Wednesday, January 7, 2009

ဗြိတိရှလိုင်းကားများပေါ်မှ ဘာသာရေးစစ်ပွဲ


"I am very glad that we live in a country where people have the freedom to believe in whatever they want."
(Ariane Sherine)

“လူတွေကိုယ်ကြိုက်တာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိတဲ့ နိုင်ငံမျိုးမှာ နေရတာ ကျမသိပ်ကို ၀မ်းသာတာပဲ”.
(အာရီယန်ရှရင်း)

ယနေ့ ဗြိတိန်မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေကို သတိထားပြီး ကြည့်လိုက်ရင် ထူးထူးဆန်းဆန်း ကျွေးကြော်သံတစ်မျိုးကို ကားနံရံတွေမှာ ရေးထားရတာ တွေ့ရပါလိမ့်မယ်။ အဲဒါက ဘာလဲဆိုတော့ "There's probably no God. Now stop worrying and enjoy your life" ဆိုတဲ့ စာတမ်းလေးပါပဲ။ “ဘုရားသခင်ဆိုတာ ရှိချင်မှ ရှိမှာ၊ အဲဒီတော့ ဘာမှပူမနေကြနဲ့၊ ပျော်ပျော်သာနေကြ” တဲ့။ ဒီစာတမ်းကို မြင်တော့ ကျနော်အတော်လေး အံသြသွားရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗြိတိရှတိုင်းပြည်ဟာ ခရစ်ယန်ဘာသာရေးလွှမ်းမိုးတဲ့ အင်ပါယာကြီးတစ်ခုဖြစ်နေလို့ပါပဲ။

အဲဒီစာတမ်းကိုရေးပြီး ကားတွေမှာ ကပ်ခွင့်ရအောင်ကြိုးပန်းလှုပ်ရှားခဲ့သူကတော့ ဟာသစာရေးဆရာမလေး Ariane Sherine ပါပဲ။ သူမဟာ အသက် (၂၈ ) နှစ်ရှိပါပြီ။ ဟာသစာပေတွေနဲ့ သူ့အတိုင်းအတာနဲ့သူ အောင်မြင်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူဒီစာကိုရေးပြီး ဒီလိုကပ်ရတာကလဲ တမင်တကာ ထွင်ချင်လို့ မဟုတ်ပါဘူး။ သူ့မှာအကြောင်းပြချက်ရှိပါတယ်။ အဲဒါကတော့ သူဒီလိုမလုပ်ခင် သူ့အရင် ဘတ်စ်ကားတွေမှာ ရေးထားတဲ့ စာတမ်းတစ်ခုကြောင့်ပါ။ အဲဒီစာတမ်းက People who rejected God would spend eternity in "torment in hell" “ထာဝရဘုရားကို ငြင်းပယ်သူများသည် ငရဲမှာ ထာဝရဒုက္ခခံကြရပေလိမ့်မည်” ဆိုပြီးတော့ ဘုရားသခင်ကို မယုံတဲ့လူတွေကို ချိန်းခြောက်ထားပါတယ်။ ခရစ်ယန်ဘာသာရေးလှုပ်ရှားသူတွေက ရေးထားကြောင်း သိရပါတယ်။

အာရီယန်ရှရင်းဟာ ဘုရားသခင်ကို မယုံကြည်သူတစ်ယောက်ပါ။ ပြောမယ်ဆိုရင် ဘယ်ဘာသာရေးကိုမှလဲ ယုံကြည်ဟန်မရှိပါဘူး။ အဲဒီလိုဘာကိုမှ မယုံကြည်တာသည်ပင် အင်ဒိယနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်တစ်ယောက်ဖြစ်တဲ့ မစ္စတာနေရူးစကားနဲ့ ပြောမယ်ဆိုရင်တော့ ဘာသာရေးတစ်မျိုးပါပဲ။ ဘာသာမရှိတဲ့ဘာသာကို ယုံကြည်တဲ့သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ အဲဒီစာတမ်းကို ဖတ်မိပြီး သူဟာ ခံပျင်းလို့ သူ့လိုဘုရားသခင်ကို မယုံကြည်သူတွေကို လိုက်လံစည်းရုံးလှုပ်ဆော်ခဲ့ပါတယ်။

ယနေ့ခေတ်မှာ ဘုရားသခင်ဆိုတာကြီးကို မယုံတဲ့လူတွေဟာ ပိုပိုများပြားလာကြတဲ့အတွက် သူ့အတွက် ခက်ခက်ခဲခဲမစည်းရုံးလိုက်ရပါဘူး။ သူ့ကိုထောက်ခံကြ၊ ထောက်ပံ့ကြတဲ့လူတွေလဲ မနည်းမနောပါပဲ။ သူ့လုပ်ရပ်ကို ထောက်ခံအားပေးတဲ့လူတွေထဲမှာ the British Humanist Association (BHA) အဖွဲ့နဲ့ ဘာသာမဲ့ဘာသာရေးလှုပ်ရှားသူ အောက်စ်ဖိုဒ်တက္ကသိုလ်ပါမောက္ခ Richard Dawkins တို့ဟာရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။ သူတို့ကပဲ သူမအတွက် လိုအပ်တဲ့ငွေကြေးတွေကို ထောက်ပံပေးခဲ့ကြပါတယ်။ ဒါ့အပြင် သူမရဲ့လှုပ်ရှားမှုအတွက် လူတွေဆီမှာ တစ်ယောက်ကို ငါးပေါင်နှုံး လိုက်လံပြီး အလှူခံခဲ့ပါတယ်။ စုစုပေါင်း စတာလင်ပေါင်ငွေ တစ်သိန်းလေးသောင်း (ဒေါ်လာ နှစ်သိန်း) တိတိရခဲ့တယ် လို့သိရပါတယ်။

အဲဒီငွေကြေးတွေကို အသုံးပြုပြီးတော့ ဗြိတိန်အတွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကားအစီးပေါင်း (၈၀၀) တိတိရဲ့ မြင်သာတဲ့နံရံတွေမှာ "There's probably no God. Now stop worrying and enjoy your life" “ဘုရားသခင်ဆိုတာ ရှိချင်မှ ရှိမှာ၊ အဲဒီတော့ ဘာမှမပူကြနဲ့၊ ပျော်ပျော်သာနေကြ” ဆိုတဲ့စာတမ်းကို ကပ်ခဲ့ပါတယ်။ ဒါအပြင် အဲဒီစာတမ်းကို မီးရထားဘူတာတွေမှာလဲ ကပ်ထားကြောင်းသိရပါတယ်။

နောက်တစ်ဆင့် ဘာသာမဲ့ဘာသာရေးလှုပ်ရှားမှုတစ်ရပ်အနေနဲ့ (Albert Einstein) အိုင်စတိုင်းရဲ့ "I do not believe in a personal God and have never denied this but have expressed it clearly" “ကျုပ်ကတော့ ဘုရားသခင်ဆိုတာကို ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အယုံအကြည်မရှိဘူး၊ ငြင်းလဲ လုံးဝမငြင်းပါဘူး၊ ဒါပေမဲ့ ဒီမယုံဘူးဆိုတာကိုတော့ ဘွင်းဘွင်းပဲ ပြောချင်တယ်” ဆိုတဲ့ ဘုရားသခင်နဲ့ပတ်သက်တဲ့ အယူအဆတွေနဲ့ အဲဒီလိုအဓိပ္ပါယ်မျိုးရှိတဲ့ အခြားအခြားသော ပုဂ္ဂိုလ်ကြီးတွေရဲ့ အဆိုအမိန့်တွေကိုလဲ မီးရထားဘူတာတွေ၊ ဘတ်စ်ကားတွေမှာ ဆက်လက်ကပ်သွားမယ် လို့ သိရပါတယ်။

ဒီလို သူယုံကြည်တာကို လုပ်ခွင့်ရတဲ့အတွက် သက်ဆိုင်ရာ သူနေတဲ့တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့စနစ်ကိုလဲ အခုလို ချီးကြူးလိုက်ပါတယ်။ “လူတွေကိုယ်ကြိုက်တာကို ယုံကြည်ကိုးကွယ်ခွင့်ရှိတဲ့ နိုင်ငံမျိုးမှာနေရတာ ကျမ သိပ်ကို ၀မ်းသာတာပါပဲ ရှင်” တဲ့။ ဒီမိုကရေစီစနစ်ရဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ သဘောထားတစ်မျိုးလို့ နားလည်နိုင်ပါတယ်။ စာဖတ်သူတို့ ဗဟုသုတအဖြစ် တင်ပြလိုက်တာပါ။ ချမ်းသာကြပါစေ။

သတင်းပါမီးနင်းများ
(1) brainchild= လူတစ်ယောက်/အဖွဲ့အစည်းတစ်ခုရဲ့ အယူအဆ
(2) advertising hoardings= ကြော်ငြာသင်ပုန်းများ

(http://uk.news.yahoo.com/18/20090106/img/pod-photo-1-british-buses-s-f1fd9450754d.html) ကို ကိုးကားရေးသားပါသည်။

No comments: