ကျွတ်ပြန်ပြီ၊ သီတင်းပြောပါတယ်။ သီတင်းကျွတ်ပြီဆိုတော့ ငယ်စဉ်တောင်ကျေး ကလေးဘ၀က ရွာမှာပျော်ခဲ့တာတွေ ပြန်သတိရမိပါရဲ့။ သတိရမိဆုံးကတော့ ကျနော့်ညာဘက်လက်ခလယ်ထိပ်က ဒဏ်ရာပါပဲ။ အဲဒီဒဏ်ရာကို ကြည့်မိတိုင်း သီတင်းကျွတ်ကာလကို သတိရမိတယ်။ ဘာလို့လဲဆိုတော့ သီတင်းကျွတ်မှာ လက်ကမျင်းကြောထပြီး ဗျောက်ထုတာ၊ ဘာပြောကောင်းမလဲ၊ မသေတာ ကံကောင်း။ ဖြစ်ပုံက ဒီလို။
“ဟေ့ကောင် အေးနိုင်၊ ငါထီးရိုးတစ်ချောင်း ရထားတယ်ကွ၊ မင်းမှာ သစ်သားမီးခြစ်ဗူးရှိလား”
“အာ--မင်းကလဲ ကြံကြံဖန်ဖန်၊ ငါက ဆေးလိပ်သောက်တဲ့ကောင်မှ မဟုတ်တာ၊ ဘယ်ကလာ မီးခြစ်ဗူးရှိရမှာလဲ၊ နေပါဦး၊ မီးခြစ်ဗူးက ဘာလုပ်မလို့လဲဟ?”
“ဘာလုပ်ရမလဲ ကောင်ရ၊ ဗျောက်အိုးလုပ်မလို့ပေါ့ကွ၊ မင်းကလဲ ထီးရိုးရထားပါတယ်ဆိုမှ၊ ဘာလုပ်မလို့လဲ မေးနေရသေးလား၊ သီတင်းကျွတ်ပီလေကွာ၊ ဗျောက်လုပ်မှာပေါ့။ အဲဒါ မီးခြစ်ဗူးလိုနေလို့ကွ”
“ငါ့မှာတော့ မရှိဘူး မင်းမင်း၊ မရှိလဲ ဆိုင်မှာတော့ ရှိမှာပေါ့ကွ၊ သွားဝယ်ကြမယ်လေ၊ မင်းမှာ ပိုက်ဆံရှိတယ်မို့လား”
“နည်းနည်းတော့ ရှိတယ်ကွ၊ အမေ့အိပ်ကပ်ထဲက နှိုက်ထားတာ။ သိရင်တော့ အဆော်ခံရဦးမှာ၊ လာကွာ--သွားကြစို့”
ဒီလိုနဲ့ သူငယ်ချင်းအေးနိုင်နဲ့ ကျနော် သစ်သားမီးခြစ်ဗူးရှာပုံတော်ဖွင့်ဖို့ မောင်းမကန်ရွာလယ်ခေါင်က လမ်းဆုံဘက် ထွက်လာခဲ့ကြတယ်။ လမ်းဘေး ကွမ်းယာ ဆေးလိပ်စတဲ့ ဗျုတ်စဗျင်းတောင်းလေးတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ မီးခြစ်တစ်ဗူး တစ်မတ်နဲ့ဝယ်ပြီး နှစ်ယောက်သားအိမ်ပြန်လာခဲ့ကြတယ်။ အိမ်ပြန်ရောက်ရောက်ချင်း အိမ်ပေါ်တက်ပြေး၊ ရဲဒင်းတစ်ချောင်းယူပြီး အောက်မှာစောင့်နေတဲ့ အေးနိုင်ဆီ ပြန်ပြေးဆင်းလာရင်း လှေခါးထစ်ပေါ်ကနေ “ဟေ့ကောင်း အေးနိုင်၊ ငါတော့ အတော့်ကို ဖေါက်ချင်နေပြီကွာ၊ မြန်မြန်လုပ်ရအောင်ဟေ့”။ အောက်ရောက်တော့ ပြောရင်းဆိုရင်းနဲ့ ကျနော့်လက်ထဲ ကိုင်ထားတဲ့ ရဲဒင်းအသွားနဲ့ ထီးရိုးကို အနားရှိတဲ့ ကျောက်တုံးပေါ်တင်ပြီး လက်သုံးဆစ်လောက်ဖြတ်လိုက်တယ်။
“အေးနိုင်၊ မင်းဗျောက်မလုပ်ဖူးဘူးမို့လား”
“မလုပ်ဖူးပါဘူး၊ မလုပ်တတ်ရင် အန္တရာယ်ရှိတယ်ကွ၊ ငါတော့ ခပ်ကြောက်ကြောက်ပဲ”
“ကြောက်စရာမလိုပါဘူးကွ၊ လွယ်လွယ်လေးပဲဟာ၊ ထီးရိုးဖြတ်၊ မီးခြစ်ဆံယမ်းတွေထည့်၊ ပြန်ပိတ်၊ ဗျောက်အိုးဖြစ်တာပဲကွ၊ ဘာခက်လို့လဲ”
“ပြန်ပိတ်တဲ့အခါ ဂရုစိုက်ပိတ်ရတယ်လို့်တော့ အကိုဝင်း ပြောဖူးတယ်ကွ၊ သူတော့ လုပ်လုပ်နေတာပဲ”
ကျနော်တို့နှစ်ယောက် ဆောက်ကျောက်ထိုင် စကားပြောရင်း ဖြတ်ထားတဲ့ တစ်ဖက်ပိတ်ထီးရိုးထဲ မီးခြစ်ဆံယမ်းတွေ သိပ်ထည့်လိုက်တယ်။ ပြည့်လုပြည့်ခင်ရောက်တော့ “ကဲ---ဟေ့ကောင်ရေ့၊ ပိတ်တော့မယ်နော်၊ သတိထား” လို့ပြောပြီး ကျောက်တုံးပေါ် အသာတင်ပြီး ရဲဒင်းနှောက်နဲ့ တစ်ချက်ချင်း တစ်ချက်ချင်း ပိတ်ထုလေး ထုလိုက်တယ်။ လေးငါးချက်လောက်ထုပြီးတဲ့အခါကျတော့ အပေါက် ပိတ်လုလုဖြစ်နေပြီ။ ကျနော်လဲ နောက်ဆုံးတစ်ချက် အပြီးပိတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခပ်ပြင်းပြင်းလေး အားအနည်းငယ်ထည့်ကာ ထုလိုက်မိတယ်။
“၀ုန်း”
အလွန်ပျင်းထန်တဲ့ ပေါက်ကွဲသံကြီးတစ်ချက်မည်သွားပြီး ကျနော့်လက်တစ်ဘက်လဲ အပေါ်မြောက်တက်သွားတယ်။ အေးနိုင်လဲ အူကြောင်ကြောင်ဖြစ်ပြီး ကျနော့်ကို ကြည့်နေတယ်။ ယမ်းငွေ့တွေလဲ ကျနော်တို့နှစ်ယောက်အကြား တလူလူ လွင့်လို့။ ခဏကြာတော့ အေးနိုင်က ထအော်တယ်။ “သွေးတွေ၊ သွေးတွေ၊ ဟေ့ကောင်မင်းမင်း---မင်းခေါင်းပေါ်မှာ သွေးတွေ အားကြီးပဲကွ” တဲ့။ ကျနော်လဲ အဲဒီတော့မှ သတိပြန်ဝင်လာတယ်။ နောက်ဆုံးတစ်ချက်အထုမှာ သံဗျောက်အိုးဟာ ကျနော့်လက်ထဲမှာတင် ပေါက်ကွဲသွားတယ်ဆိုတာ သိလိုက်တယ်။ အဲဒီတော့မှ မြောက်တက်သွားပြီး ခေါင်းပေါ်ရောက်နေတဲ့ လက်ကို အသာပြန်ရုပ်သိမ်းလိုက်မိတယ်။ ညာလက်တစ်ဘက်လုံးထုံကျဉ်ကျဉ်ဖြစ်နေပြီ။ ထိခိုက်ကာစမို့ နာကျင်တဲ့ဝေဒနာမခံစားရသေး။ ဒါပေမဲ့ သွေးတွေတော့ လက်တစ်ဘက်လုံးရွှဲနစ်နေပြီ။
“မင်းမှာ ထိသွားသေးလား အေးနိုင်”
အစတုန်းကလို လေသံမှာ အားမပါတော့။ ကိုယ့်ကိုယ်ထိခိုက်သွားပြီဆိုတဲ့ အသိက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေကို စဉ်းစားရင်း အားချိလာတယ်။ အမေသိရင် အရိုက်ခံရဖို့ ရာခိုင်နှုံးတစ်ရာအပြည့်။ တော်သေးတယ်၊ အဖေ အလုပ်ထွက်သွားလို့။ အဖေရှိရင်တော့ ကြက်မွေးတစ်ယောက် တစ်ချောင်းဆီကိုင်ပြီး အမေတစ်လှည့် အဖေတစ်လှည့် ဆော်မှာ ကျိမ်းသေ။
“ငါ့မှာတော့ ပြင်းပြင်းထန်ထန် ဘာမှမထိပါဘူးကွ၊ ခြေထောက်တော့ နည်းနည်းပွန်းသွားတယ်” အေးနိုင် အဖြေပေးတယ်။
“အေးကွာ၊ သတိထားလုပ်တဲ့ ကြားထဲကဖြစ်သွားတာကွ၊ အမေသိရင် ထပ်အရိုက်ခံရဦးမှာ” တွေးရင်း ကျနော် စိတ်ပူလာတယ်။ စိတ်ပူပါတယ်ဆိုမှ အေးနိုင်ဆိုတဲ့ ကောင်က “မင်းအမေသိရင်တော့ မလွယ်ဘူးကွ”တဲ့။ မကြာပါဘူး၊ အမေအပြင်က ပြန်လာတော့ သူ့သားလူဆိုးလေး ကျနော့်အဖြစ် ကြည့်ပြီး သနားရမည့်အစား ကြက်မွေးတစ်ချောင်းကိုင်ပြီး ဆော်ပလော်တီးတော့တာပဲဗျို့။ ၀အောင် ရိုက်ပြီးမှ လက်က ဒဏ်ရာကို ရေနွေးနဲ့ ဆေးပြီး ဆေးထည့်ပေးတယ်။ အိမ်မှာ လိုရမည်ရဆောင်ထားတဲ့ အရက်ပျံတစ်ဗူးရှိလို့ တော်သေးတယ်။ အမေက အရက်ပျံကို ဂွမ်းနဲ့တို့ပြီး ကျနော့်လက်လဲ ထိလိုက်ရော---“အား ရိုးရိုး၊ စပ်တယ်ဗျာ့၊ စပ်တယ်ဗျာ့”။ ဟန်ဆောင်ပြီး အောင့်ထားလို့မနိုင်တော့။ အားရပါးရ အော်ပစ်လိုက်ရတယ်။
“အေး အေး၊ နောက်တစ်ခါ လုပ်ဦးလေ ဗျောက်အိုး၊ နောက်တစ်ခါ လုပ်ရင် မင်းအသက်ပါထွက်ပြီမှတ်”တဲ့။ အမေပေးတဲ့ ၀ါနင်ပါ။ ကျနော်လဲ ထပ်အရိုက်ခံနေရမှာ စိုးလို့ အသာကျိတ်မှိတ်ပြီး ခံနေလိုက်ရတယ်။ ညာဘက်လက်ခလယ်ရဲ့ ထိပ်မှာ သုံးစိပ်ကွဲထွက်သွားတယ်။ တော်သေးတယ်၊ ဗျောက်အိုးက လူကို တိုက်ရိုက်မမှန်လိုက်လို့၊ လူကိုသာမှန်လို့ကတော့ ခင်ဗျားတို့ ဟောဒီအလင်းတန်းဘလော့ကို ဖတ်ခွင့်ရဖို့ မလွယ်ဘူး။ အဟဲ။ တကယ်ပြောပါတာဗျာ့။ သံဗျောက်ဆိုတော့ ပေါက်ကွဲအားက ကျည်ဆံလိုပဲ၊ အားပြင်းတယ်။ ဒီလိုနဲ့ လက်ထိပ်က ကျနော့်ဒဏ်ရာလေး အိမ်ရှိတဲ့ ဆေးမြီးတိုလေးတွေထည့်လိုက်၊ ရွာရှိဆေးခန်းကပေးတဲ့ ဒိတ်လွန်ဆေးတွေ စားလိုက်နဲ့ တစ်ပတ်လောက်လဲ ကြာရော ညိုပုတ်ပုတ်ကြီးဖြစ်လာရော့ဗျို့။ အဲဒီကျမှ ရွာကဆေးဆရာက “မင်းလက် အခြေအနေမကောင်းဘူးကွ၊ ငါ့အထင် မေးခိုင်ပိုးများဝင်နေလား မသိဘူး၊ မြို့ပေါ်က ဆေးရုံသွားရင် ပိုကောင်းမယ်ထင်တယ်” တဲ့။
အမေလဲ ဆရာပြောတဲ့ အတိုင်း ကျနော့်ကို ခေါ်ပြီး ထားဝယ်မြို့ပေါ်ဆေးရုံသွားရရှာတယ်။ ဟိုရောက်တော့ ဆရာဝန်ကြီးက စစ်ဆေးပြီး ဆေးရုံတက်ဖို့ပြောပါလေရော့။ ဒါနဲ့ ဆေးရုံတက်လိုက်ရတယ်ဆိုပါတော့။ တက်ရရုံတင်မကဘူး။ မေးခိုင်ကာကွယ်ဆေး ကိုးလုံးလောက်ထိုးပြီး အော်ပရေးရှင်းပါဝင်လိုက်ရသေးတယ်။ ဆေးရုံမှာ ရက်နှစ်ဆယ်လောက်နေပြီး သက်သာမှ ပြန်ဆင်းလာရတယ်။ အမေ့ခမျှာ ကျနော်ကမျင်းလို့ ပိုက်ဆံကုန်လိုက်တာလဲ သောက်သောက်လဲပဲ။ တွေးရင်းတွေးရင်း အမေ့ကို တော်တော်သနားမိတယ်ဗျာ။ ဖြစ်ပုံကတော့ အဲဒါပါပဲ။ ကျနော့်ဘ၀မှာ မမေ့နိုင်တဲ့ သတင်းကျွတ်သင်ခန်းစာလေးပေါ့။ အဲဒီနောက်တော့ ဗျောက်အိုးလုပ်ခြင်းကိစ္စကို ကျနော် စိတ်မ၀င်စားရဲတော့ဘူး။ အမေ့ကို ထပ်ပြီး ဒုက္ခမပေးချင်တော့လို့လေ။ ဒါပေမဲ့ ၀ါသနာအရ မီးပုံပျံတော့ စပ်သေးသဗျာ့။ အော် သီတင်းကျွတ်၊ သီတင်းကျွတ်၊ လွမ်းမိချေသေးတော့၏ သီတင်းကျွတ်ရယ်။
1 comment:
သီတင်းကျွတ် အမှတ်တရကိုလာဖတ်သွားပါ
တယ်။တော်တော်ဆော့တာဘဲ။ငယ်ငယ်က
အကြောင်းလေးတွေပြန်ေ၇းတော့လဲ
ကိုလဲငယ်ငယ်ကအကြောင်းတွေပြန်တမ်းတမိ
ခဲ့ပါတယ်။
Post a Comment