဟာ ကမ္ဘာက အသိအမှတ်အပြုခံရတဲ့အဆင့်မရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ နိုင်ငံအတွင်း တင်းကြပ်ပေမဲ့ နိုင်ငံ့အပြင်ဘက်ရောက်နေတဲ့ ပြည်ချစ်ရွှေမြန်မာတွေဟာ သန်းချီရှိနေပါပြီ။ အဲဒီမြန်မာတွေအားလုံး တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းမဲပေးလိုက်ကြမယ်ဆိုရင် ကျနော်တို့နိုင်ငံက မြိတ်ကျွန်းစုကြီးဟာ နောက်ဆုံးအံ့ဘွယ်ခုနှစ်ပါးစာရင်းမှာ မပါနိုင်တောင် ဆန်ခါတင်ပထမအဆင့်ဖြစ်တဲ့ (၇၇)-ခု စာရင်းမှာတော့ ပါဝင်လာနိုင်ကြောင်း အသိပေး နှိုးဆော်လိုက်ရပါတယ် ခင်ဗျား။
Tuesday, April 21, 2009
ကျနော်ရလိုသောဆု
Rather than love, than money, than fame, give me truth.
Henry David Thoreau (1817-1862)
အကျွန်ုပ်အား အချစ်၊ ငွေကြေးနဲ့ ကျော်ကြားမှုတွေကို မပေးပါနဲ့၊ သစ္စာတရားကိုသာ ပေးသနားပါ။
(ဟင်နရီဒေးဗစ်)
Monday, April 20, 2009
Thursday, April 16, 2009
ကိုယ့်အားနည်းချက်ကို ဖုံးကွယ်ခြင်း
Talking much about oneself can also be a means to conceal oneself.
Friedrich Nietzsche (1844-1900)
ကိုယ့်အကြောင်း ကိုယ်များများပြောခြင်းဟာ ကိုယ့်ကိုယ်ကို ဖုံးကွယ်တဲ့ပရိယာယ်တစ်မျိုးလဲ ဖြစ်နိုင်တယ်။
(ဖရက်ဒရစ် နီရှေး)
Achilles Heel (အခီလီးစ်ဟီးလ်) လို့ခေါ်တဲ့ အားနည်းချက်တွေဟာ ကျနော်တို့ လူသားတွေရဲ့သန္တာန်မှာ စိတ်ပိုင်းဆိုင်ရာမှာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ရှိနေတတ်ပါတယ်။ အားနည်းချက်နဲ့ လုံးဝရှင်းရှင်းလွတ်ကင်းတဲ့လူဆိုတာ မရှိသလောက်ရှားပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြစ်ချက် တစ်စုံတစ်ရာမရှိဘူးဆိုတဲ့ လူမျိုးမှာတောင် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကတော့ ရှိနေမြဲပါပဲ။ အဲဒါဘာကြောင့်ဖြစ်ရသလဲ၊ အကြောင်းကရှင်းပါတယ်။ ကျနော်တို့လူသားတွေအပါအ၀င် သတ္တ၀ါတိုင်းရဲ့ကိုယ်တွင်းမှာ ကိန်းတည်နေတဲ့ Temperament သို့မဟုတ် Disposition လို့ခေါ်တဲ့ စရိုက်တရားတွေ သောင်းကြမ်းကြလို့ပါပဲ။
စိတ်ပိုင်းဆိုင်ရာစရိုက်တရားတွေဖြစ်တဲ့ တပ်မက်မှု (လောဘ)၊ စိတ်ဆိုးမှု (ဒေါသ)၊ တွေဝေမှု (မောဟ)၊ ယုံကြည်မှု (သဒ္ဓါ)၊ တွေးတောမှု (၀ိတက္က) နဲ့ စူးစမ်းမှု (ဗုဒ္ဓိ) ဆိုတဲ့ သဘောတရားတွေဟာ ကျနော်တို့လူသားတိုင်းနဲ့ အခြားအခြားသော မြင်အပ်/မမြင်အပ်သတ္တ၀ါတိုင်းမှာ အနည်းအများဆိုသလို သံသရာအဆက်ဆက်ရှိနေခဲ့ပါတယ်။ သာမန်ပုထုဇဉ်လူသားတွေရဲ့ ကိုယ်တွင်းမှာ အဲဒီတရားတွေအနက် တရားတစ်ခုခုဟာ အာရုံအလိုက်လွန်ကဲနေတတ်ပါတယ်။ တစ်ခါတလေ အပြင်ပက ဘာအာရုံမှမရတဲ့အခါမျိုးတွေမှာတောင် ယခင်ယူဖူး၊ ရဖူးတဲ့ အာရုံတစ်ခုခုကို မြင်ယောင်ကြားယောင်လာပြီး တပ်မက်မှုစတဲ့ သဘောတရားတစ်မျိုးမျိုးဟာ ထကြွသောင်းကြမ်းလွန်ကဲလာတတ်ပါတယ်။
ဒီအထိ လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိတယ်လို့ မျက်မြင်အားဖြင့် မဆိုနိုင်သေးပါဘူး။ ဒါပေမဲ့ အဲဒီတရားတွေထဲက တရားတစ်မျိုးမျိုးဟာ သီးခြားအနေနဲ့ လူတစ်ယောက်ရဲ့စိတ်ထဲမှာ အမြဲ သောင်းကြမ်းတည်ရှိနေတယ်ဆိုရင်တော့ အဲဒီလူကို စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိသူရယ်-လို့ ဆိုနိုင်ပါပြီ။ ဥပမာ=ကျနော်တို့ဟာ လူတစ်ယောက်ကို “ဒီကောင် တော်တော်လောဘကြီးတဲ့ ကောင်ပဲ။ သို့မဟုတ် တော်တော် ဒေါသကြီးတဲ့ ကောင်ပဲ။ သို့မဟုတ် တော်တော့်ကို နမူးနထူးနိုင်တဲ့ကောင်ပဲ” စသဖြင့် ပြောတဲ့အခါ ကျနော်တို့စိတ်ထဲမှာ အဲဒီလူရဲ့သန္တာန်မှာ စရိုက်တရားတွေရဲ့ သီးခြားဖြစ်တည်မှုကို မြင်ယောင်လာတတ်ပါတယ်။
လူနှစ်ယောက်၊ သို့မဟုတ် လူသုံးယောက်တို့ဟာ လောဘဖြစ်စရာအာရုံကို ရတာချင်း တူပေမဲ့ တစ်ယောက်သောသူက သူများထက်ပိုပြီးတော့ ထိန်းမနိုင်သိမ်းမရ လောဘဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အဲဒီလူကို လောဘကြီးသူလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ အဲဒီလူဆီမှာရှိတဲ့ သူများထက်အားကြီးတဲ့လောဘဟာ အဲဒီလူရဲ့ အားနည်းချက်ပါပဲ။ ဒေါသ၊ မောဟစတဲ့ သဘောတရားတို့ရဲ့ ဖြစ်တည်မှုကိုလဲ ထိုနည်းတူ နားလည်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ဆိုတာ ဒီလိုစရိုက်တွေရဲ့ ထိန်းမနိုင်သိမ်းမရဖြစ်ပေါ်နေမှုကို ဆိုလိုပါတယ်။
သို့သော်လဲ ကျနော်တို့လူသားတွေမှာ ဒီစရိုက်တွေအပြင် အခြားအခြားသော သဘာဝတရားတွေလဲ ရှိနေပါသေးတယ်။ ဉာဏ် သို့ဟုတ် ပညာဆိုတာလဲ စရိုက်တွေထဲက ဗုဒ္ဓိဆိုတဲ့ သဘောတရားနဲ့ ခပ်ဆင်ဆင်တူပါတယ်။ လုပ်ဆောင်ပုံ (Function) အနည်းငယ်ကွဲပြားတဲ့အတွက် ပညာကိုပဲ ဗုဒ္ဓိဆိုတဲ့အမည်နဲ့ စရိုက်ထဲထည့်ထားတာပါ။ အဲဒီပညာက ကျနော်တို့လူသားတွေကို အခြားအခြားသော တိရစ္ဆာန်တွေနဲ့ ကွဲပြားခြားနားအောင် ဖန်တီးပေးထားပါတယ်။ ပညာရဲ့သတ္တိကြောင့် လူသားတွေဟာ ကိုယ့်ကိုယ်ကို ဘာကောင်ဆိုတာ သိကြပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့အားနည်းချက်ကိုလဲ သိလာကြရပါတယ်။ ကိုယ့်မှာဘာအားနည်းချက်ရှိသလဲ ဆိုတဲ့မေးခွန်းကို ကိုယ့်ဖာသာမေးရင်း ကိုယ့်ဖာသာဖြေနိုင်ကြပါတယ်။
အားနည်းချက်ကို သိလာရတဲ့အခါမှာ လူအတော်များများဟာ ဖုံးကွယ်ဖို့ ကြိုးပန်းကြတတ်ပါတယ်။ ဒါလဲ လူသားတွေရဲ့ သဘာဝတရားတစ်မျိုးပါပဲ။ ဒီသဘောသဘာဝကို မာယာ (မိမိအပြစ်ကို ဖုံးကွယ်ခြင်း)နဲ့ သာဌေယျ (ဟိတ်ဟန်ထုတ်ခြင်း) လို့ ခေါ်ပါတယ်။ မာယာ၊ သာဌေယျဆိုတဲ့ တရားတွေဟာ ကာယုဇုကတာ (စေတသိက်တို့၏ရိုးသားမှု)၊ နဲ့ စိတ္တုဇုကတာ(စိတ်၏ရိုးသားမှု) ဆိုတဲ့ တရားတွေနဲ့ ဖြောက်ဖြောက်ကြီး ဆန့်ကျင်ကြတဲ့အတွက် အားနည်းချက်ကို ဖုံးဖိဖို့ရာ မာယာ၊ သာဌေယျတွေကို သုံးလိုက်တာနဲ့ အဲဒီလူဆီက ရိုးသားမှုဆိုတဲ့ အလွန်လေးစားမြတ်နိုးအပ်တဲ့ ဂုဏ်ပုဒ်ဟာ ချက်ချင်းထွက်ပြေးပျောက်ကွယ်သွားတတ်ပါတယ်။
အားနည်းချက်ကို ဖုံးကွယ်ဖို့အရေး နည်းလမ်းအမျိုးမျိုးသုံးလာရပါတော့တယ်။ အဲဒီထဲမှာ ဂျာမန်ဒဿနဆရာကြီးနီရှေးပြောတဲ့ ကိုယ့်အကြောင်းကို များများပြောဆိုခြင်းဟာလဲ တစ်ခုအပါအ၀င်ပါပဲ။ တကယ်တော့ အားနည်းချက်ဆိုတာ ဖုံးကွယ်နေစရာမလိုပါဘူး။ နားလည်မှုရှိတဲ့လူသားတွေဟာ ကိုယ်ကိုယ်တိုင်လဲ အားနည်းချက်တစ်မျိုးမျိုးနဲ့ မကင်းနိုင်တဲ့အတွက် တစ်ဘက်လူရဲ့ အားနည်းချက်ကို တွေ့တဲ့အခါ ခွင့်လွှတ်နိုင်ကြပါတယ်။ တကယ်တော့ အားနည်းချက်ဆိုတာ ဖုံးဖိဖို့ကြိုးစားလေလေ ပေါ်လွင်လာလေလေပါပဲ။
ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်နဲ့ပတ်သက်ပြီးပြောရရင်တော့ ကျနော်တို့မြန်မာစကားပုံထဲက “ကန်းဆော့၊ ကျိုးမော့”ဆိုတဲ့ စကားကို ယူပြီးပြောရပါလိမ့်မယ်။ မျက်လုံးကန်းနေတဲ့လူဟာ မျက်လုံးကန်းခြင်းဆိုတဲ့ သူ့ရဲ့အားနည်းချက်ကို ဖုံးဖိချင်တဲ့အခါ ငြိမ်ငြိမ်မနေပဲ မျက်လုံးကောင်းတဲ့လူတွေလို လုပ်နိုင်ပါတယ်ဆိုတာကို သိစေချင်တဲ့အတွက် ဟိုဟိုဒီဒီလှုပ်ရှားမှုတွေလုပ်နေတတ်ပြီး ခြေထောက်ကျိုးနေတဲ့လူဟာလဲ သူများနည်းတူ သွားလာနိုင်တယ်ဆိုတာကို ပြချင်တဲ့အတွက် ရောက်တတ်ရာရာသွားလာနေတတ်ပါတယ်။ နားပင်းနေတဲ့လူတွေဆို ပိုပြီးရယ်စရာကောင်းပါသေးတယ်။ သူတို့နားပင်းတာကို ဖုံးဖိချင်တဲ့အတွက် သူများပြောနေတဲ့စကားဝိုင်းထဲ ၀င်လာပြီး သူများရယ်တိုင်းလိုက်ရယ်၊ ပြီးတော့ သူများပြောနေတဲ့စကားနဲ့ အဆက်အစပ်မရှိ၊ အဆီအငေါ်မတည့်တဲ့ စကားတွေကို ပြောမိတတ်ပါတယ်။ ဒါတွေအားလုံးဟာ ကိုယ့်အားနည်းချက်ကို ဖုံးဖိဖို့ကြိုးပန်းတဲ့လုပ်ရပ်တွေချည်းပါပဲ။
ကျနော်အထက်မှာ ပြောခဲ့သလို လူတိုင်းမှာ အနည်းအများဆိုသလို အားနည်းချက်ကိုယ်စီ ရှိနေကြတဲ့အတွက် မာယာ၊ သာဌေယျဆိုတဲ့ တရားဆိုးတွေကို သုံးပြီး မိမိအားနည်းချက်ကို ဖုံးကွယ်ဖို့ကြိုးပန်းရင်း ကိုယ့်ကိုယ်ကို လူဘောင်အလယ်မှာ အရှက်ကွဲအောင် လွဲလွဲမှားမှား မပြုမူမိစေဖို့ အရေးကြီးပါတယ်။ ဘယ်လိုအားနည်းချက်မျိုးပဲ ရှိနေရှိနေ ရိုးရိုးသားသား ကျင့်သုံးနေထိုင်တတ်ရင် ကိုယ်ကိုယ်တိုင်လဲ လွတ်လပ်မှုရှိပြီး စိတ်ချမ်းသာစွာနေနိုင်သလို ကိုယ့်ပတ်ဝန်းကျင်ကလဲ ကိုယ့်အပေါ်နားလည်ခွင့်လွှတ်ပြီး လိုအပ်တဲ့အခါ အကူအညီများစွာပေးနိုင်ကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။ ကိုယ့်ကိုယ်ကိုရော ကိုယ့်ပတ်ဝန်းကျင်ကိုပါ ရိုးသားနိုင်ကြပါစေ---။
ရာသီသွေးနဲ့ ဆေးတဲ့ ရန်ငြှိုး
ကမ္ဘာဦးအစကတည်းက ကျနော်တို့လူသားတွေဟာ ရေကြည်ရာမျက်နုရာဆိုသလို တစ်နယ်မကောင်း၊ တစ်နယ်ပြောင်းရင်း ဘ၀ရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှား နေရာအနှံ့ သွားလာကျက်စားခဲ့ကြရိုးထုံးရှိခဲ့ပါတယ်။ တဖြေးဖြေးနဲ့ ရေခဲခေတ်၊ ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်စတဲ့ ခေတ်အမျိုးမျိုးကို ကျော်ဖြတ်ပြီး နောက်ဆုံး အတိုးတက်ဆုံး၊ အထွန်းကားဆုံးလို့ သတ်မှတ်နိုင်တဲ့ ယနေ့ နည်းပညာခေတ်ကို ရောက်လာခဲ့ကြပါပြီ။ ဒါပေမဲ့ တစ်နေရာနဲ့ တစ်နေရာ ချမ်းသာ/ဆင်းရဲမှုတွေ ကွာဟချက်ရှိနေသေးတာကြောင့် လူသားတွေဟာ ဆင်းရဲတွင်းက လွတ်မြောက်ရေးအတွက် ရေကြည်ရာ မျက်နုရာသွားလာကြဆဲ၊ ကျက်စားကြဆဲပဲ ဖြစ်ပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာနေထိုင်ကြတဲ့ လူတွေက ချမ်းသာတဲ့နိုင်ငံတွေဆီ သွားပြီး အလုပ်လုပ်ကြ၊ တိုးတက်ရာတိုးတက်ကြောင်းတွေ ရှာမှီးကြနဲ့ ချမ်းသာလေနိုး မျှော်ကိုးရင်း ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ ကျနော်တို့မောင်းမကန်ရွာက ရွာသားတွေအတော်များများဆိုလဲ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူစတဲ့နိုင်ငံတွေဆီ နည်းအမျိုးမျိုးနဲ့ သွားရောက်ပြီး ရရာအလုပ်တွေကို တပင်တပန်းလုပ်ကိုင်နေကြတာတွေ ရှိပါတယ်။ ကျနော့်အမကမွေးတဲ့တူလေးနှစ်ယောက်နဲ့ ညီမလေးတွေရဲ့ ယောက်ျားတွေလဲ မလေးရှားသွားပြီးအလုပ်လုပ်နေကြတာ အခုထိပါပဲ။ ရွာမှာနေတာနဲ့စာရင် ၀င်ငွေအထိုက်အလျှောက်ရပြီး ကိုယ့်ရပ်ကိုယ့်ဒေသကို ပြန်ပြန်ပို့နိုင်ကြပေမဲ့ ဟိုမှာနေရ ထိုင်ရတဲ့အနေအထားကတော့ နှစ်သက်ဘွယ်သိပ်မကောင်းလှပါဘူး။
အလုပ်ရှင်က အလုပ်သမားတွေကို နည်းမျိုးစုံနဲ့နှိမ်ပြီးခိုင်းလို့ အလုပ်သမားတွေမကျေမနပ်ဖြစ်၊ ပေါက်ကွဲပြီး ခိုက်ရန်ဒေါသဖြစ်၊နောက်ဆုံးသတ်မှုဖြတ်မှုမျိုးတွေအထိတောင်ဖြစ်ရတဲ့ သတင်းတွေလဲ ရံခါကြားနေသိနေရပါတယ်။ မြေနိပ်ရာလှံစိုက်လုပ်လေ့ရှိတဲ့ လူ့လောကကြီးထဲမှာ ဆင်းရဲသားလူတန်းစားတွေရဲ့ ဘ၀ဟာ တကယ့်ကို ရင်နစ်ဘွယ်ကောင်းလှပါတယ်။ အလုပ်ရှင်တွေရဲ့ ခက်ထန်တဲ့ဆက်ဆံမှုတွေ၊ နှိပ်ကွတ်မှုတွေကို တတ်နိုင်သလောက် သည်းခံပြီး လုပ်နေကြရပေမဲ့ သာမန်ပုထုဇင်လူသားတွေပီပီ မာန်မာနတွေ၊ ဒေါသ အာဃာတဆိုတဲ့မီးတွေရင်မှာ တဟုန်းဟုန်းတောက်လောင်လာတဲ့နေ့မှာတော့ သည်းခံနိုင်စွမ်းတွေ ကုန်ခန်းပြီး လုပ်မိလုပ်ရာ လုပ်ကြတော့တာပါပဲ။ အဲဒီလို လုပ်မိလုပ်ရာလုပ်ပြီး ရန်ကိုရန်ချင်းတုန့်ပြန်ကြတဲ့ အဖြစ်အပျက်တွေ မြောက်များစွာထဲက အလွန်ထူးဆန်းတဲ့ သတင်းလေးတစ်ပုဒ်ကို ကျနော်ပြောပြချင်ပါတယ်။
သူ့နာမည်လေးက “အိန္ဒြာနှင်းဆီ” တဲ့။ သိပ်လှတဲ့နာမည်လေးတစ်ခုပါ။ Indra Ningsih လို့စာလုံးပေါင်းထားပါတယ်။ ကျနော်က ခေါ်ကောင်းအောင် အိန္ဒြာနှင်းဆီလို့ မြန်မာအမှူးပြုလိုက်ပါတယ်။ အသက် (၂၆)နှစ်အရွယ်ပဲရှိသေးတဲ့ အင်ဒိုနီးရှားသူလေးတစ်ယောက်ပါ။ ကျနော်အထက်မှာပြောခဲ့သလို ဆင်းရဲတွင်းက လွတ်မြောက်ရေးကို ကြံရွယ်ပြီး ဟောင်ကောင်မှာ အိပ်ဖေါ်မလေးအဖြစ် သွားရောက်လုပ်ကိုင်နေရရှာပါတယ်။ အလုပ်ရှင်ရဲ့ မညှာမတာခိုင်းစေမှုတွေ၊ မချေမငံဆက်ဆံမှုတွေကို အချိန်ကြာမြင့်စွာ သည်းခံရင်း လုပ်စရာရှိတာတွေကို အိမ်ဖေါ်ကောင်းတစ်ယောက်ပီသစွာ လုပ်ကိုင်ခဲ့ရှာပါတယ်။
ဒါပေမဲ့ တစ်နေ့ထက်တစ်နေ့ဆိုးဆိုးလာတဲ့ အလုပ်ရှင်ရဲ့ ညစ်ကျယ်ကျယ်အပြုအမူတွေကို သည်းမခံနိုင်တော့တဲ့ အဆုံးမှာတော့ ပြန်လည်တုန့်ပြန်ဖို့ နည်းလမ်းကို ကြံဆမိပါတော့တယ်။ ဒါပေမဲ့ မိန်းမသားပီပီ ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကို မစဉ်းစားနိုင်ခဲ့ပါဘူး။ တစ်နေ့တော့ မီးဖိုချောင်ထဲမှာ အလုပ်လုပ်ရင်း သူ့ခေါင်းထဲ အတွေးတစ်ခု ၀င်လာပါတယ်။ အဲဒီအတွေးကတော့ အချို့အချို့သော အာရှတိုက်သားတွေမှာရှိတတ်တဲ့ ရိုးရာစွဲလမ်းမှုကို အခြေခံတဲ့အတွေးပါ။ “အမျိုးသမီးတွေရဲ့ ရာသီသွေးမှာ စွမ်းအားသတ္တိတစ်မျိုးမျိုးရှိတယ်” လို့ယုံကြည်တဲ့ အယုံအကြည်တစ်ခုဖြစ်ပါတယ်။ ဒီယုံကြည်မှုအရ သူဒီနည်းကို အသုံးပြုရင်တော့ သူ့အလုပ်ရှင် သူ့အပေါ် ကျိုးနွံလာမှာပဲလို့ တွေးလိုက်မိပုံရပါတယ်။
ဒီလိုနဲ့တစ်နေ့၊ သူရာသီလာတဲ့အချိန်ကျတော့ မီးဖိုချောင်ထဲမှာ ဟင်းချက်ရင်း သူ့အလုပ်ရှင်စားမည့် အသီးအရွက်ဟင်းထဲမှာ ရာသီသွေးတွေရွှဲနစ်နေတဲ့ အောက်ခံဂွမ်းထုတ်ကို ထုတ်ယူပြီး ညှစ်ထည့်ပါတော့တယ်။ ရန်တုန့်ပြန်လိုစိတ်တွေမွှန်ထူနေပြီး သေသေသပ်သပ်မလုပ်နိုင်တဲ့အတွက် အလုပ်ရှင်ထမင်းစားမယ်လုပ်တော့ ဟင်းရွက်တွေမှာ ပေကျံနေတဲ့အနီရောင်တွေကို သင်္ကာမကင်းဖြစ်ပြီး မီးဖိုချောင်ဝင် စစ်ပါတော့တယ်။ ပေကြံနေတဲ့ အနီးအနားကသွေးစက်တွေနဲ့ အမိုက်ပုံးထဲ ပစ်ထည့်ထားတဲ့ အောက်ခံဂွမ်းထုတ်တွေဟာ ငြင်းမရတဲ့ သက်သေတွေဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟောင်ကောင်တရားရုံးမှာ တရားစွဲဆိုခြင်းခံရပြီး ဒုက္ခမှ လွတ်မြောက်ချင်သူ အိန္ဒြာနှင်းဆီလေးခမျာ ဒုက္ခအတွင်း ပြန်လည်သက်ဆင်းရရှာပါတော့တယ်။
ရန်တုန့်ပြန်တဲ့နေရာမှာ မှန်မှန်ကန်ကန်တုန့်ပြန်တဲ့နည်းဆိုတာတော့ ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ အခုလို အလွန်အောက်တန်းကျတဲ့ နည်းကို အသုံးပြုရင်တော့ တစ်ဘက်လူဟာ ကိုယ့်ထက်ဘုန်းကံကြီးမားတဲ့သူဖြစ်နေရင် မအောင်မြင်နိုင်ဘူး ဆိုတာကိုတော့ သတိပြုနားလည်ထားဖို့ လိုပါတယ်။ ဒါဟာ အောက်လမ်းနည်းတစ်မျိုးပါပဲ။ အောက်လမ်းနည်းတွေဟာ ဘုန်းကံကြီးမားသူကို ဒုက္ခမပေးနိုင်တာကိုတော့ သိထားစေချင်ပါတယ်။ ကိုယ်က သူများဆီမှာ အလုပ်လုပ်နေရတဲ့အခါ သက်ဆိုင်ရာအလုပ်ရှင်နဲ့ အဆင်ပြေဖို့အရေးဟာ အလွန်အရေးကြီးလှပါတယ်။ ဘယ်လောက်ဆိုးဝါးတဲ့ အလုပ်ရှင်မျိုးပဲဖြစ်ဖြစ်၊ Achilles Heel လို့ခေါ်တဲ့ အားနည်းချက်ဆိုတာတော့ ရှိစမြဲပါ။ အဲဒီအားနည်းချက်ကို ရှာပြီး အလုပ်ရှင်နဲ့ အဆင်သင့်အောင်ပေါင်းတတ်ရင် ကိုယ်လိုချင်တဲ့ ရလာဒ်ကောင်းတွေ ရလာမှာမလွဲပါဘူး။ ကျနော့်ပို့စ်ကိုဖတ်မိတဲ့ သူတွေအနက် အိန္ဒြာနှင်းဆီလို အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရသူတစ်စုံတစ်ယောက်ရှိခဲ့ပါရင် ကျနော်အကြံပြုလိုပါတယ်။ အောက်တန်းကျတဲ့ နည်းကို အသုံးမပြုမိပါစေနဲ့ လို့။ ချမ်းသာကြပါစေ----။
http://uk.news.yahoo.com/18/20090416/tod-maid-put-menstrual-blood-in-my-soup-879dccc.html
Wednesday, April 15, 2009
မှန်ကန်တဲ့ဆုံးဖြတ်ချက်
Good judgment comes from experience, and often experience comes from bad judgment.
(Rita Mae Brown)
မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို အတွေ့အကြုံက ရတတ်ပြီး အဲဒီအတွေ့အကြုံဆိုတာလဲ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာရတတ်တယ်။
(ရီတာမေဘရောင်း)
ကောင်းလိုက်တဲ့ အိုင်ဒီယာလေးဗျာ။ မှန်လိုက်သည်ဖြစ်ခြင်း လို့ပြောရင်တောင် ရတယ်။ လူတိုင်းရဲ့အဖြစ်သနစ်ကို ထိုးထွင်းသိမြင်ပြီးပြောထားတဲ့စကားတစ်ခွန်းဖြစ်ကြောင်း လူတိုင်းဝန်ခံနိုင်မယ်ထင်ပါရဲ့။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတဲ့ ရလာဒ်ကောင်းတစ်ခုကို အကြောင်း+အကျိုးအဆင့်ဆင့်တွေးပြသွားတယ်။
(၁) မှားယွင်းတဲ့ဆုံးဖြတ်ချက်ဆိုတဲ့ အကြောင်းကြောင့် (အကြောင်း)
(၂) မလိုအပ်တဲ့ အကျိုးဖြစ်ရတတ်ပုံ (အကျိုး)
(၃) ဒီလိုရလာဒ်ဆိုးမျိုးကို အကြောင်းပြု၊ သင်္ခန်းစာယူပြီး (အကြောင်း)
(၄) နောက်တစ်ခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ပုံ (အကျိုး) တွေကို အဆင့်ဆင့်တွေးပြသွားခြင်းပါ။
ကျနော်တို့ရဲ့ နေ့စဉ်ဘ၀မှာ ရှင်သန်နေထိုင်နေရသမျှကာလတွေဟာ ကျနော်တို့ကို ဆုံးဖြတ်တစ်ခုခုချဖို့ အမြဲမပြတ် ဆော်သြနေလေ့ရှိတာကို သတိမူကြသူတိုင်း နားလည်ကြမှာပါ။ ပါစက၀မ်းမီးရဲ့စေ့ဆော်မှုကြောင့် မွတ်သိပ်ဆာလောင်မှုဖြစ်တဲ့အခါမျိုးမှာတောင် ကျနော်တို့ဟာ မသိစိတ်ရဲ့ဆုံးဖြတ်မှုကို နာခံနေကြရပါတယ်။ မြန်မာစကားပုံမှာ “အသွားမတော်တစ်လှမ်း၊ အစားမတော် တစ်လုပ်” ဆိုတဲ့ စကားတွေဟာ ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့် ရလာတဲ့ အတွေ့အကြုံဆိုးတွေကို မီးမောင်းထိုးပြနေကြတယ်လို့ ဆိုနိုင်ပါတယ်။
ဒုက္ခဘုံတွင်းက ဒုက္ခကောင်များပီပီ ကျနော်တို့လူသားတွေဟာ ကိုယ်တိုင်ကျကျနန ဒုက္ခမခံရသေးပဲ လူပြောသူပြောစကားလောက်နဲ့ အတွေ့အကြုံမယူချင်ကြပါဘူး။ ဒုက္ခသဘောကို နားမလည်ချင်ကြပါဘူး။ ဒါကြောင့် သိသိကြီးနဲ့ မှားမှားယွင်းယွင်းဆုံးဖြတ်ချက်ချပြီး ခါးသီးတဲ့ အတွေ့အကြုံမျိုးကို ရှာမှီးချင်ကြပါတယ်။ ဒီလမ်းကို သွားရင် သေမယ်ဆိုတာ သိပါလျှက်နဲ့ မသေသေးတဲ့အတွက်ကြောင့်ဖြစ်စေ၊ သေလောက်တဲ့ဒုက္ခမျိုးနဲ့မတွေ့သေးတဲ့တွက်ကြောင့်ဖြစ်စေ အရဲစွန့်သွားဖို့ ဆုံးဖြတ်မိတတ်ပါတယ်။ ဒါဟာ ကျနော်တို့ လူသားတွေရဲ့ ပြုပြင်လို့မရနိုင်တဲ့ ခေါင်းမာမှုတစ်မျိုးဖြစ်တယ်လို့ ကျနော်သတ်မှတ်ချင်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ ဒီလိုပဲလေ။
ဒါပေမဲ့ ကိုယ့်ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပေါ်လာတဲ့ ရလာဒ်ဆိုးနဲ့ တကယ့်ကိုနဖူးတွေ့၊ ဒူးတွေ့ တွေ့လာရတဲ့အခါကျတော့ ငါမှားလေခြင်းရယ်လို့ ငိုခြင်းချလဲ နောက်ကျသွားခဲ့ပါပြီ။ အဲဒီဒုက္ခမှ ကံသီလို့လွတ်မြောက်လာတဲ့လူတွေ၊ တွေ့လိုက်ရတဲ့အတွေ့အကြုံကို ကိုယ့်ဘ၀အတွက် တန်ဖိုးရှိတဲ့သင်္ခန်းစာအဖြစ် အသုံးချတတ်တဲ့လူတွေအတွက်တော့ အဲဒီအတွေ့အကြုံဟာ နောင်တစ်ချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ဖြစ်ပေါ်စေတဲ့ အင်အားကြီးတစ်ခုဖြစ်ကြောင်း နားလည်နိုင်ပါတယ်။
(၁) ပညာရှိသူတို့သည် သူတပါးတို့၏အမှားများမှ သင်္ခန်းစာ ယူတတ်ကြကုန်၏။
(၂) ပညာမရှိသူတို့သည် မိမိတို့၏ အမှားများမှ ရံခါ အနည်းငယ် သင်္ခန်းစာယူတတ်ကြကုန်၏။
(၃) လူမိုက်တို့သည်ကား မိမိတို့၏ အမှားများမှသော်လည်း ဘယ်သောအခါမှ သင်္ခန်းစာမယူတတ်ကြကုန်။
ကျနော်ကြားဖူးတာလေး ရေးလိုက်တာပါ။ ဒီအတိုင်း တစ်ထပ်တည်းဟုတ်ချင်မှ ဟုတ်မယ်။ ဆရာဦးအောင်သင်းပြောဖူးတာလေး နားထောင်ဖူးလို့။ ကျနော် ပညာရှိနဲ့ လူမိုက်အကြားမှာ ပညာမရှိသူကို ထည့်ထားပါတယ်။ ပညာမရှိတဲ့သူကို လူမိုက်လို့ ကျနော်မဆိုရဲလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပညာမရှိသူဟာ သူ့ကိုယ်သူပဲ ဒုက္ခပေးတတ်ပါတယ်။ သူ့ပတ်ဝန်းကြင်ကိုတော့ ဒုက္ခမပေးတတ်ပါဘူး။ လူမိုက်ကတော့ သူ့ကိုယ်သူလဲ ဒုက္ခပေးတတ်ပြီး သူ့ပတ်ဝန်းကြင်ဟာလဲ သူ့ကြောင့် စိတ်သောကရောက်နေရတတ်ပါတယ်။
လူသားတွေအများစုဟာ ပညာရှိနဲ့ လူမိုက်ဆိုတဲ့ အချင်းအရာနှစ်မျိုးကြားက ပညာမရှိသူတွေပဲ များတယ်လို့ ကျနော်မှတ်ယူပါတယ်။ လူတစ်ယောက်ကို ပညာရှိ (သို့မဟုတ်) လူမိုက်လို့ သတ်မှတ်ဖို့အတွက် အတော်ခက်ပါတယ်။ အဲဒီတော့ “ပညာမရှိသူ”လို့ ကြားချပြီး ကျနော်ကတော့ သတ်မှတ်ချင်ပါတယ်။ ကျနော်တို့ဟာ နေ့စဉ်ဘ၀က ပေးတဲ့အတွေ့အကြုံတွေကို ဘ၀သင်္ခန်းစာကောင်းတွေအဖြစ် ရံခါယူလေ့ရှိပြီး ရံခါ မသိကျိုးကျွံ ပြုနေတတ်ကြပါတယ်။ ကိုယ့်စိတ်နဲ့အံဝင်တဲ့ဟာမျိုးကိုတော့ လက်ခံချင်ကြပြီး ကိုယ့်စိတ်နဲ့ မကိုက်တဲ့ဟာမျိုးတွေကိုတော့ ကောင်းမှန်း/အကျိုးရှိမှန်းသိသိတိုင် ဘေးဖယ်ထားချင်ကြပါတယ်။
ဒီလိုသဘောသဘာဝရှိတဲ့ လူတွေဟာ အများစုရယ်ပါ။ ဒီလူတွေအားလုံးကို အဘယ်မှာ ပညာရှိစာရင်း သွင်းကောင်းအံနည်းလို့ ကျနော်ဆိုချင်ပါတယ်။ ကျနော့်ကိုလဲ ပညာမရှိသူစာရင်းမှာပဲ ထည့်ပေးကြပါ။ တကယ်တော့ ကျနော်လဲ ပညာရှိမဖြစ်ချင်သေးပါဘူး။ ပညာရှိမဖြစ်ချင်သလို လူမိုက်စာရင်းလဲ မပေါက်ချင်ပါဘူးဗျာ။ ဒါကြောင့် ကြားထဲမှာပဲ ခိုကပ်နေပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လဲ ရံခါသင်္ခန်းစာယူတတ်ပြီး ရံခါမသိယောင်ဆောင်ခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။
ရီတာမေဘရောင်းက “အတွေ့အကြုံတွေဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ဖြစ်စေတယ်” လို့ ဆိုပေမဲ့ လူတိုင်းအတွက်တော့မဟုတ်ပါဘူး။ ဘယ်အရာမဆို ယူတတ်သူတွေသာ ရတတ်ကြပါတယ်။ ကျနော်တို့တတွေအများစုဟာ ယူတတ်သူနည်းပါတယ်။ နေ့စဉ်ဘ၀မှာ ကိုယ့်ပတ်ဝန်းကျင်ကရော ကိုယ်ကိုယ်တိုင်မှာပါ အတွေ့အကြုံတွေရှိနေ၊ ရနေပေမဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မှန်မှန်ကန်ကန်ချဖို့အရေးမှာကျတော့ စိတ်ဓာတ်ထွေပြား၊ နှေးကွေးသွားပြီး တစ်ပါးသူကို အားကိုးမိတတ်ကြပါတယ်။ ဒါကိုပဲ ကိုယ့်ကိုယ်ကို လူညံ့စာရင်းထဲမထည့်ချင်တဲ့လူတွေကတော “သူများကို အားကိုးတယ်လို့ မသုံးပဲ သူများဆီက အကြံအဉာဏ်ယူတာပါ” လို့ဆိုတတ်ကြပါတယ်။
အတွေ့အကြုံဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ဖြစ်စေတယ် ဆိုတဲ့ စကားဟာ လူတိုင်းအတွက် မဟုတ်ပေမဲ့ တကယ်မှန်ကန်တဲ့စကားဖြစ်ကြောင်းကိုတော့ ငြင်းစရာမရှိပါဘူး။ ပညာရှိတွေအတွက် မဆိုထားနဲ့၊ ပညာမရှိတဲ့လူတွေအတွက်တောင် ဒီစကားက နားဝင်နိုင်စရာ၊ လက်ခံနိုင်စရာပါ။ ဒါကြောင့် ကျနော်တို့ဟာ အနာဂတ်ကြီးပွါးရေးလမ်းကြောင်းပေါ် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်ဖို့အရေး နေ့စဉ်ဘ၀ထဲက အတွေ့အကြုံတွေကို မှန်မှန်ကန်ကန်ထုတ်ယူနိုင်အောင် မျက်စိဖွင့်၊ နားစွင့်နေကြရမှာဖြစ်ကြောင်း အာဘော်ထိုး နိုးဆော်လိုက်ပါတယ်။
အာဏာရှင်တွေရဲ့ ရုပ်သေးစင်
Court not the critic's smile nor dread his frown.
Sir Walter Scott (1771-1832)
တရားရုံးဆိုတာ ခြောက်တိုင်းလဲ မကြောက်ဘူး၊ မြှောက်တိုင်းလဲ မမြောက်ဘူး။
(ဆာဝေါလ်တာစကော့တ်)
ဆာဝေါလ်တာကတော့ “တရားရုံးဆိုတာ ခြောက်တိုင်းလဲမကြောက်တဲ့ မြှောက်တိုင်းလဲ မမြောက်တဲ့နေရာပါ” တဲ့။ ဟုတ်မှာပါ။ တရားရှိတဲ့တိုင်းပြည်တွေ၊ နိုင်ငံအုပ်ချုပ်သူတွေရဲ့အာဏာ တရားရုံးအောက်မှာ ရှိတဲ့တိုင်းပြည်တွေအတွက်တော့ သူ့အဆိုဟာ မှန်မှာပါပဲ။ သူ့အဆိုဟာ အစိုးရစနစ်ကြီးတစ်ခုကို ကိုယ်စားပြုတဲ့အဆိုပါ။ အဲဒီစနစ်ကတော့ ဒီမိုကရေစီဆိုတဲ့ ပြည်သူ့အလိုတော်စနစ်ကြီးပါပဲ။ ဒီမိုကရေစီစနစ်အောက်မှာရှိတဲ့ တရားရုံးတွေကတော့ အုပ်ချုပ်သူတွေရဲ့ အာဏာကို ဂရုစိုက်စရာမလိုပဲ ပြဌာန်းထားတဲ့ တရားဥပဒေစည်းကမ်းအတိုင်း ဆုံးဖြတ်ပိုင်ခွင့်ရှိကြပါတယ်။
တရားဥပဒေစိုးမိုးမှုမရှိတဲ့ အာဏာရှင်နိုင်ငံတွေမှာတော့ တရားရုံးဆိုတာ ဇာတ်ဆရာအလိုကျ လက်လှုပ်၊ ချေလှုပ် လုပ်ရတဲ့ ရုပ်သေးရုပ်လေးတွေကို ပွဲထုတ်တည်ခင်းရာ ရုပ်သေးစင်ကြီးတစ်ခုပါပဲ။ တရားသူကြီးတွေဟာ မိမိတို့ထမင်းအိုးမကွဲရေးအတွက် အုပ်ချုပ်သူအာဏာရှင်တွေရဲ့အလိုကျ ဆုံးဖြတ်ကြရရှာပါတယ်။ ဒီအတွက်သူတို့ကို အပြစ်ဆိုရင်လဲ ဆိုတဲ့လူမောရုံပဲ ရှိမှာပါ။ ပုထုဇဉ်တွေပဲလေ၊ အကြောက်တရားနဲ့ အသက်ရှင်နေကြရရှာတာမို့လား။ အဲဒီလို အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံတွေမှာ တရားသူကြီးတွေရဲ့ပါးစပ်ပေါက်တွေဟာ ပြည်သူလူထုကို ကိုယ်စားမပြုနိုင်ရှာပဲ မင်းလိုလိုက်မင်းကြိုက်လုပ်နေကြရတော့တာပါပဲ။
“သူ့ဆန်စား ရဲမှ” ဆိုတဲ့စကားအတိုင်း အာဏာရှင်ပေးသမျှယူ၊ ကျွေးသမျှစားပြီး သူ့အလိုကျဆုံးဖြတ်ကြရတဲ့ တရားသူကြီးဆိုသူတွေရဲ့ တရားရုံးတွေဟာ ပြည်သူလူထုရဲ့ အားကိုးရာမဖြစ်ကြပဲ လူထုကို ချိန်းခြောက်၊ ဂျောက်ချတဲ့ နေရာကြီးသဘွယ်ဖြစ်နေပါတော့တယ်။ အဲဒီတရားရုံးတွေရဲ့ ဥပဒေစာအုပ်တွေ၊ တရားရေးရာပေလွှာတွေဟာလဲ သက်ဆိုင်ရာအာဏာရှင်တွေရဲ့ အာဘော်ကျရေးသားထားကြရပြီး အာဏာရှင်တွေရဲ့ ရာဇပလ္လင်ဖင်မြဲရေးကို ကျားကန်ပေးထားကြရတာက များပါတယ်။ ဒါကြောင့် ဆာဝေါလ်တာရဲ့ အဆိုဟာ သူတို့အတွက်တော့ ပျက်လုံးတစ်ခုလို ဖြစ်နေမှာပါပဲ။
အာဏာရှင်ဝါဒီအောက်က ခြောက်တိုင်းလဲကြောက်ရတဲ့အပြင် မြှောက်တိုင်းလဲ မြောက်နေကြရတဲ့ တရားသူကြီးတွေဟာ တကယ်တော့ ကိုယ့်ကိုယ်ကို မှန်မကြည့်ဝံ့လောက်အောင် အကျည်းတန်ရုပ်ဆိုးနေမှန်း သူတို့ကိုယ် သူတို့သိကြပါတယ်။ ရှေ့နေဆိုသူတွေဟာလဲ အာဏာရှင်တွေရဲ့ရှေ့ကပဲ နေကြရတော့တာပါပဲ။ အာဏာရှင်တွေရှေ့ကမနေပဲ ပြည်သူ့ဆန္ဒတစ်စုံတရာကို ကိုယ်စားပြုလျှောက်လဲမိလို့ နောက်တန်းရောက်သွားကြရရှာတဲ့ ရှေ့နေတွေရှိပေမဲ့ သူတို့ကိုယ်တိုင်ရဲ့မိသားစုဒုက္ခအ၀၀နဲ့ ကြုံတွေ့လာကြရတဲ့အခါမှာတော့ တရားဆိုတာကို မျက်ကွယ်ပြုပြီး မိသားစုထမင်းအိုးလေး မီးခိုးမစဲဖို့ရာ အရဲစွန့်ကြရပြန်ပါတယ်။
လာဘ်စားမှုဆိုတာနိုင်ငံတိုင်းမှာ အနည်းအများရှိနေပေမဲ့ တရားမဲ့တဲ့အာဏာရှင်နိုင်ငံတွေမှာတော့ တရားဝင်လုပ်ပိုင်ခွင့်ရှိတဲ့၊ ပြောင်ကျကျလုပ်လို့ရတဲ့ စီးပွါးရေးဆိုးကြီးတစ်ခုဖြစ်နေပါပြီ။ တရားသူကြီးဆိုသူတွေဟာ လုပ်ပိုင်ခွင့်လက်ဝယ်ရယူထားတဲ့ အုပ်ချုပ်သူအာဏာရှင်တွေနဲ့ပေါင်း၊ မိမိတို့လုပ်ချင်သမျှကို ပုဒ်မအမျိုးမျိုးတပ်ပြီး ပြည်သူလူထုကို နှိပ်စက်ကြတော့တာပါပဲ။ ဒီအဖြစ်အပျက်တွေဟာ အာဏာရှင်တွေ အုပ်စိုးတဲ့ကမ္ဘာ့နိုင်ငံအသီးသီးရှိ မသိချင်ဆုံးသိနေရ၊ မကြားချင်ဆုံးကြားနေရတဲ့ သတင်းတွေပါ။
တရားသဖြင့်ပေါ်လာတဲ့မိမိဆန္ဒကို ထုတ်ဖေါ်ပြောကြားမိလို့ လက်ရှိဥပဒေအရအပြစ်ရှိတယ်ပြောပြီး သံတိုင်နောက်အပို့ခံကြရတဲ့ ပြည်သူ့သားကောင်းတွေဟာ ဒိအတွက်သူတို့ကိုယ်တိုင်မမှုကြပေမဲ့ သူတို့ကြောင့်မျက်ရည်အသွယ်သွယ်စီးနေကြရရှာတဲ့ မိခင်၊ ဖခင်နဲ့ ချစ်သူသက်ထား၊ ဇနီးမယား၊ သမီးသားတို့အတွက် ရတက်မအေး ပူဆွေးကြရပါတယ်။ ဒီသားကောင်းတွေအတွက် တရားသူကြီးဆိုသူတွေ၊ ရှေ့နေဆိုသူတွေရဲ့ အခန်းကဏ္ဍက ဘာလဲ။ တရားနည်းလမ်းအတိုင်း လျှောက်လှဲခွင့်မရှိတဲ့ ရှေ့နေတွေနဲ့ ဥပဒေစည်းကမ်းအတိုင်းဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ တရားသူကြီးတွေရဲ့ဘ၀ဟာ တကယ်တော့ သံတိုင်ကြားက နိုင်ငံသားကောင်းတွေရဲ့ ဘ၀ထက်တောင် သနားစရာကောင်းပါသေးတယ်။ သူတို့ဟာ ခြောက်တိုင်းကြောက်ပြီး မြှောက်တိုင်းမြောက်နေကြရရှာတဲ့ ရုပ်သေးရုပ်လေးတွေရယ်လေ။
ပိတောက်အလွမ်းဖြေ ရာသီနွေ
Spring လို့ခေါ်တဲ့ ဒီအချိန် ဒီရာသီ
ဟာ ကျနော် တို့ မြန်မာ လူမျိုး တွေ အတွက် နှစ် ဟောင်း ဆွေးလို့ နှစ်သစ် သို့ပြေး နေကြတဲ့အချိန် ပေါ့။ ပန်းပိ တောက် တွေ လှိုင်လှိုင် ဝေပြီး မေ ကညာ တို့ရဲ့ နက် မှောင် မှောင် ကေသာကျော့မှာ ရွှေဝါရောင်ပန်းခက်လေးတွေ နေရာယူနေကြတဲ့ အချိန်ဆိုလဲ မမှားပါ။ နှစ်သစ်ကူးရောက်လို့ နှစ်ဦးကို ကြိုဆိုတဲ့ သင်္ကြန်ပွဲတော်ကတော့ ကျနော်တို့မြန်မာတစ်မျိုးသား လုံးရဲ့ ထူးခြားလှတဲ့ အမှတ်သင်္ကေတကြီးတစ်ခုပါပဲ။
မြန်မာပြည်သူတွေရဲ့ ကိုယ်မှာ သင်္ကြန်ရေစက်လေးတွေ နေရာယူပြီး ပျော်မြူးလို့ ပိတောက်ဖူးတွေနဲ့ ဝေနေတဲ့အချိန်မှာ ကျနော်တို့နေတဲ့ ရွှေမြို့တော်လန်ဒန်ဟာလဲ အားကျမခံ ရာသီပန်းလေးတွေနဲ့ လန်းဆန်းလှပနေပါပြီ။ အင်္ဂလန်သူ အင်္ဂလန်သားတွေရဲ့ ဒီရာသီကို မျှော်တလင့်လင့်နဲ့ စောင့်နေကြရရှာတဲ့အဖြစ်ဟာလဲ တစ်မျိုးတော့ ရင်ခုန်စရာလေးပါ။ အိမ်ရှေ့မှာ အရွက်မပါတဲ့ အရိုးတံမွဲချောက်ချောက် သစ်ပင်တွေကို ကြည့်ပြီး Spring မှာ ဘယ်လိုအလှမျိုး ပြဦးမလဲဆိုတဲ့ အတွေးစိတ်နဲ့ ခြွေးသိပ်ခဲ့ရတဲ့ ရက်တွေဟာ ရာထောင်ချီလို့ပါပဲ။
ဆောင်းဦးဝင်လိုက်တာနဲ့ အရိုးကွဲမတတ်အေးခဲလွန်းတဲ့ ဗြိတိရှဆောင်းဒဏ်ကြောင့် လူမပြောနဲ့ ရှိသမျှသစ်ပင်တွေတောင် အကာအကွယ်မဲ့စွာနဲ့ အရှက်တကာဖုံးထားတဲ့ အရွက်လှလှတွေ မြေခပြီး ခိုက်ခိုက်တုန်နေကြရတဲ့အဖြစ်ရယ်ပါ။ အပွင့်မှန်သမျှကြွေကျ၊ အရွက်မှန်သမျှ မြေခလို့ အရိုးတံဗလာနဲ့ အဖိုးမှန်ကို မပြနိုင်ကြရှာလို့ ရှက်ရွံ့စွာနဲ့ပဲ ဒီရာသီရောက်ဖို့အရေး ဆုတောင်းရင် ကွေးနေကြရပါတယ်။
ဒါမေပဲ့ စောင့်ရကျိုးနပ်ကြပါပေရဲ့။ သစ်ပင်မှန်သမျှဟာ ဗြိတိရှဆောင်းဒဏ်ရက်စက်မှုကို အံကြိတ်ပြီး ခံခဲ့ကြရသမျှ အခွင့်သာတာနဲ့ အပွင့်တကာအကုန်ဖွင့်လို့ အုံပွင့်လာကြတော့တာပါပဲ။ ပန်းပွင့်တဲ့အပင် ကြီးငယ်မှန်သမျှ ရောင်စုံပန်းတွေပွင့်ကြပြီး ပန်းမပွင့်တဲ့အပင်တွေဟာလဲ အရွက်တလူလူနဲ့ ကျောက်စိမ်းရောင်၊ မြရောင်လွှမ်းပြီ အရမ်းကို လှပနေကြတာပါ။ ကျနော်တို့နိုင်ငံက ပျိုပျိုမမတို့ကို မြင်လှဲ့စမ်းစေချင်လှပါဘိ။
ပိတောက်မရှိတဲ့ ဌာနေမှာ ချယ်ရီတို့ရဲ့အလှကိုကြည့်ရင်း ရင်ထဲကအလွမ်းဓာတ်ကို တစ်ခန်းရပ်အောင် ဖြေဆည်နေကြရရှာတဲ့ ယူကေရောက်ကျနော်တို့ရွှေမြန်မာတွေကတော့ ကိုယ့်အိမ်တံခါး ကိုယ်ပိတ်ပြီး တူးပုံတူးပုံသီချင်းကို မတိုးမကျယ်ဖွင့်၊ နားထောင်နေကြရတဲ့ အဖြစ်လေ။ ဆောင်းဘောက်ကြီးငယ် လမ်းဘေးချ၊ မြနန္ဒာသီချင်းကို အသကုန်ဟစ်၊ ၀ါးလုံးနဲ့ သစ်သားတိုင်တွေကို နီးစပ်ရာလိုက်ရှာပြီး မဏ္ဍပ်သေးသေးလေးထိုး၊ အုန်းလက်အစိမ်းတွေအပေါ်တင်၊ ရေဖြည့်ထားတဲ့ ရေတိုင်ကီ နှစ်လုံး၊ သုံးလုံးလောက်အ၀မှာထားပြီး ဖြတ်သွားဖြတ်လာလုပ်သမျှ ကားကြီးကားငယ်၊ လူကြီးလူငယ်တွေကို ခွက်စုတ်နဲ့နင်းကန်ပက်ရတဲ့ ပျော်စရာပွဲတော်သင်္ကြန်နဲ့လွဲနေရလို့ ကိုယ့်အိမ်ထဲမှာနေရင်း နီးစပ်ရာသူငယ်ချင်းတွေနဲ့ ပဲ တွေ့ကရာသီချင်းတွေကောက်အော်ရင်း အလွမ်းဖြေနေကြရရှာတယ်။
ဘယ်သူမှ ရေမပက်ကြလို့ ရေစိုမှာ မပူရတဲ့ လန်ဒန်မှာ နွေဦးရောက်လို့များ နွေးမယ်တော့မထင်လိုက်ပါနဲ့ဗျာ။ အပူဒီဂရီ ၁၀ ကနေ ၂၀ အတွင်းမှာပဲရှိတဲ့ ယူကေရဲ့နွေဦးဟာ ကျနော်တို့လို အပူတောထဲကလာတဲ့ အပူတောသားတွေကိုတော့ အအေးဓာတ်နဲ့နှိပ်စက်နေဆဲပါ။ အပြင်ထွက်ရင် အနွေးထည်နဲ့ ကုတ်အင်္ကျီကိုတော့ ဘယ်သွားသွား ၀တ်နေရဆဲ။
(၁) Spring (နွေဦးရာသီ)၊ မတ်လမှ မေ အထိ၊
(၂) Summer (နွေရာသီ)၊ ဂျွန်လမှ သြဂုတ်အထိ၊
(၃) Autumn (ဆောင်းဦးရာသီ) စက်တင်ဘာလမှ နိုဝင်ဘာအထိ၊
(၄) Winter (ဆောင်းရာသီ) ဒီဇင်ဘာလမှ ဖေဖေါ်ဝါရီအထိ ဆိုတဲ့ ဗြိတိရှနိုင်ငံ သုံးခု (အင်္ဂလန်၊ စကောတလန်နဲ့ ဝေလ) ရဲ့ ရာသီဖွဲ့စည်းပုံဟာ ကျနော်တို့ဆီကနဲ့ အတော်ကွဲလွဲမှုရှိပါတယ်။
ကျနော်တို့ဆီက ရာသီကိုတော့ ဆောင်း၊ နွေ၊ မိုး ဆိုတဲ့ ဥတုသုံးပါးနဲ့ ဖွဲ့စည်းထားပြီး အပူပိုင်းဒေသဖြစ်တဲ့အတွက် ဘယ်ရာသီရောက်ရောက် အပူဓာတ်ကတော့ လွန်ကဲမြဲ လွန်ကဲလျက်ပါပဲ။ ဗြိတိရှနိုင်ငံတွေရဲ့ရာသီတွေဟာလဲ အထက်မှာပြောခဲ့သလို ဥတုလေးမျိုးနဲ့ ဖွဲ့စည်းထားပေမဲ့ အအေးပိုင်းဒေသတွေဖြစ်တဲ့အတွက် ဘယ်ရာသီရောက်ရောက် အအေးဓာတ်ကတော့ လွန်ကဲမြဲလွန်ကဲနေတာ တွေ့နိုင်ပါတယ်။ အဲသလောက်အအေးဓာတ်လွန်ကဲတဲ့ နိုင်ငံမှာ အကြောင်းကြောင်းကြောင့် လာရောက်နေထိုင်နေကြရရှာတဲ့ အပူတောက ကျနော်တို့ရွှေမြန်မာတွေဟာ အဘယ်မှာ အိမ်မလွမ်းပဲ ရှိကြမှာလဲဗျာ။ လွမ်းကြတာချည်းပဲပေါ့။
အင်္ဂလန်မှာ ကျနော်တို့အတွက်အကောင်းဆုံးရာသီကတော့ အခုရောက်ဆဲနွေဦးရာသီနဲ့ နောက်လာမည့် နွေရာသီပါပဲ။ ခြောက်လလောက် အနွေးဓာတ်သဲ့သဲ့ကို ထွေးပိုက်ပြီး ပန်းလှလှလေးတွေငေးရင်း အိမ်အလွမ်းဖြေကြရတဲ့ ကျနော်တို့ဘ၀တွေဟာ Autumn ရောက်တာနဲ့ မုန့်ဖက်ထုတ်ဘ၀ ပြန်ရောက်သွားကြရရှာတာပါ။ အော် သနားစရာကောင်းပါဘိ ငါတို့ရယ်။ အခုလောလောဆယ်တော့ ရွှေသင်္ကြန်နဲ့ အိမ်ပြန်ချင်တဲ့စိတ်ကို အိမ်ရှေ့၊ အိမ်နောက်၊ လမ်းဘေးဝဲယာနဲ့ ပန်းခြံတွေထဲရှိ ရောင်စုံပန်းလှလှတွေကြည့်ရှုခံစားရင်း ဖြေသိမ့်နေပါပြီ။ အဝေးကပိတောက်ကိုမမြင်ရပေမဲ့ အနီးရှိချယ်ရီကိုကြင်နာရင်း ရင်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်မှန်သမျှနဲ့ အလွမ်းဇာတ်မှန်သမျှကို တစ်ခန်းရပ်တော့မယ်---လို့---။
Saturday, April 11, 2009
ခိုးစရာ ရှားလို့
“လွမ်းရေးထက် ၀မ်းရေးခက်၏” ဆိုတဲ့စကားအတိုင်း ၀မ်းရေးအခက်အခဲတွေ့လာတဲ့အခါ “ငါ့ဝမ်းပူဆာ မနေသာမှု”ကို အကြောင်းပြုပြီး သက်ရှိသတ္တ၀ါတိုင်းဟာ ကြံရာမရ လုပ်တတ်ကြပါတယ်။ အဲဒီထဲမှာ ကျနော်တို့ လူသားတွေလဲ အပါအ၀င်ပါပဲ။ တစ်ခါတလေ လူသားတွေကတောင် ပိုဆိုးနေသေးတယ်လို့ ဆိုရမလိုဖြစ်ရတဲ့အခါမျိုးတွေလဲ ရှိတတ်ပါသေးတယ်။ အခုလို တစ်ကမ္ဘာလုံးစီးပွါးရေးကပ်ဆိုက်လို့ လူတွေ အလုပ်လက်မဲ့ဖြစ်နေကြရရှာတဲ့အခါမျိုးမှာဆို ဒီလိုအဖြစ်အပျက်မျိုးတွေဟာ မကြာခဏပေါ်ပေါက်နေမှာပါပဲ။
ချမ်းသာတဲ့နိုင်ငံတွေမှာရော ဆင်းရဲတဲ့နိုင်ငံတွေမှာပါ အလုပ်လက်မဲ့တွေရဲ့ မိမိတို့တစ်ဝမ်းတစ်ခါးကိစ္စကို ဖြေရှင်းဖို့အတွက် ကြံမိကြံရာ ကြံကြရရှာတဲ့အဖြစ်ကိုတောင် သနားစရာအဖြစ် မြင်နေကြပါပြီ။ ဒါပေမဲ့ အဲဒီလိုလုပ်တဲ့ လုပ်ရပ်အပေါ်ခွင့်လွှတ်လို့ရတဲ့ အဖြစ်အပျက်တွေ ရှိသလို အရေးယူတန် ယူရတဲ့အဖြစ်အပျက်တွေလဲ ရှိပါတယ်။ မနေ့ကပဲ လန်ဒန်မှာနေတဲ့ ကျနော့်အသိလင်မယားနှစ်ယောက်နဲ့တွေ့လို့ မိတ်ဆွေအမျိုးသမီးပြောပြချက်အရ သိလိုက်ရတာတစ်ခုက သူတို့အိမ်ကို ဖေါက်ထွင်းသူခိုးဝင်ခိုးသွားလိုက်တာ အိမ်ထဲရှိတာလေးတွေ ပြောင်ပါရောတဲ့။
ဒါဆို သက်ဆိုင်ရာကုမ္ပဏီဆီက အလျှော်ရမှာပေါ့ လို့ပြောတော့ အာမခံလုပ်မထားလို့ ဘာမှပြန်မရနိုင်တော့ဘူးတဲ့။ သွားပါလေရော့။ အင်္ဂလန်လိုချမ်းသာတဲ့နိုင်ငံမျိုးတွေမှာတောင် ဒီလို ခိုးမှုလုယက်မှုတွေဟာ ရှိနေတာပါ။ ဆင်းရဲတဲ့ နိုင်ငံတွေမှာဆိုရင်တော့ မပြောပါနဲ့တော့။ ငတ်မွတ်မှုကို အကြောင်းပြုပြီး ခိုးမှုလုယက်မှုတွေကတော့ အမြဲရှိနေဦးမှာပါပဲ။ ဒါကြောင့် ခိုးမှုလုယက်မှုတွေဟာ စာဖွဲ့လောက်အောင် အဆန်းတကျယ်ကိစ္စမျိုးတော့လဲ မဟုတ်ပါဘူး။
ဒါပေမဲ့ အချို့အချို့သော ခိုးမှုတွေကတော့ ဆန်းတယ်လို့ ဆိုနိုင်ပါတယ်။ ဆန်းတယ်ဆိုတာထက် ရယ်စရာကောင်းတယ်ဆိုရင် ပိုမှန်မယ်ထင်ပါရဲ့။ ဒါနဲ့ပတ်သက်ပြီး ဒီနေ့ AFP အင်တာနက်သတင်းတစ်ပုဒ်မှာ အကြောင်းအရာလေးတစ်ခုဖတ်လိုက်ရပါတယ်။ မလေးရှားနိုင်ငံသားတစ်ယောက် ခိုးမှုတစ်ခုနဲ့ ထောင်ဒဏ် (၂၅)ပတ်အချခံလိုက်ရတဲ့ သတင်းပါ။ သူခိုးတဲ့ပစ္စည်းကတော့ အထုပ်တွေတော့မဟုတ်ပါဘူး။ အထည်တွေပါ။
Borneo ကျွန်းသား၊ အသက် (၃၄)နှစ် အရွယ်ရှိ Zunaidi Ismail လို့ခေါ်တဲ့ အလုပ်လက်မဲ့လူတစ်ယောက်ဟာ သူနာပြုသင်တန်းတက်နေတဲ့ ကျောင်းသူလေးတွေရဲ့အတွင်းခံဘောင်းဘီ အထည် (၈၀) ကို ခိုးယူခဲ့ပါသတဲ့။ အဲဒီအတွင်းခံဘောင်းဘီအထည် (၈၀)ရဲ့တန်ဖိုးဟာ မလေးရှား Ringgit (၂၈၀) (အမေရိကန်ဒေါ်လာ ရရ ခန့်) လောက်ပဲ တန်ကျေးရှိတယ်လို့ဆိုပါတယ်။ မစ္စတာ ဇူနိုင်ဒီရဲ့ တရားရုံးမှာ ထွက်ဆိုချက်အရ သူဟာ အဲဒီဘောင်းဘီတွေကို တစ်ပတ်ရစ်ဈေးမှာ ရသလောက်နဲ့သွားရောင်းမယ် လို့သိရပါတယ်။
သူ့ရဲ့အပြုအမူဟာ ခိုးမှုဖြစ်ပေမဲ့ နောင်ပြောင်ကျီစယ်လိုတဲ့သဘောလဲ အထိုက်အလျှောက်ပါဝင်နေတဲ့အတွက် တရားရုံးက ထောင်ဒဏ် (၂၅)ပတ်တိတိ ကျခံစေဖို့ ချမှတ်လိုက်ပါတယ်။ အငတ်ဘေးဆိုက်လာတဲ့ အခုလိုခေတ်ကာလကြီးမှာ “ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်” သီချင်းထဲက “ငါ့ဝမ်းပူဆာ မနေသာလို့ ကိုက်ရတယ်” ဆိုတဲ့ စာသားတွေဟာလဲ ခေတ်ကာလကို ကိုယ်စားပြု၊ မီးမောင်းထိုးပြနေတဲ့ အတိတ်တဘောင်အဖြစ် ပြောင်းလဲလာရပါတယ်။ ဒါကြောင့် အမျိုးသမီးထုကြီးကို သတိပေးလိုတာက မိမိတို့ရဲ့ အတွင်းခံဘောင်းဘီတွေကို လုံလုံခြုံခြုံသိမ်းဆည်းထားကြပါလို့။
http://uk.news.yahoo.com/18/20090411/tod-malaysian-man-jailed-for-stealing-pa-879dccc.html
Friday, April 10, 2009
မောင်းမကန်သွား တောလား (၆)
ကျနော်တို့အဖွဲ့ မောင်းမကန်ကမ်းခြေမှာ တစ်မနက်လုံး လေညှင်းခံ၊ ရေကူး၊ အုန်းသီးနုရည်သောက်၊ နေ့လည်စာစားကြပြီးနောက် နောက်တစ်နေရာသွားဖို့ လူအတော်ပြန်စုယူရတယ်။ အားလုံးက ပင်လယ်ကဗွီးပင်အကြားတွေ၊ သီဟိုဠ်သရက်တောတွေနဲ့ ကမ်းခြေကမ်းနဖူးရှိ အုန်းလက်အခြောက်တွေမိုးထားတဲ့ သစ်သားထိုင်ခုံလေးတွေမှာ ထိုင်ရင်း လေညှင်းခံနေကြတာ။ အချို့ကမ်းစပ်အနားသွားပြီး ပုဇွန်လုံးလေးတွေနဲ့ ဆော့နေကြလို့ လှမ်းအော်ခေါ်ရသေးတယ်။ “လာကြဟေ့၊ သွားကြမယ်။ မျှော်ရစ်ကို”။
အဖေရယ်၊ အမရယ်၊ အမသမီးနှစ်ယောက်ရယ်၊ ညီမအကြီးနဲ့ သူ့ယောက်ျား၊ သူ့သား/သမီးနှစ်ယောက်။ ညီမအလတ်နဲ့ သူ့ယောက်ျား၊ သားသုံးယောက်၊ ညီမအငယ်နဲ့ သူ့ယောက်ျား၊ သားသုံးယောက်၊ နောက်ပြီး ကမ်းခြေလိုက်လာကြတဲ့ ဆွေမျိုးတွေရယ် ကျနော်တို့ သုံးယောက်ရယ် စုစုပေါင်း နှစ်ဆယ့်ငါးယောက်လောက်ရှိတဲ့ ကျနော်တို့အဖွဲ့ကြီးဟာ နှစ်ရက်စာ လည်ပတ်ဖို့ ရှစ်သောင်းခွဲနဲ့ ငှါးထားတဲ့ ကားအသစ်ကြီးပေါ် အပြေးအလွှားတက်ခဲ့ကြတယ်။ လူကြီးတွေရော၊ ကလေးတွေပါ အားလုံးရဲ့မျက်နှာတွေဟာ အပြုံးကိုယ်စီနဲ့ ပျော်ရွှင်နေခဲ့ကြတယ်။ အထူးသဖြင့် ကလေးတွေက ပိုပျော်ကြပုံရတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေအားလုံး ကျနော့်ဆီက မုန့်ဖိုးအသီးသီးရထားကြပေတာကိုး။
မျှော်ရစ်/မော်ရစ်
ကျနော်တို့ကို တင်ဆောင်လာတဲ့ အငှါးယာဉ်လေးပေါ်မှာ လူတွေအပြင် ရောက်တဲ့အရပ်မှာစားဖို့သောက်ဖို့ စားစရာတွေ၊ အုန်းသီးနုတွေနဲ့ အချိုရည်ဗူးတွေ၊ ရေသန့်ဗူးတွေကိုပါ တင်ဆောင်ခဲ့ရပါတယ်။ အခုကျနော်တို့အုပ်စု ဦးတည်သွားနေတဲ့ နေရာကတော့ မျှော်ရစ်/မော်ရစ်လို့ခေါ်တဲ့ တောင်တန်းလေးဆီပါ။ အဲဒီနေရာဟာ ကျနော်တို့မောင်းမကန်နဲ့ ခုနှစ်မိုင်အကွာမှာ တည်ရှိပါတယ်။ မောင်းမကန်ကမ်းခြေကနေ လှမ်းကြည့်ရင် ဟိုးခပ်လှမ်းလှမ်းမှာ ရေထဲက တောင်ပုပု၊ ကျွန်ငယ်လေးလို မြင်ရပါတယ်။ ကျနော်ငယ်ငယ်တုန်းက ခဏခဏသွားခဲ့ဖူးတဲ့နေရာလေးပေါ့။ သဘာဝအလှတွေရဲ့ စုရုံးတည်ရှိရာနေရာလေးတစ်ခု၊ အိုအေစစ်လေးတစ်ခုဆိုရင်လဲ မမှားပါဘူး။
မောင်းမကန်ကနေ အဲဒီနေရာဆီမရောက်ခင်လမ်းမှာ ရွာတမ်းရှည်ကြီးဖြတ်ကျော်ရပါတယ်။ ရွာအားလုံးဟာ ပင်လယ်ကမ်းနဖူးမှာ တည်ရှိတဲ့ရွာတွေမို့ များသောအားဖြင့် တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ရွာတွေချည်းပါပဲ။ မောင်းမကန်က ထွက်ထွက်ချင်း ပထမဆုံးဖြတ်ကျော်ရတဲ့ရွာကတော့ ကျောက်ဆင်ရွာလေးပါ။ အိပ်ခြေငါးရာကျော်ကျော်လောက်ရှိပြီး တံငါနဲ့ ရော်ဘာစိုက်ပျိုးခြင်းအလုပ်နှစ်မျိုးကို အဓိကလုပ်ကိုင်ကြပါတယ်။ ရွာထဲမှာ ဒူးရင်း၊ မင်းဂွတ်၊ သရက်၊ နာနတ်စတဲ့ စားပင်သောက်ပင်တွေ အမြောက်အများပေါက်ရောက်နေပေမဲ့ စီးပွါးဖြစ် စိုက်ပျိုးထားတာမျိုးမဟုတ်ပါဘူး။ ခြံထွက်သီးနှံတွေကို ကိုယ့်အိမ်မိသားစုဝင်တွေနဲ့ အိမ်နီးနားချင်းတွေကို ပေးကမ်းမျှဝေစားသောက်ပြီး ချစ်စရာတောစရိုက်လေးတွေကို ထွေးပိုက်ရင်း တောနေဘ၀ကို ကျေနပ်နေကြတဲ့ သူတွေပါ။
နောက်တစ်ရွာကတော့ ရင်ကြီးရွာလို့ခေါ်ပါတယ်။ အိမ်ခြေနှစ်ရာကျော်ကျော်လောက်နဲ့ တံငါအလုပ်ကို အဓိကထားလုပ်ကိုင်ကြပါတယ်။ အချို့လဲ လယ်ယာကိုင်းကျွန်းအလုပ်ကို မိရိုးဖလာလုပ်ကိုင်ကြတာတွေရှိပါတယ်။ အဲဒီရွာပြီးရင် သဘော့ဆိပ်ဆိုတဲ့ ရွာနဲ့ ကင်းနီဆိုတဲ့ ရွာကိုရောက်ပါတယ်။ အိမ်ခြေသုံးလေးရာပတ်ဝန်းကျင်စီရှိပြီး ထုံးစံအတိုင်း တံငါအလုပ်နဲ့ အသက်မွေးကြတာပါပဲ။ ပင်လယ်နဲ့နီးလို့ တံငါအလုပ်ကို မလွှဲသာမရှောင်သာ လုပ်ကိုင်နေကြရပေမဲ့ ဘာသာရေးဘက်မှာတော့ ဘယ်သူမှ အားမနည်းကြပါဘူး။ ဥပုသ်သတင်းတွေမှာ သက်ဆိုင်ရာရွာရှိ ဘုန်တော်းကြီးကျောင်းတွေဆီသွားပြီး ဘုရားဖူး၊ တရားနာတဲ့အလုပ်ကိုတော့ မပြတ်မလပ်လုပ်ကိုင်ကြတာ တွေ့မြင်နိုင်ပါတယ်။
အဲဒီရွာလေးတွေလွန်တာနဲ့ မျှော်ရစ်တောင်တန်းဆီဦးတည်ဖေါက်လုပ်ထားတဲ့ ကတ္တရာခင်းလမ်းပြေလေးဆီရောက်ပါတယ်။ တောင်စဉ်တောင်တန်းကြီးတွေကို ဖြတ်ကျော်မောင်းနှင်ရတဲ့အတွက် ကားပေါ်ကကြည့်ရင် ဘေးဘက်ဝဲယာမှာ စိုက်ခင်းတွေနဲ့ အလွမ်းစိတ်ကို ပိုစေတဲ့ စိမ်းညို့ညို့တောင်တန်းကြီးတွေကို တွေ့မြင်ကြပါတယ်။ တစ်ခါတစ်လေ ရော်ဘာစိုက်ခင်းကြီးတွေကိုလဲ မျက်စိတစ်ဆုံးမြင်ရပါတယ်။ စိုက်ခင်းတွေ၊ တောင်စဉ်တောင်တန်းတွေရဲ့အလွန်မှာတော့ ဘုရင်မပင်လယ်ထဲက စိမ်းကြည်နေတဲ့ ရေတွေနဲ့ လေအဝေ့မှာ ကမ်းစပ်ဆီပြေးလာနေတဲ့ ခပ်ပြေပြေရေလှိုင်းလုံးလေးတွေကို တွေ့မြင်ကြရပါပြီ။ နေ့လည်စာစားပြီးမို့ ငိုက်မြည်းချင်ချင်ဖြစ်နေတဲ့ မျက်လုံးအစုံဟာ ဘုရင်မပင်လယ်ရဲ့ အားကောင်းလှတဲ့ဆွဲဆောင်မှုကြောင့် ပြူးကျယ်လာပါတော့တယ်။
ပင်လယ်ကမ်းရိုးတမ်းတောက်လျှောက် ဆယ်မိနစ်ခန့် မောင်းနှင်အပြီးမှာတော့ မျှော်ရစ်တောင်ပေါ်သို့ စတင်တက်တဲ့ ကားလမ်းဆီရောက်ပါတော့တယ်။ ရွာစဉ်ရွာတမ်းနဲ့ ခပ်လှမ်းလှမ်းနေရာမို့ လူသူတွေ သိပ်များများမရှိပေမဲ့ ကျနော်တို့လို အလည်လာတဲ့ ရွှေဧည့်သည်အနည်းငယ်ကိုလဲ တွေ့ခဲ့ပါသေးတယ်။ မျှော်ရစ်တောင်စောင်းအတိုင်းဖေါက်လုပ်ထားတဲ့ ကားလမ်းအဆုံးမှာတော့ ကျနော်အရောက်ချင်ဆုံးဖြစ်တဲ့ မျှော်ရစ်တံတားလေးကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့မြင်ရပါပြီ။ အဲဒီတံတားလေးဟာ မျှော်ရစ်လို့ခေါ် ဒီဘက်ကတောင်နဲ့ မော်ရစ်လို့ခေါ်တဲ့ ဟိုဘက်ကတောင်ကို ပေါင်းကူးဖို့ဆောက်ထားတဲ့ တံတားလေးပါ။
ပင်လယ်ရေတက်လာတဲ့အခါ တောင်နှစ်တောင်အကြားရေတွေဝင်လာပြီး ဟိုဘက်မော်ရစ်တောင်ဘက်ကို မသွားနိုင်ကြတော့လို့ မောင်းမကန်ရွာက ကံယုံဆရာတော်ဘုရားကြီးဦးဆောင်ပြီးတော့ မျှော်ရစ်တံတားလေးကို တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရေတက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ၊ ဘယ်သူမဆို တောင်နှစ်တောင်အကြား အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ကြပါပြီ။ ဒီအတွက် ဆရာတော်ဘုရားကြီးနှင့်တကွ ကောင်းမှုရှင်အားလုံးကို ၀မ်းမြောက်နုမော် သာဓုခေါ်ရပါတယ်။
ကျနော်တို့အားလုံး ကားပေါ်က ဆင်းပြီး မျှော်ရစ်တံတားလေးကို ဖြတ်ကျော်ရင်း ဓာတ်ပုံတွေလဲ တဖြတ်ဖြတ်ရိုက်ခဲ့ကြပါတယ်။ ကားပေါ်က အဆင်းမှာတော့ ကားပေါ်ပါလာတဲ့ စားစရာသောက်စရာတွေကို ကိုယ်စီကိုယ်စီ တစ်နိုင်စီသည်ယူရင်း ဟိုဘက်မော်ရစ်တောင်တော်ရှိရာသို့ ချီတက်ခဲ့ကြပါတော့တယ်။ မျှော်ရစ်တံတားပေါ်ဖြတ်ကူးရင်း ရေအတက်နဲ့ အတူလိုက်ပါလာတဲ့ ဘုရင်မပင်လယ်ထဲက လေကောင်းလေသန့်ကို ရှုရှိုက်ခွင့်ရတုန်း ကျနော်တ၀ကြီး ရှူလိုက်ပါတယ်။ ကျနော့်သူငယ်ချင်းတွေလဲ ဒီလောက်သန့်ရှင်းတဲ့လေမျိုး မြို့ရွာဒေသတွေမှာ ဘယ်နည်းနဲ့မှမရနိုင်တာ သိလိုထင်ပါရဲ့၊ အားရပါးရ ရှိုက်ရှိုက်ငင်ငင် ရှူနေတာတွေ့ရတယ်။
ရောက်ပါပြီ၊ မော်ရစ်တောင်တော်။ ကျနော် မောင်းမကန်ပြန်ဖြစ်တဲ့အခါတိုင်း မရောက်မဖြစ်ရောက်တဲ့နေရာ။ မသွားမဖြစ်သွားတဲ့နေရာ။ ကမ္ဘာပေါ်ရှိ နေရာများစွာအနက် ကျနော့်စိတ်ကို ဆွဲဆောင်နိုင်ဆုံးသောနေရာ။ အလွမ်းဓာတ်ခံမရှိတဲ့သူတွေကိုတောင် အလွမ်းသင့်စေတဲ့နေရာ။ ဒီနေရာလေးကို ကျနော်အခြေချမိပြန်ချေပြီကော။ မော်ရစ်တောင်ချေရောက်တော့ စီးလာတဲ့ဖိနပ်တွေကိုချွတ်ပြီး တောင်ပေါ်ရှိ ဘုရားမြတ်ကို တက်ရောက်ဖူးမျှော်ကြည်ညိုရင်း ကျနော်တို့ သူငယ်ချင်းသုံးယောက်သား ပိုက်ဆံစုပြီး ဘုရားမှာအလှူဒါနပြုခဲ့ကြပါသေးတယ်။ ဝေဒနာတွေကို အလွမ်းဖွဲ့ရမည့်နေရာမှာ အသပြာတွေကို ဆွမ်းအတွက် လှူဒါန်းခဲ့ကြတယ်ဆိုပါတော့။
ဘုရားပေါ်က အဆင်းမှာတော့ ကျောက်ဆောင်ကျောက်သား၊ ကျောက်ပြဿာဒ်တွေရှိရာ အနောက်ဘက်ဆီ ဦးတည်ဆင်းခဲ့ကြပါတယ်။ ဘုရင်မပင်လယ်ရဲ့ စိမ်းပြာပြာရေပြင်ကြီးကိုငေးရင်း သန့်ရှင်းလတ်ဆတ်တဲ့ သဘာဝလေတွေကို အားပါးတရရှူရှိုက်ခဲ့ကြပါတယ်။ ဓာတ်ပုံရိုက်တဲ့သူကရိုက်၊ သီချင်းဆိုတဲ့သူကဆိုနဲ့ “ငါတို့ဟာ ဒုက္ခဘုံထဲက ဒုက္ခသားကောင်လေးတွေမျှသာပါလား” ဆိုတဲ့ အသိကို ယာယီမေ့ဖျောက်နိုင်ခဲ့ကြပါတယ်။ တောင်တော်ရဲ့ အနောက်ဘက်ရှိ အခက်အရွက်တွေ အုံ့ဆိုင်းနေတဲ့ သပြေပင်မတွေအောက်မှာ နေရာယူရင်း မလှမ်းမကမ်းက ကျောက်ဆောင်မြင့်မြင့်ပေါ်မှာ တည်ထားတဲ့ ကိုးတောင်ပြည့်စေတီလေးရယ်၊ အနားက အာရုံခံတန်ဆောင်းငယ်လေးရယ်နဲ့ အထီးကျန်စွာ တစ်ပင်တည်းပေါက်ရောက်နေတဲ့ အုန်းပင်လေးရယ်ဆီ မျက်စိရောက်သွားခဲ့ပါတော့တယ်။
မိုးမြင့်မြင့်
တိုးဆင့်လို့ဝင့်ထယ်
ရွှေအုန်းညို တစ်ပင်ရယ်နဲ့
အာရုံခံ ငွေတန်ဆောင်းမှာ
တူနှစ်ကိုယ်ကြင်မယ် ဆုချွေလို့
ခုနေကွဲ့ ရည်မျှော်။
ရွှေပြောင်ပြောင်
နေရောင်ကြောင့် ၀ါဝင်း
အဆင်းရူပကာနဲ့
စေတီငယ် လွန်စွာတင့်တယ်
ရေဇလာ ပင်လယ်ကျွန်းမှာ
နတ်ဖန်လို့ ဆင်း။
ကျနော့်စိတ်ထဲမှာ ကဗျာမပီ၊ စာမပီလေးတစ်ပုဒ် ရုတ်တရက်ပေါ်လာပြီး နှုတ်ဖျားက တီးတိုးရေရွတ်လိုက်မိတယ်။ ငြိမ်းချမ်းမှုတွေနဲ့အတူ သဘာဝပန်းချီကားကြီးတစ်ချပ်ထဲမှာ ကျနော်ကိုယ်တိုင် ဇာတ်ကောင်တစ်ကောင်အဖြစ် ၀င်ရောက်သရုပ်ဆောင်နေရတယ်လို့ ခံစားမိလိုက်သောအခါ အတိတ်ကိုလွမ်းတဲ့စိတ်ဟာ နှလုံးသားထဲက သွေးစက်တွေကို မျက်ရည်အဖြစ်မပြောင်းလဲပစ်ခင်မှာပဲ “ကိုမင်းထက်--ဟိုဘက်ကျောက်ဆောင်သွားရအောင်ဗျာ”။ နောက်ကနေလှမ်းအော်လိုက်တဲ့ သူငယ်ချင်းဒေါက်တာကိုသစ်နိုင်အသံကြောင့် အစီအရီဝင်လာတဲ့တွေးစလေးတွေ ပြတ်တောက်သွားခဲ့ရပါတော့တယ်။
မောင်းမကန်သွား တောလား (၅)
“၀ါး---- အိပ်လို့ကောင်းလိုက်တာ ကိုသစ်နိုင်ရာ---” မနက်မိုးလင်းလို့ အိပ်ယာထဲ ပျင်းကြောဆန့် သန်းဝေရင်း ဘေးနားအိပ်နေတဲ့ ကျနော့်သူငယ်ချင်းကို လှမ်းပြောလိုက်တယ်။
“အေးဗျာ၊ မနေ့ညက ထမင်းစားပြီးတော့ ဘယ်လိုက ဘယ်လို အိပ်ပျော်သွားမှန်းတောင်မသိလိုက်ဘူး။ တော်တော့ကို အိပ်လို့ကောင်းတာဗျို့”။ ကိုသစ်နိုင်ရဲ့တုန့်ပြန်မှုလေးပါ။
“ရေပူချိုးပြီး အိပ်လို့နဲ့တူတယ်ဗျာ့၊ အကြောအခြဉ်တွေပြေပြီးတော့ကို အိပ်ကောင်းတာ” အမေရိကားက ပူပူနွေးနွေးပြန်ရောက်ခါစ သူငယ်ချင်း ကိုတင့်လွင်ကပါ ၀င်ထောက်ခံလိုက်တယ်။
“မနက်စာစားဖို့ အဆင်သင့်ဖြစ်ပြီနော်၊ ထကြတော့။ ပြီးရင် ကမ်းခြေသွားကြမှာ။ အဲဒီကျမှ အေးအေးဆေးဆေး အနားယူကြ၊ ထထ။ မျက်နှာသွားသစ်ကြ၊ မနက်စာစားကြရအောင်”---ကျနော့်အမကြီးက ထမင်းစားခန်းထဲကနေ လှမ်းပြီးနှိုးဆော်ရှာတယ်။ ကျနော့်အမေဆုံးသွားပြီးကတည်းက ကျနော်လဲ ကျနော့်အမကြီးကိုပဲ အမလိုတစ်မျိုး၊ အမေလိုတစ်ဖုံ အချစ်တွေပိုခဲ့ရတာပါ။ ပူဆာစရာရှိလဲ သူ့ပဲ ကျနော်ပူဆာရတာလေ။
ကျနော်တို့အားလုံးမျက်နှာထသစ်၊ မနက်စာစားကြပြီးနောက် အသင့်စောင့်နေတဲ့ကားနဲ့ မောင်းမကန်ကမ်းခြေရှိရာသို့ ဦးတည်ထွက်ခွါခဲ့ကြပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမို့ မြင်ကွင်းတွေဟာ ကျနော့်အတွက် အဆန်းမဟုတ်တော့ပေမဲ့ လမ်းဘေးဝဲယာတောတန်းတွေကို တရိပ်ရိပ်ဖြတ်မောင်းနေတဲ့ ကားပေါ်ထိုင်လာရတဲ့ အရသာကလဲ တစ်မျိုးတော့ ထူးခြားလှပါတယ်။ ကျနော်ဟာ တောရိပ်တောင်ရိပ်ကို နှစ်သက်တဲ့လူတစ်ယောက်တော့ ဖြစ်ဟန်တူပါရဲ့။ ကိုယ့်ကိုယ်ကို တွေးကြည့်တာပါ။ သစ်ပင်၊ တောတောင်တွေဟာ ကျနော့်အတွက် ဘယ်သောအခါမှ ရိုးအီမသွားကြတဲ့ မြင်ကွင်းတွေချည်းပါပဲ။ အထူးသဖြင့် အင်္ဂလန်နိုင်ငံလို သစ်ပင်မရှိတဲ့ နိုင်ငံမှာ ကြာကြာသွားနေရာက အပြန်မို့လားတော့ မသိ။ သစ်ပင်၊ တောတောင်တွေမြင်ရတိုင်း ရင်ထဲမှာ ထူးခြားတဲ့ အေးမြမှုတစ်မျိုးမျိုးကို ခံစားလိုက်ရတယ်လို့ ကျနော် ကိုယ့်ကိုယ်ကို သတိထားမိခဲ့တယ်။
မောင်းမကန်ကမ်းခြေ
ရောက်ပါပြီ၊ မောင်းမကန်ကမ်းခြေဆီ။ ကျနော့်ရင်ထဲက ရွာရှိအရောက်ချင်ဆုံးနေရာသုံးခုအနက် ဒုတိယနေရာလေးပါ။ ပထမနေရာကတော့ ရေပူစမ်းပေါ့။ ရောက်ခဲ့ပါပြီလေ။ အခု ဒုတိယနေရာဖြစ်တဲ့ ကမ်းခြေဆီရောက်ခဲ့ပါပြီ။ ပင်လယ်ထဲလှိုင်းလုံးလေးတွေနဲ့အတူ ကမ်းစပ်မှာ ခိုနားလာတဲ့ လေပြေလေညင်းလေးကို အားပါးတရ ရှုရှိုက်လိုက်မိတယ်။ ရုံးပိတ်ရက်ဖြစ်တဲ့ စနေ/တနင်္ဂနွေနေ့တွေ မဟုတ်လို့ ကမ်းခြေမှာ လူရှင်းနေပါတယ်။ ကျနော် ဒီမြင်ကွင်းမျိုးကို ပိုမိုနှစ်သက်မိတယ်။ လူရှုပ်တဲ့နေ့တွေမှာဆို လူရှောင်နေရတာနဲ့တင် ကိုယ့်အာရုံပျက်လှတယ်။ ကျနော်က ကမ်းနဖူးမှာ အေးအေးဆေးဆေးထိုင်ပြီး ကမ်းစပ်ဆီလှိမ့်ဝင်လာတဲ့ လှိုင်းခေါင်းဖြူဖြူလေးတွေကို ငေးချင်တာကိုး။
ကျနော်တို့မောင်းမကန်ကမ်းခြေဟာ မြန်မာနိုင်ငံရှိကမ်းခြေတွေထဲမှာတော့
(၁) ကမ်းရိုးတမ်းရှည်လျားမှု၊
(၂) သဲသောင်ယံပြေပျစ်မှု၊
(၃) ရေကူးသူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ကျောက်ဆောင်ကျောက်သားတွေ ကင်းမဲ့မှု၊
(၄) ပင်လယ်ရေကြည်လင်မှု၊
(၅) ပတ်ဝန်းကျင်ရှုကွင်းရှုကွက် သာယာမှု စတဲ့ ဂုဏ်တွေနဲ့ ပြည့်စုံလို့ အကောင်းဆုံးပဲ လို့ ကျနော်ဆိုချင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ခိုနားရာ နေရာတစ်ခုအဖြစ် မသတ်မှတ်ခံရသေးတဲ့အတွက် အနေစုတ်တဲ့ ရွှေထုတ်ကြီးတစ်ခုဖြစ်နေရရှာပါသေးတယ်။
ကျနော့်အတွက်တော့ ဒါကိုပဲ သဘောကျပါတယ်။ ဒါမှ သဘာဝအလှအပတွေ မပျက်စီးပဲ ပိုနေမြဲကျားနေမြဲဖြစ်နေမှာ။ တကယ့်သဘာဝကမ်းခြေစစ်စစ်ကို သဘာဝအတိုင်း ရှုစားလိုသူတွေဟာ ကျနော်တို့မောင်းမကန်ကမ်းခြေကလွဲပြီး အခြားနေရာရွေးမိရင် အရွေးမှားသွားလိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။ အမေရိကားက ပူပူနွေးနွေးရောက်ခါစဖြစ်တဲ့ ကျနော့်သူငယ်ချင်း ကိုတင့်လွင်ကတော့
“ကိုယ့်လူတို့ကမ်းခြေကလဲ အမှိုက်တွေချည်းပဲ။ အမေရိကန်နိုင်ငံမှာရှိတဲ့ ဖလော်ရီဒါကမ်းခြေဆို အရမ်းသန့်ရှင်းတာ။ ဘာအမှိုက်မှ မရှိဘူး။ ဇယ်တွေလဲ ပေါသလားမမေးနဲ့”တဲ့။ အော်--ခက်ရချည့်။ အဲဒါက အမေရိကန်လေ။ တူမှမတူပဲကိုး သူငယ်ချင်းရဲ့။
တကယ်လို့ ဟောဒီမောင်းမကန်ကမ်းခြေဟာ အမေရိကန်နိုင်ငံမပြောနဲ့ စင်ကာပူနိုင်ငံလို နိုင်ငံပေါက်စလေး လက်ထဲမှာရှိရင်ကိုပဲ ကမ္ဘာပေါ်ရှိ မြောက်များလှတဲ့ပင်လယ်ကမ်းခြေတွေထဲမှာ အလှအပဆုံးဖြစ်မယ် ဆိုတာ ကိုယ်ပြောရဲတယ်။ အခုတော့သူငယ်ချင်း၊ ဟောဒီမောင်းမကန်ကမ်းခြေမပြောနဲ့။ မြန်မာနိုင်ငံရဲ့ ဟိုးထိပ်ကနေ အောက်အထိ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးကို ကိုယ်တို့နိုင်ငံက အစိုးရဆိုတဲ့လူတွေ ဘာလုပ်နိုင်လဲ။ ဘယ်လိုအသုံးချနိုင်ကြလဲ။ တံငါသည်တွေ ငါးမျှားဖို့နဲ့ ကျွန်းသစ်တွေမျှောဖို့လောက်ပဲ အသုံးချတတ်ကြတာ။ တော်ပါပြီ၊ ဒီအကြောင်းတွေ ကျနော်သိပ်မပြောချင်ပါ။ ကျနော့်စာတွေ အရသာပျက်ကုန်ပါလိမ့်မယ်။
ကျနော့်အမနဲ့ ညီမလေးသုံးယောက်လဲ သူတို့သားသမီးတွေနဲ့အတူ အကုန်လုံးတစ်ယောက်မကျန် ကမ်းခြေဆင်းလိုက်လာကြတယ်။ ကမ်းခြေမှာ ဆွေတော်ရှစ်သောင်း၊ မျိုးတော်အပေါင်းနဲ့ ကျနော်မျိုး မင်းထက် ပွဲတော်တည်--အဲ--အဲ--ယောင်လို့၊ နေ့လည်စာ အားရပါးရ စားကြသောက်ကြပါတယ်ဗျား။ ပင်လယ်ကဗွီးပင်တွေကြားက ဖြတ်တိုက်လာတဲ့ ပင်လယ်လေ တရွှီးရွှီးမြည်သံကို နားထောင်ရင်း ကမ်းခြေမှာ ထမင်းစားရတဲ့ အရသာကတော့ အကောင်းတကာ့ အကောင်းဆုံးလို့တောင် ဆိုနိုင်တယ်။ တကယ်ပါ။
မီးကင်ပြီး တစ်လက်မသာသာ အတုံးလေးတွေလုပ်ထားတဲ့ ကျောက်ပုဇွန်တစ်တုံးလောက် တူနဲ့ညှပ်ပြီး အချဉ်စပ်နဲ့တို့၊ ပါးစပ်ထဲ မထည့်ခင် လှိုင်းခေါင်းဖြူလေးတွေဆီ မျက်စိတစ်ချက်ဝေ့ပြီး ညှင်းသော့သော့တိုက်ခတ်လာတဲ့ လေပြေလေးကို အရင်ရှုသွင်းလိုက်ပြီးမှ ပါးစပ်ထဲထည့်။ (ပြောရင်းတောင် သွားရေကျလာပြီ)။ ချက်ချင်းမ၀ါးသေးပဲ လျှာအလယ်တည့်တည့်မှာ ခဏထား။ ကျောက်ပုဇွန်အရသာကြောင့် စိမ့်ထွက်လာတဲ့ သွားရေလေးတွေ ပါးစပ်ထဲရောက်တဲ့အခါကျမှ အထက်အောက်သွားနှစ်ဘက်အကြားထားပြီး တဖြေးဖြေးချင်းဝါး။ တစ်ချက်ချင်းဝါး။ ပြီးမှ ပင်လယ်ခူသားနဲ့ရောချက်ထားတဲ့ ယိုးဒယားစပ်ချိုချဉ် ဟင်းတစ်ဇွန်းလောက် ရှူးကနဲ့မည်အောင် သောက်လိုက်။ အား ပါးပါး သိပ်ကောင်းတဲ့ အရသာပေါ့ဗျာ။ မယုံရင် ကျနော်ပြောသလို စားကြည့်။ စားပုံစားနည်းမှန်ရင် စားစရာတွေဟာ အရသာပိုထွက်တယ် ဆိုတဲ့ သီဝရီကို လက်ခံလာလိမ့်မယ်။
မောင်းမကန်သွား တောလား (၄)
ကျနော်တို့သူငယ်ချင်းသုံးယောက်သား စကားတပြောပြောနဲ့ မောင်းမကန်ရွာရဲ့ မြောက်ဘက်စူးစူးရှိ Hot Spring သို့မဟုတ် Thermal Spring ခေါ် ရေပူစမ်းရှိရာသို့ ဦးတည်လျှောက်လာခဲ့ကြတယ်။ ကျနော်တို့ အိမ်ကထွက်လာတဲ့ အချိန်ဟာ ညနေ ငါးနာရီကျော်ကျော်လောက်ရှိပါပြီ။ ရွာထဲကနေ ရေပူတွင်းတွေရှိတဲ့ဆီ တစ်မိုင်သာသာလောက် လမ်းလျှောက်ရပါတယ်။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေနဲ့လဲ သွားလာကြပါတယ်။ လမ်းမှာရေပူချိုးပြီးပြန်လာကြတဲ့ စုံတွဲတွေလဲ အတော်များများတွေ့ရပါတယ်။ ကျနော်တို့ကတော့ လမ်းတောက်လျှောက် စိမ်းလမ်းစိုပြေစွာပေါက်ရောက်နေတဲ့ သစ်ပင်ကြီးငယ်တွေကို မျက်စိအရသာခံရင်း လမ်းလျှောက်သွားခဲ့ကြပါတယ်။
ကျနော်တို့ရွာနဲ့ ရေပူစမ်းရှိရာသို့ သွားရာလမ်းမှာ ရွာသူရွာသားတွေရဲ့အကျိုးစီးပွါးကို တစ်စုံတစ်ရာဆောင်ရွက်တယ်လို့ ကျနော့်တစ်သက် တစ်ခါမှ မကြားခဲ့ရဖူးတဲ့ ရဲစခန်းတစ်ခုလဲရှိပါတယ်။ သူတို့အကြောင်းကိုတော့ ကျနော်ရေးနေတဲ့ တောလားလေး အရသာပျက်သွားမှာစိုးလို့ အလျှင်းသင့်ပေမဲ့ မရေးပါရစေနဲ့တော့။ ရေပူတွင်းတွေက အဲဒီရဲစခန်းအလွန် လမ်းကွေ့ရောက်တာနဲ့ နောက်ဘက်တစ်ဖာလုံလောက် ချိုးလိုက်ရင် ရောက်ပါပြီ။ အဲဒီရေပူတွင်းရှိရာသို့ ဦးမတည်ဘဲ ရှေ့ဆက်သွားမယ်ဆိုရင်တော့ တနင်္သာရီကမ်းရိုးတမ်း တံငါရွာလေးတွေဖြစ်တဲ့ ပန်းတင်အင်း၊ နဖူးလည် စတဲ့ရွာတွေဆီရောက်သွားမှာဖြစ်ပါတယ်။
ရေပူစမ်း
ဒီနေရာမှာ ကျနော်ရေပူစမ်းနဲ့ပတ်သက်ပြီး ဗဟုဿုတအဖြစ် အနည်းမျှ တင်ပြချင်ပါတယ်။ Hot Spring လို့အင်္ဂလိပ်လိုခေါ်တဲ့ ရေပူစမ်းဟာ ကျနော်တို့နေတဲ့ ဟောဒီကမ္ဘာမြေပြင် နေရာအနှံ့မှာ ရှိနေတယ်လို့ ဆိုပါတယ်။ ရေပူစမ်းရှိတဲ့နိုင်ငံတွေအတော်များများ စာရင်းပြုစုထားတာတွေ့နိုင်ပါတယ်။ အဲဒီထဲမှာ ကျနော်တို့နိုင်ငံတောင် ပါတာမတွေ့ရပါဘူး။ တကယ်တော့ ကျနော်တို့နိုင်ငံဟာလဲ ရေပူစမ်းထွက်ရာနိုင်ငံကြီးတစ်ခုပါ။ ကျနော်တို့ရွာမှာတင်မကပါဘူး။ ရခိုင်ပြည်နယ်တို့ဘက်မှာလဲ ရေပူစမ်းတွေရှိတယ်လို့ သိရပါတယ်။
ရေပူစမ်းနဲ့ပတ်သက်ပြီး ဘုရားစာပေတွေထဲမှာ ဖတ်ရဖူးတာလေး ကြုံတုန်းပြောပြချင်ပါတယ်။ ပါဠိစာပေထဲမှာ တပေါဒ (တပ=ပူသော+ ဥဒ=ရေ) လို့ခေါ်တဲ့ မြစ်တစ်စင်းရှိပါတယ်။ အဲဒီမြစ်ရဲ့ စတင်စီးဆင်းရာနေရာဟာ အလွန်အင်မတန်အေးမြကြည်လင်တဲ့ရေအိုင်ကြီးတစ်ခု လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီမြစ်ထဲက လျှံထွက်စီးဆင်းတဲ့ရေတွေဟာ လောဟကုမ္ဘီလို့ခေါ်တဲ့ ငရဲကိုဖြတ်ပြီး စီးဆင်းသွားပါသတဲ့။ အဲဒီငရဲကြီးကမှ တစ်ဆင့် ကျနော်တို့လူ့ပြည်ရောက်လာတယ်လို့ စာပေတွေက ဆိုပါတယ်။ ဒါကြောင့် အဲဒီမြစ်ရေတွေဟာ အလွန်ပူတယ်လို့ သိရပါတယ်။ တပေါဒလို့ခေါ်တဲ့ ရေပူစမ်းချောင်းကြီးဟာ ယနေ့အထိ အင်ဒိယနိုင်ငံမှာ ရှိနေတုန်းပါ။ ဒီစာပေအရဆိုရင် ရေပူစမ်းတွေဟာ ငရဲနဲ့နီးတဲ့နေရာတွေက ထွက်လာတယ်လို့တောင် မှတ်ယူနိုင်ပါတယ်။ ဒါကတော့ စာပေမှာလာတာကို ပြောပြတာပါ။
ယနေ့သိပံ္ပပညာရှင်တွေနဲ့ ဘူမိဘေဒပညာရှင်တွေကတော့ ရေပူစမ်းတွေထွက်ရခြင်းရဲ့အကြောင်းကို အောက်ပါအတိုင်း နှစ်မျိုးနှစ်စားတင်ပြကြပါတယ်။
(၁) ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်းမှာတည်ရှိတဲ့ ကျောက်တုံးကျောက်သားတွေဟာ မဟာပထ၀ီမြေကြီးရဲ့ အလွန်လေးလံတဲ့ဖိအားကြောင့် အလွန်ပူပြင်းပြီး အဲဒီကျောက်သားတွေကို ဖြတ်ကျော် စီးဆင်းလာတဲ့ ရေတွေဟာ ရေပူအဖြစ် ကမ္ဘာ့မြေမျက်နှာပြင်ဆီ စိမ့်ထွက်လာတယ်လို့ဆိုပါတယ်။
(၂) နောက်တစ်မျိုးကတော့ အမေရိကန်နိုင်ငံ၊ Yellowstone National Park ထဲမှာ ရှိတဲ့ ရေပူးစမ်းတို့လို့ (Active Volcanic Zones) မီးတောင်ရှင်တွေတည်ရှိရာဒေသတွေမှာလဲ ရေပူစမ်းတွေထွက်တတ်တယ်လို့ ဆိုပါတယ်။ Magma လို့ခေါ်တဲ့ ချော်ကျောက်တွေအနားက ဖြတ်သန်းစီးဆင်းလာတဲ့ရေတွေဟာ ပူပြင်းလွန်းတဲ့ ချော်ကျောက်တွေရဲ့အရှိန်ကြောင့် အလွန်ပူတဲ့ရေအဖြစ်ပြောင်းလဲပြီး မြေမျက်နှာပြင်အပေါ် စိမ့်ထွက်လာတတ်ပါတယ်။
ဒီလိုနည်းနဲ့ ရေပူတွင်းတွေနဲ့ ရေပူစမ်းချောင်းတွေဟာ ကမ္ဘာမြေပြင်နေရာအနှံ့မှာ ဖြစ်တည်လာကြပါတယ်။ တခြားနေရာကရေပူစမ်းတွေရှိ ရေရဲ့အရသာဟာ ဘယ်လိုအရသာရှိတယ် မသိရပေမဲ့ ကျနော်တို့မောင်းမကန်ရွာရှိရေပူစမ်းထွက် ရေကတော့ ပင်လယ်ရေလို ငံပါတယ်။ ပင်လယ်နဲ့နီးတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲဒီရေပူတွေဟာ အငံဓာတ်နဲ့ သံဓာတ်အမြောက်အများပါဝင်တဲ့အတွက်ကြောင့် ၀ဲနာ၊ ယားနာပေါက်သူတွေအတွက် အလွန်သင့်တော်တဲ့ ဆေးကောင်းဝါးကောင်းတစ်လက်ဖြစ်ပါတယ်။ အဲဒါတော့ ကျနော်တို့ မောင်းမကန်ရွာသူရွာသားတွေရဲ့ ကိုယ်တွေ့ပါပဲ။ ကျနော်တို့ငယ်ငယ်ကဆို ရွာမှာ ၀ဲနာ၊ ယားနာပေါက်လို့ကတော့ ဘာဆေးမှ လိမ်းမနေကြတော့ဘူး။ ရေပူတွင်းသွားပြီး သုံးလေးရက်ဆက်ချိုးလိုက်တာနဲ့ အလိုလိုချောက်ပြီး ပျောက်သွားတော့တာပါပဲ။
နောက်ပြီး သာမန်လေဖြတ်ခံထားရတဲ့ လူတွေဟာလဲ ရေပူစမ်းရေကို တစ်နေ့ မိနစ်သုံးလေးဆယ်လောက် စိမ်ချိုးချိုးရုံနဲ့ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ကျနော့်အကိုကြီးတစ်ယောက်ပြောစကားအရ လေဖြတ်ခံထားရတဲ့ အဘိုးကြီးတစ်ယောက်ဟာ အဲဒီရေပူစမ်းရေကို နေ့တိုင်းသောက်ရင်းနဲ့ တဖြေးဖြေးပြန်လည်သက်သာသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် ရေပူစမ်းကထွက်တဲ့ရေတွေဟာ နတ်ဆေးတစ်မျိုးလို့တောင် ဆိုနိုင်ပါတယ်။ အဲဒီနတ်ဆေးမျိုးကို ကျနော်တို့ မောင်းမကန်ရွာသားတွေ ပိုင်ဆိုင်ထားကြကြောင်းပါ။ ၀ဲပဲပေါက်ပေါက်၊ ယားနာပဲဖြစ်ဖြစ်၊ လေပဲဖြတ်ဖြတ်၊ မောင်းမကန်သွားပြီး ရေပူချိုးဖို့ တိုက်တွန်းပါရစေ။
ကျနော်တို့ သူငယ်ချင်းသုံးယောက် ရေပူစမ်းရောက်တဲ့အခါကျတော့ ရေပူတွင်းတွေကို ခြံခတ်ထားတာတွေ့ရပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကတော့ အခုလို ခြံခတ်မထားပါဘူး။ ဘယ်သူမဆို အချိန်မရွေး သွားရောက်ချိုးနိုင်ပါတယ်။ အခုတော့ ထားဝယ်မြို့ပေါ်က အကွက်မြင်တဲ့ စီးပွါးရေးသမားတွေလက်ထဲ ရောက်သွားပြီထင်ပါရဲ့။ အဲဒီ ရေပူတွင်းတွေအနားမှာ စားသောက်ဆိုင်တွေလဲ ဖွင့်ထားတာတွေ့ရပါတယ်။ နောက်ပြီး ၀င်စိမ်ချိုးလို့ရအောင် ရေချိုးအခန်းလေးတွေလဲ ဖွဲ့ပေးထားတယ်။ အပြင်မှာ ချိုးရင် (၁၀၀)ကျပ်၊ ရေချိုးခန်းထဲမှာ ၀င်စိမ်ချိုးရင် (၃၀၀) ကျပ်ယူတယ်လို့ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် တန်ပါတယ်။ လာလုပ်တဲ့လူတွေကိုပဲ ကျေးဇူးတင်ရမှာပါ။ ကျနော်တို့သူငယ်ချင်းသုံးယောက်လဲ တစ်ယောက်တစ်ခန်းစီယူပြီး ၀င်စိမ်လိုက်ကြပါတယ်။ အား--ပါး---ပါ---အရသာရှိလိုက်ပါဘိဗျာ။
နာရီဝက်ကျော်ကျော်လောက် ၀င်စိမ်ကြပြီး ပြန်ထွက်လာတဲ့အခါကျတော့ ကျနော်တို့သုံးယောက်လုံး ခြေထောက်နဲ့ မြေကြီးထိတယ်မထင်ရလောက်အောင်ကို သွက်လက်ပေါ့ပါးသွားတယ်လို့ ခံစားလိုက်ကြရတယ်။ တကယ့်ကို ပေါ့ပါးသွက်လက်သွားတာပါ။ ရေပူနဲ့ တ၀ကြီးစိမ်ကြပြီး အနီးနားက ဆိုင်မှာ စကားတပြောပြောနဲ့ အအေးတစ်ခွက်စီဝင်သောက်ခဲ့ကြပါသေးတယ်။ ရေပူစိမ်ပြီးပြီးချင်း အအေးသောက်ရတဲ့ အရသာကလဲ ဘာနဲ့နှိုင်းပြောလို့ ပြောရမှန်းမသိတဲ့အတွက် မပြောတော့ပါဘူး။ အလွန်ကောင်းတယ်ဗျာ--လို့ပဲ ဆိုပါရစေတော့။ သာမန်အချိန်မှာ အအေးသောက်လေ့မရှိတဲ့ ကျနော်ဟာ အဲဒီအချိန်သောက်လိုက်ရတဲ့ အအေးတစ်ခွက်ရဲ့အရသာကို အခုထိ သတိတရရှိနေဆဲပါပဲ။ ဒါမျိုးကလဲ ကြုံကြိုက်ဦးမှကိုးဗျာ့။