Wednesday, September 8, 2010

အရှင်ဇယန္တာဘိဓဇ တောလား


အရှင်ဇယန္တာဘိဓဇ၏ တောလားများသည် တောတောင်တို့၏ သဘာဝအလှအပကို အရှင်ဥတ္တမကျော်နှင့် အရှင်မဟာရဋ္ဌသာရတို့နည်းတူ ရေးစပ်သီကုံးထားကြောင်းတွေ့ရသည်။ ယင်းသို့ရေးစပ်ထားရာ၌ ကျေးငှက်သာရကာတို့၏ အော်မည်သံအမျိုးမျိုးကို လူတို့ခံစားနိုင်သောနည်းလမ်းဖြင့် ဖွဲ့သီထားကြောင်း တွေ့မြင်နိုင်သည်။ သို့ရာတွင် အချို့ပိုဒ်များ၌ အရှင်မဟာရဋ္ဌသာရ၏ ရေးဟန်များရောနှောလျှက်ပါဝင်နေသောကြောင့် အရှင်မဟာရဋ္ဌသာရ၏ တောလားများသည် အရှင်ဇယန္တာဘိဓဇအပေါ် သြဇာလွှမ်းမိုးမှုရှိကြောင်းကိုလည်း ရိပ်စားမိနိုင်သည်။



ဥပမာအားဖြင့် အရှင်မဟာရဋ္ဌသာရကိုယ်တော်ရှင်က ၎င်း၏တောလား ဒုတိယပိုဒ်တွင် “မောင်ထွေးတို့လော၊ မယ်တို့လောဟု”ဟူ၍ ရေးသားခဲ့သည်ကို အရှင်ဇယန္တာဘိဓဇက သူ၏တောလား တတိယပိုဒ်တွင် “မောင်မယ်တို့လေး၊ မယ်တို့အေးဟု” ဟူ၍၎င်း၊ အရှင်မဟာရဋ္ဌသာရက သူ၏တောလား တတိယပိုဒ်တွင် “မျောက်ကကြိုးခွေ၊ ဒေါင်အိုးဝေနှင့်၊ သံခြေကြွေးကြော်၊ ဖို-မ ခေါ်လျှက်” ဟုရေးစပ်ခဲ့သည်ကို အရှင်ဇယန္တာဘိဓဇက ၎င်း၏ တောလားများကို အပိုဒ်ခွဲခြားကာ ပထမပိုဒ်တွင် “မျောက်ကကြိုးခွေ၊ ချေကရင့်ရူ” ဟူ၍၎င်း၊ ဒုတိယပိုဒ်တွင် “ဒေါင်းလည်းအိုးဝေ၊ စုံမြိုင်ခြေမှာ” ဟူ၍၎င်း ရေးသားစပ်ဆိုတော်မူခဲ့သည်ကို တွေ့ရသည်။ထို့ပြင်လည်း ကာရန်ယူရာတွင် အရှင်မဟာရဋ္ဌသာရက သူ၏တောလားတတိယပိုဒ်တွင် “ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်၊ သစ်ကျုတ်ပြေးလွှား” ဟုရေးသားခဲ့သည်ကို အရှင်ဇယန္တာဘိဓဇက ၎င်း၏တောလားပထမပိုဒ်တွင် “၀က်လည်းရုတ်ရုတ်၊ ရှဥ့်ကတုတ်လျှက်၊ သစ်ကျုတ်ကျားမင်း၊ သံညင်းဒိန်းဒိန်း” ဟူ၍ အရှင်မဟာရဋ္ဌသာရ၏ ”ဥတ်ကာရန်”ကို အတုခိုးကာ စပ်ဆိုတော်ခဲ့ကြောင်း ခန့်မှန်းနိုင်သည်။

သို့ရာတွင် အရှင်မဟာရဋ္ဌသာရက သူ၏ရေးဟန်ကို တောလားပုံမြောက်အောင် အချီအချ ကာရန်မယူပဲ အချပိုဒ်များကိုသာ “မဂ်ဖိုလ်နိဗ္ဗာန် စူးစူးတည်း၊ တောကြက်တွန်သံ မြူးမြူးတည်း၊ လေပြည်ပျံ့ပျံ့ ပျူးပျူးတည်း၊ စိတ်ကရောက်ချင် ရူးရူးတည်း”ဟု ကာရန်တူစေလျှက် စပ်ဆိုတော်မူခဲ့သော်လည်း အရှင်ဇယန္တာဘိဓဇက သူ၏တောလား (၃)ပိုဒ်လုံးကို “ကြူးဓွန့်ရှည်၍....ပျော်မြူးရဂုံပေတကား”ဟူ၍၎င်း၊ “ဖူးညွန့်စည်၍....ခေါ်ထူးအစုံပေတကား”ဟူ၍၎င်း၊ “ကျူးကွန့်မည်၍....မြော်ဘူးမကြုံလေတကား”ဟူ၍၎င်း ရတုရေးဟန်ဖြင့် ဖွဲ့နွဲ့သီကုံးထားသည်ကို သတိပြုမိနိုင်သည်။ ယင်းသို့အားဖြင့် တောလားကို အချီအချကာရန်တူစေလျှက် ရေးသားထားသော အဖွဲ့အနွဲ့ကြောင့် တောလားခေတ်နှင့် ရတုခေတ်နှစ်ခုတို့၏ စပ်ကူးမတ်ကူးကာလကို ဖေါ်ညွှန်းခဲ့လေသလောဟု တွေးတောယူဆမိသည်။ အရှင်ဇယန္တာဘိဓဇ၏ တောလားများကို ဆက်လက်၍ ရှုစားကြပါကုန်....။



(ပ) ကြူးဓွန့်ရှည်၍၊ ရေကြည်ပတ်ယှက်၊ သည်မြိုင်ချက်မှာ၊ ကြင်ဘက်မပါ၊ နောင်တည်းသာလျှင်၊ ရှုရာသွယ်သွယ်၊ စိတ်ဝမ်းငယ်မျှ၊ သွတ်လှယ်တုံ့ခေါက်၊ ကိုင်းခက်လျှောက်လျက်၊ မျောက်ကကြိုးခွေ၊ ချေကရင့်ရူ၊ ဖြူကကျော်သည်း၊ ဆင်ပြောင်ဟည်း၍၊ ၀က်လည်းရုတ်ရုတ်၊ ရှဥ့်ကတုန့်လျက်၊ သစ်ကြုတ်ကျားမင်း၊ သံညင်းဒိန်းဒိန်း၊ ကျားဟိန်းသာရွှင်၊ သမင်ကတစ်၊ ယုန်ကျစ်ကျစ်နှင့်၊ ထစ်သည့်ဆတ်စိုင်၊ မြိုင်ကအေး၍၊ လွမ်းရေးသွယ်ပုံ၊ သာခန်းစုံမှာ၊ မကြုံလှည့်ဘူး၊ ထွေဆန်းထူးသည်။ ။ပျော်မြူးရဂုံပေတကား



(ဒု) ဖူးညွန့်စည်၍၊ မြရည်အဟန်၊ မြိုင်တောဌာန်၌၊ နွေသန်မြိတ်တွင်း၊ ပန်းသင်းသင်းနှင့်၊ ညှင်းညှင်းလေပြည်၊ ဆီးကြည်ကြည်မှာ၊ ရွှေရည်ရစ်နွှဲ၊ တသဲသဲတည့်၊ ၀ဲကာမြူး၍၊ ကြူးလှည့်သောသော၊ ရွှေဥသြနှင့်၊ ကြက်တောကျော်ကျော်၊ ဖိုမခေါ်လျက်၊ ငှက်တော်ကျည်ကျည်၊ ခေါက်ရှည်မြည်က၊ ရွှေပြည်စိုးတည့်၊ သာနိုး၏ဟု၊ ကိုယ့်မည့်မီမီ၊ ငှက်ဇီဝဇိုဝ်း၊ တောလျှိုးသံကြီး၊ ကျီးကအိုးအာ၊ လင်းပြာညည်းညည်း၊ တချည်းချည်းနှင့်၊ ဒေါင်းလည်းအိုးဝေ၊ စုံမြိုင်ခြေမှာ၊ တျာတေသံလေး၊ ရင့်ကာကြွေးလျက်၊ အေးငယ်တို့လား၊ မယ်တို့လားဟု၊ သာဖြားသွေးချို၊ ချစ်ဘွယ်ဆို၍၊ နှစ်ကိုယ်ယှဉ်ပူး၊ ရွှင်ကြည်မြူးသည်။ ။ခေါ်ထူးအစုံပေတကား



(တ) ကျူးကွန့်မည်၍၊ မိုးစည်ညုန်းညုန်း၊ တအုန်းအုန်းတည့်၊ ထစ်ချုန်းပတ်ခြိမ့်၊ တနိမ့်နိမ့်လျှင်၊ ယိုလိမ့်ဘနန်း၊ သက်တင်ရန်းလည်း၊ နီမြန်းစွေးစွေး၊ ပိုက်ကာကွေးလျက်၊ ဒွေးဘော်စုံနှော၊ စုံခြေတောသို့၊ ရွက်ကြောညှာနု၊ ခါမလုဘဲ၊ ရတုဆန်းထွေ၊ စန်းရေကျောက်စက်၊ စိမ့်သွက်သွက်တည့်၊ ဧမြက်ကြည်ကြည်၊ နတ်ဆည်ကန်ဝှမ်း၊ စုံရိပ်ချမ်းဝယ်၊ တမ်းလွမ်းဘွယ်ပေ၊ မျက်ခြည်ဝေမျှ၊ ချိုလေခြည်နှော၊ ဝေရီရောလျက်၊ တောလည်းသာထွေ၊ ရေလည်းသာခေါင်၊ တောင်လည်းသာဆန်း၊ ပန်းလည်းမွှေးမွှေး၊ ငှက်ကျေးစုံတူ၊ တအူအူနှင့်၊ ရင့်ရူရုန်းရုန်း၊ ပိတုန်းဝဲကွန့်၊ မြိုင်ယံဝှန့်တွင်၊ ညှာညွတ်သွယ်သွယ်၊ ၀တ်ရက်သွယ်၍၊ မောင်မယ်တို့လေး၊ မယ်တို့အေးဟု၊ ဟာလေးဟေလာ၊ ချစ်ပျူငှါနှင့်၊ ထွေရာဆန်းပြား၊ မြင်လှည့်ငြားက၊ ၀မ်းပါးကြည်နူး၊ ဆွတ်ပျံ့ပျူးသည်။ ။မြော်ဘူးမကြုံလေတကား

မှတ်ချက်။ ။ဓာတ်ပုံများကို အွန်လိုင်းမှ ယူထားပါကြောင်း။

1 comment:

မေဓာဝီ said...

ဒီတောလားလဲ မဖတ်ဖူးဘူး။ ရေးသူ အရှင်ဇယန္တာဘိဓဇ ဆိုတာတောင် မကြားဖူးဘူး။ ဒါပေမဲ့ ရတုပုံစံ ဖွဲ့ထားတဲ့ ဒီတောလားကို ဖတ်ရတာ အရသာရှိလိုက်တာ။

"သံညင်းဒိန်းဒိန်း" "ယုန်ကျစ်ကျစ်" အဲဒီလို မြည်သံစွဲ စာလုံးတွေကိုရော မြည်သံစွဲမဟုတ်တဲ့ "ပန်းသင်းသင်းနှင့်၊ ညှင်းညှင်းလေပြည်၊ ဆီးကြည်ကြည်မှာ" စတဲ့ စာလုံးတွေကိုရော နှစ်လုံး ထပ်ထပ် သုံးထားတာ သဘောကျတယ်။

အားလုံးတင်ပြီးရင် ပီဒီအက်ဖ်ဖိုင်လုပ်ဖို့ တောင်းဆိုချင်ပါတယ်။ တစုတစည်းထဲ လိုချင်လို့ပါ။ အခုလို တင်ပေးတာလဲ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။