“ဟားဟားဟားဟား---------------”
ရယ်လိုက်တာပါ။ ရယ်ချင်လို့။ အဲဒီလို ဘာမှ အကြောင်းမရှိပဲ အခြောက်တိုက်ရယ်လိုက်တဲ့ လူမျိုးကို အရူးလို့ ခေါ်ကောင်းခေါ်မှာပေါ့။ ဟုတ်တယ်။ တွေ့ဖူးတဲ့ အရူးတွေ တစ်ယောက်တည်း ပြုံးပြုံးပြုံးပြုံးနဲ့ ပါးစပ်ကလဲ ပွစိပွစိ လုပ်နေတတ်ကြတယ်။ ဘေးက လူကောင်းလို့ (အရူးမဟုတ်ဘူးလို့) ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ လူတွေက အဲဒီလို လုပ်နေတာကို မြင်ရတဲ့အခါ “ဟိုအရူး တစ်ယောက်တည်း ဘာပြုံးနေလဲ မသိဘူး” လို့ပြောမှာပေါ့။ တစ်ခါတလေ တစ်ယောက်တည်းနေပြီး ပြုံးနေမိတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်တွေးကြည့်တယ် “ငါ ရူးများ နေပြီလား” ဆိုပြီးတော့။ ဒါပေမဲ့ ဘာကြောင့် ပြုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကိုသာ အသိဆုံးပါ။
အဲဒီတော့ ပြုံးရယ်ခြင်းကို
(၁) လူကောင်းတွေ ပြုံးရယ်ခြင်းနဲ့
(၂) လူရူးတွေ ပြုံးရယ်ခြင်းလို့ အကြမ်းဖျဉ်း နှစ်မျိုးသတ်မှတ်နိုင်တယ်ပေါ့။
ကိုယ့်ကိုယ်ကို အခုအချိန်ထိ အရူးလို့ အသိအမှတ်မပြုသေးတဲ့အတွက် တစ်နည်းတော့လဲ အရူးမဖြစ်ဖူးသေးလို့ (အရူးသာ မဖြစ်ဖူးသေးတာ၊ ရူးတော့ရူးဖူးသဗျာ့) “အရူးတွေ ဘာကြောင့် ပြုံးရယ်ကြသလဲ” ဆိုတဲ့ မေးခွန်းကို မဖြေနိုင်သေးပါ။ “ဖြေနိုင်သူများကို ကြိုဆိုပါသည်”။ ကျုပ်ကတော့ အရူးတွေဟာ ပြုံးချင်လို့ ပြုံးတာလို့ပဲ အောင့်မေ့မိသဗျား။ ဒါကြောင့် ဒီနေရာမှာ လူကောင်းတွေ ပြုံးရယ်ခြင်းနဲ့ ပတ်သက်ပြီးတော့ပဲ ဆွေးနွေးပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ လူရူးတွေက ပြုံးချင်လို့ဆိုတဲ့ အကြောင်းတစ်ခုကိုပဲ အခြေခံပြီး ပြုံးကြတာ။ လူကောင်းဆိုသူတွေကတော့ ပြုံးရခြင်းအကြောင်း ကုဋေကဋာကို အခြေခံပြီး ပြုံးကြပေသကိုး။ စာကြီးပေကျယ်တွေမှာ လာတဲ့ ပြုံးရယ်ခြင်း (၆)ပါးတို့၊ စိန္တကျော်သူ ဦးသြရေးတဲ့ ရယ်ခြင်းကြီး (၃)ပါးတို့ ဆိုတာတွေကိုတော့ သက်ဆိုင်ရာ စာအုပ်တွေမှာပဲ ရှာဖတ်ကြပေတော့။ ဒီနေရာမှာတော့ ကျုပ်နဲ့ ကျုပ်အပေါင်းအသင်းတွေ ဘာကြောင့် ပြုံးရယ်ကြသလဲဆိုတာကိုပဲ ပြောပြချင်သဗျား။ (“ကျုပ်” လို့ သုံးနှုံးတာကိုတော့ ခွင့်လွှတ်ကြပါဗျာ၊ ဆရာကြီးလေသံနဲ့ သုံးတာမဟုတ်ပါဘူး၊ ဒီလိုမှ မသုံးရင် မဖြစ်တဲ့ အခြေအနေမို့ သုံးလိုက်ရတာပါ။ မေးမြန်းခြင်းသည်းခံပါ။)
တောင်သမန်အင်းစောင်းက သမီးချောချောလေး နှစ်ယောက် (ထွန်းအိန္ဒြာဗိုရဲ့ တူမအရင်းများ) မွေးထားတဲ့ အမျိုးသမီးကြီးတစ်ယောက်က ကျုပ်ကိုတွေ့တိုင်း “မောင်ပြုံးချို” လို့ခေါ်လေ့ရှိတယ်။ ကျုပ်က အမြဲပြုံးနေလို့ ဆိုပဲ။ သူပြောမှပဲ ကိုယ့်ကိုယ်ကို “ပြုံး” နေမှန်းသိရတော့တယ်။ ဒါပေမဲ့ မောင်းမကန်ရွာက ပိုက်ဆံအတော်ချမ်းသာတဲ့ အမကြီးတစ်ယောက်ကတော့ သူ့ညီမနဲ့ ညိတိတိဖြစ်နေတဲ့ ကျုပ်ကို “မျက်နှာ အပိုးကို မသေးဘူး၊ အမြဲတမ်း စပ်ဖြဲဖြဲနဲ့” တဲ့။ သူပြောမှပဲ ကိုယ့်ကိုယ်ကို “ဖြဲ”မှန်း သိရတော့တယ်။ အဲဒီမှာတင် ကျုပ်မျက်နှာပေါ်က သဘာဝအလျောက်ပြုံးနေတဲ့ အပြုံးဟာ အဓိပ္ပါယ် နှစ်မျိုးနှစ်စား ကွဲပြားသွားသဗျာ။ တစ်ဦးယောက်က “ပြုံး” တယ်လို့သတ်မှတ်တယ်။ အခြားတစ်ယောက်က “ဖြဲ”တယ်လို့ ယူဆပြန်တယ်။
ပြန်စဉ်းစားကြည့်တော့လဲ သူ့အဓိပ္ပါယ်နဲ့သူ ရှိနေပြန်ရော့ဗျို့။ တောင်သမန်ဘွားတော်က သမီးနှစ်ယောက်နဲ့ စားသောက်ဆိုင်ဖွင့်ထားလေတော့ ပုံမှန်လာအားပေးတဲ့ ကျုပ်ကို ဖေါက်သည်အထာနဲ့ ပြုံးတယ်လို့ မြင်တယ်။ မောင်းမကန်က အမကြီးကတော့ သူ့ညီမနဲ့ သဘောမတူလို့ (မျက်နှာလိုမျက်နှာရပြုံးပြရရှာတဲ့) ကျုပ်ကို ဖြဲတယ်လို့ မြင်တယ်။ တကယ်တော့ ကျုပ်တစ်ယောက်တည်းပါဗျာ။ ကြည့်သူတွေ အမြင်မတူလို့ ကျုပ်ခမျှာ အရှင်လတ်လတ်နဲ့ ပြုံးတစ်လှဲ့၊ ဖြဲတစ်ခါ ဖြစ်နေရရှာတာ။ တကယ်တော့ အမြဲတမ်းပြုံးနေတာလဲ သိပ်တော့ မကောင်းလှဘူး ထင်တယ်။ အဲလို အမြဲတမ်းပြုံးပြုံးပြီးနေတတ်လို့ ကျုပ်ကို မြင်သူတွေ အဓိပ္ပါယ်အမျိုးမျိုးကောက်ပြီး အယူလွဲနေကြတာ။ တကယ်တော့ ကျုပ်ပြုံးတာ ရိုးရိုးလေး။ ပြုံးချင်လို့ ပြုံးတာ။ အရူးပြုံးလေးပေါ့။
ကျုပ်အသိတွေ အများကြီးရှိတဲ့အထဲက သတိထားမိသလောက် အချို့လူတွေက ရိုးရိုးသားသားပြုံးကြတယ်။ အချို့အချို့ရဲ့ အပြုံးကိုတော့ မရိုးသားဘူးလို့ မြင်မိတယ်။ ဆိုလိုတာက အပြုံးနောက်ကွယ်မှာ အဓိပ္ပါယ်တစ်မျိုးမျိုးရှိနေတတ်တယ်။ အဲဒီအဓိပ္ပါယ်ကို ဖေါ်မိရင် သူတို့ပြုံးတဲ့ အပြုံးဟာ တော်တော် နာချင်စရာကောင်းတယ်။ ကျုပ်လဲ တစ်ခါတလေ အဲလို အဓိပ္ပါယ်ပါတဲ့ အပြုံးမျိုး သတိလက်လွတ် ပြုံးမိတာတွေ ရှိတယ်။ အဲဒီလိုအခါမျိုးမှာ သတိထားပြီး မျက်နှာအနေအထားကို ချက်ချင်းပြန်ပြင်ယူရတယ်။ ကိုယ့်အပြုံးကြောင့် တစ်ဖက်သား နာကျင်သွားမှာစိုးလို့။ ဒီလို အပြုံးမျိုးကို “လှောင်ပြုံး” လို့ သတ်မှတ်နိုင်တယ်။ လှောင်ပြုံး အပြုံးခံရတဲ့သူဟာ အဲဒီနောက်ကွယ်မှာရှိတဲ့ ဇာတ်လမ်းအကြီးအသေးလိုက် နာကျင်မှု ဖြစ်ရတတ်တယ်။
အချို့ကျတော့ ဘာမှန်းမသိဘူး။ သူများတွေ ပြုံးကြရယ်ကြတာတွေ့ပြီး ဘုမသိဘမသိနဲ့ ရောယောင်ပြီး ပြုံးလိုက်ရရှာတယ်။ ဒါမျိုးအပြုံးကိုတော့ ကျုပ်က နာမည်တစ်ခုပေးချင်တယ် “ယောင်ပြုံး” လို့။ ဟုတ်တယ်လေ။ တစ်ခါတစ်ခါ ကြုံဖူးကြမှာပါ။ ကျုပ်လဲ မကြာခဏကြုံဖူးတယ်။ ကိုယ်ကိုယ်တိုင် ဘာအဓိပ္ပါယ်မှန်းလဲမသိလိုက်ပဲနဲ့ သူများတွေကြည့်ပြီး ရောယောင်ပြုံးလိုက်ရတာ။ နောက်မှ ဘေးကလူကို မေးရတယ်။ ဘာလို့ ရယ်ကြတာလဲလို့။ အခုဆို ပိုဆိုးသေး။ အတန်းထဲမှာ စာသင်တဲ့ဆရာက တစ်ခါတစ်လေ ရယ်စရာထည့်ပြောလိုက်ရင် အင်္ဂလိပ်တွေနဲ့ အင်္ဂလိပ်ကောင်းကောင်းနားလည်တဲ့ လူတွေက တဟားဟားနဲ့ ရယ်နေကြတဲ့အချိန် ကိုယ်က တစ်ခါတစ်ခါ ဘာပြောလိုက်မှန်းမသိဘူး။ ဒါပေမဲ့ မင်သေသေလုပ်ပြီး သူများလိုပဲ တဟားဟား လုပ်လိုက်ရတယ်။ (ကိုယ့်အကြောင်းကိုယ်ပြောရတာ ရှက်မိသေးတော့၏)။
အချို့ကျပြန်တော့ အရှုံးတစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ ရင်ထဲစိတ်ပျက်အားငယ်နေပေမဲ့ ကိုယ့်အားငယ်စိတ်ကို ဖုံးဖိတဲ့အနေနဲ့ သူ့ပတ်ဝန်းကျင်ကို ပြုံးပြရရှာတယ်။ ဒီအပြုံးမျိုးကိုတော့ လူတွေက “မချည့်ပြုံး” ခေါ်ကြလေရဲ့။ မချည့်မဆန့်ခံလိုက်ရတဲ့ထဲက ကျိုးစားပြီး ပြုံးလိုက်ရတဲ့ အပြုံးမျိုး။ ကျုပ်လဲ ဒီအပြုံးမျိုး ခဏခဏ ပြုံးခဲ့ရဖူးတယ်။ နောင်လဲ ပြုံးနေရဦးမှာပါပဲ။ ရုန်းကန်လှုပ်ရှာနေရတဲ့ ဘ၀ဒွန္နယာထဲမှာ ရှုံးနိပ်မှုဆိုတာ ရင်ဆိုင်ရမြဲပဲ မဟုတ်လား။ ဒီတော့ အားယူပြီး ပြုံးနေရမှာပဲ။ နောက်ကွယ်မှာတော့ ငိုချင်ငိုမှာပေါ့။ ဒီအပြုံးမျိုးဟာ လိုအပ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကို လိုလားတဲ့လူ၊ မလိုလားတဲ့ လူရယ်လို့ နှစ်မျိုးရှိတဲ့ အထဲမှာ ကိုယ်ရှုံးနှိပ်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ လိုလားတဲ့သူက သနားမယ်။ မလိုလားတဲ့သူက ၀မ်းသာမယ်။ အဲဒီနှစ်မျိုးလုံးကို ကာကွယ်နိုင်ဖို့အတွက် ရှိစုမဲ့စု အင်အားတွေ စုပြီး ပြုံးကို ပြုံးရမယ်။ ဒါကတော့ ကျုပ်ဝါဒပဲ။
နောက်တစ်မျိုးက “မဲ့ပြုံး”။ အထက်မှာပြောခဲ့တဲ့ မချည့်ပြုံးနဲ့ တူသယောင်ယောင်ရှိတယ်။ ဒါပေမဲ့ စဉ်းစားကြည့်တော့ အဓိပ္ပါယ်အများကြီးကွဲပြားမှုရှိတာတွေ့ရတယ်။ အပြုံးများစွာထဲမှာ ဒီ “မဲ့ပြုံး”ဟာ အဓိပ္ပါယ် အများဆုံး ပါနိုင်တဲ့ အပြုံးမျိုးပဲလို့ ကျုပ်ကတော့ ယူဆတယ်။ ဒီပြုံးမျိုးဟာ တစ်ဘက်သားကို အန္တရာယ်ပေးတတ်တယ်။ ရန်သူကို လက်တုန့်ပြန်တတ်တယ်။ အငြှိုးအတေးသဘောပါတယ်။ နိုင်ကွက်ကို ရှာတတ်တယ်။ “မင်းတော့လားကွာ၊ တစ်နေ့တွေ့မယ်” ဆိုတဲ့ ဂလဲ့စားချေလိုတဲ့ ဆန္ဒကို အရင်းခံတယ်။ ဒါကြောင့် ဒီအပြုံးမျိုး မပြုံးမိအောင်တော့ သတိထားရလိမ့်မယ်။ အထူးသဖြင့် ရန်သူကို နိုင်လောက်တဲ့ အနေအထားမျိုးမှာဖြစ်စေ၊ နိုင်လိမ့်မယ်လို့ ထင်တဲ့အခါမျိုးမှာဖြစ်စေ ဒီလို အပြုံးမျိုး ဖြစ်ပေါ်တတ်တယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ ကျုပ်တော့ နိုင်ရမည့်ရန်သူတစ်ယောက်မှ မရှိဖူးလို့လား မသိဘူး။ ဒီလိုအပြုံးမျိုး ပြုံးဖူးတယ်လို့ မမှတ်မိဘူး။
ချစ်သူအချင်းချင်းတွေ့တဲ့အခါမှာ ပြုံးတဲ့ အပြုံးက တစ်မျိုးဗျို့။ ဒီအပြုံးက နာမည်ပေးရတာခက်သဗျာ့။ အချစ်ပြုံးလို့ပေးရအောင်ကလဲ မလှသလိုပဲ။ လောလောဆယ်တော့ ဒီလိုပဲ ခေါ်ကြစို့ “အချစ်ပြုံး” ပေါ့။ ချစ်ဖူးသူတိုင်း ကောင်းကောင်းသိကြပေသမို့ ဘာဖြစ်လို့ပြုံးသလဲ ဆိုတာ ရှင်းတော့ပါဘူး။ ဒါပေမဲ့ ကျုပ်ကိုယ်တိုင် ကျုပ်ချစ်သူနဲ့တွေ့တဲ့အခါ ပြုံးဖူးတဲ့ အပြုံးတွေကို ပြန်စဉ်းစားကြည့်ရင် အဓိပ္ပါယ် တစ်ခုနဲ့ တစ်ခု အတော်ကွဲပြားနေတာ တွေ့ရတယ်။ ချစ်သူလဲ ဒီချစ်သူပဲ၊ အပြုံးလဲ ဒီအပြုံးပဲ။ နို့ပေမဲ့ အချိန်ကာလပေါ်မူတည်ပြီး အပြုံးတွေဟာ အဓိပ္ပ္ပါယ်ကွဲနေတာ တွေ့ရတယ်။ ဥပမာဗျား---ချိန်းတဲ့နေရာ ချစ်သူကရောက်မလာဘူး၊ ရင်ထဲမှာ ပူလောင်ပြီးတော့ ဘယ်လိုနေရမှန်းမသိဘူး။ ဗိုက်ထဲရှိတဲ့ အူတွေ ကလီစာတွေ လည်ပင်းလာဆို့နေသလားတောင် အောင့်မေ့ရတယ်။ ဒါပေမဲ့ ချစ်သူရောက်လာတဲ့အခါကျတော့ ဆို့နေတဲ့ အလုံးမှန်သမျှ လျောကျပြီးတော့ သက်ပြင်းရှည်ရှည်ချပြီး မျက်နှာမှာ အပြုံးပေါ်လာတယ်။ “အလုံးကျပြုံး” လို့တောင် နာမည်ပေးရမလိုဖြစ်နေပြီ။
တစ်ခါတလေတော့လဲ လူရှေ့သူရှေ့ ကိုယ့်ချစ်သူလက်ကလေး ကိုင်ပြီး လမ်းလျှောက်နေရတဲ့အပေါ် စိတ်ထဲက အလိုလို ကြည်နူးနေမိတယ်။ ရည်းစားမရှိသေးတဲ့ သူငယ်ချင်းတွေ ရှေ့မှာ တွဲပြရတဲ့အခါမျိုးဆို ပိုတောင် အရသာရှိသေးဗျား။ “မစွံတဲ့ ကောင်တွေ၊ ကြည့်ထား ငါ့ကို” ဆိုတဲ့ ကြွားစိတ်လေးနဲ့ပေါ့။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကို ပြုံးနေမှန်းတောင် သတိမထားမိဘူး။ “ကြွားပြုံး” လေးပေါ့။ ဘေးက သူငယ်ချင်းတစ်ယောက်ယောက် လှမ်းအော်မှ သတိထားမိတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေဆို “ဟေ့ကောင်ကြီး မင့်မျက်ခွက်ကြီး ဘယ်ဆီအိုးထဲ သွားနှစ်ခဲ့တာလဲ” လို့ လှမ်းလှမ်းအော်ကြတယ်။ အဲလိုအခါမှာဆို ကျုပ်က မကြားချင်ယောင်ဆောင်ပြီး ချစ်သူ့မျက်နှာလေးကို ငို့ကြည့်ပြီး ပြုံးပြလိုက်တယ်။ အဲဒီအပြုံးမှာ သူ့အဓိပ္ပါယ်နဲ့သူပဲ။ “ချစ်ချစ်တွေ့လား၊ ဒီကောင်တွေ ကိုကို့ကို မနာလိုဖြစ်နေပြီ” ဆိုပြီး ချစ်သူ့ပုခုံးလေးကို သိမ်းဖက်လိုက်တဲ့အခါ ချစ်သူက “အို ကိုကလဲ၊ လူရှေ့သူရှေ့ ရှက်စရာကြီး” လို့တိုးတိုးလေးညုပြီး ငို့သွားတဲ့ ခေါင်းလေးအောက်က မျက်နှာကို ကြည့်မယ်ဆိုရင် ချစ်သူ့မျက်နှာပေါ်မှာ အပြုံးတစ်မျိုးကို တွေ့ရမှာပေါ့။ အဲဒါတော့ “ရှက်ပြုံး” လို့ ခေါ်စေပေါ့။ ဟုတ်တယ်ဟုတ်။
ဒီလိုနဲ့ လူကောင်းဆိုသူတွေရဲ့ အပြုံးကို လိုက်ကြည့်လိုက်မယ်ဆိုရင် ရေတွက်လို့တောင် ကုန်နိုင်မှာမဟုတ်ဘူး။ အဓိပ္ပါယ်တစ်မျိုးပါတဲ့ အပြုံးကို တစ်ခုလို့ရေတွက်ပြီး နာမည်တပ်မယ်ဆိုရင်တော့ အပြုံးအဓိပ္ပါယ်ကို ဖွင့်ဆိုတဲ့ ကျမ်းစာပေါင်း အတွဲတော်တော် ရေးရလိမ့်မယ်ထင်ပါရဲ့။ အပြုံးဆိုတာ တစ်ယောက်တည်းရှိတဲ့အခါလဲ ပြုံးတာပဲ။ အများနဲ့နေတဲ့အခါလဲ ပြုံးတာပဲ။ ကျုပ်ကတော့ အဲဒီနှစ်မျိုးထဲက တစ်ယောက်တည်းရှိတဲ့အခါ ပြုံးတဲ့အပြုံးက ကိုယ်နဲ့ပဲ တိုက်ရိုက်သက်ဆိုင်တယ်၊ သူများနဲ့နေတဲ့အခါ ပြုံးတဲ့အပြုံးကျတော့ အများနဲ့ပါဆိုင်သွားပြီ လို့ယူဆတယ်။ ဒါကြောင့် အများနဲ့နေတဲ့အခါ ကိုယ့်အပြုံးကြောင့် တစ်ဘက်သား စိတ်အနှောက်အယှက်မဖြစ်အောင်တော့ သတိထားပြီး ပြုံးရလိမ့်မယ်။ အထူးသဖြင့် အားငယ်နေတဲ့ သူရှေ့မှာ အထင်သေးတဲ့ အပြုံးမျိုးဟာ တစ်ဘက်သားကို လုံးဝနာကျင်စေတတ်လို့ အဲဒီအပြုံးမျိုးမဖြစ်အောင်တော့ အတော့်ကို သတိထားပြီး ရှောင်ရှားဖို့လိုတယ်။ မေတ္တာအခြေခံတဲ့ အပြုံးမျိုးကိုသာ လှိုင်လှိုင်ကြီး ပြုံးနိုင်ကြပါစေလို့ ဆန္ဒပြုပါကြောင်း။
2 comments:
အမလေးမောင်လေးရေ..မောင်လေးအပြုံးတွေနဲ့ ကို အမတော့ရူးသွားနိုင်တယ်ထင်တယ်။ ဒါတောင်ကျန်သေးတယ်ထင်တယ် ငါးရံ့ ပြုံးတို့  ငါးသလောက်ပြုံးတို့ ၊ ရွဲ့ ပြုံး တို့ ခနဲ့ ပြုံးတို့ လေး))
ကဲ့ ခုကစပြီးကိုမငိးထက်လို့ခေါတော့ဘူး
ကိုပြုံးထက်လို့ခေါလိုက်ပြီးနော်..။ကိုယ်နံမည်ကို
မှတ်ထားနော်..။ကိုပြုံးထက်ရေ...
နံမည်ပေးကင်ပွန်းတပ်ကိုတော့ပို့စ်
တခုလောက်ရေးပေးပါအုံးနော်ကိုပြုံးထက်ရေ..။
Post a Comment