Thursday, September 16, 2010

န၀ဒေးကြီးတောလား (၂)

န၀ဒေးကြီးသည် သူ၏တောလားခြောက်ပုဒ်အနက် ပထမ (၃)ပုဒ်ကို အချီကွဲ+အချတူပုံစံဖြင့် တောလားပုံမြောက်ရေးသား၍ ဒုတိယ (၃)ကိုမူ အချီတူအချတူ ရတုပုံမြောက်ရေးသားထားသည်ကို တွေ့ရသည်။ ယင်းသို့ရေးသားရာဝယ် ကျေးငှက်သာရကာနှင့် တောကောင်များကို အုပ်စု (၃)ခုခွဲလျက် တစ်အုပ်စုကို ရတုတစ်ပုဒ်စီဖြင့် ချယ်သထားသည်။

ပထမအုပ်စုတွင် တောတောင်ကုန်းမြင့်မြေပြင်အသီးသီးရှိ သစ်ပင်ကြီးငယ်များ၌ နားခိုကျက်စားက သဘာဝအလျောက်မြူးပျော်နေကြသော ကျေးငှက်သာရကာတို့၏ ချစ်ကြည်နူးဟန်၊ ခွန်းဆက်သံအထွေထွေကို ရေးစပ်သီကုံးထားသည်။ ယင်းသို့ရေးစပ်ရာတွင် ကျေးငှက်တို့၏ ပျော်မြူးနေဟန်ကိုမြင်ရကာ အနေဝေးသည့်အတွက် မိမိချစ်သူသက်ထားကို လွမ်းဆွတ်တသမိကြောင်း “ရွယ်ရှိထပ်တူ၊ ကြင်သူဝေးခြား၊ ရှိသည်များကြောင့်၊ ၀မ်းပါးဘွယ်သာ” စသည်ဖြင့် သီကုံးထားသည်ကို တွေ့ရသည်။

ဒုတိယအုပ်စုတွင်မူ တောတောင်အတွင်း မြေ၀ယ်ကျက်စား ပြေးလွှားနေကြသော သားကောင်ကြီးငယ်တို့၏ ပြေးလွှားဆော့ကစားနေဟန်ကို၎င်း၊ အုပ်စုအလိုက် သွားလာလှုပ်ရှားနေကြဟန်ကို၎င်း ရေးသားကာ သားကောင်များ၏ ပျော်မြူးနေဟန်ကို မြင်ရကာ ချစ်သူသို့ လွမ်းဆွတ်လှကြောင်းကို “သက်ဝေကြင်မှတ်၊ လှသည့်နတ်ကြောင့်၊ ဆွတ်လွတ်လောင်ဆာ၊ တမ်းလှည့်ရာတွင်” စသဖြင့် ရေးစပ်ထုံးဖွဲ့ထားသည်။

တတိယအုပ်စုတွင်ကား ပထမအုပ်စုနည်းတူ ကျေးငှက်သာရကာတို့သဘာဝကို ဖေါ်ကျူးထားသော်လည်း တောတောင်များတွင်ကျက်စားတတ်သည့် ကျေးငှက်များမဟုတ်မူဘဲ မြစ်ပြင်ချောင်းကမ်း၊ နဖူးနန်းနှင့်၊ သဲခေါင်သောင်ပြင်၊ ဝေဟင်ဝဲပျံ၊ ငှက်မောင်နှံတို့၏ သဘာဝပျော်မြူးနေဟန်ကို မြင်ရစဉ် အနားမှာမရှိသော မိမိ၏ အိမ်သူသက်ထား၊ အလှနတ်ဖုရားကို လွမ်းဆွတ်လှကြောင်း “သီရိဆင်းဝါ၊ မယ် မပါ၍၊ လွမ်းတာခဲအင်၊ ရှိစဉ်တွင်ဝယ်” စသည်ဖြင့် ထုံးဖွဲ့သီချယ်ထားသည်ကို တွေ့မြင်နိုင်သည်။

သုံးပုဒ်လုံးကို အချီတူ+အချတူ ရတုပုံမြောက် စပ်ဆိုသီကုံးထားသော်လည်း တောတောင်များအတွင်း ကျက်စားလေ့ရှိသော တိရစ္ဆာန်တို့၏ သဘာဝကို ရေးစပ်ကျူးရစ်ထားသောကြောင့် တောလားဟုပင် ခေါ်ဆိုရတော့သည်။ ဤတောလားသုံးပုဒ်ရေးဟန်နှင့် အချီ+အချတူ ကာရန်ယူကာ ထပ်တူရေးဟန်တစ်မျိုးကိုလည်း နောက်ဖေါ်ပြလတံ့သော လှော်ကားသုံးထောင်မှူးတောလားများ၌ တွေ့ရလိမ့်ဦးမည်။ ဆက်လက်ရှုစားကြပါကုန်။

(ပ) ကျူးရင့်၏လေ၊ မြိုင်ရဝေက၊ စိမ်း,ရွှေ,ပြာလန်း၊ အဆန်းဆန်းနှင့်၊ ပင်နန်းခွထက်၊ လည်ချင်းယှက်၍၊ ၀ံလက်ကျေးသား၊ ဖေါင်းကား,ပိန်ညင်း၊ အောက်ချင်း,ခေါက်ရှာ၊ သာလိကာနှင့်၊ လင်းပြာလည်ပြောက်၊ သစ်တောက်,သိမ်းကျား၊ ကုလား,ဆက်ရက်၊ တောကြက်တွန်ကြော်၊ ငှက်တော်စွန်ပြောက်၊ ဗျိုင်းအောက်,ဗျိုင်းဖြူ၊ ငုံး,ငူ,ခါ,ဘုတ်၊ ၀ံထုတ်ဝံလို၊ သံချိုဥသြ၊ ချစ်ဘော်နှော၍၊ တောလည်းသာခေါင်၊ တောင်လည်းညိုရစ်၊ မြင်းလည်းသာတိ၊ တအိအိနှင့်၊ ရွယ်ရှိထပ်တူ၊ ကြင်သူဝေးခြား၊ ရှိသည်များကြောင့်၊ ၀မ်းပါးဘွယ်သာ၊ ဆုံလှည့်ရာတွင်၊ ဆည်းဆာချုပ်ည၊ မှိုင်းရီစ၌၊ ဖိုမယှဉ်ကာ၊ သိုက်နန်းသာထက်၊ သံဝါရစ်ညောင်း၊ လွန်ကြင်တောင်းသည်။ ။ဥဒေါင်းရစ်မြည် ကျူးဘိသည်

(ဒု) မြူးလွင့်၏လေ၊ မင်းလွင်ချွေ၍၊ လေလည်းပြန်ခေါက်၊ တောင်မြောက်လှည့်သန်း၊ တ၀န်းဝန်းနှင့်၊ ပန်းလည်းခါသိ၊ ပြိုင်ကြညှိသို့၊ သက်ရှိထပ်တူ၊ ကြင်သူငြိမ့်လေး၊ စုံလည်းဝေးခဲ့၊ ကျူးအေးသာယာ၊ ချစ်ပျူဟာနှင့်၊ ခြင်းရာစီစီ၊ သံပြိုင်ညီ၍၊ ယုန်,ချီ,စိုင်,ဆတ်၊ လိပ်,ဖွတ်,ရှစ်,ပွေး၊ မြေခွေး,သမင်၊ သစ်,ဆင်,ကြံ့,ပြောင်၊ တောကြောင်,၀က်ဝံ၊ သစ်ခွံကိုချိုး၊ ၀န်တီးတိုးတို့၊ ရှုပျိုးစဘွယ်၊ အသွယ်သွယ်သည်၊ ကြီးငယ်ပတ်ကုံး၊ သားအားလုံးလည်း၊ စုရုံးမ-နှင့်၊ ပျော်ကြတင့်သား၊ လွမ်းခွင့်တိချည်း၊ အုံလှာသည်းခဲ့၊ ဘော်နည်းညွတ်ခွေ၊ ရှိရစ်လေသည်၊ သက်ဝေကြင်မှတ်၊ လှသည့်နတ်ကြောင့်၊ ဆွတ်လွတ်လောင်ဆာ၊ တမ်းလှည့်ရာတွင်၊ တိမ်ပြာယှက်သွယ်၊ ညချမ်းဝယ်၌၊ ဒရယ်သံညောင်း၊ မ-ကိုပြောင်းသည်။ ။လွမ်းကြောင်းဘွေနှည် မြူးဘိသည်

(တ) ထူးဆင့်၏လေ၊ အထွေထွေနှင့်၊ တောခြေမြိုင်သာ၊ ဝေဆာရှုဘွယ်၊ ရေကြောင်းဝယ်လည်း၊ ယှက်သွယ်တကြောင်း၊ ၀ှန်ချောင်းမသည်း၊ ကမ်းလည်းဆင်ခြေ၊ လျောပြေစိမ်းလန်း၊ ကျွန်းလည်းဆိုင်းဆိုင်း၊ ကိုင်းနှင့်သဲဖြူ၊ ကျောက်ငူဝဲရိပ်၊ သောင်ထိပ်ပျံ့ပျူး၊ ကမ်းဦးစ၀ယ်၊ တွန်ကျယ်သံလေး၊ တအေးအေးနှင့်၊ ပဲထွေး,ဟင်းသာ၊ ကြိုးကြာ,စင်ယော်၊ ချစ်ဘော်မငြီး၊ တင်ကျီး,ရေကြက်၊ စက္က၀က်နှင့်၊ ရေငှက်,၀မ်းဘဲ၊ ယှဉ်တွဲခွေညွတ်၊ ကရကတ်လည်း၊ ချစ်မြတ်ကျူးကဲ၊ လည်ဆွဲယှက်တင်၊ စုံစုံရွှင်၍၊ သံထင်တလှစ်၊ ငါးဟစ်,၀ံဘို၊ ငှက်ညို,ငှက်ကျား၊ အပါးပါးကို၊ မျက်ဝါးရှုမိ၊ မြင်သည်ရှိက၊ သီရိဆင်းဝါ၊ မယ်မပါ၍၊ လွမ်းတာခဲအင်၊ ရှိစဉ်တွင်ဝယ်၊ လွန်းကြင်ဖိုမ၊ မှိုင်းရီစ၌၊ သံမြသာပျောင်း၊ ရင့်ရူညောင်းသည်။ ။စုပေါင်းလှည့်လည် ထူးဘိသည်


No comments: