Sunday, August 1, 2010

ရှင်တောင်ပုံတောင်လား




“တောဘောင် တောင်ဘောင်၊ ရှင်တောဘောင်၊
တောဘောင် မတ်စွတ်၊ တပ်မရွတ်”

ငယ်စဉ်တောင်ကျေး ကလေးဘ၀က ပါးစပ်ဖျားမှာ ရေပန်းစားရွတ်ဆိုခဲ့ဖူးသော ထားဝယ်ကဗျာကလေးတစ်ပုဒ်ပါ။ ဒီကဗျာလေးကို မြန်မာအမှူးပြုပြီး သီဆိုမယ်ဆိုရင်တော့ “တောင်ပုံ တောင်ပုံ၊ ရှင်တောင်ပုံ၊ တောင်ပုံ မတ်စောက်၊ တက်မရောက်” လို့ ဆိုနိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ ရှင်တောင်ပုံတောင်ကြီးဟာ မတ်စောက်လွန်းတဲ့အတွက် တက်လို့ မရောက်နိုင်ပါဘူး တဲ့။ ဒါပေမဲ့ အဲဒါက ဟိုးအရင်တုန်းကပါ။ အခုတော့ တက်လို့မရောက်နိုင်လောက်အောင်ကို မတ်စောက်မြင့်မားလှတဲ့ ရှင်တောင်ပုံတောင်ကြီးလည်း “တောင်ကြီးဖ၀ါးအောက်” ဖြစ်သွားရပါပြီ။



ရှင်တောင်ပုံတောင်ကြီး တည်ရာဒေသကတော့ ထားဝယ်လေးမြို့နယ်ထဲ အ၀င်အပါဖြစ်တဲ့ သရက်ချောင်းမြို့လေးဖြစ်ပါတယ်။ ထားဝယ်မြို့ပေါ်ကနေ ဆိုင်ကယ်စီးသွားရင် မိနစ်လေးဆယ်လောက်ဆို ရောက်ပါပြီ။ ထားဝယ်လို “ရှင့်ခ္လော” လို့ခေါ်တဲ့ သရက်ချောင်းမြို့လေးမှာ ကြည့်စရာလည်ပတ်စရာ ထူးထူးခြားခြားသိပ်မရှိလှပေမဲ့ သရက်ချောင်းရေတံခွန်နဲ့ ရှင်တောင်ပုံတောင်ကြီးကြောင့် ထားဝယ်သူထားဝယ်သားတွေ အသွားအလာ မပြတ်လှပါဘူး။ ကျနော်လည်း ကိုယ့်ရပ်ကိုယ့်ရွာရောက်တုန်းရောက်ခိုက် သရက်ချောင်းမြို့ကလေးသို့ ခေတ္တရောက်ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ဒူးရင်းသီး စားချင်လို့။

ခင်မင်ရင်းနှီးလှတဲ့ သူငယ်ချင်းတစ်ယောက် အခြေချနေထိုင်တဲ့ ဒီမြို့လေးကို ရောက်လာရခြင်းရဲ့အဓိကအကြောင်းကတော့ အထက်မှာပြောခဲ့သလို ဒူးရင်းသီးစားချင်လို့ပါပဲ။ ဘာလို့လဲ ဆိုတော့ သရက်ချောင်းမြို့နယ်လေးရှိတောတောင်တွေမှာ ဒူးရင်း၊ မင်းဂွတ်၊ စွံပဒတ်၊ ပိန္နဲသီးတွေ အလွန်ပေါပါတယ်။ ရာသီအချိန်ကျရင် ၀ယ်စားစရာမလိုအောင်ကို ပေါတဲ့ နေရာလေးပါ။ မောင်းမကန်ရွာမှာတော့ သူများရွာက လာရောင်းတဲ့ ဒူးရင်းသီးပဲ စားရတာများပါတယ်။ ရွာထွက်၊ ခြံထွက်သိပ်မရှိလှပါဘူး။ ဒီတော့ ဒူးရင်းသီးကောင်းကောင်းစားချင်ရင် သရက်ချောင်းပြေးကြရတာပါပဲ။ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။ သရက်ချောင်းရောက်တော့ သူငယ်ချင်းက ၀မ်းသာအားရနဲ့ ဆီးကြိုနှုတ်ဆက်ပြီး လာရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြတဲ့အခါ ဒူးရင်းသီးရာသီကုန်သွားလို့ မရှိတော့ဘူးတဲ့။ ထားဝယ်စကားနဲ့ ပြောရရင်တော့ “ဒူးရင်းသီးပွဲသွားပြီ”တဲ့။

ထားဝယ်သူထားဝယ်သားတွေက သက်ဆိုင်ရာ စားပင်သီးပင်တွေ ကုန်ဆုံးတဲ့ရာသီကို “ပွဲသွားပြီ”လို့ ပြောလေ့ရှိပါတယ်။ ဥပမာ၊ စွံပဒတ်သီးကုန်တဲ့ရာသီရောက်ရင် စွံပဒတ်သီးပွဲသွားပြီ စသည်အားဖြင့် ပြောလေ့ရှိပါတယ်။ ကိုယ်လည်း ဒူးရင်းသီးပွဲသွားပြီဆိုတော့ ကိုယ့်တံထွေးကိုယ်မျိုပြီး လှည့်ပြန်ရတော့ မလိုလိုဖြစ်နေတုန်း သူငယ်ချင်းက ရေတံခွန်သွားရအောင်ဆိုတာနဲ့ သရက်ချောင်းရေတံခွန်ဘက် ဆိုင်ကယ်ကိုယ်စီနဲ့ ထွက်ဖြစ်ခဲ့ကြတယ်။

ရေတံခွန်ဘက်ထွက်ခဲ့ရာ သရက်ချောင်းမြို့အ၀င်လမ်းက အင်မတိအင်တန်ကို ဆိုးဝါးလှပါတယ်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဘုန်းရှင်ကံရှင်မင်းတြားကြီးက ရေတွင်းပေါင်းရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင်ကို လမ်းလယ်ခေါင်မှာ တူးထားတော့ သွားရလာရတာ အတော့်ကို ဂွကျလှဘိခြင်း။ လမ်းမကောင်းလို့ ဟိုကွေ့သည်ပတ်လုပ်ပြီး မောင်းခဲ့ရတဲ့ ဆိုင်ကယ်ခမျာ ခဏနေတော့ တာယာပေါက်ပါလေရော့လား။ အချိန်ကြည့်လိုက်တော့ ညနေ (၅) နာရီထိုးလုလု၊ လာရာလမ်းက မိုးတဖြိုင်ဖြိုင်နဲ့၊ ဒီကြားထဲ ဆိုင်ကယ်ဘီးက ထပေါက်ပြန်တော့ ရှေ့ဆက်ဖို့လည်းခက်၊ လှည့်ပြန်ဖို့လည်းအခက်နဲ့ လမ်းဘေးဆင်းပြီး ဆိုင်ကယ်က လူကို စီးပြီးသွားနေရတဲ့ဘ၀ ရောက်ခြင်းမလှ ရောက်ရတော့တာပါပဲ။အတူပါလာတဲ့ ညီမလေးက သူစီးတဲ့ဆိုင်ကယ်ကို ပေးပြီး ကိုယ့်ဆိုင်ကယ်ကို သူနဲ့ တူမလေးက တွန်းသွားလေရဲ့။ အဟဲ---ကိုယ့်ခမျှာ ယောက်ျားဖြစ်ပြီး ဆိုင်ကယ်တွန်းသွားရမှာ ရှက်ကြောင်းညီမလေး ရိပ်မိရှာလို့ တော်ပါသေးရဲ့ဗျား။

ဒီလိုနဲ့ ရှေ့နားက သူငယ်ချင်းအသိအိမ်တစ်အိမ်မှာ ခဏ၀င်နားပြီး ညီမလေးတို့ကို စောင့်နေရသေးတယ်။ တာယာပေါက်တဲ့ဆိုင်ကယ်ကို မြို့ထဲကကျွတ်ဖာလေးထိုးဆိုင်တစ်ဆိုင်မှာအပ်၊ အသိအိမ်က ဆိုင်ကယ်တစ်စီးယူပြီး ရေတံခွန်ဘက် ကိုယ်အုပ်စုလိုက်ကြီး ချီတက်ခဲ့ကြတယ်။ ကျနော်တို့အုပ်စုမှာ ကျနော့်အမကြီး၊ ညီမလေးနဲ့ တူမနှစ်ယောက်၊ ညီတစ်ယောက်၊ သူငယ်ချင်းသုံးယောက် စုစုပေါင်း (၇) ယောက်ပါတယ်။ ရေတံခွန်ရောက်တော့ ဘာမှထူးထူးခြားမရှိပါဘူး။ ရေတံခွန်ပါဆိုမှတော့ တောင်ပေါ်က လျောကျလာတဲ့ ရေတွေကို ငေးကြည့်နေရုံပါပဲ။ မက်လောက်စရာ ရှုကွင်းရှုကွက်လည်း သိပ်မရှိတော့ ခဏပဲနေဖြစ်ပါတယ်။ အရင်ကလည်း ရောက်ဖူးထားတဲ့ နေရာမို့ ရောက်ပြန်ပါပဲ။ ဒါပေမဲ့ အဲဒီရေတံခွန်ကနေ အထက်ကြည့်လိုက်တော့ အင်မတန်မြင့်မားလှတဲ့ တောင်ထွဋ်ကြီးတွေ့ရပါတယ်။ ဒါနဲ့ သူငယ်ချင်းကို မေးကြည့်တော့ အဲဒါ ရှင်တောင်ပုံတောင်ပေါ့ တဲ့။



အဲဒီကျမှပဲ ငယ်ငယ်ကတည်းက ကြားဖူးနားဝရှိနေတဲ့ ရှင်တောင်ပုံတောင်ဆိုတာ ဒီသရက်ချောင်းမြို့နယ်ထဲကကိုးလို့ သိရပါတော့တယ်။ ငယ်ငယ်ကတော့ ကြားပဲကြားဖူးနေတာ။ ဒီတောင်ကြီး ဘယ်နေရာရှိမှန်းတောင် မသိခဲ့ပါဘူး။ တောဝင်၊ တောင်တက်ဝါသနာကြီးလှတဲ့ ကျနော့်ခမျှာ တောင်မြင်တော့ တက်ချင်စိတ်ပေါက်လာပြန်ပါရော့လား။ သူငယ်ချင်းကို မေးကြည့်တော့ တက်လို့ရတယ် ဆိုတာနဲ့ အုပ်စုလိုက်ကြီး ဆိုင်ကယ်ကိုယ်စီနဲ့ ချီတက်ခဲ့ကြပြန်ပါတယ်။ ရှင်တောင်ပုံတောင်မကြီးကို တက်တဲ့လမ်းကို တောင်စောင်းတွေဖြိုပြီး ကျောက်ကြမ်းလမ်းကလေး တောင်ပတ်ဖေါက်ပေးထားပါတယ်။ ကားနဲ့တက်မယ်ဆိုရင် ဂျစ်ကားလောက်ပဲ တက်နိုင်တဲ့လမ်းမျိုးပါ။ အကွေ့အကောက်ရာထောင်နဲ့ ကျောက်ကြမ်းလမ်းကို မောင်းတက်ရတဲ့ခရီးဟာ တစ်ချက်ချော်တာနဲ့ အသက်ထွက်ဖို့ပဲ ရှိပါတယ်။ ဒီလမ်းကို ကျနော်တို့အဖွဲ့ ကျိုးစားပြီး ရင်ဖိုဖိုနဲ့ တက်ခဲ့ကြရပါတယ်။

တောင်ပတ်လမ်းတစ်လျှောက် မြင်ရတဲ့မြင်ကွင်းတွေကတော့ သစ်ပင်ကြီးငယ်တွေနဲ့ ဟိုးခန့်လှမ်းလှမ်းတောင်ခြေက စိမ်းညို့ညို့လယ်ကွင်းပြင်ကြီးတွေချည်းပါပဲ။ မိုးတဖြိုက်ဖြိုက်နဲ့ ဆည်းဆာချိန်ဖြစ်တဲ့အတွက် ပုဇင်းရင်ကွဲကောင်လေးတွေရဲ့ စူးရှရှအော်သံတွေနဲ့ အိပ်တန်းတက်ငှက်ကလေးတွေရဲ့ နှုတ်ခွန်းဆက်သံတွေကို ကြားနေကြရပါတယ်။ ဆိုင်ကယ်ပေါ်ထိုက်လိုက်ရင်း ငယ်ငယ်က ရွတ်ခဲ့ဖူးတဲ့ အထက်ပါ ကဗျာလိုလို သီချင်းလိုလို ရှင်တောင်ပုံဖွဲ့ကို သတိတရဆိုမိပါသေးတယ်။ မတ်စောက်လွန်းလို့ တက်မရတဲ့တောင်ကြီးကို အခုတော့ ငါတက်နေရပြီဆိုတဲ့ အသိက တောင်ထိပ်ရောက်ချင်စိတ်ကို နိုးဆော်နေသလိုပါပဲ။ တောင်ပေါ်မရောက်ခင် သုံးပုံတစ်ပုံလောက်မှာ ရှင်သီဝလီကျောင်းဆောင်နဲ့ ရှင်သီဝလိရုပ်တုတော်ကို ဖူးတွေ့ပါတယ်။ အဲဒီနေရာက အောက်ဘက်လှမ်းကြည့်လိုက်ရင်ကိုပဲ တခြားတောင်စဉ်တောင်တန်းတွေ အများကြီးနဲ့ လယ်ကွင်းပြင်ကျယ်ကြီးတွေကို မျက်စိတစ်ဆုံးတွေ့မြင် ခံစားနိုင်ပါတယ်။



တောင်ခြေကနေ မိနစ်သုံးဆယ်ကျော်ကျော်လောက်မောင်းပြီးတဲ့အခါမှာတော့ ကျနော်တို့အဖွဲ့ ရှင်တောင်ပုံတောင်ထိပ်ကို ဘေးမသီရန်မခရောက်ခဲ့ကြပါတော့တယ်။ တက်မရောက်နိုင်တဲ့တောင်ကြီးပေါ်သို့ အခြေချမိချိန်မှာတော့ အင်မတန်သန့်ရှင်းလေနုအေးတစ်မျိုးကို ရှူရှိုက်ခွင့်ရကြပါတယ်။ ရင်တဒိတ်ဒိတ်နဲ့ မောင်းတက်ခဲ့ရတဲ့ ဒီခရီးရဲ့အဆုံးမှာ ဖူးတွေ့ရတာကတော့ တောင်ထိပ်ပေါ်မှာ သပ္ပါယ်လှစွာတည်ထားတဲ့ ရှင်တောင်ပုံစေတီတော်ကြီးပါပဲ။ တောင်ထိပ်ပေါ်မှာ စေတီတော်ကြီးနှစ်ဆူနဲ့ ထိုင်တော်မူရုပ်ပွါးတော်ကြီးတစ်ဆူ တည်ထားတာ ဖူးတွေ့ရပါတယ်။ စေတီတော်၊ ရုပ်ပွါးတော်တွေကို စောင့်ရှောက်ရင်း သီတင်းသုံးနေကြတဲ့ ရဟန်းတော်အချို့ကိုလည်း ကြည်ညိုစွာ ဖူးတွေ့ခွင့်ရခဲ့ပါတယ်။ လူသူအရောက်အပေါက်နည်းပါးလှတဲ့ ဒီတောင်ကြီးပေါ်မှာ သီတင်းသုံးရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဆွမ်းရေးကွမ်းရေးကအစ ခက်ခဲမှာ အမှန်ပါပဲ။ လာဘ်လာဘဆိုတာလည်း မြေပျန့်က သံဃာတော်တွေလို့ ပေါများကြမှာ မဟုတ်ပါဘူး။ ရောက်တုန်းရောက်ခိုက် တောင်ပေါ်မှာသီးတင်းသုံးတဲ့ဦးပဇင်းလေးကို ကန်တော့ရင်း တတ်နိုင်သလောက်စုပေါင်းပြီး ဒါနပြုခွင့်ရခဲ့ပါတယ်။



တောင်ပေါ်ရှိစေတီတော်၊ ရုပ်ပွါးတော်တွေကို ၀အောင်ဖူးရင်း ပတ်ဝန်းကျင်ရဲ့ သဘာဝအလှကို တ၀ကြီးခံစားခဲ့ကြရပါတယ်။ တောင်ပေါ်က စီးမိုးကြည့်လိုက်ရင် လောကကြီးတစ်ခုလုံးဟာ ငြိမ်းချမ်းတည်ငြိမ်နေသယောင် ခံစားရပါတယ်။ စားဖို့သောက်ဖို့၊ ကြွားဖို့ဝါဖို့ လုပ်နေကြရတဲ့ နေ့တဓူဝ (နိစ္စဓုဝ) အလုပ်တွေနဲ့ ရင်မောစရာကောင်းလှတဲ့ လူသားတွေရဲ့ အမောတွေကို ဒီလိုနေရာမျိုးမှာ လွှင့်ပစ်ခဲ့လို့ရရင် လွှင့်ပစ်ခဲ့ချင်ပါတယ်။ ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ ဝေးရာနယ်မြေ၊ ငြိမ်းချမ်းမှုတွေကို သိုမှီးရာနယ်မြေဖြစ်တဲ့ ဒီရှင်တောင်ပုံတောင်ထိပ်မှာ ရင်အမောတွေကို ဖြေလျော့ရင်း အနားယူလို့ ကောင်းတုန်းမှာပဲ နေခွင့်မသာ၊ အိမ်ပြန်ရဦးမယ်ဆိုတဲ့ အသိဝင်လာတာကြောင့် စေတီတော်တွေကို နောက်ဆုံးကန်တော့ပန်းဆင် ဖူးမျှော်ခဲ့ပြီး လာရာလမ်းကို မြန်းခဲ့ကြရပါတော့တယ်။


စိမ်းညို့ညို့သွင်၊ တောင်မင်းယာဉ်လည်း၊ တိမ်ဝင်ထိုးဖေါက်၊ မိုးသို့ရောက်မျှ၊ မတ်စောက်မြင့်မား၊ မြတ်ဘုရားနဲ့၊ တရားသံဃာ၊ ကွန်းခိုရာတည့်။ လူ့ရွာသောက၊ ပူသမျှတို့၊ အေးမြစေရာ၊ ဤတောင်သာဝယ်၊ ခြေရာချခွင့်၊ ငါရလင့်ပြီ။ ငါနှင့်ပေါင်းပါ၊ မိတ်သဟာလည်း၊ ငါ့နှယ်ရင်အေး၊ သောကဝေးစေ၊ တောင်းဆုချွေ၏။ ငါလေပြုစု၊ မြတ်ကောင်းမှုလည်း၊ လူထုအများ၊ ချမ်းသားပွါးဖို့၊ ရငြားပါစေ၊ မျှပေးဝေသည်၊ တောင်ထွေတောင်စု၊ သက်သေပြု။




ချစ်သူ့သံစဉ်




ဘယ်သူဘယ်ဝါရယ်မသိ
ချစ်မိတဲ့စိတ်ကြောင့်
တကောက်ကောက် နောက်ကပါ
လိုက်လာခဲ့ရသူပါ မောင်။

ဘာမှကို မျှော်လင့်မထား
မောင့်အပါးမှာနေရရင်
မေ့ဘ၀င်ရွှင်မြူးလို့
ကြည်နူးနေခဲ့ သူရယ်ပါ။

မောင်သာ မေ့ကမ္ဘာ
မေ့ရင်မှာထင်စွဲလို့
အစဉ်အမြဲပဲ မှတ်ယူတတ်တဲ့
တရပ်သူလေးက မေပါ မောင်ရယ်။


မောင်ကသာ သတ္တိခေလို့
အခြေအနေကို အမှန်မပြော
အကြံသဘောတွေ ဆောင်လို့
မေ့ကို ယောင်တောင်တောင်ဖြစ်အောင် လုပ်ရက်ခဲ့တာ။

တွေ့ဆုံခွင့် ကြုံပါလျက်နဲ့
တွေ့ဖို့လည်း မောင်မကျိုးစား
အရှုံးသမားတစ်ယောက်အသွင်နဲ့
မောင်ဟန်ပြင်နေခဲ့တာ မေသိပါတယ်။

အနေမထိတော့တဲ့ အခါကျမှ
အဖြေရှိလာတဲ့ မောင့်နှလုံးသားကို
မေဘယ်လို ယုံမှတ်လို့
ပုံအပ်ရမှာလည်း မောင်ရယ်။


အခုလို ဖွင့်ပြောလိုက်တော့လည်း
မေ့သဘောက ဘယ်လိုမှ မပြောင်းလဲ
နဂိုလိုပဲ ချစ်လျက်မြဲမို့
မေ့အသည်းခိုင်တာသိပြီလား မောင်။

ဆန္ဒတွေ တူညီကြပါလျက်နဲ့
ဆုံခွင့်တွေ ဖန်လာခဲ့ပါလျက်နဲ့
လွဲခဲ့ရတဲ့ မေတို့နှစ်ယောက်အတွက်
ပေးဆပ်ခဲ့ရတာတွေက မေ့မျက်ရည်တွေပါ မောင်ရယ်။

တစ်နေ့သော် ပေါ်လာနိုး
မျှော်ကိုးလို့ လက်ချိုးရေတွက်ခဲ့ပေမဲ့
နှစ်တွေသာ အလီလီပြောင်း
မောင့်အကြောင်း မေဘာမှ သိခွင့်မရခဲ့ပါဘူး။

မောင်သာ အစကတည်းက ပွင့်လင်းခဲ့ရင်
လင့်ဟင်းရတဲ့ အချိန်ဆိုတာလည်း မရှိနိုင်
မေ့မျက်ရည်တွေလည်း တဖြိုင်ဖြိုင်မစီး
အချစ်ခရီးက သာယာခဲ့မှာပါ မောင်ရယ်။

အချိန်လွန်မှပေးတဲ့ မောင့်အဖြေကြောင့်
မေ့နွေမှာ နေဆယ်စင်းပူသလို
ဘလောင်ဆူ ရင်ခတ်လို့
မေ့ဘ၀ အနေကြပ်နေရပါပြီကွယ်။

မြင်ခွင့်ကိုလည်း မပေးခဲ့
ကြင်ခွင့်ကိုလည်း မတွေးခဲ့တဲ့ မောင့်လုပ်ရပ်ကြောင့်
မေ့အခြေ ယိုင်နဲ့လို့
အခုတော့ ပြိုလဲလုနေပြီ မောင်။

မောင်က သတ္တိမခဲ
လုပ်ရဲတဲ့ အကြံပျောက်နေလို့
ကံမှောက်တဲ့ ဒီအချစ်ဇာတ်လမ်းမှာ
မိန်းကလေးကပဲ ရဲရတော့မှာပေါ့ကွယ်။

လမ်းခွဲဖို့ စကားမဆိုပါနဲ့
နဂိုက ချစ်နေတဲ့အချစ်မျိုးမှာ
အသစ်တိုးလို့ ပုံဆောင်
မောင်ယုံအောင် မေနေပြပါ့မယ်။

ကဲ ယုံပြီလား မောင်-------------။

ချစ်သော SMHL (31/07/10)

Friday, July 30, 2010

နေရာဟောင်းသို့ တမ်းတခြင်း

ကိုယ့်အတွက် မယိုးနိုင်တဲ့ နေရာတစ်ခုရှိတယ်ဆိုရင် အဲဒီနေရာလေးဟာ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ မောင်းမကန်ရွာလေးပါပဲ။ ဒီနေရာလေးကို ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာ ငယ်စဉ် ကလေးဘ၀ကတည်းက ခွဲခွါခဲ့ရပါတယ်။ ဒါပေမဲ့ မှန်းလေတိုင်းအကြံမမြောက်တဲ့ဘ၀နဲ့ အသက်ရှင်နေရတဲ့ ကိုယ့်အဖို့ လွမ်းလေတိုင်း ပြန်ရောက်ဖြစ်အောင်တော့ နှစ်စဉ်ကျိုးစားရပါတယ်။

အခုလည်း မောင်းမကန်သို့ တစ်ခေါက်ပြန်ရောက်လို့ အခြေချမိပြန်ပါပြီ။ အခြေအနေအားလုံးဟာ မနှစ်ကအတိုင်းပါပဲ။ ဟောင်းမြင်းသောလမ်းများ၊ ရွက်နုတွေနဲ့ဝေပြီး ပင်ပျိုတို့နဲ့ အပြိုင်တင့်နေတဲ့ သစ်ပင်အိုကြီးများ၊ ရွာ့အ၀င်ဝမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကလည်း မပြောင်းမလဲ အရင်အတိုင်းပါပဲ။ မပြောင်းဆို ဘာမှကို မပြောင်းလဲပါဘူး။ တစ်ခုပဲ။ ညီမလေးသုံးယောက်အနက် အလတ်မမှာ သမီးလေးတစ်ယောက် ထပ်မွေးတယ်။ ဒီတော့ တူမလေးတစ်ယောက် ထပ်ရတာပေါ့ဗျား။ အလိုလိုနေရင်း (ကိုယ်လည်း ဘာမှမလုပ်ရပဲနဲ့) တူတွေ တူမတွေ တစ်ပုံကြီးဖြစ်နေပြီ။ ဦးလေးကြီးကို ဖြစ်လို့။

ဘယ်လိုပဲ ဟောင်းဟောင်း၊ ဘယ်လိုပဲ မပြောင်းမပြောင်း၊ ကိုယ့်ရွာရောက်ရင်တော့ ရွာစိတ်ပေါက်လာတာချည်းပါပဲ။ တောထဲဝင်၊ တောင်ပေါ်တက်၊ ပင်လယ်ခြေသွားနဲ့ တစ်ပတ်ဆိုတဲ့အချိန်ဟာ ဘယ်လိုကနေ ဘယ်လိုကုန်ဆုံးသွားမှန်းတောင် မသိလိုက်ပါဘူး။ အဖေအမေအဘိုးအဘွားတွေ မစုံတော့ပေမဲ့ လက်ကျန်မိသားစုဝင်တွေ၊ ဆွေမျိုးညာစား၊ အဲလေ ယောင်လို့၊ ဆွေမျိုးညာတကာတွေနဲ့ တွေ့ရတော့ ပျော်တာပေါ့။ ကိုယ်က နိုင်ငံခြားက ပြန်လာဆို မဟုတ်လား။ မောင်နှမတွေကတော့ ဂုဏ်ယူကြသပေါ့။ ပျော်ကြသပေါ့။ လက်ဆောင်ကောင်းကောင်းရကြပေတာကိုး။ ကိုယ်ပျော်သလို သူတို့လည်း ပျော်နေကြတာပဲပေါ့။ အပျော်ဆုံးကတော့ တူတွေ တူမတွေပေါ့။ ဘာလို့လည်းဆိုတော့ အင်္ဂလန်က၀ယ်လာတဲ့ ဘောလုံးအင်္ကျီတစ်ထည်စီရတဲ့အပြင်၊ မုန့်ဖိုး ပိုက်ဆံလည်းရကြတယ်။ ကားအစီးလုံးငှါးပြီး ဘုရားတွေလည်း အစုံလိုက်ဖူးကြရတယ်။ ဒီတစ်ခါသွားတဲ့ ရွာပြန်ခရီးကတော့ ကိုယ့်လုပ်အားတစ်ပြားသားမှ မပါပဲ မွေးထားတဲ့ ကလေးတွေကို ဘုရားဖူးပို့ သက်သက်လို့တောင် ဆိုနိုင်တယ်။ ဒါပေမဲ့ ပျော်ခဲ့ပါတယ်။ တအားကို ပျော်ခဲ့ပါတယ်။ ပြန်တောင် မပြန်ချင်ခဲ့ဘူး။ ဒါပေမဲ့ မတတ်သာတော့လည်း--------။

ဒီတစ်ခါ ရွာပြန်တာ အရင်တုန်းက မရောက်ဖူးတဲ့ နေရာနှစ်ခု ရောက်ဖြစ်ခဲ့တယ်။ တစ်ခုက ကနန်းတောင်။ နောက်တစ်ခုက ရှင်တောင်ပုံတောင်။ အဲဒီခရီးစဉ်အတွက် အမှတ်တရ တောလားလေးတွေ ရေးဖို့ စိတ်ကူးထားပါတယ်။ နောက်တစ်နေရာကတော့ မောင်းမကန်ရောက်တိုင်း မရောက်မဖြစ်၊ မသွားမဖြစ်တဲ့နေရာ။ “မျှော်ရစ်တောင်တော်”။ ရာဇ၀င်မှာ ဘယ်လို စာတင်ထားတယ် မသိရပေမဲ့ လက်ရှိအမြင်မှာတော့ အလွမ်းတွေရဲ့ စုဝေးရာနေရာလေးတစ်ခုဖြစ်နေတာ သေချာတယ်။ လွမ်းတတ်တဲ့လူတွေ လာရောက်လည်ပတ်ကြပြီး ပြန်သွားတော့လည်း အလွမ်းတွေတစ်ပုံကြီး ပြန်သည်လာရတတ်တဲ့ နေရာလေး။ အဲဒီနေရာလေးဟာ ကိုယ့်အတွက်တော့ ဘယ်ဘ၀ရေစက်လည်း မသိဘူး။ အခုစာရေးနေရင်းနဲ့လည်း ပြန်သွားချင်နေမိတယ်။ ဟိုးငယ်ငယ်ကတည်းက မကြာခဏရောက်ဖြစ်တဲ့နေရာလေးဖြစ်ပေမဲ့ မယိုးနိုင်အောင်ကို ဆွဲဆောင်မှုရှိတယ်။ ဒီတစ်ခါ ပိုထူးတယ်၊ ပြောရမယ်၊ ဘာလို့လည်းဆိုတော့ ဒီတစ်ခါ သွားတာ သူပါတယ်။ “သူ” ဆိုတာကတော့------။

Friday, June 11, 2010

လူနဲ့ လူ့အသိုင်းအ၀ိုင်း



He who is unable to live in society, or who has no need because he is sufficient for himself, must be either a beast or a god.

Aristotle (384 BC-322 BC)

လူ့အသိုင်းအ၀ိုင်းထဲ မနေနိုင်တဲ့သူ၊ သို့မဟုတ် သူ့အတွက်ပြည့်စုံနေလို့ နေဖို့မလိုတဲ့သူဆိုတာ တိရစ္ဆာန် ဒါမှမဟုတ် နတ်ဒေ၀တာပဲ ဖြစ်ရမယ်။

အရစ္စတိုတယ်လ် (ဘီစီ၊ ၃၈၄-၃၂၂)

လွန်ခဲတဲ့ငါးနှစ်လောက်က အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်တက္ကသိုလ်မှာ ပညာသင်ယူနေစဉ်အတွင်း နိုင်ငံရေးဒဿနဘာသာရပ်ကို သင်ကြားပေးတဲ့ အဲဒီတုန်းက ဒဿနိကဗေဒဌာနမှူးဒေါက်တာရာဂျူးက အထက်ပါအရစ္စတိုတယ်လ်ရဲ့စကားကို အတန်းထဲမှာ ပြောခဲ့ဖူးတာ အမှတ်ရနေမိသေးတယ်။ မှတ်မှတ်ရရ "City and State" ဆိုတဲ့ Topic ကို သင်ကြားစဉ်မှာ ပြောခဲ့တာလို့ မှတ်မိနေပါတယ်။ အဲဒီတုန်းကတော့ စာမေးပွဲဖြေတဲ့အခါ သာမန်အမှတ်ရရုံ ဖတ်/မှတ်ခဲ့တာပါပဲ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ လူလောကထဲ ကျင်လည်နေရစဉ်တစ်လျှောက် “လူဟာ တစ်ယောက်တည်းနေလို့ အဆင်မပြေတဲ့ သတ္တ၀ါတစ်မျိုးပဲ” ဆိုတဲ့အတွေးဟာ တဖြေးဖြေး ခေါင်းထဲဝင်ရောက်လာပါတယ်။ အဲဒီအတွေးကြောင့်ပဲ ဂရိဒဿနဆရာကြီး အရစ္စတိုတယ်ရဲ့ စကားကို ပြန်ရှာမိတယ်။ ဒါပေမဲ့ ဘယ်စာအုပ်ထဲပါမှန်းမသိလို့ ရှိစေတော့ဆိုပြီး ပစ်ထားလိုက်တာ ဒီကနေ့အထိပဲ ဆိုပါတော့။

ဒီနေ့တော့ ကံကောင်းထောက်မစွာနဲ့ အလင်းတန်းရဲ့ အဆိုအမိန့်သေတ္တာလေးထဲမှာ ပေါ်နေတာ တွေ့ရလို့ ဒီအတွေးကို ပြန်လည်ကောက်ယူမိတာပါ။ အရင်ပို့စ်တွေထဲမှာ “အတွေးအခေါ်တစ်ခုဟာ အချိန်ကာလတစ်ခုခုကို ကိုယ်စားပြုတာလည်းဖြစ်နိုင်တယ်၊ သို့မဟုတ် အချိန်ကာလအားလုံးကို ကိုယ်စားပြုတာလည်း ဖြစ်နိုင်တယ်” လို့ ကျနော်ရေးခဲ့ဖူးပါတယ်။ အဲဒီနှစ်မျိုးအနက် အရစ္စတိုတယ်လ်ရဲ့အထက်ပါ အတွေးအခေါ်ဟာ ဒုတိယအမျိုးအစားထဲပါတယ်လို့ ဆိုချင်ပါတယ်။ စာဖတ်သူ ကျေနပ်မှလက်ခံပါ။ လူတိုင်းလွတ်လပ်စွာ ကွဲလွဲခွင့်ရှိကြပါတယ်။ ကျနော့်ကိုယ်ပိုင်ခံယူချက်ကို တင်ပြခြင်းမျှသာဖြစ်ပါတယ်။

ကမ္ဘာ့ဒဿနလောကကို ယနေ့အထိ ချုပ်ကိုင်ထားဆဲဖြစ်တဲ့ ဂရိခ်လူမျိုးတွေရဲ့ အတွေးအခေါ်ဟာ သမိုင်းကြောင်းအရ အရစ္စတိုတယ်မှာ အဆုံးသတ်နေတာ တွေ့ရမှာပါ။ ထေးလိဇ် (Thales, c.624-546 BCE) တို့လက်ထက်ကစပြီး အရစ္စတိုတယ်လ်တို့လက်ထက်အထိ ဘီစီရာစုနှစ် သုံးခုအတွင်းမှာ ပေါ်ထွန်းခဲ့တဲ့ ဂရိဒဿနဆရာကြီး (၁၄) ယောက်ရှိပါတယ်။ အဲဒီ (၁၄)ဦးသော ဆရာကြီးတို့အနက် ရှေ့ပိုင်းဆရာကြီး (၁၁) ဦးရဲ့ ဒဿနတွေမှာ ပြင်ပသဘာဝတရားကြီးကို ယေဘုယျအခြေခံထားတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းဆရာ (၃)ဦးဖြစ်တဲ့ ဆော့ခရတ္တိ၊ ပလေတိုနဲ့ အရစ္စတိုတယ်လ်တို့ကတော့ များသောအားဖြင့် လူနဲ့ လူ့အသိုင်းအ၀ိုင်းကို ဗဟိုပြုပြီး တွေးခေါ်ခဲ့ကြတာ တွေ့ရပါတယ်။

အဲဒီ (၁၄)ယောက်အနက် နောက်ဆုံးဖြစ်တဲ့ အရစ္စတိုတယ်လ်ကတော့ နောက်ဆုံးပိတ် အိပ်နဲ့လွယ်ဆိုသလို ယုတ္တိဗေဒအပါအ၀င်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးစတဲ့ နယ်ပယ်စုံကို ၀င်စားတွေးခေါ်ခဲ့ကြောင်း မှတ်တမ်းအတင်ခံရသူပါ။ အသက်ငယ်ငယ်နဲ့ သူ့ဆရာပလေတိုရဲ့ Academy မှာဆရာဖြစ်လာတဲ့ အရစ္စတိုတယ်လ်ဟာ ဆရာပလေတိုရဲ့ လက်ရုံးကြီးတစ်ဆူဖြစ်သလို ကျောင်းသူကျောင်းသားတွေရဲ့ လေးစားချစ်ခင်ရတဲ့ ဆရာတစ်ဆူလည်းဖြစ်ကြောင်းဆိုပါတယ်။ တကယ်တော့ ဂရိဒဿနသမိုင်းကြောင်းအရ သူ့ကို နောက်ဆုံးထားပေမဲ့ သူ့နောက်မှာ အတွေးအခေါ်ပညာရှင်တွေ မပေါ်ထွန်းခဲ့ဘူးလို့ မယူဆနိုင်ပါဘူး။ ဒါပေမဲ့ နောက်ပေါ်တဲ့ အတွေးအခေါ်ရှင်တွေဟာ အရစ္စတိုတယ်လ်ရဲ့ အယူအဆတွေကို လွှမ်းမိုးနိုင်လောက်အောင် သြဇာမညောင်းခဲ့ကြလို့သာ သူတို့ကို စာရင်းထဲ မထည့်တာလို့ ကျနော်လက်ခံပါတယ်။

လူသားကို ပဓာနပြုပြီးတွေးတဲ့ အရစ္စတိုတယ်လ်က လူကို မြင်ရာမှာ လူအသိုင်းအ၀ိုင်းထဲက လူကိုပဲ လူလို့သတ်မှတ်ပါတယ်။ ဒါဟာ သူ့ရဲ့ လူ့အဓိပ္ပါယ်ဖွင့်ဆိုချက်လို့လည်း ဆိုနိုင်ပါတယ်။ သူ့အလိုအရ လူဆိုတာ လူ့အသိုင်းအ၀ိုင်းထဲမှာပဲ နေရမယ်။ လူ့အသိုင်းအ၀ိုင်းထဲနေတဲ့သူမှသာလျှင် လူပီသတယ် လို့ ဆိုလိုချင်ပုံရပါတယ်။ သူ့စကားကို ထောက်ခံနိုင်သလို၊ ငြင်းဆိုခြင်းလည်း ပြုနိုင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၃၀၀)က အတွေးအခေါ်တစ်ခုကို အဖက်ဖက်ကတိုးတက်ဖွံ့ဖြိုးနေပြီးဖြစ်တဲ့ ယနေ့ခေတ်အမြင်နဲ့ ပြန်ကြည့်ရင်တော့ ပြည့်စုံသောအယူအဆတစ်ခုအနေနဲ့ သတ်မှတ်ချင်မှ သတ်မှတ်ကြမှာပါ။

ပြီးခဲ့တဲ့သတင်းပတ် (ဂျွန် ၇ ရက်နေ့) က ထွက်လာတဲ့ Telegraph သတင်းစာရဲ့ အင်တာနက်စာမျက်နှာပါ သတင်းတစ်ပုဒ်က ကမ္ဗောဒီးယားနိုင်ငံမှာ အသက် (၂၉)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို တောထဲမှာ တွေ့လို့ခေါ်လာခဲ့ရကြောင်း ဆိုထားပါတယ်။ သူ့ကို Rochom P'ngieng လို့နာမည်ပေးထားပေမဲ့ အများကတော့ Jungle Woman (တောတွင်းသူ) လို့ပဲ ခေါ်ကြပါတယ်။ သူဟာ လူ့အသိုင်းအ၀ိုင်းရဲ့အပြင်ဘက်တောထဲမှာ နှစ်ပေါင်းများစွာနေခဲ့ရလို့ လူ့သားတစ်ဦးရဲ့အပြူအမူတွေ ပျောက်ဆုံးနေသူပါ။ ကမ္ဗောဒီးယားနိုင်ငံသုံးဘာသာစကားတွေဖြစ်တဲ့ ခမာ(Khmer)နဲ့ ဖနန်း (P'nang) ဘာသာစကားတွေကိုလည်းတစ်ခုမှ မပြောတတ်သလို၊ အသံထွက်သမျှတွေဟာ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အော်ဟစ်သံလိုပါပဲတဲ့။ လမ်းလျှောက်ပြီးမသွားတတ်တဲ့အတွက် တွားသွားနေရတယ်လို့ဆိုပါတယ်။ အ၀တ်အစားတွေဝတ်ပေးရင်လည်း ပြန်ပြန်ချွတ်ပစ်ပြန်သတဲ့။ (ကြည့်ရဲဘူး)။

ဒီအမျိုးသမီးဟာ အရစ္စတိုတယ်လ်စကားအရ လူမပီသသူဖြစ်ပါတယ်။ တစ်နည်းအားဖြစ် တိရစ္ဆာန်သာသာလူသားလို့တောင် ဆိုနိုင်ပါတယ်။ ကမ္ဗောဒီယားသားတွေကလည်း သူ့ကို "Half-animal girl" (တိရစ္ဆာန်တစ်ပိုင်းကညာ) လို့ခေါ်ဆိုကြကြောင်း သတင်းစာကရေးထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အပြုအမူတွေအားလုံးဟာ တိရစ္ဆာန်တစ်ကောင်ရဲ့ အမူအကျင့်တွေချည်းဖြစ်နေလို့ပါတဲ့။ ဒီအမျိုးသမီးရဲ့အဖြစ်အပျက်ဟာ အရစ္စတိုတယ်လ်ရဲ့ စကားကို ထောက်ခံနေသလိုပါပဲ။ ဒါဟာ အလွန်မြင်သာတဲ့ မြင်ကွင်းတစ်ခုပါ။

ဒါပေမဲ့ အရစ္စတိုတယ်လ်စကားရဲ့ အဓိပ္ပါယ်ဟာ ဒီလောက်နဲ့ ရပ်နေမှာမဟုတ်ပါဘူး။ အချို့လူတွေဟာ လူ့အသိုင်းထဲတော့ နေကြပါရဲ့။ ဒါပေမဲ့ လူတွေနဲ့ အဆက်အဆံမလုပ်ချင်ကြတာတွေလည်း တွေဖူးကြမှာပါ။ ဒီလိုအဆက်မလုပ်ချင်ခြင်းရဲ့အကြောင်းကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဲဒီထဲမှာ လူတွေနဲ့နေရင် အပြစ်မြင်တတ်လွန်းတဲ့အကျင့်ရှိတာလည်းပါနိုင်သလို ကိုယ့်ချို့ယွင်းချက်ကို အများမသိစေချင်တာလည်း အကြောင်းတစ်ခုအနေနဲ့ပါဝင်တယ်။

မနှစ်က ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့တဲ့ သတင်းတစ်ပုဒ်ကို ပြန်မှတ်မိကြလိမ့်ဦးမယ်လို့ ထင်ပါတယ်။ သြစ်ထရေးလိယနိုင်ငံမှာ အဖေလုပ်သူက ကိုယ့်သမီးကို ကိုယ်တိုင်ပြန်ယူပြီး အနှစ်(၂၀)လောက် မြေအောက်တိုက်ခန်းထဲထည့်ထားပြီး ပေါင်းသင်းနေထိုင်ခဲ့တယ်။ အဲဒီမှာပဲ သမီးတွေ သားတွေမွေးပါတယ်။ မွေးလာတဲ့ကလေးတွေဟာ အပြင်ပလောကနဲ့ ဘာအဆက်အစပ်မှ မရှိပါဘူး။ သူတို့ရဲ့မျက်စိရှေ့မှာ မြင်ရတဲ့ လူသားဆိုလို့ သူတို့အမေနဲ့ အဖေတဖြစ်လဲ အဘိုးပဲရှိပါတယ်။ သူတို့လေးတွေရော မိဘနှစ်ဦးစလုံးပါ အရစ္စတိုတယ်စကားအရ လူပီသခွင့်မရကြတော့ပါဘူး။ အထူးသဖြင့် ဒီအဖြစ်အပျက်ရဲ့ အဓိကတရားခံဟာ အဖေတဖြစ်လဲ အဘိုးဖြစ်တဲ့အတွက် ဒီလူကြီးဟာ လူဖြစ်ပါလျှက် လူ့စိတ်မရှိ၊ တိရစ္ဆာန်စိတ်ရှိတဲ့သူ လို့ဆိုနိုင်ပါတယ်။ အရစ္စတိုတယ်လ်ရဲ့ စကားအရ ဒီလိုလူမျိုးကို Beast သားရဲတိရစ္ဆာန်လို့ သတ်မှတ်နိုင်ပါတယ်။ လူဟာ လူစိတ်ရှိဖို့ လိုအပ်ပါတယ်။ လူ့စိတ်ဟာ လူရဲ့ တန်းဖိုးပါပဲ။

အချို့ကျတော့လည်း ကိုယ်နေတဲ့ အသိုင်းအ၀ိုင်းဟာ နေချင်စရာမကောင်းလောက်အောင်ဖြစ်လာတဲ့အခါ တစ်ကိုယ်တည်းနေရတာကို ပိုမိုသဘောကျတတ်ကြတာလည်း တွေ့ကြရမှာပါ။ ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့တရားတော်မြောက်များစွာထဲက ဒီနေရာနဲ့ ဆက်စပ်မှုရှိတဲ့ စကားတော်တစ်ခွန်းရှိပါတယ်။ “ဧကဿ စရိတံ သေယျော၊ နတ္ထိ ဗာလေ သဟာယတာ (ဓမ္မပဒ)” တဲ့။ “လူမိုက်မှာ ပေါင်းသင်းထိုက်တဲ့ ဂုဏ်မရှိတဲ့အတွက် တစ်ယောက်တည်းနေရတာ ပိုကောင်းတယ်” လို့ ဘုရားက ဟောခဲ့ပါတယ်။ ကောသမ္ဘီပြည်က ရဟန်းတွေ ၀ိနည်းစည်းကမ်းတစ်ခုအပေါ်ငြင်းကြခုံကြရင်းက နောက်ဆုံး ခိုက်ရန်ဖြစ်တဲ့အထိဖြစ်လာပြီး ဘုရားရှင်ကိုယ်တော်တိုင် ဖျန်ဖြေလို့တောင် မပြေတော့လို့ တစ်ပါးတည်း ပါလိလေယျကတောအုပ်ထဲမှာ တစ်ဝါတွင်းလုံး ကြွရောက်သီတင်းသုံးခဲ့ရကြောင်း ဓမ္မပဒစာအုပ်ထဲ ဖတ်ခဲ့ရဖူးပါတယ်။

အရစ္စတိုတယ်လ်ကတော့ ဒါမျိုးကို “သူ့အတွက်ပြည့်စုံနေလို့ နေဖို့မလိုတဲ့သူဆိုရင်တော့ နတ်ဒေ၀တာပဲဖြစ်ရမယ်” လိုဆိုပါတယ်။ ဟုတ်ပါတယ်။ ဘုရားဟာ နတ်ဒေ၀တာပါပဲ။ ဘယ်လိုနတ်ဒေ၀တာလဲဆိုတော့ “၀ိသုဒ္ဓိနတ်ဒေ၀တာ” ဖြစ်ကြောင်း စာပေက ဆိုထားပါတယ်။ ဘုရားရှင်တို့ရင်ထဲမှာ ဘယ်လို ကိလေသာအညစ်အကျေးမှ မကျန်မရှိ ပကတိသန့်စင်ပြီးသားဖြစ်တဲ့အတွက် ဘုရားရှင်တို့ကို ၀ိသုဒ္ဓိဒေ၀ သို့မဟုတ် အလွန်စင်ကြယ်သောနတ်ဒေ၀တာ လို့ ခေါ်ကြောင်း မှတ်သားရပါတယ်။

ဒါပေမဲ့ အဲဒီလို အစစအရာပြည့်စုံပြီးဖြစ်တဲ့ ဘုရားရှင်တို့တောင်မှ တောထဲ ကြာကြာနေလို့မဖြစ်ပါဘူး။ မဟာလူသားခန္ဓာကိုယ်နဲ့ တည်ဆောက်ထားတဲ့ ဘုရားမြတ်စွာဟာလည်း အချိန်တန်တော့ လူ့အသိုင်းအ၀ိုင်းထဲ ပြန်ဝင်လာရတာပါပဲ။ လူ့အကျိုးကို သည်ပိုးဆောင်ရွက်နိုင်တဲ့လူဟာ လူ့အသိုင်းထဲနေတာ အကောင်းဆုံးပါပဲ။ လူ့အသိုင်းအ၀ိုင်းထဲနေတဲ့သူသာလျှင် လူ့အကြောင်း ကောင်းကောင်း/ဆိုးဆိုးတွေကို နားလည်ပြီး ကိုယ့်အသိုင်းအ၀ိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လူသားဟာ လူအများနဲ့ နေနိုင်သူဖြစ်ရပါ့မယ်။ ဒါဖြင့်ရင် လူအများနဲ့ နေနိုင်သူဖြစ်အောင် ဘာတွေလိုအပ်ပါသလဲ။ ဒီမေးခွန်းဟာ အလွန်ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ အတိုဆုံးအဖြေတစ်ခုကို တောင်းဆိုမယ်ဆိုရင်တော့ အဲဒီလိုအပ်ချက်ဟာ “နားလည်မှု”ပါပဲ။

“နားလည်မှု”။ ဟုတ်ပါတယ်။ No man is perfect “ပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး” တဲ့။ သူမပြည့်စုံတာကို မြင်နေဖို့လိုသလို ကိုယ့်မပြည့်စုံတာကို သိနေဖို့လည်း အရေးကြီးလှပါတယ်။ လူ့အသိုင်းအ၀ိုင်းမှာ နေနေသမျှ ဒီလို သူ့လိုအပ်ချက် ကိုယ်လိုအပ်ချက်တွေကို သိရှိပြီးနေတဲ့အခါ ချွတ်ယွင်းချက်ကို တွေ့တိုင်း ခွင့်လွှတ်နိုင်လာပါတယ်။ ဒါကို ကျနော်က “နားလည်မှု” လို့ အမည်ပေးပါတယ်။ အချို့က လူတစ်ယောက်အပေါ် အလွန်အထင်ကြီးမိတတ်တာမျိုးရှိပါတယ်။ အဲဒီကိုယ်အထင်ကြီးတဲ့လူမှာ ချို့ယွင်းချက်တစ်ခုခုတွေ့လာတဲ့အခါ နားလည်မှုမပေးနိုင်ပဲ အဆိုးမြင်မှုတွေ ၀င်လာတတ်ပါတယ်။ ဒါဟာ တစ်ဘက်လူရဲ့ချို့ယွင်းချက်မဟုတ်ပါဘူး။ အထင်ကြီးမိသူရဲ့ ပြစ်ချက်သာဖြစ်ပါတယ်။ သူက အစကတည်းက တစ်ဘက်လူကို လူလို့မြင်မထားတဲ့အတွက် တစ်နည်းအားဖြင့် သူ့လိုအထင်ကြီးစရာကောင်းတဲ့လူမှာလည်း ချို့ယွင်းချက်တစ်ခုခုတော့ ရှိနိုင်တယ်ဆိုတာ လက်ခံမထားမိတဲ့အတွက် ဒီလိုဖြစ်ရတာပါ။

ဒီသဘောကို Give and Take “အပေးအယူ” သဘောလို့လဲ ဆိုနိုင်ပါတယ်။ သူ့လိုအပ်ချက်ကို ကိုယ့်ဖက်က နားလည်ပေးလိုက်တဲ့အခါ ကိုယ့်လိုအပ်ချက်ရှိတဲ့အခါလည်း သူ့ဘက်က နားလည်ပေးလာနိုင်ပါတယ်။ သို့မဟုတ် သူ့ဘက်က နားလည်မပေးနိုင်တာမျိုးကို တွေ့ရင်လည်း ဒါဟာ သူ့ရဲ့ လိုအပ်ချက်တစ်ခုပဲလို့ ကိုယ့်ဖက်က ဆက်ပြီးနားလည်ပေးလိုက်ရင် စိတ်ထဲမှာ အတုံးအခဲတွေဟာ ပြေလျော့သွားနိုင်ပါတယ်။

တကယ်တော့ လူ့အသိုင်းအ၀ိုင်းထဲနေသူမှန်သမျှ အဆင်မပြေမှုဆိုတာ တစ်မျိုးမဟုတ်တစ်မျိုးနဲ့ တွေ့နေရမှာချည်းပါပဲ။ အဲဒီအခါမှာ အထက်မှာပြောခဲ့သလို နားလည်မှုရှိတဲ့လူဟာ ခွင့်လွှတ်နိုင်တဲ့အစွမ်းသတ္တိတွေရလာပါတယ်။ အမှန်တော့ နားလည်မှုလွဲလို့ ခွင့်မလွှတ်နိုင်ကြတာပါ။ ခွင့်မလွှတ်နိုင်မှုဖြစ်ပေါ်လာလိုက်တာနဲ့ တစ်ဦးနဲ့ တစ်ဦးကြားမှာ ဆန့်ကျင်မှုဆိုတဲ့ ပဋိပက္ခသဘောတွေ ၀င်လာပါတယ်။ အဲဒီပဋိပက္ခတွေဟာ အမှိုက်ကစ ပြဿာဒ်မီးလောင်ဖြစ်ပြီး ကမ္ဘာ့စစ်ပွဲကြီးတွေဖြစ်ရတဲ့အထိ ကြီးထွားလာနိုင်ပါတယ်။

ဒါကြောင့်အရစ္စတိုတယ်က လူဟာ လူ့အသိုင်းအ၀ိုင်းထဲမှာ ရှိနေရမယ်၊ လူ့အသိုင်းအ၀ိုင်းထဲ ရှိမနေနိုင်ရင်တော့ တိရစ္ဆာန် ဒါမှမဟုတ် နတ်ဒေ၀တာပဲ ဖြစ်ရမယ် လို့ဆိုခဲ့ဟန်တူပါတယ်။ လူ့အသိုင်းထဲနေဖို့အတွက် “နားလည်မှု” ရှိရမယ်လို့ ကျနော်အဆိုပြုပါတယ်။ လူ့အသိုင်းအ၀ိုင်းထဲမနေနိုင်တဲ့အခါ မေးစရာ မေးခွန်းက “ငါဟာ တိရစ္ဆာန်လား ဒါမှမဟုတ် နတ်ဒေ၀တာလား” ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို လူပါလို့ အဖြေပေးရင်တော့ လူ့အသိုင်းအ၀ိုင်းထဲဆက်နေနိုင်အောင် ကျိုးစားရပါလိမ့်မည်။ အဲဒီအတွက် လက်ကိုင်ထားရမှာက ကျနော်အဆိုပြုခဲ့တဲ့ “နားလည်မှု”ပါပဲ။

Saturday, June 5, 2010

အညာသားလေးများ


မြန်မာလူမျိုးများ ဆိုရိုးပြုနေကျ စကားတစ်ခွန်းရှိသဗျာ့ “သံပုရာသီးလို ကြီးလေ ချဉ်လေပဲ” တဲ့။ ဒီစကားကို ဘယ်နေရာမှာ သုံးလဲဆိုတာ စာဖတ်သူတို့သိပြီးသားမို့ ထပ်မပြောတော့ပါ။ ဒါပေမဲ့ သိပံ္ပခေတ်ကြီး တိုးတက်ထွန်းကားလာတာနဲ့အမျှ ချဉ်တဲ့ သံပုရာသီးတွေလဲ ချိုကုန်ပါပြီ။ မြန်မာပြည်မှာ နေတုန်းက အင်္ဂလိပ်စာသင်တဲ့ကျောင်းသားတစ်ယောက်က သံပုရာအချိုသီးတွေ ယူလာပြီး မကြာခဏကျွေးတာ စားခဲ့ရဖူးတယ်။ မြန်မာရာဇ၀င်မှာလည်း ဖတ်ဖူးသမို့လား၊ ကျန်စစ်သားရဲ့ အရိန္ဒမာလှံနဲ့ထိုးလိုက်ရင် ချဉ်တဲ့အသီးတွေအားလုံး ချိုသွားတယ်ဆိုတာလေ။

မြန်မာလူမျိုးအသိုင်းအ၀ိုင်းမှာ သက်ဆိုင်ရာ လူကြီးမိဘဆရာသမားတွေက ကလေးငယ်တွေကို မလိမ်ဖို့မညာဖို့ ဆုံးမသွန်သင်လေ့ရှိကြတယ်။ အလွန်ကောင်းမွန်တဲ့ အလေ့အထ တစ်ခုပေါ့ဗျား။ ဒါပေမဲ့ ဆိုးတဲ့ကလေးတွေကတော့ ဒီလောက်သွန်သင်ဆုံးမနေတဲ့ကြားထဲက ရအောင်ဆိုးနေကြတုန်းပေါ့။ ဆိုးမှာပေါ့၊ ကလေးပေပဲကိုး။ အချို့ကလေးများကျတော့လည်း လူကြီးတွေက ဘာမှမပြောရပဲနဲ့ကို ကောင်းနေကြတာ တွေ့ဖူးပါရဲ့။ ဒီတော့ မေးခွန်တစ်ခုက “ကလေးတစ်ယောက်ဆိုးခြင်း/ကောင်းခြင်းဆိုတဲ့ ပြဿနာဟာ လူကြီးမိဘတွေရဲ့ ဆုံးမသွန်သင်မှုနဲ့ တိုက်ရိုက်သက်ဆိုင်သလား” ဆိုတာပါပဲ။ ကလေးတစ်ယောက်ရဲ့ ကောင်းခြင်း/ဆိုးခြင်းဖြစ်ဖို့အရေး ဗီဇနဲ့ ပတ်ဝန်းကျင်ဟာ ဘယ်အတိုင်းအတာအထိ အရေးပါသလဲ ဆိုတာကိုလဲ ပညာရှင်များ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပါပြီ။

အနောက်တိုင်းက မနုဿဗေဒပညာရှင်တွေကတော့ ကလေးငယ်တွေရဲ့ ဒီပြဿနာကို သိပံ္ပနည်းကျလေ့လာကြပါတယ်။ အဲဒီလေ့လာချက်အရ ထွက်လာတဲ့ အဖြေတစ်ခုကတော့ “The more plausible the lie, the more quick-witted they will be in later years and the better their abiliy to think on their feet.” ဆိုပဲဗျား။ “ကလေးငယ်တွေဟာ ယုတ္တိရှိရှိညာတတ်လေလေ နောက်ပိုင်းသူတို့ကြီးပြင်းလာတဲ့အခါ ပိုမိုဉာဏ်သွက်လေလေဖြစ်ပြီး ကိုယ်ပိုင်စဉ်းစားနိုင်တဲ့စွမ်းရှည်သတ္တိ ပိုကောင်းလေလေပါပဲ” တဲ့။ ဟုတ်၏/ မဟုတ်၏ကိုတော့ ကိုယ်မွေးထားတဲ့ကလေးတွေကိုပဲ ပြန်ကြည့်ကြပေတော့။

ဒီစူးစမ်းလေ့လာမှုကို လုပ်ခဲ့ကြတာကတော့ ကနေဒါနိုင်ငံ၊ တိုရန်တိုတက္ကသိုလ်၊ ကလေးငယ်လေ့လာရေးသိပံ္ပဌာနက ညွှန်ကြားရေးမှူး Dr Kang Lee ဦးဆောင်တဲ့ ကနေဒါပညာရှင်အဖွဲ့ပါ။ ဒီအဖွဲ့ကနေပြီးတော့ အသက် (၂) နှစ်ကနေ (၁၆) နှစ်အထိ ကလေးငယ်ပေါင်း (၁၂၀၀) ကို သေသေချာချာလေ့လာခဲ့ကြပါတယ်။ သူတို့လေ့လာချက်အရ ကလေးငယ်တွေဟာ အသက် (၂)နှစ်အရွယ်မှာ (၂၀)ရာခိုင်နှုံး လိမ်တတ်ကြပါသတဲ့။ အသက် (၃)နှစ်အရွယ်ကလေးတွေကတော့ ရာခိုင်နှုံး (၅၀) လောက်ကို လိမ်တတ်ကြဆိုပဲ။ အဲ---အသက်(၄) နှစ်ရောက်လာရင်တော့ သူတို့ရဲ့ လိမ်တတ်တဲ့ ရာခိုင်နှုံးဟာ (၉၀) အထိရှိသွားပြီး ရာခိုင်နှုံးပြည့်လောက်နီးပါး လိမ်တတ်တဲ့ အရွယ်ကတော့ အသက် (၁၂)နှစ်တဲ့ဗျား။ ဒီအရွယ်ရောက်လာရင် ကလေးအားလုံးလောက်နီးပါး ညာတတ်ကြပါသတဲ့။

ဒါပေမဲ့ ကလေးဘ၀မှာ ဒီလိုလိမ်တတ်တာဟာ အသက်ကြီးလာတဲ့အခါ အဆိုးဘက်ထက် အကောင်းဘက်ကို ပိုမိုဦးတည်စေတယ်လို့ သိပံ္ပပညာရှင်တွေက ဆိုပါတယ်။ ဒေါက်တာခန်းလီက “မိဘလုပ်သူတွေဟာ ကိုယ့်ကလေး လိမ်ညာပြီးစကားပြောတတ်တဲ့အကျင့်ရှိတဲ့ကိစ္စအပေါ် မစိုးရိမ်သင့်ပါဘူး၊ ကလေးအားလုံးဟာ လိမ်တတ်ကြတာချည်းပါပဲ၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတဲ့ကလေးတွေဟာ ပိုပြီး အလိမ်တော်တတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတာ့ သူတို့ဟာ သူတို့ပြောတဲ့စကားလမ်းကြောင်းကို ဖုံးဖိနိုင်ကြလို့ပါပဲ၊ သူတို့ကြီးပြင်းလာတဲ့အခါ (အဲဒီအစွမ်းအစကြောင့်ပဲ) သူဌေးကြီးတွေ ဖြစ်လာနိုင်ပါတယ်” လို့မှတ်ချက်ပြုခဲ့ပါတယ်။

သိပံ္ပသုတေသနပြုချက်အရ “လိမ်ညာမှုထဲမှာ သူတို့အကျိုးအစီးအပွါးအတွက် အချက်အလက်ကို ထိမ်းချုပ်နိုင်မှု၊ သတင်းအရင်းအမြစ်တွေကို ပေါင်းစပ်နိုင်မှုမျိုးလို ဦးဏှောက်ကို အလုပ်ပေးစေတဲ့ စွမ်းရည်တွေ အမြောက်အများ ပါဝင်နေတယ်” လို့ဆိုပါတယ်။ ဒီလိုပါဝင်နေမှုကြောင့် ကလေးတွေရဲ့ ဦးဏှောက်ဟာ ပိုမိုဖွံ့ဖြိုးလာပြီး အရေးကြီးတဲ့လုပ်ဆောင်မှုတွေ၊ ယုတ္တိရှိရှိနဲ့ စနစ်တကျတွေးတော့ကြံဆတတ်မှုတွေပါ ဖြစ်လာရပါတယ် ဆိုပဲ။ နောက်ပြီး သုတေသနပညာရှင်တွေ ဆက်ပြောတာက “ကလေးငယ်ဘ၀မှာ ဒီလိုလိမ်တတ်တဲ့အကျင့်ဟာ နောက်ပိုင်းကြီးပြင်းလာတဲ့အခါ စာမေးပွဲခိုးဖြေတာတို့ လူဆိုးလူလိမ်ဖြစ်တာတို့နဲ့ ဘာမှမဆိုင်ပါဘူး” တဲ့။

ကဲ--အဲဒီတော့ ကလေးရှိတဲ့ မိဘများ ကိုယ့်ကလေး လိမ်ညာတတ်တဲ့အကျင့်ရှိနေရင် အသာလွှတ်ထားလိုက်ကြဗျာ၊ တစ်ခုတော့ ရှိတယ်နော်၊ အဲလိုလွှတ်ထားလိုက်ပြန်ရင်လည်း သံပုရာသီးလို ဖြစ်သွားမှာလည်း စိုးရသေးတယ်။ ဒါဆိုရင်တော့ မပူနဲ့၊ အရိန္ဒမာလှံနဲ့သာ ထိုးလိုက်၊ တစ်ခါတည်း ချိုသွားစေရမယ်။

Wednesday, May 26, 2010

ကံမညှိုးအောင်


လောကဇာတ်ခုံ၊ နိပ်မြင့်တုံဝယ်၊
ဖြစ်ပုံစုံစေ့၊ ဘုံဓလေ့ကြောင့်၊
ဘယ်ရွေ့ဘယ်မျှ၊ ကြီးမြင့်လှလည်း၊
မာနမြင့်ကူ၊ လံမထူသင့်။

ကံကူဖေးမ၊ ခုနေလှစဉ်၊
ငါမှငါပင်၊ ငါဘုရင်ဟု၊
မာန်ဝင်မြင့်မိုရ်၊ စိတ်ကြီးပိုကာ၊
နိုင်လိုမင်းထက်၊ ပြုမူခဲ့သော်၊
ကံမဲ့ချိန်ခါ၊ ကျရောက်လာလျှင်၊
ကိုယ်သာမက၊ ကိုယ့်နောက်များပါ၊
စိတ်အားငယ်မျိုး၊ ဒုက္ခတိုးလိမ့်။

ဖြစ်ရိုးတံထွာ၊ ဓမ္မတာမို့၊
ကံသာမိုးမြင့်၊ အခြေတင့်စဉ်၊
ဘ၀င့်မာန်ဆိုး၊ ဦးနှိပ်ချိုးလျှက်၊
ကောင်းကျိုးစဉ်ဆက်၊ ရှိန်မပျက်အောင်၊
ခုတွက်လည်းသာ၊ နောင်လည်းပါမည့်၊
ကောင်းရာဆင့်ဆင့်၊ ဆောင်ရွက်သင့်သည်၊
ကံမြင့်ချိန်ခါ မညှိုးဖို့။

Saturday, May 22, 2010

လူတန်းစားကွာဟမှုရဲ့ တရားခံ


It is not the possessions but the desires of mankind which require to be equalized.

Aristotle (384 BC-322 BC)

“တန်းတူညီမျှဖြစ်အောင်လုပ်ဖို့လိုအပ်တဲ့အရာကတော့ ပစ္စည်းဥစ္စာတွေမဟုတ်၊ လူသားတွေရဲ့ ဆန္ဒတွေသာ ဖြစ်တယ်”

(အရစ္စ်တိုတယ်)

ယနေ့ခေတ်ကာလမှာရော၊ ဟိုးယခင့်ယခင်ကာလတွေမှာပါ တည်ရှိဆဲ၊ တည်ရှိခဲ့ပြီး နောင်လဲ မပြောင်းမလဲ တည်ရှိနေဦးမည့်အရာတစ်ခုကတော့ လူတန်းစားမညီမျှမှုတွေပါပဲ။ ဒီလူတန်းစားမညီမျှမှုကို ယေဘုယျအားဖြင့် ပစ္စည်းဥစ္စာနဲ့ တိုင်းတာကြပါတယ်။ ချမ်းသာတဲ့ လူတန်းစား၊ ဆင်းရဲတဲ့လူတန်းစား၊ သူဌေးသူကြွယ်၊ လက်လုပ်လက်စား စသည်အားဖြင့် လူတွေရဲ့ မညီမျှမှုကို တွက်ချက်တိုင်းတာရာမှာ ပစ္စည်းဥစ္စာဟာ ယနေ့ခေတ်မှာ ပိုပြီးအခရာကျနေသလိုပါပဲ။ ဒီကွာဟမှုသဘောတရားကို အလွန်ဆင်းရဲတဲ့ မြန်မာလို နိုင်ငံမျိုးမှာတင်မက၊ ဗြိတိသျှနိုင်ငံတွေမှာတောင် အတော်အတန်တွေ့မြင်နိုင်ပါတယ်။

ချမ်းသာပြီးသားလူတွေက ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အိမ်ကြီးရာကြီးတွေမှာနေပြီး ဇိမ်ခံကားကြီးတွေ တစ်စီးပြီးတစ်စီး အထည်လဲ စီးနင်းပျော်ရွှင်စွာနဲ့ သွားလာနေကြတဲ့အချိန်မှာ ဆင်းရဲတဲ့လူတွေကျပြန်တော့ နေစရာအိမ်တောင်မရှိရှာတဲ့အတွက် “Homeless”ပါလို့ ကိုယ့်လည်ပင်းမှာ Signboard ချိတ်ပြီး လမ်းသွားလမ်းလာတွေရဲ့ ကရုဏာကြေးမျှကို မျှော်လင့်တောင်းခံနေကြရရှာတဲ့လူတွေကိုလည်း မကြာခဏတွေ့နေရပါတယ်။

ဒီလူတန်းစားမညီမျှမှုကို ကမ္ဘာပေါ်ရှိ ဘာသာရေးအသီးသီးက မိမိတို့ရှုထောင့်အလိုက် အကြောင်းတရားကို ရှာဖွေတင်ပြကြပြီးသားနေမှာပါ။ ဗုဒ္ဓဘာသာတရားတော်ကတော့ ဒီကွာဟချက်ဟာ ကံတရားကြောင့်ဖြစ်ရတယ်လို့ (စူဠကမ္မ၀ိဘင်္ဂသုတ်မှာ) ဆိုပါတယ်။ အတိတ်ဘ၀ါဘ၀က မိမိကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ ကောင်းမှု/မကောင်းမှုကံတွေကြောင့် ယခုဘ၀မှာ လူသားတွေရဲ့ ချမ်းသာ/ဆင်းရဲ ကွဲပြားမှုဖြစ်ရကြောင်းကို ထောက်ပြထားပါတယ်။ ထာဝရဘုရားသခင်ကိုယုံကြည်သူတွေကတော့ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဖြစ်ရကြောင်း ပြောကြပါတယ်။

ဒါပေမဲ့ ဒဿနဆရာကြီးတွေကတော့ ဒီသဘောကို ဘာသာရေးရှုထောင့်မှ ခွဲထွက်ပြီး ကိုယ်ပိုင်ခံစားချက်ကို အရင်းခံမြင်ကြပါတယ်။ အဲဒီထဲက ဂရိဒဿနဆရာကြီး အရစ္စ်တိုတယ်ကတော့ လူသားတွေရဲ့ ဆန္ဒမညီမျှမှုကြောင့်လို့ မြင်ပုံရပါတယ်။ ဒါကြောင့် သူက “တကယ်ညီမျှအောင်လုပ်ရမှာက ပစ္စည်းဥစ္စာမဟုတ်၊ လူတွေရဲ့ဆန္ဒသာဖြစ်တယ်”လို့ ထောက်ပြခဲ့ပါတယ်။ ဒီနေရာမှာ သူပြောတဲ့ ဆန္ဒဆိုတာကို အဘိဓမ္မာသဘောနဲ့ မစဉ်းစားပဲ ရိုးရိုးရှင်းရှင်းစဉ်းစားကြည့်ရင် လူသားတွေရဲ့ မတော်လောဘဆိုတာ သိသာနိုင်ပါတယ်။ အဲဒီမတော်လောဘကြောင့် ရှိပြီးသားလူက ထပ်ထပ်ရှိလာအောင် ငါ့ဘို့တစ်ဘို့တည်းကြည့်ပြီး ရသမျှအခွင့်အရေးတွေကို တရားသောနည်း/မတရားသောနည်းမရှောင် အကုန်လုံးအသုံးပြုပြီး တွန်းလုပ်ကြတော့တာပါပဲ။

အဲဒီလို ရှိတဲ့လူတွေက ရှိသလိုလုပ်သွားတဲ့အတွက် မရှိတဲ့လူတွေအဖို့မှာ လုပ်ကွက်ပျောက်ပြီး အချို့ဆို ဘ၀ပျက်သွားရတဲ့ အဆင့်မျိုးတောင် ရှိပါတယ်။ ကိုယ်လည်း ယူသင့်သလောက်ယူပြီးလုပ်၊ သူများတွေကိုလည်း လုပ်ခွင့်ပေးမယ်ဆိုရင် လူတန်းစားညီမျှမှုအဆင့်ကို မရောက်နိုင်ရင်တောင်မှ အထက်နဲ့အောက် အလွန်ခြားနားအကျည်းတန်တဲ့ ကွာဟမှုကြီးဟာ အတိုင်းအတာတစ်ခုအထိတော့ ပြေလည်ကောင်းပြေလည်နိုင်ပါတယ်။

အရစ္စ်တိုတယ်အလိုအရဆိုရင် ဒီဆန္ဒလွန်ကဲမှုကြောင့် ဖြစ်ပေါ်ရတဲ့ လူတန်းစားမညီမျှမှုကြီးဟာ နိုင်ငံမရွေး၊ လူမျိုးမရွေး၊ စံနစ်မရွေး ရှင်သန်နေမှာပါ။ အဓိကကတော့ လူသားတွေရဲ့ ဆန္ဒပါပဲတဲ့။ ဒါပေမဲ့ ယနေ့ခေတ်မှာကြည့်လိုက်မယ်ဆိုရင် ဒီကွာဟမှုသဘောရဲ့တရားခံဟာ နိုင်ငံနဲ့ လူမျိုးကို ဘေးချိတ်၊ စံနစ်ဆိုးနဲ့ စံနစ်ကောင်းအပေါ်မှာ မူတည်နေတယ်လို့ ယေဘုယျယူဆနိုင်ပါတယ်။ ဥပမာ၊ ဒီဗြိတိရှနိုင်ငံတွေမှာလည်း ဒီကွာဟမှုကို အထိုက်အလျောက်တွေ့မြင်နေရပေမဲ့ တရားဥပဒေစိုးမိုးရေးက အရာအားလုံးကို လွှမ်းမိုးထားတဲ့အတွက် လူတန်းစားညီမျှမှုကိုလည်း ရာခိုင်းနှုံးအတော်များများ တွေ့မြင်ရပါတယ်။

မြန်မာလို နိုင်ငံမျိုးမှာတော့ တိုင်းပြည်စနစ်မကောင်းတဲ့အပြင် အာဏာရှင်စနစ်ကိုပါ တွဲဖက်ကျင့်သုံးနေတာကြောင့် လက်ရှိ/လက်မဲ့ကွာဟမှုဟာ အလွန်ပဲ သိသာလှပါတယ်။ နောက်တစ်ခါ ဣန္ဒိယနိုင်ငံကျပြန်တော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပေမဲ့ ဇာတ်ခွဲခြားမှုကို အမြစ်ပြတ်မချေမှုန်းနိုင်သေးတာကြောင့် ယနေ့အထိ ချမ်းသာ/ဆင်းရဲ့ကွာဟမှုဟာ ကြီးထွားနေဆဲပါပဲ။

ဒါတွေအားလုံးကို လက်တွေ့ကျသထက်ကျအောင် ပြန်ညှိယူမယ်ဆိုရင် ဘာသာရေးအရ ကံကြောင့် သို့မဟုတ် ထာဝရဘုရားသခင်ဖန်ဆင်းမှုကြောင့်ဆိုတာထက် လူတွေရဲ့ ဆန္ဒလွန်ကဲမှုကြောင့်ဆိုတာက သာမန်လူတွေကို ပိုမိုနားလည်စေနိုင်သလို၊ ဒီထက်ပိုပြီး နားလည်အောင်ဆိုရင်တော့ စနစ်ကောင်းတစ်ခုကို ရွေးချယ်ကျင့်သုံးနိုင်ခြင်းမရှိတာကြောင့် ဒီကွာဟမှုဖြစ်ပေါ်နေရတယ်လို့ ယူဆနိုင်ပါတယ်။

ကံ သို့မဟုတ် ဘုရားသခင်ဟာ လူတွေမမြင်နိုင်တဲ့ ဝေးသောအကြောင်းတစ်ခုအနေနဲ့ လက်ခံနိုင်ပေမဲ့ လူတစ်ယောက်စီမှာရှိနေတဲ့ ဆန္ဒလွန်ကဲမှုကိုတော့ သူကိုယ်တိုင်သိနိုင်တဲ့အတွက် မညီမျှမှုရဲ့ တရားခံအနေနဲ့ လက်ခံနိုင်မှာပါ။ လက်တွေ့အကျဆုံးကတော့ စနစ်မကောင်းလို့ ချမ်းသာ/ဆင်းရဲကွာဟမှုဖြစ်ရတယ် ဆိုတဲ့အချက်ပါပဲ။ ဒီသဘောကို နားလည်သဘောပေါက်ကြရင် စနစ်ဆိုးအောက်မှာ တင်းကြပ်စွာရှင်သန်နေရတဲ့ တိုင်းသူပြည်သားတွေဟာ ဒီစနစ်ဆိုးကလွတ်မြောက်ဖို့ အစဉ်သဖြင့် တိုက်ပွဲဝင်သင့်လှကြောင်း အသိပေးနှိုးဆော် တင်ပြလိုက်ရပါတယ်။

Friday, May 21, 2010

သစ္စာအစွမ်းကြောင့်လေလော?


ယူကေမှာ ကျောင်းသားဗီဇာနဲ့ နေရတဲ့ဘ၀က သက်သာတာတော့မဟုတ်၊ ပေးထားတဲ့ ဗီဇာသက်တမ်းတစ်ခါကုန်တိုင်း တစ်ခါသွားသွားတိုးနေရတာက ငွေကုန်တာထက် လုပ်ပေါက်ကိုင်ပေါက်အဆင်မပြေရင် အစက ပြန်စနေရတတ်သေးသမို့။ နောက်ပြီး နှစ်စဉ်ပြောင်းလဲနေတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုတာကြီးက တစ်မှောက်။ တော်ကြာတစ်မျိုး အခုတစ်မျိုးဆိုတာလိုပဲ ဒီဗြိတိသျှတွေက ပြောင်းလဲတဲ့နေရာမှာတော့ တတ်လည်းတတ်နိုင်ကြပါပေ့။ ပြီးခဲ့တဲ့နှစ်တွေက ဗီဇာဖေါင်မှာ လိုတာတွေ ဖြည့်စွက်ပြီး ကိုယ့်စာရွက်စာတမ်းတွေကို စာတိုက်ကတစ်ဆင့်ပို့ပြီး စောင့်နေလိုက်ရုံပါပဲ။ အချိန်တန်တော့ ကိုယ့်လက်ထက် ဗီဇာရောက်လာ၊ ကျောင်း အေးအေးဆေးဆေးပြန်တက်။ အခုတော့ ဒီလိုမဟုတ်ပြန်။ လက်ဗွေပါ သွားနှိပ်နေရသဗျား။

ကိုယ်ကလဲ လုပ်လိုက်မှဖြင့် အရာရာနဲ့ အကြောင်းကြောင်းဆိုတဲ့အထဲကပဲနဲ့ တူပါရဲ့။ ချောချောမောမော တစ်ခါတည်းနဲ့ ပြီးရမည့်ကိစ္စက နှစ်ခါနှစ်ခါ ပြန်ပြန်လုပ်နေရတယ်။ အဲဒီတော့ ကိုယ်ကြုံရတာလေးတွေ သူများသိအောင် ထပ်ပြီးဖေါက်သည် ချရသေးသပေါ့။

ဗီဇာတိုးမယ်ဆိုတော့ ထုံးစံအတိုင်း Passport ဓာတ်ပုံတွေ ဘာတွေ ရိုက်ရပေတာကိုး။ အဲ---ဒီနှစ်တော့ နဂိုရှိထားပြီးသားဓာတ်ပုံတွေကို ကပ်ပြီးတင်လိုက်မိပါတယ်။ နောက်တစ်လလောက်ကြာတော့၊ လားလား။ ပို့လိုက်တဲ့ စာရွက်စာတမ်းတွေ အကုန်ပြန်ရောက်လာသဗျား။ ဓာတ်ပုံမှာ ဘောင်ခပ်ထားလို့ အသစ်ပြန်ရိုက်ပြီး (၂၈) ရက်အတွင်း ပြန်တင်ပါတဲ့။ Passport ဓာတ်ပုံမှာ ဘောင်ခပ်ထားရင် UK Standard မဟုတ်ဘူး ဆိုပဲ။ ဒါနဲ့ နီးစပ်ရာဆိုင်မှာ အပြေးအလွှား ဓာတ်ပုံအမြန်သွားရိုက်ပြီး ထပ်တင်လိုက်ရတယ်။ အဲဒါပြီးတော့ စောင့်လိုက်ရတာဗျား။ သုံးလေးလလောက်တောင် ကြာတယ်။ ကိုယ့်နောက်မှလုပ်တဲ့လူတွေလက်ထဲတောင် ဗီဇာပြန်ကျပြီး အလုပ်တွေဘာတွေ စိတ်အေးလက်အေး ပြန်လုပ်နေကြပြီ။ ကိုယ့်ခမျာတော့ ရင်တမမနဲ့ စောင့်နေလိုက်ရတာဗျာ။ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကမှ လက်ဗွေနှိပ်ဖို့ ခေါ်တဲ့စာရောက်တယ်။ ရောက်လာတယ်ဆိုတော့လည်း ပျော်ရတာပေါ့ဗျား။ ဒီစာရောက်လာရင် ထက်ဝက်သေချာနေပြီကိုး။

အဲဒီစာရောက်လာတော့ Online မှာ သူတို့ချပေးတဲ့ Website ထဲဝင်ပြီး Register လုပ်ရတယ်။ အဲဒါပြီးမှ သူတို့ဆီက ချက်ချင်းဆိုသလိုပဲ ကိုယ့် Email address ထဲကို ID နဲ့ Password တွေကိုပို့ပေးတယ်။ သူတို့ပေးတဲ့ ID & Passward ကိုသုံးပြီး ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ရတာပေါ့။ တော်တော်လေးကြာတော့မှ BRN (Booking Reference Number) ကို နောက်ဆုံးမှ ပို့ပေးတယ်။ အဲဒီနံပတ်ရပြီးရင် သူတို့ချိန်းတဲ့ရက်မှာ ချိန်းတဲ့နေရာကို မိနစ် (၃၀) ကြိုတင်ပြီးအရောက်သွားရတယ်။

ကိုယ့်အတွက်ချိန်းတဲ့ရက်က ပြီးခဲ့တဲ့ (၁၉) ရက်၊ ညနေ ၃း ၅၀ မှာ။ နေရာသုံးခုချပေးတယ်။ အနီးဆုံးနေရာကို ရွေးလိုက်တော့ Croydon မှာ။ နေရာက Lunar House တဲ့။ လန်ဒန်နဲ့ တော်တော်အလှမ်းဝေးသေးတယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာမို့ အရင်ရောက်ဖူးတဲ့ သူငယ်ချင်း (ကိုကိုမောင်) ကို အကူအညီတောင်းရတယ်။ သူလည်း မအားတဲ့ကြားထဲက လျှောလျှောလျှူလျှူနဲ့ လိုက်ပို့ပေးရှာပါတယ်။ နေ့လည် (၁) နာရီကစပြီး အဆောင်ကထွက်၊ ကားသုံးဆင့်စီးပြီးသွားရတယ်။ ကားတွေက လမ်းမှာ Traffic Jam ခဏခဏဖြစ်တော့ ရောက်ရမည့်အချိန်မရောက်တော့ဘူး။ ကားပေါ်မှာတင် သုံးနာရီကျော်ကျော် ကြာသွားတယ်။ ဟိုရောက်တော့ အပြေးအလွှားပေါ့။ ဆုံလည်မှန်တံခါးကြီး တွန်းဖွင့်ပြီး အတွင်းဘက်ဝင်သွားတာ ဘယ်သွားရမှန်းမသိပဲ အောင်ကြူကြူဖြစ်နေတဲ့အချိန် ကောင်တာမှာ ထိုင်နေတဲ့ အင်္ဂလိပ်ဝန်ထမ်းတစ်ယောက်က သူတို့ထုံးစံအတိုင်း ဘာအကူအညီပေးရမလဲမေးလို့ လာရင်းကိစ္စကို ပြောပြတော့ လေးနာရီထိုးလို့မို့ ပိတ်သွားပြီတဲ့။ ဟာ--------။

ဒီလောက်တောင်ပင်ပင်ပန်းပန်းနဲ့ ကားအတန်တန်စီးပြီးလာလိုက်ရတာ ဒီရောက်ပြီးကာမှ ပိတ်သွားပြီဆိုတော့ ရင်ဝ ဆောင့်ကန်လိုက်သလိုခံစားလိုက်ရတယ်။ ဘာမှမလုပ်ချင်တော့သလို ဘာမှလည်း မပြောချင်တော့။ သူက ပိတ်သွားပြီလို့ ရိုးရိုးပြောပေမဲ့ ကိုယ့်အတွက်က အစကနေ ပြန်စရမည့်ကိန်းဆိုက်သွားပြီ။ ဒါနဲ့ Public Information Centre ဆီသွားပြန်တော့ သူတို့ကလည်း ပိတ်သွားပြီလို့ ဆီးပြောပြန်ရော။ မောလိုက်တာဗျား။ အဲဒီမှာ တာဝန်ကျတဲ့ ၀န်ထမ်းတစ်ဦးက စေတနာနဲ့ ပြောပြရှာပါတယ်။ “ပြန်ပြီးတော့ Apply လုပ်ရမယ်။ သက်ဆိုင်ရာဖုန်းကို ဆက်ပြီး Appointment ထပ်လုပ်ပါ။ အဲဒါပြီးတော့မှ သူတို့ပေးတဲ့နေ့ထပ်လာပေါ့။ နောက်တော့ မကျစေနဲ့” လို့ သတိပေးလိုက်ပေးတယ်။

ကြိုးစားခဲ့သမျှ သဲထဲရေသွန်လို့ ယူဆရပေမဲ့ ပေးလိုက်တဲ့ သင်္ခန်းစာကတော့ ခေါင်းထဲ စွဲသွားတော့တာပါပဲ။ “ဘာပဲလုပ်လုပ် နောက်မကျစေနဲ့၊ ကြိုတင်မှုရှိပါစေ” ဆိုတဲ့သင်္ခန်းစာ။ ဒီလိုနဲ့ နှစ်ယောက်သား စိတ်လေလေနဲ့ လာလမ်း ကားပြန်စီးခဲ့ကြရတယ်။ ကိုယ်လည်း စိတ်ညစ်တာနဲ့ ဘာစကားမှ မပြောဖြစ်သလို သူငယ်ချင်းလည်း ကိုယ့်အတွက် စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ နှစ်ယောက်သားအတူထိုင်ပြီး ရေငုံထားကြသလိုပါပဲ။ တစ်လမ်းလုံးစကားမပြောဖြစ်ကြဘူး။ စိတ်က တော်တော်ကြီးကို ညစ်နေတာ။ ဘယ်လောက်တောင်ညစ်လည်းဆိုရင် ချစ်သူက နိုင်ငံခြားကနေ ဖုန်းလှမ်းဆက်တာကိုတောင် ပြန်မပြောချင်တာနဲ့ မဆက်နဲ့လို့ ခပ်ဆတ်ဆတ်ပြောပြီး ပိတ်ပစ်လိုက်မိတယ်။ အခုထိတောင် ပြန်မဆက်ရသေးဘူး။ သူလည်း စိတ်လေနေမှာတော့ သေချာတယ်။ ကားပေါ်မှာထိုင်လိုက်လာရင်း လမ်းဘေးမှာ မြင်နေရတဲ့ စိမ်းစိမ်းစိုစို သစ်ရိပ်ဝါးရိပ်တွေက လာတုန်းကလို မသာယာတော့ဘူးလို့တောင် ထင်မိတယ်။ ဒါပေမဲ့ စိတ်ညစ်နေလို့လည်း အပိုပါပဲလေလို့ တွေးပြီး ရသမျှ သီချင်းတွေ လျှောက်ဆိုနေလိုက်တယ်။

လိုင်းကားတွေလည်း တစ်စီးပြီးတစ်စီးတက်စီးပြီး ဘယ်ကဘယ်ကို ရောက်နေမှန်းတောင် သတိမထားမိဘူး။ သူငယ်ချင်းဦးဆောင်ရာနောက်ပဲ လိုက်နေမိတယ်။ လုပ်ပြီးသားအလုပ်တစ်ခုကို အစကနေပြန်လုပ်ရမယ်ဆိုတဲ့ အသိက အဲဒီအချိန်တွေမှာကိုယ်ရမည့် အားလပ်ရက်တွေကို လုယူခံလိုက်ရသလို ခံစားနေမိတယ်။ ဒီလိုနဲ့ အဆောင်ပြန်ရောက်တော့ ခပ်မှောင်မှောင်ဖြစ်နေပြီ။ အခန်းထဲဝင်ပြီး စိတ်ညစ်ညစ်နဲ့ အိပ်ဖို့ကြိုးစားကြည့်တယ်။ အိပ်လို့လည်း မရပြန်ဘူး။ စိတ်ကလည်း တိုပြီးရင်း တိုရင်းနဲ့ ဘယ်သူ့ကို ယိုးစွပ်ရမှန်းလည်း မသိဘူး။ အနားက စာအုပ်တစ်အုပ်ကို ဆွဲယူပြီးဖတ်ကြည့်တော့လည်း စာလုံးတွေကို မမြင်ရဘူး။

ဒါနဲ့ East London မှာနေတဲ့ သူငယ်ချင်း December ကို စိတ်ညစ်တဲ့အကြောင်းလှမ်းပြောပြမိတယ်။ သူနဲ့တွေ့မှ စိတ်သက်သာမှုတစ်ခုရသွားတယ်။ သူကဘာပြောလဲဆိုတော့ သူ့သူငယ်ချင်းတစ်ယောက်လည်း အဲလိုပဲ နောက်ကျလို့ ထပ်ချိန်းတဲ့အကြောင်း။ သုံးရက်လောက်ခွါပြီးမှ လက်ဗွေသွားနှိပ်ရတဲ့အကြောင်း ပြောတော့မှ စိတ်ထဲ ပေါ့သွားသလိုခံစားရတယ်။ ဒီနေရာမှာ လူ့သဘာဝတစ်ခုက ဘာလဲဆိုရင် ကိုယ်ကြုံနေရတဲ့ ဒုက္ခမျိုးကို တစ်ခြားလူတွေလည်း ကြုံနေကြရတယ်လို့ အသိဝင်သွားရင် လက်ရှိဒုက္ခဟာ ဒုက္ခလို့တောင် အထင်မခံရတော့ဘူး။ ဒါဆိုရင် စိတ်ချမ်းသာခွင့်ရဖို့ လမ်းစပဲ။ ဒီသဘာဝကို တွေးကြည့်ရင် လူသားရဲ့ အတ္တဆန်မှုဟာ ထင်းထင်းကြီးပေါ်လွင်လာတယ်။ ဒါပေမဲ့ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ သဘာဝတစ်ခုဖြစ်နေတော့ ဒီအတိုင်းပဲ ဖြေသိမ့်နေကြရတာပဲပေါ့။

စိတ်ထဲမှာ ပေါ့ပါးသလိုလို ဖြစ်လာပြီးမှ နေ့လည်က တစ်နေကုန်သွားလာထားတာတွေကြောင့် ပင်ပန်းပြီး အိပ်ပျော်သွားလေရဲ့။ မနက်မိုးလင်းတော့ ခါတိုင်းနိုးနေကျထက် ပိုပြီး စောစောနိုးနေမိတယ်။ ဘာလို့လဲဆိုတော့ Home Office ကို ဖုန်းဆက်ပြီး Appointment ပြန်ယူရမည့်ကိစ္စက ရှိနေတာကိုး။ စိတ်က စောနေ လောနေတုန်းပါပဲ။ မနက် (၈) နာရီဖွင့်တယ်ဆိုလို့ အဲဒီအချိန်ဆက်လိုက်ပါတယ်။ (၉) နာရီမှဖွင့်မယ်လို့ Auto-operator ကလှမ်းပြောတာနဲ့ (၉) နာရီထိုးဖို့စောင့်နေရပြန်ရော။ (၉)နာရိရောက်တဲ့အခါကျတော့ ထပ်ဆက်ကြည့်တယ်။ ကိုယ်လုပ်တာပဲ အချိုးမပြေတာလား မပြောတတ်ဘူး၊ (ဖြစ်ဖို့များတယ်)။ Auto-operator ကနေ ဘယ် Website သွားဘာညာနဲ့ ဟိုညွှန်းဒီညွှန်းလုပ်နေတာနဲ့၊ “အာ---ရှုပ်ပါတယ်ကွာ၊ ဘယ် Website မှ မသွားတော့ဘူး၊ ဖြစ်ချင်တာဖြစ်၊ လူကိုယ်တိုင် မနေ့ကနေရာ (Croydon) ပြန်သွားမယ်”လို့ စိတ်ဆုံးဖြတ်ပြီး မနက်စာစား။ သွားလေးဘာလေးတိုက်ပြီး အဆောင်က ထွက်ခဲ့ပြန်တယ်။

မနက် (၁၀) နာရီထိုးကစပြီး ကား တစ်ဆင့်ပြီး တစ်ဆင့် စီးလိုက်တာ Croydon ရောက်တော့ နေ့လည် (၁) နာရီထိုးနေပြီ။ ဒါတောင်မနေ့ကနဲ့ စာရင် လမ်းမှာ ကားရှင်းတယ်ပြောရမယ်။ ဒီတစ်ခါတော့ ကားပေါ်မှာ တစ်ယောက်တည်းပဲ။ သူငယ်ချင်းကိုလည်း အားနာတာနဲ့ မခေါ်ဖြစ်တော့ဘူး။ ရသမျှဘုရားစာတွေလည်း ရွတ်ရသေးတယ်။ ဒီတစ်ခါ ထူးထူးခြားခြားတစ်ခု လုပ်ဖြစ်တယ်။ အဲဒါက ဘာလဲဆိုတော့ သစ္စာဆိုဖြစ်တယ်။ ဆိုတဲ့ သစ္စာက “ငါသည် တစ်ဖက်သား အကျိုးစီးပွါးပျက်စီးစေနိုင်တဲ့ အပြောအဆိုမျိုးကိုလည်း မပြောခဲ့ဖူးပါ၊ အပြုအမူမျိုးကိုလည်း မပြုခဲ့ဖူးပါ၊ ဤစကားသည် အမှန်ပင် ဖြစ်ပါသည်။ ဤမှန်သောသစ္စာစကားကြောင့် အခုလုပ်နေရတဲ့ ကိစ္စဟာ ဒီနေ့မှာပင် ပြီးပြတ်အောင်မြင်ပါစေသား” လို့ ဆိုလိုက်တယ်။

ဟိုရောက်တော့ ချက်ချင်းပဲ မနေ့ကသွားခဲ့တဲ့နေရာကို သွားလိုက်တယ်။ မနေ့ကတွေ့ခဲ့တဲ့ အစောင့်လူကြီးတွေနဲ့ပဲ ထပ်တွေ့တယ်။ ကျုပ်ကို ထပ်တွေ့တော့ သူတို့အားလုံးက “ဟာ့ မင်းပြန်လာပြန်ပလား” တဲ့။ “ဟုတ်တယ်၊ ဖုန်းဆက်မရလို့ ပြန်လာတာ” လို့ ပြန်ပြောရတယ်။ “မင်းလာရမှာက ဒီဘက်မဟုတ်ဘူးကွာ့၊ နေရာမှားနေတယ်။ သူ့နောက်လိုက်သွားလိုက်” ဆိုပြီး Public Information Centre မှာ အစောင့်တာဝန်ကျတဲ့ လူကြီးနောက်ကို ထည့်ပေးလိုက်တယ်။ အဲဒီလူကိုပဲ ကိုယ့်အခက်အခဲကို ပြောပြရတယ်။ Centre ထဲရောက်တော့ ကိုယ့်လို ပြဿနာဖြစ်တဲ့လူတွေကို တန်းစီပြီးထိုင်ခိုင်းထားတယ်။ ကိုယ်လည်း သူတို့နောက်မှာ ၀င်ထိုင်ရတာပေါ့။ ကိုယ့်အလှည့်ရောက်ဖို့ တော်တော်စောင့်ရတယ်။ စောင့်ရင်းနဲ့ လေးနာရီထိုးသွားပြန်ရင်လည်း ဘာမှမလုပ်လိုက်ရပဲ လာရာလမ်းလှည့်ပြန်ခဲ့ရမှာပဲ။

ကိုယ့်အလှည့်လည်း ရောက်လို့ မန်နေဂျာနဲ့တွေ့၊ ကိုယ့်ပြဿနာကို ပြောပြတော့ “မင်းပြဿနာက ငါဖြေရှင်းပေးလို့မရဘူး၊ ဟိုအစောင့်ပြောသလို ကြိုတင်ဖုန်းဆက်၊ Appointment ယူ၊ အဲဒါပြီးမှလာ၊ ဒါပဲ” တဲ့။ ဂွတော့ ကျနေပြီ။ ဒီတစ်ခါလည်း လှည့်ပြန်ရတော့မည့်ကိန်းတော့ ကျလာပြန်ပြီ။ ဒါနဲ့ အစောင့်ကို ပြန်သွားပြောတယ်။ ငါမနက်က ဖုန်းဆက်တယ်။ ဆက်လို့မရဘူး။ သူတို့ပေးတဲ့ ဖုန်းနံပတ်ဆက်တာပဲ။ အော်ပရေတာနဲ့ပဲ တွေ့ရတယ်။ ဘာညာပေါ့။ အဲဒီတော့မှ အနားက အစောင့်တစ်ယောက် “မင်းစာရွက်စာတမ်းတွေ ငါ့ပေး” တဲ့။ သူပြောတဲ့အတိုင်းပေးလိုက်တော့ “ဒီမှာ ခဏထိုင်နေ” လို့ ပြောပြီး ကိုယ့်စာရွက်တွေ ယူပြီး အတွင်းဘက်ဝင်သွားတယ်။

စိတ်ထဲမှာ လှုပ်ရှားမှုတွေ တော်တော်ဖြစ်နေပြီ။ အနေအထားကတော့ ဒီအတိုင်းဆို ကိုယ့်ဖက်နည်းနည်းပါလာတဲ့ သဘောပေါ့။ ခဏနေတော့ အဲဒီအစောင့်ပြန်ထွက်လာတယ်။ “အထဲဝင်ထိုင်နေ၊ ခေါ်တဲ့အခါမှ ၀င်သွား၊ မင်းစာရွက်တွေကို ကောင်တာ (၄)မှာ အပ်ထားခဲ့တယ်၊ အဲဒီကို သွား” တဲ့။ ဟား---သိပ်ပျော်သွားတယ်။ တစ်ခါတည်းနဲ့ ပြီးမယ်နဲ့တူတယ်ပေါ့။ အထဲရောက်တော့ အခြားအစောင့်တစ်ယောက်က “လက်ဗွေနှိပ်မည့်လူလား” တဲ့။ ကိုယ့်လည်း ဘုမသိဘသိနဲ့ “ဟုတ်တယ်”လို့ ဖြေလိုက်တော့ “အထဲဝင်ခဲ့” တဲ့။ ဒီအတိုင်းဆိုတော့ ဟုတ်နေပြီ။ အထဲရောက်တော့ လေဆိပ်ထဲမှာ ပစ္စည်းစစ်သလိုပဲ ကိုယ့်ပါလာသမျှတွေကို စက်ထဲထည့်ပြီး Scan ရိုက်တယ်။ လက်နက်တစ်စုံတစ်ရာပါမှာကြောက်လို့ထင်တယ်။

ပစ္စည်းတွေ စစ်ပြီးတော့မှ ကောင်တာတွေဆီမသွားခင် ကြားထဲမှာ ၀န်ထမ်းတစ်ယောက်ကို ထားပေးထားတယ်။ သူ့တာဝန်က လက်ဗွေနှိပ်မည့်လူတွေကို သက်ဆိုင်ရာကောင်တာတွေဆီသွားဖို့ ညွှန်ပြပေးရတယ်။ ကိုယ့်ရှေ့ ကိုယ့်နောက်ကလူတွေအားလုံးရဲ့လက်ထဲမှာ စာရွက်ကိုယ်စီနဲ့၊ ကိုယ့်မှာတော့ လက်ထဲဗလာပဲ။ သူနဲ့တွေ့တော့ “မင်းစာရွက်က ဘယ်မှာလဲ” တဲ့။ “ကောင်တာ (၄)မှာရောက်နေပြီ” လို့ပြောတော့ ပြုံးတယ်။ ပြီးတော့မှ “သွား” ဆိုပဲ။ ကောင်တာ (၄) ရောက်တော့ ဟဲလိုဘာညာနဲ့ ထုံးစံမပျက်လုပ်ပြီးတော့ အထဲမှာ တာဝန်ကျနေတဲ့ဝန်ထမ်းက အမျိုးသမီးခပ်ငယ်ငယ်။ စစချင်း ဘာမေးလဲ ဆိုတော့ “မင်းအင်္ဂလိပ်စကားနားလည်လား”တဲ့။ “ဟုတ်ကဲ နားလည်ပါတယ်” လို့ပဲ ခပ်တည်တည်နဲ့ ပြောရတယ်။ သူက “မင်း Appointment က လွန်သွားပြီဆိုတော့ အသစ်ထပ်လုပ်ရမယ်၊ ဒီတစ်ခါလုပ်ရင် အရင်လုပ်တဲ့ site မှာမလုပ်နဲ့တော့၊ ဒီ site မှာလုပ်ဆိုပြီး နေရာပြပေးတယ်။ “ဟုတ်ကဲ့” လို့ပြောရပြန်ရော့။ စိတ်ထဲမှာတော့ ပြန်ပြီးလေးလာပြီ။ “ဘယ့်နှယ်၊ ဒီအဆင့်ရောက်လာပြီးမှ ပြန်ပြီးလုပ်ခိုင်းနေတယ်၊ ရက်ချိန်းထပ်ယူရင် နောက်ကျတော့မှာပဲ” တွေးပြီး စိတ်ပူရပြန်ရော။

ဒါနဲ့ ကားပေါ်မှာ ဆိုခဲ့တဲ့ သစ္စာကို ပြန်အာရုံပြုကြည့်တယ်။ ပြီးတော့မှ “Appointment ကို ကိုယ့်နေရာပြန်ရောက်မှ လုပ်မည့်အစားခင်ဗျားဆီမှာပဲ တစ်ခါတည်းလုပ်သွားလို့မရဘူးလား” လို့မေးကြည့်လိုက်တယ်။ သူက “ရပါတယ်” တဲ့။ အဟား----၀မ်းသာသွားရပြန်ပြီ။ ကိုယ်ဆိုလိုတာက ကိုယ့်အဆောင်ပြန်ရောက်မှ ဖုန်းဆက်ဘာဆက်နဲ့ မလုပ်တော့ဘူး၊ ဒီမှာပဲ လုပ်ပြီး
ချိန်းတဲ့နေ့ပြန်လာမယ်လို့ဆိုလိုတာ။ သူဘယ်လို နားလည်သွားလည်းတော့ မသိဘူး။ သူ့ကွန်ပျူတာမှာ ငါးမိနစ်လောက်ဟိုဟိုဒီဒီ Click ပြီးတော့ ကိုယ့်စာရွက်ပေါ်မှာ စာရွက်လေးတစ်ရွက်ကပ်ပေးပြီး 276/Second Flour လို့ ရေးပေးလိုက်တယ်။ အဓိပ္ပါယ်က Appointment ထပ်မလုပ်ရတော့ပဲ တစ်ခါတည်း အပြီးလုပ်သွားလို့ရပြီ ဆိုတဲ့သဘော။ အရမ်းပျော်သွားတယ်။

စာရွက်လေးကိုင်ပြီး ညွှန်းတဲ့အတိုင်း ဒုတိယထပ်ရောက်တော့ သိပ်မစောင့်လိုက်ရဘူး။ အမှတ် ၂၇၆ ပိုင်ရှင် အခန်းနံပတ် (၃၀) သို့လာပါ လို့ခေါ်တာနဲ့ ၀င်သွားတော့ လက်ဗွေနှိပ်တဲ့အခန်းဖြစ်နေတယ်။ ဒီမှာတင် ကိစ္စကပြီးသွားပြီ။ လက်ဗွေနှိပ်ပြီးတော့ ချက်ချင်းမပြန်ရသေးဘူး။ အပြင်မှာ ခဏထိုင်စောင့်နေရသေးတယ်။ ၁၅ မိနစ်လောက်စောင့်ပြီးတော့မှ နောက်ထပ်ကောင်တာတစ်ခုက ခေါ်လို့ထပ်သွားရတယ်။ အဲဒီနောက်ဆုံး ကောင်တာမှာက ဘာမှ မလုပ်ရတော့ဘူး။ ကိုယ့်အချက်အလက်တွေ ပြည့်စုံကြောင်း သူတို့စစ်ဆေးပြီးတဲ့အကြောင်း ပြောတာ။ အဲဒါပြီးတော့မှ အခု မင်းစိတ်အေးလက်အေးပြန်နိုင်ပါပြီလို့ ပြောသဗျား။ ဟူး.................အခုမှပဲ စိတ်ဒုန်းဒုန်းချ ပျော်ရတော့တယ်။ ဗီဇာအလာကိုပဲ စောင့်ရတော့မယ်။ ကျန်တဲ့ကိစ္စတွေတော့ ပြီးပြီ။ တိုက်ဆိုင်မှုလား၊ ဆိုတဲ့သစ္စာပဲ စွမ်းသွားသလားတော့ မသိဘူး၊ ကြာရမည့်ကိစ္စ မကြာတော့ပဲ ချက်ချင်းပြီးသွားတယ်။ အဲဒါ ကိုယ်ကြုံခဲ့ရတာလေးပါ။ ဒါကြောင့် အရေးအကြောင်းဆိုရင် သစ္စာဆိုပြီးလုပ်ကြည့်။ မှန်အောင်တော့ ဆိုပေါ့။ မှန်ရင် သစ္စာဖြစ်တယ်။ မှန်မှ သစ္စာစွမ်းတယ်။

Thursday, April 29, 2010

အသောက်မတော် တစ်ဂွတ်


မနေ့က ကျောင်းပြန်ဖွင့်လို့ မနက်စာစားပြီးတာနဲ့ ကျောင်းကို လစ်ခဲ့ရတယ်။ အကြောင်းသုံးချက်နဲ့ပေါ့။ အတန်းတက်ဖို့၊ ရေးပြီးသားအက်ဆေးတင်ဖို့နဲ့ စာကြည့်တိုက်မှာ နောက်တင်မည့်အက်ဆေးအတွက် သက်ဆိုင်ရာစာအုပ်တွေ ရှာဖွေငှါးရမ်းဖို့။ အဲဒါတွေအားလုံးပြီးတဲ့အခါ အဆောင်ပြန်လာတော့ မောကမော၊ အိုက်ကအိုက်၊ ဆာကဆာနဲ့ဆိုတော့ ရေခဲသေတ္တာထဲ အဆင်သင့်ရှိနေတဲ့ အချိုရည်တစ်ဗူး ဖေါက်သောက်လိုက်တယ်။ အား-----မောသမျှတွေ ပြေလို့ လန်းဆန်းသွားတယ်လို့ ခံစားလိုက်ရတယ်။

အင်္ဂလိပ်နွေလောက်ကတော့ ရွှေမြန်မာတို့ ပျင်းတောင် ပျင်းသေးတယ်လို့ ပြောကြမှာပေါ့။ ပြောလောက်စရာပေပဲကိုး။ ရန်ကုန် မန္တလေးကလူတွေ အိုးကင်းပူထဲရောက်နေချိန်မှာ ဒီမှာတော့ အေးဆေးပါပဲ။ အပူချိန် ၁၆-၁၇ ၀န်းကျင်လောက်ပုံမှန်ရှိတတ်တဲ့ လန်ဒန်ရဲ့ နွေရာသီဟာ ပန်းပွင့်လေးတွေ လန်းဆန်းဖို့အတွက်နဲ့ ဆောင်းပုန်းရွက်လေးတွေ ဝေစီဖို့အတွက်သာမက လန်ဒန်သူလန်ဒန်သားတွေကိုပါ များစွာပွင့်လင်းလာစေပါတယ်။ ဆောင်းတွင်းတစ်တွင်းလုံး ဖုံးဖိဝတ်ထားရသမျှ အခုလို ပွင့်လင်းရာသီရောက်လာတော့ ခြေသလုံးလေးတွေကအစ ဖေါ်လို့ရသမျှ ဖေါ်လာကြတော့တာပါပဲ။ အဲဒီမှာ မျက်စိအစာကျွေးချင်တဲ့ လူတွေအတွက်တော့ အကွက်ပေါ့။ မြန်မာပြည်မှာလောက် အပူချိန်မမြင့်ပေမဲ့ သွားလာလှုပ်ရှားနေရသူတွေအတွက်တော့ ချွေးမထွက်ရုံတမယ် အိုက်စပ်ပူလောင်ကြတာပါပဲ။ ဒိအတွက် တောင်းတတတ်ကြတာကတော့ အချိုရည် အေးအေးလေး တစ်ဗူးလောက်များ သောက်လိုက်ရရင်ဖြင့်-----။

အခုအချိန်ဟာ မြန်မာပြည်မာဆို ပူလွန်း၊ အိုက်လွန်းလို့ အိမ်ထဲကနေ အိပ်အပြင်ဘက်တောင် မထွက်ရဲလောက်အောင်ဖြစ်နေကြပြီထင်ပါရဲ့။ ဒါပေမဲ့ မထွက်မဖြစ်ထွက်လာရရှာတဲ့လူတွေမှာတော့ နဖူးက ကျလာတဲ့ ချွေးစက်တွေကိုသုပ်ရင်း ပူနေတဲ့ရင်ကို အေးစေဖို့ ရေခဲရေအေးအေးတစ်ခွက်လောက် အာမထိလျှာမထိ မျိုချင်ကြမှာချည်းပါပဲ။ ဒိအတွက် ရေခဲရေရောင်းတဲ့သူတွေ စီးပွါးဖြစ်တဲ့ရာသီဖြစ်သလို တတ်နိုင်တဲ့လူတွေကတော့ ကုတ်အေးအေးလေးတစ်ဗူးလောက်ဆွဲ၊ စီးကရက်တစ်လိပ်လက်ကြားညှပ်ပြီး ပင်ရိပ်ငြိမ်အောက်မှာ ခိုလိုက်ရရင် အပူစင်လို့ အအေးဝင်မည့် ဇိမ်ပေါ့။ ဒီလိုဆိုပြန်တော့ အအေးဆိုင်တွေ အလုပ်ဖြစ်တဲ့ နွေလည်း ဟုတ်သပေါ့ဗျား။

အင်္ဂလန်မှာတော့ အခုလို ပွင့်လင်းရာသီရောက်တဲ့အခါ နေ့ခင်းနေ့လည် လမ်းသွားလမ်းလာတွေကို ကြည့်လိုက်ရင် လက်ထဲမှာ အချိုရည်ဗူးလေးတွေကိုယ်စီကိုယ်စီ မော့မော့သွားနေတတ်ကြတယ်။ ပူရှာပေသကိုး။ ဒါပေမဲ့ သတင်းစာကတော့ သတိပေးထားလေရဲ့ အချိုရည်များများ သောက်ခြင်းသည်--------------------။

မနေ့က ဧပြီ ၂၈ ရက်စွဲနဲ့ ထုတ်တဲ့ Daily Mail သတင်းစာကြီးမှာ ဆောင်းပါးတစ်ပုဒ်ပါလာတာ ဖတ်လိုက်ရတယ်။ သိပံ္ပသတင်းထောက် Flona MacRae ရေးတဲ့ဆောင်းပါးပါ။ စာလုံးမဲမဲကြီးနဲ့ ရေးထားတဲ့ ခေါင်းစဉ်က "Drinking too much pop can speed up the ageing process" တဲ့။ “Pop လို့ခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်များတဲ့ ရေနဲ့ အချိုရည်တွေကို လွန်လွန်ကဲကဲ သောက်သုံးခြင်းသည် အိုမင်းရင့်ယော်မှုကို မြန်ဆန်စေသည်” ဆိုပဲ။ အကြောင်းကြောင်းကြောင့် ဒီလိုသတင်းစာမျိုးတွေ ဖတ်ခွင့်မရသူတွေအတွက်ရည်စူးပြီး ကျနော့်ရဲ့အလင်းတန်းလေးမှာ ပြန်လည်ဝေငှပေးပါရစေ။

ဓာတုဗေဒဝေါဟာရတစ်ခုဖြစ်တဲ့ Phosphate ခေါ် မီးစုန်းအက်ဆစ်ဓာတ်ဆားရဲ့ အဓိကရည်ရွယ်ချက်ကတော့ အချို့စားသုံးကုန်တွေနဲ့ သစ်ပင်ပန်းမာလ်တွေ ရှင်သန်ကြီးထွားရေးမှာ အသုံးပြုဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်ထုတ်တဲ့ Coke, Diet Coke, Pepsi, Diet Pepsi, Pepsi Max နဲ့ အလားတူ အချိုရည်အမျိုးမျိုးထဲမှာလည်း ဒီအက်ဆစ်ဓာတ်ဆားကို ထည့်သွင်းရောစပ်ပြီး အသုံးပြုလာကြပါတယ်။ ဒီဓာတ်ဆားကို ထည့်လိုက်တဲ့အတွက် သာမန်ချိုတဲ့အရသာကနေ tangy taste ခေါ် ရှတတ အရသာတစ်မျိုးကို ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် သောက်သုံးတဲ့လူတွေကို ပိုမိုဆွဲဆောင်မှုရှိလာပါတယ်။ ဒါပေမဲ့ သိပံ္ပပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်က ဘာလဲဆိုရင် အဲဒီ ဓာတ်ပါဝင်တဲ့ အစားအသောက်တွေဟာ လူကို မြန်မြန်ဆန်ဆန် အိုစေပါ သတဲ့ဗျား။

ဒါ့အပြင် Mineral (အင်္ဂလိပ်) လို့ခေါ်တဲ့ Soda (အမေရိကန်) ဟာလည်း လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတ်တစ်မျိုးဖြစ်ကြောင်း ဆိုကြပါတယ်။ ဒီဆိုဒါကို အသားနူးအောင်ချက်တဲ့အခါတို့၊ ကိတ်မုန့်၊ ပေါင်မုန့်ဖုတ်တဲ့အခါတို့မှာ ထည့်သွင်းအသုံးပြုကြတဲ့အတွက် အဲဒီအရာတွေကို စားသုံးခြင်းဖြင့် နှလုံးနဲ့ ကျောက်ကပ်ကို ပျက်စီးစေနိုင်တယ်လို့ သတိပေးထားပြန်ပါတယ်။ သုတေသနတွေ့ရှိချက်တွေကို ရေးသားဖေါ်ပြပေးတဲ့ FASEB ခေါ် သုတေသနဂျာနယ်မှာ ဆောင်းပါးရှင် Gerald Weissmann က “ဆိုဒါဟာ ကမ္ဘာ့တစ်ဝှန်း လူသန်းပေါင်းများစွာ ရွေးချယ်အသုံးပြုနေတဲ့ ကဖေးဓာတ်သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုးပါ၊ ဒါပေမဲ့ သူနဲ့တွဲဖက်ပါလာတဲ့ ခရီးသည်ကတော့ Phosphorous ခေါ် မီးစုန်းပါပဲ” လို့ ရေးသားထားပါတယ်။ သူက ဆက်ပြီးတော့ “အဲဒီလို မီးစုန်းဓာတ်တွေ ပါဝင်နေတဲ့အတွက် အိုမင်းရင့်ယော်မှုကို မြန်မြန်ဆန်ဆန်ဖြစ်စေတတ်တာကြောင့် ဆိုဒါကို မသုံးသင့်ပါဘူး” လို့ အကြံပြုထားပါတယ်။

နေ့စဉ် သန်းပေါင်းထောင်ချီတဲ့လူတွေ သောက်သုံးနေကြတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ပါကိုလာနဲ့ အချိုရည်တွေရဲ့ စိတ်မချရတဲ့ပြဿနာကို သတိပေးနှိုးဆော်ခဲ့တာ ဟိုးစောစောကတည်းပါပဲ။ ဒီလိုအချိုရည်တွေကို အမြောက်အများ သောက်သုံးခြင်းကြောင့် အိုမင်းရင့်ယော်မှုကိုသာ မြန်ဆန်စေတာမဟုတ်ပါဘူး။ Brittle bones အရိုးကြွပ်ဆပ် တဲ့ရောဂါ၊ Pancreatic cancer အကျိတ်ကင်ဆာ၊ Muscle weakness ကြွက်သားအားနည်းတဲ့ရောဂါနဲ့ Paralysis ခေါ် လေဖြတ်တဲ့ရောဂါတွေကိုပါ ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။

Harvard တက္ကသိုလ်က သွားဘက်ဆိုင်ရာဆရာဝန် Dr Shawkat Razzaque က မကြာသေးခင်ကမှ မီးစုန်းအက်ဆစ်ဓာတ်ရဲ့ အာနိသင်ကို အုပ်စုသုံးခုခွဲပြီး ကြွက်တွေမှာ စမ်းသပ်ခဲ့ပါတယ်။ ပထမအုပ်စုထဲပါတဲ့ ကြွက်တွေကို Klotho လို့ခေါ်တဲ့ မျိုးဥတစ်ခုကို ဗီဇနည်းအရ ဖန်တီးထည့်သွင်းပေးထားပါတယ်။ အဲဒီမျိုးဥကြောင့် ကြွက်တွေမှာရှိတဲ့ မီးစုန်းအက်ဆစ်ဓာတ်ဟာ သာမန်ထက် မြင့်မားလာတဲ့အတွက် အချိန်မတန်ခင်အိုမင်းလာပြီး သတင်းပတ် ၈ ပတ်ကနေ ၁၅ ပတ်အတွင်းပဲ အသက်ရှင်ကြရရှာပါသတဲ့။

ဒုတိယအုပ်စုထဲ ပါတဲ့ ကြွက်တွေကိုတော့ Klotho မျိုးဥမပါပဲ မီးစုန်းအက်ဆစ် level ကို ပုံမှန်ကြွက်တွေမှာရှိသလောက်နီးပါး လျှော့ချပြီး စမ်းသပ်ခဲ့ပါတယ်။ ဒီအုပ်စုထဲက ဖိုးရွှေကြွက်တွေကတော့ သတင်းပတ် ၂၀ အထိ အသက်ရှည်ကြတယ် လို့ဆိုပါတယ်။ တတိယအုပ်စုထဲပါတဲ့ ကြွက်တွေကိုတော့ မီးစုန်းအက်ဆစ် level မြင့်တဲ့ အစာတွေကျွေးပြီး ဒုတိယအုပ်စုက ကြွက်တွေနည်းတူ မွေးမြူထားပါတယ်။ ဒီအုပ်စုက ကြွက်တွေအားလုံး ၁၅ ပတ်ပဲ အသက်ရှင်ကြတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒီတွေ့ရှိချက်ကို အခြေခံပြီးတော့ သိပံ္ပပညာရှင်တွေက “Phosphate Diet ခေါ် မီးစုန်းအက်ဆစ် ပါတဲ့ အစားအသောက်တွေထဲမှာ Toxic Effects အဆိပ်အာနိသင်တွေ ပါဝင်နေတယ်” လို့ကောက်ချက်ချကြပါတယ်။ ဒါကြောင့်မို့ ဆိုဒါများများသောက်ခြင်းဟာ အရေနဲ့ ကြွက်သားတွေကို ရင့်ယော်စေတဲ့အပြင် ကျောက်ကပ်နဲ နှလုံးပြဿနာတွေကိုပါ ပိုမိုဆိုးဝါးစေတယ်လို့ သတိပေးထားပါတယ်။ ဒီနှစ်ဦးပိုင်းက အမေရိကန်က လေ့လာချက်တစ်ခုက “သတင်းတစ်ပတ်အတွင်း ဒီလိုအချိုရည် အမျိုးအစားတွေကို နှစ်ဗူး၊ နှစ်ဗူးထက်ပိုသောက်တတ်တဲ့ လူတွေမှာ အကျိတ်ကင်ဆာဖြစ်နိုင်ချေ နှစ်ဆပိုရှိတယ်” ဆိုတာ တွေ့ခဲ့ကြပါသေးသတဲ့။ ဒါတွေကို ကြည့်ပြီးတော့ ဆေးဘက်ဆိုင်ရာ သိပံ္ပပညာရှင်တွေက အသက်ရှည်ရှည်နေချင်သပဆိုရင် မီးစုန်းအဆိပ်ပါတဲ့ အစားအသောက်တွေကို ရှောင်ရှားကြဖို့ပါ ထပ်မံနှိုးဆော်ထားကြောင်းပါ။

အဟဲ ဒီလိုပြောလို့ သိပ်တော့လဲ ကြောက်မသွားပါနဲ့ဦး။ တော်ကြာ အချိုရည်မှန်သမျှ မသောက်ရဲပဲ ရေပဲ လှိမ့်သောက်နေရဦးမယ်။ ဒီနောက်ဆုံးတွေ့ရှိချက်ထွက်လာတော့ အချိုရည်ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေခမျာ အတော်လေး လှုပ်လှုပ်သဲသဲ ဖြစ်သွားကြရတယ်။ မနေ့ညတုန်းကတော့ အချိုရည်လုပ်ငန်းရှင်တစ်ချို့ ဒီတွေ့ရှိချက်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။ သူတို့က ဒါကို အချို့ရည်လုပ်ငန်းနဲ့ တိုက်ရိုက်ပတ်သက်ပုံမရဘူးလို့ ယူဆကြပါတယ်။ ဗြိတိသျှအချိုရည်လုပ်ငန်းက Richard Laming ကတော့ အချို့ရည်တွေထဲပါတဲ့ မီးစုန်းအက်ဆစ်က ၃% လောက်ပဲရှိတယ် လို့ ပြောပါတယ်။ ဒါကြောင့် အချို့ရည်တွေကို ယခင်အတိုင်း စိတ်ချလက်ချ ဆက်လက်သောက်သုံးနိုင်ပါတယ် တဲ့။ ဒါပေမဲ့ သားသားတို့ မြန်မာပြည်ဖြစ် အချိုရည်တွေမှာတော့ မီးစုန်းအက်ဆစ်တွေ ဘယ်လောက်ပါဝင်နေတယ်မသိဘူး။ ကြည့်သောက်ကြဗျို့။ တော်ကြာနေ “အသောက်မတော် တစ်ဂွတ်” ဖြစ်နေဦးမယ်။

Thursday, April 15, 2010

ရွှေသမင်ဘယ်ကထွက်


နင်လားဟဲ့ အာဖဂန်
ဘာ ပါကစ္စတန်တုန်း
ဗုန်းကလေးတစ်လုံးလောက်ဖေါက်
လူကလေးတစ်ယောက်နှစ်ယောက် သေပြရုံနဲ့
သတင်းလောကကို ချုပ်ကိုင်
လွှမ်းမိုးနိုင်မယ်များ ထင်သလား?

ဒို့မြန်မာလည်း မခေပါဘူး
သေမထူး နေမထူးတွေပါပဲ
သူဖေါက်သူသေ၊ ကိုယ်ဖေါက်သူသေ
အသက်တွေပေးလှူလို့
အားကျမခံ မိုးသို့ညံအောင်
ဗုန်းပေါက်သံတွေ ကြားနေရသလို
ကမ္ဘာ့သတင်းလောကမှာ
မြန်မာ့ဗုန်းသတင်း ရေပန်းစားလို့
လူကြိုက်များ အဲလေ လူသိများနေပါပြီဗျာ့။

သောက်သူက နင်းကန်သောက်ပြီး
မှောက်သူက မှောက်နေတဲ့သင်္ကြံမှာ
ဖေါက်သူကလည်း ဖောက်ပေသမို့
သုန်းချင်းကိုင်းတောင်မှ
ရောက်သူက ရောက်နေပေပေါ့။

ဒါပေမဲ့ အာဖဂန်ဗုန်း
ပါကစ်ဗုန်းပေါက်မှုတွေမှာ
တရားခံရှာရတာမခက်
တာလီဘန်က သူတို့လက်ချက် ဆိုကိုးဗျာ့။

မြန်မာဗုန်းမှာတော့ဖြင့်
လက်သည်ကို မတွေ့မူ
မသမာသူကို ယိုးစွပ်
ထိုးညွတ်တဲ့ လက်ချောင်း
ဟိုအဖွဲ့လေလား ၀ါးတားတား
ဒီအဖွဲ့လိုလို ဟိုတိုတိုနဲ့
အရင်းစစ်တော့ အမြစ်မြေကဆိုသလို
နောက်ဆုံးတော့
“ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်” တာပါပဲ။

ဘယ်သောအခါမှ မဖေါ်နိုင်ခဲ့တဲ့ ဗုန်းပေါက်မှုတွေ
အကြောင်းရှာတော့ ခေါင်းမှာချာချာလည်
တစ်ခုပဲ သိတယ်
ဒို့မြန်မာပြည်မှာလေ
နိုင်ငံရေး တလှုပ်လှုပ်ဖြစ်တိုင်း
ပြည်သူကို အာရုံပြောင်းစေဖို့
ဒီလူကို အာဏာညောင်းစေဖို့
ဘယ်သူသေသေ၊ ငတေမာရင် ပြီးစတမ်း
ခရီးလမ်းမှာ လာမရှုပ်လေနဲ့
နောက်ကွယ်က ကြိုးကိုင်လို့
မရိုးနိုင်တဲ့ ဒီအာဏာအတွက်
ဖေါက်မယ်ကွဲ့ ဗုန်း
“၀ုန်း---၀ုန်း---၀ုန်း----”


Tuesday, April 13, 2010

နှစ်သစ်ဆုတောင်း


သင်္ကြံရောက်ရာ၊ ခုအခါဝယ်၊
သူငါအများ၊ ပျော်ကာပါးလည်း၊
ငါကားမပျော်၊ အက်ဆေးတော်ကြောင့်၊
ခေါင်းပေါ်မွှေးညစ်၊ အဖြူဖြစ်ပြီ၊
တွေးဆင့်ကြံဆ ရေးနေလို့။

ငါမပျော်နိုင်၊ တွေးကာမှိုင်လည်း၊
ပျော်နိုင်သူများ၊ ပျော်ကြပါးစေ၊
စိတ်ထားမြတ်မွန်၊ ချစ်အလွန်ဖြင့်၊
ငါသော် ခုနေ၊ တောင်းဆုချွေသည်၊
မြန်ပြေတစ်ဝှန်း အေးစေဖို့။

အေးချမ်းသာယာ၊ ပြည်မြန်မာဝယ်၊
အာဏာလက်ကိုင်၊ မင်းစိုးပိုင်တို့၊
အနိုင်မကျင့်၊ တရားချစ်စေ၊
နှစ်သစ်ဆုတောင်း၊ ရေချမ်းလောင်းသည်
မကောင်းကျင့်တွေ ဝေးစေဖို့။





Monday, April 12, 2010

ရန်ကုန်လေဆိပ်ထဲက ဓားပြများ


သိပြီးသားအကြောင်းအရာတစ်ခုကို ထပ်ပြီးပြောပြနေရတာတွေ၊ လုပ်ပြနေရတာတွေဟာ တကယ်တော့ ကျုပ်စိတ်ကို မနှစ်မြို့စေတာ အမှန်ပါ။ ဒါပေမဲ့ အကြောင်းတိုက်ဆိုင်လာလို့၊ ဒီထက်ပိုမို တိကျအောင် ပြောရရင်တော့ ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်လာလို့ ပြောပြရပါဦးမယ်။ အများသိပြီးသားဖြစ်တဲ့၊ အထူးသဖြင့် နိုင်ငံခြားကို ကိစ္စတစ်ခုခုရှိလို့ ထွက်ကြရတဲ့ သာမန်အရပ်သူအရပ်သား ကိုရွှေမြန်မာတို့ကြုံဖူးဆုံဖူးကြပြီး ဖြစ်တဲ့ ကိစ္စလေးတစ်ခုကို ကြားရတဲ့အတိုင်း ရင်ဖွင့်မလို့ပါဗျာ့။ မထူးဆန်းတော့ပေမဲ့ ထပ်တလဲလဲကြုံနေ ကြားနေရတော့ အရုပ်ဆိုးလွန်း အကျည်းတန်လွန်းတယ်လို့ ကိုယ်ကိုယ်တိုင်ကြုံစဉ်က ခံစားရသလို ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေလည်း ကိုယ့်လိုပဲကြုံလာလို့ ပြောပြတဲ့အခါ အရင်ကရှိနှင့်ပြီးသား ခံစားချက်တွေဟာ ရေစီးကမ်းပြိုဖြစ်ပြီး အောင့်အီးမရ အံထွက်လာရပါတော့တယ်။

ကျမ်းမာရေးမကောင်းလို့နိုင်ငံခြားသွားပြီး ဆေးကုသမှုခံယူနေရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဒီမနက်မှာပဲ အွန်လိုင်းမှာတွေ့လို့ စကားပြောဖြစ်ပါတယ်။ ဘန်ကောက်ဆေးရုံမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ ဆေးစစ်ဖို့ ထွက်လာတဲ့သူတစ်ယောက်ပါ။ ငယ်ငယ်ကတည်းက အတူစား၊ အတူသွား၊ နိုင်ငံခြားရောက်ပြန်တော့လည်း အချိန်အတန်ကြာသည်အထိ အတူနေမို့ ကိုယ်နဲ့ သူက အမွှာပူးလိုကို တွဲမိနေတာပါ။ ဒါပေမဲ့ သူက အလွန့်အလွန်အလုပ်များရတဲ့အထဲ ကျမ်းမာရေးချူချာသူမို့၊ အထူးသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ နှစ်ရှည်လများ ခံစားနေရတာကြောင့် ဆေးရုံဆေးခန်းတွေနဲ့ ဖက်လက်တကင်းနေပြီး အသက်ရှင်နေရတဲ့ လူတစ်ယောက်ဆိုပါတော့။ အခုလည်း မြန်မာပြည်ထဲမှာ ဆေးရုံအစုံ၊ ဆေးခန်းအကုန်သွားပြခဲ့ပြီးဖြစ်ပေမဲ့ ခံစားနေရတဲ့ ဝေဒနာ မသက်သာတာကြောင့် ဘန်ကောက်ထွက်လာရခြင်း ဖြစ်ပါတယ်။

ဘန်ကောက်ထွက်မည့်မနက်၊ ရန်ကုန်လေဆိပ်မှာ သူကြုံခဲ့ရတာကို သူပြောပြတဲ့အတိုင်း ဖေါက်သည်ချပါ့မယ်။ သူနဲ့အတူ၊ သူ့အဒေါ်ရယ်၊ ညီမလေးရယ်၊ တူလေးရယ် စုစုပေါင်းလေးယောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲ နိုင်ငံခြားယူဆောင်သွားမည့် ပစ္စည်းတွေ ဘာတွေကို သက်ဆိုင်ရာတာဝန်ကျ ၀န်ထမ်းတွေက စစ်ဆေးအခါ သူ့အဒေါ်အိပ်ထဲမှာ ပိုက်ဆံတွေ အများကြီးတွေ့လို့ ဆိုပြီး ရစ်ပါသတဲ့။ ရစ်တဲ့လူတွေ ဘယ်သူတွေလဲ လို့မေးကြည့်တော့ ရဲလေးယောက်လို့ သူငယ်ချင်းကပြောပါတယ်။ ရဲဆိုတာနဲ့ပဲ ကိုယ့်စိတ်ထဲမှာတော့ တော်တော်လေးကို အချဉ်ပေါက်နေပါပြီ။ ရစ်ပုံကတော့ အော့ကြောလံပါပဲ။ ဒီလောက်ပိုက်ဆံတွေ အများကြီး ဘာဖြစ်လို့ ယူသွားရတာလဲ၊ ဘယ်ကရတာလဲ စတဲ့ သူတို့နဲ့ ဘာမှ မပတ်သက်တဲ့ မေးခွန်းတွေ မေးပြီး ရစ်နေတာ။ သူငယ်ချင်းက ဆေးစစ်သွားမလို့ပါ လို့ပြောပေမဲ့ နားမ၀င်ပဲ ရစ်မြဲရစ်နေတာနဲ့ စိတ်ဆိုးပြီးတော့ “ဒီလိုဖြစ်တာ ခင်ဗျားတို့ သောက်သုံးမကျလို့ ဖြစ်ရတာ၊ ခင်ဗျားတို့ အသုံးကျရင် ကျုပ်တို့ တပင်တပန်းရှာထား၊ ဖွေထားရတဲ့ ပိုက်ဆံတွေ သူများနိုင်ငံသွားပြီး အကုန်ခံနေစရာတောင်မလိုဘူး၊ အခုဒီလောက်ပိုက်ဆံတွေ ယူသွားတယ်ဆိုတာလည်း ဟိုမှာအခြေအနေက နာရီနဲ့အမျှ ပိုက်ဆံပေးပြီး ရက်ရှည်နေရမှာ၊ ဘယ်သူမှ ကျုပ်တို့လေးယောက်လုံးကို အလကားဆေးကုပေးမှာ မဟုတ်သလို၊ ဘယ်သူမှလည်း အိမ်ပေါ်အလကားတင်ကျွေးထားမှာ မဟုတ်ဘူး၊ အခုယူသွားတဲ့ ပိုက်ဆံတွေက တကယ်ဆို နည်းတောင်နည်းသေးတယ်၊ ဘာမှဆက်မေးမနေနဲ့တော့” လို့ သူငယ်ချင်းက ပြောခဲ့ရပါသတဲ့။

အဲလိုလည်းပြောလိုက်ရော အဲဒီရစ်နေတဲ့ ရဲဝတ်နဲ့ ဒမြလေးကောင်ထဲက တစ်ကောင်က ဘာပြောလည်းဆိုတော့ “ဒါဆိုလည်း ပြီးတာပါပဲ၊ ဒါပေမဲ့ ပိုက်ဆံတော့ ပေးခဲ့ကြပါဦး”လို့ ပြောပြန်ရောဗျား။ ဘယ်လောက်များ စက်ဆုတ်စရာ၊ ရှက်စရာကောင်းလဲ အရပ်ကတို့။ သူငယ်ချင်းကလည်း အေးရာအေးကြောင်းဖြစ်အောင် ဒေါ်လာ (၂၀) ထုတ်ပေးလိုက်ရသေးတယ်။ သူငယ်ချင်းတို့အဖွဲ့ရဲ့ရှေ့က လူကိုလည်း အဲလိုပဲ ရစ်ပြီး ပိုက်ဆံတောင်းနေလို့ မြန်မာငွေငါးထောင်ထုတ်ပေးတော့ “ဒီပိုက်ဆံ နည်းနည်းလေးနဲ့ ဘာလုပ်လို့ ရမှာလဲ” လို့ ပြောသေးဆိုပဲ။ အဲဒီတော့ အဲဒီမှာတာဝန်ကျတဲ့ ရဲတွေဟာ ဘာကောင်တွေတုန်းဗျား။ သူတို့စိတ်ထဲမှာ သူတို့ကို ဒီနေရာမှာထားတာဟာ နိုင်ငံခြားထွက်မည့်လူတွေကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင်လုပ်ပြီး ငွေညှစ်ဖို့ ထားတယ်လို့များ တရားဝင်အောင့်မေ့နေလေရော့သလားမသိဘူး။

ဒီလိုအကျင့်ပျက်၊ ခြစားတဲ့ ၀န်ထမ်းတွေဟာ ကျုပ်တို့နိုင်ငံအနှံ့အပြား ထက်လံအောက်လျော ရှိနေတာတော့ နှစ်ပေါင်းလေးဆယ်ကျော်ပါပြီ။ အားလုံးမကောင်းဘူးလို့ ၀ါးလုံးသိမ်းမပြောလိုပါဘူး။ ဒါပေမဲ့ စစ်ဝတ်စစ်စားနဲ့လူတွေ၊ ရဲဝတ်ရဲစားနဲ့လူတွေကတော့ ရာခိုင်နှုန်းအတော်များများကို ပျက်စီးနေတာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ သူတို့ကို ပြည်သူတွေက ကြောက်ရွံ့ကြတယ် လို့ အခြေခံအယူအဆရှိနေလို့လို့ ကျုပ်ကတော့ ပြောချင်တယ်။ ဒီလိုရှိအောင်လည်း ဆရာ့ဆရာကြီးတွေက လုပ်ခွင့်ပေးထား ပေတာကိုး။ အထက်အရာရှိအဆင့်ဆင့်တွေဟာ အောက်ကလူတွေ ဒီလိုလုပ်တာ သိကြပေမဲ့၊ သူတို့ကိုယ်တိုင်လည်း ဒီလမ်းကြောင်းကို လျှောက်ခဲ့ရတာရယ်၊ အောက်ကလူတွေက ပြည်သူတွေဆီမှ တောင်းလို့တိုက်လို့လုလို့ရသမျှတွေထဲက နှုတ်ပိတ်ခကန်တော့တာတွေရယ်ကြောင့် မသိကျိုးကျွံပြုနေကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေ မဖြစ်မနေအရေးယူရတဲ့ အဆင့်ရောက်လာတဲ့ ချစားမှုတွေ ရှိပေမဲ့ အဲဒါတွေကလည်း ဘယ်လိုမှကို ဖုံးလို့ဖိလို့မရလောက်အောင် လူထုနား ပေါက်ကြားသွားရတဲ့အမှုတွေက များပါတယ်။

မြန်မာပြည်မှာ လက်ရှိစစ်တပ်အုပ်ချုပ်နေစဉ်ကာလမှာရော၊ နောင်တစ်ချိန် တိုင်းပြည်ကံမကောင်းလို့ စစ်တပ်လက်ထဲ အာဏာရှိနေတဲ့အခါမျိုးမှာပါ (ဖွဟဲ့ လွဲပါစေ၊ ပယ်ပါစေဗျား) ဒီအကျည်းတန်ခြစား၊ သရုပ်ပျက်လှတဲ့ အကျင့်ဆိုးကြီးဟာ ပျောက်ဖို့ လမ်းမရှိပါဘူး။ ဒီလိုဖြစ်ရတာဟာ ဒီမိုကရေစီဆိတ်သိုးခြင်းရဲ့ ပုံရိပ်တွေလို့ ဆိုချင်ပါတယ်။

အင်္ဂလန်မှာ ကျုပ်နဲ့ အတူနေတဲ့ မိတ်ဆွေတစ်ယောက် ရောက်စမှာ အိမ်နေရာလျှောက်ထားရေးတွေ ဘာတွေနဲ့ အလုပ်များပြီး ရုံးတွေဘာတွေ သွားရတဲ့အထိ ကြုံခဲ့ရတာလေးတစ်ခုကိုလည်း အထက်က အဖြစ်အပျက်နဲ့ နိုင်းယှဉ်ပြီး ပြောပြပါရစေဦး။ သူ့ခမျာ အင်္ဂလိပ်စာလည်းမဖတ်တတ်၊ စကားလည်းမပြောတတ်တော့ တရားရုံးမှာ ပြောဖို့ မြန်မာစကားပြန်ကောင်လေးတွေကို သက်ဆိုင်ရာက ရှာပေးထားတယ်။ အဲဒီကောင်လေးတွေ အကူအညီနဲ့ပဲ သူ့ကိစ္စတွေ အကုန်လုံးလောက်နီးပါး အေးအေးဆေးဆေးပြီးသွားတယ်။ အခုတော့ ပိုက်ဆံတစ်ပြားမှမပေးရပဲ အစိုးရကအလကား ချပေးထားတဲ့ အိပ်မှာ ဇိမ်ကျနေလေရဲ့။ ( ဒါပေမဲ့ လောလောဆယ် ရန်ကုန်က မိန်းမကိုခေါ်ထားတာ ရောက်မလာသေးလို့ အိပ်ယာထဲ ပုတီးပဲ လှိမ့်စိပ်နေရရှာတယ်၊ ရှလွတ်----။) ပြောချင်တာက သူဇိမ်ကျ/မကျမဟုတ်ပါဘူး။ သူ့ကို အကူအညီအများကြီးပေးတဲ့ မြန်မာကောင်လေးတွေကို မြန်မာပီပီ ကျေးဇူးတင်လွန်းလို့ဆိုပြီး သူ့ရှိတဲ့ပိုက်ဆံတွေကို ထုတ်ပေးတော့ ကောင်လေးတွေက ဘာပြောမှတ်လဲ။ “မပေးပါနဲ့ အကိုရာ၊ ပေးဖို့မလိုပါဘူး၊ ကျနော်တို့အလုပ်က ဒီလို အမှုသည်တွေကို အကူအညီပေးဖို့ သက်သက်ပါပဲ၊ ဒီအတွက် သက်ဆိုင်ရာက ပြည့်စုံအောင် စီစဉ်ပေးထားပြီးသားပါ၊ အခုအကို့အတွက် အကူညီပေးလိုက်ရလို့ အဆင်ပြေသွားတယ်ဆိုရင်ပဲ ကျနော့်အတွက်လည်း ဒီလုပ်ငန်းမှာဆက်ပြီး အလားအလာကောင်းဖို့ရှိပါတယ်၊ ဒီမှာတော့ ဘယ်ဝန်ထမ်းမှ ပေးဖို့မလိုပါဘူး၊ ဒီက ၀န်ထမ်းတွေကတော့ ကာစတမ်မာတွေကို ကူညီဖို့ သက်သက်ပါပဲ” တဲ့။ ကဲကြည့်စမ်း၊ ဘယ်လောက် ကွာခြားလဲ၊ ကျုပ်တို့ဆီကနဲ့။ အဲဒါ ဒီမိုကရေစီရဲ့ ပုံရိပ်ပေါ့ဗျာ့။

မြန်မာလူမျိုးဖြစ်တာချင်း တူပေမဲ့ တစ်ယောက်က အာဏာရှင်အုပ်ချုပ်တဲ့တိုင်းပြည်ထဲနေရလို့ စိတ်ဓာတ်တွေ အောက်တန်းနောက်တန်း ကျပြီး အတော့်ကို ကျက်သရေယုတ်တယ်။ တစ်ယောက်ကတော့ ဒီမိုကရေစီဝါဒကျင့်သုံးတဲ့ နိုင်ငံထဲနေရလို့ စိတ်ဓာတ်တွေလဲ အလိုလိုကို အထက်တန်းကျနေတယ်။ ဒီလိုပြောလို့ ဒီမိုကရေစီနိုင်ငံသားတွေမှန်သမျှ ဒီလိုချည်းပဲလို့တော့ ဆိုလိုလိမ့်မည် မထင်လိုက်နဲ့။ မကောင်းတဲ့လူတွေလည်း ရှိနေမှာပါပဲ။ ဘယ်လူသားစစ်စစ်ကမှ စင်းလုံးချော အမှားကင်းကြမယ်မထင်ပါဘူး။ ဒါပေမဲ့ သိပ်နည်းတယ်။ သိပ်နည်းဆို ကျုပ်နေတဲ့နှစ်အတွင်းတော့ မရှိသလောက်ကို နည်းတာပါ။ ကျုပ် အင်္ဂလန်မှာနေတာ သုံးနှစ်ထဲရောက်ပြီ။ အဲလိုကိစ္စမျိုး တစ်ခါမှ မကြုံဖူးသလို၊ ကြားလည်း မကြားဖူးဘူး။ ဒီလောက်မီဒီယာထွန်းကားတဲ့ တိုင်းပြည်မှာ အဲလိုဟာမျိုးတစ်ခါလောက်တွေ့လိုက်လို့ကတော့ သတင်းစာတွေ၊ တီဗွီတွေက ပြောလို့ရေးလို့ကို ဆုံးမှာမဟုတ်ဘူး။ ဒီမှာက မီဒီယာကို အကြောက်ရဆုံးပဲ။ မီဒီယာကလွတ်လပ်တဲ့အတွက် ဘယ်ခြစားမှုမျိုးကိုမဆို မညှာမတာ ဖေါ်ပြကြတယ်။ ဒီကရဲတွေလည်း မကောင်းအပြောခံရတာတွေ ရှိတော့ရှိတာပါပဲ။ ဒါပေမဲ့ ခြစားတဲ့ကိစ္စတွေကြောင့်အပြောခံရတာမျိုး တစ်ခါမှ မကြားဖူးဘူး။ သူတို့အပြောခံရတာက လမ်းပေါ် တ၀ီဝီနဲ့ အရေးပေါ်မီးဖွင့်ပြီး အတင်းမောင်းနေလို့ ကားသမားအချင်းချင်း အမြင်ကပ်တာပဲ ရှိတာ။ အဲဒါလည်း သူတို့ကိစ္စနဲ့ သူတို့ အလုပ်ရှိလို့ ပြေးလွှားနေရတာမို့ လူထုအများစုကတော့ ဘယ်သူမှ မကောင်းမမြင်ကြပါဘူး။ ကျုပ်တို့ မြန်မာပြည်က ရဲတွေကတော့ဗျာ-----------------------သယ်----ပြောလိုက်ရ။

Monday, April 5, 2010

ရွေးကောက်ပွဲ


ပြည်မြန်မာ ကောင်းစားရေး
ဇောင်းပေးလို့ အတွေးကျယ်
ခေါင်းမွေးပဲ ဆွေးတယ်
လမ်းစ ဘယ်မတွေ့
စနစ်ပျက် ခေတ်ပျက်ပုံနှယ်
စစ်မက်ဇုန် ဖြစ်ရသလေ့။

၈၈ အရေးတော်ပုံ
ကြွေးကျော်ဟုန် မြန်တပြေ့
ဘေးချော်ပုံ ကံဓလေ့ရယ်က
လူထုဘက် မရပ်တည်
စစ်တပ်လက် အာဏာလှူ
ပါဝါသူ နှင်းအပ်ခဲ့ပြီ။

လာပြန်ငဲ့ ခုတစ်ခါ
လူ့ငချာ ဗိုလ်ရူးတို့
ရာထူးအတွက် တွေးကြောက်ဆဲတွင်
ရွေးကောက်ပွဲထွင်
ဘေးရောက်ဆဲ ဒီအာဏာကို
မဲလိမ်ကာ ယူဦးမှာဗျာ့လေး။


မြန်မာပြည် ကောင်းစားဖို့




ပြည်မြန်မာ လူဖြစ်ရ
မလွယ်ဗျာ့ မလွယ်
ဘယ်ဘ၀ ၀ဋ်ကံနှယ်
လည်လေတယ် မသိ
နှုတ်ပိတ်လို့ အနေကြပ်တယ်
လေဖြတ်ဘွယ် ကြောက်ရလေဘိ။

ကုန်ဈေးနှုံး မိုးသို့ထောင်
ဆုံးဖို့ရောင် မရှိ
သုံးလို့တောင် မပြည့်တဲ့
လစာကြေး ဖြတ်ယူ
ကြွေးတောင်းသူ လာချည်ရဲ့
နေမထိ တွေးရလို့ပူ။

ဒီစံနစ် ဒီဖြစ်အင်
ဖန်တီးရှင် သေရွှမ်းကွဲ့
ပေသန်းလို့ လတ်ဖြေစေ
ရမ်းနှူးလို့သေ
ကမ်းကူးမည့် တိုင်းမြန်မာငယ်
ကမ္ဘာဝယ် ကောင်းစားဖို့လေး။



Sunday, March 28, 2010

ဒီသူငယ် ဘာလူမျိုး


ရေချိုချို အရှာထွက်
အိုးနားပဲ့ကိုကိုင်
ခပ်ယိုင်ယိုင် လျှောက်နှေး
ရေချိုချို ရှာမတွေ့
သောင်စပ်မှာ ငိုင်
ဘယ်သူလဲ မေး?

အသားက ညိုမှောင်
ကတုံးက ပြောင်ပြောင်နဲ့
ဒီသူငယ် ဘယ်လူမျိုးပါလိမ့်
ဆိုမာလီ အီသီယိုးလေလား
စိတ်ကူနဲ့ ပုံဖေါ်ကြည့်
တွေးမိချေသေး။

ရာသီကယ် သွေ့ချောက်
ရေပျောက်တဲ့ နွေ
ဆင်သေတဲ့ ချောင်းဘေး
လက်ရက် တွင်းငယ်ဝ
အုန်းမှုတ်ကယ် ကူပါလို့
မြေအိုးကို သူရေဖြည့်
ကြည့်စမ်းကွဲ့လေး။

အိုးနံရံ ပတ်လျှောက်
မြင်ရတဲ့ ရေးစာ
အသေအချာ ဖတ်ဝေး
လောကရဲ့ အမှန်သဘော
ဖွင့်ဟလို့ အသေချာ
ဒေသနာ ပစ္စယော တဲ့
ဒီသူငယ် မြန်မာဖြစ်ပါရဲ့
မှန်တကယ် အညာသားပါကွဲ့
လောင်းလိုက်ချင်သေး။


ဆန္ဒအကျဉ်းသား




အဆန်လမ်းသို့တက်ရင်း
နောက်သို့ပြန်ငဲ့ကြည့်
တွယ်တာစရာအပြည့်နဲ့
သူရှိတဲ့နေရာ
ငါမပြန်မရောက်နိုင်တော့
အတွေးထဲက ဆန္ဒ
အကောင်အထည် မဖေါ်နိုင်တဲ့ငါ
သူ့အတွက်တော့ သူရဲဘောကြောင်သူပေါ့။

မြင်ခွင့်မရတဲ့ မျက်နှာနဲ့
ကြင်ခွင့်မရတဲ့ မေတ္တာတွေရယ်ကြောင့်
အိမ်မက်ကမ္ဘာဟောင်းရဲ့ မှတ်တမ်းတစ်ပုဒ်
စိတ်ပျက်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ထုတ်
တစ်ပတ်တကုတ်နဲ့ ရေးသား
အလေးထားဖတ်မည့်သူရှာကြည့်တော့
ငါသိတာ ငါတစ်ယောက်တည်း
ငါ့အတွေးနဲ့ ငါ့စာ
ငါဟာ ငါ့ရဲ့ ပရိသတ်
ကဲ ဘယ်လောက် အထီးကျန်သလဲ?

ဆုံခွင့်ကို မျှော်ကြည့်ရင်း
အဖေါ်မရှိ အထီးကျန်ဘ၀မှာ
အကျည်းတန်တဲ့ တေးတစ်ပုဒ်သီဆိုဖို့
ပုလွေအိုတစ်လက် မှုတ်ကြည့်တော့
လျာပျက်တဲ့ သံစဉ်များ
တေးသွားနဲ့ မလိုက်ဖက်
ကွဲအက် ရှတတနဲ့
မလှပတဲ့ ဖြစ်စဉ်စု
ရသမဲ့တဲ့ ချစ်ခင်မှုတွေပေါ့။

Saturday, March 27, 2010

ဂွေးကောက်ပြိုင်ပွဲ


အလင်းတန်းရွာလေးရှိ မူလတန်းကျောင်းရှေ့ ကွင်းပြင်ကျယ်ကြီးထဲမှာ ကျောင်းသားမောင်မယ်များ စုရုံးစုရုံးဖြင့် အော်ဟစ်မြူးတူးနေကြသည်။ အထူးသဖြင့် ယောက်ျားလေးများက ပိုမိုတက်ကြွနေကြပုံရသည်။ အကြောင်းမှာ ယနေ့ မူလတန်းကျောင်းကလေးတွင် ထူးထူးခြားခြား ပြိုင်ပွဲတစ်ခု ကျင်းပမည်ဖြစ်သောကြောင့်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ကျောင်းအုပ်ကြီး ဦးပန်းသေက ဦးစီးကျဉ်းပခြင်းဖြစ်ပြီး ကျောင်းဆရာလေး မောင်သောကြာက ကျောင်းသားမောင်မယ်များကို ထိမ်းသိမ်းကွပ်ကဲရေး တာဝန်ယူထားရကြောင်းလည်း သိရသည်။ အလင်းတန်းရွာတွင် အနှစ်နှစ်ဆယ်အတွင်း မည်သည့်အခါကမျှ ကျဉ်းပနိုင်ခဲ့ဖူးခြင်းမရှိသော ပြိုင်ပွဲတစ်မျိုးကို ကျဉ်းပနေခြင်းဖြစ်သည်။ ပြိုင်ပွဲအမည်မှာ “ဂွေးကောက်ပြိုင်ပွဲ” ဟူ၏။

ပေါက်ပေါက်ရှာရှာ ဂွေးကောက်ပြိုင်ပွဲဟူသော နာမည်ကို ပေးသူမှာ ကျောင်းအုပ်ကြီးဦးပန်းသေဖြစ်ကြောင်းသိရသည်။ ဦးပန်းသေသည် ကျောင်းအုပ်ကြီးပီပီ ကျောင်းသူကျောင်းသားများအပေါ်တွင် သြဇာတိက္ကမလွန်စွာကြီးပြီး အာဏာရှင်ဆန်ဆန် အုပ်ချုပ်သည်ဟု နာမည်ကြီးသည်။ အခုပြိုင်ပွဲကိုလည်း သူ့ဖာသာနာမည်ပေးပြီး ပြိုင်ပွဲစည်းကမ်းများကိုလည်း မည်သူနှင့်မှ တိုင်ပင်ခြင်းမပြုပဲ သူ့တစ်ယောက်တည်း ရေးဆွဲထားကြောင်းသိရသည်။ ပြိုင်ပွဲစည်းကမ်းများမှာ---
(၁) အပြေးသန်သူများ မပါရ။
(၂) ကျောင်းစည်းကမ်းပျက်ဖူးသူများ မပါရ။
(၃) မိန်းကလေးများ မပါရ။
(၄) ပြိုင်ပွဲဝင်ကျေး ကျပ်ငွေ သုံးရာပေးဆောင်ရမည်-ဟူသတည်း။

ယင်းစည်းကမ်းများကြောင့် အပြေးသန်သောကျောင်းသားများနှင့် အချို့ မိန်းကလေးများမှာ လွန်စွာမကျေမနပ်ဖြစ်နေရကြောင်း သိရသည်။ ထို့ပြင် ၀င်ကြေးကျပ်သုံးရာပေးရမည်ဆိုသည်ကြောင့်လည်း အချို့ ၀င်ချင်ကြပါလျက် မိဘကပိုက်ဆံမတတ်နိုင်သောကြောင့် ပြိုင်ပွဲကျင်းရာကွင်းအထဲ ၀င်မရရှာကြပေ။ ထို့ပြင် ပြိုင်ပွဲဝင်ကျောင်းသားအများစုမှာလည်း ဦးပန်းသေ၏ သားမြေးများနှင့် သက်ဆိုင်ရာ ကျောင်းဆရာဆရာမများ၏ သားမြေးများသာ အများစုဖြစ်ကြောင်း ကြားသိရသည်။

ဂွေးကောက်ပြိုင်ပွဲပုံစံမှာ အောက်ပါအတိုင်းဖြစ်သည်။
ဂွေးသီးများကို အရောင်လေးမျိုးကွဲပြားမှုရှိအောင် ရှေးဦးစွာ အနီရောင်၊ အနက်ရောင်၊ အ၀ါရောင်နှင့် မူရင်း အစိမ်းရောင်များ သုတ်ချယ်ထားပြီး ကွင်းပြင်ကြီး၏ ဒေါင့်လေးခုတွင် အရောင်တူဂွေးသီးများကို စုပုံထားသည်။
ပြိုင်ပွဲဝင်မည့်ကျောင်းသားများက ကွင်းအလည်တည့်တည့် စက်ဝိုင်းကြီးထဲတွင် နေရာယူထားကြရသည်။ သက်ဆိုင်ရာဒိုင်လူကြီးက ခရာတွတ်လိုက်နှင့်တစ်ပြိုင်နက် ပြိုင်ပွဲဝင်ကျောင်းသားများက ပြေး၍ ဒေါင့်လေးခုတွင်စုပုံထားသော ဂွေးသီးများကို ကောက်ယူရမည်ဖြစ်သည်။ မည်သည့်ဒေါင့်သို့ အလျင်ပြေးရမည်ဟု သတ်မှတ်မထားပေ။ ဒေါင့်စေ့အောင်ပြေးရမည်ဖြစ်ပြီး မိမိလက်ထဲတွင် ပါလာသော ဂွေးသီးများမှာလည်း အရောင်လေးမျိုးစုံရမည်ဖြစ်သည်။ ဒေါင့်တစ်ခုတွင် အရောင်တစ်မျိုးသာရှိသောကြောင့် ဒေါင့်စေ့အောင် မပြေးနိုင်ပါက အရောင်လည်း မစုံနိုင်ခြေ။ သယ်ယူရာတွင်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းဖြင့်သာ သယ်ယူခွင့်ပြုသည်။ အင်္ကျီအိပ် ဘောင်းဘီအိပ် စသည်ထဲ ထည့်ယူခွင့်မပြု။ ပါးစပ်နဲ့ ကိုက်ပြီး သယ်ယူနိုင်သည်။ လက်ကတီးကြားတွင် ညှပ်ပြီးလည်း ယူနိုင်သည်။ ဘယ်ညာလက်နှစ်ဘက်တွင်ထည့်ယူနိုင်သည်။ ပြေးရင်းလွှားရင်းလမ်းပေါ်တွင် လက်ထဲပါပြီးသော ဂွေးသီးများကို ပြုတ်မကျစေရ။ တစ်ဒေါင့်မှ သယ်လာသော ဂွေးသီးများကို အခြားတစ်ဒေါင့်တွင်လည်း မထားခဲ့ရ။ ထားခဲ့သည်ကို ဒိုင်လူကြီးများသိရှိပါက သက်ဆိုင်ရာကျောင်းသားကို ပြိုင်ပွဲမှ ထုတ်ပယ်မည်ဖြစ်သည်။ သတ်မှတ်ချိန်မှာ ခရာတွတ်အပြီး နှစ်မိနစ်သာဖြစ်သည်။ သတ်မှတ်ချိန်အတွင်း အရောင်လေးမျိုးစုံသောဂွေးသီးအလုံးရေ အများဆုံးသယ်ယူနိုင်သူကို ဗိုလ်စွဲစေ၍ ထိုက်တန်သော ဆုတံဆိပ် ချီးမြင့်မည်ဖြစ်သည်။

ပြိုင်ပွဲခရာမတွတ်မီ ကျောင်းအုပ်ကြီး ဦးပန်းသေက အောက်ပါအတိုင်း မိန့်ခွန်းချွေလိုက်သည်။
“မင်္ဂလာအလွန်ရှိတဲ့ နေ့ဖြစ်ပါတယ်။ ဒီကနေ့ဟာဆိုရင် ကျုပ်တို့ အလင်းတန်းရွာရှိ မူလတန်းကျောင်းလေးမှာ နှစ်ပေါင်းနှစ်ဆယ်အတွင်း မကျဉ်းပနိုင်ခဲ့တဲ့ ပြိုင်ပွဲတစ်မျိုးကို စတင်ကျဉ်းပတဲ့နေ့ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမျိုးကို ဘယ်ရွာမှာမှ ယခင့်ယခင်က ကျဉ်းပခဲ့ဖူးခြင်းမရှိသလို ပြိုင်ပွဲစည်းကမ်းများကိုလည်း သင့်အတော်ဆုံးဖြစ်အောင် ကျုပ်စိတ်ကြိုက်ရွေးချယ်ချမှတ်ထားပါတယ်။ ရှေးဦးစွာ အပြေးသန်တဲ့ကျောင်းသားတွေကို ပါဝင်ခွင့်မပြုတာကတော့ ပြိုင်ပွဲကို တစ်ဖက်သတ်မပြီးဆုံးစေချင်လို့ပဲဖြစ်ပါတယ်။ မိန်းကလေးတွေကိုတော့ ဂွေးကောက်ပြိုင်ပွဲဆိုတဲ့ ဝေါဟာရနဲ့အညီ မသင့်တော်ဘူးထင်လို့ ချန်လှန့်ထားခဲ့ခြင်းဖြစ်ပါတယ်။ အဲ---နောက်ပြီး စည်းကမ်းပျက်ကျောင်းသားတွေကိုတော့ ဒဏ်ပေးတဲ့အနေနဲ့ မပါစေတာပါ။ နောက်ဆုံး ကျပ်ငွေသုံးရာထည့်ဝင်စေရတာကတော့ ကျုပ်သုံးဖို့၊ အဲလေ ယောင်လို့----ဟောဒီပြိုင်ပွဲမျိုးကို နောင်နှစ်တွေမှာလည်း ဆက်လက်ကျဉ်းပနိုင်ရေးအတွက် ရန်ပုံငွေစုတဲ့အနေနဲ့ ကောက်ခံရခြင်းဖြစ်ပါတယ်။ ကိုင်း အခုချိန်ကပြီး ပြိုင်ပွဲကို စတင်တော့မှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ရမည့်ပုံစံကိုလည်း အားလုံးသိကြပြီးဖြစ်တဲ့အတွက် အထူးပြန်မပြောတော့ပါဘူး။ မောင်သောကြာရေ---ခရာတွတ်လိုက်တော့ ဟေ့”

“ရွှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”

ရှည်လျားကျယ်လောင်သော ခရာသံကြီးတစ်ခုထွက်လာချိန်တွင် ကျောင်းသားများသည် ခြေဦးတည်ရာဒေါင့်များသို့ ကစဉ်ကလျားပြေးကြလေကုန်သည်။ ဂွေးသီးများကို အလုအယက်ကောက်ယူကြသည်။ တစ်ယောက်နှင့်တစ်ယောက် တွန်းတိုက်ကြသည်။ အချို့ကျောင်းသားများမှာ နောက်ထပ်ပြေးရမည့်ဒေါင့်များကျန်သေးသည်ကို သတိမထားပဲ လက်ထဲတွင် အရောင်တူဂွေးသီးများ ပါသလောက်သယ်ကြလေရာ အခြားဒေါင့်သို့ရောက်သောအခါ အရောင်ကွဲဂွေးသီးများကိုလည်းမကောက်နိုင်၊ လက်ထဲပါလာသောဂွေးသီးများကိုလည်း မထားခဲ့နိုင်ဖြစ်နေသည်ကို တွေ့ရလေသည်။ အချို့အကင်းပါးသော ကျောင်းသားများမှာ ဒေါင့်တစ်ခုတွင် အရောင်တူ ဂွေးသီးနှစ်လုံးကျကောက်ယူကာ ပြေးကြသည်။

နှစ်မိနစ်ပြည့်လေပြီ။ နောက်ထပ် အပိတ်ခရာ တစ်ချက်တွတ်လိုက်သည်။
“ရွှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”

သတ်မှတ်ထားသောနေရာသို့ သတ်မှတ်ချိန်အတွင်း ပန်းဝင်လာသူမှာ ကျောင်းအုပ်ကြီး ဦးပန်းသေ၏ မြေးကလေး မျောက်မူးလဲ ဖြစ်သည်။ ကျောင်းအုပ်ကြီးပျော်သွားသည်။ အုပ်ကြီးကတော် ဒေါ်ကွီနိုင်၏မျက်နှာမှာ ဆိုဘွယ်မရှိ။ မျောက်မူးလဲနောက်က ကပ်ပြီး ပန်းဝင်လာသူမှာ အတန်းထဲတွင် စာတော်ပြီး လူချစ်လူခင်ပေါသော ကျောင်းသားလေး မောင်ရဲဖြစ်သည်။ ကျန်ကျောင်းသားများမှာ သတ်မှတ်ချိန်အတွင်းမရောက်နိုင်ပဲ အလဲလဲ အပြိုပြိုဖြစ်နေကြသည်။ ဒိုင်လူကြီးများက စစ်ဆေးသည်။ မျောက်မူးလဲလက်ထဲတွင် စုစုပေါင်း အရောင်လေးမျိုးလုံးစုံသောရောင်ကွဲဂွေးသီးလေးခြောက်လုံးပါသည်။ ဒေါင့်လေးဒေါင့်သို့ ပြေးခဲ့ကြောင်း ထင်ရှားသည်။ သို့သော် သူ့နောက်က ကပ်ပါလာသော မောင်ရဲလက်ထဲတွင်မူ ရောင်ကွဲဂွေးသီး စုစုပေါင်း ကိုးလုံးပါသည်။ မောင်ရဲက ပါးစပ်တွင်ပါ တစ်လုံးကိုက်ပြီး ဘယ်ညာလက်နှစ်ဘက်တွင် လေးလုံးစီကိုင်ပြီးဝင်လာခြင်းဖြစ်သည်။ ထို့ကြောင့် အထက်ပါ---
(၁) သတ်မှတ်ထားသော အချိန်အတွင်းဖြစ်ရမည်၊
(၂) အရေအတွက်များရမည်၊
(၃) အရောင်စုံရမည်-ဟူသော စည်းကမ်းများအရ တစ်ယောက်ယောက်ကို ဗိုလ်စွဲစေဖို့ အခက်တွေ့နေသည်။

ကျောင်းအုပ်ကြီးက သူ့မြေးမျောက်မူးလဲကိုသာ ဗိုလ်စွဲစေလိုသဖြင့် အချိန်စောခြင်းကိုသာ အဓိကထားပြီးပြောနေသည်။ သို့သော် ဒိုင်လူကြီးများက အခြားစည်းကမ်းများလည်းရှိနေသေးကြောင်း ထောက်ပြပြီး ပူးတွဲပေးသင့်ကြောင်းအကြံပြုသောအခါ ကျောင်းအုပ်ကြီးဦးပန်းသေက အာဏာရှင်ပီပီ ပြိုင်ပွဲကို ဖျက်သိမ်းကြောင်း ကြေညာကာ ရေးဆွဲခဲ့သောစည်းကမ်းများ ရှုပ်ထွေးနေသဖြင့် ယနေ့ပြိုင်ပွဲတွင် မည့်သူ့ကိုမှ ဗိုလ်ပေးလို့ မဖြစ်နိုင်ကြောင်းပြောသည်။ ထို့ပြင် လာမည့်နှစ်တွင် အောင်အောင်မြင်မြင် ကျဉ်းပနိုင်ဖို့အတွက် ပြိုင်ပွဲဝင် စည်းကမ်းများကို ဒေါင့်ပေါင်းစုံမှ ကြည့်ရှုသုံးသပ်ကာ ပြန်လည်ရေးဆွဲရဦးမည်ဖြစ်ကြောင်း ပြောကြားလိုက်လေတော့သတည်း။

Saturday, March 13, 2010

ငရဲပြည်တော်လှန်ရေး


“ဒါ လုံးဝမတရားဘူး၊ လုံးဝမတရားဘူး” ခေါင်းတွင်ဦးချိုနှစ်ချောင်းစီပါပြီး ကျွဲမျက်နှာနှင့်တူသော ငရဲသားနှစ်ကောင် လက်ထဲတွင် ယက်ကန်ယက်ကန်ပါသွားရင်း မောင်သုတ အားရှိသမျှ ညှစ်အော်ပစ်လိုက်သည်။ တစ်နေရာရောက်သောအခါ မျက်လုံးတစ်ဖက်တည်းသာရှိပြီး အခန်းစောင့်ဖြစ်ဟန်တူသော ငရဲသားတစ်ကောင်က သူ့ခါးကြားမှ သော့ကိုဖြုတ်၍ အခန်းတံခါးဖွင့်ကာ မောင်သုတကို မှောင်မည်းနေသော အခန်းတွင်းသို့ တွန်းထည့်လိုက်သည်။ ယင်းသည့်နောက် လာပို့သော ငရဲသားများ ဘာမှမပြောပဲ လှည့်ပြန်သွားကြသည်။ အခန်းထဲတွင် မောင်သုတတစ်ယောက်တည်း မောဟိုက် ပျော့ခွေကာ ခေတ္တ ငြိမ်နေလိုက်ရသည်။ စိတ်ဆိုးသည်၊ ဒေါသဖြစ်သည်၊ ငရဲမင်းဆိုသူ၏ စီရင်ချက်ကို မကျေနပ်။ မတရားသော စီရင်ချက်ဟု မောင်သုတ မှတ်ယူသည်။

အပြင်ဘက်တွင် အလင်းရောင်ဖျော့ဖျော့ကို မြင်နေရသည်။ တံခါးဝအနားကပ်ပြီး ကြည့်လိုက်သောအခါ အခန်းသော့ဖွင့်ပေးသော မျက်လုံးတစ်ဖက်လပ်ငရဲကောင်ကို မြင်နေရသည်။ မောင်သုတ စကားပြောမည်ဟု ကြံကာ “ဗျို့” ဟု လှမ်းအော်ကြည့်သည်။ ငရဲကောင်က ဘာမှပြန်မထူး။ ငရဲရောက်လာတဲ့လူတစ်ယောက်ဆီက မတရားသိမ်းယူထားသော ဆေးပြင်းလိပ်တစ်လိပ်ကို အားရပါရရှိုက်ဖွါရင်း ခွေးခြေတစ်ခုပေါ်ထိုင်ကာ ဇိမ်ယူနေသည်။ “ဗျို့----ဗျို့----ဟို မျက်လုံးတစ်ဖက်နဲ့ အကောင်ကြီး” ဒုတိယအကြိမ် လှမ်းအော်လိုက်သောအခါ ငရဲကောင် ရှူးရှူးရှဲရှဲ ဒေါသထွက်သွားပုံရသည်။ မောင်သုတအနား ထလာကာ “ဟေ့ကောင် သေသွားချင်သလား၊ ငါ့ကို အကောင်ကြီးလို့မခေါ်ရဘူးကွာ့မှတ်ထား၊ အကိုကြီးလို့ခေါ်” ဟု ငေါက်ပြောပြောလိုက်သည်။

မောင်သုတ စိတ်လေသွားသည်။ သို့သော် သူ့နေရာမို့ သည်းခံကာ “အော်၊ ဟုတ်ကဲ့ အကိုကြီး၊ ကျွန်တော် အထာမသိလို့ပါ၊ ဒါနဲ့ အခုကျွန်တော် ရောက်နေတာ ဘယ်နေရာလဲဗျာ့” ဟု မရဲတရဲလှမ်းမေးလိုက်သည်။ “ဘယ်နေရာရမှာလဲကွာ့၊ ငရဲပေါ့”၊ စိတ်မရှည်သောလေသံဖြင့် ငရဲကောင်က ဖြေလိုက်သည်။ “အော်၊ ဟုတ်ကဲ့၊ ငရဲလို့တော့ ထင်ပါတယ်ခင်ဗျား၊ ဒါပေမဲ့ ဘာငရဲလဲ ဆိုတာ တစ်ဆိပ်လောက်ပြောပြပေးပါလား အကိုကြီး” သိချင်တာ သိရဖို့အတွက် မောင်သု မျက်နှာချိုသွေးလိုက်ရသည်။ ငရဲကောင်ခမျာ အမေးအမြန်းထူသော မောင်သုတကို စိတ်ရှည်ဟန်မတူ။ “ကျောက်ဆည်ငရဲကွ၊ ကျောက်ဆည်ငရဲ၊ ကဲသိပြီလား၊ သယ်----” ဟုပြောပြီး တစ်ဖက်လှည့်သွားလေရာ မောင်သုတခမျာ “ဗျာ------” ဟုသာ အသံထွက်နိုင်ရှာတော့သည်။

ထို့နောက်ငရဲကောင်က လက်ကြားထဲ ညှပ်ထားသော ဆေးလိပ်တိုကို ကောက်ဖွါလိုက်သည်။ သို့သော် မောင်သုလေကျောရှည်နေသဖြင့် ဆေးလိပ်တိုမှာ မီးငြိမ်းနေပြီဖြစ်ရာ ငရဲကောင် တိုး၍ ဒေါသထွက်သွားပုံရသည်၊ သူ့မျက်လုံးထဲမှ အခိုးအငွေ့များထွက်လာသည်။ ဆေးလိပ်တိုကို မျက်လုံးသို့ ထိုးကာ မီးညှိယူလိုက်သည်။ ယင်းနောက် မောင်သုတဘက် ပြန်လှည့်ကာ------

“ဟေ့ကောင် မင်းတော်တော် အမေးအမြန်းထူတဲ့ကောင်ပဲ၊ ဒီမှာ မင်းမှတ်ထားဖို့က ဒီငရဲကို ငါတို့ကျောက်ဆည်ရွာက သူကြီးရေမြင်းထောင်ထားတာကွာ့၊ အနှစ်နှစ်ဆယ်တောင်ကျော်ပြီ။ ငါတို့မရောက်ခင်တုန်းကရှိတဲ့ငရဲတွေ အားလုံးဖျက်သိမ်းလိုက်တယ်။ လောဟကုမ္ဘီလည်းမရှိတော့ဘူး၊ အ၀ီစိလည်းမရှိတော့ဘူး၊ ကျောက်ဆည်ငရဲပဲ ရှိတယ်။ အရင်ကရှိခဲ့တဲ့ ငရဲစည်းမျဉ်းစည်းကမ်းတွေကို အကုန်ဖျက်သိမ်းပြီး တစ်ခုတည်းပဲ ချန်ထားတယ်။ ငါတို့က စည်းကမ်းများရင် ငရဲကျသူတွေ များမှာစိုးလို့ လူတွေကို သနားငဲ့ညှာတဲ့အနေနဲ့ ယခင်စည်းကမ်းတွေကို မထားတော့ဘူး။ ဖာထောင်၊ ဘိန်းရောင်း၊ ချဲဒိုင်ဖွင့်၊ လာဘ်ပေးလာဘ်ယူ၊ အဲဒါတွေ အားလုံး ဒီမှာ စည်းကမ်းလုပ်မထားတော့ဘူး၊ လူထုကို ငဲ့ညှာပြီး ငါတို့မင်းကြီးက လျှော်ပစ်လိုက်ပြီ။ လက်ရှိစည်းကမ်းကတော့ “ငရဲမင်းနဲ့ သူ့အဖွဲ့သားတွေကို သောက်မြင်ကပ်အောင် လုပ်တဲ့လူမှန်သမျှ ငရဲကျစေ” ဆိုတဲ့စည်းကမ်းပဲ၊ ဒါ မြဲမြဲမှတ်ထား” ဟု ဗလုံးမထွေးပြောလိုက်လေတော့သည်။

“ဘုရား ဘုရား”၊ မောင်သုတ တိုးညှင်းစွာ ဘုရားတလိုက်မိသည်။ “ဒီအတိုင်းဆိုရင်တော့ အကုန်ဗရမ်းဗတာဖြစ်နေတော့မှာပဲ၊ မဖြစ်ချေဘူး၊ တစ်ခုခုတော့ လုပ်မှ”၊ တွေးဖြစ်သည်။ သို့သော် ငရဲကျနေရင်း ဘာလုပ်ရမည်နည်း? သူမသိ။ ထို့ကြောင့် လွတ်မြောက်ဖို့အတွက် အရင်စဉ်းစားရသည်။ ထွက်ပြေးဖို့ မစဉ်းစား။ တခြားလွတ်မြောက်နိုင်သည့်နည်းလမ်းကို တွက်ကြည့်သောအခါ သောက်မြင်ကပ်ပုဒ်မအရ ကျနေကြောင်းသိရသဖြင့် မတတ်နိုင်တော့၊ သက်ဆိုင်ရာ ငရဲမူးကို မျက်နှာလုပ်ရတော့မည်။ အပြင်ရောက်မှ စည်းရုံးလှုပ်ရှားမှု ပြုရမည်။ မောင်သုတ စိတ်တွက်တွက်နေသည်။ ထိုနေ့မှစ၍ မောင်သုတ ငရဲကောင်များနှင့် တည့်အောင်ပေါင်းယုံမက သက်ဆိုင်ရာ ငရဲမူးကြီးကိုပါ ပေး၊ ကျွေး၊ အရက်တိုက်၊ ဖာရုံပို့ လုပ်ကာ မျက်နှာလုပ်လေရာ မကြာမီသောကာလအတွင်း ငရဲချုပ်မှ လွတ်မြောက်လာလေတော့သည်။

အပြင်ရောက်သွားသော်လည်း မောင်သုတသည် ငရဲကောင်များနှင့် အပေါင်းအသင်းမပျက်နေသည်၊ ကိုယ်ပေါင်း စိတ်ခွါလုပ်၍ နေရသည်။ ငရဲကောင်များကို သူတို့အကြိုက်ဖြစ်သော အရက်ဆိုင်များ၊ ဘားခန်းများ၊ ကာရာအိုကေများသို့ ခေါ်ဆောင်ပို့ပေး အပေါင်းအသင်းလုပ်ရင်း သူ့အိုင်ဒီယာများကို တဖြေးဖြေးချင်းရိုက်သွင်းကာ စည်းရုံးသည်။ ငရဲရပ်ကွက်ထဲရှိ သက်ဆိုင်ရာ ၀န်ထမ်းများကိုလည်း အသိဝင်လာအောင် တဖြေးဖြေးလှုံ့ဆော်ယူသည်။ အစတွင် ငရဲမင်းသူကြီးရေမြင်း၏ ရက်စက်မှုကို ထိပ်လန့်ကြောက်ရွံ့နေသော်လည်း နောက်ပိုင်းတွင် ငရဲဝန်းထမ်းတွေလည်း သူကြီးရေမြင်း၏ မတရားမှုကို စက်ဆုပ်နေကြသည်ဖြစ်ရာ မောင်သုတ၏ အကြံကို လက်ခံလာကြသည်။ သို့ဖြင့် ငရဲတော်လှန်ရေး စတင်မည့်နေ့ကို သတ်မှတ်ကာ သက်ဆိုင်ရာ ငရဲဝန်ထမ်းများ၊ ငရဲရပ်ကွက်သားများအားလုံး ယင်းတို့၏ နေအိမ်အသီးသီးတွင် အနည်းဆုံးတစ်ပတ်လောက်စားသောက်နိုင်သော ကုန်စုံကုန်ခြောက်များကို ၀ယ်ယူ စုဆောင်းလေတော့သည်။

ငရဲတော်လှန်ရေး ပထမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၀)ရက်၊ ၂၀၁၀-ခု။
ထိုနေ့တွင် ငရဲဝန်ထမ်းများ အားလုံး ရုံးမတက်၊ နံနက် (၆) နာရီမှသည် ညနေ (၆)နာရီအတွင်း ငရဲရပ်ကွက်သားများအားလုံး မည်သူမှ အပြင်မထွက်။
ယင်းကြောင့် ငရဲမင်းသူကြီးရေမြင်းနှင့် သူ၏ ငရဲအရာရှိကြီးများ အားလုံး ထိပ်ထိပ်ပျာပျာဖြစ်သွားကာ မီးလျံငရဲရုပ်သံမှတစ်ဆင့် ညရှစ်နာရီသတင်းတွင် ရုံးမတက်သော ငရဲဝန်ထမ်းအားလုံး နောက်တစ်နေ့ရုံးမတက်ပါက အလုပ်ဖြုတ်မည်ဖြစ်ကြောင်း မိုက်မိုက်ကမ်းကမ်းကြေညာသည်။

ငရဲတော်လှန်ရေး ဒုတိယနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၁)ရက်၊ ၂၀၀၁။
ရှေးနေ့အတိုင်း ငရဲဝန်းထမ်းများလည်း ရုံးမတက်၊ ငရဲရပ်ကွက်သားများတစ်ယောက်မှ အပြင်မထွက်၊ ငရဲဈေးဆိုင်မှန်သမျှ ပိတ်။
ယင်းကြောင့် ငရဲမင်းသူကြီးရေမြင်း အကြီးအကျယ်စိတ်ဆိုးသည်။ အနီးရှိငရဲအရာရှိများကို သူကလွဲရင် အလွန်ကောက်ကျစ်ယုတ်မာသူများအဖြစ် ဆဲရေးသည်။ ထို့နောက် ညရောက်သောအခါ မီးလျံငရဲရုပ်သံမှတစ်ဆင့် ရုံးမတက်သော ငရဲဝန်ထမ်းများကို တကယ်အလုပ်ဖြုတ်မည်ဖြစ်ကြောင်း ကြေညာပြန်သည်။

ငရဲတော်လှန်ရေး တတိယနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၂)ရက်၊ ၂၀၀၁။
ငရဲပြည်လမ်းမပေါ်တွင်ပြေးဆွဲနေသော ကားများအားလုံး မပြေးဆွဲတော့၊ ငရဲဝန်ထမ်းများ၊ ငရဲသားများအားလုံး ကိုယ့်နေအိမ်အတွင်းသာနေကြသည်။ ဈေးဆိုင်မှန်သမျှလည်း ရှေးနေ့အတိုင်း ပိတ်ထားကြသည်။ လမ်းပေါ်တွင် ငရဲသူကြီးရေမြင်း သြဇာကို ဘုမသိဘမသိနာခံနေသော ငရဲကောင်များ မီးဒုတ်များကိုင်ကာ သွားလာနေသည်ကို တွေ့နေရသည်။ သူတို့သွားလာနေသည်မှာ ရန်သူကို ရှာသည်နှင့်မတူ၊ စားစရာဝယ်ဖို့ ထွက်လာကြပုံရသည်။ သို့သော် မည်သည့်ဆိုင်မှ မရောင်းချသဖြင့် ခဏကြာသော် မြင်ကွင်းမှ ပျောက်သွားကြသည်။ ဒီနေ့မီးလျံရုပ်သံတွင် မည်သည့်အသံမှ မကြားရတော့၊ အဘယ်ကြောင့်ဆိုသော် မီးလျံရုပ်သံဝန်ထမ်းများလည်း မည်သူမှ ရုံးမတက်ကြသောကြောင့်တည်း။


ငရဲတော်လှန်ရေး စတုတ္ထနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၃)ရက်၊ ၂၀၀၁။
ဒီနေ့တွင် ငရဲဝန်ထမ်းများအပြင်၊ အခြားပုဂ္ဂလိက ၀န်ထမ်းများပါ အလုပ်မဆင်းပဲ အိမ်တွင်းပုန်းလုပ်နေကြသည်။ ထို့ကြောင့် ငရဲမင်းလုပ်ငန်းများအပြင်၊ ပုဂ္ဂလိက လုပ်ငန်းများပါ အားလုံးရပ်ဆိုင်းသွားရသည်။ ငရဲပြည်ယန္တယားကြီးတစ်ခုလုံးရပ်ဆိုင်းသွားသည်။


ငရဲတော်လှန်ရေး ပဉ္စမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၄)ရက်၊ ၂၀၀၁။
ငရဲအစိုးရ၀န်ထမ်းများ၊ ပုဂ္ဂလိက၀န်ထမ်းများ အပြင် ငရဲကောင်များပါ အပြင်မထွက်ကြတော့။ ငရဲကောင်များ အပြင်မထွက်သည်မှာ အပြင်ဘက်တွင် မည်သည့်အရာမျှ မရနိုင်သောကြောင့်ဟု သိရသည်။


ငရဲတော်လှန်ရေး ဆဋ္ဌမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၅)ရက်၊ ၂၀၀၁။
ငရဲမင်းသူကြီးရေမြင်းကို ဖြုတ်ချလိုက်ပြီး ဒီမိုကရေစီစနစ်ဖြင့် ငရဲအုပ်ချုပ်ရေးအဖွဲ့ ရွေးချယ်မည်ဖြစ်ကြောင်း မီးတောင်ရေဒီယိုမှ အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ဗိုလ်ကြပ်ခေါင်က ကြေညာပြီး၊ မီးလျံရုပ်သံက ၀န်ထမ်းများကို ပုံမှန်အတိုင်းရုံးပြန်တက်ဖို့ တောင်းပန်လိုက်သည်။ ထို့ပြင် သောက်မြင်ကပ်ပုဒ်မဖြင့် ငရဲကျနေသော ငရဲသားအားလုံးကိုလည်း လွှတ်ပေးလိုက်သည်။ ရေဒီယိုနားထောင်သော ငရဲဝန်ထမ်းများ၊ ငရဲရပ်ကွက်သားများအားလုံး ပျော်ရွှင်ကြသည်။


ငရဲတော်လှန်ရေး သတ္တမနေ့။
ငရဲပျက်ကိန်းဒိန်အရ အောင့်ရှည်ကြာလ (၁၆)ရက်၊ ၂၀၀၁။
နံနက်ခင်းတွင် ငရဲဝန်ထမ်းများ ရုံးမတက်ကြပဲ ငရဲရပ်ကွက်သားများနှင့်ပေါင်းကာ လမ်းမပေါ်ထွက်ပြီး ငရဲထောင်မှထွက်လာသူများကို ကြိုဆိုကြသည်၊ ယာယီဒီမိုကရေစီအုပ်ချုပ်ရေးအဖွဲ့ ချက်ချင်းဖွဲ့ပေးဖို့တောင်းဆိုသည်။ ငရဲမင်းပြုတ်သူကြီးရေမြင်းနှင့် သူ့နောက်လိုက်အချို့ကို အရေးယူပေးဖို့ပါ တောင်းဆိုသည်။ ညရှစ်နာရီ မီးလျံရုပ်သံတွင် အာဏာသိမ်းခေါင်းဆောင်ဗိုလ်ကြပ်ခေါင်က တရားသဖြင့်တောင်းဆိုမှုမှန်သမျှကို အမြန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အာမခံကာ ဒီနေ့မှသည် နောက်လာမည့် သုံးလအတွင်း လွတ်လပ်ပြီးတရားမျှတသော ငရဲဒီမိုကရေစီအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပေးမည်ဖြစ်ကြောင် ငရဲကမ္ဘာတစ်ခုလုံးသို့ ကတိပေးကြေညာလိုက်သောအခါ----

မောင်သုတခမျာ ၀မ်းသာလွန်းအားကြီးသဖြင့် “ဟေး-----------” ကနဲ အသံကျယ်ကြီးဖြင့် အော်လိုက်ရာ အနားအိပ်ပျော်နေသော ဇနီးချောလေး ခင်သုဝေပင် လန့်၍ နိုးထကာ “အကို ဘာဖြစ်တာလဲ ဟင်” ဟုမေးလိုက်ရလေတော့သတည်း။

Thursday, March 4, 2010

အောင် ဇေယျတု


ဘလော့ဂါ အစုံစေ့၊ လည်မှုနှင့် နေကုန်
နင် ယခုဖြစ်ပုံကို၊ လှစ်မယ်ယုံ အဆန်း
စာမေးပွဲနီးတဲ့အခါ၊ မောရမှာ ဖြစ်တော့မခန်း
စာမေးပွဲဖြေတဲ့အခါ၊ ခေါင်းမဖေါ်စတမ်း
နောက်တစ်ခါ ထပ်ဖြေရမည့်အဖြစ်၊ နင်မျှော်စမ်း နင့်ကို
အချိန်ရယ် ရပါလျက်ကယ်နှင့်၊ နင့်အပျင်း ပိုထက်သာပို
ဒီပျင်းတဲ့ အကျင့်တွေကို၊ အခုပင် ရှောင်ခွါလို့
နောင်အခါ အောင်ဖို့ကြံလျှင်၊ အောင်ရမည်ပင်
အောင်ဖို့အတွက် နင်ပြင်ဆင်၊ အောင်လိမ့်မည်မလွဲပေမို့
အောင်တိတ်နဲ့ အောင်နိမိတ်ဆောင်မယ်
အောင်ထိပ်ခေါင် ဗိုလ်မင်းပါဗျာ့လေး။



Monday, March 1, 2010

မြန်မာပြည် ဘုရားကြွခဲ့သလား?


မူလတန်းကျောင်းဆရာလေး ကိုသောကြာတစ်ယောက် ရွာဦးကျောင်းထိပ်ရှိ ဘုရားကုန်းတော်ပေါ်သို့ ရောက်သွားချိန်မှာ ညနေ လေးနာရီထိုးပြီးခါစဖြစ်သည်။ အရှေ့ကျွန်းမှ ထွက်လာသော နေမင်းသည်ပင် တစ်နေ့တာ တာဝန်ပြီးလုပြီမို့ အနောက်ဂေါယာသို့ ယွန်းလုလုအချိန်။ သို့သော်လည်း နေ့တာရှည်ယာသီစက်မို့ နေရောင်မှာ တောင်ပကောင်းတုန်းပင်ရှိသေးသည်။ ကုန်းတော်ပေါ်သို့ရောက်သွားချိန်တွင် အဘိုးနှစ်ယောက် စကားတပြောပြောနှင့် တံမျက်လှည်းရင်း ဘုရားပရိဝုဏ်အတွင်း သန့်ရှင်းရေး လုပ်နေကြသည်ကို ကြည်နူးဖွယ် တွေ့လိုက်ရသည်။ ကိုသောကြာ ၀မ်းသာသွားသည်။

သောကြာ။ ။အဘိုးတို့ နေကောင်းကြလား?

ဦးရှင်။ ။ကောင်းတာပေါ့ မြေးလေးရ၊ ကောင်းလို့ပဲ ဒီလာပြီး ဘုရားဝေယာဝေစ္စတွေ လုပ်နေနိုင်တာပေါ့။

ဦးတင်။ ။ဒါနဲ့ မောင်သောကြာရေ၊ မနေ့က မင်းအမေ အညာဘုရားဖူးရာက ပြန်လာဆိုကွာ့၊ အဘိုးတို့အတွက် ပုန်းရည်ကြီးလေး ပဲလှော်လေးများ ပါဘူးလားကွာ့?

သောကြာ။ ။ပါ ပါပြီကော အဘိုးရာ၊ အဲဒါလာပို့ရင်း အခုလာခဲ့တာပဲလေ။ ဆရာတော်ကျောင်းအတွက်လည်း လှူခိုင်းလိုက်တယ်။ အမေကတောင် မှာလိုက်သေးတယ်။ အမေပြုခဲ့တဲ့ ကောင်းမှုမှန်သမျှ အဘိုးတို့ကိုလည်း ပေးဝေကြောင်း ပြောလိုက်ပါတဲ့။

ဦးရှင်။ ။သာဓုပါဗျာ၊ သာဓုပါ သာဓုပါ။ ကောင်းမှုကုသိုလ်ဆိုတာ ကိုယ်တိုင်ပြုပြီးရင် သူများကိုလည်း ပေးဝေရတယ်ကွဲ့၊ အဲဒါမှ ပိုပြီး အကျိုးကြီးတာကလား။

ဦးတင်။ ။နေပါဦးမောင်သောကြာရဲ့၊ မောင်ရင့်အမေက အညာတစ်ခွင် ဘယ်ဘုရားတွေများဖူးခဲ့တာလဲ၊ ပြောစမ်းပါဦး။

သောကြာ။ ။အစုံပေါ့၊ အဘိုးရ၊ ပုဂံ၊ ပုပ္ပါး၊ မန္တလေး၊ စစ်ကိုင်း၊ ဟိုးမကွေးက ရွှေစက်တော်တောင် ပါသေးတယ်။

ဦးရှင်။ ။ဟာ့ ရွှေစက်တော်ဆိုလို၊ ငါ့စိတ်ထဲ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သိချင်နေတာလေးတွေရှိတယ်ကွာ့၊ မောင်တင်ရ အဲဒီရွှေစက်တော်အကြောင်း မင်းသိသလောက် ပြောစမ်းပါဦး။

ဦးတင်။ ။ဟာဗျာ၊ အကိုကြီးကလည်း၊ ရွှေစက်တော်အကြောင်း ကျုပ်က ဘာများသူများထက် ပိုသိနေရဦးမှာတုန်း၊ အများသူငါ မှတ်ထားသလို ခရစ်မပေါ်မီ ဘီစီ ခြောက်ရာစုလောက်က မြန်မာပြည်ကို ဘုရားကြွလာတယ်၊ နောက်ပါ ရဟန္တာငါးရာနဲ့အတူ ကျောင်းတော်ရာမှာ သီတင်းသုံးတယ်၊ အဲဒီနောက် နမ္မဒါမြစ်ထဲက နဂါးတောင်းပန်လို့ မြစ်ကမ်းပါးမှာ အောက်ခြေတော်ရာနဲ့၊ တောင်ထိပ်က သစ္စဗန္ဓရဟန်းတော်တောင်းပန်လို့ အထက်ခြေတော်ရာဆိုပြီး ခြေတော်ရာနှစ်ဆူ ချန်ရစ်ခဲ့တယ်။ အဲဒါပဲသိတာပေါ့ဗျာ့။

ဦးရှင်။ ။အဲဒါတော့ ငါလည်း သိပြီးပါပေါ့ ညီမောင်ရ။ ငါသိချင်တာက ဘုရားတကယ်ကြွလာလို့လား? ဘုရားတကယ်ကြွလာတယ်ဆိုတဲ့အကြောင်း စာပေအထောက်အထား ရှိလို့လား? အဲဒါသိချင်တာ။

ဦးတင်။ ။အဲဒါတော့ ကျုပ်လည်း သိဘူးဗျို့။ ဒါပေမဲ့ စာပေမှတ်တမ်းတွေအရပြောရရင်တော့၊ နှစ်ခုစလုံးဖြစ်နိုင်နေတာပဲ။

ဦးရှင်။ ။အဲလိုတော့ ၀ါးမချနဲ့လေ။ ကြွရင်ကြွတယ်၊ မကြွရင် မကြွဘူးပေါ့။ ဘာဖြစ်လို့ နှစ်ခုစလုံးဖြစ်နိုင်ရမှာတုန်း။

ဦးတင်။ ။အော်---ဖြစ်နိုင်တယ်ဆိုတာ ကြွတယ်၊ မကြွဘူးဆိုတာကို ပြောတာမဟုတ်ဘူးလေ။ ကြွတဲ့ဘက်မှာလည်း ပါးစပ်ရာဇ၀င်တွေ အထောက်အထားတွေ ရှိသလို၊ မကြွတဲ့ဘက်မှာလည်း အကြောင်းပြချက်တွေ ရှိနေတာပဲ။ သေချာတာကတော့ ဘယ်သူမှ တိတိကျကျမသိဘူး။ ကြည်ညိုတဲ့စိတ်နဲ့၊ ဒါမှမဟုတ် ဝေဘန်လိုတဲ့စိတ်နဲ့ အငြင်းအခုံဖြစ်နေကြတာ မဟုတ်လား?

ဦးရှင်။ ။အငြင်းအခုံလို့ ပြောချင်လည်း ပြောပေါ့လေ၊ ဒါနဲ့ စာပေအထောက်အထားတွေ ပါးစပ်ရာဇ၀င်တွေဆိုတာတွေက ဘာတွေတဲ့တုန်း၊ ပြောစမ်းပါဦး။


ဦးတင်။ ။ပါးစပ်ရာဇင်တွေကတော့ မြန်မာမှာတင်မဟုတ်၊ ကျုပ်တို့ ထေရ၀ါဒနိုင်ငံတွေမှာရော၊ ဟိုး မဟာယာနနိုင်ငံတွေမှာပါ ရှိနေတာပဲ။ကျုပ်အထင်ပြောရရင် ထေရ၀ါဒဖြစ်ဖြစ်၊ မဟာယာနဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေမှာ သူတို့နိုင်ငံကို ဘုရားကြွခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီတော့ အနည်းဆုံးရှိနေတာပဲ။ ဘုရားက ကျုပ်တို့တိုင်းပြည်တင်မကဘူး၊ တိဘက်ရော၊ ထိုင်းရော၊ လာအိုရော၊ သီရိလင်္ကာရော အကုန်ရောက်တယ်ဗျား။ သီရိလင်္ကာဆို သုံးခေါက်တောင် ကြွတယ်လို့ သူတို့သမိုင်းတွေက ရေးထားသေးဗျား။

ဦးရှင်။ ။ဟုတ်လား? ကျုပ်မှတ်ထားဖူးတာတော့ ဘုရားက ယူဇနာ (၉၀၀) ရာအတွင်းပဲ ကြွတယ်၊ အဲဒီအပြင်ဘက် မထွက်ဘူးလို့ မှတ်ထားဖူးတယ်။ မင်းပြောတဲ့ ဒဏ္ဍာရီတွေ အရဆိုရင် ယူဇနာကိုးရာအတွင်း ဘယ်ကမလဲ။

ဦးတင်။ ။အဲဒီယူဇနာကိုးရာပြဿနာကတော့ တော်တော်ကြီးတယ်ဗျို့၊ ကြီးပုံကြီးနည်းက ကျုပ်သိသလောက် ပြောရရင် နှစ်မျိုးရှိတယ်။ တစ်က အတိုင်းအတာအရလည်း ပြဿနာဖြစ်နေသလို၊ နှစ်က ဘုရားရှင်ရဲ့ မဟာကရုဏာတော်အရလည်း ပြဿနာပဲ။

ဦးရှင်။ ။မင်းပြောတော့ စိတ်ဝင်စားစရာပါလားဟာ့၊ ဘာတဲ့တုန်း လင်းစမ်းပါဦး။

ဦးတင်။ ။ ဒီလိုလေ အကိုကြီးရ၊ ယူဇနာဆိုတဲ့ အသုံးအနှုံးရဲ့ အတိုင်းအတာပေါ့။ ၀ါဒတွေ အနည်းဆုံး သုံးမျိုးလောက် ကွဲလွဲနေတယ်။ တစ်ယူဇနာရဲ့ အတိုင်းအတာကို အချို့က ၁၂-မိုင်၊ အချို့က ၈-မိုင်၊ အချို့က ၇-မိုင် တဲ့။ အဲဒါမခက်ဘူးလား?၊ အနောက်တိုင်းက ဗုဒ္ဓစာပေဆိုင်ရာ ပါရဂူကြီးတွေကတော့ တစ်ယူဇနာကို ၇-မိုင်နဲ့ လက်ခံထားကြတယ်။

ဦးရှင်။ ။အင်း၊ အဲဒါတော့ ငါလည်း ဘ၀င်မကျတဲ့ ကိစ္စပဲ။ ဒါပေမဲ့ ဟိုးနှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်မှာ သုံးခဲ့တဲ့ အတိုင်းအတာဆိုင်ရာ အသုံးအနူံးတစ်ခုကို ဒီခေတ်အမြင်နဲ့ တွက်ကြည့်ရင်တော့ ကွဲလွဲချက်က အနည်းအများဆိုသလို ရှိနေမှာပါပဲ။ တစ်ယူဇနာကို ၁၂-မိုင်နှုံးနဲ့ တွက်ရင်တောင် ယူဇနာကိုးရာဆိုတော့ မိုင်ပေါင်း တစ်သောင်းရှစ်ရာပဲရှိသေးတယ်။ ဘုရားရှင်က အဲဒီအတွင်းပဲ နေတယ် လို့ဆိုလိုရာ ရောက်နေတာပေါ့။

ဦးတင်။ ။ဒါပေါ့ အကိုကြီးရ၊ ကျုပ်ကတော့ အဲဒီကိစ္စကို နည်းနည်းမှ ဘ၀င်မကျဘူး။ ကြည့်လေဗျာ “ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ” သတ္တ၀ါ အားလုံး ကောင်းစားဖို့ ဘုရားပွင့်လာတာ ဖြစ်တယ် လို့လည်း ဆိုသေးရဲ့။ ဒီယူဇနာကိုးရာအတွင်းပဲ ဘုရားနေတယ်၊ အပြင်ဘက်မထွက်ဘူးဆိုတော့ အဓိပ္ပါယ်က ယူဇနာကိုးရာ အပြင်ဘက်က သက်ရှိတွေကို သတ္တ၀ါစာရင်း မသွင်းတဲ့ သဘော မသက်ရောက်ဘူးလား၊ ဒီထက် ပိုပြောရရင် လူရာမသွင်းတဲ့ ကိစ္စပေါ့ဗျာ့။ ဘုရားရှင်သက်တော်ထင်ရှားရှိတဲ့အခိုက်မှာ တရားသိနိုင်တဲ့လူတွေ မြန်မာပြည်မှာ မရှိလို့ဆိုတဲ့ အကြောင်းမျိုးတော့ လာမပြနဲ့၊ သမိုင်းကြောင်းအရ ဘုရားရှင်မရှိတဲ့နောက် သာသနာရောက်လာပြီးနောက်ပိုင်းမှာကိုပဲ တရားကျင့်လို့ ရဟန္တာဖြစ်သွားတယ်ဆိုတဲ့ အထောက်အထားတွေ မြန်မာစာပေမှာ အများကြီးရှိနေတာပဲ။

ဦးရှင်။ ။အင်း ဟုတ်တယ်ကွာ့၊ အဲဒီလိုတွေးကြည့်တော့လည်း ရှေ့နောက် တော်တော်မညီတဲ့ ကိစ္စပဲ။ ဒါနဲ့ မင့်သဘောက ဘယ်လို ရှိလဲ၊ ပြောပါဦး?

ဦးတင်။ ။ယူဇနာကိုးရာအတွင်း ဘာညာဆိုတဲ့ စကားတွေက ဘုရားပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်လောက်ကြာမှ ပေါ်လာတဲ့ စကားတွေဗျာ့၊ အဲဒီအဆိုမျိုးတွေ အဖွင့်ကျမ်းတွေကို ကြည့်ရင် နေရာတော်တော်များများမှာ တွေ့နိုင်တယ်။ အဖွင့်ကျမ်းတွေကို ဝေဘန်ရလောက်အောင် ကျုပ် ဉာဏ်မမီပါဘူး၊ ဒါပေမဲ့ ဒီကိစ္စကိုတော့ လက်မခံနိုင်တာ အမှန်ပဲ။ ဒါ နောက်ပေါ် အင်ဒိယသားတွေက ဘုရားကို သူတို့ပိုင် မနိုပိုလီ လုပ်ချင်တဲ့ သဘောပဲလို့ ကျုပ်ယူဆတယ်။ ဒီထက်ပိုပြောရရင် သူတို့နိုင်ငံအပြင်ဘက်က လူတွေကို လူရာမသွင်းချင်တဲ့ သဘောလို့ ကျုပ်တော့ မြင်တယ်ဗျား။

ဦးရှင်။ ။ဟာ့ ပြင်းထန်လှပါလား၊ နည်းနည်း လျှော့ပါဦး ညီလေးရ၊ တော်ကြာ ရွာဦးကျောင်းဆရာတော်ရဲ့ လေးခွစာမိနေပါဦးမယ်။

ဦးတင်။ ။လျှော့လို့မရဘူး အကိုကြီး၊ ဒီကိစ္စတော့ ဘယ်သူနဲ့ ပြောရပြောရ ကျုပ်ကတော့ ဘုရားရှင်ရဲ့ မဟာကရုဏာတော်ဘက်က ရပ်တည်ရမှာပဲ။

ဦးရှင်။ ။ဘယ်လိုရပ်တည်မှာတုန်း ပြောစမ်းပါဦး၊ ငါတော့ ဒီကိစ္စ အခုမှလေးနက်မှန်း သဘောပေါက်တယ်။ မင့်မှာလည်း အထောက်အထားတော့ ရှိပုံရတယ်။

ဦးတင်။ ။အထောက်အထားရယ်တော့ ဘယ်ဟုတ်ပါ့မလဲဗျာ၊ ဒါပေမဲ့ ယုတ္တိကို စဉ်းစားကြည့်ရတာပေါ့။ သတ္တ၀ါများကောင်းစားဖို့ ဘုရားပွင့်လာတာကို လက်ခံရင် ဘုရားကို ယူဇနာကိုးရာအတွင်း သိမ်းထားလို့ ဘယ်ဖြစ်ပါ့မလဲ၊ အပြင်ပေးထွက်ရမှာပေါ့။ အဲဒီကုလားဆိုတဲ့ လူမျိုးက အတ္တအဆန်ပြိုင်ရင် ဘယ်သူနဲ့ ပြိုင်ပြိုင် အနိုင်ပြိုင်မည့် လူစားမျိုးတွေ၊ စာပေတွေက သူတို့ဆီက ဖြစ်လာတာဆိုတော့ သူတို့ရေးချင်သလို ရေးတာလည်း မနည်းဘူးနေမှာ။

ဦးရှင်။ ။ဟာ့ ဟာ့၊ မင့်ပြောတာ နည်းနည်းတော့ ပြင်းထန်နေတယ်ကွာ့၊ တော်ကြာ ဂိုဏ်းခိုက်နေပါဦးမယ် ညီလေးရ။

ဦးတင်။ ။ခိုက်စရာမရှိပါဘူးဗျာ၊ ကျုပ်က အမှန်ကို ပြောနေတာပဲဟာ၊ အကိုကြီးပဲ စဉ်းစားကြည့်လေ၊ ယူဇနာကိုးရာ အပြင်မထွက်ဘူးဆိုရင် ဘာဖြစ်လို့ နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကျတော့ ကြွတယ်လို့ ဆိုသလဲ? အဲဒါတွေက ယူဇနာ ကိုးရာအတွင်း မို့လို့လား? အဲဒီရှေ့နောက် မညီတဲ့ စကားတွေကြောင့် ခေတ်ပညာရှင်တွေ၊ အထူးသဖြင့် အနောက်တိုင်းက လူတွေရဲ့ ဝေဘန်အပြစ်တင်စရာဖြစ်နေတာ။

ဦးရှင်။ ။ခေတ်ကာလ ဒီလောက်ကြာလာတော့လည်း ချို့ယွင်းချက်တွေက ရှိကောင်း ရှိနေမှာပေါ့လေ၊ မင်းပြောတာတွေလည်း ယုတ္တိသဘောအရ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီယူဇနာကိုးရာပြဿနာကိုလည်း အဖွင့်ကျမ်းရေးတဲ့ ဆရာတွေက အလွတ်ရေးတာတော့ မဟုတ်လောက်ပါဘူး၊ အထောက်အထားနဲ့ ရေးတာနေမှာပေါ့ မောင်ရင်ရ။

ဦးတင်။ ။အဲဒီအထောက်အထားတွေကိုက ရှေ့နောက် မညီတာ အကိုကြီးရေ့၊ ဘုရားစာတွေကို ဖတ်လိုက်၊ အထူးသဖြင့် သုတ္တန်တွေကို ဖတ်ကြည့်ရင် ဘာနဲ့ စလည်း၊ “ဧ၀ံ မေ သုတံ” နဲ့ စတာပဲ မဟုတ်လား၊ အဲဒီစကားကို အရှင်အာနန္ဒာက ပထမသင်္ဂါယနာတင်ချိန်မှာ ဘုရားရှင်ဆီက သူဒီလို မှတ်သားခဲ့ဖူးပါတယ် လို့ ဆိုလိုတာမဟုတ်လား။

ဦးရှင်။ ။ ဟုတ်တယ်လေ၊ သူက ဘုရားရှင်ရဲ့ အနီးနေအလုပ်အကျွေးတစ်ပါးပဲ။ နောက်ပြီး ဘုရားဟောသမျှတွေကို အကုန်မှတ်မိနိုင်တဲ့ ဉာဏ်မျိုးလည်း သူ့မှာရှိတယ်လို့ ဆိုတယ်မဟုတ်လား။

ဦးတင်။ ။ အဲဒါတော့ ကျုပ်မငြင်းပါဘူး၊ ဒါပေမဲ့ သူဘယ်အချိန်မှာ ဘုရားရှင်ရဲ့ အမြဲနေအလုပ်အကျွေးဖြစ်လာသလဲ ကြည့်လိုက်၊ ဘုရားရှင်ဝါတော်နှစ်ဆယ်ရောက်မှ ဖြစ်လာတာ မဟုတ်လား၊ ဒီတော့ ၀ါတော် နှစ်ဆယ်ရဲ့အရင်တုန်းက ဟောထားခဲ့တဲ့တရားတွေကို ဘုရားရှင်က အကုန်လုံး မချွင်းမချန် သူ့ကို ပြန်ဟောခဲ့တယ်လို့ ဘယ်ဆိုနိုင်မလဲ၊ နောက်ပြီး အရှင်အာနန္ဒာတောင်းတဲ့ ပယ်ဆုလေးမျိုးနဲ့ ယူဆုလေးမျိုးကို ကြည့်လိုက်မယ်ဆိုရင်လည်း ယူဆုလေးမျိုးထဲမှာ အရှင်အာနန္ဒာက “သူမပါပဲ တစ်နေရာရာမှာ တရားဟောရင် အဲဒီတရားကို သူ့ကို ပြန်ဟောပေးရမယ်”လို့ပဲ ပါတယ်။ အဲဒီစကားကိုလည်း အနာဂတ်ကာလနဲ့ လျှောက်ခဲ့တာပဲ၊ အရင်က ဟာတွေ မပါဘူး။ အရင်တုန်းက ဟောခဲ့တဲ့တရားတွေ အကုန်လုံးသူ့ကို ပြန်ဟောရပေးရမယ်လို့ မပါဘူး။ ဒီတော့ ၀ါတော်နှစ်ဆယ်အရင်တုန်းကနဲ့ ဘုရားဖြစ်စမှာ ဟိုဟိုဒီဒီကြွခဲ့တာတွေ အမြောက်အများရှိနိုင်ပေမဲ့ မှတ်တမ်းမကျန်တာတွေ၊ သစ္စာလေးပါးကို သိဖို့ကိစ္စမှာ အရေးမကြီးလှတာတွေကြောင့် ပြန်မပြောပဲ ထားတာလည်း အများကြီးရှိမှာပေါ့ဗျား။

ဦးရှင်။ ။အေးကွာ၊ မင်းပြောမှ ငါလည်း တရေးရေး သဘောပေါက်လာတယ်၊ ဒါဆို ငါတို့တိုင်းပြည်ကို ဘုရားကြွတယ်လို့ လက်ခံရတော့မှာပေါ့နော်။

ဦးတင်။ ။လက်ခံဖို့ ပြောနေတာမဟုတ်ပါဘူး။ လက်ခံဖို့ လက်မခံဖို့က အရေးမကြီးပါဘူး။ အရေးကြီးတာက ဘုရားရှင်ဟာ သတ္တ၀ါအားလုံးအပေါ်မှာ သနားစိတ်ကြီးတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်ပါလျှက်နဲ့ နောက်ပေါ်အဖွင့်ကျမ်းတွေက သူတို့ အင်ဒိယပြည်ရဲ့အပြင်မထွက်ဘူးဆိုပြီးရေးထားတာကို မကြိုက်တာပါ။ ဘုရားရှင်ကိုယ်တော်တိုင်ပဲ မဟာပရိနိဗ္ဗာန်မပြုခင်မှာ အရှင်အာနန္ဒာကို ဟောခဲ့သေးတာပဲ။ ပရိသတ် (၈)မျိုးကို ဟောရင်းနဲ့ပေါ့။ ဘာတဲ့ “မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရသေ့၊ စတုမဟာရာဇ်၊ တာဝတိံသာ၊ မာနတ် နဲ့ ဗြဟ္မာပရိသတ်အမျိုးမျိုးတို့ဆီ အကြိမ်ကြိမ်ကြွပြီးတော့ သူတို့နဲ့ တရားစကားဆွေးနွေးခဲ့ဘူးတယ်” တဲ့၊ နောက်ပြီး “အဲဒီပရိသတ်တွေက ဘုရားကို ဘုရားမှန်းဘယ်သူမှ မသိကြဘူး” တဲ့။ အဲဒီစကားတွေကိုထောက်ရင် ဘုရားယူဇနာကိုးရာအတွင်းပဲ နေတယ်ဆိုတာ ဘယ်ဖြစ်နိုင်မလဲ၊ ဒါ့အပြင် အဖွင့်ကျမ်းမှာလည်း ရေးထားသေးတယ်။ အဲဒီပရိသတ်ဆိုတာ တစ်ခြားစကြာဝဠာက ဟာတွေကိုပါ ပြောတာ တဲ့။ အကိုကြီးပဲ စဉ်းစားကြည့်လေ၊ တစ်ခြားစကြာဝဠာကိုတော့ ကြွပြီးတော့ အနီးအပါးက မြန်မာပြည်လောက်ကို မကြွဘူးဆိုတဲ့ စကားက ယုတ္တိမဲ့ရာ မကျလွန်းဘူးလား။ ဒီခေတ်မှာဆို မြန်မာပြည်ကနေ အင်ဒိယကို ခြေကျင်တောင် သွားနေကြတာ၊ ဘုရားလိုတန်းခိုးကြီးတဲ့ ပုဂ္ဂိုလ်မျိုးက ဒီလောက်အနာဂတ်မှာ သာသနာထွန်းကားမည့် တိုင်းပြည်ကို မကြွဘူးဆိုတာ ဘယ်နည်းနဲ့မှာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျုပ်တော့ အဲဒီယူဇနာကိုးရာကိစ္စကို နည်းနည်းမှ လက်မခံနိုင်ဘူး။

ဦးရှင်။ ။အေးကွာ၊ မင်းပြောတော့ ငါလည်း ကြွတဲ့ဘက်က ရပ်တည်ရတော့မပေါ့။ ဒါဆို ရွှေစက်တော်က ခြေတော်ရာတွေဆိုတာ အစစ်အမှန်တွေလို့ လက်ခံရမှာပေါ့။ နောက်ပြီး ကျောင်းတော်ရာနေရာလည်း အစစ်လို့မှတ်လိုက်မယ်။ ခက်နေတာက ခြေတော်ရာ အတိုင်းအတာပဲ။ ခြေတော်ရာက တော်တော်ကြီးတယ်ကွာ့။ ပကတိလူ့သားတွေရဲ့ ခြေရာထက် အဆပေါင်းများစွာကြီးတယ်လို့ ငါထင်တယ်။ အဲဒါမင်း ဘယ်လိုမြင်လဲ?

ဦးတင်။ ။အဲဒါတော့ နောက်တစ်ခါ ကြုံမှ ဆွေးနွေးရအောင်ဗျာ၊ အခုဗိုက်ဆာပြီ။ အိမ်ပြန်ကြစို့၊ မောင်သောကြာယူလာတဲ့ ပုဂံက ပုံးရည်ကြီးကို ပုဇွန်ခြောက်များများ၊ ကြက်သွန်ဖြူနိုင်နိုင်၊ ဆီအိုင်အိုင်ဆန်းပြီး ညစာထမင်း ကောင်းကောင်းသွားလွှေးလိုက်ဦးမယ်။