Wednesday, September 22, 2010

ရွှေတောင်ရာဇကျော်သူတောလား

(ပ) ထွေတလာလျှင်၊ ရန်ရှာကြမ်းကြုတ်၊ ဟိုချုံပုတ်က၊ သစ်ကြုတ်ရုတ်ထိုက်၊ ကျားသစ်ရိုက်၍၊ တိုက်သည်ဒိန်းဒိန်း၊ ကျားကဟိန်းသော်၊ စက်ကျိန်းမသာ၊ လွန်ပူဆာခဲ့၊ နေ၀ါရီမိုက်၊ ညဥ့်ခါဆိုက်လျှင်၊ ပတ်ဝိုက်မြိုင်ခွင်၊ သောသောဖြင်မျှ၊ သမင်ကတောက်၊ ချေကဟောက်၍၊ ဆင်ပေါက်ကအော်၊ မျောက်ကဆော်လျက်၊ စိုင်ကျော်ကအူ၊ ကြံ့ကကြူမျှ၊ ဆတ်မူလည်းခုန်၊ ဒရယ်ယုန်တို့၊ ပြေးသုန်လှည့်ရစ်၊ ကျစ်ကျစ်ကရီ၊ ခြေညီတချောင်း၊ ငေါင်းကကျိုးကျည်၊ ဥဒေါင်းသည်လည်း၊ ပေါင်အောက်မြီးချပ်၊ ကြောင်က၀ပ်၍၊ တီးရှပ်လင်းကွင်း၊ နတ်စောင်းညှင်းသို့၊ ဧချင်းသံလေး၊ တျာတေးတုံလျော၊ ကြားတိုင်းမောစွ၊ မြိုင်တောစုံချောင်၊ ရန်မြေအောင်ဟု၊ ဖိုးခေါင်တောက်ကျော်၊ ကျူးရင့်ကြော်လျက်၊ ကြင်ဖေါ်တို့လေ၊ မယ်တို့လေဟု၊ ခြေခြေခြေးခြေး၊ ချစ်သံပေးသည်။ ။လွမ်းရေးနောင်ဝယ် ထင်သကား

(ဒု) ဟေမ၀ါလျှင်၊ မြိုင်သာတောထဲ၊ စစ်လမ်းခဲဝယ်၊ တပ်ထဲဘော်က၊ ညိုလဲ့ရွကို၊ ရူတလေလိမ့်၊ တမ်းလွမ်းစိမ့်ဟု၊ သိမ့်သိမ့်သာအေး၊ မိုးသံကြွေးခဲ့၊ ဟာလေးဟေလား၊ ပျော်ပါးရင့်ရူ၊ ငှက်တို့မူလည်း၊ အတူအတူ၊ ချိုးပြာကူလျက်၊ ဗျိုင်းဖြူပျံသန်း၊ ကျီးကန်းအိုးအာ၊ သာလိကာနှင့်၊ တမာကုလား၊ ဖေါင်းကားကျေးနီ၊ ကရီကျိုးကျိန်၊ မိန်နှင့်ဘီလူး၊ တောင်စူးဘိညှပ်၊ တဖျပ်ဖျပ်တည့်၊ ငှက်စပ်ငှက်ကျား၊ ကြိုးကြာဖြူဖပ်၊ ပျားဖွပ်လိပ်ပြာ၊ ခေါက်ရှာခင်တိတ်၊ တောင်ဆိတ်သစ်မိုး၊ နနွင်းဆိုးနှင့်၊ တောရိုးမြီးသွယ်၊ ခါငယ်မြီးတုံး၊ ငုံးနှင့်ခင်ပုပ်၊ ကုပ်လုပ်ကွေးလွေး၊ ရွှေပဲထွေးတို့၊ သက်ပေးဝေနှင်း၊ တောင်ချင်းလည်ချင်း၊ မကင်းယှဉ်ဖက်၊ နွှဲကာစက်၍၊ စုံမက်ယုယ၊ အမခွံ့တုံ၊ ဖိုကငုံသို့၊ နှုတ်ဖြင့်တို့၏၊ သို့သို့လူလို၊ ချစ်ဘွယ်ကိုလျှင်၊ ထိုထိုလမ်းပါး၊ မြင်မိငြားသော်၊ သနားစဘွယ်၊ အော်သည့်နှယ်မှ၊ စံပယ်ရဘဲ၊ မယ်နှင့်ကွဲဟု၊ ၀မ်းထဲရေးရေး၊ ပူ၍ဆွေးသည်။ ။သမ်းမြှေးမောင်နှယ် ထင်သကား

(တ) ဖွေကရှာလျှင်၊ ရှုပါလေလေ၊ မျက်ခြည်ဝေမျှ၊ ရွှေငွေမြနှယ်၊ ပင်တိုင်းခြယ်ခဲ့၊ လှယ်ပယ်တောင်မြောက်၊ ကိုင်းခက်လျှောက်လည်း၊ မျောက်လည်းခုန်တက်၊ ရှဥ့်နက်ကတုတ်၊ ၀က်လည်းရုတ်၍၊ လေသုတ်ဖြည်းသိပ်၊ သင်းလိပ်လျှပ်လျှပ်၊ သင်းခွေချပ်လည်း၊ နှုတ်စက်လှစ်ခေါ်၊ နောင့်ကိုခေါ်သည်၊ မယ်ခေါ်သည့်လား၊ ထူးယောင်မှားခဲ့၊ နားကလည်းအူ၊ ပုစဉ်းမူလည်း၊ ရှူရှူည်ရှည်၊ မြည်၍ရင်ပွင့်၊ သေဘေးသင့်၏၊ ဖွတ်နှင့်ပတတ်၊ ၀က်ကတ်တွင်းတူး၊ ဆိတ်ရူးပြင်းထန်၊ မြွေလည်းတွန်လျက်၊ မြွေပါငှက်လည်း၊ မြွေ့ထက်မြည်တွန်၊ စုံတသွန်ဝယ်၊ ပုဇွန်ဖြူလျော၊ ၀ါ,မရောသား၊ ဥဩညိုစင်၊ ကျီးများရှင်ကို၊ နားဝင်စေသော၊ မ,ကြက်တောက၊ သဘောမကွာ၊ ချစ်သံပြာနှင့်၊ ဟေလာဟေလား၊ ဟေဟေးလားတည့်၊ ဝေးလားဆိုကြ၊ ဖိုနှင့်မတို့၊ နေကြရွှင်ပျော်၊ ကျူးရစ်ကျော်က၊ မပျော်နိုင်ဘူး၊ နောင်ကိုထူးလျှင်၊ မိန်းမူးရေးရေး၊ လေချိုသွေးသည်။ ။ချမ်းအေးဆောင်းနွယ် ပင်သကား

ပန်ကြားခြင်း။ ။ရွှေတောင်ရာဇကျော်သူ(ရွှေတောင်နန္ဒသူ?)နှင့် ပတ်သက်သောအကြောင်းအရာ၊ စာအုပ်စာတမ်းများရှိပါက ညွှန်ကြားအသိပေးကြပါရန် လေးစားစွာပန်ကြားတောင်းခံပါသည်။ ကျေးဇူးတင်ပါသည်။


2 comments:

မေဓာဝီ said...

ထွေတလာလျှင် ချီ တောလားရတုပိုဒ်စုံက စိန္တကျော်သူ ဦးသြရေးတယ်လို့ ကဗျာသင်္ဂဟမေဒနီကျမ်းထဲမှာ ဖတ်ရပါတယ်။ ရွှေတောင်ရာဇကျော်သူနဲ့ စိန္တကျော်သူ ဦးသြဆိုတာ တယောက်ထဲလို့ ထင်တာပဲ။ ကဗျာသင်္ဂဟမေဒနီမှာ ပါတဲ့ စာဆိုတို့၏ အတ္ထုပ္ပတ္တိထဲက စိန္တကျော်သူဦးသြ အကြောင်း ရိုက်ပေးလိုက်ပါတယ်။
==========================
"စိန္တကျော်သူဦးသြ"
မောင်သြ အကြောင်းကား - တွင်းသင်းမင်းကြီးတူ၊ မောင်ထောင်နေ၊ သာမဏေကလူထွက်၍ အ၀မြို့ ဟံသာဝတီရောက်မင်း လက်ထက် ဘထွေးတော် မင်းရဲကျော်ခေါင်မှာ ထမ်းသည်။ အသက် ၁၃-နှစ်တွင် ရွှေတောင်ရာဇကျော်ဘွဲ့ကို ခံသည်။ အ၀မြို့ ပျက်သည်နောက် ရတနာသိင်္ဃမြို့တွင် ငယ်မည်တွင်ပြန်၍ ဆောင်းပါးရေးသည်တွင်မှ အလောင်းမင်းတရားကြီးက စိန္တကျော်သူဘွဲ့ကို ပေးသည်။ ၎င်းမင်းသား ဗဒုံသခင်မှာ စာဆိုအရာနှင့် ထမ်း၍ ရတနာသိင်္ဃမြို့ ကန်တော်ဘွဲ့၊ ပြာသာဒ် ထီးချက်တော်ဘွဲ့၊ ဆင်ဖြူရှင်ဘုရား အိမ်တော်သိမ်းဘွဲ့၊ အနောက်အိမ်တော် အမြင့်မင်းနှင့် တူမတော် လက်ထပ်ရာတွင် မင်္ဂလာရတု၊ ၎င်းနောက် သားတော်အငယ် ပင်းတလဲမင်းသား ဧချင်း၊ မင်းဆက်လင်္ကာ၊ အလောင်းမင်းတရား ယိုးဒယားချီတွင် ဘုန်းပဒေသာချီ လူးတားနှင့် ကဗျာလင်္ကာအများ ရေးသားသည်။ က၀ိလက္ခဏာ သတ်ပုံထူးကိုလည်း မင်းရဲကျော်ခေါင် စဥ့်ကိုင်တပ်မှာနေစဉ် အသက် ၂၀-ခန့်က ရေးသည်။

ရေးသားသောစာ စာရင်း -
၁) ဆောင်းပါး၊
၂) ရတနာသိင်္ဃမြို့ ကန်တော်ဘွဲ့၊
၃) ပြာသာဒ်ထီးချက်တော်ဘွဲ့၊
၎) အိမ်တော်သိမ်းဘွဲ့၊
၅) အမြင့်မင်းနှင့် တူမတော် လက်ထပ် ရတု၊
၆) ပင်းတလဲမင်းသား ဧချင်း၊
၇) မင်းဆက်လင်္ကာ၊
၈) ဘုန်းပဒေသာချီ လူးတား
၉) ကဗျာ လင်္ကာ၊
၁၀) သတ်ပုံထူး ခေါ်သော က၀ိလက္ခဏာ သတ်ပုံ၊
၁၁) အိမ်ရှေ့မိဖုရား ဧချင်း၊
၁၂) နမက္ကာရ နိသျည်း၊
၁၃) တောလား ရတုပိုဒ်စုံ
==============================
တွေ့သမျှတော့ ရိုက်ပေးလိုက်တာပဲ ကိုမင်းထက်ရေ ..
မောသွားပြီ မုန့်ကျွေး။ :)

မေဓာဝီ said...
This comment has been removed by the author.