Tuesday, November 17, 2009

သူ့သဘောထား


ငါ့ရှေ့မှာလာရပ်
မခန့်တဲ့ မင့်ပုံစံ
မဖြုံတဲ့ ဟန်မူယာ
ငါ့ကို လာလာကြည့်
မင့်မျက်စိ ပြူးကျယ်
တကယ်ကို မုန်းဖို့ကောင်း
မင့်အကြောင်း ငါအသိဆုံး။

အိပ်ယာဝင်ခါနီး
မင့်မျက်နှာသစ်
ငါ့ကို ပြူးကြည့်ခိုက်
သွားလဲ တိုက်လိုက်သေး
ငါရွံတတ်တာ မင်းအသိ
မင့်သွားတိုက်တဲ့အခါ
ငါ့မှာ အသက်အောင့်
အနေမဖြောင့်ဘူး။

အကြမ်းပတမ်း သွားတိုက်
အစက်တွေ ထွက်စင်
ငါ့မျက်နှာပြင် ကြည့်မကောင်း
မင့် သုတ်ပေးဖေါ်တော့ရသား
ဒါပေမဲ့ ငါသိတယ်
မင့်မျက်ခွက် ဆိုးဆိုး
ပုံအမျိုးမျိုးနဲ့
ပြူးတစ်ခါ ကျယ်တစ်လှဲ့
ရွဲ့တစ်ခါ မဲ့တစ်လှဲ့
ဟန်မတည့်တဲ့ မျက်ခွက်
ကြည့်တဲ့အခါ ကြည်လင်
ပီပြင်အောင်ဆိုတာကို။

တစ်ခါတစ်လေမှာ
ကျိုးကျဲတဲ မင့်သွားအကြား
အစားများလို့ အသားညှပ်
အနေမတတ်ဖြစ်တဲ့အခါ
ငါ့ရှေ့မှာ လာရပ်
သွားကြားက အသားထုတ်
ကော်နှုတ်ဖို့ မင်းပြင်
တွေးရင်းတောင် ငါအံချင်တယ်။

တစ်ခါတစ်ခါကျတော့
မင့်မျက်နှာပေါ်က မုတ်ဆိတ်
ပါးသိုင်းနဲ့ နှုတ်ခမ်းမွေး
ကုလားက အဖေခေါ်
အမြင်မတော်ရှိကာမှ
ဖုတ်ဖတ်ခါ ရေဆွတ်
ဆပ်ပြာနဲ့ နာနာပွတ်ပြီး
မင့်မျက်လုံးနင်းကန်ဖြဲ
ငါ့ကို ရဲရြဲပူးကြည့်
တစ်ချက်မှ မမှိတ်ဘူး
ဓားထိမှာတော့ မင်းကြောက်သား။

တစ်ခုတော့ ငါပြောမယ်
မင်း မုတ်ဆိတ်ရိပ်ပြီးတိုင်း
မင်းလိမ်းတဲ့ After-shave
ဘာတံဆိပ်လဲ ငါမသိ
မွှေးရနံ့သင်းသင်း
ငါ့ရှေ့က ဖြတ်ဆင်းတဲ့အခါ
ငါ့မှာ ရှူရိုက်
အဲဒါ ငါ့အကြိုက်ပေါ့။

ငါဆိုတဲ့ ငါက
မဟုတ်တာ မပြောဘူး
ဟုတ်တာပဲ ပြောမယ်
မင်းနားလည်ထား
ငါပြောတဲ့ စကား
ခါးချင်လဲ ခါးမယ်
နားလည်ဖို့ အဓိက
မှန်တာမှ မပြောရင်
ငါနာမည်ပျက်လိမ့်မယ်
ငါက မရှိတာကြံမပြော
မသိတာ ဟန်သဘောမဆောင်တတ်
မင့် ရေချိုးခန်းထဲက
အသိဉာဏ်မဲ့တဲ့
ကြည့်မှန်တစ်ချပ်။

3 comments:

Ðaywalker[Soul] said...

ကဗျာလေးကောင်းတယ်ဗျာ

မြစ်ကျိုးအင်း said...

ကိုယ်စားခံစားချက်တယ်ကောင်းပါလားဗျ

ကိုမင်းထက်လုပ်ပုံနဲ့ ရေချိုးခန်းထဲက မှန်ရှေ့ရောက်ရင် သတိထားရတော့မလို ပဲး)

kiki said...

တော်သေးတာပေါ့ မရွေ့ လျှားနိုင်အောင် ရေချိုးခန်း ထရံမှာ အသေကပ်ထားပေလို့  ဒီလောက်ပဲသူ မြင်ရတာ ...

နို့ မို့ ဆိုရင် ..တယ်မလွယ်ဘူးးးးး ))