Tuesday, June 16, 2009

သူငယ်ချင်းသို့ (၁၄)


သူငယ်ချင်း၊ ကိုယ့်လူကြီးဆီ စာမရေးဖြစ်တာတောင် ကြာပေါ့။ နေကောင်းတယ်နော်။ ကိုယ်လဲ အခုတစ်လော ဟိုလုပ်ဒီလုပ်နဲ့ သိပ်တော့ မအားလှဘူး။ ၀ါသနာအရဖန်တီးထားခဲ့တဲ့ ကိုယ့်အချစ်တော် ဘလော့ဂ်လေးမှာတောင် ပို့စ်တွေ ပုံမှန်မတင်နိုင်တော့ဘူး။ ဒါတောင် တက္ကသိုလ် သွားမတက်ရသေးဘူး။ တက္ကသိုလ်သွားတက်ရပြီဆိုရင်တော့ ကျောင်းစာတွေနဲ့ နပန်းလုံးနေရတာနဲ့တင် ဘာပို့စ်မှ ရေးဖြစ်မယ်မထင်တော့ဘူး။ ဒါပေမဲ့ စိတ်တော့ ကူးထားပါတယ်။ ကျောင်းမသွားရတဲ့၊ Assignment မလုပ်ရတဲ့နေ့လေးတွေမှာ စိတ်ကူးပေါက်တာလေးတွေ ရေးမလားလို့။ သက်သက်တော့ အချိန်ပေးပြီး မရေးနိုင်တော့မှာ သေချာတယ်။

မနေ့ကပဲ မြို့လယ်ခေါင် Russell Square မှာရှိတဲ့ လန်ဒန်ယူနီဗာဒီတီ ရောက်ခဲ့သေးတယ်။ ပိုက်ဆံသွားသွင်းရတာ။ Postgraduate Course မတက်ခင် လိုအပ်နေသေးတဲ့ အင်္ဂလိပ်စာပြည့်မီရေးအတွက် နှစ်လသင်တန်းတက်ရဦးမှာတဲ့။ အဲဒီအတွက်ပေးလိုက်ရတဲ့ ပိုက်ဆံက စတာလင်ပေါင် (၂၃၈၀)၊ လက်ရှိအမေရိကန်ဒေါ်လာပေါက်ဈေးနဲ့တွက်ရင် (၃၉၀၆) ဒေါ်လာဖိုး။ အဲဒါ နှစ်လစာဖိုးပဲ ရှိသေးတယ်။ ကိုယ်တို့ကျောင်းတက်ဖက် သူငယ်ချင်းသုံးယောက်သား အတူသွားသွင်းခဲ့ကြတာ။ ဘာတွေသင်ပေးမှာမို့ ဒီလောက်များတဲ့ ပိုက်ဆံပေးရလဲတော့ မသိဘူး။ နစ်နေတာပဲဗျို့။ ပိုက်ဆံလက်ခံတဲ့ အင်္ဂလိပ်စာဌာနက ဌာနမှုး Ms Susan Yates ကိုတောင် ပြောမိသေးတယ်။ “ကျနော့်လက်တွေ တုန်တုန်ရီရီဖြစ်နေတယ်-လို့ ခံစားရတယ်ဗျာ” လို့။ သူက တဟဲဟဲနဲ့ ရယ်နေသေးတယ်။

သူများနိုင်ငံလာပြီး ပညာသင်ရတာလဲ အတော်မလွယ်တဲ့ကိစ္စပဲ သူငယ်ချင်းရေ့။ ဒါတွေ ကိုယ့်လူကြီးလဲ သိပြီးသားပါ။ ကိုယ့်လူက ကိုယ့်ထက်တောင် ပိုသိသေးတယ်မို့လား။ အင်ဒိယမှာ Ph.D လုပ်နေတုန်းက Supervisor က ခဏခဏပိုက်ဆံလာလာချေးလို့ စိတ်ညစ်နေရတဲ့ ကိုယ့်လူမျက်ခွက်ကြီးကို မြင်ယောင်နေမိသေးတော့တယ်။ အင်္ဂလန်မှာကတော့ အင်ဒိယနဲ့ မတူဘူးဗျို့။ ပေးစရာရှိတာ အကုန် ပေးပြီးမှကို ကျောင်းတက်ရတာဆိုတော့ ကိုယ့်လူလို စူပါဗိုင်ဆာ နှိပ်စက်တဲ့ ဒဏ်တော့ ခံရလိမ့်မယ် မထင်တော့ဘူး။ ဒါပေမဲ့ သေတော့ မသေချာဘူးနော်။ ကိုယ့်အထင်ပြောတာပါ။ စူပါဗိုင်ဆာ ကောင်းကောင်းနဲ့တွေ့ဖို့ဆိုတာလဲ ကိုယ့်ကံပေါ်မူတည်သေးတယ်နဲ့ တူပါရဲ့။ အချို့လဲ စူပါဗိုင်ဆာကောင်းကောင်းရပြီး လျှောလျှောရှူရှူပြီးသွားတဲ့ သူငယ်ချင်းတွေ တွေ့ဖူးတယ်။ ဒါပေမဲ့ ပိုက်ဆံတော့ ပေးရတာချည်းပါပဲ။ "Money makes everything" ဆိုတာကို ဧကန်ယုံရမလိုတောင် ဖြစ်နေပြီ။ လောလောဆယ်တော့ သူမရှိရင် မဖြစ်ဘူးဗျို့။

မနေ့ညနေကလဲ ထိုင်းမှာကျောင်းတက်နေတဲ့ ညီမလေးဆီက သူစကောလားရှစ်ရတယ် ကြားရလို့ ကိုယ်လဲ ရမလားမဆိုပြီး လှမ်းစုံစမ်းလိုက်သေးတယ်။ အဲဒီအဖွဲ့ရဲ့ Deadline က March 31 မှာကုန်ပြီးသားဆိုတော့ ဘယ်ရလိမ့်။ နောက်နှစ်မှ ပြန်လျှောက်ပါတဲ့။ တော်သေးတယ်၊ ကိုယ်စုံစမ်းတာကို အရေးတယူဖြန်ဖြေဖေါ်ရပေသေးလို့။ နိုင်ငံခြားရောက်ပြီး တကဲ့ကို အစဉ်အလာကြီးမားတဲ့ အောက်စဖိုဒ်၊ ကင်းဘရစ်ခ်ျ၊ လန်ဒန်တို့လို တက္ကသိုလ်ကြီးတွေမှာ ကျောင်းတက်နေရတဲ့ ကျောင်းသူကျောင်းသားမှန်သမျှဟာ စကောလားရှစ်မရလို့ကတော့ “သေပြီဆရာ” ပဲ။ မိဘက ငွေတွင်းပေါ်တက်ထိုင်နေနိုင်မှပဲ ကျောင်းတက်နိုင်မယ်။ မဟုတ်လို့ကတော့ “ပျင်းတောင်ပျင်းသေးတယ်” လို့ အလှောင်ခံရမည့်ကိန်း။

ကိုယ်လဲ ကိုယ့်လူသိတဲ့အတိုင်းပဲလေ။ ဒီမှာကျောင်းလာတက်နိုင်တာ စကောလားရှစ်ရခဲ့လို့ဆိုတာ။ ဒါပေမဲ့ ဒီမရောက်ခင်တုန်းကတော့ ကိုယ်ရတဲ့ စကောလားရှစ်က အတော်များတယ်လို့ ထင်ခဲ့တာ။ အား လားလား--၊ ဘယ်များလိမ့်မတုန်း သူငယ်ချင်း။ လိုတာ လိုတာ၊ မပြောချင်ဘူး။ နှစ်နှစ်စာအတွက် ရတဲ့ စကောလားရှစ်က ကျောင်းတစ်နှစ်စာဖိုး ပေးလိုက်ရတာနဲ့တင် ကုန်ပါရောလား။ ဟိုကောင်မလေး မသိစေနဲ့နော်၊ တော်ကြာ သနားပြီး ပိုက်ဆံလှမ်းပို့ပေးရမလား မေးနေဦးမယ်။ သူ့ဆီကတော့ တစ်ပြားမှ မယူချင်ဘူး။ ညစ်စရာရှိရင် ကိုယ့်လူဆီကပဲ ညစ်မှာ။ အဟဲ--ကြုံလို့ပြောတာပါကွာ၊ ကိုယ့်လူဆီကလဲ မညစ်ပါဘူး။ ကိုယ့်လူအိမ်ကြီးပဲ အရင်ပြီးအောင်ဆောက်လိုက်ဦး။ လက်ရှိရထားတဲ့ စကောလားရှစ်နဲ့ မလောက်လဲ ကိစ္စမရှိဘူး။ ပိုက်ဆံရအောင် ဘယ်လို ကြံရဖန်ရမလဲဆိုတဲ့ လမ်းကြောင်းလေးတွေ တွေ့ထားတယ်။ ဟားဟား---တစ်မျိုးတော့ မတွေးနဲ့နော်။ ရိုးရိုးလမ်းကြောင်းလေးတွေပါ။

ပြီးတော့ အခုတစ်လော လန်ဒန်နွေရာသီအကြောင်းလေး နည်းနည်းပြောမယ်ဗျို့။ အေးသဗျာ၊ ပူသဗျာ။ ဒါပဲ။ အေးပြီး ပူတာ။ ကိုယ်တို့မြန်မာပြည်ကတော့ နွေရာသီဆို နေထွက်ထွက်/မထွက်ထွက် အိုက်စပ်စပ်နဲ့ ပူတာချည်းပဲ။ ဒီမှာတော့ နွေရာသီမို့ နေတော့ ထွက်ပါရဲ့။ ထွက်တာမှ မယုံမရှိနဲ့၊ မနက်ငါးနာရီဆို မိုးလင်းနေပြီ၊ ခြောက်နာရီဆို နေထွက်နေပြီ၊ အဲဒါ ညဆယ်ရီလောက်ရောက်မှပဲ မှောင်တော့တာကလား။ ရှည်လျားလိုက်တဲ့ နေ့တာဗျား။ နေထွက်တော့ နေလို့ထိုင်လို့ကောင်းပါ့။ အဲ---နေများမထွက်လို့ကတော့ ချက်ချင်းကို ဆောင်းတွင်းပြန်ရောက်သွားသလား အောင့်မေ့ရတယ်။ အခုနွေရာသီဆိုတော့ နေ့လည် ၁၂-လောက်ကနေ ညနေ-၃ နာရီလောက်အထိတော့ အတော့်ကို ပူသဗျို့။ ကျန်တဲ့အချိန်တော့ အတော်နေလို့ကောင်းပါတယ်။ ဒီရာသီကတော့ ကိုယ်တို့လို အပူနိုင်ငံကလာတဲ့ လူတွေအတွက် အကောင်းဆုံးပေါ့။ ပန်းတွေလဲ အကုန်ပွင့်တယ်။ လမ်းတွေလဲ အကုန်ဖွင့်တယ်။ အလွမ်းတွေလဲ အကုန်သင့်တယ် ဆိုပါတော့။

ကဲ---ကိုယ့်ဆရာရေ့ ဒီလောက်ပဲနော်။ နောက် အဆင်သင့်တဲ့အခါ ထပ်ရေးမယ်ဗျာ။ ကိုယ့်လူဆီပြောပြစရာတွေ အများကြီးရှိတယ်နော်။ ရေးစရာတွေလဲ အများကြီးပဲ။ အဲတစ်ခုပြောဖို့ မေ့သွားတယ်။ ပြီးခဲ့တဲ့လက ကိုယ့်ကျမ်းမာရေးနဲ့ ပတ်သက်ပြီး ကိုယ့်လူမေးတာ သတိရသေးတယ်။ အားလုံးအဆင်ပြေပါတယ်။ တစ်ခုပဲ။ ထမင်းများများစားမိတဲ့နေ့တွေဆို ဗိုက်နည်းနည်းတင်းချင်တယ်။ နောက်ပြီး ဟင်းမကောင်းတဲ့နေ့တွေဆိုလဲ ထမင်းစားလို့မကောင်းဘူး။ အဲဒါ ကိုယ့်လူနဲ့ နီးစပ်တဲ့ ဆရာဝန်တွေ ဘာတွေရှိရင် မေးပေးစမ်းပါဦး။ အဲဒါ ရောဂါတစ်မျိုးလား လို့။ အခုလောလောဆယ်တော့ ကိုယ့်ခမျှာ အဲလိုဖြစ်နေလေရဲ့ဗျား။

1 comment:

မသက်ဇင် said...

မရောက်တာကြာပြီ စာတွေလာဖတ်ပါတယ်