Tuesday, November 10, 2009

ရွက်ကြွေတစ်ခုရဲ့ မှတ်စုဟောင်း


အမြင့်ဝေယံ
သစ်ပင်စံတဲ့ ငါ့ဘဝ
နေပူအတွေ့ကိုလည်း ခံခဲ့ဖူးပြီ
လေပူအဝှေ့ကိုလည်း ခံခဲ့ဖူးပြီ
အဲဒီအခါမျိုးမှာ
ငါ့အဖြစ်ကို ခါးသီး
လောကကို နာကျည်းခဲ့ဖူးတယ်။

နံနက်ခင်းတစ်ခုရဲ့
နေရောင်ချည်နုနုအောက်မှာ
လေပြေအေးမြမြတို့
ညှင်းသော့သော့ တိုက်ခတ်လာတဲ့အခါ
သာယာတဲ့ လောကအလယ်မှာ
ငါနေတဲ့ အကိုင်းတံကို ခိုစီးရင်း
ငါ့ဘ၀ဟာ ပျော်ရွှင်ခဲ့ဖူးတယ်။


အကိုင်းထက်နား
ငှက်များစွာတို့ရဲ့
မညှာတိုးကျိတ်
ထိုးဆိတ်တဲ့ ဒဏ်ကိုခံလိုက်ရချိန်မှာတော့
မလှန်နိုင် အံကျိတ်လို့
ငါ့မျက်လုံးတွေကို မှိတ်ထားခဲ့ရတယ်။

ငှက်မောင်နှံနှစ်ဖေါ်
အတူပျော်ကြည်နူးလို့
ဟစ်ကြူးတဲ့ တေးသံကို
အဓိပ္ပါယ်မဖေါ်တတ်တဲ့ နားလည်မှုမျိုးနဲ့ ခံစားခဲ့နေရစဉ်မှာ
ပတ်ဝန်းကျင်ဆိုတာ
ကျေးဇူးတင်စရာကြီးပါလားဆိုတဲ့အတွေးမျိုး
ငါ့ရင်မှာ ကိန်းခဲ့ဖူးတယ်။

ဒီလိုနဲ့ ငါ့ဘဝ
ပင်အမြင့်မှာနေခဲ့ရစဉ်တုန်းက
ခံတစ်ခါ စံတစ်လှဲ့နဲ့
သံသရာဆိုတဲ့အဓိပ္ပါယ်ကို
အရိပ်သဘွယ် နားလည်ခဲ့ရတယ်။

အခုတော့ ငါ့ဘဝ
နုရာမှ ရင့်
ရင့်ရာမှ ယော်
ယော်ရာမှ နွမ်း
မလန်းဆန်းနိုင်တော့တာမို့
ပင်အမြင့်မှာနေခွင့်မသာ
ရွက်နုကိုနေရာပေး
ပင်နဲ့ဝေးရာသို့ ရှောင်ပြေးခဲ့ရပြီ။

နေရာအသစ်ရောက်ပြန်တော့
ပတ်ဝန်းကျင်အသစ်မှာ
ငါ့ကို ကြည်ဖြူသူမရှိ
ဟိုကြည့် ဒီကြည့်နဲ့
လေကြမ်းကြမ်း တစ်ချက်အဝှေ့မှာ
အလိုက်သင့်လေး လိုက်ပါရင်း
အားကိုးရာ အဖြစ်
ချောင်တစ်ခုဆီ လွင့်ခဲ့ရတယ်။

ဒါပေမဲ့
ခြုံပုတ်တွေ အကြားက
ငါ့အလျှင်ရောက်နေတဲ့
ရွက်ကြွေအိုတို့ရဲ့ ပြူးကျယ်တဲ့ မျက်လုံးတွေကြောင့်
အားငယ်နေတဲ့ ငါ့နှလုံးသား
ငါ့ထံပါးက ထွက်သွားလေသလားတောင် ထင်မိတယ်
သူတို့တွေ အားလုံး
အပြုံးမဲ့မျက်နှာကိုယ်စီနဲ့ ကြည့်ကြချိန်မှာ
အိုပြီဆိုတဲ့ အသိတစ်ခု
ငါ့မှတ်စုမှာ နေရာယူလာတယ်။

နောက်တစ်ခါ လန်းဆန်းခွင့်မရှိတော့တဲ့ ငါ့ဘဝ
ရွက်အိုကြီးများနဲ့အတူ ချောင်ခိုရင်း
နောင်ပျိုခွင့်မရှိတော့တဲ့ ငါ့အတွက်
အားငယ်စိတ်ကို ဖယ်ထုတ်ဖို့ ကျိုးစားနေစဉ်မှာ
အသံသဲ့သဲ့တစ်ခု ကြားလိုက်တယ်။

“အမောင် ရွက်ကြွေ၊ မကြောက်လေနဲ့၊
ခုနေကြွေချောက်၊ မြေသို့ရောက်လဲ၊
နောက်ပေါက်သစ်ပင်၊ ကိုင်းခက်စဉ်မှာ၊
တစ်နေရာတည့်၊ သင့်တွက်ရှိသား၊
သင့်ကိုယ်ကျေလစ်၊ မြေစာဖြစ်သော်၊
အားသစ်တစ်ခု၊ မြေတွင်စုကြောင့်၊
ကောင်းမှုပြု၏၊ သင်မှတ်ဘိလော့”

အဲဒီအသံရဲ့အဆုံးမှာ
အသိဉာဏ်တစ်ခု
ငါ့ဦးဏှောက်မှာ လင်းလက်သွားတယ်ခဲ့တယ်
သေရမှာ ငါမကြောက်တော့
ငါ့ခန္ဓာ မြေစာဖြစ်စေ
ငါ့မြေစာရဲ့ ခွန်အားကြောင့်
သစ်ပင်ကြီးငယ်တို့ ရှင်သန်ကြစေတော့---လို့။

ငါ့အတွေး အဆုံးမှာ
အသံကြမ်းကြမ်းတစ်ခု ထပ်ကြားလိုက်ရတယ်
လှည့်ကြည့်လိုက်တဲ့အခါ
အမှိုက်ရှင်းတဲ့ လူတစ်ယောက်
တံမျက်စည်းတစ်ချောင်းနဲ့ အလုပ်ရှုပ်ရင်း
တဖြေးဖြေး ငါနဲ့နီးလာချိန်မှာ
ငါ့ရင် ပေါ့ပါးစွာနဲ့
သူ့တံမျက်စည်းထိပ်မှာ ခိုစီးလိုက်ပါသွားခဲ့တယ်။

1 comment:

Anonymous said...

ခံစားချက်ကတော့ ဒဲ့ထိပဲ နောင်ကြီးရေ။