Friday, September 17, 2010

လှော်ကားသုံးထောင်မှူးတောလား

(ပ) ကျူးလှတည့်လေ၊ သည်းခေါင်ဝေမျှ၊ ရေလည်းအလယ်၊ စင်ကြယ်သန့်ရှင်း၊ ပုလဲခင်းသို့၊ ဖြူဝင်းဆွတ်ဆွတ်၊ မြင့်ကျွန်းလွတ်ဝယ်၊ တွတ်တွတ်ကျာကျာ၊ ပြည်သံသာနှင့်၊ ဘာသာဆန်းပြား၊ စကားသံချို၊ လူနှယ်ဆိုလျက်၊ မယ်ညိုရေကြက်၊ ကရကွက်နှင့်၊ ဆက်ရက်ကျေးသူ၊ တောင်တောငူက၊ ဘယ်သူမလာ၊ လွမ်းဆေးရှာ၍၊ ကျူးလာသနည်း၊ အူသည်းပြောင်းညံ့၊ ဆွတ်ပျံ့မတည်၊ မူးမော်လည်မျှ၊ ရွှေရည်ဦးသစ်၊ ဇမ္ဗူရစ်သို့၊ ပျိုမြစ်အရွယ်၊ လှမျိုးကြွယ်နှင့်၊ သွယ်ဝယ်ပျူငှါ၊ ကျွမ်းစသာကို၊ ရှဲခွါခဲ့ရ၊ သံမြည်ဟသော်၊ မွေးဘမင်းချေ၊ မကြာစေနှင့်၊ ဝေေ၀တန့်ကူး၊ မကြူးမိခင်၊ ပြန်လလျှင်မူ၊ လှသွင်ငယ်ပေါင်း၊ သူကောင်းမှတ်ရန်၊ ချစ်သည်မှန်အံ့၊ ဧကန်စင်စစ်၊ မှန်သည်ဖြစ်ကို၊ စိစစ်စီလျဉ်၊ အောက်မေ့စဉ်ဝယ်၊ ရေယဉ်သည်းစွာ၊ နှစ်ဖြာဆုံလျက်၊ အလယ်ချက်ဝယ်၊ စုံဘက်အံ့ဘွယ်၊ နောင်နှယ်လကောင်း၊ ဖေါ်မပေါင်းသည်။ ။ဥဒေါင်းတလှည့် ကျူးသတည်း

(ဒု) မြူးလှတည့်လေ၊ သင်္ကြံရေနှင့်၊ ရေလည်းချီသစ်၊ မြစ်ဧည့်ရတု၊ မြူနုဝေေ၀၊ နေသည်အုံ့ပြ၊ ငါးကြင်းကြွသော်၊ ဖြူဆွရိပ်ရိပ်၊ ကမ်းထိပ်သာမော၊ ဖြစ်လယ်ကျောဝယ်၊ သောသောကျေးငှက်၊ အုပ်ကျက်တည်ထောင်၊ ရွာအယောင်သို့၊ ယဉ်ဘောင်ရင့်ရည်၊ ပိတ်ဆီးဆည်ဝ၊ မြုံးသာချ၍၊ ကျောကပိုက်ကြီး၊ ၀ိုက်ဆီးရင်တောင်၊ ရကွင်းထောင်နှင့်၊ တန်လောင်လက်နား၊ ဆူးလည်းသား၍၊ ဆောင်းကားတန်တီ၊ တပသီနှင့်၊ ငင်ချီရကွင်း၊ ယင်းလည်းဆီးတား၊ စန္ဒားရက်တက်၊ စလက်ဖွဲ့စား၊ ကမ်းပါးစုဝင်၊ ကြိုးရင်စတောင်၊ ဆုတ်ရှောင်ရင်တွန်း၊ လက်မတန်းနှင့်၊ မီးထွန်းတင်ထိုး၊ လုပ်ရိုးတခြား၊ လက်နားဆောင်လိုက်၊ တုံးတိုက်ကြမ်းငင်၊ အမြင်ကွန်ပစ်၊ ကြွေးဟစ်ကြော်ငြာ၊ ရေမှာအလို၊ နှုတ်စောင့်ဆို၍၊ တက်ကိုချီမြှောက်၊ ခွင့်ရေးကောက်မှ၊ ရေပေါက်ကြဲဖျော်၊ စုန်ဆန်လှော်၍၊ မြော်မြော်တင့်တင့်၊ လှေနှင့်ရင့်သည်၊ မြစ်တွင်စိုးမှူး၊ ခုန်တိုင်းဦးသို့၊ သံကျူးအဲအဏ်၊ တက်ပွန်စောင်းညှင်း၊ ညခင်းနံနက်၊ တက်သက်လူးလာ၊ စီးပွားရှာ၍၊ နေချာစံလှုံ၊ ပြင်ရိပ်ခုံထက်၊ သဲပုံစေတီ၊ အညီစုဝေး၊ လှူကြီးပေးသို့၊ သုံးလေးငါးရာ၊ အုတ်အာသရဲ၊ တပွဲတပြင်၊ သည်သဘင်ကို၊ ကျွမ်းဝင်ငယ်ပေါင်း၊ သူကောင်းမင်းချေ၊ ပီလစေလော့၊ မင်းနေဌာန၊ ပြည်မရပ်သူ၊ လှမှန်ကူက၊ မှန်သမျှကို၊ ၀မ်းကတွေးငေါ်၊ အောက်မေ့သော်လည်း၊ ရွှေလှော်ရည်ကောင်း၊ မီးတွင်ပျောင်းသို့၊ ဖယောင်းနေထိ၊ မျည်းမျည်းအိမျှ၊ မျက်စိ၌တွင်၊ ရေးရေးထင်လျက်၊ မရွှင်ဗျာပါ၊ နေလှည့်ရာကို၊ အာကာတိမ်လုံး၊ မြရောင်ဖုံးလျက်၊ ချုံးလေသည်ကား၊ မြေသားခေါ်ရုပ်၊ ခံလျှင်အုပ်သို့၊ ပတ်ချုပ်ဝန်းကျင်၊ မုန်တိုင်းဆင်သည်။ ။မင်းလွင်အလှည့် မြူးသတည်း

(တ) ထူးလှတည့်လေ၊ စုံတောခြေ၌၊ ရှာဖွေပတ်ညက်၊ တက်သက်ပျံနား၊ ၀တ်ပန်းစား၍၊ သနားစဖွယ်၊ လူသူနှယ်လျှင်၊ စင်ကြယ်သင်းချော၊ ဖြူမရောသည်၊ မည်းကြောရောင်နက်၊ ဖိတ်ဖိတ်လက်မျှ၊ ရိပ်စက်သာမော၊ ရဂုံတောဝယ်၊ ဥဩဖေါ်ကွာ၊ မ,ကိုရှာသော်၊ သည်မှာရှိဧည့်၊ မထူးလှည့်လည်း၊ သူဧည့်ဘာသာ၊ အသံနာ၍၊ လူးလာတုံ့ဖယ်၊ သွယ်လှယ်ခေါက်တင်၊ ခုထင်ခုရောက်၊ ဖူးညှောက်ညွန့်ခက်၊ ၀တ်ယက်သောက်ယူ၊ အူအူသောင်းသောင်း၊ ငှက်ပေါင်းမြူးကြ၊ နတ်လှသဘင်၊ မပြောင်းခင်ကို၊ ကျွမ်းဝင်ငယ်ပေါင်း၊ သူကောင်းမင်းချေ၊ ပီလစေလော့၊ မပြေတန်ယောင်၊ ညဥ့်သန်းခေါင်ဝယ်၊ သွေးဆောင်လေညှင်း၊ ရွှေရင်သွင်း၍၊ လွမ်းတင်တ,ဆို၊ ချော့ရောင်ပျိုနှင့်၊ တကိုယ်တည်းလျှင်၊ တူပင်မကွာ၊ စက်သောခါ၌၊ ခက်ဖြာညွန့်ညောင်း၊ နှာမောင်းကူဆိုက်၊ မည်းမိုက်သာမော၊ ရဂုံတောဝယ်၊ ဥဩဖေါ်ကွာ၊ မ,ကိုရှာသည်။ ။သည်မှာရှိဧည့် ထူးသတည်း

ပန်ကြားခြင်း။ ။လှော်ကားသုံးထောင်မှူးခေါ်တောင်ငူန၀ဒေးနှင့်ပတ်သက်သော အကြောင်းအရာ၊ စာအုပ်စာတမ်းများရှိပါက ညွှန်ကြားအသိပေးကြစေလိုကြောင်း အနူးညွတ်ပန်းကြားအပ်ပါသည်။ ကျေးဇူးအထူးထင်ရှိပါသည်။


1 comment:

မေဓာဝီ said...

"သုံးထောင် လှော်ကားမှူး"
---------------------------
တောင်ငူ ၃၀၀၀-လှော်ကားမှူး အကြောင်းကား - ကေတုမတီမြို့တည် မဟာသီရိဇေယျသူ မင်းကြီးညိုလက်ထက် မင်းတရားရွှေထီးဧချင်း ၃-စောင်နှင့် ပိုဒ်စုံရတု၊ ၂၈-စီး မြင်းရည်တက်လင်္ကာ မင်းတရားရွှေထီးကို အိမ်ရှေ့နှင်းသည်တွင် ဆိုသည်။ ၎င်းနောက် မင်းတရားရွှေထီး ဆံတော်ဖြတ်မည်တွင် "မေရုဗဟို, မြေထုနဂို, ဝေလုအညို" ဘုန်းတော်ဘွဲ့ရတုများကို ဆိုသည်၊ အ၀ဘုရင် သတိုးမင်းစော ဆင်တော် သန်မြင်စွာဆင်ဘွဲ့ကို ဆိုသည်။
(ပညာအုပ်မင်း ဦးလွင် စုဆောင်းသည့် ကဗျာသင်္ဂဟ မေဒနီကျမ်းမှ)