Thursday, October 8, 2009

ငယ်စဉ်က အတွေး



ထိုနေ့က မင်းမင်း အိမ်အပြန်နောက်ကျသည်။ အတန်းပြီးချိန် မိုးသည်းထန်စွာ ရွာသွန်းနေသေးသဖြင့် လွယ်အိပ်ထဲ ထည့်ယူလာသော စကောသာသာ ထီးကလေးကို အားမကိုးလောက်။ စာသင်ခန်းထဲမှာပင် အခြားကျောင်းသားများနည်းတူ အချိန်ဖြုန်းရင်း ဆော့နေရသေးသည်။ ထမင်းဆာသည်။ အိမ်အမြန်ပြန်ချင်နေသည်။ ပါလာသော ထမင်းဗူးမှာ နေ့လည်ကတည်းက ကုန်ပြီ။ ကျောင်းဝင်းအတွင်းရှိ ဈေးတန်းမှာလည်း ရာသီဥတုကြောင့် စောစောပင် သိမ်းလိုက်ကြသည်။ ကျောင်းဆင်းချိန် ၀ယ်စားစရာလည်း ဘာမျှ မရှိတော့။ မိုးအစဲစောင့်ရင်း ဆော့နေရသည်မှာလည်း ပျော်စရာမကောင်းလှ။ စိတ်က အိမ်ကိုသာ တမ်းတနေမိသည်။ အမေနှင့်အဖေ၊ အမနှင့်ညီမငယ်လေးများကို တွေ့ချင်လှပြီ။

မိနစ်သုံးဆယ်လောက် မနားတမ်း ကြမ်းနေသော မောင်းမကန်မိုးသည် တဖြေးဖြေးအားပျော့လာသည်။ ထီးကောင်းကောင်းရှိသူများနှင့် မိုးကာအင်္ကျီပါသူများမှာ အလျှိုအလျှို ပြန်နစ်ကုန်ပြီ။ တဖြေးဖြေး ကျောင်းဝင်းအတွင်း လူအရေအတွက် နည်းသထက်နည်းနည်းလာသည်။ မင်းမင်းလည်း မနေသာတော့။ လွယ်အိပ်ကို ပုခုံးသိုင်းလွယ်လိုက်ပြီး ပါလာတဲ့ ထီးစုတ်လေးကို အသာဖွင့်လိုက်သည်။ သူ့နည်းတူ မိုးအတိတ်စောင့်စားရင်း ခုံတန်းရှည်တစ်ခုအပေါ်လှပစွာထိုင်နေသော အိမ်နီးနားချင်း အတန်းဖေါ်သူငယ်ချင်းမလေး မိုးမြင့်ဝေကို ပြန်ဖို့ပြောလိုက်သည်။ မိုးမြင့်ဝေ အသာထလာသည်။ “ဟုတ် မင်းမင်း၊ ငါလဲ ပြန်ချင်လှပြီဟယ်၊ ဒီမိုးကလဲ ပြီးပဲ မပြီးနိုင်တော့ဘူး”။ မိုးမြင့်ဝေလည်း မင်းမင်းနှယ် မိုးကို မကျေနပ်။

မောင်းမကန်ကမ်းခြေအနီးရှိ စာသင်ကျောင်းကလေးသည် မင်းမင်းတို့ မိုးမြင့်ဝေတို့အိမ်မှ တစ်မိုင်ကျော်ကျော်ဝေးသည်။ စက်ဘီးမရှိသဖြင့် ကျောင်းသွားကျောင်းပြန် လမ်းလျှောက်ကြရသည်။ ယခုလို မိုးတွင်းကာလများမှာ သူတို့လေးတွေအတွက် သိပ်တော့ မသက်သာလှ။ မောင်းမကန်မိုးမှာ ကမ်းခြေက တိုက်ခတ်လာသော လေသရမ်းကြောင့် တည်တည်ငြိမ်ငြိမ် ရွာသည်တော့ မဟုတ်။ ပါလာသော ထီးစုတ်လေးမှာ တစ်ကိုယ်လုံးမဆိုထားဘိ၊ ခေါင်းကိုပင် မနည်းလုံအောင်ကာကွယ်ပေးနေရရှာသည်။ မစဲသေးသော်လည်း ခပ်ကျဲကျဲ ကျနေသော မိုးစက်မိုးပေါက်များသည် လေအဝှေ့မှာ တစ်ကိုယ်လုံးကို လာမှန်နေသည်။ မင်းမင်းရော မိုးမြင့်ဝေရော သူတို့တွင်ပါလာသော ထီးကလေးများကို အနိပ်ဆုံးဖြစ်အောင် ခေါင်းနှင့်ထီးရွက် ထိသည်အထိ အုပ်မိုးထားကြရရှာသည်။ စာအုပ်များထည့်ထားသော လွယ်အိပ်ကို အထူးဂရုစိုက်ပြီး ပိုက်ထားရသည်။ နောက်ကမိုးပက်လျှင် လွယ်အိပ်ကို ရင်မှာပွေ့ထားရပြီး ရှေ့ကမိုးပက်လျှင် မိုးဘက်ကျောပေးကာ ခဏရပ်နေရသေးသည်။ မင်းမင်းသည် စာကို ချစ်သလို စာအုပ်များကိုလည်း မြတ်နိုးသည်။ စာအုပ်များ မိုးအစိုမခံနိုင်ပေ။ မိုးမြင့်ဝေလည်း သူ့နှင်နှင်။ သူတို့နှစ်ယောက်လုံးမှာ အတန်းထဲတွင် စာတော်သော ကလေးများဖြစ်ကြသည်။

မညှာသောမိုး၊ ရွာသွန်းဖြိုး၍လည်း မပြီးနိုင်။ မင်းမင်း သူ့အိမ်ဝင်းအနားရောက်လာသည်။ မိုးမြင့်ဝေလည်း သူ့အိမ်ဘက်ထွက်သွားလေပြီ။ အိမ်ဝင်းထဲ ၀င်ဝင်ချင်း မင်းမင်းတွေ့လိုက်ရသော မြင်ကွင်းမှာ သူညီ အငယ်ကောင်လေး တံစက်မြိတ်တွင် မိုးရေချိုးရင်း ဖားလိုက်ရိုက်နေသော မြင်ကွင်းဖြစ်သည်။ ထိုမြင်ကွင်းကို မင်းမင်းမကြိုက်။ “သူများအသက် မသတ်ရ”ဟု စာထဲမှာဖတ်ဖူးသည်။ အတန်းထဲမှာ ဆရာဆရာမများကလည်း သင်ပြဖူးသည်။ အခု သူ့ညီလေး သူများအသက် လိုက်သတ်နေပြီ။ နုနယ်သေးသော သူ့နှလုံးသားထဲ ဖားကလေးများကို သနားခြင်းနှင့်အတူ သူ့ညီ၏လုပ်ရပ်ကို တားဆီးလိုစိတ် ချက်ချင်း ၀င်ရောက်လာတော့သည်။

“ဟေ့ကောင် စုစု၊ သူများအသက် မသတ်ရဘူးကွ၊ ငရဲကြီးတတ်တယ်”
မင်းမင်း လှမ်းအော်လိုက်သည်။ တံစက်မြိတ်ပေါ်ကျနေသော မိုးသီးမိုးပေါက်များနှင့် ခပ်ပြင်းပြင်းသရမ်းနေသော လေတိုက်ခပ်သံကြောင့် အငယ်ကောင် ကြားဟန်မတူ။ မင်းမင်းစိတ်ထွက်သွားဟန်တူသည်။ သူ့ညီရှိရာသို့ အပြေးကလေး သွားလိုက်ပြီး “ဟေ့ကောင် ငါပြောနေတာ မင်းမကြားဘူးလား”၊ ပြောပြောဆိုဆို သူ့ညီခေါင်းကို လက်သီးခပ်ပြင်းပြင်း တစ်ချက်ပေးလိုက်သည်။ အငယ်ကောင်ခမျှာ ဘုမသိဘမသိနှင့် ငိုယိုကာ အိမ်ပေါ်တက်ပြေးသွားသည်။ ကလေးတစ်ယောက်အတွက် အားကိုးရာအစစ်သည် ချစ်စွာသော မိခင်ပင်ဖြစ်သည်။ မိခင်၏ ရင်ခွင်ထက် ပိုမိုလုံခြုံသောနေရာသည် သူတို့တွက် ဘယ်နေရာမှာမှ မရှိ။

“ဟဲ့ မင်းမင်း၊ ကလေးကို ဘာဖြစ်လို့ လက်သီးနဲ့ ထိုးရတာလဲ?” ဒေါ်မြင့်မြင့် သူ့သားအကြီးကောင်ကို လှမ်းအော်လိုက်သည်။ “သူက တံစက်မြိတ်မှာ ဖားရိုက်နေတာ အမေ၊ အဲဒါ တားမရလို့” မင်းမင်းမှာ အဖြေရှိသည်။ မှန်သည့်အတိုင်းပင် ပြန်ဖြေလိုက်သည်။ “အမယ်လေးတော်---မင်းက အခုမှ ငါးတန်းပဲ ရှိသေးတယ်၊ တကယ့်ဆရာကြီး လေသံနဲ့ပါလား၊ သူက ကလေးလေးဟဲ့၊ ဘာမှ သိသေးတာ မဟုတ်ဘူး” ဒေါ်မြင့်မြင့် သားငယ်ကို ကာကွယ်စကားဆိုသည်။ မင်းမင်းဘာမှ ပြန်မပြောတော့။ လွယ်အိပ်ကို တိုင်မှာချိတ်လိုက်သည်။ စိုရွှဲနေသော အင်္ကျီ ဘောင်းဘီများကို ချွတ်လဲလိုက်သည်။ ရေပင်မချိုးနိုင်ရှာသေး။ ဆာနေသော ဗိုက်ကိုဖြည့်တင်းဖို့ မီးဖိုချောင်သို့ ၀င်ပြီး သူ့အမေ ဒေါ်မြင့်မြင့် အသင့်ချက်ပြုတ်ထားသော ထမင်းဟင်းများကို ဆာဆာနှင့် တအားလွေးလိုက်သည်။

ထမင်းစားရင်း မင်းမင်းစိတ်ထဲမှာ မှန်သည်လား/မှားသည်လား သူကိုယ်တိုင်ဝေခွဲမရသော အတွေးတစ်ခု ခိုနေသည်။ “ငါပြောတာ ကောင်းတာပြောတာပဲ၊ ညီလေး ဒီလိုဖားတွေ လိုက်ရိုက်နေရင် ငရဲကြီးမှာပေါ့၊ အမေက ဘာဖြစ်လို့ ငါ့ကို ဆူရလဲ မသိဘူး၊ အမေတို့က ဘာမှန်းလဲ မသိဘူး”။ ထမင်းအ၀စားပြီး ပန်းကန်ကိုဆေးသည်။ လက်ကိုဆပ်ပြာနှင့် ပြောင်စင်အောင် ဆေးကြောလိုက်ပြီး စားပွဲပေါ်ထွင် သူ့အမေ ခေါက်ထားသော လက်သုပ်ပ၀ါဖြင့် သေသေချာချာ သုပ်လိုက်သည်။ မအိပ်ချင်သေးသော်လည်း အိမ်ခန်းထဲ ၀င်လာခဲ့သည်။ သူ့စိတ်ထဲမှာ အတွေးစက မပျယ်သေး။ အခန်းထဲရှိ ပန်းများဝေဆာနေသော ဘုရားစင်ရှေ့ရောက်လာသည်။ ဘုရားကျောင်းဆောင်ငယ်လေးထဲတွင် သပ်ပါယ်စွာ သီတင်းသုံးထိုင်တော်မူနေသော ဗုဒ္ဓရုပ်ပွါးတော်ကို မော်ဖူးရင်း ကျက်မှတ်ခဲ့ဖူးသော ကဗျာလေးတစ်ပိုဒ်ကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို”
“အသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျားအသက်ကို”

1 comment:

kiki said...

မှန်လွန်းတော့လည်း ခက်ပါတယ် ...
မှန်ရင် ကန်တာ ခံရတတ် တယ်လေ ။

ကိုယ်ကောင်းရင် ခေါင်းမရွေ့ ဘူးဆိုတဲ့ စကား ကလည်း မှန်ကန်သူတွေ အတွက် ခေါင်းမာစေတဲ့ အားဆေးတခု အနေနဲ့ ရှိနေသေးတာ ကိုး ... မရွေ့ ချင်သူတွေ အတွက်ဆက်သာကောင်းကြပေတော့ ..ပေါ့

( အတွေးတွေ ကြောင်နေပြီလို့ ကိုယ့်ဟာကိုယ်လဲ ထင်မိပါတယ် သားသားမင်းထက်ရေ ) ..