Sunday, September 5, 2010

တောလား+ရေလားမိတ်ဆက်


ဒီတစ်ခေါက်မြန်မာပြည်ကို ပြန်ရောက်စဉ်က ရန်ကုန်မြို့ရှိဘုရားများဆီ လှည့်လည်ဖူးမျှော်ရင်း ဘုရားစောင်းတန်းတွေမှာရှိတဲ့ စာအုပ်ဆိုင်ကြီး၊ ဆိုင်လေးတွေဆီလည်း ရောက်ဖြစ်ခဲ့သည်။ ကမ္ဘာအေးဘုရားစောင်းတန်းရောက်သောအခါ မိတ်ဆွေတစ်ယောက်၏ စာအုပ်ဆိုင်တွင် “တောလားနှင့်ရေလားများ” ဟုခေါင်းစဉ်တပ်ထားသော ရှားပါးစာအုပ်ငယ်တစ်အုပ်ကို ကံကောင်းထောက်မစွာတွေ့ရသဖြင့် ကျသင့်ရာဈေးပေးကာ ၀ယ်ခဲ့သည်။ ရွှေကျင်ရင်း စိန်ခဲတွေ့သူပမာ လွန်စွာပင် ၀မ်းသာမိတော့သည်။ သို့သော်လည်း----

“ဒုလ္လဘံ အစ္ဆရိယံ ၀ါ၊ လဒ္ဓါ ဒိဋ္ဌာ စ ဧကဒါ။
ပိယာ ပိယံ နုဿရန္တိ၊ သာယံ လောကမှိ ဓမ္မတာ”။
(တရံတခါ ရခဲသောပစ္စည်းကို ရရှိသောအခါမှာဖြစ်စေ၊ မြင်ရခဲသောအရာကို မြင်မိသောအခါမှာဖြစ်စေ၊ ကိုယ့်ချစ်သူများကို အောင့်မေ့အမှတ်တရရှိခြင်းသည် လောက၏ သဘောပင်ဖြစ်သည်။) ဟူသကဲ့သို့ ရှားပါးသော တောလား+ရေလားများကို လက်ဝယ်ပိုင်ဆိုင်မိသောအခါ မြန်မာစာပေ၏ရသကို တစ်ဦးတည်း မခံစားလိုရကား အွန်လိုင်းပေါ်မှ မြန်မာစာချစ်ပရိသတ်ကိုလည်း ဝေငှလိုစိတ်ဖြစ်ပေါ်လာခဲ့ရသည်။ ထို့ကြောင့် ယင်းစာအုပ်ကို အပင်ပန်းခံကာ တစ်နေ့တစ်နေ့ နိုင်သလောက် တင်ပေးသွားမည်ဟူသော စိတ်ကူးဖြင့် စတင်ရိုက်ဖြစ်ပါတော့သည်။

အခြေအနေအရ သူများနိုင်ငံမှာ နေရသော်လည်း မြန်မာစာပေကို နှစ်သက်မြတ်နိုးတတ်သောဝါသနာသည် အနည်းငယ်မျှပင် ပွန်းပဲ့သွားသည်ဟုမရှိသည့်အပြင် ပို၍ပင်တိုးလာလေသယောင်ထင်မိသည်။ စကားပြေကိုသာမက ပျို့ကဗျာ၊ ရတုရကန်၊ ဒွေး တြိ လေးချိုးများအပြင် တောလားများကိုလည်း အခါအားလျော်စွာ ဖတ်ရှုလေ့လာနေခဲ့သည်မှာ ဆယ်စုနှစ်များပင် ချီလေပြီ။

“တောလား” ဆိုသည်မှာ တောသို့ သွားစဉ် တောတောင်တို့၏ အလှအပနှင့် ကျေးငှက်သာရကာတို့၏ ဖိုမသဘာဝများကို စာဖတ်သူတို့ ကွင်းကွင်းကွက်ကွက်မြင်သာအောင် ရေးသားထားသော စာပေဖြစ်သည်။ ယင်းအနက် “လား” ဆိုသည်မှာ “ဂတိ” ဟူသောပါဠိစကားလုံးကို မြန်မာအမှူးပြုထားကြောင်း ပညာရှင်တို့ မှတ်ချက်ပြုခဲ့ကြသည်။ “လားရာဂတိ” ဟူရာ၌ကဲ့သို့ တောတောင်ဒေသတို့သည် ကျေးငှက်သာရကာတို့၏ ကျက်စားရာနယ်ပယ်ဖြစ်သောကြောင့် ယင်းတို့၏စိုးစံရာနယ်ပယ်ကိုလည်း “လား” ဟုခေါ်ကြောင်းဆိုပါသည်။ ထို့ကြောင့် “တောလား”ဟူသည် “တောတည်းဟူသောလားရာနေရာ”ဟုလည်း ဖွင့်ဆိုနိုင်သည်။ ယင်းဖွင့်ဆိုချက်အရ “တော” နှင့် “လား” သည် အဓိပ္ပါယ်တူဝေါဟာရဖြစ်ကြောင်း နားလည်နိုင်သည်။ ထို့ပြင် “အပါယ်လားသည်” ဟူသောစကား၌“လားသည်”ဟူသည်မှာ “သွားသည်”ကိုပင် ဆိုလိုကြောင်း စာဖတ်သူတို့ နားလည်ကြသည့်အလျောက် “တောလား” ဟူရာ၌လည်း “တောသွား”ဟူသောအဓိပ္ပါယ်ဖြင့် ယူဆနားလည်နိုင်သည်။ ယင်းအဓိပ္ပါယ်အရ တောသို့သွားခြင်းကို “တောလား”ဟုခေါ်ကြောင်း မှတ်သားနိုင်သည်။ “ရေလား” ဟူရာ၌လည်း အဓိပ္ပါယ်အတူပင်။

မြန်မာစာပေသည် ရာဇကုမ္မာရ်ကျောက်စာအရ ပုဂံခေတ်တွင် လွန်စွာမထွန်းကားသေးကြောင်း သိရှိရပြီး အင်းဝခေတ်ရောက်သောအခါ အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလာကြောင်း မြန်မာစာပေပညာရှင်များက မှတ်ချက်ပြုထားကြသည်။ အဘယ့်ကြောင့်ဆိုသော် အင်းဝခေတ်သည် မြန်မာစာဆိုများစွာကို မွေးထုတ်ပေးခဲ့သောကြောင့်ပင်ဖြစ်သည်။ အင်းဝခေတ်စာဆိုများစွာတို့အနက် အရှင်ဥတ္တမကျော်၊ အရှင်မဟာသီလ၀ံသနှင့် အရှင်မဟာရဋ္ဌသာရတည်းဟူသော မြန်မာစာဆို ရဟန်းမြတ်သုံးပါးသည် မြန်မာစာပေကို တစ်ခေတ်ဆန်းစေသောကြောင့် ယင်းတို့ထွန်းကားရာခေတ်ကို "The Burmese Renaissance" ဟုပင် ခေါ်တွင်ခဲ့ကြသည်။

အရှင်ဥတ္တမကျော်သည် ခုံတော်မောင်ကျဘမ်းနှင့် ခေတ်ပြိုင်ဖြစ်ပြီး ကျမ်းစာပေါင်း (၁၄) ခုမျှ ရေးသားခဲ့သည်ဆိုသော်လည်း တောလားကိုးပုဒ်ကိုသာ နှောင်းလူတို့ လေ့လာခွင့်ရကြသည်။ ယင်းတောလားများသည် မြန်မာစာပေနယ်ပယ်တွင် လွန်စွာတွင်ကျယ်ပျံ့နှံ့လျှက်ရှိရာ မသိသူမရှိသလောက်ပင် ကျော်ကြားလှသည်။ သူ၏တောလားများကျော်ကြားရခြင်း၏ အကြောင်းများစွာတို့အနက် အဆုံးသတ်ပိုဒ်များကို လ-အက္ခရာတွင်တွင်သုံးကာ ရေးသားထားခြင်းသည်လည်း အဓိကအကြောင်းတစ်ရပ်အဖြစ်ပါဝင်ကြောင်း မှတ်သားနိုင်သည်။ “သီးမျိုးခိုင်ညှာ၊ လ-ပြွတ်တည်း”၊ “ဘီလူးသွားကို၊ လ-ဖြဲတည်း”၊ “တောကြက်တောင်ပံ၊ လ-ဖြုန်းတည်း”၊ မုဆိုးခြုံက၊ လ-ချောင်းတည်”၊ “မိုးမှာရွှေကြယ်၊ လ-ဥတည်း”၊ “ရွှေဘောင်(ဖေါင်)မြစ်ညာ၊ လ-ဆန်တည်း”၊ “တရားဓားသို့၊ လ-ထစ်တည်း”၊ “ပြုစုပျိုးထောင်၊ လ-မွေးတည်း”၊ “မြဲစွာဖြစ်လိမ့်၊ လ-မှန်း (မှန်)တည်း”၊ ဟူ၍ လ-အက္ခရာကို ပုံစံမျိုးစုံသုံးကာ ရေးသားထားရာ ဖတ်မိသူတို့သွားများပင် လေဟတ်ဘွယ်ဖြစ်ချေတော့သည်။

အရှင်မဟာသီလ၀ံသနှင့် အရှင်မဟာရဋ္ဌသာရတို့နှစ်ပါးမှာ ခေတ်ပြိုင်စာဆိုများဖြစ်ကာ စကားပြေအရေးအသားထက် ပျို့ကဗျာအရေးအသားဘက်တွင် ပိုမိုအားသန်ကြကြောင်း ယင်းတို့၏ စာပေလက်ရာများက သက်သေထူလျှက်ရှိသည်။ အရှင်မဟာသီလ၀ံသ၏ “ဓမ္မပါလာပျို့” နှင့် အရှင်မဟာရဋ္ဌသာရ၏ “ဂမ္ဘီသာရပျို့” တို့သည် စာဆိုအရှင်တို့၏ အနှိုင်းမဲ့လက်ရာများပင်ဖြစ်တော့သည်။ ယင်းတို့နှစ်ပါးအနက် အရှင်မဟာသီလ၀ံသ၏ စာပေနယ်ပယ်တွင် တောလားများရေးခဲ့သည်ကို မှတ်တမ်းများအရ မသိရသော်လည်း အရှင်မဟာရဋ္ဌသာရ၏ စာပေလက်ရာများတွင် တောလားများပါဝင်နေသည်ကို တွေ့ရသည်။ အရှင်မဟာရဋ္ဌသာရကိုယ်တော်သည် “အောင်ဇေယျတု” ချီ တောလား (၄)ပုဒ်ကို ရေးသားခဲ့ကြောင်း သိရသည်။

ရတုနှင့် တောလားရေဟန်သည် အမှတ်တမဲ့ကြည့်လျှင် တူသယောင်ရှိသော်လည်း ရှေ့နောက် အချီအချညီအောင် ရေးထားလျှင် ရတု၊ မညီလျှင် တောလားဟု အကြမ်းဖျဉ်းအားဖြင့် မှတ်ယူနိုင်သည်။ ဥပမာအားဖြင့် မြန်မာစာပေတွင် နာမည်ကျော်ကြားဆုံးရတုတစ်စုံဖြစ်သော လက်ဝဲသုန္ဒရ၏ “မဲဇာတောင်ခြေ”ချီရတု (၃)ကို လေ့လာနိုင်သည်။ ရတုကို များသောအားဖြင့် သုံးပိုဒ်စုံရေးလေ့ရှိသော်လည်း တောလားများကိုမူ စာရေးသူ၏ အာအော်အလိုက်ရေးလေ့ရှိကြောင်း လေ့လာမှတ်ပြုနိုင်သည်။ တောလားကို စာဆိုများစွာတို့ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရေးသားခဲ့ကြသော်လည်း အရှင်ဥတ္တမကျော်၏ တောလား (၉)ပုဒ်သည်သာ ယနေ့ခေတ်တွင် ထင်ရှားလျှက်ရှိသည်။ တောလားရေးခဲ့သော စာဆိုတို့မှာ---
(၁) အရှင်ဥတ္တမကျော် (၉) ပုဒ်
(၂) အရှင်မဟာရဋ္ဌသာရ (၄) ပုဒ်
(၃) ဆရာတော်ဦးဗုဒ် (၃) ပုဒ်
(၄) အရှင်ဇယန္တာဘိဓဇ (၃) ပုဒ်
(၅) န၀ဒေးကြီး (၆) ပုဒ်
(၆) လှော်ကား သုံးထောင်မှူး (၃) ပုဒ်
(၇) ရွှေတောင်ရာဇကျော်သူ (၃) ပုဒ်
(၈) တွင်းသင်းမင်းကြီး (၃) ပုဒ် နှင့်
(၉) စလေဦးပုည (၃) ပုဒ် အားဖြင့် (၉) ဦးသော စာဆိုရှင်တို့က အသီးအသီးရေးသားခဲ့ကြကြောင်း မှတ်တမ်းများအရသိရသည်။

ယင်းတောလားများအပြင် ရှေးစာဆိုတို့က ရေလားများကိုလည်း ရေးသားခဲ့ကြသေးသည်။ ရေလားစာဆိုတို့မှာ--
(၁) မင်းသမန္တရာဇာ (၃) ပုဒ်နှင့်
(၂) ထောင်သင်းမှူး (၅) ပုဒ်တို့နှစ်ဦးကိုသာ မှတ်တမ်းအရ သိရှိရသည်။ ယင်းတောလားနှင့် ရေလားများကို မြန်မာကဗျာဝါသနာအိုးများအတွက် အခါအားလျော်စွာ တင်ပေးသွားမည်ဖြစ်သည်။ သို့သော်လည်း အရှင်ဥတ္တမကျော်၏ တောလား (၉)ပုဒ်ကို စာဂျပိုးမလေးမေဓာဝီဘလော့ဂ်တွင် မြန်မာ+အင်္ဂလိပ်နှစ်ဘာသာဖြင့် ပြည့်ပြည့်စုံစုံ သွားရောက်ဖတ်ရှုနိုင်သောကြောင့် ဤဘလော့တွင် လက်ညောင်းခံပြီး တင်တော့မည်မဟုတ်ကြောင်း အသိပေးအပ်သတည်း။

1 comment:

မေဓာဝီ said...

တောလား ရေလားတွေ တင်မယ်လို့ပြောပြီး တော်တော်နဲ့ မတင်သေးလို့ ကိုမင်းထက်ကြီးကို မေးချင်နေတာ ... ကျောင်းစာတွေပိနေလို့ မှတ်ပြီး အားနာလို့ မမေးဘဲ နေနေတာ။ ဒီပို့စ် တင်ထားတာ မသိလိုက်ဘူး။
အားလုံးပြီးရင် ပီဒီအက်ဖ်လုပ်ပါလား။ အလွယ်တကူ ယူနိုင်အောင်ပါ။
ခုလို တင်ပေးတာလဲ ကျေးဇူးအထူး တင်ပါတယ်။