Saturday, October 17, 2009

လွဲလှ တစ်လက်မပေါ့



အမေရိကန်နိုင်ငံ၊ မြို့တော်နယူးယောက်၊ မဟတ္တန်ရပ်ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သက်ဆိုင်ရာ အကြီးအကဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ချို့ တရုတ်ရုတ်နှင့် အလုပ်ရှုပ်နေကြသည်။ အကြောင်းမှာ မကြာမီ ကမ္ဘာ့ငြိမ်းချမ်းရေးသို့ရှေးရှုလျှက် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးသုံးဦး တွေ့ဆုံပြီး အစည်းအဝေး တစ်ခုကျင်းမတော့မည့် ဖြစ်သောကြောင့်ဖြစ်သည်။ အစည်းအဝေးတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာများမှာ လက်ရှိ အီရမ်နှင့် မြောက်ကိုရီးယားတို့ နျူးကလီးယားလက်နက်ဖျက်သိမ်းရေးကို လိုက်နာဆောင်ရွက်ခြင်းမရှိပဲ ဆက်လက်အကောင်အထည်ဖေါ်နေပါက စစ်ရေးအရ ပြတ်ပြတ်သားသား အရေးယူမည့်ကိစ္စအတွက်ဖြစ်ကြောင်း သိရသည်။

ထူးခြားသည်မှာ ခေါင်းဆောင်ကြီးသုံးဦးတွင် မည်သူမျှ မျှော်လင့်မထားသော မြန်မာနိုင်ငံမှ လက်ရှိစစ်ခေါင်းဆောင်ကြီးပါဝင်လာခြင်းဖြစ်သည်။ ယင်းအတွက် ကမ္ဘာ့သတင်းမီဒီယာများသာမက တစ်ကမ္ဘာလုံးကလည်း အထူးတလည်စိတ်ဝင်စားနေကြသည်။ ဂျာမဏီ၊ ရုရှ၊ ပြင်သစ်၊ အီတလီနှင့် တရုတ်ခေါင်းများမှ တစ်ဦးဦးကို ရွေးချယ်ခြင်း မရှိပဲ မြန်မာ့ခေါင်းဆောင်ကြီးကို ရွေးချယ်ခြင်းမှာ ပြည်သူလူထုက အနည်းငယ်မျှ ထောက်ခံခြင်းမရှိပါပဲလျှက် နှစ်ပေါင်းများစွာ တိုင်းပြည်ကိုအုပ်ချုပ်ထားနိုင်တဲ့အတွက် ယင်းမြန်မာ့ခေါင်းဆောင်ကြီး၏ နည်းနာနိဿယများကို အနောက်နိုင်ငံခေါင်းဆောင်များက လူချင်းတွေ့ စနည်းနာလိုသောကြောင့်ဟု သိရသည်။

အစည်းအဝေးကျင်းပချိန်နီးကပ်လာသည်နှင့်အမျှ ခေါင်းဆောင်ကြီးများ အသီးအသီး ၄င်းတို့တည်းခိုရာ ဟိုတည်ကြီးများမှ ရောက်ရှိလာကြသည်။ ရှေးဦးစွာ အိမ်ရှင်သမ္မတကြီး အိုဗားမားရောက်ရှိလာသည်။ ကုလဌာနရှိ တာဝန်ရှိသူများနှင့် ဆိုင်ရာဝန်ထမ်းများအတွက် အထူးအဆန်းမဟုတ်တော့သောကြောင့် ပုံမှန်အတိုင်းအလေးပြုနှုတ်ဆက်လိုက်ကြသည်။ ယင်းနောက် ဗြိတိရှဝန်ကြီးချုပ်ဂေါ်ဒင်ဘရောင်း ရောက်လာသည်။ မြင်နေတွေ့နေကျဖြစ်သောကြောင့် ၀န်ထမ်းများအဖို့ အထူးအဆန်းမဟုတ်တော့တဲ့တွက် ထုံးစံမပျက် နှုတ်ဆက် ဂါရ၀ပြုလိုက်ကြသည်။ နောက်ဆုံးတွင် မြန်မာ့စစ်ခေါင်းဆောင်ကြီး အစည်းအဝေးခန်းမအတွင်းသို့ လက်တစ်ဘက် ဦးခေါင်းကို မိုးအုပ်လျှက် မင်သေသေနှင့် ၀င်ရောက်လာသည်။ ဆိုင်ရာဝန်ထမ်းများနှင့် အနားရှိသတင်းထောက်များ ရုတ်ရုတ်သဲသဲဖြစ်ပြီး သူဦးငါရင် တိုးဝှေ့ကြည့်ရှုရှင်း ဓာတ်ပုံများ တဖျတ်ဖျတ် ရိုက်ယူလိုက်ကြသည်။

အနားရှိသတင်းထောက် တစ်ယောက်က ထူးခြားလှသော ဗိုလ်ချုပ်မှူးကြီးကိုကြည့်ပြီး မနေနိုင်မထိုင်နိုင်ဖြစ်ကာ အစည်းအဝေးပြီးချိန်အထိ မစောင့်နိုင်တော့ပဲ အောက်ပါမေးခွန်းတစ်ခုကို လှမ်းမေးလိုက်သည်။
“ဗိုလ်ချုပ်မှူးကြီးခင်ဗျား၊ အစည်းအဝေးခန်းမထဲဝင်လာတဲ့အခါ ဘာဖြစ်လို့ လက်တစ်ဘက်ကို ခေါင်းပေါ်တင်ထားရတာပါလဲ? ဒီက သမ္မတကြီးနှင့် ၀န်ကြီးချုပ်ကို အလေးပြုတဲ့သဘောလား?

သတင်းထောက်၏ ယင်းမေးခွန်းအတွက် မှူးချုပ်ကြီးခမျှာ စိတ်ထွက်သွားရတော့သည်။ ယင်းကြောင့် ဘာမေးမေးမပြောဟု အဓိဋ္ဌာန်ယူထားသော်လည်း စိတ်တိုတိုနှင့် အောက်ပါအတိုင်းပြန်အော်လိုက်သည်။
“ငါ့လို ဆယ်စုနှစ်နှစ်ခုကြာတဲ့အထိ တိုင်းပြည်အုပ်ချုပ် လုပ်ချင်တာလုပ်လာတဲ့ မှူးချုပ်ကြီးတစ်ယောက်က မနေ့ကမှ သမ္မတ၊ ၀န်ကြီးချုပ်ဖြစ်လာတဲ့ ဒီလူတွေကို အလေးပြုစရာလားကွ၊ သူတို့မပြောနဲ့၊ ငါ့နိုင်ငံထဲက တစ်တိုင်းတစ်ပြည်လုံး ရှိခိုးဦးတိုက်နေရတဲ့ ဘုန်းကြီးတွေကိုတောင် ငါဆိုတဲ့ကောင်က ဖမ်းဆီး၊ ထောင်ချ၊ အရေးယူ၊ သတ်ဖြတ်လာတာကွ၊ လက်ကို ခေါင်းပေါ်တင်ထားတာက ဖိနပ်စာမိမှာ စိုးလို့ကွ”

မှူးချုပ်ကြီး၏ အဖြေစကားကြားလိုက်ရသောအခါ သတင်းထောက်ခမျှာ သူ့သတင်းစာအတွက် အလွန်ခိုင်မာသော သတင်းတစ်ခုကို ရလိုက်သဖြင့် လွန်စွာပျော်ရွှင်သွားလေတော့သည်။ ယင်းနောက် မှူးချုပ်ကြီးသည် ရှောက်သီးငုံထားသော ဘီလူးမျက်နှာမျိုးဖြင့် ရှုသိုးသိုးလုပ်ကာ သူ့အတွက်ချထားသော ကုလားထိုင်တွင် ၀င်ရောက်နေရာယူလိုက်လေသည်။ အစည်းအဝေးစဖို့ အချိန်ကျလေပြီ။ ရှေးဦးစွာ အခန်းအနားမှူးက အစီးအဝေးနှင့်ပတ်သက်သော အဓိကအချက်အလက်များကို သက်ဆိုင်ရာခေါင်းဆောင်များသို့ တိုတိုကျဉ်းကျဉ်းအစီအရင်ခံ တင်ပြပြီး ခေါင်းဆောင်ကြီးမျာီးမိန့်ကြားလိုသည်များကို ဆက်လက်မိန့်ကြားနိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

သမ္မတအိုဗားမား ထိုင်ရာမှ ထလာပြီး-----
“ကျုပ်ကတော့ နိုဗယ်ဆု ပူပူနွေးနွေးရထားတာဆိုတော့ စစ်တိုက်မည့်အကြောင်း သိပ်တော့ မပြောချင်လှဘူး၊ ဒါပေမဲ့ တစ်ရွာလုံးအတွက် တစ်ယောက်ကို စွန့်ရာ၏၊ တစ်နယ်လုံးအတွက် တစ်ရွာကို စွန့်ရာ၏၊ တစ်နိုင်ငံလုံးအတွက် တစ်နယ်ကို စွန့်ရာ၏လို့ နီတိဆရာများ အမှာစကားထားခဲ့ဖူးတာရှိသမို့ (ဘုန်းကြီးကျောင်းသာ လုပ်ခဲ့ဖူးပုံရတယ်) တစ်ကမ္ဘာလုံးကောင်းစားရေးအတွက် တစ်နိုင်ငံကိုတော့ စစ်တိုက်ရတော့မယ့် အနေအထားရောက်နေပြီ၊ အဲဒီလို တိုက်တဲ့အခါ စစ်ကို ရေရှည်အချိန်ဆွဲ၊ ဟိုဟိုဒီဒီ လက်နက်မျိုးစုံသုံးပြီး တိုက်နေရင် စစ်စရိတ်စခကြီးသလို ပြည်သူလူထုတွေလဲ အထိအခိုက်များမယ်။ ဒီတော့ အဲဒီလို တိုက်နေစရာမလိုအောင် ပစ်မှတ်ကို တိုက်ရိုက်ထိမှန်နိုင်တဲ့ လက်နက်မျိုးကိုပဲ ရွေးချယ်ပြီး တိုက်ဖို့ စိတ်ကူးထားပါတယ်။ ကျုပ်တို့ အမေရိကန်လုပ်ဒုံးကျည်တွေထဲက ပစ်မှတ်ကို မလွဲတမ်းထိမှန်စေတဲ့ ဒုံးကျည်တစ်မျိုးရှိတယ်။ လိုအပ်ရင် ID နံပါတ်ကိုတောင် ရှာမှန်စေနိုင်တယ်။ ကျုပ်တော့ အဲဒီလက်နက်ကို သုံးဖို့ စိတ်ကူးထားသဗျား”

သမ္မတကြီးက သူ့စကားအဆုံးအတွင် ရှေ့မှာထိုင်နေသော ဂေါ်ဒင်ဘရောင်းနှင့် မှူးချုပ်ကြီးတို့ကို ဘယ်နှယ်လဲ-ဆိုတဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်လေသည်။ မှူးချုပ်ကြီးက ခပ်ပြုံးပြုံးနှင့် အိုဗားမားကို ပြန်ကြည့်လိုက်သည်။ သို့သော် ဗြိတိရှဝန်ကြီးချုပ် ဂေါ်ဒင်ဘရောင်းစိတ်ထဲတွင် အိုဗားမား လေကြီးသည်-ဟု မှတ်ယူကာ ထိုင်ရာကုလားထိုင်မှ ရုတ်တရက်ထလိုက်ပြီး---
“မစ္စတာအိုဗားမားပြောသွားတဲ့ အစီအစဉ် သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့လက်နက်တွေ မှတ်ပုံတင်နံပါတ်တောင် ရှာမှန်နိုင်တယ်ဆိုတာတော့ လက်မခံဘူးဗျာ၊ နည်းနည်းတော့ လွဲရဦးမှာပေါ့” ဟု ထပြောလိုက်သည်။ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် သမ္မတကြီးကလည်း “လွဲလှ တစ်လက်မပေါ့ဗျာ့” ဟု တုန့်ပြန်လိုက်လေ၏။ ထို့နောက် သူ့ကုလားထိုင်တွင် ပြန်လည်နေရာယူလိုက်သည်။

ဒုတိယစကားပြောအလှည့်ကျသည့်နိုင်ငံ့ခေါင်းဆောင်မှာ ၀န်ကြီးချုပ်ဂေါ်ဒင်ဘရောင်းဖြစ်သည်။ ထိုင်ရာမှ ထလာကာ Speaker-stand သို့လျှောက်လာပြီး စကော့သံဝဲ၀ဲဖြင့် အောက်ပါအတိုင်းပြောလိုက်သည်။
“အခုအာဖဂန်နစ္စတန်မှာ ကျုပ်တို့စစ်သားတွေ တာလီဘန်တွေနဲ့ တိုက်တဲ့အခါ အထိအခိုက် အကျအရှုံးတွေ တော်တော်များများရှိနေကြတယ်။ အဲဒါဘာလို့လဲဆိုတော့ ပစ်မှတ်ကို ကွက်တိ ထိစေနိုင်တဲ့ လက်နက်မျိုးတွေ မသုံးပဲ သာမန်လက်နက်ကိုပဲ အသုံးပြု တိုက်ခိုက်နေကြရလို့ဖြစ်ပါတယ်၊ ပစ်မှတ်ကို တိုက်ရိုက်ထိမှန်စေတဲ့ လက်နက်မျိုးတွေ ကျုပ်တို့ဆီမှာ အမြောက်အများရှိနေပေမဲ့ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဘန်မှုတွေကို မခံချင်လို့ အဲဒါတွေကို မသုံးသေးတာပါ။ ကျုပ်တို့လက်နက်တွေကို တကယ်သုံးရင် ရန်သူ့စခန်းမပြောနဲ့၊ ရန်သူတစ်ယောက်ချင်းစီရဲ့ နဖူးတည့်တည့်ကိုတောင် မိုင်ပေါင်းများစွာကနေပြီး မှန်အောင် ပစ်နိုင်စွမ်းရှိပါတယ်၊ အခုစစ်ပွဲမှာ အလိုအပ်ရင် အဲဒီလက်နက်တွေကို ထုတ်သုံးတော့မှာ ဖြစ်ပါတယ်”

ယင်းသို့ပြောပြီး အိုဗားမားမျက်နှာသို့ လှမ်းကြည့်လိုက်သည်။ အိုဗားမားက---
“၀န်ကြီးချုပ်ပြောတဲ့ လက်နက်တွေနဲ့ဆို ရန်သူတွေကို ခဏချင်းနဲ့ နိုင်မှာပဲ၊ ဒါပေမဲ့ ပြောတဲ့အတိုင်း မထိမှာပဲ စိုးရတယ်” ဟု ခနဲ့သလိုလိုနှင့် ပြန်ဝေဘန်လိုက်သည်။ မြန်မာမှူးချုပ်ကြီးခမျှာ အလွန်ဆိုးဝါးလှသော မျက်နှာထားဖြင့် ထုံးစံအတိုင်း ကြိုးစားပန်းစား ပြုံးလျှက် ရှိလေ၏။ အိုဗားမား၏ ဝေဘန်ချက်ကြောင့် မစ္စတာဂေါ်ဒင်ကလည်း အားကျမခံ “ လွဲလှ တစ်လက်မပေါ့ဗျာ” ရယ်ကျဲကျဲဖြင့် ပြန်ချေပလိုက်လေသည်။

နောက်ဆုံးစကားပြောအလှည့်ကျလာသူမှာ အများမျှော်လင့်ကြီးစွာ စောင့်စားနေကြသော မြန်မာပြည်မှ မှူးချုပ်ကြီးဖြစ်သည်။ လက်ဝါးတစ်ဘက် သူ့ခေါင်းပေါ်အုပ်ထားကာ စကားပြောခုံရှိရာသို့ ကြံ့အိုကြီးဟန်ဖြင့် တစ်လှမ်းခြင်းလျှောက်သွားပြီး လူရှေ့သူရှေ့ စကားမပြောဖူးသဖြင့် ကြောက်ဒူးတုန်ကာ အခါများစွာ ချောင်းဟတ်ဟန်ပြုလျှက်ရှိတော့သည်။ ချွဲဟတ်ပါများဖြင့် လည်ချောင်းအတွင်းရှိ ချွဲများကုန်သည့်အပြင် နှာခေါင်းဝတွင်တစ်နေသော နှပ်ချေးများလည်း တက်တက်ပါ ပြောင်စင်လေတော့၏။ အနားမှာ ထွေးထုတ်စရာ ထွေးခံလည်း အဆင်သင့်မရှိသဖြင့် မှူးချုပ်ကြီးခမျှာ လည်ချောင်းအတွင်း ရောထွေးနေသော ချွဲနှင့်နှပ်ချေးများကို ငယ်မူမပျက် အားပါးတရ မျိုချလိုက်ရလေသည်။ ထို့နောက် အစည်းအဝေးနှင့် မည်သို့မျှ ဆီဆိုင်ခြင်းမရှိသော်လည်း လွန်စွာမှတ်သားဘွယ်ကောင်းသော အောက်ပါစကားကို ငါးပိသံဝဲ၀ဲဖြင့် ပြောချလိုက်တော့သည်။
“ကျုပ်တို့ မြန်မာပြည်က အမျိုးသမီးတွေဟာ ဖင်က ကလေးမွေးကြတယ်ဗျား”

ယင်းသို့ တစ်ကြောင်းတည်းသော ၀ါကျကို ကြိုးစားပန်းစားပြောပြီးပြီးချင်း မည်သူမှ မေးခွန်းမထုတ်ခင် စတိတ်ခုံမှ ဆင်းလာကာ အစည်းအဝေးခန်းမထဲမှ ထွက်သွားတော့သည်။ အစည်းအဝေးခန်းမအတွင်းရှိ သမ္မတ၊ ၀န်ကြီးချုပ်အပြင် စိတ်ဝင်တစားနားထောင်နေသော သက်ဆိုင်ရာလူကြီးမင်းများမှာလည်း မေးခွန်းမေးဖို့ မဆိုထားဘိ ဘာပြောလိုက်သလဲ-ဟု တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အဖြေရှာနေကြရတော့သည်။ အတော်အတန်ကြာမှ သမ္မတအိုဗားမားက ဆိုလိုရင်းကို သဘောပေါက်ကာ နောက်မှ အပြေးအလွှားလိုက်သွားရင်း---
“အာ--ခင်ဗျားဟာကလဲ မဖြစ်နိုင်ပါဘူးဗျာ၊ ကလေးမွေးတာ ဗိုက်ခွဲမွေးရင်မွေး၊ မဟုတ်ရင် ဟိုအပေါက်ကမွေးတယ်ပဲ ကြားဖူးပါတယ်၊ ဘယ်နှယ် ခင်ဗျားတို့တိုင်းပြည်က အမျိုးသမီးတွေက ဖင်က ကလေးမွေးရတယ်-လို့၊ မဖြစ်နိုင်ပါဘူးဗျာ”

အိုဗားမား၏ ယင်းဝေဘန်ချက်ကို မှူးချုပ်ကြီးက လှည့်မကြည့်ပဲ ပြန်ဖြေလိုက်သည်မှာ “လွဲလှ တစ်လက်မပေါ့ဗျာ” ဟူ၏။

ကုလသမဂ္ဂဌာနချုပ်အပြင်ဘက်မှ မှူးချုပ်ကြီးထွက်လာသည့်အခါ ဖိနပ်စာကျွေးဖို့ စောင့်ဆိုင်းနေကြသည့် ရွှေဗမာများမှာလည်း ယင်းသတင်းကြားသိကြရပြီးနောက် အဆင်သင့် ချွတ်ထားသော ဖိနပ်များကို ပစ်ဖို့ သတိမရတော့ဘဲ လက်ထဲတွင် ကိုင်ထားရင်း မတ်တပ်ရပ်ကာ မင်သေသေလျှက်ရှိကြလေ၏။ ယင်းမြင်ကွင်းကို အမိအရ ဓာတ်ပုံရိုက်ယူလိုက်သော သတင်းထောက်သည် နောက်တစ်နေ့ သတင်းစာတွင် ဓာတ်ပုံနှင့်တကွ အောက်ပါအတိုင်း ရေးသားဖေါ်ပြလိုက်သည်။
“မြန်မာပြည်သူတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့်အလျှောက် ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနား-ဟူသောဆောင်ပုဒ်နှင့်အညီ ၎င်းတို့၏ ခေါင်းဆောင်အိုကြီးကို မည်မျှလေးစားကြသနည်းဟူမူ အစည်းအဝေးပြီးဆုံးသည့်နောက် ခေါင်းဆောင်ကြီး ဌာနချုပ်မှ ပြန်ထွက်လာသောအခါ စီးထားသော ဖိနပ်များကို ကိုယ်စီကိုယ်စီ တန်းစီချွတ်၊ လက်တွင်ကိုင်ထားကြပြီး ပါးစပ်အဟောင်းသားဖြင့် ဂါရ၀ပြုနေကြသည်မှာ မြင်ရသူတို့အဖို့ ကြည်နူးဘွယ်ပင် ဖြစ်သေးတော့၏” ဟူသတည်း။

3 comments:

သူကြီးမင်း (တုံးဖလား) said...

ဆရာရေ... ပွဲပြီးခါနီးလေး မန်ယူ ဂိုးသွင်းခံရပြီ မှတ်တာ။ နဲနဲဘဲလိုသွားတယ်။ လွဲလှတစ်လက်မပေါ့။ ဟဲ ဟဲ။

ဒီနေ့တော့ မန်ယူအောင်ပွဲ ခြိမ့်ခြိမ့်သဲပေါ့။

မေဓာဝီ said...

အိုဘားမားစကားက မှတ်သားစရာပဲနော်။
သူလည်း ဘုန်းကြီးကျောင်းသား လုပ်ခဲ့ဖူးတာလား ... ဒါမှမဟုတ် ... ဘုန်းကြီးလူထွက်လား ... ဘုန်းကြီးလား ... တခုခုတော့ တခုခုပဲ ... ။
လွဲလှ တလက်မ ပေါ့ .. ;)

kiki said...

old Burma အိုးဘားမားဂျီးကလည်း အဲ့ လို တလက်မ လောက်ပဲ လွဲ ပြီး ထွက်လာရလို့နဲ့တူပါတယ် ..သူ့ မယ်တော်ဂျီးကိုတောင် မွေးကတည်းက ဒွတ်ခတွေ ပေးလာတာ ။ တသက်လုံး ...
အပေါက်ဆိုး ။ အကုန်ဆိုး ။
ဖိနပ်တွေက အသိမ်းခံရမှာ စိုးလို့ လက်ထဲ ကျစ်ကျစ်ပါအောင်ဆုတ်ထားကြရတာ လား မသိပါဘူး နော် ..