Sunday, November 8, 2009

တမ်းချင်းရတု


တွေးမိပါသည်----ဟိုတိတ်ဆီက၊
မြစ်ရည်ဝန်းကျယ်၊ ကျွန်းပင်လယ်မှာ၊
လှေငယ်ခတ်လှော်၊ မြစ်ကိုကျော်၍၊
တောင်ပေါ်တက်ဆင်း၊ အပေါင်းသင်းတို့၊
သီချင်းကြော်ကြော်၊ တပျော်ပျော်နှင့်၊
ဟိုအော်ဒီဟစ်၊ ငှက်လဲပစ်သေး၊
တောချစ်တောင်ပျော်၊ အပေါင်းဖေါ်တို့၊
ခုသော်ဘယ်ဆီ၊ ရောက်ကြမည်ကို၊
တွေးရီစိတ်ဝမ်း၊ ရင်မှာတမ်းသည်၊
ငယ်စဉ်ကာလ မြူးသောကြောင့်။

ဆွေးမိပါသည်
----ငယ်ပေါင်းဆီသို့၊
ချစ်ကြည်ညွတ်နူး၊ လတခူးမှာ၊
ရွှင်မြူးအားကျယ်၊ သင်္ကြံလည်၍၊
ဆုရွယ်နောင်ရေး၊ အကြောင်းတွေးကာ၊
မြတ်လေးသခင်၊ ဘုရားရှင်ထံ၊
လိုချင်သမျှ၊ စိတ်တိုင်းကျအောင်၊
ရင်မှဖြစ်တည်၊ တောင်းဆုသီခဲ့၊
တူညီဆန္ဒ၊ နှစ်ဖြာလှဖို့၊
ဘ၀ပုံဖေါ်၊ ချစ်သဲကျော်လဲ၊
ခုသော်ဘယ်ဆီ၊ ရောက်နေပြီတည့်၊
ရာသီစက်ဟောင်း၊ ခါခါပြောင်းလင့်၊
မပြောင်းရင်မှာ၊ လွမ်းလှပါသည်၊
ရွယ်တင်ကာစ ရူးသောကြောင့်။

ရေးမိပါသည်----ကဗျာစီ၍၊
ဌာနီချစ်ဟောင်း၊ ငယ်အပေါင်းသို့၊
လွမ်းကြောင်းမှန်ရော်၊ ဤစာချွန်သည်၊
အကျွန်နှလုံး၊ သည်ဖြစ်ထုံးကို၊
ချစ်ဆုံးထံမှောက်၊ အမြန်ရောက်အောင်၊
ပို့ဆောင်တင်သ၊ အ၀င်ခစေ၊
မြင်ရကြားရ၊ သူသိရလျှင်၊
သူမရင်ခွင်၊ ချစ်မ၀င်လဲ၊
ငါလျှင်အသဲ၊ ရင်နုထဲမှာ၊
အမြဲရှိကြောင်း၊ သူသိကောင်းစေ၊
ဆုတောင်းချွေပြု၊ သပြေနုနှင့်၊
ငွေခရုစင်၊ နှလုံးတင်သည်၊
ကယ်တင်ပါမှ ထူးသောကြောင့်။

1 comment:

မြတ်လေးငုံ said...

ကဗျာလေးကို သေချာလာဖတ်ပြီး
ခံစားသွားပါတယ်။ ကိုမင်းထက်ရေ..
ကျမ ကဗျာကို ငယ်ငယ်တည်းက
အရမ်းမြတ်နိုးပြီး တန်းဘိုး
ထားခဲ့တဲ့သူတယောက်ပါ။
နောက်ကိုလဲအမြဲအားပေးနေပါ့မယ်ရှင်..။