Wednesday, January 21, 2009

သူငယ်ချင်းသို့ (၁၁)

ကိုယ့်လူကြီး စာမရေးတာကြာလို့ စိတ်တော်ဖေါက်နေပြီလား။ မဖေါက်နဲ့ဦးဆရာရေ့။ ဒီမှာလဲ ကျောင်းနဲ့ စာမေးပွဲနဲ့ ဟိုစပ်စပ်၊ ဒီစပ်စပ်နဲ့ လုံးပန်းနေရလို့ ကိုယ့်လူဆီတောင် မလှည့်ဖြစ်တာကြာပြီ။ ကြာဆို ရေးနေကျ ဘလော့ထဲတောင် ပို့စ်လေးတွေမရေးပဲ ရပ်ထားရတဲ့အဖြစ်။ သိတယ်မို့လား၊ ကိုယ်က ကိုယ့်ဘလော့ကို ရည်းစားထက်တောင် ပိုချစ်သေးတယ်။ ရည်းစားသိရင်တော့ စိတ်ကောက်နေဦးမလား မသိဘူး။ အမှန်အတိုင်းပြောရတာလဲ ခပ်လန့်လန့်ရယ်။

အအေးဒီဂရီတွေ တက်လာလိုက်၊ ပြန်ကျသွားလိုက်နဲ့ အင်္ဂလန်ရာသီဥတုကလဲ အရူးလင်လုပ်၊ ဆပ်ပြာသည် လင်ပျောက်ဆိုတဲ့ ကိန်းတော့ဆိုက်နေပြီ။ စောင်ခြုံလဲ မလုံ၊ (Heater) ဟိတာလဲ မနွေး၊ အိပ်မပျော်ပါဘူးဆိုမှ အရေးထဲ ယာယီအတွေးတွေက ၀င်နှောက်နဲ့ ကိုယ့်အဖြစ်ကတော့ အပင်အောက်မှာ အရိပ်ပျောက်နေတဲ့လူလို ဘယ်ဆီသောင်ကမ်း ရော်ရမ်းမှန်းဆ လွမ်းရမှန်းကို မသိတော့ဘူးဗျို့။

စာမေးပွဲကလဲ တစ်ခါဖြေလဲ အမှတ်မကောင်း၊ နှစ်ခါဖြေလဲ အမှတ်မတက်နဲ့ အခုသုံးခါမြောက်သွားဖြေခဲ့ရတယ်။ သူများတွေကတော့ ငါးခါလောက်တော့ ဖြေကြတယ် ပြောတာပဲ။ တော်ပြီ ကိုယ့်လူရာ။ နောက်တစ်ခါတော့ မဖြေတော့ဘူး။ မျက်နှာလဲပူတယ်။ အခုတစ်ခေါက်သွားတာ စာရင်းလက်ခံတဲ့ ကောင်မလေးက ဘာပြောမှတ်လဲ။ မင်းလာဖြေပြန်ပြီလား တဲ့။ စာရေးမလေးကတောင် မှတ်မိနေပြီ။ အဟီး။ ရှက်လိုက်ပါဘိတော့။ အခုလက်ရှိရထားတဲ့ Band နဲ့ပဲ တက္ကသိုလ်တက်တော့မယ်။ အဲဒီအတွက် ပိုက်ပိုက်ကတော့ ပေါင်နှစ်ထောင်လောက် ပိုကုန်ဦးမယ်။ Pre-sectional Course ကို တစ်လလောက်တက်ရဖို့အရေး နှစ်ထောင်ကြီးများတောင် ပေးရသေးသဗျာ။ မွဲပါတယ်ဆိုမှ၊ ဗြိတိရှပညာရေးရယ် လုပ်ရက်ပါပေ့။

နောက်ပြီး ကိုယ့်ဆရာမအကြောင်းလဲ ပြောရဦးမယ်။ ကိုယ်လဲ ဆရာမဆီ စာမရေးရဲအောင်ဖြစ်နေပြီ။ ပြီးခဲ့တဲ့နှစ်လသုံးလလောက်က စာရေးတာ သူ့အတန်းက ကျောင်းသူကျောင်းသားတွေကို ၀ိုင်းပြီးအင်တာဗျူးခိုင်းတယ်။ သွားရတာက ချမ်းချမ်းစီးစီး၊ ကားတစ်တန်၊ ရထားတစ်တန်နဲ့။ ဟိုရောက်တော့ နိုင်ငံတကာက တက္ကသိုလ်ကျောင်းသူကျောင်းသားတွေက အများကြီး၊ ကိုယ်က တောသားစတိုင်နဲ့ အဲဒီအထဲကို အရောက်သွားပြီး သူတို့ဗျူးသမျှ ထူးခဲ့ရတာ။

အခုလဲ စာမရေးဖြစ်တာကြာလို့ မနေ့က ရေးလိုက်မိတာ။ ဘာပြောကောင်းမလဲ။ ချက်ချင်းစာပြန်လာတယ်။ မင်းလာတဲ့အခါ ငါတို့ ဗျူးချင်လို့တဲ့။ လုပ်ပြန်ရောဗျို့။ ဒီအင်္ဂလိပ်လူမျိုးတွေဟာ သူများကို ဗျူးတာ အတော်ဝါသနာကြီးပုံရတယ်။ သူကတော့ ပြောရှာပါတယ်။ အဆင်ပြေမှပါ တဲ့။ ဒါပေမဲ့ ငြင်းလို့ ဘယ်ကောင်းမလဲဗျာ။ ဘာအကြောင်းပြပြီးပဲ ငြင်းငြင်း အဗျူးမခံရဲလို့လို့ပဲ ထင်မှာ။ ကိုယ့်ဗမာလူမျိုး၊ မြန်မာနိုင်ငံဆိုတဲ့ ဂုဏ်သိက္ခာကြီးက ရှိနေလေသေးတော့ အဗျူးမခံချင်ဘူးလို့တော့ ဘယ်ပြောလိမ့်မတုန်း။ ရတယ် လို့ခပ်တည်တည်နဲ့ အာမခံလိုက်ရတာပေါ့။ ဗျူးချင်တာ ဗျူးစမ်း။ သိရင်ဖြေမယ်။ မသိရင် ရွှီးမယ်။ အဲဒီဝါဒ လက်ကိုင်ပြီးတော့ မကြာခင်သော ကာလမှာ အဗျူးတော်ခံဖို့ရာအတွက် လန်ဒန်တက္ကသိုလ်ဆီ ခြေဦးလှည့်ရပေအုန်းတော့မယ်။

တစ်ခါတစ်ခါ သူတို့မေးတာကတခြား၊ ကိုယ်နားလည်တာက တခြားဖြစ်ပြီး ဖြေမိလို့ “ရယ်ရသေးတော့၏” ဆိုတဲ့ကိန်းလဲ ဆိုက်ရသေးတယ်။ အင်္ဂလိပ်တိုင်းပြည်မှာနေတာ တစ်နှစ်ကျော်လာပြီ အခုထိနားရေမ၀သေးဘူး။ နားရေမ၀ဆို ဗမာတွေနဲ့ချည်းပဲ နေ့တိုင်းပြောနေရတာကိုး။ ကျောင်းသွားမှ အင်္ဂလိပ်လို နည်းနည်းပါးပါးပြောခွင့်ရတာ။ အဆောင်မှာနေလို့ကတော့ ဗမာလိုနားထောင်၊ ဗမာလိုပြောပဲ။ ဘယ်တော့မှ နားရေကတော့ ၀လာမယ် မထင်ဘူး။ မြန်မာပြည်မှာနေတုန်းကလဲ အတော်အတန်လိုက်စားခဲ့တာပဲ။ အခုလဲ အမြဲမပြတ်လုပ်နေရတုန်း။ ဒါတောင် တစ်ခါတစ်လေ ကိုယ်ပြောတာ သူနားမလည်၊ သူပြောတာ ကိုယ်နားမလည်နဲ့ အူကြောင်ကြောင်နိုင်လိုက်ပါဘိ သူငယ်ချင်းရယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကဆို ကိုယ်ဆီမှာ စနေနေ့တိုင်းလာပြီး အရှေ့တိုင်းစိတ်ပညာဘာသာရပ်ကို သင်ယူနေတဲ့ ဆိုဖီယာဆိုတဲ့အင်္ဂလိပ်မလေးက သူမရှင်းတာနဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခုမေးတယ်။ ဘာဆိုလိုမှန်း နားမလည်လို့ ငါးခါလောက်ကို သူ့ပြန်မေးယူရတယ်။ ကြာတော့ သူ့လဲအားနာ၊ ကိုယ့်ကိုယ်ကိုလဲ အားငယ်စိတ်တွေတောင် ၀င်လာမိရဲ့။ ဒါပေမဲ့ သူက ကိုယ့်အနေထားကို နားလည်ပြီးသားဆိုတော့ တော်သေးတာပေါ့။ ကြိုးစားပြီး စိတ်ရှည်လက်ရှည်နဲ့ သူ့မေးခွန်းကို ရှင်းပြရှာတယ်။ အဲဒီကျတော့မှ ကိုယ်လဲ “အော် ဒါလား” ဆိုပြီး ခပ်တည်တည်နဲ့ အဖြေပေးရတယ်။ အဲလိုအခါမျိုးတွေလဲ မကြာခဏပဲ သူငယ်ချင်းရ။

ကဲ အဲဒါတွေကတော့ ကိုယ့်လူဆီစာမရေးဖြစ်တဲ့ ကာလမှာ တွေ့ရကြုံရတဲ့ အတွေ့အကြုံတွေထဲက လောလောဆယ်မှတ်မိတာလေးတွေပေါ့။ နောက်ရေးမယ် ပို့စ်တွေကျမှပဲ ယူကေမှာ နေစဉ်အတွင်း ကြုံရတတ်တာလေးတွေ ပြောပြမယ်ဗျာ။ အခုလောလောဆယ်တော့ အွန်လိုင်းပေါ်က ဘာညာကွိကွတွေဆီ နည်းနည်းအလှည့်ပေးလိုက်ဦးမယ်။ သူတို့ကလဲ အမျိုးမျိုးဗျို့။ အချို့လဲ အတော်ခင်ဖို့ကောင်းပါတယ်။ အချို့လဲ အတော်ချစ်ဖို့ကောင်းပါ့။ အချို့လဲ အတော်မာနကြီးကြသဗျား။ အဲဒီထဲမှာ မာနကြီးတဲ့ ဘာညာကွိကွတွေဟာ စိတ်ဝင်စားစရာအကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ မာနကြီးတာဟာ အဲဒီသက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ အားနည်းချက်ကြီးတစ်ခုဖြစ်နေလို့ပဲ။ သူတို့ကိုယ်တိုင်တော့ ဒါကို လက်ခံချင်မှ လက်ခံမယ်။ သကြားရဲ့အရသာဟာ ချိုတယ် ဆိုတဲ့ အဆိုကို လက်မခံနိုင်တဲ့ လူလိုပေါ့။

No comments: