Wednesday, October 7, 2009

မှော်ဆရာများနှင့် ဘောဝိဇ္ဇာ


စာဖတ်သူဘ၀မှာ အပြုစားခံရဖူးပါသလား? လူအတော်များများကတော့ မခံရဖူးပါဘူး-လို့ အဖြေပေးကြလိမ့်မယ်ထင်ပါရဲ့။ ဒါကြောင့်လဲ ဒီလိုပညာရပ်တွေ လောကမှာ ရှိနေတယ်-ဆိုတာကို လက်မခံနိုင်ကြတာပေါ့။ ကျုပ်ကတော့ အတော်အတန်ယုံသဗျား။ ယုံဆို ကျုပ်ကိုယ်တိုင် ခံခဲ့ရဖူးသကိုးဗျာ့။ လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က ကျောင်းပိတ်ရာသီတစ်ခုမှာ နောင်ချိုက သူငယ်ချင်းတွေခေါ်လို့ သူတို့ဆီ အလည်လိုက်သွားဖူးတယ်။ ဟိုရောက်တော့ သူငယ်ချင်းအိမ်မှာပဲ တည်းပါတယ်။ စားလိုက်၊ သောက်လိုက်၊ ပျော်လိုက်၊ ပါးလိုက်၊ တောထဲဝင်လိုက်၊ တောင်ပေါ်တက်လိုက်နဲ့ ပျော်မှပျော်ပဲ။ အခု စာရေးနေရင်း ပြန်တွေးမိရင်တောင် ပြန်ပျော်နေသေးတယ်။ အဲသလောက်ကို ပျော်ခဲ့တာ။

တစ်နေ့။
သူငယ်ချင်းတွေနဲ့ ရွာလမ်းတွေပေါ် လျှောက်လည်ရင်း လမ်းမှာကောင်မချောချောလေး တစ်ယောက်နဲ့တွေ့ရော့ဗျို့။ ချောဆို အတော့်ကို ချောတာကလား။ အဲဒီခုနှစ်တုန်းက တွေ့ခဲ့ဖူးတဲ့ သူ့ရုပ်ရည်ကို အခုရောက်ဆဲ၂၀၀၉-ခုနှစ်ဖြစ်အောင် ၇-နှစ်ထပ်ပေါင်းပြီး ကြည့်ရင်တောင် သူ့ရုပ်က မကျသေးတာတော့ သေချာတယ်။ ၀ါဝင်းစိုပြေတဲ့ အသားအရေ၊ မြန်မာမိန်းကလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်း၊ အခြိုးကျလွန်းတဲ့ ကိုယ်အနေအထားနဲ့ သွားပုံလာပုံကအစ ဘာမှကို ပြောစရာမရှိအောင် ပြေပျစ်တာ။ ခပ်လှမ်းလှမ်းက လာနေတဲ့သူ့ကို ကြည့်ပြီး သူငယ်ချင်းက ပြောတယ် “အဲဒါ ချိုတူးပေါ့၊ ဒီနယ်မှာတော့ queen ပဲ၊ ဒါပေမဲ့ သိပ်အန္တရာယ်ကြီးတယ် ကိုယ့်လူ”တဲ့။ ဘာအန္တရာယ်ကြီးမှန်း ကျုပ်လဲ မေးမနေတော့ဘူး။ မျက်လုံးက ပြန်မေးဖို့ ခွင့်မပြုဘူး။ ကောင်မလေး လမ်းလျှောက်လာဟန်ကို ငေးနေရတာကိုက အရသာတစ်မျိုး။

အနားရောက်လာတဲ့ အခါကျတော့ သူငယ်ချင်းကို သူကစပြီး “အကို မြင့်စိုး၊ ဘယ်တုန်းက ရောက်နေတာလဲ၊ အသိတောင်မပေးဘူး၊ နေနိုင်လိုက်တာ” ဆိုပဲ။ ကျုပ်လဲ သူငယ်ချင်းကို မျက်စောင်းတစ်ချက်ခဲလိုက်တယ် “မင်း တော်တော်ဟုတ်နေပါလား” ဆိုတဲ့ အဓိပ္ပါယ်နဲ့ပေါ့။ ကျုပ်သူငယ်ချင်းကလဲ လူပါးလူနပ်။ တစ်ဖက်သားစိတ်ကျေနပ်အောင် ပြောတဲ့နေရာတော့ King-ပဲ။ အခု Queen နဲ့ King တွေ့နေကြပြီ။ ကြားထဲက ကျုပ်က Ace လုပ်မလား၊ Joker လုပ်မလား။ ဒါဆို ပွဲပြတ်ပြီ။ Jack ကတော့ မလုပ်ဘူး။ ပါဝါကျသွားမှာ စိုးလို့။ သူငယ်ချင်းရဲ့ နာဂစ်သာသာလေသရမ်းမှုကြောင့် မိန်းမချောလေး ချိုတူးခမျှာ အီစလံသုံးပတ်လောက်ဝေပြီး ခွေသွားရှာလေရဲ့။ ပြီးတော့ “အကိုတို့ မနက်ဖန် ကျမတို့အိမ်မှာ ထမင်းလာစားကြနော်၊ ရောက်တုန်းရောက်ခိုက်လေး ပြုစုချင်လို့ပါရှင်” ဆိုပြီး ဖိန့်မန္တကပြုလိုက်တဲ့ အသံကြားရချိန်မှာတော့ မဆွတ်ခင်က ညွတ်ချင်ချင်ဖြစ်နေတဲ့ ကျုပ်ခမျှာ အနားမှာတင် သွားရေကျလုလု။ ထမင်းငတ်လို့တော့ မဟုတ်ပါဘူးဗျာ၊ ဟဲဟဲ။

ကာလသားတွေ ကာလသမီးအိမ်သွားပြီး ပွဲတော်တည်ရမှာဆိုတော့ ရန်ကုန်က ယူလာတဲ့ အကောင်းဆုံးဆိုတဲ့ အကျီနဲ့ ဘောင်းဘီထုတ်၊ အရေးထဲ ခေါင်းလိမ်းဆီကလဲ မပါလာ။ ဒီတော့ သူငယ်ချင်းအမေလိမ်းတဲ့ အုန်းဆီပုလင်းဖင်ကပ်ကို အကုန်မော့ပြီး ခေါင်းပေါ်လောင်းချ၊ ဆံကေနဲ့ အုန်းဆီတစ်ဗျင်းဗျင်းမည်အောင်ပွတ်ပြီးမှ ခေါင်းဖီးနဲ့ လိုသလိုဆွဲခြစ်ပြီး ရှိုးထွက်အောင် သ-ရတာကလား။ ပြီးတာနဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ ဆယ်ခေါက်လောက် အသွားအပြန်လမ်းလျှောက်ကြည့်ရသေးတယ်။ ဟန်ကျမကျ သိရအောင်လေ။ သူငယ်ချင်းကလဲ ကျုပ်ကြည့်ပြီး အမြင်တော်တော်ကပ်နေပြီ။ တတ်နိုင်ဘူး။ အခွင့်သာတုန်းလေး ဖမ်းသွားမှ-ဆိုတဲ့ ရည်ရွယ်ချက်ကလဲ မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းထက် ကြီးသဗျား။

တိုတိုပဲပြောတော့မယ်။ ဒီလိုနဲ့ အိမ်ရောက်ပြီး စားကြရော။ စားပွဲဝိုင်းကြီးပေါ်မှာ တင်ထားတဲ့ စားစရာတွေကလဲ ရွာသူရွာသားတွေနဲ့ မတန်အောင်ကို များပြားလှသဗျား။ “လူမင်းဘုန်းကြီး နတ်မင်းမနေသာ” ဆိုတာ ဒါမျိုးပြော ထင်ပါရဲ့။ စားရင်း စကားပြောရင်းနဲ့ အချိန်တော်တော်လေးကြာသွားတယ်။ ငန်းရင်းလဲ ပါသပေါ့။ ဒါက ရည်ရွယ်ရင်းပေကိုး။ စားပြီးသောက်ပြီး အိမ်ကအပြန်မှာတော့ ရွာထဲမှာ အတော်လေး ပူညံပူညံဖြစ်နေကြပြီ။ နောက်မှ သိရတာပါ။ ဘာလို့လဲဆိုတော့ ကျုပ်သူငယ်ချင်းအဖေက တရားသမား။ သူနဲ့ အခြားအဖိုးကြီးတစ်ယောက်လဲ ရှိသေးတယ်။ ရွာမှာတော့ အထက်လမ်းဆရာကြီးပေါ့။ ဆရာကြီးက ကြိုတင်သိနေသတဲ့၊ ကျုပ်တို့ကို ပြုစားတော့မယ်ဆိုတာ။ ဒါပေမဲ့ အချိန်မီ မတားလိုက်နိုင်ဘူးတဲ့။ ကျုပ်တို့သွားစားတဲ့ အိမ်ပိုင်ရှင်အဘွားကြီး (ချိုတူးအမေ) က ၁၂-ကြိုးကဝေမကြီး ဆိုကိုးဗျာ့။ သူ့ကို နိုင်တာလဲ ရွာမှာ ခုနကပြောတဲ့ ဆရာကြီးတစ်ယောက်တည်းပဲ ရှိဆိုပဲ။

အူယားဖားယားနဲ့ သူငယ်ချင်းအမေ ရောက်လာတယ်။ သူ့ယောက်ျားရော၊ ဆရာကြီးရော။ လက်ထဲမှာလဲ ကွမ်းအစ်ကြီးကိုင်လို့။ ရွာထဲက လူတွေကလဲ ဘာဆက်ဖြစ်မလဲ စပ်စုနေကြပြီ။ ဆရာကြီးရောက်လာပြီး ကျုပ်တို့အားလုံးကို ရွာထိပ်က ဘုရားကုန်းပေါ်ခေါ်သွားတယ်။ အဲဒီရောက်တော့ ဘုရားရှေ့မှာထိုင်ခိုင်းပြီး တစ်ယောက်ပြီးတစ်ယောက် စစ်လိုက်တော့ အပြုစားခံရတာ ကျုပ်တစ်ယောက်တည်း-တဲ့ဗျား။ လန့်လိုက်ပုံများဖြစ်တော့။ လန့်ပေမဲ့ အဲဒီအထိဘာမှမဖြစ်သေးတော့ ဖြေသာနေသေးသပေါ့။ ဆရာကြီးက အဲဒီစုန်းမကြီးကို သူ့ပညာနဲ့ခေါ်ပြီးမေးသတဲ့ “မင်းဘာဖြစ်လို့ ဒီဧည့်သည်ကောင်လေးကိုမှ ရွေးလုပ်ရတာလဲ”လို့။ စုန်းမကြီးက “ဒီကောင်လေးက သိပ်ချောလွန်းတယ်၊ လူ့ပြည်မှာ ကြာကြာမနေသင့်ဘူး” လို့ ဖြေသတဲ့ဗျား။ (သူပြောမှပဲ ကျုပ်လဲ ကျုပ်ကိုယ်ကျုပ် မှန်ထဲ တော်တော်ကြာကြာ ပြန်ကြည့်ရသေးတယ်။ စုန်းမကြီးပြောတာ သိပ်တော့လဲ ဟုတ်သလိုလို၊ အဟား။) ဒါနဲ့ ဆရာကြီးက ဘုရားရှေ့မှာ ရေမန်းတစ်ခုလုပ်ပြီး တိုက်ပါလေရော။ အပြုစားခံထားရတယ်ဆိုတဲ့ အသိက၀င်နေလေတော့ အဲဒီချိန် ရေမန်းမကလို့ ဘီယာတိုက်လဲ အဲလေ ယောင်လို့၊ ဆေးခါးကြီးတိုက်လဲ ဂွတ်ကနဲနေအောင် သောက်လိုက်မှာပဲ။

အဲဒီရေမန်းသောက်ပြီးမှ ဆရာကြီးက ပြောတယ် “လူလေး---မင်းဘာမှ မဖြစ်တော့ပါဘူးကွယ်၊ ဘဘကြီး အားလုံးဆွဲနှုတ်လိုက်ပါပြီ၊ တစ်ခုတော့ရှိတယ်၊ မင်းအိမ်သာတက်တဲ့ အခါတော့ သတိထားကြည့်ကြည့်၊ အစိမ်းရောင်နဲ့ ကျလာရင် ဘာမှမဖြစ်တော့ဘူး၊ စိတ်သာချ”တဲ့။ ကျုပ်ကတော့ စားပြီးသောက်ပြီးကတည်းက အခုထိ ဘာမှမဖြစ်တော့ ဘာပြန်ပြောရမှန်းမသိဘူး။ ဒါနဲ့ “ဟုတ်ကဲ့၊ ကျေးဇူးပါပဲ ဘဘကြီး” ပြောပြီး ဘုရားနဲ့ ရောပြီး ဦးသုံးကြိမ်ချ၊ ဘုရားပေါ်က ပြန်ဆင်းခဲ့ကြတယ်။ အိမ်လဲရောက်ရော။ ကျုပ်ဗိုက်တွေ အောင့်လာလိုက်တာ မပြောနဲ့တော့။ ဒါနဲ့ အိမ်သာထဲအမြန်ဝင်ပြီး ရှောချလိုက်ရတယ်။ ကြည့်လိုက်တော့ အရောင်အဆင်းတွေက သစ်ရွက်စိမ်းတွေလို စိမ်းဖန့်ဖန့်နဲ့။ အစားအစာတွေထဲမှာလဲ စိမ်းစေတဲ့ဟာဆိုလို့ တစ်ခုမှ မတွေ့မိဘူး။ ဒါနဲ့ ဘဘကြီးစကားကို သတိရလိုက်မိတယ် “အစိမ်းရောင်နဲ့ ကျလာရင် ဘာမှမဖြစ်တော့ဘူး” ဆိုတာ။ ကျုပ်လဲ အဲဒီကျမှ စိတ်တွေ ဘာတွေချပြီး “ဟင်း”ကနဲ အသံပြုနိုင်တော့တယ်။ အဲဒီနောက်တော့ ချိုတူးအသံကြားရင် ကြက်သီးတွေ ဘာတွေတောင် ထမိတဲ့အထိ လန့်တန့်တန့်ဖြစ်သွားလေရဲ့ဗျား။ တကယ်လို့များ ဆရာကြီးနဲ့သာ မတွေ့ခဲ့ရရင် ကျုပ်ဘ၀ဘာဖြစ်မလဲ မတွေးရဲဘူး။ ပြန်စဉ်းစားမိတိုင်း အစိမ်းရောင်တွေပဲ မြင်ယောင်နေမိသေးတော့။

အဲဒါ ကျုပ်တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတိုလေးပါ။ ဒါမျိုးတွေက ကျုပ်တို့ဆီတင်မဟုတ်ဘူး၊ တစ်ကမ္ဘာလုံး နေရာအနှံ့ရှိနေတာကလား။ ဒီနေ့အင်တာပေါ်က AFP သတင်းတစ်ပုဒ်ထဲမှာ ထူးထူးဆန်းဆန်း သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ ကျုပ်တို့ ဘောလုံးသူရဲကောင်းကြီး စီရိုနယ်ဒို (ဒိုလေး)ရဲ့ ဇာတ်ကွက်လေးပါ။ ကျုပ်က မန်ချက်ပရိတ်သတ်။ ဒိုလေးမန်ယူမှာရှိတုန်းကတော့ သူက ကျုပ်တို့မန်ဖန်းတွေရဲ့ သူရဲကောင်းကြီးပေါ့။ အခုရီးယဲရောက်သွားတော့ ကျုပ်တို့သူရဲကောင်းမဟုတ်တော့ဘူး။ ဒါပေမဲ့ သူပါတဲ့ပွဲဆို မရမကရှာဖွေ ကြည့်ရှုနေရတုန်း။ သူက ဘောဝိဇ္ဇာကြီးမဟုတ်လား။ ဘောလုံးမှော်အောင်ထားသလားမှတ်ရသဗျား။ တော်လိုက်ပုံများ။ အကန်ကောင်း၊ အသွင်းကောင်း၊ အပြေးကောင်း၊ အလိမ်အခေါက်နဲ့ ဖရီးကစ်မှာတော့ ရှားမှရှား၊ အိုင်တင်ကောင်း၊ ရုပ်ဖြောင့်၊ အသက်ငယ်၊ ပိုက်ဆံပေါ၊ ကမ္ဘာ့နံပါတ်တစ်ဘောလုံးသမား။ ကဲ ဘာပြောစရာကျန်သေးလဲ။ အားလုံးပြည့်စုံနေတဲ့ သတ္တ၀ါလေးတစ်ကောင်ဖြစ်နေပြီ။

ဒါပေမဲ့ နောက်မှာပြဿနာလေးတွေနဲ့။ အချစ်ပြဿနာ။ မိန်းမချောလေးတွေကို ပခုံးဖက်ပြီး ဓာတ်ပုံအရိုက်ခံလေ့ရှိတဲ့ ဒိုလေးခမျှာ အခုတော့ သူ့အချစ်ကို မရရှာတဲ့ နိုင်ငံခြားက သူဌေးမလေးတစ်ယောက်ရဲ့ ပြုစားချက်ကို ခံနေရရှာပါသတဲ့။ ဖြစ်ပုံက ဒီလို ဒီလို----

Pepe လို့ နာမည်ပြောင်ပေးထားတဲ့ စပိန်အောက်လမ်းဆရာ (Spaniard Sorcerer) ကို နိုင်ငံခြားသူ သူဌေးမလေးတစ်ယောက်က ယူရို တစ်သောင်းခွဲ (၁၅၀၀၀) နဲ့ ငှါးပြီး ဒိုလေးရဲ့လက်ရှိအလုပ်အကိုင်ပျက်စီးအဆုံးသတ်သွားအောင် ပြုစားစေတယ် လို့ Correio da Manha daily သတင်းစာက ရေးသားပါတယ်။ အောက်လမ်းဆရာ Pepe ဟာ အနက်ရောင်ဖယောင်းရုပ်တုတစ်ခုအပေါ် ဒိုလေးနာမည်တွေ ရေးခြစ်ပြီး ဥုံဖွလုပ်လိုက်တဲ့အခါမှာ ဒိုလေးခမျှာ ရုတ်တရက်ဆိုသလို ခြေမျက်စီဒဏ်ရာ ရသွားရှာ ဆိုပဲ။ နောက်ပြီး အောက်လမ်းဆရာကလဲ အဲဒီကိစ္စကို သူပြုလုပ်ပါကြောင်း ၀န်ခံသတဲ့။ ဘာကြောင့်ဒီလုပ်ရသလဲ-လို့ မေးတဲ့အခါကျတော့---

“သူ (သူဌေးမ)က ကျုပ်ကို ရိုနာဒိုရဲ့ အလုပ်အကိုင်ပျက်စီးအောင်လုပ်ဖို့ ပိုက်ဆံပေးထားတယ်၊ ကျုပ်က အဲဒါကို ဆောင်ရွက်နေတယ်” လို့ သတင်းထောက်တွေကို ပြန်ပြောပါတယ်။ နောက်ပြီး---
"It's a job, I have nothing against him personally, but I'll see it through."
“ဒါ အလုပ်ကိစ္စလေ၊ ကျုပ် ရိုနာဒိုနဲ့ ပုဂ္ဂိုလ်ရေးအရ ဘာပြဿနာမှ မရှိပါဘူး၊ ဒါပေမဲ့ ကျုပ်ကတော့ ဒီကိစ္စကို နောက်ဆုတ်မှာ မဟုတ်ဘူး” လို့ ဆက်ပြောပါသေးတယ်။

အဲဒီလို တစ်ဘက်မှာ ရိုနာဒိုကို လုပ်ကြံတဲ့ မှော်ဆရာတစ်ယောက်ရှိနေသလို အခြားတစ်ဘက်မှာတော့ သူ့ကို ကယ်တင်မည့် မှော်ဆရာတစ်ယောက်လည်း ရှိနေပြန်တယ်-လို့ အခြားသတင်းစာတစ်စောင်ဖြစ်တဲ့ The daily 24 Horas မှာ ရေးသားထားပါတယ်။ "Sorcerer Fafe" လို့ လူအသိများတဲ့ Fernando Nogueira ဟာ ဒိုလေးသတင်းတွေ ကြားသိရပြီးနောက် ဒိုလေးနဲ့ နီးစပ်သူတစ်ယောက်ဆီကတစ်ဆင့် ဒီကိစ္စကို သူဖြေရှင်းပေးမယ်။ ဒီစပိန်မှော်ဝိဇ္ဇာဆိုတဲ့ အောက်လမ်းဆရာကို တန်ပြန်တိုက်မယ်-လို့ ဒိုလေးကို ပြောလိုက်ပါသတဲ့။ အဲဒီနောက် ဆရာ Fafe ဟာ ဒိုလေးဓာတ်ပုံအနီးမှာ ဆေးဖရောင်းတိုင်တွေထွန်းပြီး မန်းမှုတ်ရင်း ဒီကိစ္စသာ အမှန်တကယ်ဆိုရင် သူတို့လုပ်ထားတဲ့ ဒီလုပ်ကြံမှုကြီးဟာ အဆုံးသတ်သွားမှာပါ-လို့လဲ အာမခံလိုက်သေးတယ်။

ဒိုလေးကတော့ လာမည့်စနေနေ့မှာ ဟန်ဂေရိနဲ့ ချဲရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သူ့နိုင်ငံအနိုင်ရဖို့အရေးတွေးပြီး စိတ်ပူနေရှာပါတယ်။ ဒါပေမဲ့ အချိန်မီ သူ့ခြေမျက်စိဒဏ်ရာပျောက်သွားလိမ့်မယ်လို့လဲ မျှော်လင့်နေရှာပါတယ်။ အခုတော့ ဘောဝိဇ္ဇာကြီး ရိုနာဒိုခမျှာ ပယ်သူနဲ့ ကယ်သူ မှော်ဆရာနှစ်ယောက်အကြား အလန့်ထညက်ဘ၀နဲ့ အသက်ရှုနေရပါသေးတယ်။ ကဲ ဘယ်သူနိုင်မလဲ ဆက်ကြည့်ကြရသေးတာပေါ့။

No comments: