Monday, September 6, 2010

ဆရာတော်ဦးဗုဒ်၏ ရွှေစက်တော်သွားတောလား

အောက်ပါတောလား (၃)ပုဒ်ကို ဆရာတော်ဦးဗုဒ်သည် သူ၏မွေးဖွါးရာဇာတိဖြစ်သော ညောင်ကန်ရွာမှ သက္ကရာဇ် (၁၁၈၂)-ခုနှစ်တွင် ရွှေစက်တော်သို့ အဖူးအမျှော်ကြွရောက်စဉ်က ရေးသားသီကုံး စပ်ဆိုတော်မူခဲ့ကြောင်းမှတ်တမ်းပြုထားသည်။ ဆရာတော်ဦးဗုဒ်သည် ဥပေက္ခာအလွန်ကြီးမားတော်မူသော ဆရာတော်တစ်ပါးဖြစ်ကြောင်း စာများကဆိုသည်။ မွေးသဖခင်ကြီးလာရောက်တွေ့ဆုံသည်ကိုပင် လက်ခံတွေ့ဆုံခြင်းမပြု၊ လျှစ်လျူရှုလျှက် မိမိဝါသနာပါရာ စာပေကိုသာ အစဉ်ကျိုးကုတ်အားထုတ်တော်မူသဖြင့် ဖခင်ကြီးက ရင်နာနာဖြင့် လာရာလမ်းသို့ လှည့်ပြန်သွားခဲ့ရသည်ဟူ၏။ အုဌ်ကျောင်းဒါယိကာမကြီး နန်းမတော်မယ်နုကိုပင် သေဒဏ်အပေးခံရခါနီးတွင်မှ “သူ့ဝဋ်ကျွေးရှိရင် ဆပ်လိုက်” ဟူသောစကားမျှကိုသာ နှစ်သိမ့်မိန့်ကြားခဲ့သော ဆရာတော်တစ်ပါးဖြစ်သည်။

သို့ကလောက် ဥပေက္ခာပြုနိုင်လွန်းသော ဆရာတော်သည် တောတောင်သဘာဝတို့၏ အလှအပကို မည်ကဲ့သို့ ခံစား၍ တောလားများကို ရေးသားစပ်ဆိုလေသနည်း။ ရှင်ဥတ္တမကျော်၊ ရှင်မဟာရဋ္ဌသာရတို့ကဲ့သို့ ဖို-မ တွန်သံများကို အာရုံခံစားကာ ရေးသားခဲ့ပါသလော။ ဆရာတော်သည် သူ၏တောလားများကို အထက်ပါ အရှင်နှစ်ပါးနှင့် မတူကွဲပြားစွာ စပ်ဆိုသီကုံးခဲ့ကြောင်း အောက်ပါလက်ရာများက ညွှန်းလျှက်ရှိလေပြီ။ ဆရာတော်၏ တောလားများသည် “တောလား”ဆိုသော်လည်း တောတောင်၏ အရိပ်အရောင်မျှကိုပင် ထည့်သွင်းစပ်ဆိုခြင်းမပြုဘဲ၊ ဘုရားဖူးသွားရာခရီးစဉ်ကိုသာ ဦးစားပေးရေးဖွဲ့ထားလေရာ “တောလား”နှင့်မတူပဲ ခရီးသွားမှတ်တမ်းနှင့်သာ တူချေတော့သည်။ ရှုစားကြပါကုန်။



(ပ) ရွှေစက်နှစ်တည်၊ ဖူးအံ့ရည်၍၊ ရှည်သက္ကရာဇ်၊ ထောင်ရာရှစ်ဆယ်၊ စွန်းကယ်နှစ်နှစ်၊ သရစ်မာသ၊ ပုဏ္ဏမ၀ယ်၊ ဗုဒ္ဓနေ့တွင်၊ ပုတလင်မှ၊ ထွက်ခဲ့ကြွသော်၊ စုံလှဈေးနာ၊ မိုရွာမြစ်စုတ်၊ ပခုက္ကူမည်၊ ပုဂံပြည်နှင့်၊ ဤသည်ရပ်များ၊ ညဥ့်တန့်နားမှ၊ ညောင်လှယသာ၊ နောက်ဖက်မှာကား၊ ကမ်းနားမည်ခံ၊ ကြွပုဂံရွာ၊ ဆိတ်ဖြူရွာနှင့်၊ ရှေ့မှာစဥ့်ကူ၊ ရွာမူပျဉ်းမ၊ ယင်းအောက်ကတွင်၊ ဆီးချိုပင်တည့်၊ မွမ်းဖြင်ဗိုလ်ခြေ၊ စလေတသွယ်၊ ပုခန်းငယ်ဆိပ်၊ ညဥ့်အိပ်ခဲ့ထွေ၊ ဆူးလေကုန်းဟူ၊ တောင်ပလူရွာ၊ မဲရွာခေါ်ရှောင်း၊ ငမွဲချောင်းနှင့်၊ ကျော်သောင်းကျောက်ရဲ၊ တကွဲဆားလယ်၊ တသွယ်ပင်းချောင်း၊ ဖေါင်းကတောရွာ၊ ကြေညာဝှန်ခြောင်း၊ ရေနံချောင်းက၊ ညောင်လှဆားကိုင်၊ ရိပ်မြိုင်ပြည့်သိပ်၊ ရုံးပင်ဆိပ်က၊ သာလှတုလွတ်၊ ၀က်မစွတ်မြေ၊ တညဥ့်နေ၍၊ စီးလှေဆိုက်ခါ၊ တက်သွားပါသော်၊ စဉ်လာခေါ်နုန်း၊ ဆယ်မုန်းပျော်ဖွယ်၊ လေကွယ်ပေါင်းငူ၊ လှိုက်ဆူကျောက်သံ၊ ကျောက်စံခေါ်ငြား၊ ကာလပါးနှင့်၊ ထူးပြားကွဲလွဲ၊ ကျွဲတဲညောင်ကိုင်း၊ စဉ်တိုင်းမျှော်ရှု၊ စကုတသင်း၊ ချင်းကုန်းတချက်၊ မယှက်တဆူး၊ ဖြူကုန်းတရွာ၊ ခွန်သာတသီး၊ ရုံးကြီးတောခေါ်၊ ဆယ်တော်မည်တွင်၊ တည်ပင်လုပ်ဆေး၊ မဝေးစပ်ကာ၊ ကင်ပိန့်ရွာတည့်၊ ချင့်တာမြောက်များ၊ ဆယ်ငါးယူဇနာ၊ သင်္ချာတွက်ပေါင်း၊ ကိုးသောင်းကျော်စင်၊ လွန်ခဲ့ကျင်၍၊ ကြည်ရွှင်ကော်ရော်၊ ဖူးရမြော်သည်။ စက်တော်မြတ် နှစ်ဆူကိုကား။



(ဒု) စက်တော်ကသည်၊ ပြန်ခဲ့လည်၍၊ ဘုန်းစည်ကိန်းအောင်း၊ ရာတော်ကျောင်းသို့၊ ပြောင်းခဲ့တုံခေါက်၊ စုံတလျှောက်ဝယ်၊ ချင့်ထောက်တိုင်ကွာ၊ ကင်ပိန့်ရွာနှင့်၊ တာပြန်ထောင်ပေါင်း၊ လုပ်ဆေးချောင်းတွင်၊ တည်ပင်စခန်း၊ ချင့်မှန်းတိုင်ကျော်၊ ဆယ်တော်တသီး၊ ရုံးကြီးတောစွန်၊ တတိုင်မှန်တွင်၊ ခွန်သာခေါ်နုန်း၊ ဖြူကုန်းမြောက်စောင်း၊ တာထောင်ပေါင်းတွင်၊ ရွှေကျောင်းမည်သာ၊ ချင်းကုန်းရွာက၊ တိုင်ကွာမမှား၊ ပန်းလွှားရွာထက်၊ တညဥ့်စက်မှ၊ ထွက်ခဲ့တခါ၊ ကမဲ့ရွာနှင့်၊ တာနှစ်တိုင်တွင်း၊ မဲရင်းတဆစ်၊ ၀ါးသစ်တဆိုင်း၊ တာထောင်ပိုင်းတွင်၊ လယ်ကိုင်းရှေ့မြောက်၊ နှစ်တိုင်လောက်ဝယ်၊ ပယ်ဖျောက်မိုက်မှောင်၊ ခြောက်သွယ်ရောင်ဖြင့်၊ အထောင်နေ့တွင်၊ ယိုးမှားထင်သည်။ ရှင်ပင်ကျောင်းတော်ရာကိုကား



(တ) ကျောင်းတော်ရာတွင်၊ ယင်းရှင်ပင်ကို၊ ကြည်လင်ညွတ်နူး၊ တညဥ့်ဖူးမှ၊ ပြန်ခဲ့ကြွသော်၊ ရှေးကသညာ၊ ကျမ်းအလာမူ၊ သုပ္ပါဒက၊ ခုမှတခါ၊ သစ်တော်ရွာဟု၊ သညာမည်ခံ၊ သမင်ခြံရွာ၊ ညောင်ချစ်ရွာနှင့်၊ သာယာဆန်းထူး၊ ကျွန်းဦးမည်သာ၊ ညောင်ချုံရွာက၊ ရွာတော်မည်နှုန်း၊ ထနောင်းကုန်းတွင်၊ နှစ်တိုင်လျှင်တည့်၊ ထို့ပြင်တထောက်၊ သုံးထောင်လောက်တွင်၊ ထက်အောက်ဌာန၊ ကျော်ပေါက်ပြသည်။ သာလှဝက်မစွက်ကိုကား

မှတ်ချက်။ ။ ဓာတ်ပုံများကို အွန်လိုင်းမှ ယူထားခြင်းဖြစ်ပါကြောင်း။


2 comments:

မေဓာဝီ said...

ဆရာတော်ဦးဗုဒ်ရေးတာကို တခါမှမဖတ်ဖူးဘူး။ ကျေးဇူးပဲ ကိုမင်းထက်။

Unknown said...

ကျေးဇူး အထူးပါခဗျာ