Wednesday, September 22, 2010

တွင်းသင်းမင်းကြီးတောလား

တွင်းသင်းမင်းကြီး၏ ရတုသုံးပုဒ်ကို ဖတ်ကြည့်လျှင် န၀ဒေးကြီး၏ ပထမတောလားသုံးပုဒ်နှင့် အသံယူပုံနှင့် စကားလုံးယူပုံတို့ ခပ်ဆင်ဆင်တူနေမည်ကို သတိပြုမိပေလိမ့်မည်။ န၀ဒေးကြီး၏ “ထူးတလည်လျှင်” အချီနေရာတွင် တွင်းသင်းမင်းကြီးက “ထူးတထွေလျှင်”ဟု၎င်း၊ န၀ဒေးကြီး၏ “သာနိုးပျော်ရွှင်” အချီနေရာတွင် တွင်းသင်းမင်းကြီးက “သာနိုးတစ်စုံ”ဟု၎င်း၊ န၀ဒေးကြီး၏ “တဖြည်းပျံ့ပျံ့” အချီနေရာတွင် တွင်းသင်းမင်းကြီးက “တပျံ့ဖြီးဖြီး”ဟု၎င်း အသီးသီးရေးခဲ့သည့်ကို တွေ့ရသည်။ သို့သော်လည်း အချပိုဒ်များကိုမူ အတန်ငယ်ကွဲပြားစေလျှက်ရေးသားခဲ့သည်ကို တွေ့ရသည်။ န၀ဒေးကြီး၏ တောလားအချပိုဒ်များဖြစ်သော “လွမ်းခွင့်နောင်တွင် ဖြင်သကား၊ လူနှိုက်တူပင် ထင်သကား၊ အလွမ်းပြည်ဖြင် မြင်သကား” တို့နေရာတွင် တွင်းသင်းမင်းကြီးက “မောင့်မှာ လွမ်း၍မုံ့သကား၊ မောင့်မှာ နွမ်းသွေ့ပုံ့သကား၊ အောင့်ကာ ချမ်းအေ့တုံ့သကား” ဟူ၍ အသီးသီး ချခဲ့သည်။

သို့ဆိုလျှင် တွင်းသင်းမင်းကြီးဟူသည် န၀ဒေးကြီးပင်လော? ဟု မေးခွန်းထုတ်စရာဖြစ်လာသည်။ အဖြေကား ၎င်းသည် န၀ဒေးကြီးမဟုတ်၊ န၀ဒေးလေးဖြစ်သည် ဟူသတည်း။ ရာဇ၀င်မှတ်တမ်းများအရ မြန်မာမင်းများလက်ထက်တွင် န၀ဒေးငါးဦးပေါ်ထွန်းခဲ့ကြောင်းကို န၀ဒေးကြီး၏တောလားများပို့စ်တွင် ရေးသားခဲ့ပြီးဖြစ်သည်။ ယင်းငါးဦးအနက် ပထမသုံးဦးဖြစ်သော အင်္ကုရခေါ်ဇင်းမယ်န၀ဒေး၊ လှော်ကားသုံးထောင်မှူးခေါ်တောင်ငူန၀ဒေးနှင့် ရွှေတောင်နန္ဒသူ(ရွှေတောင်ရာဇကျော်သူ?)ခေါ် စလင်းန၀ဒေး သုံးဦးကို ကဗျာက၀ိပညာရှိကြီးများအဖြစ် နှောင်းခေတ်ကဗျာစာဆိုပညာအိုတို့က သတ်မှတ်ခေါ်ဆို ချီးကျူးခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။ ပြည်န၀ဒေးကြီးနှင့် ၀က်မစွက်န၀ဒေးတို့နှစ်ဦးသည်သာ သက်ဆိုင်ရာဘုရင်တို့က “န၀ဒေး” ဟူသောဘွဲ့တံဆိပ်အပ်နှင်းကာ ချီးမြှင့်မြှောက်စားခံခဲ့ကြရကြောင်း သိရသည်။

ယင်းတို့နှစ်ဦးအနက် ပြည်န၀ဒေးကို သက္ကရာဇ် (၉၂၈)-ခုတွင် “ရာဇဌာနီ” အစချီ ဟံသာဝတီမြို့တော်ဘွဲ့ရတုကို ရေးသားဆက်သွင်းခဲ့သဖြင့် ဘုရင့်နောင်မင်းတရားက န၀ဒေးဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။ န၀ဒေးသမိုင်းတွင် ပထမဆုံးန၀ဒေးဘွဲ့ရသော ရတုပါရဂူကြီးပေတည်း။ ၀က်မစွက်န၀ဒေးသည် မော်ကွန်းအရေးအသားတော်လွန်းသဖြင့် သက္ကရာဇ် (၁၁၆၁)-ခုလောက်တွင် ဘိုးတော်ဘုရားက န၀ဒေးဘွဲ့အပ်ပြီး ချီမြှင့်မြှောက်စားခြင်းခံရသည်။ ဒုတိယန၀ဒေး သို့မဟုတ် မော်ကွန်းန၀ဒေးဟု ကျော်ကြားကြောင်းသိရသည်။ ငယ်နာမည် မောင်နုဖြစ်ပြီး စစ်ကိုင်းမြို့နယ်၊ ဆားတောင်မငါးရွာအ၀င်ဖြစ်သော ရွာဝေးရွာဇာတိ သူကြီးမျိုးရိုးဖြစ်သည်။

ဘိုးတော်ဘုရားလက်ထက်တွင် တွင်းသင်းမင်းကြီးခေါ်တွင်းသင်းတိုက်ဝန်နှစ်ဦးရှိခဲ့သည်။ နှစ်ဦးလုံးပင် ကဗျာလင်္ကာပျို့ရတုရေးသားရာတွင် ထူးချွန်ပြောင်မြောက်သူများဖြစ်ကြသည်။ ပထမတွင်းသင်းတိုက်ဝန်မှာ မောင်းထောင်ရွာဇာတိ၊ ငယ်နာမည် ဦးထွန်းညိုခေါ်သည်။ မဟာစည်သူဘွဲ့ဖြင့် ချီးမြှင့်မြှောက်စားခြင်းခံရပြီး ကိန္နရီကိန္နရာအလွမ်းဇာတ်ဖြစ်သော “ဘလ္လာတိယပျို့” နှင့် အလှဘုရင်မလေးတစ်ယောက်အပေါ် ရူးသွပ်ခဲ့ရသောရသေ့ကြီးတစ်ဦး၏ ရူးသွပ်ပုံပြ “မုဒုလက္ခဏပျို့”တို့ကို ရေးသားခဲ့သူဟုသိရသည်။ ထို့ပြင် ဦးထွန်းညိုသည် “တောင်ငူဆက်မဟာရာဇ၀င်သစ်” ကိုလည်း ရေးသားခဲ့သေးသည်။ ယင်းမဟာစည်သူဦးထွန်းညိုကွယ်လွန်သောအခါ ဒုတိယန၀ဒေးဖြစ်သော ရွာဝေးရွာဇာတိဦးနုကို ယင်းတာဝန်တွင် ဆက်လက်ခန့်အပ်ထားခဲ့ပြီး မဟာသင်္ခယစည်သူ၊ မဟာသီရိစည်သူဘွဲ့များလည်း ချီးမြှင့်ခဲ့ကြောင်း သမိုင်းကဆိုသည်။

သို့ဖြစ်လျှင် ယခုဖေါ်ပြလတံ့သော တောလားသုံးပုဒ်ကို အဘယ်တွင်းသင်းတိုက်ဝန်ရေးသားခဲ့လေသနည်း? ဦးထွန်းညိုလော? သို့မဟုတ် ဦးနုလော? ဖြစ်နိုင်ချေမှာ နှစ်ဦးစလုံးဖြစ်သည်။ သို့သော် တကယ်ရေးရမည်မှာ တစ်ဦးတည်းသာဖြစ်ရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းတို့နှစ်ဦး၏ အလေ့အထကို ကြည့်ဖို့လိုလိမ့်မည်။ ဦးထွန်းညိုသည် ရှင်မဟာသီလ၀ံသတို့ကဲ့သို့ ပျို့အရေးအသာတွင် ပါရဂူမြောက်သူဖြစ်၍ ဦးနုမှာ မော်ကွန်းနှင့်ရတုအရေးအသားတွင် ပါရဂူတစ်ဆူဖြစ်သည်။ ဦးနုရေးခဲ့သောမော်ကွန်းပေါင်း (၁၆)ခုမျှရှိကြောင်းသိရသည်။ ထို့ပြင် ဦးနုသည် ဒုတိယန၀ဒေးဘွဲ့ရရှိထားသည့်အတွက် ပထမန၀ဒေးကြီး၏ လက်ရာများကို ထပ်တူမဟုတ်သည့်တိုင် သံယောင်လိုက်ကာ အတုယူမည်ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။ ထို့ကြောင့် အောက်ပါတောလားသုံးပုဒ်ကို ဒုတိယန၀ဒေးဦးနုရေးသားခဲ့ကြောင်း စာရေးသူက အကြမ်းဖျဉ်းကောက်ချက်ဆွဲသည်။ ယင်းကောက်ချက်အရ ဤပို့စ်၏အစတွင် န၀ဒေးလေးရေးသားခဲ့သည်ဟု အဖြေပေးခဲ့ရခြင်းဖြစ်သတည်း။

(ပ) ထူးတထွေလျှင်၊ သံချေနှုတ်လစ်၊ ကျားသစ်ကရုတ်၊ သစ်ကျုတ်ကဒိန်း၊ ကျားကဟိန်း၍၊ ပျောင်းမိန်းမူးရိုက်၊ လွမ်းစင်ကြိုက်တွင်၊ ရီမိုက်ချမ်းရောက်၊ နေခြည်ပျောက်သော်၊ ငမျောက်လွှားလွှား၊ ငမျောက်လွှားဟု၊ ဆော်ကြားသံရှည်၊ ကျားဒိန်းမည်က၊ မြိုင်စည်တောလယ်၊ ဒရယ်ခုန်မြောက်၊ ချေကဟောက်၍၊ တောက်သည့်သမင်၊ ပြောင်,ဆတ်ကအော်၊ စိုင်ကဆော်လျက်၊ တကျော်သောင်းသောင်း၊ ဥဒေါင်းကငေါင်၊ ကြောင်က၀ပ်မြည်၊ ဆင်ကျည်ကျည်နှင့်၊ ညှင်းသည်သံတျန့်၊ ထန့်ဒျန့်တေတျာ၊ သံသာဆန်းထူး၊ မကြားဘူးမျှ၊ ၀မ်းနူးဘွယ်သည်၊ ရင့်မြည်အူအူ၊ တောက်ကျော်ပြူက၊ ချစ်သူတို့လား၊ မယ်တို့လားဟု၊ သနားစရာ၊ တောလုံးသာသည်။ ။မောင့်မှာလွမ်းရွေ့ မုံ့သကား

(ဒု) သာနိုးတစ်စုံ၊ တောရဂုံနှိုက်၊ ကြေးမုံကဲ့သို့၊ လဲ့လဲ့ညို့ကို၊ တ,သို့ခိုက်တွင်၊ တိမ်တိုက်ပြင်က၊ သံရှင်နတ်စည်၊ ထူးတလည်လျှင်၊ ကျူးမြည်သံသာ၊ အချာချာတည့်၊ ဟေလာရင်မြည်၊ ငှက်တို့သည်လည်း၊ သံရှည်တသွယ်၊ သံရွယ်တသီး၊ သံကြီးတထွေ၊ ညှင်းညှင်းချေ၍၊ မကွေဖေါ်စုံ၊ ပျော်ကြတိုလျက်၊ ပွင့်ငုံပို့သယ်၊ လူတို့နှယ်လျှင်၊ ကျီစယ်နှစ်လို့၊ ချစ်ရည်ဖို့မျှ၊ တချို့ကပေး၊ တစ်ချို့ရွေး၍၊ နွှေးကာပုံ၏၊ တူစုံရွှင်မှု၊ တခုလည်ဝယ်၊ တခုလွယ်လျက်၊ ရှုဘွယ်လူလို၊ သို့သို့ကိုလျှင်၊ မြိုင်ညိုလမ်းပါး၊ မြင်မိသွားသော်၊ ထပ်ပွားဗျာပါ၊ ရှိအောင်ရှာသည်။ ။မောင့်မှာလွမ်းသွေ့ ပုံ့သကား

(တ) တပျံ့ဖြီးဖြီး၊ ရနံ့ချည်းလျှင်၊ နှင်းလည်းဖြိုးမြောက်၊ တဖြောက်ဖြောက်နှင့်၊ ခက်လျှောက်ကိုင်းမ၊ ခုန်ပျံက၍၊ မျောက်က၀ူဝုတ်၊ ရှဥ့်ကတုတ်၏၊ ဖြူးသုတ်လေပြည်၊ အောက်ချင်းသည်တို့၊ စည်ရှည်ပျဉ်းပျဉ်း၊ ပုစဉ်းကျီးနက်၊ အာလ၀က်က၊ ရွှေကြက်တောတို့၊ ဆွေညို့မယ်စော၊ မသံနှောလျက်၊ သောသောမြည်ညွှတ်၊ တီတီတွတ်နှင့်၊ ပြွတ်ကစိုးစိုး၊ ချိုးကရည်ကျော်၊ ဘုတ်အိန့်ခေါ်၍၊ ရှုမျှော်ပျောင်းနွမ်း၊ မလွမ်းစထောင်း၊ ၀က်ထောင်းစွယ်ရှည်၊ ကျူးမည်ခြားနား၊ စုံမြိုင်ဖျားဝယ်၊ ဟေလားဟာလေး၊ ဟိန်စာလေးဟု၊ ဟာလေးမြည်ကျူး၊ အမမြူးက၊ မထူးတည့်နိုင်၊ လေချမ်းဆိုင်၍၊ မိန်းမှိုင်ဝေဆာ၊ နောင်ချည်းသာသည်။ ။အောင့်ကာချမ်းအေ့ တုံ့သကား


No comments: