Friday, May 29, 2009

အလိုအပ်ဆုံးသော အရာ


It is justice, not charity, that is wanting in the world.

Mary Shelley (1797-1851)

ကမ္ဘာပေါ်မှာ လိုအပ်နေတဲ့အရာကတော့ တရားမျှတမှုပဲ၊ အလှူအတန်းမဟုတ်ဘူး။

(မေရီရှဲလ်လေး)


မှန်သည်။ တရားမျှတမှုသည် ကမ္ဘာပေါ်မှာလိုအပ်နေသောအရာဖြစ်သည်။ ထို့ထက်ပိုမိုပြောရပါမူ အလိုအပ်ဆုံးသော အရာဖြစ်သည်။ တရားမျှတမှုမရှိသောကြောင့် လူတန်းစားမညီမျှမှုတွေ၊ ချမ်းသာဆင်းရဲကွာဟမှုတွေ၊ နိုင်ရာစားအကျင့်စရိုက်တွေ သိသိသာသာဖြစ်နေရသည်။ တရားမျှတမှုရှိသောတိုင်းပြည်နှင့် တရားမျှတမှုမရှိသောတိုင်းပြည်နှစ်ပြည်ကို နှိုင်းယှဉ်ကြည့်ပါက ယင်းသဘောတရားကို သိသာထင်ရှားစွာမြင်တွေ့နိုင်သည်။ သိနိုင်သည်။ ထို့ကြောင့် တရားမျှတမှုသည် အလိုအပ်နေသောအရာများအနက် အလိုအပ်ဆုံးသော အရာဖြစ်သည်။

သို့ဆိုသော် ယင်းတရားမျှတမှုဟူသည် အဘယ်က လာသနည်း? တရားရုံးက လာသလော? ဥပဒေစာအုပ်တွေထဲ လာသလော? ထိုမေးခွန်းများအတွက် ကျနော့်အဖြေကား-----

“တရားမျှတမှုဟူသည် တရားရုံးကလည်းမလာပါ၊ ဥပဒေစာအုပ်ပုံတွေကြားထဲကလဲ မလာပါ။ တရားမျှတမှုသည် အင်အားကြီးသူထံမှ လာခြင်းဖြစ်သည်”။

ပြည်သူပြည်သားတွေအင်အားကြီးသော နိုင်ငံများ၌ တရားမျှတမှုသည် ပြည်သူလူထုထံမှလာသည်။ အစိုးရအင်အားကြီးသောနိုင်ငံများ၌မှု တရားမျှတမှုသည် အုပ်ချုပ်သူများထံမှ လာခြင်းဖြစ်သည်။ ပြည်သူလူထုသည် အများစုဖြစ်သောကြောင့် အင်အားကြီးသောအခါ တရားမျှတမှုကိုသာလုပ်သည်။ မတရားသည်ကို မလုပ်ကြ။ အစိုးရသည် အနည်းစုဖြစ်သောကြောင့် အင်အားကြီးသောအခါ တရားသည်ကိုလည်းပြုလုပ်နိုင်သည်၊ မတရားသည်ကိုလည်း ပြုလုပ်နိုင်သည်။ တစ်နည်းအားဖြင့် ပြည်သူလူထုသည် လက်နက်မဲ့ဖြစ်သောကြောင့် အင်အားကြီးသောအခါ တရားသည်ကိုသာလုပ်သည်။ အစိုးရသည် လက်နက်ရှိသောကြောင့် အင်အားကြီးသောအခါ မတရားသည်ကိုလဲ ပြုလုပ်နိုင်သည်။

တရားမျှတမှုသည် နိုင်ငံတစ်နိုင်ငံတွင်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အသက်ဖြစ်သည်။ တရားမျှတမှုမရှိသောနိုင်ငံရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဂိုဒေါင်တစ်ခုအတွင်း သိုလှောင်ထားသော စွန့်ပစ်ပစ္စည်းများနှင့်တူသည်။ ဥပဒေထုတ်ဆင့်မှုမှန်သမျှ၏ ပင်မရည်ရွယ်ချက်သည် တရားမျှတမှုသို့သာ ဦးတည်ရသည်။ ဥပဒေသည် တရားမျှတမှုကို မဖြစ်စေပါက စစ်မှန်သော ဥပဒေ၏ အဓိပ္ပါယ်ကို သရုပ်မဖေါ်နိုင်ပေ။ ဥပဒေဟူသော ယင်းစကားလုံးသည် “ဥပဒေသ”ဟူသော ပါဠိစကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး “အနီးကပ်သွန်သင်ညွှန်ကြားမှု” ဟု အဓိပ္ပါယ်ရသည်။ အများစုလိုက်နာနိုင်အောင်၊ လိုက်နာလျှင်အကျိုးရှိအောင် ညွှန်ကြားလွှာများထုတ်ဆင့်ခြင်းကို ဥပဒေပြဓာန်းသည်ဟု ခေါ်သည်။ ထို့ကြောင့် ယင်းညွှန်ကြားလွှာသည် တရားမျှတမှုဧကန်ရှိရပေမည်။ တရားမျှတမှုမရှိက ဥပဒေဟုမခေါ်ဆိုနိုင်ချေ။

သို့ဖြစ်လျှင် တရားမျှတမှုရှိအောင် မည်ကဲ့သို့လုပ်ဆောင်ရမည်နည်း? ယင်းအတွက် အဖြေကို အရွယ်ရောက်ပြီးသူ လူတိုင်းလောက်နီးပါး နားလည်နေကြပါပြီ။ အထူးရှင်းပြဘွယ်မလိုချေ။ သို့သော် အရိုးဆုံးနှင့် အရှင်းဆုံးသော အဖြေတစ်ခုရှိသည်။ ၎င်းအဖြေမှာ “မတရားတာမလုပ်နဲ့” ဟူသောအဖြေပင်ဖြစ်သည်။ မတရားမှုပြုလုပ်သည်ဟူရာ၌----

(၁) ဥပဒေစာအုပ်အတွင်းရေးဆွဲပြဓာန်းထားသော စည်းကမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်လည်းရှိမည်။ ယင်းကို
Offence=ဥပဒေကို ကျူးလွန်မှုဟု၎င်း၊ Crime= ရာဇ၀တ်မှုဟု၎င်း အမည်တပ်သည်။

(၂) ဥပဒေတိုက်ရိုက်ပြဓာန်းမှုမရှိသော်လဲ သူတစ်ပါးနစ်နစ်နာအောင် တမင်လုပ်ကြံဖန်တည်းယူသည်လည်း ရှိမည်။ ယင်းကို Charade (ရှရားဒ်)=(သရုပ်ဆောင်) လီဆယ်မှုဟု၎င်း၊ Ploy=ကြံစည်မှုဟု၎င်း၊ Trumped-up Charge=လုပ်ကြံမှုဟု၎င်းခေါ်သည်။

(၃) ဥပဒေပြဓာန်းထားသော်လဲ “၀ိနည်းတတ်၊ ကြက်သတ်”ဟူရာ၌ကဲ့သို့ ဥပဒေကို ကျွမ်းကျင်သောကြောင့် တိုက်ရိုက်ဥပဒေဖြင့် မညိစွန်းစေပဲ ပြစ်မှုကျူးလွန်သည်လည်း ရှိမည်။ ယင်းသို့သောလွန်ကျူးခြင်းမျိုးကို Evasion=ဥပဒေလက်တစ်လုံးခြားလုပ်သည် ခေါ်ဆိုနိုင်သည်။

မည်သို့ဆိုစေ၊ ဥပဒေပြဓာန်းထားသည်ဖြစ်စေ၊ ပြဓာန်းမထားသည်ဖြစ်စေ သူတစ်ပါးအကျိုးနစ်နာအောင် လုပ်ဆောင်မှုမှန်သမျှကို မတရားပြုလုပ်သည်ဟု ယေဘုယျ သတ်မှတ်နိုင်သည်။ မတရားပြုလုပ်မှုမှန်သမျှ၌ တစ်စုံတစ်ယောက်မှာ နစ်နာရစမြဲဖြစ်သည်။ မိမိက အာဏာအားဖြင့်ဖြစ်စေ၊ ရာထူးအားဖြင့်ဖြစ်စေ၊ ဥစ္စာဓနအားဖြင့်ဖြစ် အင်းအားရှိသောကြောင့် သူတစ်ပါးကို နစ်နာအောင်လုပ်လျှင် ယင်းသို့သောပြုလုပ်မှု၌ မတရားမှုသည် အနည်းနှင့်အများ ပါဝင်လာရသည်။ အစိုးရကလုပ်လျှင် ပြည်သူလူထုမှာ နစ်နာရသည်။ လုပ်ငန်းရှင်ကလုပ်လျှင် အလုပ်သမားမှာ နစ်နာရသည်။ အချင်းချင်းလုပ်လျှင် အလုပ်ခံရသူက နစ်နာရသည်။ ထို့ကြောင့် တရားမျှတမှုရှိဖို့အရေး မိမိ၏လုပ်ရပ်ကို ဆန်းစစ်ဖို့လိုသည်။ ယင်းသို့ဆန်းစစ်ရာဝယ် ထားရမည့် Criteria ခေါ်စံမှာ “Honest=ရိုးသားမှု” ပင်ဖြစ်သည်။ ရိုးသားမှုကင်းလေလေ တရားမျှတမှု မရှိလေလေဖြစ်သည်။ ထို့ကြောင့် ရိုးသားမှုသည် တရားမှုတမှု၏ ပင်မအုဌ်မြစ်=Foundation အစစ်တည်း။

Justice=တရားမျှတမှုဟူသော စကားလုံးကိုကြားလျှင် ဥပဒေလမ်းကြောင်းပေါ်က ဝေါဟာရတစ်ခုအဖြစ် လူအများစိတ်ထဲမှာ မြင်ယောင်တတ်သည်။ အမှန်အားဖြင့် ယင်းစကားလုံးသည် အုပ်ချုပ်သူများကိုသာ ရည်ရွယ်ရင်းမဟုတ်။ လူတစ်ယောက်စီ၊ လူတစ်ယောက်စီသည်ပင် ယင်းတရားမျှတမှုဟူသောစကားလုံးနှင့် စပ်ဆိုင်သည်။ ဆိုလိုသည်မှာ လူတိုင်းတရားမျှတမှုရှိရမည်ဖြစ်သည်။ ယင်းသို့တစ်ဦးချင်းစီ တရားမျှမှု ရှိပါက ကျနော်တို့ ကမ္ဘာကြီးသည် အလွန်အေးချမ်းသာယာသော ကမ္ဘာကြီးဖြစ်မည်မှာ မလွဲတည်း။ ထို့ကြောင့် ကျနော့်တို့ကမ္ဘာသူကမ္ဘာသားအများစု တောင့်တနေသော ဆုလာဒ်တစ်ခုသည် တစ်ပါးသူ၏ ပေးကမ်းစွန့်ကျဲခြင်းမျိုးမဟုတ်။ တရားမျှတမှုပင် ဖြစ်ပါသတည်း။


1 comment:

မသက်ဇင် said...

ကိုမင်းထက်ရေ
မှတ်သွားပါတယ်
ခင်မင်လျက်