Thursday, January 29, 2009

အချစ်တစ်ပွဲနဲ့ စစ်ပွဲတစ်ရာ


“စစ်ပွဲတစ်ရာ နွှဲလိုက်ချင်ရဲ့၊ အချစ်တစ်ပွဲတော့ မနွှဲချင်တော့ဘူး---ကွယ်”
ကျနော့်အဖြစ်ကိုတွေးရင် တွံတေး သိန်းတန်ရဲ့ သီချင်းလေးကို တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ ကျနော်ဟာ စစ်သားတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အချစ်များတဲ့ လူတစ်ယောက်လို့တော့ သမုတ်တာ ခံနေရပါတယ်။ မဟုတ်ဘူးလားဆိုတော့ ဟုတ်သင့်သလောက်လဲ ဟုတ်ချင်ချင်ဖြစ်နေတာ ၀ံခံပါတယ်ဗျာ။ ဒါကြောင့်လဲ ကျနော် အထက်ပါသီချင်းလေးကို ညီးတွားမိတာပါ။

တိုင်းပြည်နှစ်ပြည့်အကြား အငြင်းပွါးမှုဖြစ်တဲ့အခါ အငြင်းပွါးရာကနေ စစ်ပွဲကြီးတွေ ဖြစ်ပေါ်မလာအောင် ကျနော်သံတမန်တစ်ယောက်အဖြစ် သွားရောက်ဖြန်ဖြေနိုင်ကောင်းပါရဲ့။ ဒါပေမဲ့ဗျာ၊ ကျနော့်ကို ချစ်နေကြတဲ့ ချစ်သူနှစ်ယောက်အကြား အငြင်းပွါးမှုတစ်မျိုးမျိုးဖြစ်လာတိုင်း ကျနော်မသိယောင်ဆောင်နေခဲ့ရတယ်။ နှစ်ဘက်စကားကို မကြားယောင်ပြုနေခဲ့ရတယ်။ ဒီလိုလုပ်တာဟာ ပြဿနာဖြေရှင်းနေတာ မဟုတ်ဘူးဆိုတာကိုတော့ ကျနော်သဘောပေါက်ပါတယ်။ ဒါပေမဲ့ ကျနော့်မှာလဲ နည်းများများမရှိဘူးလေ။ ဒီပြဿနာကို ပြေပျောက်စေနိုင်တဲ့ ဖြေရှင်းနည်း တစ်မျိုးမျိုးကို ကျနော်တောင်းတနေခဲ့မိတယ်။

အခုထိအဖြေရှာမရနိုင်သေးဘူး။ ဒါသည်ပင် ကျနော့်ရဲ့ အရှုတ်တော်ပုံလေလား၊ သို့တည်းမဟုတ် ကျနော့်ရဲ့ မပြတ်သားမှုလေလား။ ဒါမှမဟုတ်၊ ကျနော့်ရဲ့ ညံ့ဖျင်းမှုလေလား။ ကျနော် မသဲကွဲပါ။ ဒါကို ကျနော် အခါခါစဉ်းစားဖူးပါပြီ။ တကယ်လို့များ ကျနော်တစ်ဘက်ဘက်ကို ပြတ်သားလိုက်ရင်လဲ တစ်ယောက်သူသည် ငါ့ကြောင့် ပူဆွေးသောကရောက်နေရချည်ရဲ့ လို့တွေးမိပြီး ရင်ထဲမှာ မချည့်တင်ကဲဖြစ်ရပေါင်းလဲ များခဲ့ပါပြီ။

စစ်ပွဲမှာ ရန်သူကို အောင်နိုင်အောင်တိုက်ဖို့၊ သို့မဟုတ် နှစ်ဘက်တိုင်းပြည်ရဲ့အငြင်းပွါးမှုကို ရန့်တန့်စေဖို့ နည်းဗျူဟာတွေနဲ့ သံတမန်စနစ်တွေ အမြောက်အများရှိတန်ကောင်းရဲ့။ ဒါပေမဲ့ အချစ်ပွဲမှာ ချစ်သူနှစ်ဦးအကြားရောက်တဲ့အခါ အသင်ဘယ်လို ဆုံးဖြတ်ပါသလဲ။ ရက်စက်တဲ့နည်းကို မသုံးစတမ်း ဆိုရင်တော့ ဒီလိုပြဿနာမျိုးဟာ ဖြေရှင်းရခက်တဲ့ ပြဿနာဖြစ်ပါသလား။ ငယ်ငယ်ကလို ခေါင်းပန်းလှန်တဲ့နည်းနဲ့ ဆုံးဖြတ်ချက်ချရအောင်ကလဲ ကျနော့်ဟာ ဘောလုံးကွင်းလယ်က ဒိုင်လူကြီးမဟုတ်လေတော့ ခက်လှချည့်။

လောကမှာ ကျနော်တို့ယောက်ျားလေးမှာဖြစ်စေ၊ မိန်းကလေးတွေမှာဖြစ်စေ တစ်ပြိုင်နက် ချစ်သူနှစ်ဦး သို့မဟုတ် သုံးဦးစသည်စသည် ရှိဖူးကြ၊ ထားဖူးကြမယ်လို့ထင်ပါတယ်။ ကျနော့်သူငယ်ချင်း အတော်များများမှာလဲ ချစ်သူနှစ်ယောက်သုံးယောက် တစ်ပြိုင်နက် ရှိတာတွေချည်းပါပဲ။ ဒါပေမဲ့ သူတို့နည်းစနစ်ကို ကျနော်မသုံးရဲပါ။ တကယ်လို့ သူတို့နည်းစနစ်ကို ကျနော်သုံးမယ်ဆိုရင် ကျနော့်ချစ်သူတွေဟာ ချစ်သူဘ၀မှ သားကောင်ဘ၀ရောက်သွားကြမယ်ထင်ပါရဲ့။ သူတို့ကို ကျနော့်ချစ်သူပဲ ဖြစ်စေချင်ပါသည်။ ကျနော့်သားကောင် မဖြစ်စေချင်ပါ။

သူငယ်ချင်းမိန်းကလေးတွေ၊ ချစ်သူမိန်းကလေးတွေနဲ့ ရည်းစားမိန်းကလေးတွေရယ်လို့ ကျနော့်ပတ်ဝန်းကြင်ရှိ အမလောကကြီးထဲမှာ အချစ်ဆိုတဲ့ စကားကို အခါများစွာပြောမိကြောင်း ကျနော်ဝန်ခံပါတယ်။ သူတို့ကို အဲဒီစကားပြောတဲ့အခါ ကျနော့်ရင်ထဲမှာတော့ သူ့နေရာနဲ့သူ တိုင်းတာပြီးပြောလိုက်တယ် လို့ခံယူမိပါတယ်။ ဒါပေမဲ့ ကျနော့်ပါးစပ်ကထွက်တဲ့စကားသံမှာတော့ အသံလှိုင်း ဒီဂရီတွေအတူတူဖြစ်နေလို့ထင်ပါရဲ့၊ အဲဒီစကားရဲ့ အကျိုးသက်ရောက်မှုကြောင့် အဖြူရောင်က အနက်ရောက်ဖြစ်လို့ဖြစ်၊ အနီရောင်က အ၀ါရောင်ပြောင်းလို့ပြောင်းနဲ့ နောက်ဆုံး ကျနော်ကိုယ်တိုင် မဖြေရှင်းနိုင်တော့ပဲ ချာချာလည်ရတော့တာပါပဲ။

အချစ်နဲ့ပတ်သက်ရင် ကျနော် မုဆိုး မဖြစ်ချင်သလို၊ ကိုယ်တိုင်သားကောင်လဲ မဖြစ်ချင်ပါ။ မုဆိုးဖြစ်ရတာ ပင်ပန်းလှသလို သားကောင်ဖြစ်ရတာလဲ ကြောက်ရလှပါတယ်။ ဒါဖြစ်ရင် ကျနော်ဘာဖြစ်ချင်သလဲ။ ကျနော် ဖြစ်ချင်တာကတော့ ချစ်နေချင်တာပါပဲ။ ဟုတ်တယ်။ ကျနော်ချစ်နေချင်တယ်။ ချစ်သူနဲ့ နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ ချစ်နေချင်တယ်။ ကျနော့်အဖြေကတော့ အခုအချိန်မှာ ဒါပဲပြောနိုင်ပါတယ်။ အဲဒီအချစ်မှာ ဖြစ်နိုင်မယ်ဆိုရင် ဘာအရောင်တွေ၊ ညာအရောင်တွေ မပါပဲနဲ့ကို ချစ်နေချင်တာပါ။ ခက်တာက အချစ်သည်ပင် အရောင်တစ်မျိုးဖြစ်နေလေတော့ အရောင်မပါချင်စေချင်ရင် မချစ်ပဲနေရုံကလွဲပြီး အခြားလမ်းလဲ ရွေးစရာမရှိဘူးလို့ ထင်ပါတယ်။

ဒါပေမဲ့ မချစ်ပဲလဲ မနေနိုင်ဘူးလေ။ ဒီတော့ အချစ်ကပေးတဲ့အပြစ်ဒဏ်ကိုလဲ ကျနော် ကျေကျေနပ်နပ်ခံယူနေရပါပြီ။ ဓားသွားထက် ပျားရည်စက်ကို လျက်မိတဲ့ လျှာပမာ ချိုမြိန်မှုတစ်ဝက်၊ နာကြင်မှုတစ်ဝက်နဲ့ နေရတာ ခက်ပါဘိတော့။ တစ်ဦးကို ချစ်မိတုန်းက တစ်ဦးကပေးတဲ့ အချစ်ကို ချိုမြိန်တဲ့ ပျားရည်တစ်စက်လို့ ထင်ခဲ့တယ်။ နောက်တစ်ဦးကို ထပ်တိုးချစ်မိတော့ ပျားရည်စက်တစ်ခုအပေါ် နောက်ထပ်အခြားပျားရည်စက်တစ်ခုနဲ့ ပေါင်းလိုက်တဲ့ အရသာမဟုတ်တော့ပဲ ဓားသွားထက်ထက်ပေါ်မှာ သုပ်ထားတဲ့ ပျားရည်ဖြစ်ကြောင်း သိလိုက်ရတယ်။

ဒါပေမဲ့ ကျနော်အသိနောက်ကျသွားခဲ့တယ်။ ကျနော်လျက်လိုက်တာ ချိုမြိန်တဲ့ပျားရည်နှစ်စက်မဟုတ်ဘူးဆိုတာ ကွဲရှာသွားတဲ့ ကျနော့်လျှာထဲက သွေးစက်ကလေးတွေ အဲဒီပျားရည်စက်နေရာမှာ အစားဝင်ယူလိုက်ပြီးတော့မှ သိလိုက်ရတယ်။ အသိနောက်ကျခြင်းကို နောင်တလို့ မသတ်မှတ်ရင်တော့ အတွေ့အကြုံလို့ သတ်မှတ်ရပါလိမ့်မယ်ထင်ပါရဲ့။ ကျနော့်မှာ အဲဒီအတွေ့အကြုံမျိုးရလိုက်ပါပြီ။ ဒါကြောင့် အချစ်တစ်ပွဲကို မနွှဲချင်တော့ပါ။ စစ်ပွဲတစ်ရာကိုသာ နွှဲလိုက်ချင်ပါတော့သည်။

သူငယ်ချင်းသို့ (၁၂)


သူငယ်ချင်းရေ့ ဒီနေ့တော့ သူငယ်ချင်းမကြားချင်တဲ့အကြောင်းပြောချင်တယ်ဗျာ။ နားထောင်ချင်သည်ဖြစ်စေ၊ နားမထောင်ချင်သည်ဖြစ်စေ ကိုယ့်ကို ခင်တဲ့အနေနဲ့ နားထောင်ပေတော့။ ကိုယ့်မှာလဲ တိုင်ပင်စရာဆိုလို့ ကိုယ့်လူကြီးတစ်ယောက်ပဲရှိတာ။ ဒီနေ့ တော်တော်လေး စိတ်ညစ်နေတယ်။ ညစ်နေတယ်ဆိုတာထက်၊ ကသိကအောင့်ဖြစ်နေတယ်လို့ပြောရင် ပိုမှန်မယ်ထင်တယ်။ ကသိကအောင့်ဖြစ်နေတယ်ဆိုတာထက် ဝေခွဲမရဖြစ်နေတယ်ဆိုရင်တော့ အမှန်ဆုံးဖြစ်မှာပဲ။ ဟုတ်တယ်။ ကိုယ့်စိတ်တွေ ဝေခွဲမရတဲ့ေ၀၀ါးမှုတွေနဲ့ ကြုံနေရတယ်။ အဲဒီလို ဘာ့ကြောင့်ဖြစ်နေရသလဲဆိုရင်တော့ “အချစ်” ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုရခက်တဲ့ အရာတစ်ခုကြောင့်ပဲ သူငယ်ချင်း။

ကိုယ့်လူတော့ မသိဘူး။ ကိုယ်ကတော့ ဒီစကားလုံးကို နေရာအတော်များများမှာ သုံးမိတယ်။ မိဘတွေကိုလဲ ချစ်တယ်လို့ပြောခဲ့တယ်။ အဘိုးအဘွားတွေကိုလဲ ချစ်တယ်လို့ပြောခဲ့ဖူးတယ်။ ညီအကိုမောင်နှမအရင်းတွေကိုလဲ ပြောခဲ့ဘူးတယ်။ သူငယ်ချင်းတွေကိုလဲ ချစ်တယ်လို့ ပြောတာပဲ။ နောက်ပြီး သွေးသားမတော်တဲ့ ညီမလေးတွေလဲရှိသေးတယ်ဗျာ့။ သူတို့ကိုလဲ ချစ်တယ်လို့ပြောခဲ့တာပဲ။ ချစ်သူကိုတော့ ချစ်တယ်လို့ ပြောတာ မဆန်းဘူးဆိုတာ ကိုယ့်လူကြီးသိပါတယ်။ သွေးသားတော်စပ်မှုမရှိတဲ့ ညီမလေးတွေကို ချစ်တယ်လို့ပြောတာ အန္တရာယ်ကြီးသလားဗျာ့။ အင်း မေးသာမေးရတယ်။ ကိုယ့်လူကလဲ ဒီကိစ္စမှာ ကိုယ့်လောက်မစွန့်တဲ့လူဆိုတော့ သိချင်မှသိမှာ။ ဟားဟား။ အချင်းချင်းနှိပ်ကွပ်ရတာ အရသာရှိသလိုက်တာ။

တကယ်ပြောတာပါ သူငယ်ချင်းရာ။ အခုလောလောဆယ် ကိုယ့်မှာ အဲဒီပြဿနာလေးနဲ့ ရင်ဆိုင်နေရတာဗျာ့။ ချစ်တယ်လို့ ပြောခဲ့မိတဲ့ အပြစ်ပေါ့။ ဒီစကားဟာ ပြောတဲ့လူနဲ့ နားထောင်တဲ့လူ နှစ်ဦးတို့ရဲ့ရင်ထဲမှာ လေးနက်မှု အနည်းအများအလိုက် ပြဿနာတက်နိုင်တယ်ဆိုတာ အခု ကိုယ်တော့ နားလည်လာပြီ။ ဒါနဲ့ပတ်သက်ပြီး ကိုယ်စဉ်းစားမိတဲ့ အချက်လေးချက်ကို ပြောပြမယ်ဗျာ။ မှန်ချင်လဲမှန်မယ်။ မှားချင်လဲမှားမယ်ပေါ့။ ချစ်ခြင်းနှင့် ခံစားမှု ဖြစ်စဉ်လေးမျိုးလို့ နာမည်ပေးမယ်ဗျာ။ စဉ်းစားမိတာလေးတွေပါ။ အဲဒါတွေက ဘာလဲဆိုတော့----

(၁) တစ်ခါတလေ ပြောတဲ့လူက လေးလေးနက်နက်ပြောလိုက်တယ်။ နားထောင်တဲ့တစ်ဘက်သားက ပေါ့ပေါ့လေးလုပ်ပြီး အမှတ်တမဲ့ပုံစံနဲ့ပဲ မှတ်သွားတယ်။ နားထောင်သွားတယ်။ အဲဒီလိုဖြစ်ရင် ပြောတဲ့လူမှာ ခံစားရတယ်။ နားထောင်တဲ့လူမှာတော့ ပြီးပြီးရော သဘောမျိုးနဲ့ ပျောက်သွားတာပဲ။
(၂) တစ်ခါတလေကျတော့ ပြောတဲ့လူက မလေးနက်ဘူး။ နားထောင်တဲ့လူက လေးလေးနက်နက်နားထောင်သွားတတ်တယ်။ အဲလိုဖြစ်တဲ့အခါကျတော့ နားထောင်တဲ့လူဘက်မှာ ခံစားမှုဖြစ်ရတယ်။ ပြောတဲ့လူဘက်မှာကျတော့ အခမဲ့ထီထိုးရသလိုမျိုးပေါ့။ ပြန်ချစ်မယ်ဆိုရင်လဲ အိုကေ။ ပြန်မချစ်ဘူးဆိုရင်လဲ သရေပေါ့။
(၃) တစ်ခါတစ်ခါကျတော့ ပြောတဲ့လူရော နားထောင်တဲ့လူရော ခပ်ပေါ့ပေါ့ပဲ။ အဲဒီတော့ နှစ်ယောက်စလုံးမှာ ဘာခံစားမှုမျိုးမှ မဖြစ်ဘူး။
(၄) အဲ တစ်ခါတစ်ခါကျပြန်တော့ နှစ်ယောက်စလုံးမှာ လေးနက်မှုတွေနဲ့ ပြောကြ၊ နားထောင်ကြတယ်။ အဲလိုအခါမျိုးမှာတော့ အချစ်ဖြစ်ပေါ်လာတတ်တယ်။ အပြန်ပြန်အလှန်လှန်ချစ်ရတဲ့အချစ်ပေါ့။ အဲဒီဖြစ်စဉ်ကနေ သမီးရည်းစားဖြစ်သွားကြတယ်။

ဒီဖြစ်စဉ်လေးချက်ဟာ များသောအားဖြင့် ဖြစ်တတ်တဲ့ ယေဘုယျသဘောကို ကိုယ်နားလည်သလို ပြောကြည့်တာပါ။ ချစ်ခြင်းနှင့် ခံစားမှု ဆိုတဲ့ ခေါင်းစဉ်းအောက်မှာ အခြားပုံစံတွေနဲ့လဲ ဖြစ်ပေါ်နိုင်တဲ့ အဖြစ်အပျက်တွေ အများကြီးရှိဦးမှာပါ။ အဲဒီလေးမျိုးထဲမှာ အမှတ် (၃) နဲ့ အမှတ် (၄)ကတော့ သူ့ဘက်ကိုယ့်ဘက် ၅၀/၅၀ ဆိုတော့ ဘာပြဿနာမှ သိပ်မတက်နိုင်ဘူး။ အမှတ် (၁) နဲ့ အမှတ် (၂)မှာတော့ အခန့်မသင့်ရင် အတော်ကြီးမားတဲ့ ပြဿနာမျိုးတွေအထိ ဖြစ်လာနိုင်တာတွေ့ရတယ်။

ဥပမာ၊ ကိုယ်ကပြောတဲ့လူဆိုပါတော့။ တစ်ယောက်ယောက်ကို သိပ်ချစ်မိလို့ ချစ်တဲ့အကြောင်း ဖွင့်ပြောမိတယ်။ ပြောတယ်ဆိုတဲ့နေရာမှာ လေးလေးနက်နက်ကို ပြောတယ်။ ကိုယ့်ဘက်ကတော့ ရာနှုံးအပြည့်ပေါ့။ ဒါပေမဲ့ နားထောင်တဲ့သူက အထက်ကပြောခဲ့သလို ပြီးပြီးရောလုပ်ပြီး ခပ်ပေါ့ပေါ့ပဲ နားထောင်သွားတယ်။ အပေါင်း/အနှုတ်အဖြေတစ်မျိုးမျိုးလဲ မပေးဘူး။ သို့မဟုတ် အနှုတ်သဘောရှိတဲ့ အဖြေမျိုးကိုပေးခဲ့တယ် ဆိုရင် ပြောမိတဲ့ ဖွင့်ဟမိတဲ့လူရဲ့ ရင်ထဲမှာ လေးနက်မှုများရင်များသလို ခံစားရတတ်တာ တွေ့ရတယ်။

နောက်ပြီး ဒီအချက်မှာလဲ အဖြေပေးပုံအမျိုးမျိုးရှိနိုင်သေးတယ်။ နားထောင်တဲ့သူရဲ့အဖြေဟာ အပေါင်းလက္ခဏာကိုတော့ ပြပါရဲ့။ ဒါပေမဲ့ ရင်ထဲကလာတဲ့ အပေါင်းလက္ခဏာမဟုတ်ဘူး။ ပြဿနာပြီးလိုပြီးငြားလုပ်ပြီး ပေးလိုက်တဲ့ နှုတ်ဖျားကလာတဲ့ အပေါင်းလက္ခဏာမျိုး။ ဒီလိုလက္ခဏာရှိတဲ့ အဖြေမျိုးကို ရတဲ့(အချစ်ရေးဆိုမိတဲ့)လူဟာ အတော်ကံဆိုးတဲ့လူပဲ လို့ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဘက်သားက သူ့ကို ပါးစပ်ကအချစ်ကိုပေးသွားတာ။ ရင်ထဲကအချစ်ကို မပေးခဲ့ဘူး။ အဲဒီတော့ ရေရှည်မှာ ရွှေပြည်တော်မျှော်တိုင်းဝေးဆိုတဲ့ ကိန်းဆိုက်ပြီး တကယ်ချစ်လာနိုးမျှော်ကိုးရင်း တခြားချစ်သူကိုလဲမရှာနိုင်၊ လက်ရှိပြောမိသူကိုလဲ မပစ်ရက်နဲ့ နှစ်ဘက်ဆုံးရှုံးမှုမျိုးနဲ့ ကြုံရတတ်တယ်။

နောက်တစ်ခုက အမှတ် (၂)ပြဿနာ။ ပြောတဲ့လူက ကြုံလို့၊ သို့မဟုတ် နှုတ်ဆော့ပြီး ပြောလိုက်တယ်။ နားထောင်တဲ့သူက တကယ်မှတ်သွားတယ်။ အဲဒီမှာတင် ပြဿနာက၀င်ပြီ။ တကယ်ချစ်တယ်ထင်ပြီး အပျော်ကြီးပျော်နေမိတတ်တယ်။ နောက်ကျမှ မဟုတ်မှန်းသိရတဲ့အခါမှာ အရှက်တွေဘာတွေကွဲထဲအထိ ပြဿနာတက်နိုင်တယ်။ နှလုံးတွေဘာတွေတောင် ထိခိုက်နိုင်တယ်။ ပြောတဲ့လူကတော့ သူ့ညာဉ်အလိုလိုက်ပြီးပြောလိုက်တာ တစ်ဘက်က တကယ်ထင်ပြီး အချစ်တွေပေး၊ ဘ၀တွေပုံအပ်နဲ့ နောက်ဆုံးတော့ ကျန်ရစ်ဖြစ်ပြီး အချစ်ဆိုတဲ့အပေါ်မှာ စိတ်နာသွားတတ်တယ်။

အဲဒီတော့ သူငယ်ချင်းရ၊ ကိုယ်နားလည်သလိုပြောရရင်တော့ ဒီအချစ်ဆိုတဲ့ဘာမှန်းမသိတဲ့အရာ သို့မဟုတ် အလွန်သိသာတဲ့အရာနဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဘက် ရင်မနာဖို့အရေးမှာ အတော့်ကိုစဉ်းစဉ်းစားစားလုပ်ပြီး ပြောဖို့/နားထောင်ဖို့လိုတယ်လို့ ကိုယ်မြင်တယ်။ အဲလိုမဟုတ်ရင် ကိုယ့်ကြောင့် သူနာမှာဖြစ်သလို သူ့ကြောင့်လဲ ကိုယ်အညာခံဘ၀ရောက်သွားနိုင်တယ်။ ကိုယ့်လူလဲ သတိထားနော်။ ရင်ထဲက မပါရင်လဲ ဖွင့်မပြောနဲ့။ သူ့ဘက်က ပြောလာရင်လဲ ဘယ်ကလာတဲ့ စကားလဲဆိုတာ နားထောင်တတ်အောင်ကြိုးစား။ ဒါဆို ပြဿနာနည်းမယ်။ အခုတော့ လောလောဆယ် ကိုယ်ကြုံနေရတဲ့ ပြဿနာကို ဆက်စဉ်းစားလိုက်ဦးမယ်။ အဖြေတွေ့ရင် ပြောမယ်ဗျာ။ ဘိုင့်ဘိုင်။

Sunday, January 25, 2009

အနာခံမှ အသာစံ

ကျနော် အင်္ဂလိပ်စာကို ကောင်းကောင်းမသင်ခင် ခပ်ငယ်ငယ်ကတည်းက ကျနော့်ဆရာသမားတစ်ဦးဆီမှ မှတ်သားစရာအင်္ဂလိပ်ဆိုရိုးစကားတစ်ခုကို ကြားခဲ့ရဖူးပါတယ်။ ကျနော်တို့မြန်မာလူမျိုးတွေ အကြားမှာ အတော်များများ ပျံ့နှံ့ထင်ရှားနေပြီဖြစ်တဲ့ စကားတစ်ခွန်းပါပဲ။ အဲဒီစကားကို သုံးခဲ့သူကတော့ ကမ္ဘာကျော်ပုံပြင်ပေါင်းမြောက်များစွာကို (ရေးခဲ့) ပြောခဲ့တဲ့ ဂရိနိုင်ငံသား ပုံပြောဆရာကြီး (Aesop (620-560 BC) အီစွပ်လို့ မှတ်သားရပါတယ်။

အဲဒါကတော့ “No pain, no gain” ဆိုတဲ့ စကားလေးပါ။ အချို့သမိုင်းပညာရှင်များအဆိုအရ အီစွပ်ဆိုတဲ့ ပုံပြောဆရာကြီးဟာ ဂရိနိုင်ငံသမိုင်းမှာ တကယ်မရှိခဲ့ဘူးလို့ သိရပါတယ်။ တကယ်ရှိခဲ့သည်ဖြစ်စေ၊ မရှိခဲ့သည်ဖြစ်စေ၊ ဒီစကားကတော့ တကယ့်ကို အဓိပ္ပါယ်ပြည့်ဝကောင်းတဲ့စကားတစ်ခွန်းပါပဲ။ တကယ်လဲ မှတ်သားသင့်တဲ့ စကားတစ်ခွန်းအဖြစ် အများစုမကျင့်သုံးနိုင်ကြသည့်တိုင် ဒီစကားရဲ့မှန်ကန်မှုကိုတော့ လက်ခံကြပါတယ်။ အစဉ်အလာအားဖြင့် ဒီလောက်မှတ်သားဘွယ်ကောင်းတဲ့ စကားကို ပြောခဲ့သူဟာ အီစွပ်လို့ပဲ လက်ခံထားကြပါတယ်။

အင်္ဂလိပ်စာတတ်တဲ့ မြန်မာပညာရှင်တွေက ဒီစကားကို မြန်မာလူမျိုးတွေ ရှင်းရှင်းလင်းလင်းနားလည်အောင် “အနာမခံက အသာမစံရ” ဆိုတဲ့ ပုဒ်စုတွေနဲ့ ဝေါဟာရဖလှယ်ခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် ဘာသာပြန်ဆိုခဲ့ကြပါတယ်။ အလွန်နှစ်သက်စရာကောင်းတဲ့ ဝေါဟာရဖလှယ်မှုလို့ ကျနော် မတန်မရာချီးကြူးမိကြောင်းပါ။ ဒီစကားလုံးအကြောင်းကို ကျနော့်ပို့စ်မှာ ရေးဖြစ်စေတဲ့ အကြောင်းလေးတစ်ခု သတင်းကြည့်ရင်းနဲ့ပေါ်လာပါတယ်။

အဲဒါကတော့ 'Scorpion Queen' “ကင်းမီးကောက်ဒေ၀ီ” လို့ခေါ်ရလောက်အောင် ကင်းမီးကောက်အကောင်ပေါင်း (၅၀၀၀) ကျော်နဲ့အတူ ဖန်အိပ်ခန်းတစ်ခုထဲမှာ ရဲ့ဝံစွန့်စားစွာ တစ်လတိတိနေခဲ့တဲ့ ထိုင်းနိုင်ငံသူလေး Kanchana Ketkaew (ကဉ္စနကက္ကီ) ပါပဲ။ သူဟာ အဲဒီလိုစွန့်စားနေထိုင်ခဲ့တဲ့အတွက် ကမ္ဘာစံချိန်တင်မှတ်တမ်းစာအုပ်ထဲမှာ သတ္တိကောင်းတဲ့ အံ့ဘွယ်ထူးဆန်းလူသားတစ်ဦးအဖြစ် ဂုဏ်ပြုဖေါ်ပြခြင်းခံရပါတယ်။

တကယ်တော့ သူဟာ အဆိပ်ပြီးလို့ ဒီလိုနေနိုင်ခဲ့တာမဟုတ်ပါဘူးတဲ့။ သူနေစဉ်အတွင်းမှာ သူ့ကို (၁၃)ကြိမ်တိတိ ကင်းမီးကောက် ကိုက်ခဲ့ကြောင်းပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သတင်းထောက်တွေကို သူပြောကြားတဲ့ စကားထဲမှာ အထက်ကကျနော်ပြောခဲ့တဲ့ “No pain no gain” ဆိုတဲ့စကားလေးကိုလဲ သုံးသွားတာ အမှတ်တမဲ့ကြားလိုက်မိပါတယ်။ အဲဒီစကားကို ကြားကြားချင်း ကျနော့်မျက်စိထဲမှာ အောင်မြင်နေတဲ့ လူတွေရဲ့ပုံရိပ်တွေ တစ်ခုပြီးတစ်ခုပေါ်လာပါတယ်။ နောက်ပြီး တကယ်အောင်မြင်ချင်ရင် တကယ်အနာခံရပါလား ဆိုတဲ့ ယခင်ရှိနှင့်ပြီးတဲ့အသိတစ်ခုဟာလဲ ပိုမိုခိုင်မာ လာတယ်လို့ ခံစားလိုက်ရပါတယ်။

အောင်မြင်နေတယ် ဆိုတဲ့ ကျနော့်စကားကို ရှင်းပြဖို့တော့ လိုမယ်ထင်ပါတယ်။ ကျနော်ပြောတဲ့အထဲမှာ မိဘက ပိုက်ဆံချမ်းသာလို့ အလုပ်လုပ်စရာမလိုပဲ ထိုင်စားနေတဲ့ ရေပေါ်ဆီလို လူတန်းစားတွေ၊ ဘွဲ့ဒီဂရီတွေကို ပိုက်ဆံပေးပြီး ၀ယ်တပ်ထားကြတဲ့ ပညာရေးလောကက အမှိုက်သရိုက်လို လူတွေကို လုံးဝလုံးဝမဆိုလိုပါဘူး။ မိဘဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ အခြေအနေမဲ့သည်ဖြစ်စေ၊ အခြေအနေရှိသည်ဖြစ်စေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားပြီး ဘ၀မှာ ထိုက်သင့်တဲ့အောင်မြင်မှုတွေရထားတဲ့ လူတွေကိုသာ ဆိုလိုပါတယ်။

ကျနော်တို့မြန်မာစကားဖြစ်တဲ့ “အနာခံမှ အသာစံရ” ဆိုတဲ့စကားကို ကြည့်မယ်ဆိုရင် အသာစံရဖို့အတွက် ရှေးဦးစွာ အနာခံဖို့လိုပါတယ်။ လောကမှာ အနာမခံပဲ အသာစံနေတဲ့ လူတန်းစားတွေလဲ အမြောက်အများရှိနေတာကို ပစ္စက္ခအမြင်အရ တွေ့ကြမြင်ကြရမှာပါပဲ။ သူတို့ဟာ မွေးကတည်းက အသာစံရလောက်အောင် ကံကြမ္မာရဲ့မျက်နှာသာပေးမှုကို ခံကြရတာကြောင့် သူတို့အတွက် သူတို့လောက်ကံမကောင်းကြသူတွေက ၀င်ပြီးအနာခံပေးနေကြရပါတယ်။

တကယ်တော့ သူတို့ရဲ့အသာစံမှုဟာ ကံကြောင့်သာဖြစ်ပြီး ဉာဏ်နဲ့လုလ္လမပါတဲ့အတွက် သမိုင်းရဲ့ဥပေက္ခာပြုခြင်းကို ခံရသလို မျက်မှောက်ရဲ့ ချီးကျူးမှုကိုလဲ မခံရတတ်ပါဘူး။ အားကျစရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ချီးကျူးစရာမဟုတ်တာတော့ သေချာပါတယ်။ တကယ်တမ်းချီးကျူးစရာ၊ အားကျစရာကောင်းတဲ့ အသာစံမှုမျိုးဆိုတာ အနာခံမှုအများကြီးပါရပါတယ်။ လောကရဲ့သဘာဝကိုက give and take ဆိုတဲ့အပေးအယူသဘောနဲ့ လည်ပတ်နေတာပါ။ ကိုယ်မပေးရင် သူကလဲ ပြန်မပေးတတ်ပါဘူး။ တစ်ခုပေးမှ တစ်ခုရတဲ့ သဘောရှိတဲ့ ဟောဒီလောကကြီးထဲမှာ ဘာမှမပေးပဲ ရနေတယ်ထင်ရင်တော့ အဲဒီလူဟာ မကြာမီပျက်စီးမှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာ မလွဲပါပဲ။ အဲဒီလိုဖြစ်လာရင် သိပ်သတိထားဖို့ လိုအပ်ပါတယ်။

အနာခံမှ အသာစံရတဲ့သာဓကတွေများစွာအနက် ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက် အထင်ရှားဆုံးသာဓကတစ်ခုကတော့ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ပါပဲ။ အလောင်းတော်သုမေဓာဘ၀ကတည်းက နိဗ္ဗာန်ကိုယူမယ်ဆိုရင် ရနိုင်လောက်တဲ့အခြေခံပါရမီရှိပါလျှက် မိမိရနိုင်ခွင့်၊ ရပိုင်ခွင့်ကို ပယ်စွန့်ပြီး သတ္တ၀ါအများလွတ်မြောက်ရေးကိုငဲ့ကွက်ခဲ့ပါတယ်။ အဲဒီငဲ့ကွက်မှုနဲ့အတူ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတဲ့ ရှည်လျားလှတဲ့ ကာလတွေမှာ အနစ်နာခံမှုမျိုးစုံနဲ့ အနစ်နာခံခဲ့ရပါတယ်။ အဲဒီအနစ်နာခံမှုကြောင့် နောက်ဆုံးရလာဘ်ကတော့ ဘုရားဖြစ်ခြင်းဆိုတဲ့ အသာစံမှုပါပဲ။

တကယ်တော့ ကျနော်တို့မြတ်စွာဘုရားဟာ အသာစံရတယ်ဆိုပေမဲ့ ဘုရားဖြစ်လာရတဲ့ နောက်ဆုံးဘ၀တိုင်အောင် သူ့ဘ၀တစ်လျှောက်မှာ သက်တောင့်သက်သာနေခဲ့ရတာမဟုတ်ပါဘူး။ ဘုရားဖြစ်ပြီးတော့လဲ နေ့မအားညမအား သတ္တ၀ါတွေကို ဟောပြောသွန်သင်တော်မူခဲ့ရပါတယ်။ တကယ်တော့ သူ့ရဲ့အနာခံမှုဟာ လောကကောင်းစားရေးအတွက် သက်သက်လို့တောင်ဆိုနိုင်ပါတယ်။ အဲဒီလိုအနာခံပြီး အများအတွက်ဆောင်ရွက်ခဲ့လို့လဲ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကနေ ယနေ့တိုင် သူ့ကျေးဇူးကို တသသဖြစ်နေကြရတာပါ။ လောကရဲ့ကျေးဇူးတော်သခင်အဖြစ်သူ့ကို ဦးခိုက်နေကြရတာပါ။

ဒါကတော့ အများသိပြီးသား အထင်ရှားဆုံးဥပမာတစ်ခုကို ပြောပြတာပါ။ သို့သော်လဲ ဟောဒီကမ္ဘာလောကကြီးထဲမှာ အနာပဲခံလိုက်ရပြီး အသာမစံလိုက်ရတဲ့ သူတွေလဲ အများကြီးရှိနေပြန်ပါတယ်။ ဥပမာ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီးလို့ မြန်မာတည်သရွေ့ သို့မဟုတ် ကမ္ဘာတည်သရွေ့ သမိုင်းတည်ရစ်မည့် ဗိုလ်ချုပ်အောင်ဆန်းလိုပုဂ္ဂိုလ်ကျတော့လဲ သူ့မိန်းမဒေါ်ခင်ကြည်ဆီမှာ ပဲပြုတ်နဲ့ နံပြားလေးတောင်းစားပြီး တိုင်းပြည်ကောင်းစားရေးအတွက်သက်သက်ကိုပဲ လုပ်သွားတာပါ။ အဲဒီအတွက်သူရလိုက်တဲ့ဆုလာဘ်ကတော့ “အမျိုးသားသူရဲကောင်းကြီး” ဆိုတဲ့ သမိုင်းစာမျက်နှာပေါ်က ဘယ်သူမှ ၀င်ဖျက်လို့ မပျက်တော့တဲ့ မော်ကွန်းပါပဲ။ ဒါကိုပဲ အသာစံရတယ်လို့ ဆိုချင်က ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပေးဆပ်မှုနဲ့စာရင်တော့ ရတာနည်းလိုက်တာလို့ ပစ္စက္ခအမြင်အရ ဆိုရမှာဖြစ်ပါတယ်။

တကယ်တော့ အသာစံနေရသူတိုင်းဟာ အနည်းနဲ့အများဆိုသလို ဒီဘ၀မှာဖြစ်စေ၊ ယခင်ဘ၀ကဖြစ်စေ အနာခံကြခဲ့ရသူချည်းပဲလို့ ကျနော့်ကတော့ ယူဆပါတယ်။ များများအသာစံနေရသူတစ်ယောက်ရဲ့အတိတ်ဟာ များများအနာခံခဲ့ရခြင်းပါပဲ။ ဒါဟာ လောက သို့မဟုတ် သဘာဝတရားရဲ့ ဘက်မလိုက် နိယာမကြီးတစ်ခုပါ။ ဒီသဘောကို အမှန်အတိုင်းမြင်တတ်ဖို့ သိတတ်ဖို့အရေးကြီးပါတယ်။ သူကကံကောင်းတယ်၊ ငါက သူ့လောက်ကံမကောင်းဘူးဆိုပြီး ကိုယ့်ကိုယ်ကို အားငယ်နေမည့်အစား မိမိမှာရှိနေတဲ့ ဉာဏ်နဲ့ ၀ီရိယကို အသုံးပြုပြီး ကံကောင်းအောင် တူးဆွရမှာဖြစ်ပါတယ်။

တကယ်တော့ ကံ၊ ဉာဏ်၊ ၀ီရိယလို့ပြောမနေပဲနဲ့ “ငါဘာလိုချင်သလဲ၊ အဲဒီအတွက် ဘယ်လောက်အနာခံရမလဲ” လို့ ကိုယ့်ကိုယ်ကို ရှင်းရှင်းမေးပြီး အလုပ်လုပ်ဖို့ လိုပါတယ်။ တစ်ခုတော့ရှိပါတယ်။ အနာခံမှုဆိုတာ ဉာဏ်နဲ့ ၀ီရိယမပါရင် ကံအဖြစ်သို့မကူးပြောင်းနိုင်ပါဘူး။ ကံအဖြစ်သို့မကူးပြောင်းသေးသမျှ အသာစံမှုဆိုတဲ့ အကျိုးတရားဟာလဲ ပေါ်လာမှာမဟုတ်ပါဘူး။ အဲဒီလို ဉာဏ်မပါ၊ လုလ္လမပါတဲ့ အနာခံမှုမျိုးကို ဆင်ကန်းတောတိုးလုပ်မိသူဟာ သူလုပ်သမျှ ကံမမြောက်လို့ အသာမစံရတဲ့အတွက် ကိုယ့်ကိုယ်ကို သို့မဟုတ် ကိုယ့်လုပ်ရပ်အပေါ် ယုံကြည်မှုနည်းလာတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အဲဒီလူရဲ့ဒုက္ခကို ဘယ်ဘုရားမှ လာမကယ်နိုင်တော့ပါဘူး။

ဒီတော့ အသာစံရစေတဲ့ အနာခံမှုမျိုးဖြစ်စေရေး ဉာဏ်နဲ့ ၀ီရိယကို အချိုးညီညီဖြည့်စွက်ပေးဖို့ လိုအပ်လှပါတယ်။ ၀ီရိယနဲ့ ဉာဏ်ဟန်ချက်ညီညီပါဝင်လာပြီဆိုရင် လုပ်သမျှဟာ ကံဖြစ်ပြီးတော့ တစ်နည်းအားဖြင့် စွမ်းအင်သတ္တိဖြစ်ပြီးတော့ အသာစံရမှုဆိုတဲ့ အကျိုးကိုပေးတော့တာပါပဲ။ ဒီသဘောတရားဟာ စာမေးပွဲအောင်အောင်ကြိုးစားနေတဲ့ ကျောင်းသားငယ်လေးတွေကစပြီး သမ္မတအဖြစ်/၀န်ကြီးချုပ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေအထိ အတူတူပါပဲ။

သင်အသာစံနေရသမျှဟာ သင့်အနာခံမှုရဲ့ရလာဘ်” ဖြစ်ကြောင်းသဘောပေါက်ပါ။ ဒါ့ကြောင့် ဒီထက်အသာစံချင်ရင်တော့---။

သူ့နောက်ကွယ်


ရမယ်ရှာ ငြှိုးမာန်ဖွဲ့ပါလို့
မုန်းရန်ငဲ့ သူကြံ
လေသံက အနေမှား
စကားထွေလာနဲ့
ရေရာရာအကြောင်းတွေဆန်းလို့
ငယ်ကျွမ်းကို လွမ်းအောင်ပြုရက်တယ်
ရက်စက်ပါလား။

ချစ်သက်မူကြွယ်
နှစ်ရက်ရှည်ကြာလို့
ပူဗျာကယ် ရင်မှာဆို့ပါပေါ့
လူပုံလယ် ဒီမောင်ရောက်ရင်ဖြင့်
မှိုင်တွေတွေ့ ကိုယ်ပူ
စကားပို ဆိုဘူး။

အရူးလို တပေပေငဲ့
ရည်ဝေေ၀ မျက်ရည်စတွေနဲ့
ခက်ပြီကွဲ့ မောင့်မှာ
နောက်တစ်ခါ ဒီပုံဖြစ်ရင်ဖြင့်
ချစ်ချင်ချစ် မနေ
သေသော်သေ မသေသော်အသက်ကိုတဲ့
ထွက်အောင်ပဲ ပြုမယ်
ဝင်ဆွဲသူ ရန်ထား။

အမှန်အမှားရယ်က
ကံတရား ကွယ်ဖယ်လေတော့
ငယ်ချစ်ဆွေမမြင်ရာ အဝေးကိုဖြင့်
ပြေး---ပြေးမယ်တဲ့ ကြံ
ဆွေး---ဆွေးတယ်ကွဲ့ အမှန်။








Friday, January 23, 2009

အတွေးရထား


ရင်မှာရစ်သီ
သူရှိနေပြီဆိုတဲ့ အသိတစ်ခု
ဝဲပျံလှုပ်ရှား
သူအနားလာလေမလားရယ်လို့
တိုးတိုးလေး တွေးမိလိုက်စဉ်
ဝိညာဉ်လိပ်ပြာတစ်ကောင်
တောင်ပံခတ်သံမပြု
တိတ်ဆိပ်မှုသံစဉ်ကို တီးခတ်
ငြိမ်သက်မှုရသကို စုတ်ယူကာ
ခိုနားလာသောအခါဝယ်
တည်ငြိမ်မှုအလုယူခံထားရတဲ့
ငါ့ရဲ့ဝင်ရိုးစွန်းကမ္ဘာဟာ
ထာဝရငြိမ်းချမ်းမှုတွေကို
ခါးခါးသီးသီးငြင်းဆန်လိုက်လေပြီ။

အိပ်ပျက်တဲ့ညအခါတွေမှာ
စိတ်ပျက်စရာမက်တတ်တဲ့
အရသာပျက် အိပ်မက်တွေလို
ဂယောက်ဂယက်ထနေတဲ့
ငါ့ရဲ့စိတ်အစဉ်ဟာ
သရုပ်မှန်ဖေါ်ဆောင်လို့မရတဲ့
မပီကလာပန်းချီကားတစ်ချပ်ကို
ကြိုးစားရေးဆွဲရင်း
ဆည်းဆာပေါင်းများစွာရဲ့အောက်မှာ
အရိပ်ပျောက်ခဲ့ရပြီ။

မျှော်လင့်ထားတဲ့
အိပ်မက်တစ်ခုမက်ဖို့ကြိုးစားရင်းနဲ့
ရုတ်တရက်ကြားလိုက်ရတဲ့
လှောင်ရယ်သံတစ်ခုကြောင့်
မှိတ်ထားတဲ့မျက်လုံးအစုံကို
ခပ်မှေးမှေး ဖွင့်ကြည့်လိုက်တဲ့အခါ
မြင်နေကျ မျက်နှာကျက်ပေါ်က
အလင်းရောင်မဲ့ မီးလုံးတစ်ခု
ထူးဆန်းတဲ့ မျက်လုံးအသွင်နဲ့
ငါ့ကို စိုက်ကြည့်နေပြီ။

ငါအိပ်မက် မမက်ရသေးဘူး
ပြန်အိပ်ဖို့ကြိုးစားလိုက်စဉ်မှာ
ပြတင်းပေါက်က တိုးဝင်လာတဲ့
ခပ်ဖျော့ဖျော့ အလင်းတန်းတစ်ခုကြောင့်
မှိတ်ထားတဲ့ မျက်လုံးအစုံမှာ
ရည်ဝေမှုတွေ လွင့်ပျယ်ခဲ့ပြီ။

ငါမက်ချင်တဲ့ အိပ်မက်တစ်ခုမက်ဖို့
နောက်တစ်နေ့အိပ်ချိန်ကို
အတွေးရထားပေါင်းများစွာစီးရင်း
ငါခရီး ဆက်ခဲ့ရပြီ။

စိတ်ရှင်းဖို့



A man cannot be comfortable without his own approval.
Mark Twain (1835-1910)

လူဟာ ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကို လက်မခံနိုင်ပဲနဲ့ သက်တောင့်သက်သာဖြစ်ဖို့ ခဲရင်းတယ်။
(မာ့ခ်တွိန်း)

Thursday, January 22, 2009

လက်ဘက်ရည်နှင့် ရင်သားကင်ဆာ


မနက်မိုးလင်းလို့ အိပ်ရာထ၊ ရေအေးအေး ဖန်ခွက်နဲ့သုံးခွက်တိတိသောက်၊ မျက်နှာသစ်ပြီးတာနဲ့ ကျနော်မဖြစ်မနေပြင်ဆင်ရတာကတော့ ကျနော်စားဖို့ မနက်စာ။ လက်ဘက်ရည်တစ်ခွက်နဲ့ ပေါင်မုန့်မီးကင် မာဂျရင်းသုပ်နှစ်ချပ်။ အဲဒါ ကျနော့်အတွက် ပုံမှန်ယူကေမနက်စာပေါ့။ မြန်မာပြည်မှာနေတုန်းကတော့ အိမ်နဲ့ခပ်လှမ်းလှမ်းမှာရှိတဲ့ လက်ဘက်ရည်ဆိုင်သွားပြီး ပဲပလာတာတစ်ပွဲ၊ တရံတစ်ခါတော့ အီကြာကွေး တစ်ချောင်း၊ တစ်ခါတလေတော့ ပဲနံပြားတစ်ပွဲမှာပြီးတာနဲ့ ကျနော်သောက်နေကျ ကျဆိမ့်တစ်ခွက်မှာလိုက်တယ်။ များသောအားဖြင့် လက်ဘက်ရည်ဆိုင်တွေက အရင်စားရမည့် မုန့်ကို နောက်မှလာပို့ပြီး နောက်မှသောက်ရမည့် လက်ဘက်ရည်ကိုကျတော့ အရင်လာပို့လေ့ရှိတယ်။

အဲဒါနဲ့ပဲ စားပွဲပေါ်အရင်ရောက်လာတဲ့ လက်ဘက်ရည်ခွက်ကို ငုတ်တုတ်ထိုင်ကြည့်နေရတယ်။ သောက်လို့မဖြစ်သေးဘူး။ မုန့်မှ မစားရသေးပဲကိုး။ အဲဒါ ကျနော် မြန်မာပြည်မှာနေတုန်းက မနက်တိုင်း ကြုံရတဲ့ အဖြစ်ပေါ့။ ဒါကြောင့် တစ်ခါတလေတော့လုပ်ရသေးတယ်။ ရောက်တာနဲ့ စားမည့်မုန့်ကို အရင်မှာလိုက်တယ်။ အဲလိုလုပ်ပြန်တော့ စားပွဲထိုးကောင်လေးတွေက အကိုဘာသောက်မလဲ ဆိုတဲ့စကား အခါတစ်ရာလောက်လာမေးတယ်။ စားပြီးမှပဲ မှာမယ်ကွာ လို့ပြောလိုက်ရင် သိပ်မကြိုက်ချင်ဘူး။ တကယ်ပဲ စားပြီးမှ မှာပြန်တော့ အဲဒီစားပွဲထိုးကောင်လေးတွေက စိတ်ကောက်လို့လားမသိပါဘူး။ မသိယောင်ဆောင်နေကြပြန်ရော့ဗျို့။

အဲဒါကျနော် မကြာမကြာကြုံရတာလေး ပြောပြတာပါ။ တစ်ခါတစ်လေ စိတ်တောင်ဆိုးမိတယ်။ ဒါပေမဲ့ ကျနော်က လက်ဘက်ရည်သိပ်ကြိုက်တယ်ဆိုတော့ ချိုချိုသာသာနဲ့ပဲ မှာလိုက်ရတယ်။ လက်ဘက်ရည်ဆိုတဲ့အရာကလဲ ခက်သား။ ကိုယ်သောက်နေကျဆိုင်က ဖျော်နေကျလူရဲ့လက်ရာပဲ သောက်လို့အဆင်ပြေတာ။ ဆိုင်ပြောင်းသောက်ရင် နောက်ထပ်အရသာတစ်မျိုးဖြစ်သွားပြန်ရော။ ဒါကြောင့် စိတ်ဆိုးပြီး ထသွားတာမျိုးလဲ မလုပ်ချင်ဘူးလေ။ အဲဒါ လက်ဘက်ရည်စွဲတယ် လို့ခေါ်ရမှာပေါ့ဗျာ။ ကျနော်ကတော့ တကယ်စွဲတာ။ မသောက်ရရင် နေကိုမနေနိုင်ဘူး။ တစ်နေ့တစ်ခွက်တော့ အနည်းဆုံး သောက်ကိုသောက်ရမှ နေသာထိုင်သာရှိတာကလား။

ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်တွေကတော့ တစ်နေ့ကို လက်ဘက်ရည် သုံးခွက်တိတိ သောက်သင့်တယ်ဆိုပဲဗျာ့။ အထူးသဖြင့် အမျိုးသမီးတွေဟာ တစ်နေ့ကို လက်ဘက်ရည် သုံးခွက်တိတိ ပုံမှန်သောက်သင့်သတဲ့။ အမျိုးသမီးတွေထဲမှာလဲ အသက် (၅၀)အောက် အမျိုးသမီးတွေကိုပဲ ဆိုလိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို တစ်နေ့သုံးခွက်လောက် ပုံမှန်လက်ဘက်ရည်သောက်တဲ့အကျင့်ရှိရင် အမျိုးသမီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရင်သားကင်ဆာရောဂါကို (၃၇) ရာခိုင်နှုံးအထိတောင် ကာကွယ်ပေးနိုင်သတဲ့ဗျို့။ နည်းနည်းနောနော အကျိုးကျေးဇူးမဟုတ်ဘူးနော်။ သောက်သင့်တယ်။

ကျနော်တို့မြန်မာပြည်မှာ အမျိုးသမီးတွေအတော်များများမှာ ဒီရောဂါဖြစ်လေ့ဖြစ်ထရှိတာ ကျနော်မျက်မြင်ပဲ။ ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့ အဒေါ်ဆို အဲဒီကင်ဆာဖြစ်နေလို့ တစ်နေ့တစ်နေ့ ငိုငိုရည်ရည်နဲ့ပဲ အချိန်ကုန်ခဲ့ရတယ်။ ငါတော့သေမှာပဲဆိုပြီး စိတ်ဓာတ်ကလဲ ကျလို့။ သေတာကတော့ လူတိုင်းသေမှာချည်းပါပဲဗျာ။ ဘာရောဂါမှ မရှိတဲ့လူလဲ ဗျုန်းကနဲ သေချင်သေနေတာ။ သေတာကတော့ မဆန်းပါဘူး။ ဒါပေမဲ့ ဒီလိုရောဂါမျိုးရှိလာရင်တော့ အမျိုးသမီးတွေအတွက် အတော်လေးကို ကသိကအောက်နိုင်မယ်လို့ ခံစားမိတယ်။

တကယ်တော့ ရင်သားကင်ဆာရောဂါဟာ ဖြစ်စမှာ ကုရင်ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးပါ။ လွန်သွားရင်သာ ကုဖို့ခက်သွားတတ်တာမျိုးကိုး။ ကျနော့်သူငယ်ချင်းရဲ့အဒေါ်ဆို ဆေးရုံပြရင် အခွဲခံရမှာစိုးလို့ဆိုပြီး ဘယ်ဆရာဝန်ဆီမှလဲ မသွားရဲဘူး။ ကျနော်ဒီမလာခင်လေးမှာပဲ အတင်းတိုက်တွန်းပြီး ဆရာဝန်နဲ့ ပြခိုင်းရတယ်။ ဘယ်ရမလဲ။ ဆရာဝန်က ခွဲရမယ်ပြောလိုက်တာ။ သူ့ခမျာထမင်းတောင် မစားနိုင်တော့ဘူး။ အတော်လေးကို ချော့ချော့မော့မော့ပြောပြီး ခွဲဖို့တိုက်တွန်းရတယ်။ ခွဲပြီးနောက် ဓာတ်တွေဘာတွေလဲကင်ရသေးတာကိုးဗျာ့။ ကင်ဆာအမြစ်သေအောင်ဆိုပဲ။

အဲဒီဘွားတော်လဲ ခွဲပြီးစိပ်ပြီးတော့မှ အမယ်--ကျနော့်ကို ကျေးဇူးတင်ကြောင်းတဖွဖွပြောရှာတယ်။ “မင်းအဆွယ်ကောင်းလို့သာ ငါ့တူရေ့၊ အဒေါ့်ဖာသာဆို ကြောက်တာနဲ့ ခွဲဖြစ်တော့မှာ မဟုတ်ဘူး။ အခုတော့ စိတ်အေးသွားရပြီ” တဲ့။ နောက်ပြီးတော့ သူ့တူမကိုလဲ ပြောလိုက်သေးတယ်။ “ညီးတို့လဲ ဒီလိုဟာမျိုးဖြစ်လာရင် ခွဲရမှာမကြောက်နဲ့သိလား” တဲ့။ အဲဒီတော့ ဖြစ်လာရင် အဲဒီလိုခွဲရစိပ်ရမှ ပျောက်ကင်းသက်သာနိုင်တဲ့ ရောဂါမျိုး ကိုယ့်ဆီဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားဖို့တော့ အရေးကြီးသဗျို့။ အလွယ်ဆုံးကာကွယ်နည်းကတော့ ကျနော်ပြောခဲ့တဲ့နည်းပဲ။ တစ်နေ့လက်ဘက်ရည် သုံးခွက်သောက်။ လက်ဘက်ခြောက်ခတ်ထားတဲ့ ရေးနွေးကြမ်းကို ပုံမှန်သောက်ရင် ပိုတောင်ကောင်းသေးဆိုပဲ။ အဲဒီတော့ လက်ဘက်ရည်မသောက်ချင်ရင် ရေနွေးကြမ်းလေးတော့ သောက်ဖြစ်အောင်သောက်လိုက်။

လက်ဘက်ရည်မှာ အဲဒီလိုအာနိသင်မျိုးရှိတယ်ဆိုတာကို ရှာဖွေတွေ့ရှိသူတွေကတော့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Moffitt Cancer Centre ဆိုတဲ့ ကင်ဆာလေ့လာရေးဌာနက ဆေးသုတေသီတွေပါပဲ။ လက်ဘက်ရည် သို့မဟုတ် ရေနွေးကြမ်းကို ပုံမှန်သောက်တဲ့အတွက် ရင်သားထဲမှာဖြစ်ပေါ်လာမည့် အကျိတ်အခဲတွေကို ကျေစေတယ်လို့ဆိုပါတယ်။ ဒါတင်မကသေးဘူးတဲ့။ လက်ဘက်ရည်ပုံမှန်သောက်တဲ့အတွက်---
(၁) နှလုံးရောဂါ
(၂) လေဖြတ်တဲ့ရောဂါ
(၃) ကိုလက်စထရောလ်များပြာမှု
(၄) သွေးတိုးနှုံးတွေနဲ့
(၅) ခန္ဓာကိုယ်မှာ ယေဘုယျဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကိုပါ လျော့ပါးအားနည်းသွားစေတယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ဘက်ရည် သို့မဟုတ် လက်ဘက်မှာ ရောဂါလက္ခဏာကိုခြေဖျက်ပေးတဲ့ Polyphenol (ပိုလီဖီးနိုလ်)လို့ခေါ်တဲ့ အယ်ကိုဟောဓာတ်တွေပါဝင်နေလို့ပါ တဲ့။ ဆေးသုတေသီတွေဟာ ရင်သားကင်ဆာရောဂါသည်အမျိုးသမီး ငါးထောင်နဲ့ ရောဂါမရှိတဲ့အမျိုးသမီး ငါးထောင်ကို ယှဉ်ပြီး လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီတော့ ကြိုက်ကြိုက်/မကြိုက်ကြိုက် အနည်းဆုံး တစ်နေ့တစ်ခွက်လောက်တော့ သောက်ဖြစ်အောင်သောက်ကြပေတော့ ကလေးမတို့ရေ့။ မဟုတ်ရင်----။

အင်္ဂလိပ်စာ အတိုအထွာ
(1) hold/keep sb/sth at bay (idm)=မဖြစ်အောင်ကာကွယ်ပေးသည်
eg: Three cups of tea a day could help keep breast cancer at bay among younger women.
တစ်နေ့လက်ဘက်ရည်သုံးခွက်သောက်ခြင်းဖြင့် အမျိုးသမီးငယ်များမှာဖြစ်တတ်တဲ့ ရင်သားကင်ဆာရောဂါကို ကာကွယ်တားဆီးနိုင်သည်။

(http://uk.news.yahoo.com/5/20090122/twl-cups-of-tea-could-cut-cancer-risk-3fd0ae9.html) ကို ကိုးကားရေးသားပါသည်။

Wednesday, January 21, 2009

သူငယ်ချင်းသို့ (၁၁)

ကိုယ့်လူကြီး စာမရေးတာကြာလို့ စိတ်တော်ဖေါက်နေပြီလား။ မဖေါက်နဲ့ဦးဆရာရေ့။ ဒီမှာလဲ ကျောင်းနဲ့ စာမေးပွဲနဲ့ ဟိုစပ်စပ်၊ ဒီစပ်စပ်နဲ့ လုံးပန်းနေရလို့ ကိုယ့်လူဆီတောင် မလှည့်ဖြစ်တာကြာပြီ။ ကြာဆို ရေးနေကျ ဘလော့ထဲတောင် ပို့စ်လေးတွေမရေးပဲ ရပ်ထားရတဲ့အဖြစ်။ သိတယ်မို့လား၊ ကိုယ်က ကိုယ့်ဘလော့ကို ရည်းစားထက်တောင် ပိုချစ်သေးတယ်။ ရည်းစားသိရင်တော့ စိတ်ကောက်နေဦးမလား မသိဘူး။ အမှန်အတိုင်းပြောရတာလဲ ခပ်လန့်လန့်ရယ်။

အအေးဒီဂရီတွေ တက်လာလိုက်၊ ပြန်ကျသွားလိုက်နဲ့ အင်္ဂလန်ရာသီဥတုကလဲ အရူးလင်လုပ်၊ ဆပ်ပြာသည် လင်ပျောက်ဆိုတဲ့ ကိန်းတော့ဆိုက်နေပြီ။ စောင်ခြုံလဲ မလုံ၊ (Heater) ဟိတာလဲ မနွေး၊ အိပ်မပျော်ပါဘူးဆိုမှ အရေးထဲ ယာယီအတွေးတွေက ၀င်နှောက်နဲ့ ကိုယ့်အဖြစ်ကတော့ အပင်အောက်မှာ အရိပ်ပျောက်နေတဲ့လူလို ဘယ်ဆီသောင်ကမ်း ရော်ရမ်းမှန်းဆ လွမ်းရမှန်းကို မသိတော့ဘူးဗျို့။

စာမေးပွဲကလဲ တစ်ခါဖြေလဲ အမှတ်မကောင်း၊ နှစ်ခါဖြေလဲ အမှတ်မတက်နဲ့ အခုသုံးခါမြောက်သွားဖြေခဲ့ရတယ်။ သူများတွေကတော့ ငါးခါလောက်တော့ ဖြေကြတယ် ပြောတာပဲ။ တော်ပြီ ကိုယ့်လူရာ။ နောက်တစ်ခါတော့ မဖြေတော့ဘူး။ မျက်နှာလဲပူတယ်။ အခုတစ်ခေါက်သွားတာ စာရင်းလက်ခံတဲ့ ကောင်မလေးက ဘာပြောမှတ်လဲ။ မင်းလာဖြေပြန်ပြီလား တဲ့။ စာရေးမလေးကတောင် မှတ်မိနေပြီ။ အဟီး။ ရှက်လိုက်ပါဘိတော့။ အခုလက်ရှိရထားတဲ့ Band နဲ့ပဲ တက္ကသိုလ်တက်တော့မယ်။ အဲဒီအတွက် ပိုက်ပိုက်ကတော့ ပေါင်နှစ်ထောင်လောက် ပိုကုန်ဦးမယ်။ Pre-sectional Course ကို တစ်လလောက်တက်ရဖို့အရေး နှစ်ထောင်ကြီးများတောင် ပေးရသေးသဗျာ။ မွဲပါတယ်ဆိုမှ၊ ဗြိတိရှပညာရေးရယ် လုပ်ရက်ပါပေ့။

နောက်ပြီး ကိုယ့်ဆရာမအကြောင်းလဲ ပြောရဦးမယ်။ ကိုယ်လဲ ဆရာမဆီ စာမရေးရဲအောင်ဖြစ်နေပြီ။ ပြီးခဲ့တဲ့နှစ်လသုံးလလောက်က စာရေးတာ သူ့အတန်းက ကျောင်းသူကျောင်းသားတွေကို ၀ိုင်းပြီးအင်တာဗျူးခိုင်းတယ်။ သွားရတာက ချမ်းချမ်းစီးစီး၊ ကားတစ်တန်၊ ရထားတစ်တန်နဲ့။ ဟိုရောက်တော့ နိုင်ငံတကာက တက္ကသိုလ်ကျောင်းသူကျောင်းသားတွေက အများကြီး၊ ကိုယ်က တောသားစတိုင်နဲ့ အဲဒီအထဲကို အရောက်သွားပြီး သူတို့ဗျူးသမျှ ထူးခဲ့ရတာ။

အခုလဲ စာမရေးဖြစ်တာကြာလို့ မနေ့က ရေးလိုက်မိတာ။ ဘာပြောကောင်းမလဲ။ ချက်ချင်းစာပြန်လာတယ်။ မင်းလာတဲ့အခါ ငါတို့ ဗျူးချင်လို့တဲ့။ လုပ်ပြန်ရောဗျို့။ ဒီအင်္ဂလိပ်လူမျိုးတွေဟာ သူများကို ဗျူးတာ အတော်ဝါသနာကြီးပုံရတယ်။ သူကတော့ ပြောရှာပါတယ်။ အဆင်ပြေမှပါ တဲ့။ ဒါပေမဲ့ ငြင်းလို့ ဘယ်ကောင်းမလဲဗျာ။ ဘာအကြောင်းပြပြီးပဲ ငြင်းငြင်း အဗျူးမခံရဲလို့လို့ပဲ ထင်မှာ။ ကိုယ့်ဗမာလူမျိုး၊ မြန်မာနိုင်ငံဆိုတဲ့ ဂုဏ်သိက္ခာကြီးက ရှိနေလေသေးတော့ အဗျူးမခံချင်ဘူးလို့တော့ ဘယ်ပြောလိမ့်မတုန်း။ ရတယ် လို့ခပ်တည်တည်နဲ့ အာမခံလိုက်ရတာပေါ့။ ဗျူးချင်တာ ဗျူးစမ်း။ သိရင်ဖြေမယ်။ မသိရင် ရွှီးမယ်။ အဲဒီဝါဒ လက်ကိုင်ပြီးတော့ မကြာခင်သော ကာလမှာ အဗျူးတော်ခံဖို့ရာအတွက် လန်ဒန်တက္ကသိုလ်ဆီ ခြေဦးလှည့်ရပေအုန်းတော့မယ်။

တစ်ခါတစ်ခါ သူတို့မေးတာကတခြား၊ ကိုယ်နားလည်တာက တခြားဖြစ်ပြီး ဖြေမိလို့ “ရယ်ရသေးတော့၏” ဆိုတဲ့ကိန်းလဲ ဆိုက်ရသေးတယ်။ အင်္ဂလိပ်တိုင်းပြည်မှာနေတာ တစ်နှစ်ကျော်လာပြီ အခုထိနားရေမ၀သေးဘူး။ နားရေမ၀ဆို ဗမာတွေနဲ့ချည်းပဲ နေ့တိုင်းပြောနေရတာကိုး။ ကျောင်းသွားမှ အင်္ဂလိပ်လို နည်းနည်းပါးပါးပြောခွင့်ရတာ။ အဆောင်မှာနေလို့ကတော့ ဗမာလိုနားထောင်၊ ဗမာလိုပြောပဲ။ ဘယ်တော့မှ နားရေကတော့ ၀လာမယ် မထင်ဘူး။ မြန်မာပြည်မှာနေတုန်းကလဲ အတော်အတန်လိုက်စားခဲ့တာပဲ။ အခုလဲ အမြဲမပြတ်လုပ်နေရတုန်း။ ဒါတောင် တစ်ခါတစ်လေ ကိုယ်ပြောတာ သူနားမလည်၊ သူပြောတာ ကိုယ်နားမလည်နဲ့ အူကြောင်ကြောင်နိုင်လိုက်ပါဘိ သူငယ်ချင်းရယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကဆို ကိုယ်ဆီမှာ စနေနေ့တိုင်းလာပြီး အရှေ့တိုင်းစိတ်ပညာဘာသာရပ်ကို သင်ယူနေတဲ့ ဆိုဖီယာဆိုတဲ့အင်္ဂလိပ်မလေးက သူမရှင်းတာနဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခုမေးတယ်။ ဘာဆိုလိုမှန်း နားမလည်လို့ ငါးခါလောက်ကို သူ့ပြန်မေးယူရတယ်။ ကြာတော့ သူ့လဲအားနာ၊ ကိုယ့်ကိုယ်ကိုလဲ အားငယ်စိတ်တွေတောင် ၀င်လာမိရဲ့။ ဒါပေမဲ့ သူက ကိုယ့်အနေထားကို နားလည်ပြီးသားဆိုတော့ တော်သေးတာပေါ့။ ကြိုးစားပြီး စိတ်ရှည်လက်ရှည်နဲ့ သူ့မေးခွန်းကို ရှင်းပြရှာတယ်။ အဲဒီကျတော့မှ ကိုယ်လဲ “အော် ဒါလား” ဆိုပြီး ခပ်တည်တည်နဲ့ အဖြေပေးရတယ်။ အဲလိုအခါမျိုးတွေလဲ မကြာခဏပဲ သူငယ်ချင်းရ။

ကဲ အဲဒါတွေကတော့ ကိုယ့်လူဆီစာမရေးဖြစ်တဲ့ ကာလမှာ တွေ့ရကြုံရတဲ့ အတွေ့အကြုံတွေထဲက လောလောဆယ်မှတ်မိတာလေးတွေပေါ့။ နောက်ရေးမယ် ပို့စ်တွေကျမှပဲ ယူကေမှာ နေစဉ်အတွင်း ကြုံရတတ်တာလေးတွေ ပြောပြမယ်ဗျာ။ အခုလောလောဆယ်တော့ အွန်လိုင်းပေါ်က ဘာညာကွိကွတွေဆီ နည်းနည်းအလှည့်ပေးလိုက်ဦးမယ်။ သူတို့ကလဲ အမျိုးမျိုးဗျို့။ အချို့လဲ အတော်ခင်ဖို့ကောင်းပါတယ်။ အချို့လဲ အတော်ချစ်ဖို့ကောင်းပါ့။ အချို့လဲ အတော်မာနကြီးကြသဗျား။ အဲဒီထဲမှာ မာနကြီးတဲ့ ဘာညာကွိကွတွေဟာ စိတ်ဝင်စားစရာအကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ မာနကြီးတာဟာ အဲဒီသက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ အားနည်းချက်ကြီးတစ်ခုဖြစ်နေလို့ပဲ။ သူတို့ကိုယ်တိုင်တော့ ဒါကို လက်ခံချင်မှ လက်ခံမယ်။ သကြားရဲ့အရသာဟာ ချိုတယ် ဆိုတဲ့ အဆိုကို လက်မခံနိုင်တဲ့ လူလိုပေါ့။

Sunday, January 18, 2009

သဘာဝတရား


Nature is often hidden, sometimes overcome, seldom extinguished.
Francis Bacon (1561-1626)

သဘာဝတရားဟာ ပုန်းကွယ်နေလေ့ရှိတယ်၊ ရံခါ ထွက်ပေါ်လာတတ်တယ်။ လုံးဝပျောက်ကွယ်သွားတာတော့ မရှိဘူး။
(ဖရန့်စစ်ဘေကန်)

Monday, January 12, 2009

ကျနော်နှင့် လျှို့ဝှက်လှိုင်ခေါင်း


ဟိုးတောင်ထိပ်မှာ မြင်နေရတဲ့ ထုံးဖြူဖွေးဖွေးနဲ့ စေတီတော်လေးကို ဖူးချင်ဇောနဲ့ ကျနော်တစ်ယောက်တည်း တောင်ပေါ်အရောက် တက်လာခဲ့ရတယ်။ စေတီတော်ခြေရင်းရောက်တော့ သုံးကြိမ်သုံးခါ ဦးချကန်တော့လိုက်တယ်။ မိုးကောင်းကင်ပေါ်သို့ ထိုးတက်နေတဲ့ စိန်ဖူးတော်လေးကို တစ်စိမ့်စိမ့်ကြည့်ရင်း ရေးမပြနိုင်လောက်တဲ့ အေးမြမှုတစ်မျိုး ကျနော့်ရင်ထဲ တိတ်တခိုးဝင်ရောက်လာတာ သတိထားလိုက်မိတယ်။ “အော် အေးချမ်းလိုက်ပါဘိတော့ ဘုရားရိပ်၊ ငြိမ်းချမ်းလိုက်ပါဘိတော့ တရားရိပ်” ရယ်လို့ တီးတိုးကျူးရစ်သံလေးတစ်ချက်ကို ကျနော်မှတ်မှတ်ရ ပြုလိုက်တယ်။

မိုးကောင်းကင်ပြာပြာကြီး နောက်ခံပြုထားတဲ့ စေတီတော်ကို ကျနော် ဘယ်လောက်ကြာကြာ မော်ဖူးနေတယ်မသိ၊ လေပြေးတစ်ချက်အဝှေ့မှာ ချမ်းစိမ့်စိမ့်ဖြစ်လာမှ ထိုင်နေရာကနေ ထလိုက်ပြီးတော့ စေတီတော်ရဲ့ပတ်ဝန်းကျင်ကို လျှောက်ကြည့်မိတယ်။ လူသူအရောက်အပေါက်မရှိတဲ့ စေတီတော်လေးရဲ့ခြေတော်ရင်းမှာ သစ်ရွက်ခြောက်တွေ၊ သစ်ကိုင်းခြောက်တွေ ဗလပွပုံအောနေတာ သတိထားလိုက်မိတယ်။ ကျနော်ဆုံးဖြတ်ချက် တစ်ခုချလိုက်တယ်။ ငါတစ်ယောက်တည်း ဒီအမှိုက်သရိုက်တွေကို ရှင်းလင်းပြီး ငါတစ်ယောက်တည်း ကုသိုလ်ယူပစ်လိုက်မယ် လို့။

အနီးအနားမှာပေါက်ရောက်နေတဲ့ သစ်ပင်တစ်ပင်ကနေ လက်လှမ်းမီရာ သစ်ကိုင်းစိုတစ်ကိုင်းကို ချိုးလိုက်ပြီး အစီအရီတွဲခိုနေတဲ့ ရွက်လေးတွေကို အနည်းငယ် ခြွေပစ်လိုက်တယ်။ ပြီးကျမှ အဲဒီသစ်ကိုင်းကို တံမြက်စည်းလိုအသုံးပြုပြီး အမှိုက်တွေကို စတင်ရှင်းလင်းလိုက်တယ်။ ရင်ပြင်တော်ပေါ်မှာပေါက်ရောက်နေတဲ့ မျက်ပင်ငယ်လေးတွေကိုလဲ နိုင်သလောက်ဆွဲနှုတ်ပစ်လိုက်တယ်။ ဒီလိုနဲ့ စေတီတော်ရဲ့ အရှေ့မြောက်ထောင့်ဘက်ရောက်လာတော့ ထောင့်မှာပေါက်နေတဲ့ လူတစ်ရပ်သာသာရှိ သစ်ပစ်ငယ်လေးတစ်ပင်ကိုတွေ့ရတယ်။ အဲဒီပင်အောက်က အမှိုက်တွေကိုရှင်းရင်း အပင်ပေါ်မှာ ရှိတဲ့ ရွက်ခြောက်တွေကို ပင်စည်ကိုင်ပြီးလှုပ်ချလိုက်မိတယ်။ အဲဒီအချိန်မှာပဲ---

“၀ုန်း” ဆိုတဲ့မြည်သံကြီးတစ်ခုပေါ်လာပြီးတော့ သစ်ပင်နဲ့ကပ်ရက် နံရံကြီးတစ်ခု ပွင့်သွားတာ တွေ့လိုက်ရတယ်။ ကျနော်လဲ တစ်ယောက်တည်းကြောက်လွန်းလို့ ကြက်သီးမွေးညှင်းတွေ ဘာတွေတောင် ထသွားတော့တာပဲ။ ပွင့်သွားတဲ့ နံရံကြီးက သေသေချာချာကြည့်လိုက်တော့ လျှို့ဝှက်တပ်ဆင်ထားတဲ့ တံခါးတစ်ခုဖြစ်နေတာ တွေ့ရတယ်။ ပွင့်သွားတဲ့ တံခါးပေါက်ကနေ ဖြတ်ကျော်ကြည့်လိုက်တော့ လှိုင်ခေါင်းကြီးတစ်ခုဖြစ်နေတယ်။ ရုတ်တရက်မို့ လှိုင်ခေါင်းထဲမှာ မှောင်မဲနေပြီး ကျနော့်မျက်စိနဲ့ ဘာမှမမြင်ရဘူး။ ခဏနေတော့မှ အလင်းရောင်တစ်ခုပေါ်လာတယ်။

အလင်းရောင်ကို အားပြုပြီး လှိုင်ခေါင်းထဲကြည့်လိုက်တဲ့အခါကျတော့ လက်ရာမြောက်စွာ ထုဆစ်ထားတဲ့ စကျင်ကျောက်သားရုပ်တုတွေ လှိုင်ခေါင်းတောက်လျှောက် အများကြီး တန်းစီနေတာတွေ့လိုက်ရတယ်။ ကျနော်လဲ တစ်ယောက်တည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ပြီး အံ့သြသင့်နေတုန်း ရှေ့ဆုံးက ရုပ်တုတစ်ခုက အသက်ဝင်လာပြီး ကျနော့်ကို လာဘို့ လက်ယပ်ခေါ်လိုက်တယ်။ ကျနော်လဲ ဖျင်းကနဲ ကြက်သီးမွေးညှင်းထသွားရပြန်တယ်။ ကြက်သီးထလို့ မပြီးသေးခင်မှာပဲ အဲဒီရုပ်တုနောက်မှာ ရပ်နေတဲ့ ရုပ်တုကြီးတစ်ခုကပါ အသက်ဝင်လာပြီး ကျနော့်ကို လာခဲ့ဖို့ လက်ယပ်ခေါ်ပြန်တယ်။

ကျနော်လဲ ကြောက်ကြောက်နဲ့ “ကဲ ဖြစ်ချင်ရာဖြစ်တော”့ ဆိုပြီး ကိုယ့်ကိုယ်ကို ရဲဆေးတင်လိုက်တယ်။ အဲဒီရုပ်တုကြီးတွေလက်ယပ်ခေါ်တဲ့ဆီ ၀င်သွားလိုက်တယ်။ လှိုင်ခေါင်းထဲရောက်တဲ့ အခါကျတော့ ရှိသမျှရုပ်တုတွေ အကုန်လုံးအသက်ဝင်လာကြပြီး ကျနော့်ကို ဘာမပြောညာမပြောနဲ့ ဦးဆောင်ခေါ်သွားကြတယ်။ ကျနော်လဲ သူတို့နောက်ကနေ ဘုမသိဘမသိနဲ့ အူကြောင်ကြောင်ဖြစ်ပြီး အသာလိုက်သွားတယ်။ ဘယ်ဆီဘယ်ဝယ်ခေါ်သွားမယ်ဆိုတာလဲ မပြောကြဘူး။ ဘာကိစ္စဆိုတာလဲ မပြောကြဘူး။

အတော်ကြာကြာသွားပြီးတဲ့အခါကျတော့ လှိုင်ခေါင်းကြီးရဲ့တစ်ဘက်စွန်းကို ရောက်သွားတယ်။ ရုပ်တုတွေအားလုံး အဲဒီနားမှာပဲ ရပ်နေခဲ့ကြတယ်။ ပထမဆုံး ကျနော့်ကို လာဖို့လက်ယပ်ခေါ်တဲ့ ရုပ်တုကြီးက စကားစပြောတယ်။ “ဒီကရှေ့ မင်းတစ်ယောက်တည်းသွားတော့၊ ရှေ့မှာ လှေကားထစ်တွေရှိတယ်၊ အဲဒီကနေ အပေါ်တက်သွား၊ အပေါ်ရောက်ရင် အဆောက်အဦးတွေ အများကြီးတွေ့ရလိမ့်မယ်၊ အဲဒါ ဘုံကျောင်းတွေပဲ၊ အဲဒီမှာ တရုတ်ဘုန်းကြီးတွေ သီတင်းသုံးနေကြတယ်၊ အကြီးဆုံးဆရာတော်ကြီးနဲ့သွားတွေ့၊ ပြီးတော့ မင်းရဲ့အခက်အခဲမှန်သမျှကိုလဲ ပြောပြ၊ သူ အားလုံးကူညီနိုင်တယ်။” ဆိုပြီးတော့ စကားအရှည်ကြီးပြောတယ်။

ကျနော်လဲ တစ်ယောက်တည်း ရှေ့ဆက်သွားရမယ်ဆိုတော့ ခပ်ကြောက်ကြောက်ဖြစ်သွားတယ်။ ဒါပေမဲ့ ရုပ်တုကြီးပြောတဲ့အတိုင်း ရှေ့ဆက်သွားလိုက်တယ်။ ရှေ့နားလေးရောက်တော့ လှေကားထစ်တွေတွေ့လို့ အဲဒီကနေ အပေါ်တက်လိုက်တယ်။ လှေကားထစ်တွေက စုစုပေါင်း ဆယ်ထစ်လောက်ပဲရှိတယ်။ အပေါ်ဆုံးလှေကားထစ်နားရောက်တော့ အလင်းရောင်ကောင်းကောင်းမြင်ရပြီ။ ဒါနဲ့ ကျနော်လဲ လှိုင်ခေါင်းအပြင်ဘက်ရောက်ပြီဆိုတာ သတိထားလိုက်မိတယ်။ ကျနော်တစ်ယောက်တည်း ချွေးစေးတွေတောင်ပြန်နေပြီ။

အပြင်ရောက်လို့ ဟိုဟိုဒီဒီကြည့်လိုက်တဲ့အခါကျတော့ ရုပ်တုကြီးပြောသလို ဘုံကျောင်းဆောင်တွေအများကြီး တွေ့ရတယ်။ ကျနော်လဲ တစ်ယောက်ယောက်တွေ့လိုတွေ့ညား လျှောက်ရှာလိုက်တဲ့အခါကျတော့ ကံကောင်းထောက်မစွာနဲ့ ရှောင်လင်ဝတ်စုံနဲ့ တရုတ်ကိုယ်တော်လေးတစ်ပါးကို သွားတွေ့တယ်။ သေသေချာချာကြည့်လိုက်တော့ ကျနော့်တပည့်ဖြစ်ခဲ့ဘူးတဲ့ လူတစ်ယောက်ဖြစ်နေလို့ တအားကို ၀မ်းသာအားရဖြစ်ပြီး အားလဲတက်သွားတယ်။ သူက အဲဒီဘုံကျောင်းမှာ တရုတ်ဘုန်းကြီးဝတ်နေတာ တစ်နှစ်လောက်တောင် ရှိသွားပြီလို့ သူပြောတဲ့စကားအရ သိလိုက်ရတယ်။ ကျနော်လဲ သူ့ကိုတွေ့တော့ အားတက်သွားတယ်။ ပြီးတော့ ဒီဘုံကျောင်းရဲ့ အကြီးဆုံးဆရာတော်ကြီးနဲ့တွေ့ချင်လို့ အခုဘယ်မှာရှိလဲ လို့မေးလိုက်တယ်။

ကျနော့်တပည့်တရုတ်ဦးပဇင်းလေးက လာဆရာဆိုပြီးခေါ်သွားလို့ သူ့နောက်က လိုက်သွားရပြန်တယ်။ အလယ်ကျောင်းဆောင်ကြီးနားရောက်တဲ့အခါကျတော့ တရုတ်ကိုယ်တော်တွေ ရှောင်လင်ဝတ်စုံတွေဝတ်ပြီး ကျောင်းဆောင်ကြီးပေါ်တက်သွားနေကြတာ တွေ့ရတယ်။ ကျနော်လဲ သိချင်တာနဲ့ ကျောင်းဆောင်ကြီးပေါ် ဘာသွားလုပ်ကြမှာလဲ လို့ မေးလိုက်တော့ ကျနော့်တပည့်လေးကပြောတယ်။ “ဒီနေ့ ဆရာတော်ကြီးက အထူးသြ၀ါဒစကားမိန့်ကြားစရာရှိလို့ ကျောင်းရှိကိုယ်တော်တွေအားလုံး ဒီအဆောင်ကြီးပေါ်မှာ စုခိုင်းထားတယ်” တဲ့။

ကျနော်လဲ တရုတ်ကိုယ်တော်လေးနောက်ကနေ ကပ်ပြီးလိုက်သွားခဲ့တယ်။ ကျောင်းဆောင်ကြီးပေါ် ရောက်တဲ့အခါကျတော့ တရုတ်ကိုယ်တော်တွေ မနည်းမနောတွေ့လိုက်ရတယ်။ ဆရာတော်ကြီးက ဟိုးရှေ့ဆုံးမှာ ထိုင်နေတယ်။ ကျနော်လဲ ဆရာတော်ကြီးဆီတန်းပြီးသွားလိုက်တယ်။ ရှေ့ရောက်တော့ ဦးသုံးကြိမ်ချပြီး ထိုင်နေတယ်။ ဆရာတော်ကြီးကမေးတယ်။ “မင်းမှာ အ၀တ်အစားကောင်းကောင်းရှိရဲ့လား” တဲ့။ ကျနော်လဲ “ရှိပါတယ်ဘုရား” လို့လျှောက်လိုက်တယ်။

အဲဒီနောက် ဆရာတော်ကြီးက “မင်းမှာ ဘာအခက်ခဲတွေရှိသလဲ” လို့ ဆက်မေးတော်မူတယ်။ ကျနော်လဲ ကိုယ့်မှာ ဘာအခက်အခဲရှိလဲလို့ စဉ်းစားကြည့်တော့ ဘာမှထူးထူးထွေထွေရှိတာ မတွေ့ရလို့ “ကျနော့်တစ်ကိုယ်စာအတွက်တော့ ဘာအခက်မှ မရှိပါဘုရား” လို့လျှောက်ထားလိုက်တယ်။ အဲဒီလိုလျှောက်လိုက်တော့ ဆရာတော်ကြီးက “ဒါဆို မင်းပြန်လို့ ရပါပြီ” ဆိုပြီး သူ့ကိုယ်တော်တွေကို သြ၀ါဒဆက်ပေးနေလိုက်တယ်။

ကျနော်လဲ ဆရာတော်ကြီးရှေ့က ရိုရိုသေသေ နောက်ဆုတ်ထွက်ခဲ့ပြီး အပြင်ရောက်တော့ ဘယ်သွားရမှန်းမသိတော့ဘူး။ လာခဲ့တဲ့ လှိုင်ခေါင်းထဲကို ပြန်သွားရမှာလဲ ရုပ်တုကြီးတွေနဲ့ ထပ်တွေ့ရမှာ ကြောက်နေမိတယ်။ ဒါပေမဲ့ ကျနော့်မှာ ရွေးချယ်စရာ တခြားလမ်းမရှိဘူး။ ကျနော့်လာရာလမ်းဖြစ်တဲ့ လှိုင်ခေါင်းထဲကို ပြန်ပြီး ၀င်ကိုဝင်ရတော့မယ်။ ကျနော်လဲ စဉ်းစားလို့မရဖြစ်နေမိတယ်။ အဲဒီအချိန်မှာ ကျနော့်ခြေထောက်မှာ မျက်ကနဲ့ဖြစ်သွားလို့ ငုံကြည့်လိုက်တော့ ဖိနပ်က ပါမလာတော့ဘူး။ ကျောင်းဆောင်ကြီးမှာကျန်ခဲ့ပြီ။

ကျန်ရစ်တဲ့ဖိနပ်ကို ပြန်မယူတော့ပဲနဲ့ ကျနော့်တပည့်လေးကို မေးလိုက်တယ်။ ကိုယ်တော့်မှာ ဖိနပ်အသစ်အပိုတစ်ရံလောက်ရှိလားလို့။ သူကလဲ ရှိတယ်ပြောပြီး သူနေတဲ့ကျောင်းဆောင်လေးဆီ ပြန်ပြေးပြီး ယူပေးရှာတယ်။ အဲဒီဖိနပ်အသစ်ကိုရတော့ ကျနော်မစီးသေးပဲ လက်ထဲ အတော်ကြာကြာ ကိုင်ထားလိုက်တယ်။ ပြီးတော့မှ ကိုယ်တော်လေးကို နှုတ်ဆက်လိုက်တယ်။ “တပည့်တော် ပြန်ပါဦးမယ်ဘုရား” လို့။ သူလဲ ဘုံကျောင်းအဆုံးထိအောင် လိုက်ပို့ပြီး ပြန်သွားတယ်။

ကျနော့်တစ်ယောက်တည်း မှောင်မဲနေတဲ့ လှိုင်ခေါင်းကြီးထဲ ပြန်ဝင်ရတော့မယ်။ ရုပ်တုကြီးတွေနဲ့ တွေ့ရင် ကျနော့်ကို ဘာပြောကြဦးမယ် မသိဘူး။ ကျနော်က သူတို့ပြောသလို ဆရာတော်ကြီးဆီမှာ ဘာမှမတောင်းခဲ့ဘူး။ ဒါကို သူတို့အပြစ်တင်ကြမယ်ထင်တယ်။ ဒါကြောင့် သူတို့နဲ့ ထပ်တွေ့မှာကို ကျနော့်စိတ်ထဲမှာ မ၀ံ့မရဲဖြစ်နေမိတယ်။ လှိုင်ခေါင်းထဲ ပြန်ဆင်းတဲ့ ပထမဆုံး လှေကားထစ်ကို နင်းလိုက်တဲ့အချိန်မှာ “ကျွိ” ဆိုတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။ ရုပ်တရက်လန့်ပြီးတော့ ကျနော်မျက်လုံးကို ဖွင့်ကြည့်လိုက်တယ်။ ကျနော်နဲ့ တစ်ခန်းတည်းအတူနေတဲ့ သူငယ်ချင်းတစ်ယောက် အိပ်ယာနိုးလို့ မျက်နှာသစ်ဖို့ ထွက်သွားတာ မြင်လိုက်ရတယ်။

ဟူး---တော်ပါသေးရဲ့။ ကျနော် သက်ပြင်းအရှည်ကြီးတစ်ခု ချလိုက်တယ်။ အခုမှပဲ အသက်၀၀ရှူနိုင်တော့တယ်။ မှောင်မဲနေတဲ့ လှိုင်ခေါင်းထဲဝင်စရာမလိုတော့ဘူး။ ရုပ်တုကြီးတွေနဲ့လဲ တွေ့ဖို့ မလိုတော့ဘူး။ စေတီတော်လေးဘက်အရောက်သွားပြီး တောင်အောက်ပြန်ဆင်းစရာလဲ မလိုတော့ဘူး။ ကျနော့်မျက်စိထဲမှာ တံခါးကြားက တိုးဝင်လာတဲ့ နံနက်ခင်းရဲ့ အလင်းရောင်ကိုလဲ ခပ်ရဲ့ရဲ့မြင်နေရပြီ။ နံနက်ခင်း ပုံမှန်ပြေးဆွဲနေကြတဲ့ ဘတ်စ်ကားတွေနဲ့ အလုပ်သွားတဲ့ ကားပေါင်းများစွာရဲ့ တဝေါဝေါမည်သံတွေကိုလဲ ခပ်သဲ့သဲ့ကြားနေရပြီ။ ကျနော့်ကိုယ်ပေါ်မှာ ကြက်သီးမွေးညှင်းပေါင်းများစွာကို ဖြစ်ပေါ်စေတဲ့ လျှို့ဝှက်လှိုင်ခေါင်းကြီးနဲ့ ဘာမှန်းညာမှန်းမသိရတဲ့ ရုပ်တုပေါင်းစွာရဲ့ အဝေးကို ကျနော်ရောက်နေနှင့်ပြီ။ ကျနော် အိမ်မက် မက်နေခဲ့တာရယ်လေ။

အားလုံး အိမ်မက်လှလှလေးတွေ မက်နိုင်ကြပါစေ။

အရိုးသားဆုံးအခါ


A man is never more truthful than when he acknowledges himself a liar.

Mark Twain (1835-1910)

လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို လူလိမ်ပါလို့ ၀န်ခံလိုက်တဲ့အခါထက် ပိုမိုပြီးအမှန်ပြောတာ မရှိတော့ဘူး။

(မာ့ခ်တွိန်း)


Thursday, January 8, 2009

လူပီသတဲ့လူတွေ


It's human to make mistakes and some of us are more human than others.

Ashleigh Brilliant

လူပီသတဲ့လူတွေပဲ အမှားအယွင်းကို လုပ်မိတတ်ကြတယ်၊ တစ်ချို့ဆို သူများထက်တောင် ပိုပြီး လူပီသကြသေးတယ်။
(အာရှ်လေ ဘရစ်လီယန့်)

Wednesday, January 7, 2009

ဗြိတိရှလိုင်းကားများပေါ်မှ ဘာသာရေးစစ်ပွဲ


"I am very glad that we live in a country where people have the freedom to believe in whatever they want."
(Ariane Sherine)

“လူတွေကိုယ်ကြိုက်တာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိတဲ့ နိုင်ငံမျိုးမှာ နေရတာ ကျမသိပ်ကို ၀မ်းသာတာပဲ”.
(အာရီယန်ရှရင်း)

ယနေ့ ဗြိတိန်မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေကို သတိထားပြီး ကြည့်လိုက်ရင် ထူးထူးဆန်းဆန်း ကျွေးကြော်သံတစ်မျိုးကို ကားနံရံတွေမှာ ရေးထားရတာ တွေ့ရပါလိမ့်မယ်။ အဲဒါက ဘာလဲဆိုတော့ "There's probably no God. Now stop worrying and enjoy your life" ဆိုတဲ့ စာတမ်းလေးပါပဲ။ “ဘုရားသခင်ဆိုတာ ရှိချင်မှ ရှိမှာ၊ အဲဒီတော့ ဘာမှပူမနေကြနဲ့၊ ပျော်ပျော်သာနေကြ” တဲ့။ ဒီစာတမ်းကို မြင်တော့ ကျနော်အတော်လေး အံသြသွားရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗြိတိရှတိုင်းပြည်ဟာ ခရစ်ယန်ဘာသာရေးလွှမ်းမိုးတဲ့ အင်ပါယာကြီးတစ်ခုဖြစ်နေလို့ပါပဲ။

အဲဒီစာတမ်းကိုရေးပြီး ကားတွေမှာ ကပ်ခွင့်ရအောင်ကြိုးပန်းလှုပ်ရှားခဲ့သူကတော့ ဟာသစာရေးဆရာမလေး Ariane Sherine ပါပဲ။ သူမဟာ အသက် (၂၈ ) နှစ်ရှိပါပြီ။ ဟာသစာပေတွေနဲ့ သူ့အတိုင်းအတာနဲ့သူ အောင်မြင်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူဒီစာကိုရေးပြီး ဒီလိုကပ်ရတာကလဲ တမင်တကာ ထွင်ချင်လို့ မဟုတ်ပါဘူး။ သူ့မှာအကြောင်းပြချက်ရှိပါတယ်။ အဲဒါကတော့ သူဒီလိုမလုပ်ခင် သူ့အရင် ဘတ်စ်ကားတွေမှာ ရေးထားတဲ့ စာတမ်းတစ်ခုကြောင့်ပါ။ အဲဒီစာတမ်းက People who rejected God would spend eternity in "torment in hell" “ထာဝရဘုရားကို ငြင်းပယ်သူများသည် ငရဲမှာ ထာဝရဒုက္ခခံကြရပေလိမ့်မည်” ဆိုပြီးတော့ ဘုရားသခင်ကို မယုံတဲ့လူတွေကို ချိန်းခြောက်ထားပါတယ်။ ခရစ်ယန်ဘာသာရေးလှုပ်ရှားသူတွေက ရေးထားကြောင်း သိရပါတယ်။

အာရီယန်ရှရင်းဟာ ဘုရားသခင်ကို မယုံကြည်သူတစ်ယောက်ပါ။ ပြောမယ်ဆိုရင် ဘယ်ဘာသာရေးကိုမှလဲ ယုံကြည်ဟန်မရှိပါဘူး။ အဲဒီလိုဘာကိုမှ မယုံကြည်တာသည်ပင် အင်ဒိယနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်တစ်ယောက်ဖြစ်တဲ့ မစ္စတာနေရူးစကားနဲ့ ပြောမယ်ဆိုရင်တော့ ဘာသာရေးတစ်မျိုးပါပဲ။ ဘာသာမရှိတဲ့ဘာသာကို ယုံကြည်တဲ့သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ အဲဒီစာတမ်းကို ဖတ်မိပြီး သူဟာ ခံပျင်းလို့ သူ့လိုဘုရားသခင်ကို မယုံကြည်သူတွေကို လိုက်လံစည်းရုံးလှုပ်ဆော်ခဲ့ပါတယ်။

ယနေ့ခေတ်မှာ ဘုရားသခင်ဆိုတာကြီးကို မယုံတဲ့လူတွေဟာ ပိုပိုများပြားလာကြတဲ့အတွက် သူ့အတွက် ခက်ခက်ခဲခဲမစည်းရုံးလိုက်ရပါဘူး။ သူ့ကိုထောက်ခံကြ၊ ထောက်ပံ့ကြတဲ့လူတွေလဲ မနည်းမနောပါပဲ။ သူ့လုပ်ရပ်ကို ထောက်ခံအားပေးတဲ့လူတွေထဲမှာ the British Humanist Association (BHA) အဖွဲ့နဲ့ ဘာသာမဲ့ဘာသာရေးလှုပ်ရှားသူ အောက်စ်ဖိုဒ်တက္ကသိုလ်ပါမောက္ခ Richard Dawkins တို့ဟာရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။ သူတို့ကပဲ သူမအတွက် လိုအပ်တဲ့ငွေကြေးတွေကို ထောက်ပံပေးခဲ့ကြပါတယ်။ ဒါ့အပြင် သူမရဲ့လှုပ်ရှားမှုအတွက် လူတွေဆီမှာ တစ်ယောက်ကို ငါးပေါင်နှုံး လိုက်လံပြီး အလှူခံခဲ့ပါတယ်။ စုစုပေါင်း စတာလင်ပေါင်ငွေ တစ်သိန်းလေးသောင်း (ဒေါ်လာ နှစ်သိန်း) တိတိရခဲ့တယ် လို့သိရပါတယ်။

အဲဒီငွေကြေးတွေကို အသုံးပြုပြီးတော့ ဗြိတိန်အတွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကားအစီးပေါင်း (၈၀၀) တိတိရဲ့ မြင်သာတဲ့နံရံတွေမှာ "There's probably no God. Now stop worrying and enjoy your life" “ဘုရားသခင်ဆိုတာ ရှိချင်မှ ရှိမှာ၊ အဲဒီတော့ ဘာမှမပူကြနဲ့၊ ပျော်ပျော်သာနေကြ” ဆိုတဲ့စာတမ်းကို ကပ်ခဲ့ပါတယ်။ ဒါအပြင် အဲဒီစာတမ်းကို မီးရထားဘူတာတွေမှာလဲ ကပ်ထားကြောင်းသိရပါတယ်။

နောက်တစ်ဆင့် ဘာသာမဲ့ဘာသာရေးလှုပ်ရှားမှုတစ်ရပ်အနေနဲ့ (Albert Einstein) အိုင်စတိုင်းရဲ့ "I do not believe in a personal God and have never denied this but have expressed it clearly" “ကျုပ်ကတော့ ဘုရားသခင်ဆိုတာကို ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အယုံအကြည်မရှိဘူး၊ ငြင်းလဲ လုံးဝမငြင်းပါဘူး၊ ဒါပေမဲ့ ဒီမယုံဘူးဆိုတာကိုတော့ ဘွင်းဘွင်းပဲ ပြောချင်တယ်” ဆိုတဲ့ ဘုရားသခင်နဲ့ပတ်သက်တဲ့ အယူအဆတွေနဲ့ အဲဒီလိုအဓိပ္ပါယ်မျိုးရှိတဲ့ အခြားအခြားသော ပုဂ္ဂိုလ်ကြီးတွေရဲ့ အဆိုအမိန့်တွေကိုလဲ မီးရထားဘူတာတွေ၊ ဘတ်စ်ကားတွေမှာ ဆက်လက်ကပ်သွားမယ် လို့ သိရပါတယ်။

ဒီလို သူယုံကြည်တာကို လုပ်ခွင့်ရတဲ့အတွက် သက်ဆိုင်ရာ သူနေတဲ့တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့စနစ်ကိုလဲ အခုလို ချီးကြူးလိုက်ပါတယ်။ “လူတွေကိုယ်ကြိုက်တာကို ယုံကြည်ကိုးကွယ်ခွင့်ရှိတဲ့ နိုင်ငံမျိုးမှာနေရတာ ကျမ သိပ်ကို ၀မ်းသာတာပါပဲ ရှင်” တဲ့။ ဒီမိုကရေစီစနစ်ရဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ သဘောထားတစ်မျိုးလို့ နားလည်နိုင်ပါတယ်။ စာဖတ်သူတို့ ဗဟုသုတအဖြစ် တင်ပြလိုက်တာပါ။ ချမ်းသာကြပါစေ။

သတင်းပါမီးနင်းများ
(1) brainchild= လူတစ်ယောက်/အဖွဲ့အစည်းတစ်ခုရဲ့ အယူအဆ
(2) advertising hoardings= ကြော်ငြာသင်ပုန်းများ

(http://uk.news.yahoo.com/18/20090106/img/pod-photo-1-british-buses-s-f1fd9450754d.html) ကို ကိုးကားရေးသားပါသည်။

Sunday, January 4, 2009

ကျမချစ်လင် ကိုတာတေ



ကျမကို သူများတွေက အရူး၊ ဒါမှ မဟုတ် ပိုက်ဆံမက်သူလို့ ထင်ကြမလားမသိဘူးနော်။ ထင်ချင်သလို ထင်ကြပါစေလေ။ ကျမကိုယ်နှိုက်ကိုက ထူးထူးဆန်းဆန်းတွေဆို ကြိုက်နှစ်သက်တတ်တာမျိုးကိုး။ အော် မေ့သွားတယ်။ ကျမ ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါဆိုတာ မိတ်ဆက်ပေးရဦးမယ်လေ။ ကျမနာမည်က Ranae Shrider ပါ။ ကျမအသက်က (၂၃) နှစ်၊ အရပ်က ၅ပေနဲ့ ခြောက်လက်မရှိပါတယ်။ ဟောလီးဝုဒ်ရုပ်ရှင်လောကက သရုပ်ဆောင်တစ်ယောက်ဆိုပါတော့။ ကျမကို ရှင်သိချင်မှသိမှာပါ။ ကျမက သိပ်နာမည်ကြီးတဲ့အထဲကတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမနာမည်ကြီးဖို့ အခွင့်အလမ်းတစ်ခုပေါ်လာပါတယ်။ အဲဒါကတော့ သူနဲ့တွေ့တဲ့ အချိန်ပေါ့။ ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလားဆိုတာ ကျမကိုယ်တိုင်တောင် မသိတော့ပါဘူးရှင်။

ကျမတို့က ရုပ်ရှင်လောကသားချင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက်သိနေကြတာ ကြာပါပြီ။ ဒါပေမဲ့ သူ့ကို ကျမစိတ်မ၀င်စားခဲ့ပါဘူး။ စဉ်းစားကြည့်လေ။ သူ့အသက်က (၄၀) တောင်ရှိနေပြီ၊ ဒါကအရေးမကြီးသေးဘူး၊ အရေးကြီးတာက သူ့ရဲ့အရပ်အမောင်း။ ၂ ပေနဲ့ ၈ ရှစ်လက်မပဲရှိတဲ့ အရပ်ပိုင်ရှင်ကို ကျမလို ငယ်ငယ်ရွယ်ရွယ် ဟောလီးဝုဒ်မင်းသမီးတစ်ယောက်က ဘယ်လိုနည်းနဲ့ တိန်းညွန့်လို့ ရမှာလဲ ရှင်။ ဒါပေမဲ့ ဒီ Verne Troyer ဆိုတဲ့လူဟာ ပုသလောက်ဉာဏ်များတဲ့လူရယ်လေ။ ဧည့်ခံပွဲတစ်ခုမှာ သူကျမကိုတွေ့တော့ ဖုန်းနံပါတ်တောင်းတယ်။ ကျမလဲ နောက်ချင်တာနဲ့ ပေးလိုက်မိတာပေါ့။

နောက်တစ်နေ့ မနက်( ၁၀)နာရီလောက်လဲကျတော့ သူကျမဆီဖုန်းဆက်တော့တာပါပဲ။ ပြီးတော့တစ်နေရာရာမှာ တွေ့ဖို့ချိန်းလိုက်သေးတယ်။ ကျမလဲ မငြင်းလိုက်ပါဘူး။ မိန်းမသားမို့လား။ စပ်စုချင်တဲ့စိတ်ကလေးကလဲ ရှိသေးတာကိုး။ တွေ့ရင် သူဘာပြောမလဲ၊ ဘာလုပ်မလဲဆိုတာ သိချင်တယ်လေ။ ဒါသည်ပင် ကျမရဲ့အမှားလား မပြောတတ်ပါဘူးရှင်။ သူတွေ့ဖို့ချိန်းတဲ့နေရာက သူ့အိမ်မှာပါ။ ကျမသွားခဲ့ပါတယ်။ သူနဲ့တွေ့တယ်။ သူ့အိမ်က သူ့မန်နေဂျာရဲ့အိမ်နဲ့ကပ်ရက်မှာ ဆောက်ထားတာပါ။ သူက ပုပုလေးဆိုတော့ သူ့အတွက်အထူးပြုဆောက်ပေးထားပုံရပါတယ်။ အားလုံးဟာ သေးသေးကွေးကွေးလေးတွေချည်းများပါတယ်။ အိပ်ယာကုတင်တွေ၊ ရေချိုးခန်းတွေကအစပေါ့။ သူ့အိမ်ကမီးခလုပ်တွေဆိုလဲ သူ့အရပ်နဲ့တိုင်းပြီးလုပ်ထားတော့ နိပ်နိပ်လေးတွေဖြစ်နေတာပေါ့။

အဲဒါတွေအားလုံးကို စစချင်းမြင်ရပေမဲ့ ကျမမအံ့သြခဲ့ပါဘူး။ ကျမဆိုတဲ့ ကျမကလဲ တော်ရုံကိစ္စကို အံသြတတ်တာမဟုတ်တော့ သူများအတွက် အံ့သြစရာတွေဟာ ကျမအတွက်တော့ ရိုးရိုးစင်းစင်းတွေရယ်လို့ပဲ ခံစားမိပါတယ်။ ဒါသည်ပင် ကျမသူနဲ့ နီးစပ်ဖို့ရာ အကြောင်းဖန်လာတာနဲ့ တူပါရဲ့။ နောက်တစ်ခုက ကျမဟာ သာမန်လူတွေနဲ့လဲ တွဲသွားတွဲလာမလုပ်တတ်ပါဘူး။ သူ့အိမ်ရောက်တော့ ထူးထူးဆန်းဆန်းဘာမှမခံစားရပါဘူး။ ကျမတို့နှစ်ယောက် အတူတူ ရုပ်ရှင်ကြည့်ကြတယ်၊ အတူတူ ဂိမ်းဆော့ခဲ့ကြတယ်။ ပျော်ခဲ့ကြတယ် ဆိုပါတော့။

အဲဒီနေ့ကစပြီး ကျမသူ့အိမ်ကို ချောင်းပေါက်တော့တာပါပဲ။ ညတိုင်းလောက်နီးပါးရောက်ဖြစ်ပါတယ်။ သိပ်မကြာခင်မှာပဲ ကျမဟာ သူ့အပေါ်ကျသွားမိပါတယ်။ ဒီလိုနဲ့ ကျမတို့ တစ်ယောက်နဲ့တစ်ယောက်နမ်းတဲ့အဆင့်အထိရောက်ခဲ့ကြတယ်ဆိုပါတော့။ ကျမသူ့ကိုယ်ပေါ်မှီပြီး နမ်းခဲ့ပါတယ်။ သူဟာ အနမ်းတော်တဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ ကျမအသိအမှတ်ပြုလိုက်မိပါတယ်။ ကျမစိတ်ထဲမှာ သူ့ကိုအတော်လေး အထင်ရောက်သွားပါတယ်။ ဒီအထင်သည်ပင် ကျမသူ့နဲ့ မရှက်မကြောက်တွဲဖို့ တင်ပေးလိုက်တဲ့ ရဲဆေးတစ်မျိုး၊ ဒါမှမဟုတ် ကျမမျက်လုံးတွေကို ကန်းသွားစေတဲ့ အချစ်မျက်စဉ်းတစ်မျိုးဖြစ်သွားတယ် ထင်ပါရဲ့ ရှင်။ သူနဲ့ကျမ ဘယ်သွားသွား၊ လူတွေဝိုင်းကြည့်တဲ့ ဒဏ်ကို ခံရစမြဲပါ။ ဒါပေမဲ့ ကျမတို့နှစ်ယောက်ကတော့ မိုးမမြင်လေမမြင်ပါပဲ။ အထူးသဖြင့်ကျမပေါ့။ ချစ်တာကိုး၊ နော်။

ကျမသူနဲ့ တစ်လလောက်ကြာအောင် အတူတူသွားအိပ်ပါတယ်။ ကျမရင်ထဲမှာသူ့အပေါ်ချစ်နေတဲ့ချစ်စိတ်ကို စစ်မစစ် စမ်းချင်လို့ပါ။ မှန်တာ ၀န်ခံရရင် ညပေါင်းများစွာဟာ ကျမအတွက်တော့ အိမ်မက်ဆိုးတွေလိုပါပဲ။ သူဆန္ဒရှိလာတဲ့အခါ ကျမမျက်စိတွေကို မှိတ်ထားလိုက်ပါတယ်။ သူ့ဆန္ဒကို ကျမလိုက်လျောပါတယ်။ ရယ်ကြမလားတော့ မသိဘူးနော်။ ကျမလေ၊ စိတ်ထဲမှာ “ငါ အလှူပေးနေတယ်” လို့ပဲ အောင့်မေ့ထားလိုက်တယ်။ သူ့ဆန္ဒပြည့်ဖို့အတွက်ပဲလေ၊ ကျမအတွက်တော့ မဟုတ်ပါဘူး။ သူလုပ်ချင်တာ လုပ်ပါစေတော့ ဆိုပြီး ခွင့်ပြုထားလိုက်ပါတယ်။

ကျမတို့အတူနေကြစဉ်အတွင်းမှာ လိင်ဆက်ဆံတာကို ခြောက်ကြိမ်ပဲ လုပ်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး ကျမ ငြင်းခဲ့ရတယ်။ သူကတော့ ရူးနေမှာပဲ ထင်ပါရဲ့။ သူကလေ “ငါတို့ ဒီလိုလိင်ဆက်ဆံတာမှ မလုပ်ရင် သူငယ်ချင်းအဆင့်ထက် ဘာထူးမှာလဲ” တဲ့။

ကျမသူ့ကို ချစ်ပါတယ်။ တကယ်ချစ်ခဲ့တာပါ။ ဒါပေမဲ့ သူကျမအပေါ်မှာ မရိုးသားခဲ့ဘူး။ ကျမတို့လိမ်ဆက်ဆံတဲ့ကိစ္စကို ဗွီဒီယိုခိုးရိုက်ထားပြီး အင်တာနက်ပေါ် လွှင့်တင်ခဲ့တယ်။ ဒါကိုတော့ ကျမသည်းခံလို့ မရခဲ့ပါဘူး။ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တယ်။ ပြီးခဲ့တဲ့ ဂျူလိုင်တုန်းက ကျမသူနဲ့လမ်းခွဲခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာ သူ ကျမကို ကလိမ်ကျစ်တွေ အများကြီးလုပ်ခဲ့တယ်။

ချစ်သူများနေ့တစ်နေကပေါ့။ သူခေတ္တရောက်နေတဲ့ Las Vegas ကနေ ကျမဆီလှမ်းဖုန်းဆက်ပြီးတော့ ကျမအတွက် အမှတ်တရစိန်လက်စွပ်လေးတစ်ကွင်းဝယ်ခဲ့တယ်ဆိုပြီးပြောတယ်။ ကျမလဲ တစ်သက်နဲ့တစ်ကိုယ် စိန်လက်စွပ်မ၀တ်ဖူးတော့ အရမ်းပျော်သွားတာပေါ့။ အိမ်လဲရောက်ရော ပျောက်သွားပြီတဲ့။ ဒါနဲ့ ကျမတို့နှစ်ယောက် သူ့အိပ်တွေထဲ ၀ိုင်းရှာကြတာပေါ့။ ဘယ်မှမတွေ့ပါဘူး။ သူဝယ်လာတဲ့ဆိုင်ကို ဖုန်းပြန်ဆက်မယ်လုပ်တော့ မဆက်ပါနဲ့တဲ့။ တားသေးတယ်။ ကျမသိလိုက်ပါတယ်။ ညာတာလို့။ နောက်ဆုံးတော့ သူကျမကို ပူးမားတံဆိပ်ဖိနပ်တစ်ရံလက်ဆောင်ပေးတယ်။ အဲဒါလဲ နောက်မှသိရတယ်။ သူများဆီက အလကားရလာတာ တဲ့။

တစ်ခါကလဲ ကျမအတွက်ဆိုပြီး စိန်လည်ဆွဲလေးတစ်ကုံးဝယ်လာပေးတယ်။ ကျမ အဲဒီလည်ဆွဲလေးကို သူနဲ့ကွဲပြီးနောက်မှာ အပေါင်ဆိုင်တစ်ဆိုင်ယူသွားပြီးတော့ ပြကြည့်တယ်။ အပေါင်ဆိုင်ကလူက လည်ဆွဲလေးကို သွားနဲ့ကိုက်ပြတယ်။ သူ့သွားရာထင်သွားတယ်။ ပြီးတော့ ပြောသေးတယ်။ အဲဒါမျိုးတွေကို လမ်းဘေးဆိုင်လေးတွေက ရောင်းတာတဲ့။ ကျမရှက်လိုက်တာ မပြောပါနဲ့တော့။ ကျမချစ်သူက အဲလိုလူစားမျိုးပါ။ အခုတော့ ကွဲသွားခဲ့ကြပါပြီ။ ကျမရင်ကိုနာကျင်စေတဲ့၊ ကျမနှလုံးကို အရှက်ရစေတဲ့ ကျမချစ်သူဟာ တကဲ့ကို တာတေကြီးပါပဲ။ ဒါကြောင့် ကျမက သူ့ကို “ကိုတာတေ” လို့ခေါ်တာ။ “ကျမချစ်လင် ကိုတာတေ” ပေါ့ ရှင်ရယ်။

သတင်းပါ မီးနင်းများ

(1) freak= တစ်ခုခုကို စွဲစွဲလမ်းလမ်းစိတ်ဝင်စားတတ်သူ
(2) arcade machine= လမ်းဘေးဈေးတမ်း
(3) towered above (sb)= ထက်အရပ်မြင့်သည်
(4) errands= သူများအတွက်လုပ်ပေးရတဲ့ တိုလီမိုလီကိစ္စ
(5) bizarre fan mail= ထူးထူးဆန်းဆန်းစိတ်ဝင်စားတတ်တဲ့လူတွေဆီကလာတဲ့ မေးလ်
(6) hard-up= (ပိုက်ဆံ) ဘိုင်ပြတ်နေသော
(7) mean-spirited= ထစ်ကနဲဆို စိတ်တိုတတ်သော
(8) was leaked on to= (အင်တာနက်) ပေါ်တင်လွှင့်သည်
(10) wined and dined (idm)= ဆိုင်မှာသွားစားသောက်သည်
(11) a pair of Puma trainers= ပူးမာတံဆိပ်ဖိနပ်တစ်ရံ
(12) freebie= သူများဆီက အလကားရတဲ့ပစ္စည်း
(13) a pawn shop= အပေါင်ဆိုင်
(14) out of curiosity= စပ်စုချင်တာနဲ့/လို့
(15) futo= ခေါက်ကုတင် (ဂျပန်)
(16) was freaked out= တအံ့တသြဖြစ်သည်
(17) dwarfism= ပုကွကွအနေအထား

(http://www.mirror.co.uk/celebs/news/2009/01/03/my-life-with-2ft-8in-sex-obsessed-mini-me-verne-troyer-115875-21013131) သတင်းကို အခြေခံရေးပါသည်။

ဆေးနှင့်မတည့်သော အသီးဖျော်ရည်များ


အသီးဖျော်ရည်ကို သောက်သုံးခြင်းကြောင့် ကျမ်းမာရေးကောင်းကြောင်းကို စာဖတ်သူများ သိထားပြီးဖြစ်မည် ထင်ပါတယ်။ အဲဒီလို အကျိုးဘက်က ရှိသလို အဆိုးဘက်ကလဲ ရှိနေကြောင်းကို ယူကေသတင်းစာတစ်စောင်မှာ အမှတ်တမဲ့ဖတ်လိုက်ရပါတယ်။ ဘယ်လိုဆိုရင် အဆိုးဖြစ်နိုင်သလဲ ဆိုတာကို စာရေးသူနားလည်သလို ဘာသာပြန်ပြီး ဖေါ်ပြပေးလိုက်ပါတယ်။

အသီးဖျော်ရည်ကို သောက်သုံးခြင်းကြောင့် အသက်ကယ်ဆေးတွေရဲ့ အာနိသင်ကို ပျက်စီးစေပါတယ်။ လိမ္မော်သီးဖျော်ရည်၊ ပန်းသီးဖျော်ရည်နဲ့ ဂရိတ်ဖရုသီးဖျော်ရည်တွေဟာ ပြင်းထန်တဲ့ ကူးစက်ရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကို ကုသတဲ့အခါအသုံးပြုတဲ့ ဆေးတွေရဲ့အာနိသင်ကို လုံးဝဖျက်ဆီးပစ်တတ်ပါတယ်။ ပါရဂူကြီးတွေရဲ့တွေ့ရှိချက်အရ အထက်ပါဖျော်ရည်တွေကို အဲဒီဆေးမျိုးတွေနဲ့ ရောနှောပြီးသောက်မိရင် နည်းနည်းလေးသောက်တာတောင် သောက်တဲ့ဆေးတွေရဲ့ အာနိသင်ဟာ လုံးဝပျက်စီးသွားရပါတယ် တဲ့။

ကနေဒါနိုင်ငံ၊ Western Ontario တက္ကသိုလ်က ဆေးသုတေသနပါမောက္ခကြီး ဒေါက်တာ David Bailey ကတော့ “ဒါဟာ ( ပြဿနာ) အနည်းအကျဉ်းပဲ ရှိပါသေးတယ်၊ ဒီလို ဆေးတွေရဲ့ အာနိသင်ကို ဖျက်ဆီးပစ်တတ်တဲ့ အခြားသောက်သုံးဘွယ်တွေလဲ အမြောက်အများရှိနေဦးမှာကတော့ သေချာပါတယ်” လို့ ပြောကြားလိုက်ပါတယ်။ လောလောဆယ်မှာတော့ အထက်ပါ အသီးသုံးမျိုးရဲ့ဖျော်ရည်တွေဟာ ကင်ဆာရောဂါပျောက်ဆေးတွေရဲ့ စုတ်အားကို ကျဆင်းစေတာတွေ့ရပါတယ် တဲ့။

ဒါ့အပြင် အဲဒီဖျော်ရည်တွေဟာ နှလုံးထိခိုက်မှုကို ကာကွယ်တဲ့အခါနဲ့ သွေးပေါင်တက်တဲ့အခါသောက်ရတဲ့ Beta blockers လို့ခေါ်တဲ့ ဆေးတွေရဲ့ အာနိသင်ကိုလဲ ပျက်စီးစေနိုင်ကြောင်း တွေ့ရှိပါတယ်။ တစ်ခါ ခန္ဓဘေဒအစားထိုးခွဲစိပ်ကုသရာမှာအနှောက်အယှက်ဖြစ်စေမှုကို ကာကွယ်တဲ့ Cyclosporine လို့ခေါ်တဲ့ ဆေးနဲ့ အခြားပဋိဇီဝဆေးသုံးမျိုးရဲ့ ကုသအားကိုလဲ ကျဆင်းစေပါတယ်။

Patient Association က ဒုတိယဥက္ကဋ္ဌ Michael Summers တော့ “ဒီလေ့လာတွေ့ရှိချက်ဟာ အင်မတန်အရေးကြီးကြောင်းနားလည်ဖို့ လိုအပ်ပါတယ်၊ လူနာတွေဟာ မိမိတို့ရောဂါတွေအတွက် ဆေးသောက်စရာရှိလာတဲ့အခါ သက်ဆိုင်ရာဆရာဝန်တွေဆီက အကြံအဉာဏ်ယူသင့်ပါတယ်၊ အကောင်းဆုံးကတော့ ဆေးကို ရေနဲ့သောက်တာ ပိုမိုအန္တရာယ်ကင်းပါတယ်” လို့ အကြံပြုသွားပါတယ်။

ဒါပေမဲ့ ဒီလေ့လာတွေ့ရှိချက်ဟာ ဘယ်အထိမှန်ကန်တယ်ဆိုတာနဲ့ ပတ်သက်လို့ကတော့ မေးခွန်းထုတ်နေကြဆဲပါ။ The Royal College of General Practitioners မှ Dr Clare Gerada ကတော့ “ကျုပ်ကတော့ အံ့သြမိပါရဲ့ဗျာ၊ နည်းနည်းလေးသောက်တာနဲ့ကို ဆေးအာနိသင်ပျက်ရတယ်လို့။ ဒီအသီးဖျော်ရည်တွေဟာ အဲသလောက်တောင် ဆေးအာနိသင်ကို ဖျက်ဆီးနိုင်ကြရင် သက်ဆိုင်ရာအဖျော်ကုမ္ပဏီတွေဟာ အဲသလိုဖျော်ရည်မျိုးကို မထုတ်လုပ်သင့်ဘူး လို့ ကျုပ်တွေးခဲ့မိဖို့ကောင်းတယ်” လို့ ခနဲ့သလိုလိုနဲ့ ပြောလိုက်ပါတယ်။

The British Soft Drinks Association မှ Richard Laming ကတော့ “အသီးဖျော်ရည်ကို သောက်သုံးတာဟာ ကျမ်းမာရေးကောင်းပါတယ်ဗျာ” လို့ကာကွယ်လိုက်ပါတယ်။ သေချာချင်ရင်တော့ သောက်ရမည့်ဆေးနဲ့ပတ်သက်တဲ့ ဆေးညွှန်းတွေရှိရင် အဲဒီဆေးညွှန်းတွေကို ကျကျနနဖတ်၊ ဒါမှမဟုတ် သက်ဆိုင်ရာဆရာဝန်ဆီ အကြံအဉာဏ်သွားတောင်းပြီးမှ အစားအသောက်နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကို ဂရုမူသင့်ပါတယ်။

ဗြိတိရှဆေးလုပ်ငန်းအဖွဲ့ကြီး (The Association of the British Pharmaceutical Industry) က ဒီတွေ့ရှိချက်ကို မှန်ကန်ကြောင်းအတည်ပြုနိုင်ပြီဆိုရင်တော့ “လူနာများဆေးသတင်း”မှာ ထည့်သွင်းဖေါ်ပြမယ် လို့ပြောကြားလိုက်ပါတယ်။

ကျနော်(စာရေးသူ) နောက်ဆုံးအကြံပြုလိုတာကတော့ မိမိသောက်ရမည့်ဆေးကို ရေနဲ့မျှောချတာဟာ အကောင်းဆုံးပါပဲ လို့။ ဆေးသောက်လို့ ဘေးပျောက်ပါစေသော်။


သတင်းစာပါ မီးနင်းများ
(1) life-saving drugs= အသက်ကယ်ဆေးများ
(2) wipe out= ကျဆင်းသည်
(3) the tip of the iceberg (idm)= ပြဿနာရဲ့အစအနလေး

မှတ်ချက်။ ။ (20/08/2008) ဗုဒ္ဓဟူးနေ့ထုတ် METRO TRAVEL သတင်းစာပါ Miles Erwin ရဲ့ “Fruit juice could stop drugs working” ကို ဆီလျှော်အောင် ဘာသာပြန်ဖေါ်ပြပါသည်။