Monday, January 12, 2009

ကျနော်နှင့် လျှို့ဝှက်လှိုင်ခေါင်း


ဟိုးတောင်ထိပ်မှာ မြင်နေရတဲ့ ထုံးဖြူဖွေးဖွေးနဲ့ စေတီတော်လေးကို ဖူးချင်ဇောနဲ့ ကျနော်တစ်ယောက်တည်း တောင်ပေါ်အရောက် တက်လာခဲ့ရတယ်။ စေတီတော်ခြေရင်းရောက်တော့ သုံးကြိမ်သုံးခါ ဦးချကန်တော့လိုက်တယ်။ မိုးကောင်းကင်ပေါ်သို့ ထိုးတက်နေတဲ့ စိန်ဖူးတော်လေးကို တစ်စိမ့်စိမ့်ကြည့်ရင်း ရေးမပြနိုင်လောက်တဲ့ အေးမြမှုတစ်မျိုး ကျနော့်ရင်ထဲ တိတ်တခိုးဝင်ရောက်လာတာ သတိထားလိုက်မိတယ်။ “အော် အေးချမ်းလိုက်ပါဘိတော့ ဘုရားရိပ်၊ ငြိမ်းချမ်းလိုက်ပါဘိတော့ တရားရိပ်” ရယ်လို့ တီးတိုးကျူးရစ်သံလေးတစ်ချက်ကို ကျနော်မှတ်မှတ်ရ ပြုလိုက်တယ်။

မိုးကောင်းကင်ပြာပြာကြီး နောက်ခံပြုထားတဲ့ စေတီတော်ကို ကျနော် ဘယ်လောက်ကြာကြာ မော်ဖူးနေတယ်မသိ၊ လေပြေးတစ်ချက်အဝှေ့မှာ ချမ်းစိမ့်စိမ့်ဖြစ်လာမှ ထိုင်နေရာကနေ ထလိုက်ပြီးတော့ စေတီတော်ရဲ့ပတ်ဝန်းကျင်ကို လျှောက်ကြည့်မိတယ်။ လူသူအရောက်အပေါက်မရှိတဲ့ စေတီတော်လေးရဲ့ခြေတော်ရင်းမှာ သစ်ရွက်ခြောက်တွေ၊ သစ်ကိုင်းခြောက်တွေ ဗလပွပုံအောနေတာ သတိထားလိုက်မိတယ်။ ကျနော်ဆုံးဖြတ်ချက် တစ်ခုချလိုက်တယ်။ ငါတစ်ယောက်တည်း ဒီအမှိုက်သရိုက်တွေကို ရှင်းလင်းပြီး ငါတစ်ယောက်တည်း ကုသိုလ်ယူပစ်လိုက်မယ် လို့။

အနီးအနားမှာပေါက်ရောက်နေတဲ့ သစ်ပင်တစ်ပင်ကနေ လက်လှမ်းမီရာ သစ်ကိုင်းစိုတစ်ကိုင်းကို ချိုးလိုက်ပြီး အစီအရီတွဲခိုနေတဲ့ ရွက်လေးတွေကို အနည်းငယ် ခြွေပစ်လိုက်တယ်။ ပြီးကျမှ အဲဒီသစ်ကိုင်းကို တံမြက်စည်းလိုအသုံးပြုပြီး အမှိုက်တွေကို စတင်ရှင်းလင်းလိုက်တယ်။ ရင်ပြင်တော်ပေါ်မှာပေါက်ရောက်နေတဲ့ မျက်ပင်ငယ်လေးတွေကိုလဲ နိုင်သလောက်ဆွဲနှုတ်ပစ်လိုက်တယ်။ ဒီလိုနဲ့ စေတီတော်ရဲ့ အရှေ့မြောက်ထောင့်ဘက်ရောက်လာတော့ ထောင့်မှာပေါက်နေတဲ့ လူတစ်ရပ်သာသာရှိ သစ်ပစ်ငယ်လေးတစ်ပင်ကိုတွေ့ရတယ်။ အဲဒီပင်အောက်က အမှိုက်တွေကိုရှင်းရင်း အပင်ပေါ်မှာ ရှိတဲ့ ရွက်ခြောက်တွေကို ပင်စည်ကိုင်ပြီးလှုပ်ချလိုက်မိတယ်။ အဲဒီအချိန်မှာပဲ---

“၀ုန်း” ဆိုတဲ့မြည်သံကြီးတစ်ခုပေါ်လာပြီးတော့ သစ်ပင်နဲ့ကပ်ရက် နံရံကြီးတစ်ခု ပွင့်သွားတာ တွေ့လိုက်ရတယ်။ ကျနော်လဲ တစ်ယောက်တည်းကြောက်လွန်းလို့ ကြက်သီးမွေးညှင်းတွေ ဘာတွေတောင် ထသွားတော့တာပဲ။ ပွင့်သွားတဲ့ နံရံကြီးက သေသေချာချာကြည့်လိုက်တော့ လျှို့ဝှက်တပ်ဆင်ထားတဲ့ တံခါးတစ်ခုဖြစ်နေတာ တွေ့ရတယ်။ ပွင့်သွားတဲ့ တံခါးပေါက်ကနေ ဖြတ်ကျော်ကြည့်လိုက်တော့ လှိုင်ခေါင်းကြီးတစ်ခုဖြစ်နေတယ်။ ရုတ်တရက်မို့ လှိုင်ခေါင်းထဲမှာ မှောင်မဲနေပြီး ကျနော့်မျက်စိနဲ့ ဘာမှမမြင်ရဘူး။ ခဏနေတော့မှ အလင်းရောင်တစ်ခုပေါ်လာတယ်။

အလင်းရောင်ကို အားပြုပြီး လှိုင်ခေါင်းထဲကြည့်လိုက်တဲ့အခါကျတော့ လက်ရာမြောက်စွာ ထုဆစ်ထားတဲ့ စကျင်ကျောက်သားရုပ်တုတွေ လှိုင်ခေါင်းတောက်လျှောက် အများကြီး တန်းစီနေတာတွေ့လိုက်ရတယ်။ ကျနော်လဲ တစ်ယောက်တည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ပြီး အံ့သြသင့်နေတုန်း ရှေ့ဆုံးက ရုပ်တုတစ်ခုက အသက်ဝင်လာပြီး ကျနော့်ကို လာဘို့ လက်ယပ်ခေါ်လိုက်တယ်။ ကျနော်လဲ ဖျင်းကနဲ ကြက်သီးမွေးညှင်းထသွားရပြန်တယ်။ ကြက်သီးထလို့ မပြီးသေးခင်မှာပဲ အဲဒီရုပ်တုနောက်မှာ ရပ်နေတဲ့ ရုပ်တုကြီးတစ်ခုကပါ အသက်ဝင်လာပြီး ကျနော့်ကို လာခဲ့ဖို့ လက်ယပ်ခေါ်ပြန်တယ်။

ကျနော်လဲ ကြောက်ကြောက်နဲ့ “ကဲ ဖြစ်ချင်ရာဖြစ်တော”့ ဆိုပြီး ကိုယ့်ကိုယ်ကို ရဲဆေးတင်လိုက်တယ်။ အဲဒီရုပ်တုကြီးတွေလက်ယပ်ခေါ်တဲ့ဆီ ၀င်သွားလိုက်တယ်။ လှိုင်ခေါင်းထဲရောက်တဲ့ အခါကျတော့ ရှိသမျှရုပ်တုတွေ အကုန်လုံးအသက်ဝင်လာကြပြီး ကျနော့်ကို ဘာမပြောညာမပြောနဲ့ ဦးဆောင်ခေါ်သွားကြတယ်။ ကျနော်လဲ သူတို့နောက်ကနေ ဘုမသိဘမသိနဲ့ အူကြောင်ကြောင်ဖြစ်ပြီး အသာလိုက်သွားတယ်။ ဘယ်ဆီဘယ်ဝယ်ခေါ်သွားမယ်ဆိုတာလဲ မပြောကြဘူး။ ဘာကိစ္စဆိုတာလဲ မပြောကြဘူး။

အတော်ကြာကြာသွားပြီးတဲ့အခါကျတော့ လှိုင်ခေါင်းကြီးရဲ့တစ်ဘက်စွန်းကို ရောက်သွားတယ်။ ရုပ်တုတွေအားလုံး အဲဒီနားမှာပဲ ရပ်နေခဲ့ကြတယ်။ ပထမဆုံး ကျနော့်ကို လာဖို့လက်ယပ်ခေါ်တဲ့ ရုပ်တုကြီးက စကားစပြောတယ်။ “ဒီကရှေ့ မင်းတစ်ယောက်တည်းသွားတော့၊ ရှေ့မှာ လှေကားထစ်တွေရှိတယ်၊ အဲဒီကနေ အပေါ်တက်သွား၊ အပေါ်ရောက်ရင် အဆောက်အဦးတွေ အများကြီးတွေ့ရလိမ့်မယ်၊ အဲဒါ ဘုံကျောင်းတွေပဲ၊ အဲဒီမှာ တရုတ်ဘုန်းကြီးတွေ သီတင်းသုံးနေကြတယ်၊ အကြီးဆုံးဆရာတော်ကြီးနဲ့သွားတွေ့၊ ပြီးတော့ မင်းရဲ့အခက်အခဲမှန်သမျှကိုလဲ ပြောပြ၊ သူ အားလုံးကူညီနိုင်တယ်။” ဆိုပြီးတော့ စကားအရှည်ကြီးပြောတယ်။

ကျနော်လဲ တစ်ယောက်တည်း ရှေ့ဆက်သွားရမယ်ဆိုတော့ ခပ်ကြောက်ကြောက်ဖြစ်သွားတယ်။ ဒါပေမဲ့ ရုပ်တုကြီးပြောတဲ့အတိုင်း ရှေ့ဆက်သွားလိုက်တယ်။ ရှေ့နားလေးရောက်တော့ လှေကားထစ်တွေတွေ့လို့ အဲဒီကနေ အပေါ်တက်လိုက်တယ်။ လှေကားထစ်တွေက စုစုပေါင်း ဆယ်ထစ်လောက်ပဲရှိတယ်။ အပေါ်ဆုံးလှေကားထစ်နားရောက်တော့ အလင်းရောင်ကောင်းကောင်းမြင်ရပြီ။ ဒါနဲ့ ကျနော်လဲ လှိုင်ခေါင်းအပြင်ဘက်ရောက်ပြီဆိုတာ သတိထားလိုက်မိတယ်။ ကျနော်တစ်ယောက်တည်း ချွေးစေးတွေတောင်ပြန်နေပြီ။

အပြင်ရောက်လို့ ဟိုဟိုဒီဒီကြည့်လိုက်တဲ့အခါကျတော့ ရုပ်တုကြီးပြောသလို ဘုံကျောင်းဆောင်တွေအများကြီး တွေ့ရတယ်။ ကျနော်လဲ တစ်ယောက်ယောက်တွေ့လိုတွေ့ညား လျှောက်ရှာလိုက်တဲ့အခါကျတော့ ကံကောင်းထောက်မစွာနဲ့ ရှောင်လင်ဝတ်စုံနဲ့ တရုတ်ကိုယ်တော်လေးတစ်ပါးကို သွားတွေ့တယ်။ သေသေချာချာကြည့်လိုက်တော့ ကျနော့်တပည့်ဖြစ်ခဲ့ဘူးတဲ့ လူတစ်ယောက်ဖြစ်နေလို့ တအားကို ၀မ်းသာအားရဖြစ်ပြီး အားလဲတက်သွားတယ်။ သူက အဲဒီဘုံကျောင်းမှာ တရုတ်ဘုန်းကြီးဝတ်နေတာ တစ်နှစ်လောက်တောင် ရှိသွားပြီလို့ သူပြောတဲ့စကားအရ သိလိုက်ရတယ်။ ကျနော်လဲ သူ့ကိုတွေ့တော့ အားတက်သွားတယ်။ ပြီးတော့ ဒီဘုံကျောင်းရဲ့ အကြီးဆုံးဆရာတော်ကြီးနဲ့တွေ့ချင်လို့ အခုဘယ်မှာရှိလဲ လို့မေးလိုက်တယ်။

ကျနော့်တပည့်တရုတ်ဦးပဇင်းလေးက လာဆရာဆိုပြီးခေါ်သွားလို့ သူ့နောက်က လိုက်သွားရပြန်တယ်။ အလယ်ကျောင်းဆောင်ကြီးနားရောက်တဲ့အခါကျတော့ တရုတ်ကိုယ်တော်တွေ ရှောင်လင်ဝတ်စုံတွေဝတ်ပြီး ကျောင်းဆောင်ကြီးပေါ်တက်သွားနေကြတာ တွေ့ရတယ်။ ကျနော်လဲ သိချင်တာနဲ့ ကျောင်းဆောင်ကြီးပေါ် ဘာသွားလုပ်ကြမှာလဲ လို့ မေးလိုက်တော့ ကျနော့်တပည့်လေးကပြောတယ်။ “ဒီနေ့ ဆရာတော်ကြီးက အထူးသြ၀ါဒစကားမိန့်ကြားစရာရှိလို့ ကျောင်းရှိကိုယ်တော်တွေအားလုံး ဒီအဆောင်ကြီးပေါ်မှာ စုခိုင်းထားတယ်” တဲ့။

ကျနော်လဲ တရုတ်ကိုယ်တော်လေးနောက်ကနေ ကပ်ပြီးလိုက်သွားခဲ့တယ်။ ကျောင်းဆောင်ကြီးပေါ် ရောက်တဲ့အခါကျတော့ တရုတ်ကိုယ်တော်တွေ မနည်းမနောတွေ့လိုက်ရတယ်။ ဆရာတော်ကြီးက ဟိုးရှေ့ဆုံးမှာ ထိုင်နေတယ်။ ကျနော်လဲ ဆရာတော်ကြီးဆီတန်းပြီးသွားလိုက်တယ်။ ရှေ့ရောက်တော့ ဦးသုံးကြိမ်ချပြီး ထိုင်နေတယ်။ ဆရာတော်ကြီးကမေးတယ်။ “မင်းမှာ အ၀တ်အစားကောင်းကောင်းရှိရဲ့လား” တဲ့။ ကျနော်လဲ “ရှိပါတယ်ဘုရား” လို့လျှောက်လိုက်တယ်။

အဲဒီနောက် ဆရာတော်ကြီးက “မင်းမှာ ဘာအခက်ခဲတွေရှိသလဲ” လို့ ဆက်မေးတော်မူတယ်။ ကျနော်လဲ ကိုယ့်မှာ ဘာအခက်အခဲရှိလဲလို့ စဉ်းစားကြည့်တော့ ဘာမှထူးထူးထွေထွေရှိတာ မတွေ့ရလို့ “ကျနော့်တစ်ကိုယ်စာအတွက်တော့ ဘာအခက်မှ မရှိပါဘုရား” လို့လျှောက်ထားလိုက်တယ်။ အဲဒီလိုလျှောက်လိုက်တော့ ဆရာတော်ကြီးက “ဒါဆို မင်းပြန်လို့ ရပါပြီ” ဆိုပြီး သူ့ကိုယ်တော်တွေကို သြ၀ါဒဆက်ပေးနေလိုက်တယ်။

ကျနော်လဲ ဆရာတော်ကြီးရှေ့က ရိုရိုသေသေ နောက်ဆုတ်ထွက်ခဲ့ပြီး အပြင်ရောက်တော့ ဘယ်သွားရမှန်းမသိတော့ဘူး။ လာခဲ့တဲ့ လှိုင်ခေါင်းထဲကို ပြန်သွားရမှာလဲ ရုပ်တုကြီးတွေနဲ့ ထပ်တွေ့ရမှာ ကြောက်နေမိတယ်။ ဒါပေမဲ့ ကျနော့်မှာ ရွေးချယ်စရာ တခြားလမ်းမရှိဘူး။ ကျနော့်လာရာလမ်းဖြစ်တဲ့ လှိုင်ခေါင်းထဲကို ပြန်ပြီး ၀င်ကိုဝင်ရတော့မယ်။ ကျနော်လဲ စဉ်းစားလို့မရဖြစ်နေမိတယ်။ အဲဒီအချိန်မှာ ကျနော့်ခြေထောက်မှာ မျက်ကနဲ့ဖြစ်သွားလို့ ငုံကြည့်လိုက်တော့ ဖိနပ်က ပါမလာတော့ဘူး။ ကျောင်းဆောင်ကြီးမှာကျန်ခဲ့ပြီ။

ကျန်ရစ်တဲ့ဖိနပ်ကို ပြန်မယူတော့ပဲနဲ့ ကျနော့်တပည့်လေးကို မေးလိုက်တယ်။ ကိုယ်တော့်မှာ ဖိနပ်အသစ်အပိုတစ်ရံလောက်ရှိလားလို့။ သူကလဲ ရှိတယ်ပြောပြီး သူနေတဲ့ကျောင်းဆောင်လေးဆီ ပြန်ပြေးပြီး ယူပေးရှာတယ်။ အဲဒီဖိနပ်အသစ်ကိုရတော့ ကျနော်မစီးသေးပဲ လက်ထဲ အတော်ကြာကြာ ကိုင်ထားလိုက်တယ်။ ပြီးတော့မှ ကိုယ်တော်လေးကို နှုတ်ဆက်လိုက်တယ်။ “တပည့်တော် ပြန်ပါဦးမယ်ဘုရား” လို့။ သူလဲ ဘုံကျောင်းအဆုံးထိအောင် လိုက်ပို့ပြီး ပြန်သွားတယ်။

ကျနော့်တစ်ယောက်တည်း မှောင်မဲနေတဲ့ လှိုင်ခေါင်းကြီးထဲ ပြန်ဝင်ရတော့မယ်။ ရုပ်တုကြီးတွေနဲ့ တွေ့ရင် ကျနော့်ကို ဘာပြောကြဦးမယ် မသိဘူး။ ကျနော်က သူတို့ပြောသလို ဆရာတော်ကြီးဆီမှာ ဘာမှမတောင်းခဲ့ဘူး။ ဒါကို သူတို့အပြစ်တင်ကြမယ်ထင်တယ်။ ဒါကြောင့် သူတို့နဲ့ ထပ်တွေ့မှာကို ကျနော့်စိတ်ထဲမှာ မ၀ံ့မရဲဖြစ်နေမိတယ်။ လှိုင်ခေါင်းထဲ ပြန်ဆင်းတဲ့ ပထမဆုံး လှေကားထစ်ကို နင်းလိုက်တဲ့အချိန်မှာ “ကျွိ” ဆိုတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။ ရုပ်တရက်လန့်ပြီးတော့ ကျနော်မျက်လုံးကို ဖွင့်ကြည့်လိုက်တယ်။ ကျနော်နဲ့ တစ်ခန်းတည်းအတူနေတဲ့ သူငယ်ချင်းတစ်ယောက် အိပ်ယာနိုးလို့ မျက်နှာသစ်ဖို့ ထွက်သွားတာ မြင်လိုက်ရတယ်။

ဟူး---တော်ပါသေးရဲ့။ ကျနော် သက်ပြင်းအရှည်ကြီးတစ်ခု ချလိုက်တယ်။ အခုမှပဲ အသက်၀၀ရှူနိုင်တော့တယ်။ မှောင်မဲနေတဲ့ လှိုင်ခေါင်းထဲဝင်စရာမလိုတော့ဘူး။ ရုပ်တုကြီးတွေနဲ့လဲ တွေ့ဖို့ မလိုတော့ဘူး။ စေတီတော်လေးဘက်အရောက်သွားပြီး တောင်အောက်ပြန်ဆင်းစရာလဲ မလိုတော့ဘူး။ ကျနော့်မျက်စိထဲမှာ တံခါးကြားက တိုးဝင်လာတဲ့ နံနက်ခင်းရဲ့ အလင်းရောင်ကိုလဲ ခပ်ရဲ့ရဲ့မြင်နေရပြီ။ နံနက်ခင်း ပုံမှန်ပြေးဆွဲနေကြတဲ့ ဘတ်စ်ကားတွေနဲ့ အလုပ်သွားတဲ့ ကားပေါင်းများစွာရဲ့ တဝေါဝေါမည်သံတွေကိုလဲ ခပ်သဲ့သဲ့ကြားနေရပြီ။ ကျနော့်ကိုယ်ပေါ်မှာ ကြက်သီးမွေးညှင်းပေါင်းများစွာကို ဖြစ်ပေါ်စေတဲ့ လျှို့ဝှက်လှိုင်ခေါင်းကြီးနဲ့ ဘာမှန်းညာမှန်းမသိရတဲ့ ရုပ်တုပေါင်းစွာရဲ့ အဝေးကို ကျနော်ရောက်နေနှင့်ပြီ။ ကျနော် အိမ်မက် မက်နေခဲ့တာရယ်လေ။

အားလုံး အိမ်မက်လှလှလေးတွေ မက်နိုင်ကြပါစေ။

No comments: