Saturday, November 7, 2009

ယူကေရှိ မြန်မာကျောင်းသားများဘ၀ တစေ့တစောင်း


“ကိုမင်းထက်ရယ် ကျမရှေ့ဆက် ဘယ်လို စခန်းသွားရမှန်းတောင် မသိတော့ပါဘူးရှင်၊ ဗီဇာတိုးတော့လဲ သုံးလပဲပေးတယ်၊ သုံးလပြည့်တိုင်း ထပ်ထပ်တိုးနေရတယ်၊ တစ်ခါတိုးရင် (၃၇၅) ပေါင်၊ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ဖတ်ဖတ်ကို မောနေတာပဲ”
စောစောစီးစီး ဖုန်းဆက်ပြီး သူ့အခက်အခဲကို ငြီးပြနေရှာတဲ့ သူငယ်ချင်းရဲ့ စကားသံကြောင့် ရင်ထဲမှာ ဆို့ဆို့နစ်နစ်ကြီး ခံစားလိုက်မိတယ်။ အင်္ဂလန်ကို ကျောင်းတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ ရောက်လာကြတဲ့ မြန်မာပြည်က ကျောင်းသူကျောင်းသားတွေရဲ့ ဒုက္ခအဖုံဖုံထဲက ပြယုဂ်တစ်ခုပါ။ ရောက်စတုန်းက ကျောင်းသားဗီဇာနဲ့ ရောက်လာကြတဲ့ ကျောင်းသားတွေခမျှာ တစ်နှစ်ကုန်တိုင်း၊ ဒါမှမဟုတ် သက်ဆိုင်ရာ ကျောင်းကပေးတဲ့ ဗီဇာသက်တမ်းကုန်တိုင်း Home Office မှာ ဗီဇာထပ်ထပ်တိုးရတဲ့ ပြဿနာက တော်တော်ကြီးပါတယ်။

အထူးသဖြင့် ဒီ ၂၀၀၉ အ၀င်ကစပြီး ပိုပိုကြပ်လာပါတယ်။ ဘာလို့လဲဆိုတော့ လာမည့် ၂၀၁၂-မှာ ကျင်းပမည့် လန်ဒန်အိုလံပစ်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်နေတဲ့ စီမံကိန်းများစွာများစွာထဲက လုံခြုံရေးစီမံကိန်းအရ တင်းကြပ်မှုတွေ ပိုလုပ်လာတယ်လို့ သိရပါတယ်။ အဲဒီလို တင်းကြပ်မှုတွေ လုပ်တဲ့အထဲမှာ ပြည်ပက ကျောင်းတက်ဖို့ရောက်လာကြတဲ့ကျောင်းသားတွေက အလကားနေရင် ကြားထဲက ခါးနာကြရှာတယ်။ ကျောင်းတက်ဖို့ ရောက်လာတဲ့ ကျောင်းသားတွေကလဲ အမျိုးမျိုးပါပဲ။ ဘာလို့လဲဆိုတော့ ယူကေမှာက ကျောင်းကလဲ အမျိုးမျိုးပေကိုး။
(၁) တက္ကသိုလ်အဆင့် (ဥရောပအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံခြားကျောင်းသားများ တစ်နှစ်စာ ကျောင်းစရိတ်သက်သက် ပေါင် တစ်သောင်း နှစ်ထောင်အထက်ပေးရပါတယ်)
(၂) တက္ကသိုလ်လက်အောက်ခံ ကောလိပ်အဆင့် (တစ်နှစ်စာအတွက် ကျောင်းစရိတ်သက်သက် ပေါင်ရှစ်ထောင်ဝန်းကျင်)
(၃) အစိုးရအသိအမှတ်ပြု စာတကယ်သင်ပေးတဲ့ ပြင်ပကျောင်းများ ( Term အလိုက် ပေးရပါတယ်၊ ဥပမာ- သုံးလ Term တစ်ခု သတ်မှတ်ရင် အဲဒီ Term တစ်ခုအတွက် ပေါင်း ၄၀၀ ကျော် ၅၀၀ နီးပါး ပေးရပါတယ်၊ ကျောင်းအလိုက် ကျောင်းစရိတ်ကွဲပြားမှု ရှိပါတယ်)
(၄) အစိုးရ အသိအမှတ်ပြု စာမသင်ပေးတဲ့ ပြင်ပလုပ်စားကျောင်းများ (အထက်က ကျောင်းလိုပဲ ကျောင်းစရိတ် စသည်ပေးရပါတယ်)

သိရသလောက် ဖေါ်ပြပေးလိုက်တာပါ။ တခြားပုံစံမျိုးနဲ့ Run နေတဲ့ ကျောင်းတွေ ကောလိပ်တွေလဲ ရှိဦးမယ် ထင်ပါရဲ့။ မြန်မာပြည်က ကျောင်းတယ်မယ်ဆိုပြီး ရောက်လာကြတဲ့ ကျောင်းသားအများစု (၇၀% ရာခိုင်နှုံး) ကတော့ အမှတ် (၃) နဲ့ (၄) ကျောင်းမျိုးတွေမှာပဲ တက်ကြတာပါ။ ဒီလိုတက်ရတာကလဲ အကြောင်းအမျိုးမျိုးပါပဲ။ ကျောင်းသားအများစုဟာ မြန်မာပြည်မှာ (ကျုပ်ကလွဲရင်) ချမ်းသာတဲ့မိသားစုဝင်က လာတာများမှာပါ။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ငွေကြေးဟာ ဒီရောက်တော့ ထင်သလောက်မပေါက်တော့တဲ့အတွက် ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက် မဖြစ်မနေ လုပ်ကြရတော့တာပါပဲ။ ကျောင်းသားဗီဇာကိုင်ထားတဲ့ ကျောင်းသားတိုင်း တစ်ပတ်မှာ နာရီ (၂၀) အလုပ်လုပ်ခွင့် ရှိပါတယ်။

တစ်နာရီမှာ ပျန်းမျှ (၅) ပေါင်ရတဲ့ အလုပ်တစ်ခုကို နာရီ (၂၀) နဲ့တွက်ကြည့်ရင် တစ်ပတ်မှာ ပေါင် (၁၀၀) လောက်ပဲ ရကြပါတယ်။ တစ်လဆိုရင်တော့ ပေါင် (၄၀၀) ပေါ့။ ဒေါ်လာ (၆၀၀) ကျော်၊ မြန်မာကျပ်ငွေ လက်ရှိပေါက်ဈေးနဲ့ ခြောက်သိန်းကျော်လောက် ရမယ်ထင်ပါရဲ့။ အဲဒီတော့ တစ်လမှာ ကျပ်ခြောက်သိန်းကျော် ၀င်ငွေရှိတဲ့ ကျောင်းသားတစ်ယောက်ဆိုပါတော့။ အလုပ်ရလို့ တစ်လ ပေါင် (၄၀၀) ၀င်ငွေရှိတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အသုံးစရိပ်ကို ကြည့်ရအောင်။
(၁) ကျောင်းစရိတ် (တက်တဲ့တက္ကသိုလ်စသည်အလိုက် အနည်းအများ အလွန်ကွဲပြားမှုရှိပါတယ်၊ ဒါပေမဲ့ တစ်လ ပေါင် (၁၀၀) နဲ့ပဲ တွက်ကြစို့၊
(၂) အိမ်လခ (ငှါးတဲ့ အိမ်အနေအထားလိုက် ကွဲပြားမှုရှိပါတယ်။ နောက်ပြီး ခွဲနေခြင်း၊ တွဲနေခြင်း စသည်အလိုက် ကွဲပြားမှုလဲ ရှိပြန်ပါတယ်။ ဒါကြောင့် တစ်လ ပေါင် (၁၀၀)နဲ့ ပဲတွက်မယ်)
(၃) စားစရိတ် (လူတစ်ယောက်အကြိုက်တစ်မျိုးမို့ ကွဲပြားမှုရှိပါတယ်၊ ဒါကြောင့် ပျန်းမျှ တစ်လ(၂၀၀)ပဲထား။
(၄) မီးဖိုးရေဖိုး၊ (သုံးသလောက်ကုန်တတ်ပါတယ်၊ ဒါကြောင့် တစ်လ (၃၀) ပဲထား။)
(၅) ကားရထားခ (တစ်ရက် ပျန်းမျှ ငါးပေါင်နဲ့ပဲတွက်ဦး၊ တစ်လ (၁၅၀)လောက်ကျမယ်။ ဒါပေမဲ့ (၁၀၀) ပဲထားမယ်။)
(၆) ဖုန်းဖိုး ( Contract နဲ့ Pay-Go အလိုက်ကွာခြားမှုရှိပါတယ်။ ဒါကြောင့် တစ်လ (၂၀) ပဲထား။)
(၇) အထွေထွေဝယ်ခြမ်း (၀ယ်သလောက်ကုန်မှာပါ။ ဒါကြောင့် (၅၀) နဲ့ပဲတွက်ကြည့်။)

ဒါတွေ အားလုံးဟာ Minimum Calculation ပါ။ ဒါတောင် တစ်လ ပေါင် (၆၀၀) လောက်ကုန်နေပါပြီ။ တစ်လ (၄၀၀) လောက်ပဲ ၀င်ငွေရှိတဲ့ ကျောင်းသားတစ်ယောက်အတွက် ဘယ်နည်းနဲ့မှ မလောက်နိုင်ပါဘူး။ ဒီတော့ ဘာလုပ်ရသလဲဆိုရင် ကျောင်းတက်တဲ့ ကျောင်းသားတစ်ယောက်ဟာ နာရီ (၂၀) ထက်ပိုပြီး အလုပ်လုပ်ဖို့ ဖြစ်လာရပါတယ်။ အဲလို လုပ်လို့ Home Officeနဲ့ မိရင်တော့ လုံးဝသက်သာမယ် မထင်လိုက်နဲ့။ ဒဏ်ငွေလား၊ ပြန်စေလား တစ်ခုခုပါပဲ။

အဲဒီတော့ ရောက်လာတဲ့ ကျောင်းသားတွေဟာ ကျောင်းတက်ဖို့ရည်ရွယ်ရင်း ရှိကြပေမဲ့ အခြေအနေအရ ကျောင်းမတက်နိုင်ကြတာ များပါတယ်။ ကျောင်းသားဗီဇာကိုင်ထားပြီးတော့ အောက်ဆုံးအဆင့်ဖြစ်တဲ့ လုပ်စားကျောင်းတွေမှာ ကျောင်းအပ်ပြီး အလုပ်လုပ်ကြရရှာပါတယ်။ ကျောင်းတက်စရာမလိုပဲ နာရီ (၂၀) ထက်ပိုအောင် ခိုးလုပ်ကြရပါတယ်။ များသောအားဖြင့် In-Cash ခေါ် လက်ငင်းပိုက်ဆံရတဲ့အလုပ်တွေကို ရှာလုပ်ကြရပါတယ်။ ပေးထားတဲ့ နာရီ (၂၀) ကိုတော့ ဘဏ်စာရင်းပြပြီး ကျန်တဲ့နာရီတွေကိုတော့ ဘဏ်ထဲမ၀င်စေပဲ လက်ငင်းပေးတဲ့ အလုပ်မျိုးကို လုပ်ရကြပါတယ်။

လုပ်စားကျောင်းတွေကလဲ အဲလိုလုပ်မှန်းသိတော့ ပိုရစ်တတ်ကြပြန်ပါတယ်။ ကျောင်းသူကျောင်းသားတွေခမျှာ ပြေးပေါက်လဲရှိ ပေးပေါက်လဲမရှိနဲ့ အတော်ဂွကျပါတယ်။ ဒီတော့ ရှိတဲ့လူတွေဆီက ချေးငှါးရတာတွေပါ ဖြစ်လာပြန်ရော။ မဟုတ်ရင်လဲ မြန်မာပြည်က မိဘတွေဆီ ပြန်ပြီး အပူကပ်ကြရပြန်ရော။ စုမိဆောင်းမိဖို့ မပြောနဲ့ အကြွေးသံသရာ မလည်အောင် မနည်းကျိုးစားကြရပါတယ်။ ပညာဆိုတာကတော့ ဝေလာဝေးပါပဲ။ လာရင်းရည်ရွယ်ချက်ပျောက်ပြီး ယူကေမှာ ဆက်လက်နေထိုင်နိုင်ဖို့အရေး ငွေနောက်ပဲ လိုက်နေကြရတဲ့ ဘ၀ရောက်သွားကြပြန်ပါတယ်။

ဒီလိုပြောလို့ ယူကေရောက်ရင် ဘာမှ အဆင်မပြေဘူး လို့ ဆိုတာတော့ မဟုတ်ပါဘူး။ အဆင်ပြေနေတဲ့လူတွေလဲ တစ်ပုံကြီးပါပဲ။ ဘယ်လိုလူတွေ အဆင်ပြေလဲ မေးရင်တော့ Asylum ခံတဲ့လူတွေလို့ ပြောရမယ်ထင်ပါရဲ့။ အဲဒီအတွက်တော့ ကျယ်ကျယ်မရေးချင်ပါဘူး။ ကိုယ်လဲ အဲဒါမျိုးတော့ မလုပ်ဘူးလို့ စိတ်ကူးထားလို့ပါ။ ကိုယ့်နိုင်ငံကို ပြန်ချင်တဲ့စိတ်ကတော့ အမြဲရှိနေတဲ့အတွက် ကျောင်းပြီးတဲ့အခါ အဆင်ပြေပြေပြန်နိုင်အောင် Asylum ခံဖို့တော့ ဘယ်သူ့မှ မပြောလိုပါဘူး။ လုပ်တဲ့လူတွေလဲ အခြေအနေအရ လုပ်လိုက်ကြရပေမဲ့ အိမ်လွမ်းနေကြရတာတော့ အမှန်ပါပဲ။

မိန်းကလေးတွေကိုတော့ သတိပေးချင်ပါတယ်။ ယူကေရောက်လာတဲ့ အချို့မိန်းကလေးတွေဟာ လာတုန်းကတော့ ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ရောက်လာကြပေမဲ့ အထက်မှာ ကျောင်းသားအများစု ကြုံရတဲ့ ပြဿနာမျိုးတွေနဲ့ ကြုံလာတဲ့အခါ ကယ်သူကို ရှာရင်းနဲ့ ဘ၀လမ်းပျောက်ပြီး ဟိုမရောက်ဒီမရောက်ဖြစ်နေတာတွေလဲ အတော်များများတွေ့ရလေရဲ့။ အိမ်လခ လုံလောက်အောင် မပေးနိုင်တဲ့အတွက် အခြားလူတွေနဲ့ စုပေါင်းပြီး အိမ်ငှါးနေကြရာက ညိကြရင်း ကြာတော့ Living Together ဘ၀နဲ့ UK Standard ၀င်သွားကြပါလေရော။ ကိုယ့်မြန်မာ အချင်းချင်းဆို တော်သေးရဲ့။ အချို့က ကိုယ့်လူမျိုးမဟုတ်တဲ့ ကပ္ပလီကောင်မျိုးတွေနဲ့တောင် အဲဒီလိုနေတယ်လို့ ကြားနေ သိနေရပါတယ်။ ပြဿနာက ကပ္ပလီနဲ့ အိပ်ပြီးရင် ကိုယ့်မြန်မာတွေကို လူမထင်တတ်တော့တာ အဆိုးဆုံး။ ဒီနေရာမှာတော့ ဗမာဖြစ်ရတာ နာသကွာ လို့သာ အော်လိုက်ချင်ရဲ့။

ရောက်ခါစအချို့မိန်းကလေးတွေရဲ့အဖြစ်အပျက်တွေက နားမချမ်းသာစရာပါ။ မြန်မာပြည်က အသိတစ်ယောက်ယောက် မိတ်ဆက်ပေးလို့ သိလာခဲ့ရတဲ့ လူတစ်ယောက်ကို အားကိုးပြီးရောက်လာကြတဲ့ သူတွေလဲ ရှိလေရဲ့။ ဒီရောက်တော့ အဲဒီလူနဲ့ပဲ တွဲသွားတွဲလာလုပ်ရင်း အိုးချင်းထိ ကြိုးချင်းညှိ ဂိုးသွင်းမိ ဆိုသလို အဖြစ်အပျက်က မနှစ်သက်စရာ။ ပြဿနာ အဲဒီလူက သူလိုချင်တာရပြီးရင် ပြန်လှည့်မကြည့်ပဲ ပစ်သွားလို့ မိန်းကလေးခမျှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေရတာတွေလဲ အများကြီး။ ဒီတော့ ညီငယ် ညီမငယ်တွေကို အကြံပြုလိုတာက ယူကေလာပြီး တကယ်ပညာသင်ချင်ရင်---
(၁) မိမိတက်မည့် တက္ကသိုလ်/ကောလိပ်/ကျောင်း တွေဟာ တကယ်ရှိရဲ့လား စုံစမ်းပါ။
(၂) ကျောင်းစရိတ်၊ အဆောင်စရိတ်စသည်ကို ကိုယ်နေမည့်နှစ်နဲ့တွက်ပြီး လုံလောက်မှုရှိ/မရှိ စုံစမ်းပါ။
(၃) အပေါင်းအသင်းကောင်းကောင်း ရှာပါ။ တစ်ယောက်ကြောင်း တစ်ယောက်သိနေတဲ့ သူငယ်ချင်းမျိုးမှ စိတ်ချရပါတယ်။
(၄) အရေးကြီးဆုံးကတော့ ကိုယ်ဘာလုပ်မလဲ ဆိုတဲ့ မေးခွန်းကို အခါတစ်ထောင်ပြည့်အောင် ကိုယ့်ကိုယ်ကို ပြန်မေးပါ။
(၅) ဘာပဲလုပ်ရလုပ်ရ အင်္ဂလန်ရောက်ရင် ပြီးတာပဲ ဆိုတဲ့ စိတ်မျိုးမမွေးမိပါစေနဲ့။
(၆) ကိုယ်လဲကျသွားတဲ့အခါ ကိုယ့်ကို ဘယ်သူထူပေးမလဲ ဆိုတာကိုလဲ ကြိုတင်စဉ်းစားထားပါ။
(၇) အင်္ဂလိပ်စာနဲ့ စကားကိုလဲ လိပ်ပတ်လည် ရေးတတ် ပြောတတ်အောင် လေ့ကျင့်ထားပါ။ ကျောင်းတကယ်တက်ဖို့အတွက် ဒုတိယအရေးကြီးဆုံးက သူတို့ဘာသာစကားပါပဲ။
(၈) ဘယ်လိုအနေထားနဲ့ပဲ ကြုံကြုံ၊ နဂိုရည်ရွယ်ချက်တော့ အပျောက်မခံဘူး လို့ ဆုံးဖြတ်ထားပါ။

တွေ့ရကြုံရသလောက်ကို တင်ပြပေးလိုက်တာပါ။ အင်္ဂလန်လာပြီး ပညာသင်ဖို့ ငွေရှာဖို့ ရည်ရွယ်ချက်ရှိကြ အိမ်မက်မက်နေကြတဲ့ ညီငယ် ညီမငယ်တွေ ဒီပို့စ်လေး ဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးအဆင်ပြေပါစေ။

14 comments:

Anonymous said...

ကိုမင်းထက်ရေ....အမှန်တရားတွေကို ထုတ်ဖော်ပြောကြားခြင်းဟာ ကောင်းမြတ်သောမင်္ဂလာတစ်ပါးပါလို့ တိုက်တွန်းအားပေးလိုက်ပါတယ်နော်...ဆက်လက်ပြီးလည်း အင်္ဂလန်အကြောင်းများများလေး ရေးပေးပါနော်..။ :)

မေသစ္စာမောင် said...

ဗဟုသုတရရှိစေတဲ့
စာလေးတွေ ဖတ်သွားမိပါတယ်။
ပို့စ်တော်တော်များကို သဘောကျနှစ်သက်မိပါတယ်..။
စာဖတ်သူတွေကို အတွေးကောင်းလေးတွေပေးနိုင်တဲ့ ဒီဘလော့ဂ်လေးကို ကျမဆီမှာလင့်ထားပါတယ်။ နောက်လည်း စာတွေလာဖတ်ပါဦးမယ်။
ရွှင်လန်းချမ်းမြေ့ပါစေ။

မြတ်လေးငုံ said...

ကိုမင်းထက် .... လူကိုတော့မတွေ့ဘူးပေမဲ့
စာရေးတာကတော့ တော်တော်လေးကို
အားကျမိပါတယ်။ ဖတ်တဲ့လူတွေကို ဗဟုသုတ
တွေမျှဝေနိုင်အောင်လို့ ရေးထားတဲ့စာတိုင်းကို
သဘောကျနှစ်သက်မိပါတယ်ရှင်..။နောက်ကိုလဲ
စာဖတ်သူတိုင်းကို ဗဟုသုတတိုးစေမဲ့စာတွေ
ကိုထပ်တင်နိုင်ပါစေရှင်...။

Thet Oo said...

တနာရီ ၅ ပေါင် ၀န်းကျင်ဆိုတော့ မနဲဘူးလား။ ဘယ်လိုအလုပ်မျိုးတွေ လုပ်ရတာလဲ။ အစိုးရကို အခွန်ပေးရသေးလား။ ကိုမင်းထက် အခုလို ရေးပြတာကို ကြိုဆိုပါတယ်။

Unknown said...

ကိုမင်းထက်ရေ........
အရမ်းကိုကျေးဇူးတင်ပါတယ်......
များများရေးပေးပါ ဒါမျိုးလေးတွေ........
မြန်မာပြည်က ညီတွေညီမလေးတွေကို သိစေချင်လို့ပါ.......
ကျွန်တော်တို့ပတ်ဝန်းကျင်မှာနေ့စဉ်နဲ့အမျှတွေ့
ကြုံနေတဲ့နိုင်ငံခြားကအခြေအနေကို ရွှေမြန်မာတွေသိစေချင်တဲ့ အကို့စေတနာကို လေးစားပါတယ် အကိုရယ်........

Firedragon said...

ကိုမင်းထက် ရေးထားတာတွေက မှန်သင့်သလောက်တော့မှန်ပါတယ် ... ဒါပေမယ့် အများစုက လက်ရှိအနေအထားနဲ့တွက်ရင် မှားတယ်မပြောချင်ပေမယ့် မမှန်တာတွေရှိတယ် ... အစကနေစပြောရရင် Visa တိုးပေးတယ်ဆိုတာ သုံးလ သုံးလတိုးပေးတယ်ဆိုတော့ ... သူထပ်တက်မယ့် Course က သုံးလပဲတက်ဖို့ဖြစ်ပါလိမ့်မယ် ... တစ်နှစ်တက်ရမယ့် Course ကို သုံးလပေးရင် ကျောင်းသားအနေနဲ့ Complain တက်ခွင့်ရှိတယ် ... ကျွန်တော်တော့ အဲ့လို ပြဿနာဖြစ်တာမတွေ့ဖူးဘူး ... ဒီက ကျောင်းသားတွေလဲ ကို့ရဲ့ Course သက်တမ်းအတိုင်း ဗီဇာရပါတယ် ... နောက်တစ်ချက် ... ကိုမင်းထက်ပြောတဲ့ အိုလံပစ်ကိစ္စ မဟုတ်ဘူးတော့ မပြောချင်ဘူး ... ကျွန်တော် သိသလောက် မြန်မာကျောင်းသားတွေ ကိုမင်းထက် ပို့တင်တဲ့ကာလကရော အခုထိပါ ပြည်ဝင်ခွင့်လွယ်နေပါတယ် ... ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံကို တရုတ်ကုလားအ၀င်အရမ်းများနေတဲ့အတွက် နိုင်ငံအလိုက် ကျောင်းသားဦးရေ ကန့်သတ်လိုက်တဲ့အတွက် မြန်မာကျောင်းသားတွေဝင်ရလွယ်နေပါတယ် ... မနေ့က Election 2010 မတိုင်ခင်အထိပေါ့ဗျာ ... အခု Election မှာ Conservative က မဲသာနေတဲ့အတွက် နိုင်ငံခြားသားတွေအတွက် ၀င်ခွင့်ခက်ချင်ခက်လာပါလိမ့်မယ် ... ကျောင်းလခ ပြောရရင် ... ကျွန်တော်ကိုယ်တိုင် University ကျောင်းသားပါ ... Engineering Course အတွက် တစ်နှစ် ပေါင် ၈၂၂၅ ပဲရှိပါတယ်
တစ်သောင်းအောက်ပါ ... University ပေါချောင်ကောင်းမှာတက်ရင် ဒီထက်အများကြီးသက်သာမှာပါ ... ကောလိပ်အဆင့်က ပေါင် ၄၀၀၀ ပဲရှိပါတယ် ... ကျန်တဲ့ Term တွေကတော့ ရာဂဏန်းအဆင့်ပဲရှိပါတယ် ... နောက် အလုပ်လုပ်ခွင့် ... ကိုမင်းထက်ဘယ်မှာနေလဲတော့မသိဘူး ... UK အကြောင်းရေးရင် UK က Minimum Wage တော့ သိသင့်တာပေါ့နော် ... Minimum Wage က 5.8 ပေါင်ပါ ... Tax ပေးရတဲ့အလုပ်မှန်သမျှ ၅ပေါင်၈၀ ထက်လျော့ပေးခွင့်မရှိပါ ... ကိုမင်းထက် ပြောတဲ့ အသုံးစရိတ်တွေဟာ လန်ဒန်မှာနေတဲ့အနေထားနဲ့တောင် ပိုနေတာတွေရှိပါတယ် ... North East မှာဆိုရင် နှစ်ဆလောက်လျော့ချနိုင်ပါတယ် ... ကိုမင်းထက်ပြောသလို တစ်လ လေးရာရတယ်ထားပါ ... ကျောင်းစရိတ် ... ကျွန်တော် Uni တက်လာတာ စာရေးကိ၇ိယာအပြင် ဘာမှထွေထွေထူးထူး မကုန်ခဲ့ဖူးဘူး ... မြန်မာမှာလို သင်ခန်းစာစာအုပ်ဝယ်သုံးနေရတာမှမဟုတ်တာဗျာ ... ဒါပေမယ့် တစ်လ ၅၀ လောက်တွက်လိုက်ပါ ... အိမ်လခကတော့ အဲ့လောက်ရှိပါတယ် ... ၁၀၀ နဲ့တွက် ... စားစရိတ်ကို ဘာလို့ တစ်လ ၂၀၀ နဲ့တွက်လဲ မစဉ်းစားတတ်ဘူး ... ကျွန်တော်တို့ လေးယောက်ကို တစ်လ ပေါင်တစ်ရာမကျဘူး ...တစ်ယောက်အတွက်ဆိုရင် ပေါင် ၅၀ ဆို တစ်နေ့ ဟင်းနှစ်ခွက်နဲ့စားလို့ရတယ် ... မီးဖိုးရေဖိုးကတော့ ထားပါတော့ ၃၀ ... ပိုနေပါသေးတယ် ... ကားခ ရထားခက ဒီရောက်တဲ့ကျောင်းသားအများစု လန်ဒန်မှလွဲရင် ... Transport စရိတ်အကုန်မခံကြပါ ... ကျောင်းနဲ့မလှမ်းမကမ်းမှာပဲနေကြပါတယ် ... လှမ်းရင်လည်း စက်ဘီးကိုယ်စီနဲ့သွားနေကြတာပါပဲ ... ကားရှိတဲ့သူလည် ကားနဲ့ပေါ့ဗျာ ... ပေါင် ၅၀လောက်တွက်လိုက်ပါ့မယ် ... ဖုန်းက Pay go ဆိုရင် တစ်လ ၅ပေါင်ဆို သုံးပါလိမ့် ... Business person မဟုတ်ရင် အေးဆေးလောက်ပါတယ် ... ပေါင် ၂၀ ဆိုတာက ကျွန်တော် လက်ရှိဖုန်းမတိုင်ခင် သုံးခဲ့တဲ့ Nokia N95 တောင်မှ တစ်လ ၂၃ ပေါင်ပဲရှိပါတယ် ... စစပေါ်ချင်းနော် ဒါတောင် ... အထွေထွေ ၀ယ်ခြမ်းချင် ခြမ်းပါ ... ပေါင် ၅၀ ပေါ့ ... ကဲ အားလုံးပေါင်း ၂၃၅ ပေါင် ... ကိုမင်းထက်တွက်တာ ၆၀၀ နော် ... ကျွန်တော် တွက်တာ ၃၀၀ ဆိုရင်တောင် နှစ်ဆကွာနေပါသေးတယ် ...

Firedragon said...

ဆက်ဦးစို့ ... အလုပ်ပိုလုပ်တဲ့ကိစ္စ ... ကိုမင်းထက်ပြောတဲ့ In-Cash ပေါ့ ... ကျွန်တော်တို့ အလုပ်လုပ်ကြတာတော့ Cash-In လို့ပဲပြောကြပါတယ် ... ကျွန်တော့်အရင် ဘွဲရပြန်သွားကြတဲ့အကိုကြီးတွေဆိုရင် တစ်လ နာရီ ၆၀ အထိ လုပ်ခဲ့ကြပါတယ် ... :) ... ပြီးတော့ ကျွန်တော့်ကိုယ်တွေ့ကတော့ ... December မှာ Royal Mail ကအလုပ်ခေါ်တော့ Non EU Student တွေ လုပ်လို့မရအောင် ၂၁ ရီဆိုပြီးခေါ်ပါတယ် ... ကျွန်တော်တို့ ကျောင်းက Service နဲ့တွေ့ပြီး ပြောတဲ့အခါ လုပ်ခွင့်ပေးခဲ့ပါတယ် ... ကျွန်တော့် တစ်ကျောင်းတည်းမဟုတ်ပါ ... သူငယ်ချင်းတွေတက်တဲ့ကျောင်းတွေကပါ ခွင့်ပေးပါတယ် ... Law နဲ့ မညီပေမယ့် နားလည်မှုဆိုပါတော့ဗျာ ... ကျောင်းတွေက ကျောင်းသားကို အစဉ်ပြေအောင်လုပ်ပေးတတ်ပါတယ် ... ဒီ ၂၀၁၀ မှ ရောက်လာတဲ့ကျောင်းသားအချို့ကိုတောင် ကျောင်းလခ မသွင်းနိုင်သေးတဲ့အတွက် ၆လ နောက်ဆုတ်တောင်းတယ်လို့ နောက်ယောက်တဲ့ ကျောင်းသားလေးတွေပြောပါတယ် ... ကျန်တာတော့ ကိုမင်းထက်ပြောတာတွေရဲ့ Side Effect တွေပါ ... ပြောစရာမလိုပါ ... ကျွန်တော် ပြောချင်တာကတော့ ဒီ ဘလော့ဟာ လက်ရှိအနေထားနဲ့ဆိုရင် အမှန်မဖြစ်တဲ့အတွက် Upgrade လုပ်ဖို့လိုပါတယ် ... သေချာအောင် စုံစမ်းကြည့်ပါဦး ... ကိုမင်းထက် ရေးသင့်တာက UK ကိုလာရင် ကျောင်းလခတော့ နှစ်စဉ်ပေးနိုင်မှ လာဖို့ပါ ... ပြီးတော့ အလုပ်တန်းစီစဉ်ပေးမယ်ဆိုတဲ့ ကိုယ်ကျိုးရှာ Agency အချို့အကြောင်းပါ ... ဒီရောက်တော့ အဲ့ဒီ Agency ဘယ်ရှာရမှန်းမသိဖြစ်ပါလေရော ... ဒါပါပဲ ... ကျွန်တော်ဒီအကြောင်း ရေးဖို့ရှိပါတယ် ... စာမေးပွဲနီးနေတာနဲ့ မရေးဖြစ်သေးတာပါ ... ဒီကိုလာဖို့လုပ်နေတဲ့ သူငယ်ချင်းအချို့ ကိုမင်းထက်ရဲ့ ဘလော့ကို ဖတ်ပြီးဇဝေဇ၀ါဖြစ်နေလို့ ကျွန်တော် သေချာ ရှင်းပြလိုက်ရပါသေးတယ် ... ဒီဘလော့ကတွေ့တာကြာပါပြီ ... ခုမှ သူငယ်ချင်းက စိုးရိမ်စိတ်နဲ့ာပြောတော့မှ ခုလို ဆွေးနွေးဖြစ်တာပါ ... ဒီဘလော့က အဆိုးဘက်ကို ပြောထားတာတွေဖြစ်နေတဲ့အတွက် မှန်ကန်မှုလည်း အားနည်းနေတဲ့အတွက် ... ပြင်ဆင်ဖို့ အကြံပြု တောင်းဆိုလိုပါတယ် ...

အပြုသဘောဖြင့်သာ ....
Firedragon(UK)

Firedragon said...

ဆက်ဦးစို့ ... အလုပ်ပိုလုပ်တဲ့ကိစ္စ ... ကိုမင်းထက်ပြောတဲ့ In-Cash ပေါ့ ... ကျွန်တော်တို့ အလုပ်လုပ်ကြတာတော့ Cash-In လို့ပဲပြောကြပါတယ် ... ကျွန်တော့်အရင် ဘွဲရပြန်သွားကြတဲ့အကိုကြီးတွေဆိုရင် တစ်လ နာရီ ၆၀ အထိ လုပ်ခဲ့ကြပါတယ် ... :) ... ပြီးတော့ ကျွန်တော့်ကိုယ်တွေ့ကတော့ ... December မှာ Royal Mail ကအလုပ်ခေါ်တော့ Non EU Student တွေ လုပ်လို့မရအောင် ၂၁ ရီဆိုပြီးခေါ်ပါတယ် ... ကျွန်တော်တို့ ကျောင်းက Service နဲ့တွေ့ပြီး ပြောတဲ့အခါ လုပ်ခွင့်ပေးခဲ့ပါတယ် ... ကျွန်တော့် တစ်ကျောင်းတည်းမဟုတ်ပါ ... သူငယ်ချင်းတွေတက်တဲ့ကျောင်းတွေကပါ ခွင့်ပေးပါတယ် ... Law နဲ့ မညီပေမယ့် နားလည်မှုဆိုပါတော့ဗျာ ... ကျောင်းတွေက ကျောင်းသားကို အစဉ်ပြေအောင်လုပ်ပေးတတ်ပါတယ် ... ဒီ ၂၀၁၀ မှ ရောက်လာတဲ့ကျောင်းသားအချို့ကိုတောင် ကျောင်းလခ မသွင်းနိုင်သေးတဲ့အတွက် ၆လ နောက်ဆုတ်တောင်းတယ်လို့ နောက်ယောက်တဲ့ ကျောင်းသားလေးတွေပြောပါတယ် ... ကျန်တာတော့ ကိုမင်းထက်ပြောတာတွေရဲ့ Side Effect တွေပါ ... ပြောစရာမလိုပါ ... ကျွန်တော် ပြောချင်တာကတော့ ဒီ ဘလော့ဟာ လက်ရှိအနေထားနဲ့ဆိုရင် အမှန်မဖြစ်တဲ့အတွက် Upgrade လုပ်ဖို့လိုပါတယ် ... သေချာအောင် စုံစမ်းကြည့်ပါဦး ... ကိုမင်းထက် ရေးသင့်တာက UK ကိုလာရင် ကျောင်းလခတော့ နှစ်စဉ်ပေးနိုင်မှ လာဖို့ပါ ... ပြီးတော့ အလုပ်တန်းစီစဉ်ပေးမယ်ဆိုတဲ့ ကိုယ်ကျိုးရှာ Agency အချို့အကြောင်းပါ ... ဒီရောက်တော့ အဲ့ဒီ Agency ဘယ်ရှာရမှန်းမသိဖြစ်ပါလေရော ... ဒါပါပဲ ... ကျွန်တော်ဒီအကြောင်း ရေးဖို့ရှိပါတယ် ... စာမေးပွဲနီးနေတာနဲ့ မရေးဖြစ်သေးတာပါ ... ဒီကိုလာဖို့လုပ်နေတဲ့ သူငယ်ချင်းအချို့ ကိုမင်းထက်ရဲ့ ဘလော့ကို ဖတ်ပြီးဇဝေဇ၀ါဖြစ်နေလို့ ကျွန်တော် သေချာ ရှင်းပြလိုက်ရပါသေးတယ် ... ဒီဘလော့ကတွေ့တာကြာပါပြီ ... ခုမှ သူငယ်ချင်းက စိုးရိမ်စိတ်နဲ့ာပြောတော့မှ ခုလို ဆွေးနွေးဖြစ်တာပါ ... ဒီဘလော့က အဆိုးဘက်ကို ပြောထားတာတွေဖြစ်နေတဲ့အတွက် မှန်ကန်မှုလည်း အားနည်းနေတဲ့အတွက် ... ပြင်ဆင်ဖို့ အကြံပြု တောင်းဆိုလိုပါတယ် ...

အပြုသဘောဖြင့်သာ ....
Firedragon(UK)

Firedragon said...

ပြင်ဆင်ချက် *** ဆက်ဦးစို့ ... အလုပ်ပိုလုပ်တဲ့ကိစ္စ ... ကိုမင်းထက်ပြောတဲ့ In-Cash ပေါ့ ... ကျွန်တော်တို့ အလုပ်လုပ်ကြတာတော့ Cash-In လို့ပဲပြောကြပါတယ် ... ကျွန်တော့်အရင် ဘွဲရပြန်သွားကြတဲ့အကိုကြီးတွေဆိုရင် တစ်ပါတ် နာရီ ၆၀ အထိ လုပ်ခဲ့ကြပါတယ် ... ***

Firedragon said...

ပြင်ဆင်ချက် ***** ဆက်ဦးစို့ ... အလုပ်ပိုလုပ်တဲ့ကိစ္စ ... ကိုမင်းထက်ပြောတဲ့ In-Cash ပေါ့ ... ကျွန်တော်တို့ အလုပ်လုပ်ကြတာတော့ Cash-In လို့ပဲပြောကြပါတယ် ... ကျွန်တော့်အရင် ဘွဲရပြန်သွားကြတဲ့အကိုကြီးတွေဆိုရင် တစ်ပါတ် နာရီ ၆၀ အထိ လုပ်ခဲ့ကြပါတယ် ... *****

Anonymous said...

ကိုမင်းထက်နေတဲ့ အိမ်ခန်းက တလ ပေါင်၁၀၀ ဆိုရင် အတော် သက်သာသလို တခန်းထဲ ဘယ်နစ်ယောက် နေကြသလဲ မသိဘူး။ နယ်မှာ တယောက်ခန်း ကုတင် စားပွဲချရုံ box room ဆိုရင်၂၅၀-၃၀၀ ပေးရတယ်။ လန်ဒန်ဇုံ၎ လောက်မှာတော့ တယောက်ခန်း ၁၅ပေ၁၀ပေ အခန်းကို ၃၅၀-၄၀၀ ပေးရတာဘဲ။ စားစရိတ် ကတော့ ချွေတာချက်စားရင် ၃၀-၆၀ ဘဲကုန်ပါတယ်။ (အုပ်စုလိုက်ချက်စားရင်ပို သက်သာ တာပေါ့ ရုပ်ရှင်မကြည့် ဆေးလိပ် မသောက်မှပါ။ အရက်က ဈေးပေါတော့ အလွန်ကျွံ မသောက်ရင် ပေါင်၆၀အောက် ဘဲ ကုန်ပါတယ်။) saintbury, tesco, open market, M&S တို့ မှာ ၃နာရီ ကျော်ရင် ယနေ့ ရက်လွန်မဲ့ ပစည်းတွေ ဆိုရင် တ၀က်ဈေး ချတယ် ကျောင်းသားတွေ အတွက်က ချက်ချင်းချက်စားမှာ ဆိုတော့ အဆင်ပြေ ငွေလဲသက်သာ ပါတယ်။ လန်ဒန်မှာ တော့ လမ်းစရိတ်ကုန်သလား မမေးနဲ့ လန်ဒန်က ညစ်ပတ် မသန့်  လမ်းစရိတ်စားနဲ့ နယ်တွေက လမ်းစရိတ် သက်သာတာ အမှန်။
Homeoffice ကြပ်တာက အိုလံပစ်ကြောင့် မဟုတ်ဘူး youtube မှာ Home Office UK - Student Visas ရိုက်ရင် အိုလံပစ် ကြောင့် မဟုတ်တာသိနိုင်မယ် ထင်ပါတယ်။
O2 ဖုံး တလကွန်ထရက် ဆိုရင် ၁၀လောက်ဘဲ ပေးရအလွန်ဆုံး ၁၅-၂၀ ပေါ့။
လိုရင်းဘဲပြော မလိုဘဲဖုံးမပြော နဲ့ ပေါ့။
အသိမိတ်ဆွေတွေ ရှာရခက် ရင် မြန်မာဘုန်းကြီးကျောင်း သွားမေးမြန်းစုံစမ်းအကြံဥာဏ် တောင်းနိုင်မှာပါ။
တနာရီ လုပ်ခ ၅ပေါင် ဆိုတာက အလုပ်ရှင် ပေါ်မူတည်ပါတယ်။ saintbury, tescoမှာ တနာရီ ၆ပေါင်ကျော်စရတယ်။ cash-in ဆိုရင် လခနှိမ်မှာ သေချာတယ်။ တရုတ်စား သောက်ဆိုင်မှာ သူငယ်ချင်း လုပ်ခဲ့တာ တနာရီ ၂ပေါင်ခွဲ ဘဲရတယ်။ အဲဒီသူငယ်ချင်းက တရုတ်ပြည်က ရောက်ခါစ နားမလည်လို့ အနှိမ်ခံရတာ။ အဆောင်လဲတူ တကသိုလ် လဲတူ လို့ သိရတာ။
ကျမတို့ မြန်မာတွေ ကပလီလို့ မခေါ်ဘူး အမဲခေါ်တယ် အိနိယ ဘင်္ဂလားပါကစတန် အာရပ် စသဖြင့်ကို ကုလားလို့ ခေါ်တယ်။ အမေရိကန်က မြန်မာတွေထင်သလိုလူမျိုးရေး ခွဲခြားတာမဟုတ်ပေမဲ့ ကိုယ့် လူမျိုးအချင်းချင်းစကား ပြော ရင် တခြားလူမျိုးကို နာမ်စား အဖြစ်သုံးတဲ့ သဘောပါ။

ဖြည့်စွက်ချင်တာက တော့ ၁.အင်ဂလန်ရောက်တာနဲ့ နီးရာ ဆေးခန်းတွေမှာ register လုပ်ပါ။ ဆေးကုတာ အခမဲ့ ဖြစ်ပေမဲ့ ဆေးက၀ယ်သောက် ရပါတယ်။
၂.ဘဏ်အကောင့် အမြန်ဖွင့်ပါ။ HSBC က အတော်ဘ၀င် ကိုင်တယ်။ အကောင့်ဖွင့်ခ လစဉ်ကြေး ပေးရ တော်ရုံနဲ့ ဖွင့်မပေး လို့  Halifax, LloydTSB, NetWest NationWide, Barclay စတဲ့ ဘဏ်တွေမှာ အကောင့် ဖွင့်သင့်ပါတယ်။

Anonymous said...

University မှာ တက်ဖို့ စာရင်းသွင်းသူ မှန်သမျှ ၄နစ် ဗီဇာ ရပါတယ်။ ဒေါက်တာဘွဲ့ တက်မယ်ဆိုရင် ၅နစ်ဗီဇာ ရပါတယ်။ ၃လဗီဇာဘဲ ဆိုတာ မကြားဖူးဘူး။ လုပ်စားကျောင်း တွေဆိုပေမဲ့ အခု ကြပ်လာတော့ တကယ်တက်ရရော
ပွဲစားနဲ့ ရိုက်ထားတုန်းက ၁၆၀၀ အပြီး။ ဥပဒေပြောင်း တာနဲ့ ကျောင်းကို တက်မယ်လဲလုပ်ရော ကျောင်းမှာ ပွဲစားပေးထားတာ ၈၀၀ဘဲ။ ပွဲစားက ၈၀၀အုပ်ပြီးပြီ။ ကိုယ်တကယ် ကျောင်းတက်မယ် ဆိုတာနဲ့ ကျောင်းက လခ အပြည့်သွင်းရမယ် ဖြစ်ရော ကျောင်းလခ၃၈၀၀ပြည့်အောင် ဖြည့်ပေးရရော ကျောင်းတက် မမှန်ရင် ကျောင်းကရစ်တာ တမျိုး
Firedragon ပြောတဲ့ အချိန်က နာရီ၆၀ ရတာပေါ့ အခု မရတော့ဘူး ကြပ်နေ တယ်။ အလုပ်မှာ ပိုင်ရင်တော့ တမျိုးပါ။ အရင်က ကျမလဲ နာရီ ၆၀လုပ်ခဲ့ပါတယ် အခု ကြပ်တော့ မလွယ်တော့ပါဘူး

Anonymous said...

ကျန်ခဲ့လို့ 
သာမန်ကျောင်းတွေက ၁နစ်ခွဲ ကျောင်းဆိုရင် ၁နစ်ခွဲ ဗီဇာ ရပါတယ်။ တချို့ ကတော့ ၁နစ်ဘဲရပါတယ်။ ၁နစ်ကျောင်းဆိုရင် ၁နစ်(နဲ့ ၂လ ၃လအထိ)ဗီဇာရပါတယ်။

Anonymous said...

Firedragon တက်တဲ့ တကသိုလ်က ၈၂၀၀ ဆိုတာ ဈေးသက်တာတဲ့ကျောင်း ပို့စ်မောက်တကသိုလ်ထင်တယ်။တခြားတကသိုလ် ဆိုရင် အင်ဂျင်နီယာအတန်းကို တနစ် ပေါင်သောင်း၂ထောင်ကစတယ်ဖတ်စာအုပ် မ၀ယ်ရပေမဲ့ စာရွက် ဘောပင် ဖိုင်တွဲ စသဖြင့် လိုအပ်တဲ့အသေးသုံး တွေဖိုး ကုန်ပါတယ်။