Wednesday, September 22, 2010

တွင်းသင်းမင်းကြီးတောလား

တွင်းသင်းမင်းကြီး၏ ရတုသုံးပုဒ်ကို ဖတ်ကြည့်လျှင် န၀ဒေးကြီး၏ ပထမတောလားသုံးပုဒ်နှင့် အသံယူပုံနှင့် စကားလုံးယူပုံတို့ ခပ်ဆင်ဆင်တူနေမည်ကို သတိပြုမိပေလိမ့်မည်။ န၀ဒေးကြီး၏ “ထူးတလည်လျှင်” အချီနေရာတွင် တွင်းသင်းမင်းကြီးက “ထူးတထွေလျှင်”ဟု၎င်း၊ န၀ဒေးကြီး၏ “သာနိုးပျော်ရွှင်” အချီနေရာတွင် တွင်းသင်းမင်းကြီးက “သာနိုးတစ်စုံ”ဟု၎င်း၊ န၀ဒေးကြီး၏ “တဖြည်းပျံ့ပျံ့” အချီနေရာတွင် တွင်းသင်းမင်းကြီးက “တပျံ့ဖြီးဖြီး”ဟု၎င်း အသီးသီးရေးခဲ့သည့်ကို တွေ့ရသည်။ သို့သော်လည်း အချပိုဒ်များကိုမူ အတန်ငယ်ကွဲပြားစေလျှက်ရေးသားခဲ့သည်ကို တွေ့ရသည်။ န၀ဒေးကြီး၏ တောလားအချပိုဒ်များဖြစ်သော “လွမ်းခွင့်နောင်တွင် ဖြင်သကား၊ လူနှိုက်တူပင် ထင်သကား၊ အလွမ်းပြည်ဖြင် မြင်သကား” တို့နေရာတွင် တွင်းသင်းမင်းကြီးက “မောင့်မှာ လွမ်း၍မုံ့သကား၊ မောင့်မှာ နွမ်းသွေ့ပုံ့သကား၊ အောင့်ကာ ချမ်းအေ့တုံ့သကား” ဟူ၍ အသီးသီး ချခဲ့သည်။

သို့ဆိုလျှင် တွင်းသင်းမင်းကြီးဟူသည် န၀ဒေးကြီးပင်လော? ဟု မေးခွန်းထုတ်စရာဖြစ်လာသည်။ အဖြေကား ၎င်းသည် န၀ဒေးကြီးမဟုတ်၊ န၀ဒေးလေးဖြစ်သည် ဟူသတည်း။ ရာဇ၀င်မှတ်တမ်းများအရ မြန်မာမင်းများလက်ထက်တွင် န၀ဒေးငါးဦးပေါ်ထွန်းခဲ့ကြောင်းကို န၀ဒေးကြီး၏တောလားများပို့စ်တွင် ရေးသားခဲ့ပြီးဖြစ်သည်။ ယင်းငါးဦးအနက် ပထမသုံးဦးဖြစ်သော အင်္ကုရခေါ်ဇင်းမယ်န၀ဒေး၊ လှော်ကားသုံးထောင်မှူးခေါ်တောင်ငူန၀ဒေးနှင့် ရွှေတောင်နန္ဒသူ(ရွှေတောင်ရာဇကျော်သူ?)ခေါ် စလင်းန၀ဒေး သုံးဦးကို ကဗျာက၀ိပညာရှိကြီးများအဖြစ် နှောင်းခေတ်ကဗျာစာဆိုပညာအိုတို့က သတ်မှတ်ခေါ်ဆို ချီးကျူးခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။ ပြည်န၀ဒေးကြီးနှင့် ၀က်မစွက်န၀ဒေးတို့နှစ်ဦးသည်သာ သက်ဆိုင်ရာဘုရင်တို့က “န၀ဒေး” ဟူသောဘွဲ့တံဆိပ်အပ်နှင်းကာ ချီးမြှင့်မြှောက်စားခံခဲ့ကြရကြောင်း သိရသည်။

ယင်းတို့နှစ်ဦးအနက် ပြည်န၀ဒေးကို သက္ကရာဇ် (၉၂၈)-ခုတွင် “ရာဇဌာနီ” အစချီ ဟံသာဝတီမြို့တော်ဘွဲ့ရတုကို ရေးသားဆက်သွင်းခဲ့သဖြင့် ဘုရင့်နောင်မင်းတရားက န၀ဒေးဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။ န၀ဒေးသမိုင်းတွင် ပထမဆုံးန၀ဒေးဘွဲ့ရသော ရတုပါရဂူကြီးပေတည်း။ ၀က်မစွက်န၀ဒေးသည် မော်ကွန်းအရေးအသားတော်လွန်းသဖြင့် သက္ကရာဇ် (၁၁၆၁)-ခုလောက်တွင် ဘိုးတော်ဘုရားက န၀ဒေးဘွဲ့အပ်ပြီး ချီမြှင့်မြှောက်စားခြင်းခံရသည်။ ဒုတိယန၀ဒေး သို့မဟုတ် မော်ကွန်းန၀ဒေးဟု ကျော်ကြားကြောင်းသိရသည်။ ငယ်နာမည် မောင်နုဖြစ်ပြီး စစ်ကိုင်းမြို့နယ်၊ ဆားတောင်မငါးရွာအ၀င်ဖြစ်သော ရွာဝေးရွာဇာတိ သူကြီးမျိုးရိုးဖြစ်သည်။

ဘိုးတော်ဘုရားလက်ထက်တွင် တွင်းသင်းမင်းကြီးခေါ်တွင်းသင်းတိုက်ဝန်နှစ်ဦးရှိခဲ့သည်။ နှစ်ဦးလုံးပင် ကဗျာလင်္ကာပျို့ရတုရေးသားရာတွင် ထူးချွန်ပြောင်မြောက်သူများဖြစ်ကြသည်။ ပထမတွင်းသင်းတိုက်ဝန်မှာ မောင်းထောင်ရွာဇာတိ၊ ငယ်နာမည် ဦးထွန်းညိုခေါ်သည်။ မဟာစည်သူဘွဲ့ဖြင့် ချီးမြှင့်မြှောက်စားခြင်းခံရပြီး ကိန္နရီကိန္နရာအလွမ်းဇာတ်ဖြစ်သော “ဘလ္လာတိယပျို့” နှင့် အလှဘုရင်မလေးတစ်ယောက်အပေါ် ရူးသွပ်ခဲ့ရသောရသေ့ကြီးတစ်ဦး၏ ရူးသွပ်ပုံပြ “မုဒုလက္ခဏပျို့”တို့ကို ရေးသားခဲ့သူဟုသိရသည်။ ထို့ပြင် ဦးထွန်းညိုသည် “တောင်ငူဆက်မဟာရာဇ၀င်သစ်” ကိုလည်း ရေးသားခဲ့သေးသည်။ ယင်းမဟာစည်သူဦးထွန်းညိုကွယ်လွန်သောအခါ ဒုတိယန၀ဒေးဖြစ်သော ရွာဝေးရွာဇာတိဦးနုကို ယင်းတာဝန်တွင် ဆက်လက်ခန့်အပ်ထားခဲ့ပြီး မဟာသင်္ခယစည်သူ၊ မဟာသီရိစည်သူဘွဲ့များလည်း ချီးမြှင့်ခဲ့ကြောင်း သမိုင်းကဆိုသည်။

သို့ဖြစ်လျှင် ယခုဖေါ်ပြလတံ့သော တောလားသုံးပုဒ်ကို အဘယ်တွင်းသင်းတိုက်ဝန်ရေးသားခဲ့လေသနည်း? ဦးထွန်းညိုလော? သို့မဟုတ် ဦးနုလော? ဖြစ်နိုင်ချေမှာ နှစ်ဦးစလုံးဖြစ်သည်။ သို့သော် တကယ်ရေးရမည်မှာ တစ်ဦးတည်းသာဖြစ်ရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းတို့နှစ်ဦး၏ အလေ့အထကို ကြည့်ဖို့လိုလိမ့်မည်။ ဦးထွန်းညိုသည် ရှင်မဟာသီလ၀ံသတို့ကဲ့သို့ ပျို့အရေးအသာတွင် ပါရဂူမြောက်သူဖြစ်၍ ဦးနုမှာ မော်ကွန်းနှင့်ရတုအရေးအသားတွင် ပါရဂူတစ်ဆူဖြစ်သည်။ ဦးနုရေးခဲ့သောမော်ကွန်းပေါင်း (၁၆)ခုမျှရှိကြောင်းသိရသည်။ ထို့ပြင် ဦးနုသည် ဒုတိယန၀ဒေးဘွဲ့ရရှိထားသည့်အတွက် ပထမန၀ဒေးကြီး၏ လက်ရာများကို ထပ်တူမဟုတ်သည့်တိုင် သံယောင်လိုက်ကာ အတုယူမည်ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။ ထို့ကြောင့် အောက်ပါတောလားသုံးပုဒ်ကို ဒုတိယန၀ဒေးဦးနုရေးသားခဲ့ကြောင်း စာရေးသူက အကြမ်းဖျဉ်းကောက်ချက်ဆွဲသည်။ ယင်းကောက်ချက်အရ ဤပို့စ်၏အစတွင် န၀ဒေးလေးရေးသားခဲ့သည်ဟု အဖြေပေးခဲ့ရခြင်းဖြစ်သတည်း။

(ပ) ထူးတထွေလျှင်၊ သံချေနှုတ်လစ်၊ ကျားသစ်ကရုတ်၊ သစ်ကျုတ်ကဒိန်း၊ ကျားကဟိန်း၍၊ ပျောင်းမိန်းမူးရိုက်၊ လွမ်းစင်ကြိုက်တွင်၊ ရီမိုက်ချမ်းရောက်၊ နေခြည်ပျောက်သော်၊ ငမျောက်လွှားလွှား၊ ငမျောက်လွှားဟု၊ ဆော်ကြားသံရှည်၊ ကျားဒိန်းမည်က၊ မြိုင်စည်တောလယ်၊ ဒရယ်ခုန်မြောက်၊ ချေကဟောက်၍၊ တောက်သည့်သမင်၊ ပြောင်,ဆတ်ကအော်၊ စိုင်ကဆော်လျက်၊ တကျော်သောင်းသောင်း၊ ဥဒေါင်းကငေါင်၊ ကြောင်က၀ပ်မြည်၊ ဆင်ကျည်ကျည်နှင့်၊ ညှင်းသည်သံတျန့်၊ ထန့်ဒျန့်တေတျာ၊ သံသာဆန်းထူး၊ မကြားဘူးမျှ၊ ၀မ်းနူးဘွယ်သည်၊ ရင့်မြည်အူအူ၊ တောက်ကျော်ပြူက၊ ချစ်သူတို့လား၊ မယ်တို့လားဟု၊ သနားစရာ၊ တောလုံးသာသည်။ ။မောင့်မှာလွမ်းရွေ့ မုံ့သကား

(ဒု) သာနိုးတစ်စုံ၊ တောရဂုံနှိုက်၊ ကြေးမုံကဲ့သို့၊ လဲ့လဲ့ညို့ကို၊ တ,သို့ခိုက်တွင်၊ တိမ်တိုက်ပြင်က၊ သံရှင်နတ်စည်၊ ထူးတလည်လျှင်၊ ကျူးမြည်သံသာ၊ အချာချာတည့်၊ ဟေလာရင်မြည်၊ ငှက်တို့သည်လည်း၊ သံရှည်တသွယ်၊ သံရွယ်တသီး၊ သံကြီးတထွေ၊ ညှင်းညှင်းချေ၍၊ မကွေဖေါ်စုံ၊ ပျော်ကြတိုလျက်၊ ပွင့်ငုံပို့သယ်၊ လူတို့နှယ်လျှင်၊ ကျီစယ်နှစ်လို့၊ ချစ်ရည်ဖို့မျှ၊ တချို့ကပေး၊ တစ်ချို့ရွေး၍၊ နွှေးကာပုံ၏၊ တူစုံရွှင်မှု၊ တခုလည်ဝယ်၊ တခုလွယ်လျက်၊ ရှုဘွယ်လူလို၊ သို့သို့ကိုလျှင်၊ မြိုင်ညိုလမ်းပါး၊ မြင်မိသွားသော်၊ ထပ်ပွားဗျာပါ၊ ရှိအောင်ရှာသည်။ ။မောင့်မှာလွမ်းသွေ့ ပုံ့သကား

(တ) တပျံ့ဖြီးဖြီး၊ ရနံ့ချည်းလျှင်၊ နှင်းလည်းဖြိုးမြောက်၊ တဖြောက်ဖြောက်နှင့်၊ ခက်လျှောက်ကိုင်းမ၊ ခုန်ပျံက၍၊ မျောက်က၀ူဝုတ်၊ ရှဥ့်ကတုတ်၏၊ ဖြူးသုတ်လေပြည်၊ အောက်ချင်းသည်တို့၊ စည်ရှည်ပျဉ်းပျဉ်း၊ ပုစဉ်းကျီးနက်၊ အာလ၀က်က၊ ရွှေကြက်တောတို့၊ ဆွေညို့မယ်စော၊ မသံနှောလျက်၊ သောသောမြည်ညွှတ်၊ တီတီတွတ်နှင့်၊ ပြွတ်ကစိုးစိုး၊ ချိုးကရည်ကျော်၊ ဘုတ်အိန့်ခေါ်၍၊ ရှုမျှော်ပျောင်းနွမ်း၊ မလွမ်းစထောင်း၊ ၀က်ထောင်းစွယ်ရှည်၊ ကျူးမည်ခြားနား၊ စုံမြိုင်ဖျားဝယ်၊ ဟေလားဟာလေး၊ ဟိန်စာလေးဟု၊ ဟာလေးမြည်ကျူး၊ အမမြူးက၊ မထူးတည့်နိုင်၊ လေချမ်းဆိုင်၍၊ မိန်းမှိုင်ဝေဆာ၊ နောင်ချည်းသာသည်။ ။အောင့်ကာချမ်းအေ့ တုံ့သကား


ရွှေတောင်ရာဇကျော်သူတောလား

(ပ) ထွေတလာလျှင်၊ ရန်ရှာကြမ်းကြုတ်၊ ဟိုချုံပုတ်က၊ သစ်ကြုတ်ရုတ်ထိုက်၊ ကျားသစ်ရိုက်၍၊ တိုက်သည်ဒိန်းဒိန်း၊ ကျားကဟိန်းသော်၊ စက်ကျိန်းမသာ၊ လွန်ပူဆာခဲ့၊ နေ၀ါရီမိုက်၊ ညဥ့်ခါဆိုက်လျှင်၊ ပတ်ဝိုက်မြိုင်ခွင်၊ သောသောဖြင်မျှ၊ သမင်ကတောက်၊ ချေကဟောက်၍၊ ဆင်ပေါက်ကအော်၊ မျောက်ကဆော်လျက်၊ စိုင်ကျော်ကအူ၊ ကြံ့ကကြူမျှ၊ ဆတ်မူလည်းခုန်၊ ဒရယ်ယုန်တို့၊ ပြေးသုန်လှည့်ရစ်၊ ကျစ်ကျစ်ကရီ၊ ခြေညီတချောင်း၊ ငေါင်းကကျိုးကျည်၊ ဥဒေါင်းသည်လည်း၊ ပေါင်အောက်မြီးချပ်၊ ကြောင်က၀ပ်၍၊ တီးရှပ်လင်းကွင်း၊ နတ်စောင်းညှင်းသို့၊ ဧချင်းသံလေး၊ တျာတေးတုံလျော၊ ကြားတိုင်းမောစွ၊ မြိုင်တောစုံချောင်၊ ရန်မြေအောင်ဟု၊ ဖိုးခေါင်တောက်ကျော်၊ ကျူးရင့်ကြော်လျက်၊ ကြင်ဖေါ်တို့လေ၊ မယ်တို့လေဟု၊ ခြေခြေခြေးခြေး၊ ချစ်သံပေးသည်။ ။လွမ်းရေးနောင်ဝယ် ထင်သကား

(ဒု) ဟေမ၀ါလျှင်၊ မြိုင်သာတောထဲ၊ စစ်လမ်းခဲဝယ်၊ တပ်ထဲဘော်က၊ ညိုလဲ့ရွကို၊ ရူတလေလိမ့်၊ တမ်းလွမ်းစိမ့်ဟု၊ သိမ့်သိမ့်သာအေး၊ မိုးသံကြွေးခဲ့၊ ဟာလေးဟေလား၊ ပျော်ပါးရင့်ရူ၊ ငှက်တို့မူလည်း၊ အတူအတူ၊ ချိုးပြာကူလျက်၊ ဗျိုင်းဖြူပျံသန်း၊ ကျီးကန်းအိုးအာ၊ သာလိကာနှင့်၊ တမာကုလား၊ ဖေါင်းကားကျေးနီ၊ ကရီကျိုးကျိန်၊ မိန်နှင့်ဘီလူး၊ တောင်စူးဘိညှပ်၊ တဖျပ်ဖျပ်တည့်၊ ငှက်စပ်ငှက်ကျား၊ ကြိုးကြာဖြူဖပ်၊ ပျားဖွပ်လိပ်ပြာ၊ ခေါက်ရှာခင်တိတ်၊ တောင်ဆိတ်သစ်မိုး၊ နနွင်းဆိုးနှင့်၊ တောရိုးမြီးသွယ်၊ ခါငယ်မြီးတုံး၊ ငုံးနှင့်ခင်ပုပ်၊ ကုပ်လုပ်ကွေးလွေး၊ ရွှေပဲထွေးတို့၊ သက်ပေးဝေနှင်း၊ တောင်ချင်းလည်ချင်း၊ မကင်းယှဉ်ဖက်၊ နွှဲကာစက်၍၊ စုံမက်ယုယ၊ အမခွံ့တုံ၊ ဖိုကငုံသို့၊ နှုတ်ဖြင့်တို့၏၊ သို့သို့လူလို၊ ချစ်ဘွယ်ကိုလျှင်၊ ထိုထိုလမ်းပါး၊ မြင်မိငြားသော်၊ သနားစဘွယ်၊ အော်သည့်နှယ်မှ၊ စံပယ်ရဘဲ၊ မယ်နှင့်ကွဲဟု၊ ၀မ်းထဲရေးရေး၊ ပူ၍ဆွေးသည်။ ။သမ်းမြှေးမောင်နှယ် ထင်သကား

(တ) ဖွေကရှာလျှင်၊ ရှုပါလေလေ၊ မျက်ခြည်ဝေမျှ၊ ရွှေငွေမြနှယ်၊ ပင်တိုင်းခြယ်ခဲ့၊ လှယ်ပယ်တောင်မြောက်၊ ကိုင်းခက်လျှောက်လည်း၊ မျောက်လည်းခုန်တက်၊ ရှဥ့်နက်ကတုတ်၊ ၀က်လည်းရုတ်၍၊ လေသုတ်ဖြည်းသိပ်၊ သင်းလိပ်လျှပ်လျှပ်၊ သင်းခွေချပ်လည်း၊ နှုတ်စက်လှစ်ခေါ်၊ နောင့်ကိုခေါ်သည်၊ မယ်ခေါ်သည့်လား၊ ထူးယောင်မှားခဲ့၊ နားကလည်းအူ၊ ပုစဉ်းမူလည်း၊ ရှူရှူည်ရှည်၊ မြည်၍ရင်ပွင့်၊ သေဘေးသင့်၏၊ ဖွတ်နှင့်ပတတ်၊ ၀က်ကတ်တွင်းတူး၊ ဆိတ်ရူးပြင်းထန်၊ မြွေလည်းတွန်လျက်၊ မြွေပါငှက်လည်း၊ မြွေ့ထက်မြည်တွန်၊ စုံတသွန်ဝယ်၊ ပုဇွန်ဖြူလျော၊ ၀ါ,မရောသား၊ ဥဩညိုစင်၊ ကျီးများရှင်ကို၊ နားဝင်စေသော၊ မ,ကြက်တောက၊ သဘောမကွာ၊ ချစ်သံပြာနှင့်၊ ဟေလာဟေလား၊ ဟေဟေးလားတည့်၊ ဝေးလားဆိုကြ၊ ဖိုနှင့်မတို့၊ နေကြရွှင်ပျော်၊ ကျူးရစ်ကျော်က၊ မပျော်နိုင်ဘူး၊ နောင်ကိုထူးလျှင်၊ မိန်းမူးရေးရေး၊ လေချိုသွေးသည်။ ။ချမ်းအေးဆောင်းနွယ် ပင်သကား

ပန်ကြားခြင်း။ ။ရွှေတောင်ရာဇကျော်သူ(ရွှေတောင်နန္ဒသူ?)နှင့် ပတ်သက်သောအကြောင်းအရာ၊ စာအုပ်စာတမ်းများရှိပါက ညွှန်ကြားအသိပေးကြပါရန် လေးစားစွာပန်ကြားတောင်းခံပါသည်။ ကျေးဇူးတင်ပါသည်။


Friday, September 17, 2010

လှော်ကားသုံးထောင်မှူးတောလား

(ပ) ကျူးလှတည့်လေ၊ သည်းခေါင်ဝေမျှ၊ ရေလည်းအလယ်၊ စင်ကြယ်သန့်ရှင်း၊ ပုလဲခင်းသို့၊ ဖြူဝင်းဆွတ်ဆွတ်၊ မြင့်ကျွန်းလွတ်ဝယ်၊ တွတ်တွတ်ကျာကျာ၊ ပြည်သံသာနှင့်၊ ဘာသာဆန်းပြား၊ စကားသံချို၊ လူနှယ်ဆိုလျက်၊ မယ်ညိုရေကြက်၊ ကရကွက်နှင့်၊ ဆက်ရက်ကျေးသူ၊ တောင်တောငူက၊ ဘယ်သူမလာ၊ လွမ်းဆေးရှာ၍၊ ကျူးလာသနည်း၊ အူသည်းပြောင်းညံ့၊ ဆွတ်ပျံ့မတည်၊ မူးမော်လည်မျှ၊ ရွှေရည်ဦးသစ်၊ ဇမ္ဗူရစ်သို့၊ ပျိုမြစ်အရွယ်၊ လှမျိုးကြွယ်နှင့်၊ သွယ်ဝယ်ပျူငှါ၊ ကျွမ်းစသာကို၊ ရှဲခွါခဲ့ရ၊ သံမြည်ဟသော်၊ မွေးဘမင်းချေ၊ မကြာစေနှင့်၊ ဝေေ၀တန့်ကူး၊ မကြူးမိခင်၊ ပြန်လလျှင်မူ၊ လှသွင်ငယ်ပေါင်း၊ သူကောင်းမှတ်ရန်၊ ချစ်သည်မှန်အံ့၊ ဧကန်စင်စစ်၊ မှန်သည်ဖြစ်ကို၊ စိစစ်စီလျဉ်၊ အောက်မေ့စဉ်ဝယ်၊ ရေယဉ်သည်းစွာ၊ နှစ်ဖြာဆုံလျက်၊ အလယ်ချက်ဝယ်၊ စုံဘက်အံ့ဘွယ်၊ နောင်နှယ်လကောင်း၊ ဖေါ်မပေါင်းသည်။ ။ဥဒေါင်းတလှည့် ကျူးသတည်း

(ဒု) မြူးလှတည့်လေ၊ သင်္ကြံရေနှင့်၊ ရေလည်းချီသစ်၊ မြစ်ဧည့်ရတု၊ မြူနုဝေေ၀၊ နေသည်အုံ့ပြ၊ ငါးကြင်းကြွသော်၊ ဖြူဆွရိပ်ရိပ်၊ ကမ်းထိပ်သာမော၊ ဖြစ်လယ်ကျောဝယ်၊ သောသောကျေးငှက်၊ အုပ်ကျက်တည်ထောင်၊ ရွာအယောင်သို့၊ ယဉ်ဘောင်ရင့်ရည်၊ ပိတ်ဆီးဆည်ဝ၊ မြုံးသာချ၍၊ ကျောကပိုက်ကြီး၊ ၀ိုက်ဆီးရင်တောင်၊ ရကွင်းထောင်နှင့်၊ တန်လောင်လက်နား၊ ဆူးလည်းသား၍၊ ဆောင်းကားတန်တီ၊ တပသီနှင့်၊ ငင်ချီရကွင်း၊ ယင်းလည်းဆီးတား၊ စန္ဒားရက်တက်၊ စလက်ဖွဲ့စား၊ ကမ်းပါးစုဝင်၊ ကြိုးရင်စတောင်၊ ဆုတ်ရှောင်ရင်တွန်း၊ လက်မတန်းနှင့်၊ မီးထွန်းတင်ထိုး၊ လုပ်ရိုးတခြား၊ လက်နားဆောင်လိုက်၊ တုံးတိုက်ကြမ်းငင်၊ အမြင်ကွန်ပစ်၊ ကြွေးဟစ်ကြော်ငြာ၊ ရေမှာအလို၊ နှုတ်စောင့်ဆို၍၊ တက်ကိုချီမြှောက်၊ ခွင့်ရေးကောက်မှ၊ ရေပေါက်ကြဲဖျော်၊ စုန်ဆန်လှော်၍၊ မြော်မြော်တင့်တင့်၊ လှေနှင့်ရင့်သည်၊ မြစ်တွင်စိုးမှူး၊ ခုန်တိုင်းဦးသို့၊ သံကျူးအဲအဏ်၊ တက်ပွန်စောင်းညှင်း၊ ညခင်းနံနက်၊ တက်သက်လူးလာ၊ စီးပွားရှာ၍၊ နေချာစံလှုံ၊ ပြင်ရိပ်ခုံထက်၊ သဲပုံစေတီ၊ အညီစုဝေး၊ လှူကြီးပေးသို့၊ သုံးလေးငါးရာ၊ အုတ်အာသရဲ၊ တပွဲတပြင်၊ သည်သဘင်ကို၊ ကျွမ်းဝင်ငယ်ပေါင်း၊ သူကောင်းမင်းချေ၊ ပီလစေလော့၊ မင်းနေဌာန၊ ပြည်မရပ်သူ၊ လှမှန်ကူက၊ မှန်သမျှကို၊ ၀မ်းကတွေးငေါ်၊ အောက်မေ့သော်လည်း၊ ရွှေလှော်ရည်ကောင်း၊ မီးတွင်ပျောင်းသို့၊ ဖယောင်းနေထိ၊ မျည်းမျည်းအိမျှ၊ မျက်စိ၌တွင်၊ ရေးရေးထင်လျက်၊ မရွှင်ဗျာပါ၊ နေလှည့်ရာကို၊ အာကာတိမ်လုံး၊ မြရောင်ဖုံးလျက်၊ ချုံးလေသည်ကား၊ မြေသားခေါ်ရုပ်၊ ခံလျှင်အုပ်သို့၊ ပတ်ချုပ်ဝန်းကျင်၊ မုန်တိုင်းဆင်သည်။ ။မင်းလွင်အလှည့် မြူးသတည်း

(တ) ထူးလှတည့်လေ၊ စုံတောခြေ၌၊ ရှာဖွေပတ်ညက်၊ တက်သက်ပျံနား၊ ၀တ်ပန်းစား၍၊ သနားစဖွယ်၊ လူသူနှယ်လျှင်၊ စင်ကြယ်သင်းချော၊ ဖြူမရောသည်၊ မည်းကြောရောင်နက်၊ ဖိတ်ဖိတ်လက်မျှ၊ ရိပ်စက်သာမော၊ ရဂုံတောဝယ်၊ ဥဩဖေါ်ကွာ၊ မ,ကိုရှာသော်၊ သည်မှာရှိဧည့်၊ မထူးလှည့်လည်း၊ သူဧည့်ဘာသာ၊ အသံနာ၍၊ လူးလာတုံ့ဖယ်၊ သွယ်လှယ်ခေါက်တင်၊ ခုထင်ခုရောက်၊ ဖူးညှောက်ညွန့်ခက်၊ ၀တ်ယက်သောက်ယူ၊ အူအူသောင်းသောင်း၊ ငှက်ပေါင်းမြူးကြ၊ နတ်လှသဘင်၊ မပြောင်းခင်ကို၊ ကျွမ်းဝင်ငယ်ပေါင်း၊ သူကောင်းမင်းချေ၊ ပီလစေလော့၊ မပြေတန်ယောင်၊ ညဥ့်သန်းခေါင်ဝယ်၊ သွေးဆောင်လေညှင်း၊ ရွှေရင်သွင်း၍၊ လွမ်းတင်တ,ဆို၊ ချော့ရောင်ပျိုနှင့်၊ တကိုယ်တည်းလျှင်၊ တူပင်မကွာ၊ စက်သောခါ၌၊ ခက်ဖြာညွန့်ညောင်း၊ နှာမောင်းကူဆိုက်၊ မည်းမိုက်သာမော၊ ရဂုံတောဝယ်၊ ဥဩဖေါ်ကွာ၊ မ,ကိုရှာသည်။ ။သည်မှာရှိဧည့် ထူးသတည်း

ပန်ကြားခြင်း။ ။လှော်ကားသုံးထောင်မှူးခေါ်တောင်ငူန၀ဒေးနှင့်ပတ်သက်သော အကြောင်းအရာ၊ စာအုပ်စာတမ်းများရှိပါက ညွှန်ကြားအသိပေးကြစေလိုကြောင်း အနူးညွတ်ပန်းကြားအပ်ပါသည်။ ကျေးဇူးအထူးထင်ရှိပါသည်။


Thursday, September 16, 2010

န၀ဒေးကြီးတောလား (၂)

န၀ဒေးကြီးသည် သူ၏တောလားခြောက်ပုဒ်အနက် ပထမ (၃)ပုဒ်ကို အချီကွဲ+အချတူပုံစံဖြင့် တောလားပုံမြောက်ရေးသား၍ ဒုတိယ (၃)ကိုမူ အချီတူအချတူ ရတုပုံမြောက်ရေးသားထားသည်ကို တွေ့ရသည်။ ယင်းသို့ရေးသားရာဝယ် ကျေးငှက်သာရကာနှင့် တောကောင်များကို အုပ်စု (၃)ခုခွဲလျက် တစ်အုပ်စုကို ရတုတစ်ပုဒ်စီဖြင့် ချယ်သထားသည်။

ပထမအုပ်စုတွင် တောတောင်ကုန်းမြင့်မြေပြင်အသီးသီးရှိ သစ်ပင်ကြီးငယ်များ၌ နားခိုကျက်စားက သဘာဝအလျောက်မြူးပျော်နေကြသော ကျေးငှက်သာရကာတို့၏ ချစ်ကြည်နူးဟန်၊ ခွန်းဆက်သံအထွေထွေကို ရေးစပ်သီကုံးထားသည်။ ယင်းသို့ရေးစပ်ရာတွင် ကျေးငှက်တို့၏ ပျော်မြူးနေဟန်ကိုမြင်ရကာ အနေဝေးသည့်အတွက် မိမိချစ်သူသက်ထားကို လွမ်းဆွတ်တသမိကြောင်း “ရွယ်ရှိထပ်တူ၊ ကြင်သူဝေးခြား၊ ရှိသည်များကြောင့်၊ ၀မ်းပါးဘွယ်သာ” စသည်ဖြင့် သီကုံးထားသည်ကို တွေ့ရသည်။

ဒုတိယအုပ်စုတွင်မူ တောတောင်အတွင်း မြေ၀ယ်ကျက်စား ပြေးလွှားနေကြသော သားကောင်ကြီးငယ်တို့၏ ပြေးလွှားဆော့ကစားနေဟန်ကို၎င်း၊ အုပ်စုအလိုက် သွားလာလှုပ်ရှားနေကြဟန်ကို၎င်း ရေးသားကာ သားကောင်များ၏ ပျော်မြူးနေဟန်ကို မြင်ရကာ ချစ်သူသို့ လွမ်းဆွတ်လှကြောင်းကို “သက်ဝေကြင်မှတ်၊ လှသည့်နတ်ကြောင့်၊ ဆွတ်လွတ်လောင်ဆာ၊ တမ်းလှည့်ရာတွင်” စသဖြင့် ရေးစပ်ထုံးဖွဲ့ထားသည်။

တတိယအုပ်စုတွင်ကား ပထမအုပ်စုနည်းတူ ကျေးငှက်သာရကာတို့သဘာဝကို ဖေါ်ကျူးထားသော်လည်း တောတောင်များတွင်ကျက်စားတတ်သည့် ကျေးငှက်များမဟုတ်မူဘဲ မြစ်ပြင်ချောင်းကမ်း၊ နဖူးနန်းနှင့်၊ သဲခေါင်သောင်ပြင်၊ ဝေဟင်ဝဲပျံ၊ ငှက်မောင်နှံတို့၏ သဘာဝပျော်မြူးနေဟန်ကို မြင်ရစဉ် အနားမှာမရှိသော မိမိ၏ အိမ်သူသက်ထား၊ အလှနတ်ဖုရားကို လွမ်းဆွတ်လှကြောင်း “သီရိဆင်းဝါ၊ မယ် မပါ၍၊ လွမ်းတာခဲအင်၊ ရှိစဉ်တွင်ဝယ်” စသည်ဖြင့် ထုံးဖွဲ့သီချယ်ထားသည်ကို တွေ့မြင်နိုင်သည်။

သုံးပုဒ်လုံးကို အချီတူ+အချတူ ရတုပုံမြောက် စပ်ဆိုသီကုံးထားသော်လည်း တောတောင်များအတွင်း ကျက်စားလေ့ရှိသော တိရစ္ဆာန်တို့၏ သဘာဝကို ရေးစပ်ကျူးရစ်ထားသောကြောင့် တောလားဟုပင် ခေါ်ဆိုရတော့သည်။ ဤတောလားသုံးပုဒ်ရေးဟန်နှင့် အချီ+အချတူ ကာရန်ယူကာ ထပ်တူရေးဟန်တစ်မျိုးကိုလည်း နောက်ဖေါ်ပြလတံ့သော လှော်ကားသုံးထောင်မှူးတောလားများ၌ တွေ့ရလိမ့်ဦးမည်။ ဆက်လက်ရှုစားကြပါကုန်။

(ပ) ကျူးရင့်၏လေ၊ မြိုင်ရဝေက၊ စိမ်း,ရွှေ,ပြာလန်း၊ အဆန်းဆန်းနှင့်၊ ပင်နန်းခွထက်၊ လည်ချင်းယှက်၍၊ ၀ံလက်ကျေးသား၊ ဖေါင်းကား,ပိန်ညင်း၊ အောက်ချင်း,ခေါက်ရှာ၊ သာလိကာနှင့်၊ လင်းပြာလည်ပြောက်၊ သစ်တောက်,သိမ်းကျား၊ ကုလား,ဆက်ရက်၊ တောကြက်တွန်ကြော်၊ ငှက်တော်စွန်ပြောက်၊ ဗျိုင်းအောက်,ဗျိုင်းဖြူ၊ ငုံး,ငူ,ခါ,ဘုတ်၊ ၀ံထုတ်ဝံလို၊ သံချိုဥသြ၊ ချစ်ဘော်နှော၍၊ တောလည်းသာခေါင်၊ တောင်လည်းညိုရစ်၊ မြင်းလည်းသာတိ၊ တအိအိနှင့်၊ ရွယ်ရှိထပ်တူ၊ ကြင်သူဝေးခြား၊ ရှိသည်များကြောင့်၊ ၀မ်းပါးဘွယ်သာ၊ ဆုံလှည့်ရာတွင်၊ ဆည်းဆာချုပ်ည၊ မှိုင်းရီစ၌၊ ဖိုမယှဉ်ကာ၊ သိုက်နန်းသာထက်၊ သံဝါရစ်ညောင်း၊ လွန်ကြင်တောင်းသည်။ ။ဥဒေါင်းရစ်မြည် ကျူးဘိသည်

(ဒု) မြူးလွင့်၏လေ၊ မင်းလွင်ချွေ၍၊ လေလည်းပြန်ခေါက်၊ တောင်မြောက်လှည့်သန်း၊ တ၀န်းဝန်းနှင့်၊ ပန်းလည်းခါသိ၊ ပြိုင်ကြညှိသို့၊ သက်ရှိထပ်တူ၊ ကြင်သူငြိမ့်လေး၊ စုံလည်းဝေးခဲ့၊ ကျူးအေးသာယာ၊ ချစ်ပျူဟာနှင့်၊ ခြင်းရာစီစီ၊ သံပြိုင်ညီ၍၊ ယုန်,ချီ,စိုင်,ဆတ်၊ လိပ်,ဖွတ်,ရှစ်,ပွေး၊ မြေခွေး,သမင်၊ သစ်,ဆင်,ကြံ့,ပြောင်၊ တောကြောင်,၀က်ဝံ၊ သစ်ခွံကိုချိုး၊ ၀န်တီးတိုးတို့၊ ရှုပျိုးစဘွယ်၊ အသွယ်သွယ်သည်၊ ကြီးငယ်ပတ်ကုံး၊ သားအားလုံးလည်း၊ စုရုံးမ-နှင့်၊ ပျော်ကြတင့်သား၊ လွမ်းခွင့်တိချည်း၊ အုံလှာသည်းခဲ့၊ ဘော်နည်းညွတ်ခွေ၊ ရှိရစ်လေသည်၊ သက်ဝေကြင်မှတ်၊ လှသည့်နတ်ကြောင့်၊ ဆွတ်လွတ်လောင်ဆာ၊ တမ်းလှည့်ရာတွင်၊ တိမ်ပြာယှက်သွယ်၊ ညချမ်းဝယ်၌၊ ဒရယ်သံညောင်း၊ မ-ကိုပြောင်းသည်။ ။လွမ်းကြောင်းဘွေနှည် မြူးဘိသည်

(တ) ထူးဆင့်၏လေ၊ အထွေထွေနှင့်၊ တောခြေမြိုင်သာ၊ ဝေဆာရှုဘွယ်၊ ရေကြောင်းဝယ်လည်း၊ ယှက်သွယ်တကြောင်း၊ ၀ှန်ချောင်းမသည်း၊ ကမ်းလည်းဆင်ခြေ၊ လျောပြေစိမ်းလန်း၊ ကျွန်းလည်းဆိုင်းဆိုင်း၊ ကိုင်းနှင့်သဲဖြူ၊ ကျောက်ငူဝဲရိပ်၊ သောင်ထိပ်ပျံ့ပျူး၊ ကမ်းဦးစ၀ယ်၊ တွန်ကျယ်သံလေး၊ တအေးအေးနှင့်၊ ပဲထွေး,ဟင်းသာ၊ ကြိုးကြာ,စင်ယော်၊ ချစ်ဘော်မငြီး၊ တင်ကျီး,ရေကြက်၊ စက္က၀က်နှင့်၊ ရေငှက်,၀မ်းဘဲ၊ ယှဉ်တွဲခွေညွတ်၊ ကရကတ်လည်း၊ ချစ်မြတ်ကျူးကဲ၊ လည်ဆွဲယှက်တင်၊ စုံစုံရွှင်၍၊ သံထင်တလှစ်၊ ငါးဟစ်,၀ံဘို၊ ငှက်ညို,ငှက်ကျား၊ အပါးပါးကို၊ မျက်ဝါးရှုမိ၊ မြင်သည်ရှိက၊ သီရိဆင်းဝါ၊ မယ်မပါ၍၊ လွမ်းတာခဲအင်၊ ရှိစဉ်တွင်ဝယ်၊ လွန်းကြင်ဖိုမ၊ မှိုင်းရီစ၌၊ သံမြသာပျောင်း၊ ရင့်ရူညောင်းသည်။ ။စုပေါင်းလှည့်လည် ထူးဘိသည်


Thursday, September 9, 2010

န၀ဒေးကြီးတောလား (၁)

မြန်မာစာပေလောကတွင် န၀ဒေးဘွဲ့ခံစာဆိုတော် (၅) ဦးရှိခဲ့ဖူးကြောင်း မှတ်တမ်းများအရသိရသည်။ ယင်းတို့မှာ----

(၁) အင်္ကုရမည်သော ဇင်းမယ်န၀ဒေး၊
(၂) လှော်ကားသုံးထောင်မှူးခေါ် တောင်ငူန၀ဒေး၊
(၃) ရွှေတောင် နန္ဒသူခေါ် စလင်းန၀ဒေး၊
(၄) ပြည် န၀ဒေးကြီ၊
(၅) ၀က်မစွတ်မြို့စား ဒုတိယန၀ဒေး တို့ပင်ဖြစ်သည်။

န၀ဒေးဟူသည်မှာ ဘုရင်ကနှင်းအပ်သော ဘွဲ့တံဆိတ်တစ်မျိုး၏ အမည်နာမဖြစ်သည်။ “စာပေဗဟုဿုတ အတတ်ပညာအမျိုးမျိုး၌ သူမတူအောင်တတ်သိနားလည်သောပုဂ္ဂိုလ်” ဟု အဓိပ္ပါယ်ရကြောင်းမှတ်သားရသည်။ “ထူးတလည်လျှင်”အစချီ အောက်ပါတောလား (ရတု) ခြောက်ပုဒ်တို့ကို စပ်ဆိုရေးသားခဲ့သောန၀ဒေးမှာ “စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာန၀ဒေး”ဟု ကျော်ကြားသော ပြည်န၀ဒေးဖြစ်ကြောင်းသိရသည်။ မြန်မာသက္ကရာဇ် (၈၉၄) တွင်နန်းတက်သော ဘုရင်နရပတိလက်ထက်တွင် ဘုရင့်ယောက်ဖတော်မင်းဘစော၏ အိမ်တော်ထိမ်းအဖြစ်အမှုထမ်းခဲ့သူဖြစ်သည်။

အင်းဝခေတ်တွင်ပေါ်ထွန်းခဲ့သော စာဆိုတော်ဖြစ်သောကြောင့် အရှင်မဟာရဋ္ဌသာရတို့နှင့် တစ်ခေတ်တည်းဖြစ်ကြောင်း မှတ်သားနိုင်သည်။ မင်းခစားယောက်ျားဖြစ်သည့်အလျောက် သခင်သွားရာနောက်ကလိုက်ပါနေရသူဖြစ်လေရာ စစ်ကိုင်းသို့ရောက်သောအခါ “ထောင်သင်းမှူး” ရာထူးဖြင့်၎င်း၊ စလင်းသို့ရောက်သောအခါ “မင်းလက်ျား” ဟူသောဘွဲ့တံဆိပ်ဖြင့်၎င်း၊ ပြည်မှာနေစဉ် “န၀ဒေး”ဟူသော စာပေပါရဂူဘွဲ့ဖြင့်၎င်း ချီးမြှင့်မြှောက်စားခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာန၀ဒေး ဟုထင်ပေါ်ကြော်ကြားလာခဲ့သည်။ ရတုစပ်ဆိုရာတွင် ပြိုင်ဘက်ကင်းလောက်အောင် တော်တတ်ကြောင်း စာပေမှတ်တမ်းများအရ သိရသည်။ ပြည်န၀ဒေးကြီးသည် တစ်ဘက်မှ တိုင်းပြည်တာဝန်ထမ်းရင်း နှောင်းခေတ်မြန်မာစာပေလောကအတွက် အကျိုးပြုကဗျာ၊ တောလား၊ ရတုပေါင်းမြောက်များစွာကို ရေးသားသီကုံးလျက် အသက် (၉၀) အရွယ်တွင် အနိစ္စရောက်ခဲ့သည်။ (စွယ်စုံကျမ်း)

န၀ဒေးကြီး၏တောလားများသည်လည်း အရှင်ဥတ္တမကျော်၊ အရှင်မဟာရဋ္ဌသာရနှင့် အရှင်ဇယန္တာဘိဓဇတို့၏ တောလားများနည်းတူ တောတောင်များ၊ ကျေးငှက်သာရကာများနှင့် တောတွင်းတိရစ္ဆာန်တို့၏ သဘောသဘာဝတို့ကို ရတုဟန်ကွန့်လျှက် စပ်ဆိုရေးသားခဲ့သော တောလားများပင်ဖြစ်သည်။ ရတုခြောက်ပုဒ်အနက် ရှေ့(၃) ပုဒ်ကို အချီကွဲ အချတူ ပုံစံဖြင့်၎င်း၊ နောက် (၃) ပုဒ်ကို အချီတူ အချတူ ဟန်ဖြင့်၎င်း ရေးသားခဲ့သောကြောင့် တောလားသုံးပုဒ်နှင့် ရတုသုံးပုဒ်ဟုပင် ဆိုနိုင်သည်။

ကဗျာရှင်တို့၏ လက်ရာများကို လေ့လာကြည့်သောအခါ တစ်ဦး၏ကဗျာကို နောက်တစ်ဦးက အသံအားဖြင့်ဖြစ်စေ၊ စကားလုံးအားဖြင့်ဖြစ်စေ၊ အတွေးအခေါ်အားဖြင့်ဖြစ်စေ အတုယူမှီငြမ်းခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်သည်။ မည်သူက မည်သူ့ကို မှီငြမ်းသည်ဟု တစ်ထစ်ချမဆိုနိုင်သော်လည်း ယင်းတို့၏ တူညီသောပုံသဏ္ဌာန်များကြောင့် တစ်ဦး၏လက်ရာကို တစ်ဦးက အတုခိုးနည်းယူခဲ့သည်ကိုကား မငြင်းနိုင်သောအချက်ပင်ဖြစ်သည်။ ဥပမာ၊ မျောက်၊ ဒေါင်း၊ ကျား ဟူသော တိရစ္ဆာန်သုံးကောင်တို့၏ အမူအရာကို ဖေါ်ပြရာ၌---
အရှင်မဟာရဋ္ဌသာရက “မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်....ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်”ဟု၎င်း၊
အရှင်ဇယန္တာဘိဓဇက “မျောက်ကကြိုးခွေ၊ ချေကရင့်ရူ....ဒေါင်းလည်းအိုးဝေ၊ စုံမြိုင်ခြေမှာ....သံညင်းဒိန်းဒိန်း၊ ကျားဟိန်းသာရွှင်”ဟု၎င်း၊
န၀ဒေးကြီးက “ငမျောက်တွက်တွက်၊ ငမျောက်ထွက်ဟု....သံမြွက်ထွေငေါ်၊ ကျားဟိန်းဆော်က....သမင်းကတောက်၊ ဒေါင်းကငေါက်၍” ဟု၎င်း အသီးသီး ရေးသားခဲ့ကြောင်းတွေ့ရသည်။

ထို့ပြင် ကဗျာစာဆိုတို့၏ ပုံစံတူစပ်ဆိုမှုတစ်မျိုးကိုလည်း တွေ့ရှိနိုင်သည်။ ဥပမာ...ငှက်ဖိုငှက်မတို့၏ နှုတ်ခွန်းဆက်သံ အော်မည်သံကို လူတို့နှင့်နှိုင်းယှဉ်၍ဖေါ်ပြရာ၌---
အရှင်မဟာရဋ္ဌသာရက “မောင်ထွေးတို့လော၊ မယ်တို့လောဟု” ဟူ၍၎င်း၊
အရှင်ဇယန္တာဘိဓဇက “အေးငယ်တို့လား၊ မယ်တို့လားဟု” ဟူ၍၎င်း၊
န၀ဒေးကြီးက “ချစ်သည်တို့လော၊ မယ်တို့လောဟု” ဟူ၍၎င်း ရေးသားစပ်ဆိုခဲ့ကြကြောင်း တွေ့ရသည်။ ထို့ကြောင့် ယင်းပုံစံတူ ရေးသား စပ်ဆိုဟန်များက “တစ်ဦးကိုတစ်ဦးမှီငြမ်းပြုခဲ့သလော၊ သို့တည်းမဟုတ် အင်းဝခေတ်၏ အရပ်သုံးတွင်ကျယ်နေသော စပ်ဆိုဟန်တစ်မျိုးပေလော” ဟု နှောင်းလူတို့ကို အတွေးပေါက်စေနေပေတော့သည်။ သို့သော်လည်း ယင်းတောလားရတုတို့ကို ရေးစပ်ရာ၌ အရှင်နှစ်ပါးတို့က ဘုရားဖူးသွားရင်း တွေ့မြင်ကြားသိခဲ့သည်များကို သီကုံးခြင်းဖြစ်ပြီး န၀ဒေးကြီးက စစ်ချီစစ်ထွက်သွားရင်း တွေ့မြင်ကြားသိခဲ့ရသည်ကို ခံစားရေးဖွဲ့ထားခြင်းဖြစ်ကြောင်း ၎င်းတို့၏ကဗျာများတွင်ပင် တွေ့မြင်နိုင်သည်။ န၀ဒေးကြီးက စစ်ချီသွားရင်းတောလားရေးကြောင်းကို သူ၏တောလားဒုတိယအပိုဒ်အဆုံးတွင် “စစ်ခွင်လမ်းကြိုက်၊ မြင်လိုက်မိသည်” ဟု ဖွဲ့နွဲ့ခဲ့လေသည်။ ဆက်လက်ဖတ်ရှုကြပါကုန်။


(ပ) ထူးတလည်လျှင်၊ သံကျည်ဆော်နှုတ်၊ ပီစွာမှုတ်သို့၊ သစ်ကြုတ်က တိုက်၊ ကျားက ရိုက်၍၊ ပျော်ပိုက်မတည်၊ လွမ်းစိတ်သည်တွင်၊ နေခြည်ကပျောက်၊ ဆည်းဆာရောက်က၊ ငမျောက်တွက်တွက်၊ ငမျောက်ထွက်ဟု၊ သံမြွက်ထွေငေါ်၊ ကျားဟိန်းဆော်က၊ ထိုရော်မြိုင်ခွင်၊ သမင်က တောက်၊ ဒေါင်းက ငေါက်၍၊ ဟောက်သည့်ချေငယ်၊ ဒရယ်က ပြူ၊ မျောက်က အူလျက်၊ စိုင်မူဆော်သည်း၊ ဆတ်က ဟည်း၍၊ ဆင်လည်းကျည်ကျည်၊ နတ်ငြင်းသည်သို့၊ သံရှည်မတံ့၊ ထံ့တျံ့တျေးတျား၊ မကြားစဖူး၊ စိတ်ဝမ်းနူးမျှ၊ တထူးတလည်၊ တောက်ကျော်မည်လျက်၊ ချစ်သည်တို့လော၊ မယ်တို့လောဟု၊ သောသောကျူးရင့်၊ တောလုံးတင့်သည်။ ။လွမ်းခွင့်နောင်တွင်...ဖြင်သကား



(ဒု) သာနိုးပျော်ရွှင်၊ စုံတောခွင်၌၊ စီးဆင်ချွန်းမ၊ ပြောင်မုန်ဝထက်၊ ရူတ လွမ်းရိုက်၊ အောက်မေ့ကြိုက်ဝယ်၊ တိမ်တိုက် ကသည်၊ နတ်တို့စည်လည်း၊ ကြူးမည်သံလေး၊ တခြေးခြေးတည့်၊ ဟိန်လေးရင့်ခေါ်၊ ငှက်တို့သော်လည်း၊ သံငေါ်တသီး၊ သံကြီးတထွေ၊ သံခြေညှင်းညှင်း၊ သံပျင်းသံကျော်၊ တူစုံပျော်လျက်၊ မူးမော်စုံမက်၊ လည်ချင်းယှက်၍၊ ယူယက်သည်ပို့၊ လူကဲ့သို့လျှင်၊ တချို့ခွံ့တုံ၊ တချို့တုံလည်း၊ ငုံကာထား၏၊ သနားဘွယ်မှု၊ တခုလည်တွင်၊ တခုတင်လျက်၊ စစ်ခွင်လမ်းကြိုက်၊ မြင်မိလိုက်သည်။ ။လူနှိုက်တူပင်...ထင်သကား


(တ) တဖြည်းပျံ့ပျံ့၊ တောလုံးနှံ့မျှ၊ ရနံ့ကြိုင်ပေါက်၊ ကိုင်းခက်လျှောက်လျက်၊ မျောက်က၀ူးဝုတ်၊ ရှဥ့်ကတုတ်၍၊ လေသုတ်ဖြည်းညှင်း၊ အောက်ချင်းရှင်းရှင်း၊ ပုစဉ်းကျာကျာ၊ ကျီးနက်အာက၊ သံသာသြဥ၊ ဆွေမယ်စောတို့၊ ကြက်တောသံလေး၊ မ-သံပေးလျက်၊ ခြေးခြေးမည်နှုတ်၊ တီတီတုတ်နှင့်၊ ဘုတ်က အိန့်ဟူ၊ ဂျိုးက ကူ၍၊ တ-ရူညွတ်ပြောင်း၊ မလွမ်းတောင်းတည့်၊ ၀က်ထောင်းစွယ်ထွက်၊ မြည်သံဝှက်နှင့်၊ ကျူးလျက်သံသာ၊ မြိုင်ခန်းဝါ၀ယ်၊ ဟိန်ဇာဟာလေး၊ ဟိန်ဇာလေးဟု၊ ဟိန်လေးလွှင့်သည်၊ အမမြည်က၊ မတည်ဗျာပါ၊ နောင့်တူသာလျှင်၊ သီတာချောင်းကမ်း၊ လေချိုဆမ်းသည်။ ။အလွမ်းပြည်ဖြင်...မြင်သကား

မှတ်ချက်။ ။ဓာတ်ပုံများကို အွန်လိုင်းမှ ကူးယူဖေါ်ပြအပ်ပါကြောင်း။


Wednesday, September 8, 2010

အရှင်ဇယန္တာဘိဓဇ တောလား


အရှင်ဇယန္တာဘိဓဇ၏ တောလားများသည် တောတောင်တို့၏ သဘာဝအလှအပကို အရှင်ဥတ္တမကျော်နှင့် အရှင်မဟာရဋ္ဌသာရတို့နည်းတူ ရေးစပ်သီကုံးထားကြောင်းတွေ့ရသည်။ ယင်းသို့ရေးစပ်ထားရာ၌ ကျေးငှက်သာရကာတို့၏ အော်မည်သံအမျိုးမျိုးကို လူတို့ခံစားနိုင်သောနည်းလမ်းဖြင့် ဖွဲ့သီထားကြောင်း တွေ့မြင်နိုင်သည်။ သို့ရာတွင် အချို့ပိုဒ်များ၌ အရှင်မဟာရဋ္ဌသာရ၏ ရေးဟန်များရောနှောလျှက်ပါဝင်နေသောကြောင့် အရှင်မဟာရဋ္ဌသာရ၏ တောလားများသည် အရှင်ဇယန္တာဘိဓဇအပေါ် သြဇာလွှမ်းမိုးမှုရှိကြောင်းကိုလည်း ရိပ်စားမိနိုင်သည်။



ဥပမာအားဖြင့် အရှင်မဟာရဋ္ဌသာရကိုယ်တော်ရှင်က ၎င်း၏တောလား ဒုတိယပိုဒ်တွင် “မောင်ထွေးတို့လော၊ မယ်တို့လောဟု”ဟူ၍ ရေးသားခဲ့သည်ကို အရှင်ဇယန္တာဘိဓဇက သူ၏တောလား တတိယပိုဒ်တွင် “မောင်မယ်တို့လေး၊ မယ်တို့အေးဟု” ဟူ၍၎င်း၊ အရှင်မဟာရဋ္ဌသာရက သူ၏တောလား တတိယပိုဒ်တွင် “မျောက်ကကြိုးခွေ၊ ဒေါင်အိုးဝေနှင့်၊ သံခြေကြွေးကြော်၊ ဖို-မ ခေါ်လျှက်” ဟုရေးစပ်ခဲ့သည်ကို အရှင်ဇယန္တာဘိဓဇက ၎င်း၏ တောလားများကို အပိုဒ်ခွဲခြားကာ ပထမပိုဒ်တွင် “မျောက်ကကြိုးခွေ၊ ချေကရင့်ရူ” ဟူ၍၎င်း၊ ဒုတိယပိုဒ်တွင် “ဒေါင်းလည်းအိုးဝေ၊ စုံမြိုင်ခြေမှာ” ဟူ၍၎င်း ရေးသားစပ်ဆိုတော်မူခဲ့သည်ကို တွေ့ရသည်။ထို့ပြင်လည်း ကာရန်ယူရာတွင် အရှင်မဟာရဋ္ဌသာရက သူ၏တောလားတတိယပိုဒ်တွင် “ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်၊ သစ်ကျုတ်ပြေးလွှား” ဟုရေးသားခဲ့သည်ကို အရှင်ဇယန္တာဘိဓဇက ၎င်း၏တောလားပထမပိုဒ်တွင် “၀က်လည်းရုတ်ရုတ်၊ ရှဥ့်ကတုတ်လျှက်၊ သစ်ကျုတ်ကျားမင်း၊ သံညင်းဒိန်းဒိန်း” ဟူ၍ အရှင်မဟာရဋ္ဌသာရ၏ ”ဥတ်ကာရန်”ကို အတုခိုးကာ စပ်ဆိုတော်ခဲ့ကြောင်း ခန့်မှန်းနိုင်သည်။

သို့ရာတွင် အရှင်မဟာရဋ္ဌသာရက သူ၏ရေးဟန်ကို တောလားပုံမြောက်အောင် အချီအချ ကာရန်မယူပဲ အချပိုဒ်များကိုသာ “မဂ်ဖိုလ်နိဗ္ဗာန် စူးစူးတည်း၊ တောကြက်တွန်သံ မြူးမြူးတည်း၊ လေပြည်ပျံ့ပျံ့ ပျူးပျူးတည်း၊ စိတ်ကရောက်ချင် ရူးရူးတည်း”ဟု ကာရန်တူစေလျှက် စပ်ဆိုတော်မူခဲ့သော်လည်း အရှင်ဇယန္တာဘိဓဇက သူ၏တောလား (၃)ပိုဒ်လုံးကို “ကြူးဓွန့်ရှည်၍....ပျော်မြူးရဂုံပေတကား”ဟူ၍၎င်း၊ “ဖူးညွန့်စည်၍....ခေါ်ထူးအစုံပေတကား”ဟူ၍၎င်း၊ “ကျူးကွန့်မည်၍....မြော်ဘူးမကြုံလေတကား”ဟူ၍၎င်း ရတုရေးဟန်ဖြင့် ဖွဲ့နွဲ့သီကုံးထားသည်ကို သတိပြုမိနိုင်သည်။ ယင်းသို့အားဖြင့် တောလားကို အချီအချကာရန်တူစေလျှက် ရေးသားထားသော အဖွဲ့အနွဲ့ကြောင့် တောလားခေတ်နှင့် ရတုခေတ်နှစ်ခုတို့၏ စပ်ကူးမတ်ကူးကာလကို ဖေါ်ညွှန်းခဲ့လေသလောဟု တွေးတောယူဆမိသည်။ အရှင်ဇယန္တာဘိဓဇ၏ တောလားများကို ဆက်လက်၍ ရှုစားကြပါကုန်....။



(ပ) ကြူးဓွန့်ရှည်၍၊ ရေကြည်ပတ်ယှက်၊ သည်မြိုင်ချက်မှာ၊ ကြင်ဘက်မပါ၊ နောင်တည်းသာလျှင်၊ ရှုရာသွယ်သွယ်၊ စိတ်ဝမ်းငယ်မျှ၊ သွတ်လှယ်တုံ့ခေါက်၊ ကိုင်းခက်လျှောက်လျက်၊ မျောက်ကကြိုးခွေ၊ ချေကရင့်ရူ၊ ဖြူကကျော်သည်း၊ ဆင်ပြောင်ဟည်း၍၊ ၀က်လည်းရုတ်ရုတ်၊ ရှဥ့်ကတုန့်လျက်၊ သစ်ကြုတ်ကျားမင်း၊ သံညင်းဒိန်းဒိန်း၊ ကျားဟိန်းသာရွှင်၊ သမင်ကတစ်၊ ယုန်ကျစ်ကျစ်နှင့်၊ ထစ်သည့်ဆတ်စိုင်၊ မြိုင်ကအေး၍၊ လွမ်းရေးသွယ်ပုံ၊ သာခန်းစုံမှာ၊ မကြုံလှည့်ဘူး၊ ထွေဆန်းထူးသည်။ ။ပျော်မြူးရဂုံပေတကား



(ဒု) ဖူးညွန့်စည်၍၊ မြရည်အဟန်၊ မြိုင်တောဌာန်၌၊ နွေသန်မြိတ်တွင်း၊ ပန်းသင်းသင်းနှင့်၊ ညှင်းညှင်းလေပြည်၊ ဆီးကြည်ကြည်မှာ၊ ရွှေရည်ရစ်နွှဲ၊ တသဲသဲတည့်၊ ၀ဲကာမြူး၍၊ ကြူးလှည့်သောသော၊ ရွှေဥသြနှင့်၊ ကြက်တောကျော်ကျော်၊ ဖိုမခေါ်လျက်၊ ငှက်တော်ကျည်ကျည်၊ ခေါက်ရှည်မြည်က၊ ရွှေပြည်စိုးတည့်၊ သာနိုး၏ဟု၊ ကိုယ့်မည့်မီမီ၊ ငှက်ဇီဝဇိုဝ်း၊ တောလျှိုးသံကြီး၊ ကျီးကအိုးအာ၊ လင်းပြာညည်းညည်း၊ တချည်းချည်းနှင့်၊ ဒေါင်းလည်းအိုးဝေ၊ စုံမြိုင်ခြေမှာ၊ တျာတေသံလေး၊ ရင့်ကာကြွေးလျက်၊ အေးငယ်တို့လား၊ မယ်တို့လားဟု၊ သာဖြားသွေးချို၊ ချစ်ဘွယ်ဆို၍၊ နှစ်ကိုယ်ယှဉ်ပူး၊ ရွှင်ကြည်မြူးသည်။ ။ခေါ်ထူးအစုံပေတကား



(တ) ကျူးကွန့်မည်၍၊ မိုးစည်ညုန်းညုန်း၊ တအုန်းအုန်းတည့်၊ ထစ်ချုန်းပတ်ခြိမ့်၊ တနိမ့်နိမ့်လျှင်၊ ယိုလိမ့်ဘနန်း၊ သက်တင်ရန်းလည်း၊ နီမြန်းစွေးစွေး၊ ပိုက်ကာကွေးလျက်၊ ဒွေးဘော်စုံနှော၊ စုံခြေတောသို့၊ ရွက်ကြောညှာနု၊ ခါမလုဘဲ၊ ရတုဆန်းထွေ၊ စန်းရေကျောက်စက်၊ စိမ့်သွက်သွက်တည့်၊ ဧမြက်ကြည်ကြည်၊ နတ်ဆည်ကန်ဝှမ်း၊ စုံရိပ်ချမ်းဝယ်၊ တမ်းလွမ်းဘွယ်ပေ၊ မျက်ခြည်ဝေမျှ၊ ချိုလေခြည်နှော၊ ဝေရီရောလျက်၊ တောလည်းသာထွေ၊ ရေလည်းသာခေါင်၊ တောင်လည်းသာဆန်း၊ ပန်းလည်းမွှေးမွှေး၊ ငှက်ကျေးစုံတူ၊ တအူအူနှင့်၊ ရင့်ရူရုန်းရုန်း၊ ပိတုန်းဝဲကွန့်၊ မြိုင်ယံဝှန့်တွင်၊ ညှာညွတ်သွယ်သွယ်၊ ၀တ်ရက်သွယ်၍၊ မောင်မယ်တို့လေး၊ မယ်တို့အေးဟု၊ ဟာလေးဟေလာ၊ ချစ်ပျူငှါနှင့်၊ ထွေရာဆန်းပြား၊ မြင်လှည့်ငြားက၊ ၀မ်းပါးကြည်နူး၊ ဆွတ်ပျံ့ပျူးသည်။ ။မြော်ဘူးမကြုံလေတကား

မှတ်ချက်။ ။ဓာတ်ပုံများကို အွန်လိုင်းမှ ယူထားပါကြောင်း။

Monday, September 6, 2010

ဆရာတော်ဦးဗုဒ်၏ ရွှေစက်တော်သွားတောလား

အောက်ပါတောလား (၃)ပုဒ်ကို ဆရာတော်ဦးဗုဒ်သည် သူ၏မွေးဖွါးရာဇာတိဖြစ်သော ညောင်ကန်ရွာမှ သက္ကရာဇ် (၁၁၈၂)-ခုနှစ်တွင် ရွှေစက်တော်သို့ အဖူးအမျှော်ကြွရောက်စဉ်က ရေးသားသီကုံး စပ်ဆိုတော်မူခဲ့ကြောင်းမှတ်တမ်းပြုထားသည်။ ဆရာတော်ဦးဗုဒ်သည် ဥပေက္ခာအလွန်ကြီးမားတော်မူသော ဆရာတော်တစ်ပါးဖြစ်ကြောင်း စာများကဆိုသည်။ မွေးသဖခင်ကြီးလာရောက်တွေ့ဆုံသည်ကိုပင် လက်ခံတွေ့ဆုံခြင်းမပြု၊ လျှစ်လျူရှုလျှက် မိမိဝါသနာပါရာ စာပေကိုသာ အစဉ်ကျိုးကုတ်အားထုတ်တော်မူသဖြင့် ဖခင်ကြီးက ရင်နာနာဖြင့် လာရာလမ်းသို့ လှည့်ပြန်သွားခဲ့ရသည်ဟူ၏။ အုဌ်ကျောင်းဒါယိကာမကြီး နန်းမတော်မယ်နုကိုပင် သေဒဏ်အပေးခံရခါနီးတွင်မှ “သူ့ဝဋ်ကျွေးရှိရင် ဆပ်လိုက်” ဟူသောစကားမျှကိုသာ နှစ်သိမ့်မိန့်ကြားခဲ့သော ဆရာတော်တစ်ပါးဖြစ်သည်။

သို့ကလောက် ဥပေက္ခာပြုနိုင်လွန်းသော ဆရာတော်သည် တောတောင်သဘာဝတို့၏ အလှအပကို မည်ကဲ့သို့ ခံစား၍ တောလားများကို ရေးသားစပ်ဆိုလေသနည်း။ ရှင်ဥတ္တမကျော်၊ ရှင်မဟာရဋ္ဌသာရတို့ကဲ့သို့ ဖို-မ တွန်သံများကို အာရုံခံစားကာ ရေးသားခဲ့ပါသလော။ ဆရာတော်သည် သူ၏တောလားများကို အထက်ပါ အရှင်နှစ်ပါးနှင့် မတူကွဲပြားစွာ စပ်ဆိုသီကုံးခဲ့ကြောင်း အောက်ပါလက်ရာများက ညွှန်းလျှက်ရှိလေပြီ။ ဆရာတော်၏ တောလားများသည် “တောလား”ဆိုသော်လည်း တောတောင်၏ အရိပ်အရောင်မျှကိုပင် ထည့်သွင်းစပ်ဆိုခြင်းမပြုဘဲ၊ ဘုရားဖူးသွားရာခရီးစဉ်ကိုသာ ဦးစားပေးရေးဖွဲ့ထားလေရာ “တောလား”နှင့်မတူပဲ ခရီးသွားမှတ်တမ်းနှင့်သာ တူချေတော့သည်။ ရှုစားကြပါကုန်။



(ပ) ရွှေစက်နှစ်တည်၊ ဖူးအံ့ရည်၍၊ ရှည်သက္ကရာဇ်၊ ထောင်ရာရှစ်ဆယ်၊ စွန်းကယ်နှစ်နှစ်၊ သရစ်မာသ၊ ပုဏ္ဏမ၀ယ်၊ ဗုဒ္ဓနေ့တွင်၊ ပုတလင်မှ၊ ထွက်ခဲ့ကြွသော်၊ စုံလှဈေးနာ၊ မိုရွာမြစ်စုတ်၊ ပခုက္ကူမည်၊ ပုဂံပြည်နှင့်၊ ဤသည်ရပ်များ၊ ညဥ့်တန့်နားမှ၊ ညောင်လှယသာ၊ နောက်ဖက်မှာကား၊ ကမ်းနားမည်ခံ၊ ကြွပုဂံရွာ၊ ဆိတ်ဖြူရွာနှင့်၊ ရှေ့မှာစဥ့်ကူ၊ ရွာမူပျဉ်းမ၊ ယင်းအောက်ကတွင်၊ ဆီးချိုပင်တည့်၊ မွမ်းဖြင်ဗိုလ်ခြေ၊ စလေတသွယ်၊ ပုခန်းငယ်ဆိပ်၊ ညဥ့်အိပ်ခဲ့ထွေ၊ ဆူးလေကုန်းဟူ၊ တောင်ပလူရွာ၊ မဲရွာခေါ်ရှောင်း၊ ငမွဲချောင်းနှင့်၊ ကျော်သောင်းကျောက်ရဲ၊ တကွဲဆားလယ်၊ တသွယ်ပင်းချောင်း၊ ဖေါင်းကတောရွာ၊ ကြေညာဝှန်ခြောင်း၊ ရေနံချောင်းက၊ ညောင်လှဆားကိုင်၊ ရိပ်မြိုင်ပြည့်သိပ်၊ ရုံးပင်ဆိပ်က၊ သာလှတုလွတ်၊ ၀က်မစွတ်မြေ၊ တညဥ့်နေ၍၊ စီးလှေဆိုက်ခါ၊ တက်သွားပါသော်၊ စဉ်လာခေါ်နုန်း၊ ဆယ်မုန်းပျော်ဖွယ်၊ လေကွယ်ပေါင်းငူ၊ လှိုက်ဆူကျောက်သံ၊ ကျောက်စံခေါ်ငြား၊ ကာလပါးနှင့်၊ ထူးပြားကွဲလွဲ၊ ကျွဲတဲညောင်ကိုင်း၊ စဉ်တိုင်းမျှော်ရှု၊ စကုတသင်း၊ ချင်းကုန်းတချက်၊ မယှက်တဆူး၊ ဖြူကုန်းတရွာ၊ ခွန်သာတသီး၊ ရုံးကြီးတောခေါ်၊ ဆယ်တော်မည်တွင်၊ တည်ပင်လုပ်ဆေး၊ မဝေးစပ်ကာ၊ ကင်ပိန့်ရွာတည့်၊ ချင့်တာမြောက်များ၊ ဆယ်ငါးယူဇနာ၊ သင်္ချာတွက်ပေါင်း၊ ကိုးသောင်းကျော်စင်၊ လွန်ခဲ့ကျင်၍၊ ကြည်ရွှင်ကော်ရော်၊ ဖူးရမြော်သည်။ စက်တော်မြတ် နှစ်ဆူကိုကား။



(ဒု) စက်တော်ကသည်၊ ပြန်ခဲ့လည်၍၊ ဘုန်းစည်ကိန်းအောင်း၊ ရာတော်ကျောင်းသို့၊ ပြောင်းခဲ့တုံခေါက်၊ စုံတလျှောက်ဝယ်၊ ချင့်ထောက်တိုင်ကွာ၊ ကင်ပိန့်ရွာနှင့်၊ တာပြန်ထောင်ပေါင်း၊ လုပ်ဆေးချောင်းတွင်၊ တည်ပင်စခန်း၊ ချင့်မှန်းတိုင်ကျော်၊ ဆယ်တော်တသီး၊ ရုံးကြီးတောစွန်၊ တတိုင်မှန်တွင်၊ ခွန်သာခေါ်နုန်း၊ ဖြူကုန်းမြောက်စောင်း၊ တာထောင်ပေါင်းတွင်၊ ရွှေကျောင်းမည်သာ၊ ချင်းကုန်းရွာက၊ တိုင်ကွာမမှား၊ ပန်းလွှားရွာထက်၊ တညဥ့်စက်မှ၊ ထွက်ခဲ့တခါ၊ ကမဲ့ရွာနှင့်၊ တာနှစ်တိုင်တွင်း၊ မဲရင်းတဆစ်၊ ၀ါးသစ်တဆိုင်း၊ တာထောင်ပိုင်းတွင်၊ လယ်ကိုင်းရှေ့မြောက်၊ နှစ်တိုင်လောက်ဝယ်၊ ပယ်ဖျောက်မိုက်မှောင်၊ ခြောက်သွယ်ရောင်ဖြင့်၊ အထောင်နေ့တွင်၊ ယိုးမှားထင်သည်။ ရှင်ပင်ကျောင်းတော်ရာကိုကား



(တ) ကျောင်းတော်ရာတွင်၊ ယင်းရှင်ပင်ကို၊ ကြည်လင်ညွတ်နူး၊ တညဥ့်ဖူးမှ၊ ပြန်ခဲ့ကြွသော်၊ ရှေးကသညာ၊ ကျမ်းအလာမူ၊ သုပ္ပါဒက၊ ခုမှတခါ၊ သစ်တော်ရွာဟု၊ သညာမည်ခံ၊ သမင်ခြံရွာ၊ ညောင်ချစ်ရွာနှင့်၊ သာယာဆန်းထူး၊ ကျွန်းဦးမည်သာ၊ ညောင်ချုံရွာက၊ ရွာတော်မည်နှုန်း၊ ထနောင်းကုန်းတွင်၊ နှစ်တိုင်လျှင်တည့်၊ ထို့ပြင်တထောက်၊ သုံးထောင်လောက်တွင်၊ ထက်အောက်ဌာန၊ ကျော်ပေါက်ပြသည်။ သာလှဝက်မစွက်ကိုကား

မှတ်ချက်။ ။ ဓာတ်ပုံများကို အွန်လိုင်းမှ ယူထားခြင်းဖြစ်ပါကြောင်း။


အရှင်မဟာရဋ္ဌသာရ၏ ရွှေစက်တော်သွားတောလား


(ပ) အောင်ဇေယျတု၊ ကျမ်းဂန်ရှု၍၊ ဂမုဓာတ်ရ၊ ဓာတွတ္ထဖြင့်၊ ဂမနသဒ္ဒါ၊ ကြောင်းချင်းရာကို၊ လင်္ကာကုံးသီ၊ လမ်းစဉ်စီအံ့၊ ရောင်ညီလေးဦး၊ ဖြစ်ခဲ့ထူးတွင်၊ တောင်ကျူးလက်ျာ၊ ဒက္ခိဏာဟု၊ ဒီပါကျွန်းမြတ်၊ မိုးနတ်ဣန္ဒာ၊ မြောက်မှာကျွန်းသူ၊ မတူကြငြား၊ ဘုရားမြတ်စွာ၊ စကြာစိုးရ၊ သည်ကဖြစ်ပေ၊ သန္ဓေတည်ကြည်၊ ကောင်းညွန့်စည်လျက်၊ နတ်ပြည်နိဗ္ဗာန်၊ ကူးဆိပ်မှန်ဟု၊ ဘုန်းသန်သကျ၊ မုနိန္ဒလျင်၊ ရွှင်ပျကြည်ဖြူ၊ ဟောတော်မူသည်၊ လေးဆူကျွန်းမြတ်၊ ဘုန်းထွတ်သီရိ၊ တမ္ပဒိထက်၊ ကျော်သိထင်ရှား၊ ကျေးဇူးများ၏၊ နဂါးမုဆိုး၊ ရိုကျိုးတောင်းပန်၊ ပူဇော်ရန်ဟု၊ နမ္မဒါနား၊ ရာ့တစ်ပါးနှင့်၊ တောင်ဖျားကျောက်ထိပ်၊ နင်းနှိပ်ရာတော်၊ နှစ်ဘော်ရွှေစက်၊ ရောက်ပြိုးပြက်သည်။ ။ဖိုလ်မဂ်နိဗ္ဗာန် စူးစူးတည်း



(ဒု) စူးစူးနိဗ္ဗာန်၊ ရောက်မည်မှန်၍၊ ဧကန်တဆော၊ ယာယီကြောကို၊ သဘောစိုက်စိုက်၊ လမ်းရိုးလိုက်သော်၊ တောရိုက်ကမ်းဆင်း၊ ကုန်းကျင်းချောင်းမြောင်၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေနှင့်၊ ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ခက်ချင်းခိုက်ထိ၊ စောင်းကြိုးညှိသို့၊ နှမိနှမြော၊ လွမ်းဘွယ်ပေါစွာ့၊ တောင်တောဝန်းကျင်၊ သို့ရာတွင်မူ၊ အကြင်တောင်သူ၊ လွမ်းစေဟူသို့၊ လျံဆူထွေပြား၊ ငှက်အများလည်း၊ ပျားသို့ချိုအေး၊ ရင်ရူကြွေးလျက်၊ မောင်ထွေးတို့လော၊ မယ်တို့လောဟု၊ သဘောနှုတ်ဆက်၊ မေးကြလျက်တည့်၊ လင်းဝက်တောလျှိုး၊ ဥချိုးငှက်ပျင်း၊ ပြေးဆင်းငှက်ခါး၊ သစ်ပင်ဖျားက၊ သိန်းကျားစွန်ရဲ၊ လင်းမြီးဆွဲလည်း၊ ကြဲကြဲစစ်စစ်၊ မြည်ကျစ်ထိုးဆွပ်၊ မြေ၀ပ်ဘီလုံး၊ ပြေးတုံးအနီး၊ တောသူဘီးလည်း၊ မြေကြီးနိမ့်မြင့်၊ ပျံအားတင့်ရှင့်၊ ဘော်နှင့်မကွာ၊ ချစ်လျှာမလျော့၊ သံသော့သော့နှင့်၊ ဆော့သည့်နှုတ်သီး၊ မြိုင်တောကျီးလည်း၊ သံကြီးအာအာ၊ ခါကတုတ်တုတ်၊ ရှဉ်စုတ်စုတ်နှင့်၊ ဘုတ်ကငြိမ့်ငြိမ့်၊ တအိမ့်အိမ့်လျှင်၊ သိမ့်သိမ့်တောလုံး၊ သံပေါင်းရုံး၍၊ ပတ်ကုံးမြိုင်နက်၊ အုတ်ကျက်ကျက်သည်။ တောကြက်တွန်သံ မြူးမြူးတည်း။


(တ) တောကြက်တွန်မြူး၊ ကျေးငှက်ကျူး၍၊ သံကြူးမြည်စည်၊ စက်ရိပ်လည်၍၊ နေခြည်ဝင်မြောက်၊ ဆည်းဆာရောက်သော်၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်၊ သံခြေကြွေးကြော်၊ ဖို-မခေါ်လျက်၊ တောက်ကျော်တွန်သွား၊ ငှက်ငနွားလည်း၊ တောဖျားမြိုင်ချောက်၊ ပင်ရိပ်အောက်တွင်၊ သေသောက်ကြူးငှက်၊ သေသောလျက်တည့်၊ တောင်ထက်ကျူးမြည်၊ ၀န်တင်သည်လည်း၊ ထိုးမည်စောင်စောင်၊ တောကောင်ပျော်မွေ့၊ ဓလေ့ဖိုးခေါင်၊ ခေါ်ယောင်ဖန်များ၊ တောလုံးကြားအောင်၊ ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်၊ သစ်ကျူတ်ပြေးလွှား၊ ကြောင်ပါးပြေးခုန်၊ ဆွေ့ဟုန်ပြေးသန်း၊ နွယ်တန်းကိုင်လျှောက်၊ သစ်တောက်ငှက်တော်၊ သံကျော်ဆက်ရက်၊ မြီးဆက်ဖားဖား၊ ခွေးကျားခွေးရွှေ၊ ၀ံပုလွေနှင့်၊ ချေကလည်းဟောက်၊ တောက်သည့်သမင်၊ တောဝန်းကျင်၌၊ ဆင်ကကျိုးကျည်၊ ပျော်ဘွယ်စည်သည်။ လေပြည်ပျံ့ပျံ့ ပျူးပျူးတည်း



(စ) ပျံ့ပျူးလေပြည်၊ အလွမ်းစည်လျက်၊ လမ်းစည်ဆက်သော်၊ ချိုးငှက်လည်ပြောက်၊ ကျွမ်းဘော်ပျောက်သို့၊ နားထောက်ကွန့်မြူး၊ သံပြိုင်ကျူးလျက်၊ တစ်ဦးတိုက်က၊ တစ်ဦးချ၍၊ ဖိုမလင်းပြာ၊ တွန်သံသာနှင့်၊ ဆပ်ပြာစမ်းတွင်၊ တွေ့ကြိမ်မြင်သော်၊ စုံလင်ဖိုမ၊ နိမိတ်ပြ၏၊ ဉာဏက၀ိ၊ ပဏ္ဍိတစစ်၊ ငါတည်းဖြစ်မူ၊ အနှစ်သာရ၊ သုံးဘုံမျှ၏၊ အစအလယ်၊ အဆုံးဝယ်၌၊ ဓိပ္ပါယ်ကျွမ်းသိ၊ မှတ်သားမိလျက်၊ ဇာတိလိုက်လျော်၊ ချိုးနှစ်ဖော်မူ၊ ရွှင်ပျော်အမြဲ၊ လည်ချင်းတွဲ၍၊ မကွဲတူကွ၊ နေသည်ဆသော်၊ ကာမလူ့ဘောင်၊ မရှောင်နိုင်ချေ၊ ညာကြေကျော်စော၊ သဘောစင်စစ်၊ ရှင်၏ဖြစ်မှ၊ တဆစ်လူ့ခွင်၊ ၀င်လ-ဦးမည်၊ ချစ်ကြည်မျိုးနွယ်၊ ဥစ္စာကြွယ်သည်၊ လူဝယ်လူကောင်း၊ အကြောင်းရုံးစည်း၊ ဖြစ်မည်တည်းဟု၊ စနည်းနိမိတ်၊ ချိုး၏ဟိတ်ကို၊ တိတ်တိတ်မှတ်ယူ၊ နှလုံးမူလျက်၊ မပူမဆာ၊ ရေသီတာသို့၊ မျက်နှာရွှင်လန်း၊ မပန်းမညှိုး၊ အင်အားကြိုးလျက်၊ အကျိုးရှိမည်၊ မကြည်စိတ်မှုန်း၊ တစ်ကုန်းဆင်းသက်၊ တစ်ကုန်းတက်၍၊ မြိုင်နက်သာမော၊ စုံတကြော၌၊ တစ်တောထွက်ဝင်၊ တစ်တောမြင်နှင့်၊ တစ်ပင်ရိပ်နား၊ တစ်ပင်သွားသော်၊ တောဖျားမြိုင်နက်၊ လမ်းချက်စူးစမ်း၊ ရိပ်ဖမ်းဆွေးနွေး၊ ဘထွေးတစ်ယောက်၊ ရဲခေါင်မြောက်နှင့်၊ ချစ်ရောက်လည်သီး၊ ဦးရည်းတလည်၊ ချစ်ကြည်မြတ်လေး၊ လုပ်ကျွေးမ-စ၊ ညွှန်ပြလမ်းရိုး၊ တောင်နှယ်ကိုး၍၊ ချုပ်မိုးရီည၊ သွားကုန်ကြသည်။ စိတ်ကရောက်ချင် ရူးရူးတည်း

မှတ်ချက်။ ။ မြန်မာသက္ကရာဇ် (၁၃၂၉)၊ သာသနာနှစ် (၂၅၁၁)၊ ခရစ်နှစ် (၁၉၆၇)ခု၊ ရန်ကုန်မြို့၊ ဟံသာဝတီပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သော “ရှင်ဥတ္တကျော်၊ ရှင်မဟာရဋ္ဌသာရ တောလားများနှင့် အခြားတေားလား၊ ရေလားများ” စာအုပ်မှ ကူးယူဝေငှ ဖေါ်ပြအပ်ပါကြောင်း။ ဓာတ်ပုံများကို အွန်လိုင်းမှ ရယူထားခြင်းဖြစ်သည်။


Sunday, September 5, 2010

တောလား+ရေလားမိတ်ဆက်


ဒီတစ်ခေါက်မြန်မာပြည်ကို ပြန်ရောက်စဉ်က ရန်ကုန်မြို့ရှိဘုရားများဆီ လှည့်လည်ဖူးမျှော်ရင်း ဘုရားစောင်းတန်းတွေမှာရှိတဲ့ စာအုပ်ဆိုင်ကြီး၊ ဆိုင်လေးတွေဆီလည်း ရောက်ဖြစ်ခဲ့သည်။ ကမ္ဘာအေးဘုရားစောင်းတန်းရောက်သောအခါ မိတ်ဆွေတစ်ယောက်၏ စာအုပ်ဆိုင်တွင် “တောလားနှင့်ရေလားများ” ဟုခေါင်းစဉ်တပ်ထားသော ရှားပါးစာအုပ်ငယ်တစ်အုပ်ကို ကံကောင်းထောက်မစွာတွေ့ရသဖြင့် ကျသင့်ရာဈေးပေးကာ ၀ယ်ခဲ့သည်။ ရွှေကျင်ရင်း စိန်ခဲတွေ့သူပမာ လွန်စွာပင် ၀မ်းသာမိတော့သည်။ သို့သော်လည်း----

“ဒုလ္လဘံ အစ္ဆရိယံ ၀ါ၊ လဒ္ဓါ ဒိဋ္ဌာ စ ဧကဒါ။
ပိယာ ပိယံ နုဿရန္တိ၊ သာယံ လောကမှိ ဓမ္မတာ”။
(တရံတခါ ရခဲသောပစ္စည်းကို ရရှိသောအခါမှာဖြစ်စေ၊ မြင်ရခဲသောအရာကို မြင်မိသောအခါမှာဖြစ်စေ၊ ကိုယ့်ချစ်သူများကို အောင့်မေ့အမှတ်တရရှိခြင်းသည် လောက၏ သဘောပင်ဖြစ်သည်။) ဟူသကဲ့သို့ ရှားပါးသော တောလား+ရေလားများကို လက်ဝယ်ပိုင်ဆိုင်မိသောအခါ မြန်မာစာပေ၏ရသကို တစ်ဦးတည်း မခံစားလိုရကား အွန်လိုင်းပေါ်မှ မြန်မာစာချစ်ပရိသတ်ကိုလည်း ဝေငှလိုစိတ်ဖြစ်ပေါ်လာခဲ့ရသည်။ ထို့ကြောင့် ယင်းစာအုပ်ကို အပင်ပန်းခံကာ တစ်နေ့တစ်နေ့ နိုင်သလောက် တင်ပေးသွားမည်ဟူသော စိတ်ကူးဖြင့် စတင်ရိုက်ဖြစ်ပါတော့သည်။

အခြေအနေအရ သူများနိုင်ငံမှာ နေရသော်လည်း မြန်မာစာပေကို နှစ်သက်မြတ်နိုးတတ်သောဝါသနာသည် အနည်းငယ်မျှပင် ပွန်းပဲ့သွားသည်ဟုမရှိသည့်အပြင် ပို၍ပင်တိုးလာလေသယောင်ထင်မိသည်။ စကားပြေကိုသာမက ပျို့ကဗျာ၊ ရတုရကန်၊ ဒွေး တြိ လေးချိုးများအပြင် တောလားများကိုလည်း အခါအားလျော်စွာ ဖတ်ရှုလေ့လာနေခဲ့သည်မှာ ဆယ်စုနှစ်များပင် ချီလေပြီ။

“တောလား” ဆိုသည်မှာ တောသို့ သွားစဉ် တောတောင်တို့၏ အလှအပနှင့် ကျေးငှက်သာရကာတို့၏ ဖိုမသဘာဝများကို စာဖတ်သူတို့ ကွင်းကွင်းကွက်ကွက်မြင်သာအောင် ရေးသားထားသော စာပေဖြစ်သည်။ ယင်းအနက် “လား” ဆိုသည်မှာ “ဂတိ” ဟူသောပါဠိစကားလုံးကို မြန်မာအမှူးပြုထားကြောင်း ပညာရှင်တို့ မှတ်ချက်ပြုခဲ့ကြသည်။ “လားရာဂတိ” ဟူရာ၌ကဲ့သို့ တောတောင်ဒေသတို့သည် ကျေးငှက်သာရကာတို့၏ ကျက်စားရာနယ်ပယ်ဖြစ်သောကြောင့် ယင်းတို့၏စိုးစံရာနယ်ပယ်ကိုလည်း “လား” ဟုခေါ်ကြောင်းဆိုပါသည်။ ထို့ကြောင့် “တောလား”ဟူသည် “တောတည်းဟူသောလားရာနေရာ”ဟုလည်း ဖွင့်ဆိုနိုင်သည်။ ယင်းဖွင့်ဆိုချက်အရ “တော” နှင့် “လား” သည် အဓိပ္ပါယ်တူဝေါဟာရဖြစ်ကြောင်း နားလည်နိုင်သည်။ ထို့ပြင် “အပါယ်လားသည်” ဟူသောစကား၌“လားသည်”ဟူသည်မှာ “သွားသည်”ကိုပင် ဆိုလိုကြောင်း စာဖတ်သူတို့ နားလည်ကြသည့်အလျောက် “တောလား” ဟူရာ၌လည်း “တောသွား”ဟူသောအဓိပ္ပါယ်ဖြင့် ယူဆနားလည်နိုင်သည်။ ယင်းအဓိပ္ပါယ်အရ တောသို့သွားခြင်းကို “တောလား”ဟုခေါ်ကြောင်း မှတ်သားနိုင်သည်။ “ရေလား” ဟူရာ၌လည်း အဓိပ္ပါယ်အတူပင်။

မြန်မာစာပေသည် ရာဇကုမ္မာရ်ကျောက်စာအရ ပုဂံခေတ်တွင် လွန်စွာမထွန်းကားသေးကြောင်း သိရှိရပြီး အင်းဝခေတ်ရောက်သောအခါ အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလာကြောင်း မြန်မာစာပေပညာရှင်များက မှတ်ချက်ပြုထားကြသည်။ အဘယ့်ကြောင့်ဆိုသော် အင်းဝခေတ်သည် မြန်မာစာဆိုများစွာကို မွေးထုတ်ပေးခဲ့သောကြောင့်ပင်ဖြစ်သည်။ အင်းဝခေတ်စာဆိုများစွာတို့အနက် အရှင်ဥတ္တမကျော်၊ အရှင်မဟာသီလ၀ံသနှင့် အရှင်မဟာရဋ္ဌသာရတည်းဟူသော မြန်မာစာဆို ရဟန်းမြတ်သုံးပါးသည် မြန်မာစာပေကို တစ်ခေတ်ဆန်းစေသောကြောင့် ယင်းတို့ထွန်းကားရာခေတ်ကို "The Burmese Renaissance" ဟုပင် ခေါ်တွင်ခဲ့ကြသည်။

အရှင်ဥတ္တမကျော်သည် ခုံတော်မောင်ကျဘမ်းနှင့် ခေတ်ပြိုင်ဖြစ်ပြီး ကျမ်းစာပေါင်း (၁၄) ခုမျှ ရေးသားခဲ့သည်ဆိုသော်လည်း တောလားကိုးပုဒ်ကိုသာ နှောင်းလူတို့ လေ့လာခွင့်ရကြသည်။ ယင်းတောလားများသည် မြန်မာစာပေနယ်ပယ်တွင် လွန်စွာတွင်ကျယ်ပျံ့နှံ့လျှက်ရှိရာ မသိသူမရှိသလောက်ပင် ကျော်ကြားလှသည်။ သူ၏တောလားများကျော်ကြားရခြင်း၏ အကြောင်းများစွာတို့အနက် အဆုံးသတ်ပိုဒ်များကို လ-အက္ခရာတွင်တွင်သုံးကာ ရေးသားထားခြင်းသည်လည်း အဓိကအကြောင်းတစ်ရပ်အဖြစ်ပါဝင်ကြောင်း မှတ်သားနိုင်သည်။ “သီးမျိုးခိုင်ညှာ၊ လ-ပြွတ်တည်း”၊ “ဘီလူးသွားကို၊ လ-ဖြဲတည်း”၊ “တောကြက်တောင်ပံ၊ လ-ဖြုန်းတည်း”၊ မုဆိုးခြုံက၊ လ-ချောင်းတည်”၊ “မိုးမှာရွှေကြယ်၊ လ-ဥတည်း”၊ “ရွှေဘောင်(ဖေါင်)မြစ်ညာ၊ လ-ဆန်တည်း”၊ “တရားဓားသို့၊ လ-ထစ်တည်း”၊ “ပြုစုပျိုးထောင်၊ လ-မွေးတည်း”၊ “မြဲစွာဖြစ်လိမ့်၊ လ-မှန်း (မှန်)တည်း”၊ ဟူ၍ လ-အက္ခရာကို ပုံစံမျိုးစုံသုံးကာ ရေးသားထားရာ ဖတ်မိသူတို့သွားများပင် လေဟတ်ဘွယ်ဖြစ်ချေတော့သည်။

အရှင်မဟာသီလ၀ံသနှင့် အရှင်မဟာရဋ္ဌသာရတို့နှစ်ပါးမှာ ခေတ်ပြိုင်စာဆိုများဖြစ်ကာ စကားပြေအရေးအသားထက် ပျို့ကဗျာအရေးအသားဘက်တွင် ပိုမိုအားသန်ကြကြောင်း ယင်းတို့၏ စာပေလက်ရာများက သက်သေထူလျှက်ရှိသည်။ အရှင်မဟာသီလ၀ံသ၏ “ဓမ္မပါလာပျို့” နှင့် အရှင်မဟာရဋ္ဌသာရ၏ “ဂမ္ဘီသာရပျို့” တို့သည် စာဆိုအရှင်တို့၏ အနှိုင်းမဲ့လက်ရာများပင်ဖြစ်တော့သည်။ ယင်းတို့နှစ်ပါးအနက် အရှင်မဟာသီလ၀ံသ၏ စာပေနယ်ပယ်တွင် တောလားများရေးခဲ့သည်ကို မှတ်တမ်းများအရ မသိရသော်လည်း အရှင်မဟာရဋ္ဌသာရ၏ စာပေလက်ရာများတွင် တောလားများပါဝင်နေသည်ကို တွေ့ရသည်။ အရှင်မဟာရဋ္ဌသာရကိုယ်တော်သည် “အောင်ဇေယျတု” ချီ တောလား (၄)ပုဒ်ကို ရေးသားခဲ့ကြောင်း သိရသည်။

ရတုနှင့် တောလားရေဟန်သည် အမှတ်တမဲ့ကြည့်လျှင် တူသယောင်ရှိသော်လည်း ရှေ့နောက် အချီအချညီအောင် ရေးထားလျှင် ရတု၊ မညီလျှင် တောလားဟု အကြမ်းဖျဉ်းအားဖြင့် မှတ်ယူနိုင်သည်။ ဥပမာအားဖြင့် မြန်မာစာပေတွင် နာမည်ကျော်ကြားဆုံးရတုတစ်စုံဖြစ်သော လက်ဝဲသုန္ဒရ၏ “မဲဇာတောင်ခြေ”ချီရတု (၃)ကို လေ့လာနိုင်သည်။ ရတုကို များသောအားဖြင့် သုံးပိုဒ်စုံရေးလေ့ရှိသော်လည်း တောလားများကိုမူ စာရေးသူ၏ အာအော်အလိုက်ရေးလေ့ရှိကြောင်း လေ့လာမှတ်ပြုနိုင်သည်။ တောလားကို စာဆိုများစွာတို့ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရေးသားခဲ့ကြသော်လည်း အရှင်ဥတ္တမကျော်၏ တောလား (၉)ပုဒ်သည်သာ ယနေ့ခေတ်တွင် ထင်ရှားလျှက်ရှိသည်။ တောလားရေးခဲ့သော စာဆိုတို့မှာ---
(၁) အရှင်ဥတ္တမကျော် (၉) ပုဒ်
(၂) အရှင်မဟာရဋ္ဌသာရ (၄) ပုဒ်
(၃) ဆရာတော်ဦးဗုဒ် (၃) ပုဒ်
(၄) အရှင်ဇယန္တာဘိဓဇ (၃) ပုဒ်
(၅) န၀ဒေးကြီး (၆) ပုဒ်
(၆) လှော်ကား သုံးထောင်မှူး (၃) ပုဒ်
(၇) ရွှေတောင်ရာဇကျော်သူ (၃) ပုဒ်
(၈) တွင်းသင်းမင်းကြီး (၃) ပုဒ် နှင့်
(၉) စလေဦးပုည (၃) ပုဒ် အားဖြင့် (၉) ဦးသော စာဆိုရှင်တို့က အသီးအသီးရေးသားခဲ့ကြကြောင်း မှတ်တမ်းများအရသိရသည်။

ယင်းတောလားများအပြင် ရှေးစာဆိုတို့က ရေလားများကိုလည်း ရေးသားခဲ့ကြသေးသည်။ ရေလားစာဆိုတို့မှာ--
(၁) မင်းသမန္တရာဇာ (၃) ပုဒ်နှင့်
(၂) ထောင်သင်းမှူး (၅) ပုဒ်တို့နှစ်ဦးကိုသာ မှတ်တမ်းအရ သိရှိရသည်။ ယင်းတောလားနှင့် ရေလားများကို မြန်မာကဗျာဝါသနာအိုးများအတွက် အခါအားလျော်စွာ တင်ပေးသွားမည်ဖြစ်သည်။ သို့သော်လည်း အရှင်ဥတ္တမကျော်၏ တောလား (၉)ပုဒ်ကို စာဂျပိုးမလေးမေဓာဝီဘလော့ဂ်တွင် မြန်မာ+အင်္ဂလိပ်နှစ်ဘာသာဖြင့် ပြည့်ပြည့်စုံစုံ သွားရောက်ဖတ်ရှုနိုင်သောကြောင့် ဤဘလော့တွင် လက်ညောင်းခံပြီး တင်တော့မည်မဟုတ်ကြောင်း အသိပေးအပ်သတည်း။