Saturday, May 22, 2010

လူတန်းစားကွာဟမှုရဲ့ တရားခံ


It is not the possessions but the desires of mankind which require to be equalized.

Aristotle (384 BC-322 BC)

“တန်းတူညီမျှဖြစ်အောင်လုပ်ဖို့လိုအပ်တဲ့အရာကတော့ ပစ္စည်းဥစ္စာတွေမဟုတ်၊ လူသားတွေရဲ့ ဆန္ဒတွေသာ ဖြစ်တယ်”

(အရစ္စ်တိုတယ်)

ယနေ့ခေတ်ကာလမှာရော၊ ဟိုးယခင့်ယခင်ကာလတွေမှာပါ တည်ရှိဆဲ၊ တည်ရှိခဲ့ပြီး နောင်လဲ မပြောင်းမလဲ တည်ရှိနေဦးမည့်အရာတစ်ခုကတော့ လူတန်းစားမညီမျှမှုတွေပါပဲ။ ဒီလူတန်းစားမညီမျှမှုကို ယေဘုယျအားဖြင့် ပစ္စည်းဥစ္စာနဲ့ တိုင်းတာကြပါတယ်။ ချမ်းသာတဲ့ လူတန်းစား၊ ဆင်းရဲတဲ့လူတန်းစား၊ သူဌေးသူကြွယ်၊ လက်လုပ်လက်စား စသည်အားဖြင့် လူတွေရဲ့ မညီမျှမှုကို တွက်ချက်တိုင်းတာရာမှာ ပစ္စည်းဥစ္စာဟာ ယနေ့ခေတ်မှာ ပိုပြီးအခရာကျနေသလိုပါပဲ။ ဒီကွာဟမှုသဘောတရားကို အလွန်ဆင်းရဲတဲ့ မြန်မာလို နိုင်ငံမျိုးမှာတင်မက၊ ဗြိတိသျှနိုင်ငံတွေမှာတောင် အတော်အတန်တွေ့မြင်နိုင်ပါတယ်။

ချမ်းသာပြီးသားလူတွေက ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အိမ်ကြီးရာကြီးတွေမှာနေပြီး ဇိမ်ခံကားကြီးတွေ တစ်စီးပြီးတစ်စီး အထည်လဲ စီးနင်းပျော်ရွှင်စွာနဲ့ သွားလာနေကြတဲ့အချိန်မှာ ဆင်းရဲတဲ့လူတွေကျပြန်တော့ နေစရာအိမ်တောင်မရှိရှာတဲ့အတွက် “Homeless”ပါလို့ ကိုယ့်လည်ပင်းမှာ Signboard ချိတ်ပြီး လမ်းသွားလမ်းလာတွေရဲ့ ကရုဏာကြေးမျှကို မျှော်လင့်တောင်းခံနေကြရရှာတဲ့လူတွေကိုလည်း မကြာခဏတွေ့နေရပါတယ်။

ဒီလူတန်းစားမညီမျှမှုကို ကမ္ဘာပေါ်ရှိ ဘာသာရေးအသီးသီးက မိမိတို့ရှုထောင့်အလိုက် အကြောင်းတရားကို ရှာဖွေတင်ပြကြပြီးသားနေမှာပါ။ ဗုဒ္ဓဘာသာတရားတော်ကတော့ ဒီကွာဟချက်ဟာ ကံတရားကြောင့်ဖြစ်ရတယ်လို့ (စူဠကမ္မ၀ိဘင်္ဂသုတ်မှာ) ဆိုပါတယ်။ အတိတ်ဘ၀ါဘ၀က မိမိကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ ကောင်းမှု/မကောင်းမှုကံတွေကြောင့် ယခုဘ၀မှာ လူသားတွေရဲ့ ချမ်းသာ/ဆင်းရဲ ကွဲပြားမှုဖြစ်ရကြောင်းကို ထောက်ပြထားပါတယ်။ ထာဝရဘုရားသခင်ကိုယုံကြည်သူတွေကတော့ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဖြစ်ရကြောင်း ပြောကြပါတယ်။

ဒါပေမဲ့ ဒဿနဆရာကြီးတွေကတော့ ဒီသဘောကို ဘာသာရေးရှုထောင့်မှ ခွဲထွက်ပြီး ကိုယ်ပိုင်ခံစားချက်ကို အရင်းခံမြင်ကြပါတယ်။ အဲဒီထဲက ဂရိဒဿနဆရာကြီး အရစ္စ်တိုတယ်ကတော့ လူသားတွေရဲ့ ဆန္ဒမညီမျှမှုကြောင့်လို့ မြင်ပုံရပါတယ်။ ဒါကြောင့် သူက “တကယ်ညီမျှအောင်လုပ်ရမှာက ပစ္စည်းဥစ္စာမဟုတ်၊ လူတွေရဲ့ဆန္ဒသာဖြစ်တယ်”လို့ ထောက်ပြခဲ့ပါတယ်။ ဒီနေရာမှာ သူပြောတဲ့ ဆန္ဒဆိုတာကို အဘိဓမ္မာသဘောနဲ့ မစဉ်းစားပဲ ရိုးရိုးရှင်းရှင်းစဉ်းစားကြည့်ရင် လူသားတွေရဲ့ မတော်လောဘဆိုတာ သိသာနိုင်ပါတယ်။ အဲဒီမတော်လောဘကြောင့် ရှိပြီးသားလူက ထပ်ထပ်ရှိလာအောင် ငါ့ဘို့တစ်ဘို့တည်းကြည့်ပြီး ရသမျှအခွင့်အရေးတွေကို တရားသောနည်း/မတရားသောနည်းမရှောင် အကုန်လုံးအသုံးပြုပြီး တွန်းလုပ်ကြတော့တာပါပဲ။

အဲဒီလို ရှိတဲ့လူတွေက ရှိသလိုလုပ်သွားတဲ့အတွက် မရှိတဲ့လူတွေအဖို့မှာ လုပ်ကွက်ပျောက်ပြီး အချို့ဆို ဘ၀ပျက်သွားရတဲ့ အဆင့်မျိုးတောင် ရှိပါတယ်။ ကိုယ်လည်း ယူသင့်သလောက်ယူပြီးလုပ်၊ သူများတွေကိုလည်း လုပ်ခွင့်ပေးမယ်ဆိုရင် လူတန်းစားညီမျှမှုအဆင့်ကို မရောက်နိုင်ရင်တောင်မှ အထက်နဲ့အောက် အလွန်ခြားနားအကျည်းတန်တဲ့ ကွာဟမှုကြီးဟာ အတိုင်းအတာတစ်ခုအထိတော့ ပြေလည်ကောင်းပြေလည်နိုင်ပါတယ်။

အရစ္စ်တိုတယ်အလိုအရဆိုရင် ဒီဆန္ဒလွန်ကဲမှုကြောင့် ဖြစ်ပေါ်ရတဲ့ လူတန်းစားမညီမျှမှုကြီးဟာ နိုင်ငံမရွေး၊ လူမျိုးမရွေး၊ စံနစ်မရွေး ရှင်သန်နေမှာပါ။ အဓိကကတော့ လူသားတွေရဲ့ ဆန္ဒပါပဲတဲ့။ ဒါပေမဲ့ ယနေ့ခေတ်မှာကြည့်လိုက်မယ်ဆိုရင် ဒီကွာဟမှုသဘောရဲ့တရားခံဟာ နိုင်ငံနဲ့ လူမျိုးကို ဘေးချိတ်၊ စံနစ်ဆိုးနဲ့ စံနစ်ကောင်းအပေါ်မှာ မူတည်နေတယ်လို့ ယေဘုယျယူဆနိုင်ပါတယ်။ ဥပမာ၊ ဒီဗြိတိရှနိုင်ငံတွေမှာလည်း ဒီကွာဟမှုကို အထိုက်အလျောက်တွေ့မြင်နေရပေမဲ့ တရားဥပဒေစိုးမိုးရေးက အရာအားလုံးကို လွှမ်းမိုးထားတဲ့အတွက် လူတန်းစားညီမျှမှုကိုလည်း ရာခိုင်းနှုံးအတော်များများ တွေ့မြင်ရပါတယ်။

မြန်မာလို နိုင်ငံမျိုးမှာတော့ တိုင်းပြည်စနစ်မကောင်းတဲ့အပြင် အာဏာရှင်စနစ်ကိုပါ တွဲဖက်ကျင့်သုံးနေတာကြောင့် လက်ရှိ/လက်မဲ့ကွာဟမှုဟာ အလွန်ပဲ သိသာလှပါတယ်။ နောက်တစ်ခါ ဣန္ဒိယနိုင်ငံကျပြန်တော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပေမဲ့ ဇာတ်ခွဲခြားမှုကို အမြစ်ပြတ်မချေမှုန်းနိုင်သေးတာကြောင့် ယနေ့အထိ ချမ်းသာ/ဆင်းရဲ့ကွာဟမှုဟာ ကြီးထွားနေဆဲပါပဲ။

ဒါတွေအားလုံးကို လက်တွေ့ကျသထက်ကျအောင် ပြန်ညှိယူမယ်ဆိုရင် ဘာသာရေးအရ ကံကြောင့် သို့မဟုတ် ထာဝရဘုရားသခင်ဖန်ဆင်းမှုကြောင့်ဆိုတာထက် လူတွေရဲ့ ဆန္ဒလွန်ကဲမှုကြောင့်ဆိုတာက သာမန်လူတွေကို ပိုမိုနားလည်စေနိုင်သလို၊ ဒီထက်ပိုပြီး နားလည်အောင်ဆိုရင်တော့ စနစ်ကောင်းတစ်ခုကို ရွေးချယ်ကျင့်သုံးနိုင်ခြင်းမရှိတာကြောင့် ဒီကွာဟမှုဖြစ်ပေါ်နေရတယ်လို့ ယူဆနိုင်ပါတယ်။

ကံ သို့မဟုတ် ဘုရားသခင်ဟာ လူတွေမမြင်နိုင်တဲ့ ဝေးသောအကြောင်းတစ်ခုအနေနဲ့ လက်ခံနိုင်ပေမဲ့ လူတစ်ယောက်စီမှာရှိနေတဲ့ ဆန္ဒလွန်ကဲမှုကိုတော့ သူကိုယ်တိုင်သိနိုင်တဲ့အတွက် မညီမျှမှုရဲ့ တရားခံအနေနဲ့ လက်ခံနိုင်မှာပါ။ လက်တွေ့အကျဆုံးကတော့ စနစ်မကောင်းလို့ ချမ်းသာ/ဆင်းရဲကွာဟမှုဖြစ်ရတယ် ဆိုတဲ့အချက်ပါပဲ။ ဒီသဘောကို နားလည်သဘောပေါက်ကြရင် စနစ်ဆိုးအောက်မှာ တင်းကြပ်စွာရှင်သန်နေရတဲ့ တိုင်းသူပြည်သားတွေဟာ ဒီစနစ်ဆိုးကလွတ်မြောက်ဖို့ အစဉ်သဖြင့် တိုက်ပွဲဝင်သင့်လှကြောင်း အသိပေးနှိုးဆော် တင်ပြလိုက်ရပါတယ်။

1 comment:

naywin said...

ကို မင်းထက်ရေးရဲ. ဘလော.ကို တွေ.တာ နောက်ကျသွားလား မသိဘူး စာတွေအရမ်းဖတ်လို.ကောင်တယ် ဗျာ။
ကျေးဇူး အထူးတင်ပါတယ်