Monday, May 4, 2009

သူတောင်းစားသင်တန်းကျောင်း


အင်္ဂလိပ်စကားပြောကမ္ဘာမှာ ရှေးအကျဆုံးလို့ သတ်မှတ်ခံထားရတဲ့ Oxford တက္ကသိုလ်ကြီးကို (၁၂)ရာစုလောက်မှာ (စတင်တည်ထောင်တဲ့ခုနှစ်ကို မည်သူမှ ဂဂနနမသိသေးဘူးလို့ သိရပါတယ်။) စတင်တည်ထောင်ခဲ့ပြီး၊ အောက်စ်ဖို့ဒ်ဒေသခံတွေနဲ့ အဆင်မသင့်ဖြစ်မှုကြောင့် Cambridge တက္ကသိုလ်ကြီးကို (၁၂၀၉)နှစ်ခုမှာ အောက်စ်ဖို့ဒ်တက္ကသိုလ်ထွက်ပညာရှင်တွေက တည်ထောင်ခဲ့ပြန်ပါတယ်။ ယနေ့ ပညာရေးလောကမှာ ဒီတက္ကသိုလ်ကြီးတွေဟာ အမြဲတန်း ကမ္ဘာ့အဆင့် (၁) မှ (၄) အတွင်းရှိနေပါတယ်။

ကမ္ဘာ့တက္ကသိုလ်များသမိုင်းမှာ ရှေးအကျဆုံးလို့ သတ်မှတ်ခံထားရတဲ့ အင်ဒိယနိုင်ငံရှိ နာလန္ဒဗုဒ္ဓတက္ကသိုလ်ကြီးကိုတော့ ခရစ်နှစ် (၄)ရာစုလောက်မှာ၊ အတိအကျပြောရရင် ခရစ်နှစ်(၄၂၇)မှာ စတင်တည်ထောင်ပြီး တက္ကသိုလ်ကြီးဟာ (၁၁၉၇)ခုနှစ်အထိ နှစ်ပေါင်း (၇၇၀)လောက် ရှင်သန်ခဲ့တယ်လို့ သမိုင်းများက ဆိုပါတယ်။ နာလန္ဒတက္ကသိုလ်ကြီးဟာ နာဂဇုန၊ ၀သုဗန္ဓုစတဲ့ ဗုဒ္ဓဘာသာစာပေ ပညာရှင်ရဟန်းတော် အမြောက်အများကို မွေးဖွါးပေးခဲ့ရာဌာနကြီးတစ်ခုလဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ ပျက်စီးသွားပြီဖြစ်တဲ့ နာလန္ဒတက္ကသိုလ်အဟောင်းကြီးနဲ့ မလှမ်းမကမ်းမှာ တက္ကသိုလ်အသစ်ကလေးတစ်ခု တည်ဆောက်ပြီး ဗုဒ္ဓစာပေများကို ဆက်လက်ဖြန့်ချီလျှက်ရှိနေပါတယ်။

ပညာရေးလောကမှာ တစ်စုံတစ်ခုသော အတတ်ပညာကို သင်ယူ၊ ပို့ချဖို့အတွက် တက္ကသိုလ်ကြီးများကို ခေတ်အဆက်ဆက်ထူထောင်ခဲ့ကြရပါတယ်။ ယနေ့ခေတ်မှာလဲ သက်ဆိုင်ရာပညာရပ်တွေအတွက် တက္ကသိုလ်ကြီးတွေ အလျှိုအလျှိုပေါ်လာနေကြတာ တွေ့မြင်ကြရမှာပါ။ ရှေးဟောင်းတက္ကသိုလ်ကြီးတွေရဲ့ သမိုင်းကြောင်းအစကို လိုက်ကြည့်ရင် စစချင်း တက္ကသိုလ်အဆင့်အနေနဲ့ ထူထောင်တာမျိုးမဟုတ်ပဲ သာမန်ပညာသင်ကျောင်းကလေးများသာဖြစ်ခဲ့ကြတာ တွေ့နိုင်ပါတယ်။ နောက်ပိုင်းမှ ငွေကျေးအင်အားနဲ့ ဆရာအင်အားစသည်စုဆောင်းပြီး တဖြေးဖြေးချင်း မြှင့်တင်လာရာကနေ နောက်ဆုံး ပညာရပ်ပေါင်းစုံသင်ကြားရာ တက္ကသိုလ်ကြီးတွေအဆင့်ထိ ဖြစ်လာခဲ့ကြပါတယ်။

ကျနော်ကျောင်းတက်ခဲ့ဖူးတဲ့ အင်ဒိယနိုင်ငံမှာဆို တက္ကသိုလ်တွေအများကြီးပါပဲ။ တစ်ရာကျော်အထက်မှာရှိပါတယ်။ အဲဒီထဲမှာ ဗဟိုအစိုးရက တိုက်ရိုက်ထိမ်းချုပ်ကွတ်ကဲတဲ့တက္ကသိုလ်ကြီးတွေက ဆယ်ခုလောက်ရှိပါတယ်။ ကျန်တာတွေကတော့ ပြည်နယ်အစိုးရနဲ့ ပုဂ္ဂလိကထောက်ပံ့ခံတက္ကသိုလ်တွေများပါတယ်။ ကျနော်တက်ခဲ့တဲ့တက္ကသိုလ်ကတော့ ဗဟိုကတိုက်ရိုက်ကိုင်တဲ့ University of Hyderabad ဖြစ်ပါတယ်။ ပညာရပ်ပေါင်းစုံကို သင်ကြားပို့ချပေးပြီး အင်ဒိယနိုင်ငံရဲ့ ထိတ်တန်းတက္ကသိုလ်ကြီး ငါးခုထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

အဲဒီတက္ကသိုလ်ကြီးများအပြင် အင်ဒိယနိုင်ငံအတွင်း ကောလိပ်တွေ၊ အင်စတီကျုခေါ်သင်တန်းကျောင်းတွေ၊ စာသင်ကျောင်းတွေကတော့ သောင်းသိန်းချီရှိပါတယ်။ လူဦးရေများတဲ့အတွက် ကျောင်းတွေလဲ များပြားလာရတယ်လို့ ယူဆနိုင်ပါတယ်။ စာတကယ်မသင်ပဲနဲ့ အစိုးရဆီက ပိုက်ဆံထုတ်စားနေကြတဲ့ အမည်ခံကျောင်းတွေလဲ ရှိပါသေးတယ်။ အဲသလောက်များပြားလှတဲ့ စာသင်ကျောင်းတွေ ရှိနေပါလျှက်နဲ့ ပညာရေးလိုအပ်ချက်မှာ ဟာကွက်တွေရှိနေဆဲပါတဲ့။ ဒါကြောင့် အဲဒီဟာကွက်ကို ဖြည့်ဖို့အတွက် နောက်ထပ်ကျောင်းတစ်ကျောင်းကိုလဲ ထူထောင်ထားကြပါသေးတယ်။ အဲဒီကျောင်းကတော့---

“I am an orphan= ကျနော်/ကျမက မိဘမဲ့ကလေးတစ်ယောက်ပါခင်ဗျား/ရှင်။
I have not eaten for days=ထမင်းမစားရတာလဲ ရက်အတော်ကြာပါပြီ။
I am ill, have no money for medicine, please help me in the name of God=ကျနော်/ကျမနေမကောင်းဖြစ်နေပါတယ်၊ ဆေးဖိုးဝါးခလဲ မရှိပါဘူး၊ ဘုရားသခင်မျက်နှာတော်ထောက်ထားပြီး မစခဲ့ကြပါခင်ဗျား/ရှင်။”
အထက်ပါ ၀ါကျမျိုးတွေလို တောင်းတဲ့ရမ်းတဲ့အခါ လျှောလျှောရှူရှူဖြစ်အောင် သူတို့ဘာသာစကားမဟုတ်တဲ့ ဘာသာစကားတွေကို သင်ကြားပေးဖို့ ထူတောင်တာလို့ သိရပါတယ်။

အင်ဒိနိုင်ငံ၊ မြို့တော်နယူးဒေလီမှာ ခရစ်နှစ် (၂၀၁၀)ခု၊ အောက်တိုဘာလမှာ ကျင်းပမည့် ဓနသဟာယပွဲတော်ရာသီအတွင်း နိုင်ငံခြားသားဧည့်သည်ပေါင်း တစ်သိန်းကျော်ကျော်လာမည်လို့ ခန့်မှန်းထားပါတယ်။ နယူးဒေလီရှိသူတောင်းစားတွေဟာ နိုင်ငံခြားသားတွေဆီမှာ တောင်းရမ်းတဲ့အခါ အဆင်ပြေအောင် အင်္ဂလိပ်ဘာသာစကားအပါအ၀င် ပြင်သစ်၊ စပိန်စတဲ့ ဘာသာစကားတွေကိုလဲ သင်ယူကြရမှာဖြစ်ပါတယ်။ အဲဒီကျောင်းကလေးဟာ ဘာသာစကားကို သင်ပေးတဲ့အခါ သက်ဆိုင်ရာနိုင်ငံသုံးအကြွေစေ့တွေကိုလဲ စံနမူအဖြစ်မြင်ဖူးတယ်ရှိအောင် ကြိုတင်ပြပေးထားတယ် လို့သိရပါတယ်။

အချို့ကျောင်းသူလေးများဆိုရင် အင်္ဂလိပ်လိုရော ပြင်သစ်၊ စပိန်လိုတွေပါ တောင်းနည်းရမ်းနည်းတွေကို သွက်သွက်လက်လက်ပြောနိုင်ဆိုနိုင်နေကြပြီဖြစ်ကြောင်း အင်ဒိယနိုင်ငံထုတ် Hindustan Times သတင်းစာကြီးကဆိုပါတယ်။ နိုင်ငံအတွင်း သူတောင်းစားတစ်ယောက်ရဲ့ နေ့စဉ်ပျန်းမျှတောင်းရငွေဟာ Rupee (၁၅၀)မှ (၂၀၀)ပဲရှိပါသတဲ့။ (၄-၅ ဒေါ်လာခန့်ရှိပါတယ်၊ ဆယ်ရူပီးဖိုးလောက်ဆိုရင် မနက်စာကောင်းကောင်းစားလောက်ပါတယ်။ ကျနော်နေစဉ်တုန်းက မနက်စာဖိုး (၇-၈) ရူပီးဖိုးလောက်ပဲ ကုန်တယ်။) သူတောင်းစားတစ်ယောက်အတွက် ဒီလောက်ငွေပမာဏဟာ စားလောက်သောက်လောက်တဲ့အနေအထားမှာရှိပါတယ်။

ဒါပေမဲ့ လာမည့် ဓနသဟာယပွဲတော်ကာလအတွင်း ဘာသာစကားကျွမ်းကျင်မှုတွေ၊ လိမ်မာပါးနပ်မှုတွေနဲ့ပေါင်းပြီး တောင်းရမ်းလိုက်မယ်ဆိုရင် ယခုလက်ရှိဝင်ငွေထက် အဆများစွာရရှိနိုင်ကြောင်း သူတောင်းစားမိသားစုပေါင်း (၁၂၀၀)တို့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ Mr Vijay Babli က ဟင်ဒူစတန်နီတိုင်းသတင်းစာမှာ ပြောပြထားပါတယ်။ သူတို့ရဲ့ ကြိုးပန်းမှုတွေ ဘယ်လောက်ထိ ပေါက်ရောက်အောင်မြင်မယ်ဆိုတာကိုတော့ ပွဲတော်ကာလပြီးတဲ့အထိ စောင့်ကြည့်ကြရမှာပါ။ ဘာပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်တစ်ခုအတွက် ကျောင်းတစ်ကျောင်းကိုတော့ ထူထောင်ခဲ့ကြပါပြီ။ တကယ်လို့သာ အဲဒီကျောင်းဟာ သူတို့ရည်ရွယ်သလို အောင်မြင်တဲ့ကျောင်းတစ်ကျောင်းဖြစ်ခဲ့ရင် နောင်အနာဂတ်မှာ ကမ္ဘာပေါ်တွင် ပထမဆုံးသော သူတောင်းစားတက္ကသိုလ်ကြီးတစ်ခုဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာတဲ့လဲ။

“ပညာမဲ့သူသည် တောင်းရမ်းစားသောက်ရတတ်၏” လို့ အဆိုရှိပေမဲ့ တောင်းရမ်းစားသောက်သူတွေထဲမှာလဲ ပညာနည်းနည်းရှိတဲ့သူက သူများထက်ပိုရအောင် တောင်းနိုင်ကြောင်းသက်သေပြဖို့ အင်ဒိယက သူတောင်းစားအဖွဲ့သားတွေ ကြိုးပန်းလှုပ်ရှားနေကြပါပြီ။ ဒါကြောင့် ကျနော့်ထက် ငယ်သော၊ ကြီးသော ကျောင်းသူကျောင်းသားတွေကို ကျောင်းတက်နေရစဉ်ကာလမှာ ပညာကို ကြိုးစားသင်ကြဖို့ တိုက်တွန်းနှိုးဆောင်လိုက်ရပါတယ်။ သူတောင်းစားလုပ်ဖို့မဟုတ်ဘူးနော်။ တိုင်းပြည်အုပ်ချုပ်ဖို့၊ ကိုယ့်နိုင်ငံကို ကမ္ဘာ့အလယ်မှာ တင့်တယ်အောင် ထူထောင်ဖို့။ အဲဒီလို ရည်ရွယ်ချက်မျိုးနဲ့ကို သင်ကြရမှာ။ မဟုတ်ရင်တော့---။

2 comments:

မသက်ဇင် said...

စာလာဖတ်ပါတယ်
ဗဟုသုတ အတော်ရပါတယ်
မျှဝေပေးတာကျေးဇူးပါ
ပျော်ရွှင်ပါစေ

သူကြီးမင်း (တုံးဖလား) said...

တက္ကသိုလ်ဆင်း သူတောင်းစားကြီးတွေဆိုရင်တော့ ငါးဒေါ်လာ ခြောက်ဒေါ်လာလောက် လာချီးမြှင့်တဲ့သူကို အော်ဆဲလွတ်မလားဘဲ။ ဂုဏ်သရေရှိ သူတောင်းစားကြီးများ ဖြစ်နေပြီကိုး။