ကျနော်ငယ်စဉ် ရွာမှာ ကျောင်းသားဘ၀က (အခုလဲ ကျောင်းသားဘ၀က မလွတ်သေး) အမေဆူတဲ့အခါ အများဆုံး ကြားခဲ့ရတဲ့ စကားကတော့“
လားလာမျော” ဆိုတဲ့ စကားပါပဲ။ အဲဒီတုန်းကတော့ ဒီစကားရဲ့ အဓိပ္ပါယ်ကို ကိုယ့်ဒေသသုံးမို့ အတန်အသင့် နားလည်ခဲ့ပေမဲ့ လေးလေးနက်နက် တစ်ခါမှ မတွေးခဲ့မိကြောင်း ၀န်ခံပါရစေ။ အမေက သူ့စကားနားမထောင်ပဲ၊ အိမ်မှာမနေပဲ ရွာထဲလျှောက်လည်ပြီး ပြန်လာတဲ့အခါတိုင်းလောက်နီးပါး
“နံလော လားလာခဲ မျောနေ၊ အီမှာဂို နေ--ာ့မား” (မင်းတော့ လျှောက်သွားနေတာပဲ၊ အိမ်မှာတောင် မနေဘူး) လို့ ဆီးဆူတတ်ပါတယ်။ ဒီစကားအတိုင်းဆိုရင် “လားလာမျော”ရဲ့ အဓိပ္ပါယ်ဟာ “လျှောက်လည်နေတယ်” လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်မူရင်း အဓိပ္ပါယ်တော့ မဟုတ်သေးပါဘူး။
တစ်ခါတစ်လေကျပြန်တော့ ပြောတာနားမလည်တဲ့အခါ
“လားလာမျော--ား၊ ဟဲ့ယာလဲ နားမ္လယ်--” (အလားအလာမရှိတဲ့ကောင်၊ ဘာမှ နားမလည်ဘူး) လို့ ဆူတတ်ပါသေးတယ်။ ဒီစကားအရ “လားလာမျော”ရဲ့ မူရင်းအဓိပ္ပါယ်ထွက်လာပါတယ်။
လားလာ = အလားအလာ၊ ကြီးပွါးချမ်းသာခွင့်နိုင်တဲ့ အခွင့်အလမ်းများ
မျော = မျောပါသွားသည်၊ ဆုံးရှုံးသွားသည်။
လားလာမျော = အနာဂတ်မှာကြီးပွါးနိုင်တဲ့ အလားအလာများ ရေစုန်မျောပါသွားသည်။
မိခင်တိုင်း မိခင်တိုင်း သားသမီးတွေကို ချစ်ကြတာ ထုံးစံပါပဲ။ အဲဒီအချစ်ကြောင့်ပဲ မိဘတော်တော်များများဟာ သူတို့သားသမီးတွေရဲ့ နောင်ရေးကို အမြဲနီးပါး တွေးနေတတ်ကြပါတယ်။ သူတို့ကိုယ်တိုင် ပညာတတ်ကြီးတွေ ဖြစ်ချင်မှ ဖြစ်ကြပေမဲ့ သူတို့သားသမီးတွေကိုတော့ ပညာတတ်ကြီးဖြစ်စေချင်ကြပါတယ်။ သူတို့ကိုယ်တိုင် ကြွယ်ဝချမ်းသာသူတွေ ဖြစ်ချင်မှ ဖြစ်ကြပေမဲ့ သားသမီးတွေကိုတော့ သူတို့မျက်မှောက်မှာဖြစ်စေ၊ မျက်ကွယ်တဲ့အခါဖြစ်စေ ကောင်းစားစေချင်၊ ချမ်းသာစေချင်၊ ကြီးပွါးစေချင်ကြပါတယ်။ ဒါဟာ မိဘမေတ္တာရဲ့ သရုပ်အမှန်တွေပါပဲ။ အဲဒီစိတ် အဲဒီမေတ္တာကို အခြေခံပြီး သားသမီးတွေ အချိုးမကျတဲ့အခါ၊ ပြောစကားနားမထောင်တဲ့အခါ ကရုဏာဒေါသ-ဆိုသလို မချင့်မရဲဖြစ်ပြီး ဆူတာ ငေါက်တာတွေလဲ ရှိလာတတ်ပါတယ်။
အဲဒီလို ဆူစရာငေါက်စရာရှိလာတဲ့အခါ ကိုယ့်ဒေသအလိုက်၊ ကိုယ့်လူမျိုးအလိုက်သုံးစွဲရတဲ့ ဘာသာစကားတွေနဲ့ ထိထိမိမိ ဆူပူတတ်ကြပါတယ်။ တစ်ခါတလေ အမေက
“နံဟယ်ရွှတ်သွားနေ---ယ်၊ လားလာခဲမျောနေ--ီက” (မင်းဘယ်လျှောက်သွားနေတာလဲ? အလားအလာတွေ မျှောပစ်နေတာပဲ) ဆိုပြီးလဲ ဆူငေါက်တတ်ပါတယ်။ ဒီစကားမှာပါတဲ့ လားလာမျောရဲ့ အဓိပ္ပါယ်ကတော့ တကယ့်ကို ဆိုလိုချင်တဲ့ အဓိပ္ပါယ်ပါပဲ။ ကြိယာပုဒ်အနေနဲ့ သုံးထားတာ တွေ့နိုင်ပါတယ်။ အထက်မှာပြောခဲ့တဲ့ အဓိပ္ပါယ်ချင်းတူပေမဲ့ ဒီဝါကျမှာ တိုက်ရိုက်အားဖြင့် အလားအလာတွေ မျှောပစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို တိုက်ရိုက်ယူနိုင်ပါတယ်။
တစ်ခါတရံကျတော့ အမေက
“လားလာမျော--ား၊ ဟယ်နား သွားလွမ့်နေ--ယ်” (အလားအလာမရှိတဲ့ကောင်လေး၊ ဘယ်နားသွား အလေလွင့်နေတာလဲ?) လို့လဲ ဆူတတ်ပါသေးတယ်။ ဒီဝါကျမှာတော့ “လားလာမျော” ဟာ အလားအလာမရှိသူ ဆိုတဲ့ နာမ်ပုဒ်ကို တိုက်ရိုက်ရပါတယ်။ အဲဒီတော့ လားလာမျော-ဆိုစကားလုံးကို ထားဝယ်သူ ထားဝယ်သားများက ကြိယာပုဒ်အဖြစ်ရော၊ နာမ်ပုဒ်အဖြစ်ပါ အသုံးပြု ပြောဆိုကြကြောင်း နားလည်နိုင်ပါတယ်။ ဒီဝါကျကိုပဲ နောက်တစ်မျိုးအဓိပ္ပါယ်အနေနဲ့ ဒီလိုနားလည်နိုင်ပါတယ်။ “အလားအလာမရှိသူ၊ အလေလွင့်နေသူ” ဆိုပြီး အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။ ဒီအဓိပ္ပါယ်အရ လားလာမျော-ဆိုတာ အလေလွင့်သူလို့ တိုက်ရိုက်အဓိပ္ပါယ်ရပါတယ်။
လွင့်ဂျာ-ဆိုတဲ့ ရခိုင်စကားနဲ့ ခပ်ဆင်ဆင်တူမယ်လို့ ယူဆရပါတယ်။ မြန်မာစကားမှာ ဒီလိုနေရာမျိုးမှာ ကျနော်တို့ ထားဝယ်သားတွေ ပြောသလိုမပြောကြပါဘူး။ “မင်းဘယ်သွား အလေလိုက်နေတာလဲ” လို့ပြောကြမှာပါ။ ဒါကြောင့် လားလာမျောဟာ ဒီဝါကျမှာ မြန်မာလိုစဉ်းစားရင် အပိုသက်သက်ဖြစ်လာပါတယ်။ ဒါပေမဲ့ မြန်မာစကားအရ ပိုသလိုဖြစ်နေပေမဲ့ ထားဝယ်စကားအရတော့ လားလာမျောဟာ နောက်ပြောမည့် “ဘယ်သွားလေနေသလဲ” ဆိုတဲ့ စကားကို ပိုပြီး အဓိပ္ပါယ်ရှိစေတဲ့ ၀ိသေသနလို ဖြစ်လာပြန်ပါတယ်။ စကားအသွားအလာအရ အထူးပြုပုဒ်တစ်ခုမဟုတ်ပေမဲ့ နောက်ဝါကျကို လေးနက်စေတဲ့ ပုဒ်စုတစ်ခုအနေနဲ့ မှတ်ယူနိုင်ပါတယ်။ မြန်မာဝါစင်္ကတွေနဲ့ စဉ်းစားရင်တော့ အာလုပ်ပုဒ် တစ်ခုအနေနဲ့ မှတ်ယူနိုင်ပါတယ်။
အထက်ပါ စကားစဉ်အရ ထားဝယ်သူ ထားဝယ်သားတွေသုံးတဲ့ လားလာမျောရဲ့ အဓိပ္ပါယ်တွေဟာ
(၁) လျှောက်လည်နေသည် (ကြိယာပုဒ်)၊
(၂) အလားအလာမရှိသူ (နာမ်ပုဒ်)
(၃) အလားအလာကို မျှောပစ်သည် (ကြိယာပုဒ်)
(၄) အလေလွင့်သူ (နာမ်ပုဒ်) နဲ့
(၅) နောက်ဝါကျပါစကားလုံးများကို အားဖြည့်ပေးတဲ့ အာလုပ်ပုဒ်
ဆိုတဲ့ အဓိပ္ပါယ်တွေ ရကြောင်း သိနိုင်ပါတယ်။
ဒီကဏ္ဍမှာ အချိန်ရရင်ရသလို ကျနော်တို့ ထားဝယ်သူထားဝယ်သားတွေရဲ့ စကားအသုံးနှုံးနဲ့ စိတ်ဝင်စားဘွယ်ရာလေးတွေကို အလျှင်းသင့်သလို တင်ပြပေးသွားမှာဖြစ်တယ်။ စိတ်ဝင်စားသူများ ဗဟုဿုတအဖြစ်လေ့လာနိုင်ပါကြောင်း။
No comments:
Post a Comment