Thursday, October 8, 2009

မူဝါဒနှင့် အယူဝါဒ


မူဝါဒသည် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်သက်ဆိုင်၍ အယူဝါဒသည် ယုံကြည်မှုနှင့် သက်ဆိုင်သည်ဟု ကျနော်မြင်သည်။ တစ်နည်းအားဖြင့် မူဝါဒဟူသည် အများဆိုင်ဖြစ်ပြီး အယူဝါဒသည်ကား လူတစ်ဦးတစ်ယောက်၏ လွတ်လပ်သော အတွေးအခေါ်နှင့် သက်ဆိုင်သည်။ ဤသည်ပင် ကျနော့်အယူဝါဒလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် လူတစ်ယောက်ဦးတစ်ယောက်သည် သက်ဆိုင်ရာ အစိုးရနှင့် အဖွဲ့အစည်းများက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာနေရသကဲ့သို့ တစ်ချိန်တည်းမှာပင် မိမိကိုယ်တိုင်၏ ယုံကြည်ရာကိုလည်း ဆောင်ရွက်ရင်း အသက်ရှင်သန်နေရကြောင်း မှတ်ယူနိုင်သည်။

“မူကိုတော့ ကြိုက်ပါတယ်ကွာ၊ ဒါပေမဲ့ လူကိုတော့ မကြိုက်ဘူး” ဟု ပြောဆိုသော စကားများကို အဖွဲ့အစည်းအတွင်း နေထိုင်သူများ မကြာခဏ ကြားရနိုင်သည်။ အမှန်အားဖြင့် လူကို မကြိုက်ဘူး-ဆိုသော စကားသည် ထိုသူ၏ ယုံကြည်ချက်အရ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံများကို မကြိုက်ခြင်း-ဟု ကျနော် ဖွင့်ဆို နားလည်ချင်သည်။ “မူကောင်းပါလျှက် လူမကောင်းတဲ့အတွက် ပျက်ရတယ်”ဆိုသည့်နေရာမှာလဲ ချမှတ်ထားသောမူဝါဒသည် ထိုပုဂ္ဂိုလ်၏ အယူဝါဒကို မလွန်ဆန်နိုင်ဖြစ်ကာ ကိုယ်လက်ခံယုံကြည်သလို လုပ်မိတဲ့အတွက် မလိုလားအပ်သော ဆိုးကျိုးများပေါ်ပေါက်လာရခြင်း ဖြစ်နိုင်သည်။

တစ်ခါတရံ အယူဝါဒကောင်းသော်လဲ မူဝါဒမကောင်းသဖြင့် ပျက်စီးသွားရသည်များလည်း များစွာပင်ရှိသည်။ အသို့ဆိုသော် မူဝါဒကောင်း၊ အယူဝါဒကောင်းဟူသည် အဘယ်နည်း? ဟု မေးခွန်းထုတ်ဘွယ်ရှိသည်။ ယင်းမေးခွန်းကို Yes or No ဖြင့် အဖြေပေး၍ မဖြစ်နိုင်သလို ပုံသေနည်းသုံးပြီး တစ်ထစ်ချအဖြေပေး၍လည်း မဖြစ်နိုင်ချေ။ လူတစ်ယောက်စီက အဖြေတစ်ခုစီ ထွက်လာမည်မှာ သေချာသည်။ လူတိုင်းလူတိုင်းသည် မိမိကိုယ်တိုင်၏ အယူဝါဒကို အမှန်ဟု ယူဆတတ်ကြမြဲဖြစ်သည်-ဟု ထင်သည်။ မိမိအယူကို အမှန်ဟု မယူဆပါက ဆက်လက်ကိုင်စွဲထားစရာမလို၊ ပယ်ဖျက်ပြီး နောက်တစ်မျိုးကို ယူနိုင်သည်။ ယုံကြည်နိုင်သည်။

ဤနေရတွင် အယူဝါဒ-ဆိုရာဝယ် များသောအားဖြင့် သက်ဆိုင်ရာ ဘာသာရေးအရ ယုံကြည်လက်ခံထားသော အယူအဆသည် ရာခိုင်နှုံးအမြင့်ဆုံးအနေထားတွင် ရှိသည်။ မူဝါဒ-ဆိုသည်မှာလည်း သက်ဆိုင်ရာ နိုင်ငံအလိုက် လက်ခံကျင့်သုံးနေသော အစိုးရစနစ်များကို အများဆုံးညွှန်ပြကြပေလိမ့်မည်။ ယင်းသို့ဖြစ်သောအခါ မူဝါဒသည် နိုင်ငံရေးနှင့် ပတ်သက်၍ အယူဝါဒသည် ဘာသာရေးနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်။ ထို့ကြောင့် မူဝါဒသည် နိုင်ငံရေးဖြစ်၍ အယူဝါဒသည် ဘာသာရေးဖြစ်လာရတော့သည်။ လူတစ်ဦးတစ်ယောက်အတွက် နိုင်ငံရေးသည် ယခုပစ္စက္ခအတွက် အရေးပါသလို ဘာသာရေးသည်လည်း နောင်တမလွန်အတွက် အရေးကြီးသည်။ မူဝါဒကောင်းလျှင် ယခုဘ၀မှာ ချမ်းသာပြီး အယူဝါဒကောင်းလျှင် နောင်ဘ၀လက်ခံ ယုံကြည်သူများအတွက် နောင်ဘ၀မှာ ချမ်းသာနိုင်သည်။ နောင်ဘ၀ကို မယုံကြည်သူများအတွက်လည်း ယခုဘ၀တွင် စိတ်ချမ်းသာခွင့်ရနိုင်သည်။ ထို့ကြောင့် မူဝါဒနှင့် အယူဝါဒသည် အကောင်းဖြစ်ဖို့ အလွန်အရေးကြီးလှသည်။

မူဝါဒသည် ကောင်းသည်ဖြစ်စေ/မကောင်းသည်ဖြစ်စေ၊ အယူဝါဒသည်လည်း ကောင်းဖြစ်စေ/ဆိုးသည်ဖြစ်စေ၊ ပယ်စွန့်ဖို့ရန် အလွန်မလွယ်ကူသော အရာများဖြစ်သည်ကို လူတိုင်းသိသည်။ မူဝါဒဆိုးတစ်ခုကို ချေမှုန်းပြီး မူဝါဒကောင်းတစ်ခု၊ သို့မဟုတ် ကောင်းသည်ဟု ထင်ရသော မူဝါဒတစ်ခုကို မွေးစားဖို့အတွက် လူပေါင်းများစွာတို့ အသက်ပေါင်းများစွာပေး၍ နှစ်ပေါင်းများစွာ တော်လှန်ကြရသလို အယူဝါဒတစ်ခုကို ပယ်စွန့်ပြီး ပိုကောင်းသည်ဟုထင်ရသော အယူဝါဒတစ်ခု ထူထောင်ရန်မှာလည်း လွန်စွာခဲခက်သော အလုပ်ဖြစ်ကြောင်း အများနားလည်ကြသည်။ အဘယ်ကြောင်းနည်း?

အဖြေသည် ရှုထောင့်အမျိုးမျိုးမှ ကြည့်၍ ရှုပ်ထွေးနိုင်သော်လည်း လွယ်ကူသောအဖြေတစ်ခုကားရှိသည်။ ယင်းမှာ သက်ဆိုင်ရာ မူဝါဒရေးရာခေါင်းဆောင်များနှင့် အယူဝါဒရေးရာခေါင်းဆောင်တို့၏ အတ္တဆန်မှုပင်ဖြစ်သည်။ တော်လှန်သည်-ဟူသောစကားလုံးသည် မူဝါဒနှင့်ဆိုင်သလို အယူဝါဒနှင့်လည်း ဆိုင်သည်။ ထို့အပြင် အဖိနှိပ်ခံတို့၏ မခံမရပ်နိုင်မှုနှင့်လည်းသက်ဆိုင်သည်။ နိုင်ငံရေးအရ ဖိနှိပ်ခံရသူတို့က သက်ဆိုင်ရာ မူဝါဒကို တော်လှန်၍ ဘာသာရေးအရ ဖိနှိပ်ခံရသူတို့ကလည်း သက်ဆိုင်ရာ အယူဝါဒကို တော်လှန်ကြသည်။

ယနေ့ခေတ်တွင် ဘာသာရေးအရတော်လှန်မှုသည် လွန်စွာမထင်ရှားတော့သော်လည်း သက်ဆိုင်ရာ အဖိနှိပ်ခံလူတန်းစားများ၏ နှလုံးအိမ်တွင်မူ အုံကြွလျှက် ပေါက်ကွဲချိန်ကို စောင့်စားနေကြလေပြီ။ နိုင်ငံရေးအရ အဖိနှိပ်ခံလူတန်းစားများသည်ကား တူရာလူစုပြီး တိုက်ပွဲဝင်နေကြလေပြီ။ နိုင်ငံရေးအရ မူဝါဒကို တော်လှန်သည်ဖြစ်စေ၊ ဘာသာရေးအရ အယူဝါဒကို တော်လှန်သည်ဖြစ်စေ၊ ပန်းတိုင်မှာ တစ်ခုတည်းသာဖြစ်သည်။ ယင်းကား လွန်လပ်မှုပင်တည်း။ ယင်းလွတ်လပ်မှုအတွက် သက်ဆိုင်ရာ အဖိနှိပ်ခံလူတန်းစားအလွှာ အသီးသီးတို့က အသက်အသေခံပြီး တိုက်ပွဲဝင်နေကြရသည်။

ယနေ့မြန်မာပြည်သူတို့သည်လည်း ကမ္ဘာတစ်ဝှန်းရှိ အဖိနှိပ်ခံ လူတန်းစားများတွင် အလွှာတစ်ခုအနေဖြင့် ပါဝင်နေသည်။ နိုင်ငံရေးအရရော ဘာသာရေးအရပါ လွတ်လပ်မှုများဆုံးရှုံးပြီး မူဝါဒရေးရာတော်လှန်ရေးတိုက်ပွဲများနှင့် အယူဝါဒရေးရာတော်လှန်ရေးတိုက်ပွဲများကို ကဏ္ဍအသီးသီးမှ ၀ါဝင်ဆောင်ရွက်နေကြသည်။ အထူးသဖြင့် နိုင်ငံရေးအရ မူဝါဒအဟောင်းကို လက်မခံနိုင်ကြသဖြင့် မူဝါဒအသစ်တစ်ခုသို့ ဦးတည်ရည်မှန်းကာ လှုပ်ရှားနေကြသည်။ သို့သော် အုပ်ချုပ်သူအလွှာတစ်ခု၏ အတ္တဆန်မှုကြောင့် ဆယ်စုနှစ်ပေါင်းများစွာကြာသည့်တိုင် လွတ်လပ်ခွင့်ကို မရကြသေး။ အသက်အသေခံကြသည်။ စည်းစိမ်အပျက်ခံကြသည်။

သို့သော် အုပ်ချုပ်သူအလွှာတို့ အတ္တဆန်နေသေးသမျှ၊ တော်လှန်သူအလွှာတို့ မညီညွတ်နိုင်သေးသမျှ လက်ရှိမူဝါဒကို ချေဖျက်ဖို့ရာ လွယ်ကူမည်မဟုတ်ပေ။ အသက်အိုးအိမ်စည်းစိမ်များကို ဆက်လက်ရင်းနှီးကြရပေဦးမည်။ မိမိမကြိုက်သော အယူဝါဒကို မိမိစိတ်ထဲမှာပင် ပယ်ဖျက်ပစ်နိုင်သော်လည်း မိမိမကြိုက်သော မူဝါဒကိုကား ယင်းနည်းအားဖြင့် ပယ်ဖျက်၍ မရနိုင်ချေ။ ယင်းအတွက် သဘောတူရာ အဖိနှိပ်ခံတို့ စုရုံးညီညွတ်မှဖြစ်နိုင်သည်။ မူဝါဒအဟောင်းကို ချေဖျက်ဖို့ အဖိနှိပ်ခံတို့ မညီညွတ်နိုင်သေးသမျှ ဖိနှိပ်သူအာဏာရှင်တို့၏ ပလ္လင်ကို ကောင်းစွာလှုပ်ရှားစေနိုင်လိမ့်မည်မဟုတ်ကြောင်း ကောင်းစွာလက်ခံအပ်သတည်း။

No comments: