Thursday, September 9, 2010

န၀ဒေးကြီးတောလား (၁)

မြန်မာစာပေလောကတွင် န၀ဒေးဘွဲ့ခံစာဆိုတော် (၅) ဦးရှိခဲ့ဖူးကြောင်း မှတ်တမ်းများအရသိရသည်။ ယင်းတို့မှာ----

(၁) အင်္ကုရမည်သော ဇင်းမယ်န၀ဒေး၊
(၂) လှော်ကားသုံးထောင်မှူးခေါ် တောင်ငူန၀ဒေး၊
(၃) ရွှေတောင် နန္ဒသူခေါ် စလင်းန၀ဒေး၊
(၄) ပြည် န၀ဒေးကြီ၊
(၅) ၀က်မစွတ်မြို့စား ဒုတိယန၀ဒေး တို့ပင်ဖြစ်သည်။

န၀ဒေးဟူသည်မှာ ဘုရင်ကနှင်းအပ်သော ဘွဲ့တံဆိတ်တစ်မျိုး၏ အမည်နာမဖြစ်သည်။ “စာပေဗဟုဿုတ အတတ်ပညာအမျိုးမျိုး၌ သူမတူအောင်တတ်သိနားလည်သောပုဂ္ဂိုလ်” ဟု အဓိပ္ပါယ်ရကြောင်းမှတ်သားရသည်။ “ထူးတလည်လျှင်”အစချီ အောက်ပါတောလား (ရတု) ခြောက်ပုဒ်တို့ကို စပ်ဆိုရေးသားခဲ့သောန၀ဒေးမှာ “စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာန၀ဒေး”ဟု ကျော်ကြားသော ပြည်န၀ဒေးဖြစ်ကြောင်းသိရသည်။ မြန်မာသက္ကရာဇ် (၈၉၄) တွင်နန်းတက်သော ဘုရင်နရပတိလက်ထက်တွင် ဘုရင့်ယောက်ဖတော်မင်းဘစော၏ အိမ်တော်ထိမ်းအဖြစ်အမှုထမ်းခဲ့သူဖြစ်သည်။

အင်းဝခေတ်တွင်ပေါ်ထွန်းခဲ့သော စာဆိုတော်ဖြစ်သောကြောင့် အရှင်မဟာရဋ္ဌသာရတို့နှင့် တစ်ခေတ်တည်းဖြစ်ကြောင်း မှတ်သားနိုင်သည်။ မင်းခစားယောက်ျားဖြစ်သည့်အလျောက် သခင်သွားရာနောက်ကလိုက်ပါနေရသူဖြစ်လေရာ စစ်ကိုင်းသို့ရောက်သောအခါ “ထောင်သင်းမှူး” ရာထူးဖြင့်၎င်း၊ စလင်းသို့ရောက်သောအခါ “မင်းလက်ျား” ဟူသောဘွဲ့တံဆိပ်ဖြင့်၎င်း၊ ပြည်မှာနေစဉ် “န၀ဒေး”ဟူသော စာပေပါရဂူဘွဲ့ဖြင့်၎င်း ချီးမြှင့်မြှောက်စားခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာန၀ဒေး ဟုထင်ပေါ်ကြော်ကြားလာခဲ့သည်။ ရတုစပ်ဆိုရာတွင် ပြိုင်ဘက်ကင်းလောက်အောင် တော်တတ်ကြောင်း စာပေမှတ်တမ်းများအရ သိရသည်။ ပြည်န၀ဒေးကြီးသည် တစ်ဘက်မှ တိုင်းပြည်တာဝန်ထမ်းရင်း နှောင်းခေတ်မြန်မာစာပေလောကအတွက် အကျိုးပြုကဗျာ၊ တောလား၊ ရတုပေါင်းမြောက်များစွာကို ရေးသားသီကုံးလျက် အသက် (၉၀) အရွယ်တွင် အနိစ္စရောက်ခဲ့သည်။ (စွယ်စုံကျမ်း)

န၀ဒေးကြီး၏တောလားများသည်လည်း အရှင်ဥတ္တမကျော်၊ အရှင်မဟာရဋ္ဌသာရနှင့် အရှင်ဇယန္တာဘိဓဇတို့၏ တောလားများနည်းတူ တောတောင်များ၊ ကျေးငှက်သာရကာများနှင့် တောတွင်းတိရစ္ဆာန်တို့၏ သဘောသဘာဝတို့ကို ရတုဟန်ကွန့်လျှက် စပ်ဆိုရေးသားခဲ့သော တောလားများပင်ဖြစ်သည်။ ရတုခြောက်ပုဒ်အနက် ရှေ့(၃) ပုဒ်ကို အချီကွဲ အချတူ ပုံစံဖြင့်၎င်း၊ နောက် (၃) ပုဒ်ကို အချီတူ အချတူ ဟန်ဖြင့်၎င်း ရေးသားခဲ့သောကြောင့် တောလားသုံးပုဒ်နှင့် ရတုသုံးပုဒ်ဟုပင် ဆိုနိုင်သည်။

ကဗျာရှင်တို့၏ လက်ရာများကို လေ့လာကြည့်သောအခါ တစ်ဦး၏ကဗျာကို နောက်တစ်ဦးက အသံအားဖြင့်ဖြစ်စေ၊ စကားလုံးအားဖြင့်ဖြစ်စေ၊ အတွေးအခေါ်အားဖြင့်ဖြစ်စေ အတုယူမှီငြမ်းခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်သည်။ မည်သူက မည်သူ့ကို မှီငြမ်းသည်ဟု တစ်ထစ်ချမဆိုနိုင်သော်လည်း ယင်းတို့၏ တူညီသောပုံသဏ္ဌာန်များကြောင့် တစ်ဦး၏လက်ရာကို တစ်ဦးက အတုခိုးနည်းယူခဲ့သည်ကိုကား မငြင်းနိုင်သောအချက်ပင်ဖြစ်သည်။ ဥပမာ၊ မျောက်၊ ဒေါင်း၊ ကျား ဟူသော တိရစ္ဆာန်သုံးကောင်တို့၏ အမူအရာကို ဖေါ်ပြရာ၌---
အရှင်မဟာရဋ္ဌသာရက “မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်....ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်”ဟု၎င်း၊
အရှင်ဇယန္တာဘိဓဇက “မျောက်ကကြိုးခွေ၊ ချေကရင့်ရူ....ဒေါင်းလည်းအိုးဝေ၊ စုံမြိုင်ခြေမှာ....သံညင်းဒိန်းဒိန်း၊ ကျားဟိန်းသာရွှင်”ဟု၎င်း၊
န၀ဒေးကြီးက “ငမျောက်တွက်တွက်၊ ငမျောက်ထွက်ဟု....သံမြွက်ထွေငေါ်၊ ကျားဟိန်းဆော်က....သမင်းကတောက်၊ ဒေါင်းကငေါက်၍” ဟု၎င်း အသီးသီး ရေးသားခဲ့ကြောင်းတွေ့ရသည်။

ထို့ပြင် ကဗျာစာဆိုတို့၏ ပုံစံတူစပ်ဆိုမှုတစ်မျိုးကိုလည်း တွေ့ရှိနိုင်သည်။ ဥပမာ...ငှက်ဖိုငှက်မတို့၏ နှုတ်ခွန်းဆက်သံ အော်မည်သံကို လူတို့နှင့်နှိုင်းယှဉ်၍ဖေါ်ပြရာ၌---
အရှင်မဟာရဋ္ဌသာရက “မောင်ထွေးတို့လော၊ မယ်တို့လောဟု” ဟူ၍၎င်း၊
အရှင်ဇယန္တာဘိဓဇက “အေးငယ်တို့လား၊ မယ်တို့လားဟု” ဟူ၍၎င်း၊
န၀ဒေးကြီးက “ချစ်သည်တို့လော၊ မယ်တို့လောဟု” ဟူ၍၎င်း ရေးသားစပ်ဆိုခဲ့ကြကြောင်း တွေ့ရသည်။ ထို့ကြောင့် ယင်းပုံစံတူ ရေးသား စပ်ဆိုဟန်များက “တစ်ဦးကိုတစ်ဦးမှီငြမ်းပြုခဲ့သလော၊ သို့တည်းမဟုတ် အင်းဝခေတ်၏ အရပ်သုံးတွင်ကျယ်နေသော စပ်ဆိုဟန်တစ်မျိုးပေလော” ဟု နှောင်းလူတို့ကို အတွေးပေါက်စေနေပေတော့သည်။ သို့သော်လည်း ယင်းတောလားရတုတို့ကို ရေးစပ်ရာ၌ အရှင်နှစ်ပါးတို့က ဘုရားဖူးသွားရင်း တွေ့မြင်ကြားသိခဲ့သည်များကို သီကုံးခြင်းဖြစ်ပြီး န၀ဒေးကြီးက စစ်ချီစစ်ထွက်သွားရင်း တွေ့မြင်ကြားသိခဲ့ရသည်ကို ခံစားရေးဖွဲ့ထားခြင်းဖြစ်ကြောင်း ၎င်းတို့၏ကဗျာများတွင်ပင် တွေ့မြင်နိုင်သည်။ န၀ဒေးကြီးက စစ်ချီသွားရင်းတောလားရေးကြောင်းကို သူ၏တောလားဒုတိယအပိုဒ်အဆုံးတွင် “စစ်ခွင်လမ်းကြိုက်၊ မြင်လိုက်မိသည်” ဟု ဖွဲ့နွဲ့ခဲ့လေသည်။ ဆက်လက်ဖတ်ရှုကြပါကုန်။


(ပ) ထူးတလည်လျှင်၊ သံကျည်ဆော်နှုတ်၊ ပီစွာမှုတ်သို့၊ သစ်ကြုတ်က တိုက်၊ ကျားက ရိုက်၍၊ ပျော်ပိုက်မတည်၊ လွမ်းစိတ်သည်တွင်၊ နေခြည်ကပျောက်၊ ဆည်းဆာရောက်က၊ ငမျောက်တွက်တွက်၊ ငမျောက်ထွက်ဟု၊ သံမြွက်ထွေငေါ်၊ ကျားဟိန်းဆော်က၊ ထိုရော်မြိုင်ခွင်၊ သမင်က တောက်၊ ဒေါင်းက ငေါက်၍၊ ဟောက်သည့်ချေငယ်၊ ဒရယ်က ပြူ၊ မျောက်က အူလျက်၊ စိုင်မူဆော်သည်း၊ ဆတ်က ဟည်း၍၊ ဆင်လည်းကျည်ကျည်၊ နတ်ငြင်းသည်သို့၊ သံရှည်မတံ့၊ ထံ့တျံ့တျေးတျား၊ မကြားစဖူး၊ စိတ်ဝမ်းနူးမျှ၊ တထူးတလည်၊ တောက်ကျော်မည်လျက်၊ ချစ်သည်တို့လော၊ မယ်တို့လောဟု၊ သောသောကျူးရင့်၊ တောလုံးတင့်သည်။ ။လွမ်းခွင့်နောင်တွင်...ဖြင်သကား



(ဒု) သာနိုးပျော်ရွှင်၊ စုံတောခွင်၌၊ စီးဆင်ချွန်းမ၊ ပြောင်မုန်ဝထက်၊ ရူတ လွမ်းရိုက်၊ အောက်မေ့ကြိုက်ဝယ်၊ တိမ်တိုက် ကသည်၊ နတ်တို့စည်လည်း၊ ကြူးမည်သံလေး၊ တခြေးခြေးတည့်၊ ဟိန်လေးရင့်ခေါ်၊ ငှက်တို့သော်လည်း၊ သံငေါ်တသီး၊ သံကြီးတထွေ၊ သံခြေညှင်းညှင်း၊ သံပျင်းသံကျော်၊ တူစုံပျော်လျက်၊ မူးမော်စုံမက်၊ လည်ချင်းယှက်၍၊ ယူယက်သည်ပို့၊ လူကဲ့သို့လျှင်၊ တချို့ခွံ့တုံ၊ တချို့တုံလည်း၊ ငုံကာထား၏၊ သနားဘွယ်မှု၊ တခုလည်တွင်၊ တခုတင်လျက်၊ စစ်ခွင်လမ်းကြိုက်၊ မြင်မိလိုက်သည်။ ။လူနှိုက်တူပင်...ထင်သကား


(တ) တဖြည်းပျံ့ပျံ့၊ တောလုံးနှံ့မျှ၊ ရနံ့ကြိုင်ပေါက်၊ ကိုင်းခက်လျှောက်လျက်၊ မျောက်က၀ူးဝုတ်၊ ရှဥ့်ကတုတ်၍၊ လေသုတ်ဖြည်းညှင်း၊ အောက်ချင်းရှင်းရှင်း၊ ပုစဉ်းကျာကျာ၊ ကျီးနက်အာက၊ သံသာသြဥ၊ ဆွေမယ်စောတို့၊ ကြက်တောသံလေး၊ မ-သံပေးလျက်၊ ခြေးခြေးမည်နှုတ်၊ တီတီတုတ်နှင့်၊ ဘုတ်က အိန့်ဟူ၊ ဂျိုးက ကူ၍၊ တ-ရူညွတ်ပြောင်း၊ မလွမ်းတောင်းတည့်၊ ၀က်ထောင်းစွယ်ထွက်၊ မြည်သံဝှက်နှင့်၊ ကျူးလျက်သံသာ၊ မြိုင်ခန်းဝါ၀ယ်၊ ဟိန်ဇာဟာလေး၊ ဟိန်ဇာလေးဟု၊ ဟိန်လေးလွှင့်သည်၊ အမမြည်က၊ မတည်ဗျာပါ၊ နောင့်တူသာလျှင်၊ သီတာချောင်းကမ်း၊ လေချိုဆမ်းသည်။ ။အလွမ်းပြည်ဖြင်...မြင်သကား

မှတ်ချက်။ ။ဓာတ်ပုံများကို အွန်လိုင်းမှ ကူးယူဖေါ်ပြအပ်ပါကြောင်း။


1 comment:

မေဓာဝီ said...

ဒီတောလားကို ဖတ်ဖူးသလိုလို ရှိလို့ ကျမဆီမှာရှိတဲ့ စာအုပ်နဲ့ တိုက်ကြည့်တော့ တွင်းသင်းတိုက်ဝန်မင်း မဟာစည်သူရေးတဲ့ တောလားရတုပိုဒ်စုံမှာ
ပထမပိုဒ်က ... ထူးတထွေလျှင် နဲ့ အစချီပြီး နောင့်မှာ လွမ်းရေးပုံသကား နဲ့ အဆုံးချတယ်။
ဒုတိယပိုဒ်က ... သာနိုးတစုံ ... မှောင့်လာနွမ်းသွေး တုံသကား။
တတိယပိုဒ်က ... တပျံ့ဖြည်ဖြည် ... အောင့်ကာ ချမ်းအေးတုန်သကား။ အဲလို ဖတ်ရပါတယ်။
ဆိုတော့ အသုံးအနှုန်း စကားလုံးတွေက တော်တော်လေးကို တူနေတာ တွေ့ရတယ်။ တွင်းသင်းမင်းကြီးနဲ့ န၀ဒေးကြီးက တခေတ်ထဲလား ... တွင်းသင်းမင်းကြီးကတော့ ဟံသာဝတီရောက်မင်းလက်ထက်လို့တော့ ဖတ်ရတာပဲ။ စိတ်ထဲ ဇဝေဇ၀ါ ဖြစ်နေလို့ပါ။