Wednesday, February 17, 2010

ပူပူကို ပိန်အောင်ပြုလေသော်


မူလတန်းကျောင်းဆရာလေး ကိုသောကြာတစ်ယောက် အဘိုးညီအကိုတို့ဆီ မရောက်ဖြစ်သည်မှာ ကြာခဲ့လေပြီ။ ကျောင်းကိစ္စတွေ လုံးပန်းရင်း ကျောင်းနှင့်အိမ်၊ အိမ်နှင့်ကျောင်း တစ်ပတ်လုံးလုံး နားရသည်မရှိခဲ့။ သည်နေ့တော့ အားလပ်ရက်ရသည်နှင့် အဘိုးငယ်ဦးတင်အိမ်သို့ ထွက်လာခဲ့သည်။ “အဘိုးတို့နေမှ ကောင်းပါစ” လမ်းလျှောက်ရင်း တစ်ယောက်တည်း တွေးနေမိသည်။ အဘိုးနှင့်တွေ့တဲ့အခါ မေးခွန်းတစ်ခု မေးဖို့ စဉ်းစားထားသည်။ ပြီးခဲ့တဲ့ သတင်းပတ်က သူ့အိမ်မှာမွေးထားတဲ့ ကြောက်မလေး မမဲတူမှ ကြောင်ကလေး ငါးကောင်မွေးရာ နှစ်ကောင်ကို မမဲတူ စားပစ်လိုက်သည်။ ယင်းကိစ္စအတွက် သူ့ရင်ထဲ မကျေမနပ်ဖြစ်နေသည်။ ကြောင်ကို အကြောင်းပြုပြီး သူ့ခေါင်းထဲတွင် အချို့အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချသည့်ကိစ္စကို မေးချင်နေသည်။ ယင်းသို့ ပြုမူခြင်းသည် ဘာသာရေးရှုထောင့်နှင့်ကြည့်လျှင် သင့်တော်ပါ၏လော။

အဘိုးငယ်အိမ်ပေါက်ဝသို့ ရောက်သောအခါ အပြင်ဝရံတာတွင် အဘိုးငယ်ရော အဘိုးကြီး ဦးရှင်ပါ ထိုင်ပြီး ရေနွေးကြမ်းသောက်နေကြသည်ကို မြင်သဖြင့် ၀မ်းသာသွားသည်။ လှေခါးထစ်သို့ မတက်သေးခင်ပင် အဘိုးတို့ နေကောင်းလား ဟု အော်မေးလိုက်သည်။ ကောင်းကြောင်း မာကြောင်း ပြန်ကြားသည့် အသံကို နားထောင်ရင်း အိမ်အပေါ်သို့ အသော့ကလေး ပြေးတက်လိုက်သည်။

ဦးတင်။ အတော်ပဲ ငါ့မြေးရ၊ ငါတို့လည်း မင်းကို မျှော်နေတာကွာ့။ မတွေ့တာ ကြာလို့ နေမှ ကောင်းရဲ့လားလို့ အခုပဲ ပြောနေရသေးတယ်။

သောကြာ။ နေကောင်းပါတယ် အဘိုးရ၊ ကျောင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ မလာဖြစ်တာပါ။ ကျွန်တော်လည်း အရမ်းကို လာချင်တာပဲ။ အဘိုးတို့ ဆွေးနွေးတာတွေ နားမထောင်ရတာလည်း ကြာပြီလေ။ နောက်ပြီး ကျွန်တော် မရှင်းတာလေးတွေလည်း မေးရင်းပေါ့။

ဦးရှင်။ ဘာများလည်း ငါ့မြေးလေးရ၊ မဟုတ်မှ လွဲရော မင့်ကျောင်းက ဆရာမလေး မြင့်ဇူကိစ္စပဲ ဖြစ်မယ်။

သောကြာ။ အာ မဟုတ်ပါဘူး၊ အဘိုးရာ။ သူနဲ့ကျွန်တော် အဆင်ပါတယ်။ ကျွန်တော်မေးမှာက ပြီးခဲ့အပတ်က အိမ်မှာ မမဲတူလေး ကလေးငါးကောင်မွေးပြီး နှစ်ကောင်ကို စားပစ်လိုက်တယ်၊ အဲဒါနဲ့ ပတ်သက်ပြီး အချို့အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စကို မေးချင်တာပါ။ သူနဲ့ မပတ်သက်ပါဘူး အဘိုးရ။

ဦးရှင်။ အင်း၊ ဒါဆိုရင် မင့်အဘိုးလေးပဲ မေးတော့ဟေ့။ သူက မင်းသိတဲ့ အတိုင်း ပိဋကတ်ဟင်းလေးအိုးကြီးမဟုတ်လား။ ငါလည်း မေးစရာရှိ သူ့ပဲ အားကိုးရတာ။

ဦးတင်။ မဖြေချင်တိုင်း လွှဲမချပါနဲ့ အကိုကြီးရာ။ ကျွန်တော်ကလည်း အကိုကြီး ပြောသလို ပိဋကတ်ဟင်းလေးအိုးကြီး မဟုတ်ပါဘူး။ အိုးဖြစ်ရင်တော့ အိမ်က မေလှိုင်သိပ်ထားတဲ့ ငါးပိအိုးကြီးပဲ ဖြစ်ဖို့ရှိတယ်၊ ဟား ဟား ဟား။

သောကြာ။ အဘိုးတို့နှစ်ယောက်စလုံး ဘယ်သူဖြေဖြေပါ။ ကျွန်တော့်အတွက်တော့ ဗဟုဿုတ ရစရာတွေချည်းပါပဲ။ အဲဒါ အဘိုးတို့ ဘယ်လို မြင်လဲ ဆိုတာလေး အမိန့်ရှိပါဦး။

ဦးတင်။ ဘယ်လိုမြင်ရမလဲကွာ့။ မသင့်တော်ဘူးပေါ့။ အထူးသဖြင့် ငါ့တို့ ဗုဒ္ဓဘာသာတရားတော်နဲ့တော့ နည်းနည်းမှ ညှိလို့ရဘူး ငါ့မြေးရ။

သောကြာ။ ထပ်ရှင်းပါဦး အဘိုး၊ ဘယ်လို ညှိမရတာလဲ ဆိုတာ။

ဦးတင်။ ဗုဒ္ဓဘာသာဝင်ဖြစ်ရင် အခြေခံအနေနဲ့ (၁) သရဏဂုံ သုံးပါးမြဲရမယ်။ (၂) ငါးပါးသီလလုံရမယ်။ ဒီလိုဆိုတယ် မဟုတ်လား။ ကိုယ်ဝန်ဖျက်ချတော့ မင်းပဲ စဉ်းစားကြည့်လေ။ ဘယ်သီလ ကျိုးသွားသလဲ ပြောပါဦး။

သောကြာ။ ပြောဆိုရင်တော့ သူ့အသက်သတ်ခြင်းဆိုတဲ့ ပထမဆုံးသီလပဲ ရှိမှာပေါ့ အဘိုး။ ဒါပေမဲ့ ကျွန်တော် တစ်ခု စဉ်းစားကြည့်တယ်။ ကိုယ်ဝန်ဖျက်တယ် ဆိုတဲ့ နေရာမှာ တည်ကာစမှာဆိုရင် သူ့အသက် သတ်တဲ့ အပြစ် မရနိုင်ဘူးလား လို့ပေါ့။

ဦးတင်။ ဘာဖြစ်လို့ မင်း အဲဒီလို ထင်တာလ၊ဲ ရှင်းစမ်းပါဦး။

သောကြာ။ ကျွန်တော် မှတ်ထားဖူးတာက လူကို သတ်တယ်ဆိုတဲ့ နေရာမှာ အင်္ဂါငါးချက် ပြည့်စုံမှ သတ်ရာရောက်တယ်တဲ့။ အဲဒါတွေကတော့ (၁) လူသားစစ်စစ်ဖြစ်ရမယ်၊ (၂) သတ္တ၀ါဆိုတဲ့ အသိရှိရမယ်၊ (၃) သတ်လိုတဲ့စိတ်စေတနာရှိရမယ်၊ (၄) အားထုတ်လုပ်ဆောင်မှုရှိရမယ်၊ (၅) အဲဒီအားထုတ်မှုကြောင့် သေရမယ် ဆိုတာတွေပေါ့။ အဲဒီငါးချက်ထဲက ကိုယ်ဝန်တည်ကာစမှာ သတ္တ၀ါ ဖြစ်ပြီ သို့မဟုတ် လူဖြစ်ပြီ လို့ ဆိုနိုင်လို့လား အဘိုးရ?

ဦးတင်။ သိပ်ဆိုနိုင်တာပေါ့ မောင်သောကြာရဲ့။ ဗုဒ္ဓစာပေက သိပ်တိကျပါတယ်။ သတ္တ၀ါ ဆိုတာကို၊ ဒါမှ မဟုတ် လူဆိုတာကို ဘယ်အချိန်က စပြီး သတ်မှတ်လဲ ဆိုရင် အဲဒီကိုယ်ဝန်တည်ကာစ အချိန်က စပြီး သတ်မှတ်တယ်။ မင်းကြားဖူးတယ်မဟုတ်လား၊ ၀မ်းတွင်းအသက်နဲ့ အသက် (၂၀) ပြည့်အောင် ရေတွက်ပြီး ရဟန်းခံတယ်ဆိုတာ။ ဆိုလိုတာက လူ့အသက်ကို စပြီးကိုယ်ဝန် တည်တဲ့နေ့က စတင်ရေတွက်တယ် လို့ ဆိုလိုတယ်။ ဒါပေမဲ့ ငါ့တို့ လူ့လောကမှာတော့ မွေးတဲ့နေ့ကစ ရေတွက်တာပေါ့လေ။

သောကြာ။ ဟုတ်တယ် အဘိုး။ ကျွန်တော် မနှစ်က ရွာဦးကျောင်းမှာ ပဇင်းတက်မယ်လုပ်တော့ ဘုန်းဘုန်းကက မေးတယ်၊ မင်းအသက် ဘယ်လောက်ရှိပြီလဲ တဲ့။ ၁၉ နှစ်နဲ့ သုံးလ လို့လျှောက်တော့ ဆရာတော်က ဒါဆို ရပြီလို့ အမိန့်ရှိဖူးတယ်။ ဗိုက်ထဲမှာနေခဲ့တဲ့ လတွေနဲ့ တွေနဲ့ ပေါင်းပြီး အသက် (၂၀) ပြည့်အောင် ရေတွက်လိုက်တဲ့ သဘောပေါ့ ဟုတ်လား။

ဦးတင်။ ဟုတ်တာပေါ့ မြေးလေးရ၊ အဲဒါဟာ လူငယ်တွေ ပဇင်းတက်တဲ့အခါ လုပ်နေကျပဲ။ အဲဒီတော့ ဗုဒ္ဓဘာသာမှာ လူကို ဘယ်လောက်ထိ တန်ဖိုးထားသလဲ ဆိုတဲ့ အဓိပ္ပါယ်က ထင်ထင်ရှားရှားကြီးကို ပေါ်လွင်လာတာပေါ့။ ပဇင်းတက်ခွင့်ရဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးလကွယ်။ ဒါကြောင့် ရခဲတဲ့ တရားငါးပါးထဲမှာ ထည့်ပြီး ဟောထားခဲ့တာပေါ့။ လူ့ဘ၀ဆိုတာ ရဖို့ခဲရင်းသလို လူဖြစ်လာတော့လည်း ရဟန်းဘ၀ဆိုတာ ရဖို့ခဲရင်းနေပြန်ရော မဟုတ်လား။ ဒါကြောင့်မို့ ဒီလောက်ခဲရင်းတဲ့အခွင့်အရေးတွေကို ရပိုင်ခွင့်ပေးထားတဲ့ ဟောဒီလူ့ဘ၀ကို စတင်ရေတွက်တဲ့နေရာမှာ ကိုယ်ဝန်စယူတဲ့နေ့ကစလို့ ရေတွက်ရတာပဲ မောင်သောကြာရဲ့။

ဦးရှင်။ နေပါဦး မောင်တင်ရ၊ ဗုဒ္ဓဘာသာက အဲဒီလို တိတိကျကျ ဟောထားတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ လူ့ဘ၀ဆိုတာ ဒုက္ခပေါင်းစုံနဲ့ တွေ့ကြုံနေရတာပဲ မဟုတ်လား။ ဒီတော့ ကိုယ်ဝန်ဖျက်ချတဲ့နေရာမှာလည်း အကြောင်း အမျိုးမျိုးတော့ ရှိနိုင်တာပေါ့။ မလွှဲမရှောင်သာတဲ့ အကြောင်းတွေပေါ့ကွာ။ ဥပမာ ရွေးချယ်ရတော့မည့် အခါမျိုးဆိုပါစို့၊ မိခင်ရဲ့ အသက်ကို ယူမလား၊ ကလေးရဲ့ အသက်ကို ယူမလား ဆိုတာမျိုးပေါ့။ နောက်ပြီး သိပ်ဆင်းရဲ့ နွမ်းပါးလွန်းတဲ့ မိသားစုတွေမှာ မွေးလာတဲ့ ကလေးတွေကို မကျွေးနိုင် မမွေးနိုင်ဖြစ်နေတာတွေလည်း တပုံတပင်ကြီးပဲ။ အဲဒီတော့ကာ အဲဒီလို အခြေအနေမျိုးတွေမှာ ကလေးမွေးဖို့ ကျိုးစားတာဟာ မွေးဖွါးလာတဲ့ ကလေးကို ဒုက္ခပေးရာရောက်သလို ကျန်တဲ့ မိသားစုဝင်တွေကိုလည်း ပိုမို ကြပ်တည်းအောင် လုပ်တာနဲ့ အတူတူပဲပေါ့။ အဲဒီလို အခါမျိုးဆိုရင်ကောကွာ?

သောကြာ။ ကျွန်တော်လည်း အဘိုးမေးသလို မေးချင်နေတာပဲ။ အနောက်နိုင်ငံတွေမှာ အဲဒီကိစ္စကို တော်တော်ဆွေးနွေးကြတယ်လို့ ကြားဖူးတယ်။ ခုနက အဘိုးဦးရှင်မေးတဲ့ မေးခွန်းတွေကို မေးပြီးတော့ပေါ့။

ဦးတင်။ ဘာမေးခွန်းပဲ မေးမေး။ သတ္တုချလိုက်တော့ “ဒီလို ကိုယ်ဝန်ဖျက်ချတဲ့ နေရာမှာ ဗုဒ္ဓစာပေအရ ချွင်းချက်ရှိ/မရှိ” ဒါပဲ မဟုတ်လား?

သောကြာ။ ဟုတ်ပါတယ် အဘိုး။ ချွင်းချက်ရှိ/မရှိ သိချင်ပါတယ်။

ဦးတင်။ ချွင်းချက်ဆိုတာလည်း သူ့အသက်ကို ဘယ်လို ဆိုရင်တော့ သတ်လို့ရပါတယ် ဆိုတဲ့ ချွင်းချက်မျိုးပေါ့။ ငါသိသလောက် ပြောရရင်တော့ သူများအသက်ကို သတ်တဲ့ နေရာမှာ တကယ့်ကို သေစေလိုတဲ့စိတ်စေတနာဟာ အဓိက အခန်းကဏ္ဍက ပါဝင်တယ်။ သေစေလိုတဲ့ စေတနာမပါရင် အကုသိုလ်မဖြစ်ဘူးလို့ ဆိုလိုတာပေါ့။ အရင်တစ်ခေါက် ငါတို့ဆွေးနွေးတုန်းက စေတနာပါမှ ကံမြောက်တယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား။ ဘုရားဟောခဲ့တာနော်။ ဒါသည်ပင် ချွင်းချက်လို့ ယူဆလိုက ယူဆနိုင်တာပေါ့။ ဥပမာ ကိုယ့်ကို သတ်ဖို့လာတဲ့ လူကို ပြန်လည်ခုခံရင်းနဲ့ သတ်မိတာမျိုးပေါ့။ အဲဒီလိုအနေအထားမှာ အစိုးရကပြဌာန်းထဲ ဥပဒေတွေမှာတောင် ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်လေ။ လူသတ်မှုမဖြစ်ဘူးလို့ ဆိုလိုတာပေါ့။

ဦးရှင်။ ဒါတော့ ဟုတ်ပါပြီ။ ကိုယ်ဝန်ချတဲ့ ကိစ္စမှာ ဘယ်လိုပြောမလဲ? အထက်မှာပြောခဲ့တဲ့ အကြောင်းတွေမျိုးနဲ့ ကြုံနေရင်ပေါ့။

ဦးတင်။ ဒီနေရာမှာတော့ မိခင်လုပ်တဲ့ သူရဲ့ စိတ်သဘောထားကို ဆွေးနွေးရလိမ့်မယ်။ မိခင်မေတ္တာ ဆိုတာကလည်း မိခင်အားလုံးမှာ တစ်သဘောတည်းပဲလို့ ဆုံးဖြတ်လို့ မရနိုင်ဘူး။ “ကမ္ဘာမီးလောင် သားကောင်ချနင်း” လို့ ဆိုတယ် မဟုတ်လား။ လူတစ်ဦးချင်းစီရဲ့ စရိုက်နဲ့ သက်ဆိုင်တယ်။ စရိုက်ကြမ်းတဲ့သူတွေ ရှိသလို စရိုက်နုတဲ့ သူတွေလည်း ရှိတာပေါ့။ မောင်သောကြာရဲ့ အိမ်က ကြောင်မလေး မမဲတူလိုပေါ့။ သူ့ကလေး သူပြန်စားတယ်ဆိုတာ စရိုက်ကြမ်းတဲ့ သဘောပေါ့။ လူတွေမှာလည်း ဒီအတိုင်းပါပဲ။ အချို့မိခင်တွေမှာ ပင်ကိုယ်အားဖြင့် ကြမ်းတမ်းတဲ့ စရိုက်ရှိမယ်၊ အချို့တော့ နူးညံ့သိမ်မွေ့မယ်။ ကြမ်းတမ်းတဲ့ စရိုက်ရှိတဲ့ မိခင်မျိုးဆိုရင် အထက်မှာပါတဲ့ အခက်အခက်မျိုးနဲ့ ကြုံရတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ ရွေးချယ်မှာ သေချာတယ်။ ဒါပေမဲ့ အဲဒီလို ရွေးချယ်မှုကြောင့် ကျုပ်အမြင်ပြောရရင်တော့ အပြစ်သိပ်ပြီး ကြီးမယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စရိုက်ကြမ်းပေမဲ့ မိခင်မေတ္တာက ရှိနေသေးတော့ တကယ့်ကို သေစေလိုတဲ့ စိတ်ဆိုတာက ရှိချင်မှ ရှိမှာကိုး။ တစ်ထစ်ချကတော့ ကာယကံရှင် ကိုယ်တိုင်ပဲ သိမှာပေါ့။

သောကြာ။ အဘိုးပြောတာ ကျွန်တော်လည်း သဘောကျတယ်။ ဒါပေမဲ့ အဲဒီလို ကိုယ့်အသက်ကို ဦးစားပေးရွေးချယ်လိုက်တော့ ပါဏာတိပါတကံ မဖြစ်ဘူးလား အဘိုးလေးရ?

ဦးတင်။ ပြောခဲ့ပြီးပြီလေ၊ ကံဖြစ်ဖို့/မဖြစ်ဖို့ ဆိုတာ တကဲ့ကို သတ်လိုတဲ့စိတ်ရှိမှု/မရှိမှုအပေါ် မူတည်ပြီး ဆုံးဖြတ်ရမယ်လို့။ အဲဒါက ဘေးကလူ ၀င်ဆုံးဖြတ်ပေးလို့ မရနိုင်ဘူး။ ဘေးကလူက သူ့စိတ်ကို ဘယ်သိနိုင်မလဲ။ သူကိုယ်တိုင်ပဲ သိမှာပေါ့။ နောက်တစ်ခုက ဒီကိစ္စမှာ ကလေးရဲ့ ကံကလည်း စကားပြောသေးတယ်။ လူ့ဘ၀ရောကက်လောက်အောင် ကံပါလာရင်တော့ အဲဒီလို စရိုက်ကြမ်းတဲ့ မိခင်တွေဗိုက်ထဲ ကိုယ်ဝန်တည်မှာ မဟုတ်ဘူး။ လူဖြစ်မည့်ကံပါတဲ့ သူကတော့ လူမဖြစ်ပဲနဲ့ သေကို မသေနိုင်ဘူး။ အဲဒီတော့ မိခင်ဘက်က ချည်းကြည့်ပြီး ပြောနေလို့မရဘူး။ သန္ဓေသားလောင်းရဲ့ ကံကိုလည်း ထည့်တွက်စဉ်းစားဖို့ လိုလိမ့်မယ်။

ဦးရှင်။ အင်း၊ ဒီအချက်ကတော့ စိတ်ဝင်စားစရာပဲကွာ့။ ဒါပေမဲ့ ငါတစ်ခု တွေးမိတာက နဂိုကတည်းက လူဖြစ်ဖို့ ကံမပါရင် ဘာဖြစ်လို့ လူ့သားဗိုက်ထဲ ၀င်လာရတာလဲ ဆိုတာပဲ။ အဲဒါ မင်း ဘယ်လိုမြင်တုန်း?

ဦးတင်။ ဒါဆို အကိုကြီးကို မေးခွန်းတစ်ခု မေးမယ်ဗျာ။ အကိုကြီးသရက်ခြံထဲက သရက်သီးတွေ ဘယ်ပုံစံနဲ့ ဖြစ်ပွါးလာကြတာလဲ? ဘွားကနဲ အလုံးလိုက် ပေါ်လာကြတာပဲလား?

ဦးရှင်။ မင်းကလည်း ကလေးကလား၊ လူတိုင်းသိနေတာပဲဟာကို။ အရင်ဆုံး အဖူးထွက်မယ်၊ ပွင့်မယ်၊ သီးမယ်။ ဒါပဲပေါ့ကွာ့။ ဒါများ။

ဦးတင်။ အဲဒါ ကျွန်တော်လိုချင်တာပဲလေ အကိုကြီးရ။ သီးမယ်ဆိုတဲ့ နေရာရောက်အောင်၊ အရင်ဆုံး ဖူးရမယ်၊ ပွင့်ရမယ် မဟုတ်လား။ သရက်ပင်မို့ သရက်ဖူးတွေ ဖူးတာတော့ ဟုတ်ပါပြီ။ ဖူးပြီး ပွင့်လာတဲ့အခါမှာ ပြောစရာက ပွင့်သမျှ အကုန်လုံး အသီးဖြစ်ကြသလား ဆိုတာပဲ။ ကဲ ပြောပါဦး။

ဦးရှင်။ ဘယ်ဖြစ်မလဲကွာ့။ ပွင့်သမျှ အကုန် အသီးဖြစ်ရင် ရင့်တဲ့ မှည့်တဲ့အချိန်ထိတောင် ရောက်နိုင်ဖို့ မလွယ်ဘူး။ အသီးတွေနဲ့ ပြွတ်ခဲပြီး သရက်ကိုင်းတွေ အကုန်ကျိုးမှာပဲ။ အဲဒီလို အပွင့်ဖြစ်လာတဲ့အခါ ငါ့အထင်ပြောရရင်တော့ အသီးဖြစ်လောက်အောင် အားရှိတဲ့ အပွင့်/ အားမရှိတဲ့ အပွင့်ဆိုပြီး ကွဲပြားမှုရှိနိုင်တယ်။ အားမရှိတဲ့ အပွင့်တွေက အားရှိတဲ့ အပွင့်တွေကို နေရာဖယ်ပေးတဲ့ အနေနဲ့ ကြွေပေးကြရမှာပေါ့။ နောက်ပြီး သရက်ပွင့်တွေ ကြွေနိုင်တဲ့ အကြောင်းတွေလည်း အများကြီးပဲလေ၊ လေတိုက်လို့၊ မိုးရွာလို့၊ ပိုးကျလို့၊ ကလေးတွေ လေးခွနဲ့ထုလို့။ အဲလိုဆိုရင် အားရှိတဲ့ အပွင့်ရော၊ အားမရှိတဲ့ အပွင့်ရော အကုန်နီးပါးကြွေတဲ့အပြင်၊ အခန့်မသင့်ရင် အဖူးဖူးနေတဲ့ အကိုင်းတစ်ခုလုံးတောင် ကျိုးသေးဗျာ။ ဒါပေမဲ့ အဲဒါနဲ့ အခု မင်းပြောမှာနဲ့ ဘာဆိုင်လဲကွာ့။ သရက်ပွင့်တွေက ကံနဲ့မှ မဆိုင်တာ။

ဦးတင်။ ဆိုင်ပါသော်ကော အကိုကြီးရာ၊ အကိုကြီးပြောသလို ပြောရရင် သရက်သီးမဖြစ်နိုင်ရင် ဘာလို့ သရက်ပွင့်လာဖြစ်သေးလဲ။ သရက်ပွင့်မှာလည်း သူ့အကြောင်း သူ့အကျိုးရှိ သလို၊ လူမှာလည်း လူ့အကြောင်းနဲ့ လူ့အကျိုးဆိုတာ ရှိတာပေါ့ဗျာ့။ အစမထင်တဲ့ သံသရာဆိုတာ အကိုကြီး သိတာပဲ မဟုတ်လား။ သတ္တ၀ါဆိုတာလည်း ဘယ်လောက်ရှိပါတယ်လို့ ဘယ်သူမှ မသိနိုင်ဘူး။ လူ့အရေအတွက်ကိုတောင် ဘီလီယံပေါင်း ဘယ်လောက်ရှိပါတယ်လို့ ခန့်မှန်းပြောနေတာပဲ ရှိတာ။ အဲဒီသံသရာတစ်လျှောက်မှာ သတ္တ၀ါမျိုးစုံက ကံမျိုးစုံကို ပြုခဲ့ကြမယ်။ အချို့ကံတွေက လူဘ၀ရောက်စေနိုင်လောက်အောင် အားရှိမယ်၊ အချို့တော့ အဲလောက်အားမရှိဘူး ဆိုပါတော့။ နောက်ပြီး မိခင်ဗိုက်ထဲဝင်ဖို့ တာစူနေကြတဲ့ သန္ဓေသားအလောင်းတွေဆိုတာလည်း ဘယ်လောက်ရှိမယ်လို့ မပြောနိုင်ဘူး။ တခြားမကြည့်နဲ့ အကိုကြီးတို့ သိပ္ပံပညာရှင်တွေပဲ စမ်းသပ်တွေ့ရှိပြီး မဟုတ်လား။ ဟိုကိစ္စလုပ်ပြီးပြီးချင်း ဖခင်လောင်းရဲ့သိန်းသန်းချီတဲ့ သုက်ပိုးတွေဟာ မိခင်လောင်းရဲ့ သားအိမ်ထဲ သူဦးငါရင် ပြေးကြတဲ့အခါ အရင်ဆုံးရောက်သွားတဲ့ အကောင်ပဲ မျိုးအောင်တယ် ဆိုတာလေ။ ကျန်တဲ့အကောင်တွေ အကုန်သေပေါ့ ဒါဆို။

ဦးရှင်။ ငါကလူပျိုကြီးကွာ့။ အဲဒါတွေ မင်း ပိုသိမှာပေါ့။

ဦးတင်။ အဟဲ အကိုကြီးကလည်း ကြွားနေပြန်ပြီ လူပျိုကြီးဖြစ်ကြောင်း။ ဆက်ပြောမယ်ဗျာ။ အဲဒီလို အရင်ဆုံးရောက်သွားတဲ့ သုက်ပိုးတိုင်းကော လူတကယ်ဖြစ်မှာလား။ ဖြစ်ဖို့ ခက်ရင်းတယ် အကိုကြီး။ ဘာလို့လဲဆိုတော့ တခြား သူ့ထက် လူဖြစ်လောက်အောင်ကံအင်အားကြီးမားတဲ့ မျိုးစေ့တစ်ခုခုက အဲဒီသားအိမ်ဆီပဲ ဦးတည်ပြီးရောက်လာတဲ့အခါ အရင်ရောက်နှင့်ပြီးသားမျိုးစေ့ဟာ သေပေးရမှာပဲ။ အဲ တခြားအားကြီးတဲ့ မျိုးစေ့တစ်ခုခု ရောက်မလာဘူးဆိုရင်တော့ လူ့ဘ၀ရောက်ချင်ရောက်သွားမှာပေါ့လေ။ ဒါ့အပြင် အကိုကြီးပြောသလို သန္ဓေသားဖြစ်နေတုန်းမှာလည်း အခြားပျက်စီးစေနိုင်တဲ့ အကြောင်းတွေ အမျိုးမျိုးရှိနိုင်တာပဲလေ။ ရလာတဲ့ ကိုယ်ဝန်မပျက်စီးစေချင်ရင် မိခင်လောင်းတွေက အနေအထိုင်အများကြီး ဆင်ခြင်ကြရတော့တာ မဟုတ်လား။ လူ့ဘ၀ရောက်ရင်လည်း သရက်သီးဖြစ်လောက်အောင် အားမရှိတဲ့ အပွင့်တွေက သူပွင့်တဲ့အဖူးမှာ တခြားအားကြီးတဲ့ ပြိုင်ဘက်အဖူးတွေ မရှိလို့ ညောင်နာနာနဲ့ အသီးဖြစ်လာရသလို အဲဒီကလေးလည်း ညောင်နာနာနဲ့ လူ့ဘ၀ရောက်လာမှာ သေချာတယ်။

သောကြာ။ အဘိုးလေးပြောတာ ကျွန်တော် သဘောပေါက်သလိုလိုတော့ ရှိလာပြီ။ ဒါဆို ဒီကိုယ်ဝန်ဖျက်ချတယ် ဆိုတဲ့ ကိစ္စမှာ မိခင်လောင်းရဲ့လုပ်ရပ်တွေကိုချည်း ပြောမနေပဲ သန္ဓေသားလောင်းရဲ့ ကံကိုလည်း ထည့်တွက်ရမယ်ဆိုတဲ့သဘောပေါ့။

ဦးတင်။ ဒါပေါ့၊ ငါ့မြေးရ။ ဒါပေမဲ့ အပြစ်ဖြစ်/မဖြစ်ဆုံးဖြတ်တဲ့နေရာမှာတော့ မိခင်ဘက်ကိုပဲ ကြည့်ရမှာပေါ့။ “သူကံမကောင်းလို့ ငါက သတ်ရပါတယ်” ဆိုတဲ့ ဆင်ခြေမျိုးပေးလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ အဲလိုဆိုရင်တော့ ဘယ်သူမှတောင် အပြစ်ရှိမှာ မဟုတ်တော့ဘူး။ လူသတ်သမားတိုင်း တစ်ဘက်လူကံကုန်လို့၊ သို့မဟုတ် ကံမကောင်းလို့ သတ်လိုက်ရတယ်ချည်း ပြောကြမှာပဲ။ အဲဒီလိုဖြစ်ရင် သီလစောင့်ထိမ်းဖို့ဆိုတာလည်း ဘယ်လိုတော့မလဲ။ နောက်ပြီး လူ့လောကမှာ ကိုယ်ကျင့်တရားဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး။ အဲဒီလို အယူအဆမျိုးကို ရှေးကံကိုသာယုံစားတဲ့ မိစ္ဆာဒိဋ္ဌိလို့ ဆွေးနွေးခဲ့ဖူးတယ် မဟုတ်လား။ နောက်ဆုံး ခြုံပြောရရင်တော့ ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စမှာ ဘာအကြောင်းပဲ ရှိရှိ၊ ဖျက်ချတဲ့ အမျိုးသမီးရဲ့ ရိုးသားမှုပေါ်အခြေခံပြီး အပြစ်ရှိ၏/မရှိ၏ ဆုံးဖြတ်ရမယ် လို့ ကျုပ်သဘောကျတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရလာတဲ့ ကိုယ်ဝန်ကို တာဝန်မယူချင်တိုင်း ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကို ကာကွယ်နေရင်တော့ ဒီကိစ္စ ဆွေးနွေးလို့ကို ပြီးမှာ မဟုတ်ဘူး။

ဦးရှင်/သောကြာ။ ဟုတ်တာပေါ့၊ မှန်တာပေါ့။

No comments: