Tuesday, October 12, 2010

ထောင်သင်းမှူးရေလား

မင်းသမန္တရာဇာရေးသော ရေလားများအပြီးတွင် ဆက်လက်၍ ထောင်သင်းမှူး၏ ရေလားများကို တင်ပြရန်ကျန်ရှိသေးသည်။ ထောင်သင်းမှူးဆိုသည်မှာ အခြားမဟုတ်၊ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်၏ နန်းတွင်းစာဆိုအမတ်ကြီးတစ်ဦးဖြစ်သော ပထမန၀ဒေးကြီးပင်ဖြစ်သည်။ န၀ဒေးကြီး၏တောလားများတွင်း ၎င်း၏အတ္ထုပ္ပတ္တိအကျဉ်းကို တင်ပြပြီးဖြစ်သည်။ ရတုစာဆိုပါရဂူကြီးဖြစ်သော န၀ဒေးကြီးသည် ယင်းသက်တမ်းတောက်လျောက် ရတုပေါင်း(၃၀၀)ကျော်မျှ ရေးသားခဲ့ကြောင်းသိရသည်။ ယင်းသုံးရာကျော်သော ရတုများတွင် အောက်ပါ ရေလား ငါးပုဒ်လည်း ပါဝင်မည်ဟု ယူဆရသည်။ ဖတ်ရှုကြလေ။

---------------------------------------

(၁) မြစ်ရတုလျှင်၊ ပျော်မှုသာလွန်း၊ မာဃဆန်းက၊ ကိုင်းကျွန်းနုသစ်၊ ပုရစ်မထ၊ မပြလွန်းသေး၊ ရွှေရည်ပြေးက၊ စဲကွေးသီတာ၊ သို့သောခါမူ၊ လဲဝါပွင့်ရွှေ၊ ၀န်းသည့်လေနှင့်၊ ဆောင်းနွေရောယှက်၊ ပြန်ကဖက်တည့်၊ ကျေးငှက်တွန်ထူး၊ ဖော်ပြိုင်မြူးက၊ ငုံဖူးပင်ကိုင်း၊ မြစ်တိုင်းကမ်းနား၊ စုံတောဖျားဝယ်၊ နဂါးသစ်ဆင်၊ မြီးမှင်အနန်း၊ လောင်းပန်းသဇင်၊ ဂမုန်းအင်ကို၊ သဇင်ချိန်သင့်၊ ပန်သူလင့်သို့၊ ပွင့်အံ့ပြိုင်တူ၊ ငံ့သောဟူ၏၊ လူသို့သော်ကား၊ သနားဘွယ်ပေ၊ ကြာ့နှယ်ခွေလိမ့်၊ ဝေသည်နှစ်သို့၊ ငှက်တို့ဘာသာ၊ မင်္ဂလာဟု၊ ညီညာစုဝေး၊ ထိမ်းမြားပေးက၊ ပဲထွေးဝံလို၊ တုအံ့ဆိုလျက်၊ ၀ံဖိုကားဖောင်၊ ယင်ဘောင်ကားလှေ၊ လှော်သောထွေသို့၊ နှစ်ဆွေမကွာ၊ ဟင်္သာမျိုးရင်း၊ နောင်နောင်ချင်း၍၊ သောင်ဒင်းပတ်သည်၊ တင်ကျီးစည်နှင့်၊ နှုတ်မြည်တီးဆော်၊ စင်ယော်နှဲသာ၊ ခရာမှုတ်ဟန်၊ တိရစ္ဆာန်တို့၊ သဏ္ဌာန်မတူ၊ မြည်ကူရင့်ကြွေး၊ တအေးအေးနှင့်၊ ဟီးလေးထူးခေါ်၊ ရေကြက်ဆော်၍၊ ရွှင်ပျော်စအီ၊ လူလျှင်သီသို့၊ မညီစတောင်း၊ လွေ့ကာဆောင်းနှင့်၊ ဥဒေါင်းလက်သစ်၊ ငဟစ်ဆော်နှိုး၊ ပြည်စိုးသီချင်း၊ တညှင်းညှင်းတည့်၊ စောင်းညှင်းပျော်ပွဲ၊ တသဲသဲဝယ်၊ ၀မ်းဘဲရယ်ယောင်၊ ငှက်ဖိုးခေါင်လျင်၊ လူယောင်ရည်တူ၊ ကျူးလမူကား၊ သည်းအူညွတ်ပျောင်း၊ မလွမ်းတောင်းတည့်၊ ငှက်ပေါင်းဖြင်မျှ၊ ပျော်မြူးကြသည်။ ။လလည်းလသစ် ၀ယ်တကား။

(ဒု) နှစ်တစ်ခုလျှင်၊ ရတုဂိန်မှာန်၊ နေဗိမာန်ထက်၊ တောင်ပြန်လေရူး၊ ငါးကြင်းမြူးက၊ ငုံဖူးညောင်းရင့်၊ သစ်တင့်ပန်းသား၊ ပွင့်သည်များထက်၊ ရွှေသားနီမြန်း၊ ရဟန်းနှင့်ဆင်၊ မာတင်ပေါက်ကြီး၊ တည်တစီးနှင့်၊ ရှမ်းကြီးဦးထုပ်၊ တရုပ်မြင်းက၊ ကျေးသူဝနှင့်၊ ဇော်တငုံဖူး၊ လှော်ကားဦးသို့၊ တထူးထွေလာ၊ ပန်းတကာတွင်၊ နှိုင်းရာမတူ၊ ခိုင်မဉ္ဇူကို၊ ကြင်သူမကုံး၊ မထုံးသည်နှင့်၊ ဆင်မတင့်တည့်၊ နတ်ရှင့်ရင်နှစ်၊ တံခြားဖြစ်၍၊ ခွေရစ်ရွက်မြ၊ ဆွေသက်မျှနှင့်၊ နွှဲကြရွှေယဉ်၊ ပျော်စဉ်တွင်၌၊ မြစ်ခွင်ရဲကျော်၊ ဆန်ခဲ့သော်လျှင်၊ ရွှင်ပျော်စတုံ၊ ဆွေစုံကျော်ကာ၊ ဆယ့်ငါးဝါနှင့်၊ ကလျာနိကာယ်၊ တစ်ဆယ်မက၊ ကြံတွက်ဆသည်။ ။လှလည်းလှချစ် ရွယ်တကား။

(တ) သစ်မပြုချင်၊ ဆံကေရှင်လည်း၊ မတင်ဆီမွှေး၊ ခုနှယ်မြှေးခဲ့၊ လွမ်းရေးပြင်ပြင်၊ မြင်ခွင်တလျှောက်၊ လဲပေါက်ပွင့်ရှိမ်း၊ ညိုညိုစိမ်း၍၊ ပင်ယိမ်းဖားဖား၊ ပွင့်ခက်များဝယ်၊ မြသားရည်ရော်၊ ရွှေလှော်နှိုင်းတူ၊ ဦရရူလျှင်၊ သောက်ယူဝတ်ရက်၊ ပုန်းညက်ကံ့ကော်၊ ရွှေလှော်စကား၊ ချယားဂမုန်း၊ ကြက်ရုံးပျဉ်ဖြူ၊ မဉ္ဇူအနန်း၊ ခပ်သိမ်းပန်းတို့၊ ငုံ့လန်းမလွန့်၊ ပန်အံ့သသူ၊ လင့်သောဟူ၏၊ လူတို့၌၀ယ်၊ သနားဘွယ်တည့်၊ ဆွေးသွယ်ကြာတင်၊ မျိုးအိမ့်ရှင်နှင့်၊ ရွှေရင်ကြူးလွန်၊ ဖြစ်သောဟန်ကို၊ လျှောက်ပန်ခ,ယ၊ ဆန်ခဲ့ရသည်။ ။စလည်းစချစ် ဘွယ်တကား။

(စ) မြစ်တစ်ခုစင်၊ စွန်းမထင်တည့်၊ ရွှေစင်ရည်ပျောင်း၊ သွန်းဆင့်လောင်းသို့၊ ဟန်ကောင်းနွဲ့လျ၊ ဆွေသက်မျှနှင့်၊ နွှဲကြရွှေရင်၊ ပျော်စဉ်တွင်၌၊ မြစ်ခွင်ဧရာ၊ ဆန်ခဲ့လာသော်၊ ဗျာပါထပ်မွန်၊ အလွမ်းဝှန်လှိုက်၊ တစဉ်ကြိုက်ဝယ်၊ ၀ဲရိုက်ဝဲသွင်း၊ မြစ်တွင်းကွေ့ချောင်၊ စဲသောင်ပြင်ထွန်း၊ သဲဖြင်ကျွန်းထက်၊ ရွှင်လန်းများစွာ၊ မြူးကြရာဝယ်၊ စာကားစည်းစုတ်၊ ကျီးလက်ခုပ်နှင့်၊ ညှင်းကားငှက်တော်၊ လှေလှော်ယင်ဘောင်၊ မောင်ကားဝံဖို၊ ၀ံလိုအဲထူး၊ နွှဲကြူးဥသြ၊ ရွေဖေါ်နှော၍၊ တယောထိုးဟန်၊ တိရစ္ဆာန်တို့၊ သဏ္ဌာန်ရင့်ညောင်း၊ ဥဒေါင်းဖိုမ၊ က,သည်မောင်နှံ၊ ငှက်ပေါင်းသံကို၊ တရံဆွတ်မျှ၊ ကြားလ,ကလျှင်၊ ၀တ်စတော်နှင့်၊ လွမ်းခွင့်ပြေသာ၊ ချစ်ခြင်းရာကို၊ ညိုပြာအတူ၊ ဖြူပြာတမျှ၊ နတ်နှယ်လှသည်။ ။မြလည်းမြနှစ် သွယ်တကား။

(မ) နှစ်စနုလျှင်၊ ရတုဂိန်မှာန်၊ တောင်လေပြန်က၊ ပြင်းထန်ရေရူး၊ မြူးတုံငါးကြင်း၊ သစ်ခပင်းတို့၊ ငုံကင်းရုံးစု၊ ဖူးနုခက်ဖြာ၊ ပန်းတကာတွင်၊ ရွှေသာနှိုင်းပြီး၊ တသီးတရုပ်၊ ဦးထုတ်ပတ္တမြား၊ မြကားချပ်သွယ်၊ သန္တာချယ်၍၊ ဆန်းကြယ်စားကြူး၊ ဖန်တင့်ထူးသည်၊ မဖူးနှိုင်းပြိုင်၊ မဉ္ဇူခိုင်ကို၊ လက်ကိုင်စုရုံး၊ ချစ်စ,ထိုး၍၊ ကုံးသီလက်နှင့်၊ ဆင်တိုင်းတင့်၏၊ နတ်ရှင့်သည်းကြား၊ ခြားမခြားတည့်၊ စုလျားဖွဲ့ရစ်၊ ခွေစသစ်နှင့်၊ ရွှေခေတ္တမည်၊ ဖ,မင်းပြည်သို့၊ ကြေးစည်ညှင်းစောင်း၊ ပဲ့ပေါင်းကျွန်းစင်၊ လောင်းနီလျှင်လျှင်၊ မြစ်ခွင်ဧရာ၊ ဆန်ခဲ့လာသော်၊ လက္ခဏာမချို့၊ မမို့မရှိုက်၊ လိုက်လိုက်မေးပါး၊ လှထွားနှာရောင်၊ မျက်တောင်ကော့ဖြူး၊ နဖူးထိပ်ကျယ်၊ မငယ်နားရွက်၊ မွေ့သက်ရေသား၊ မွတ်မွတ်ထွားကို၊ နှိုင်းရှားလူ့ရွာ၊ မရသာတည့်၊ ကလျာနိကာယ်၊ တစ်ဆယ်မက၊ ကြံတွက်ဆသည်။ ။မျှလည်းမျှနှစ် ရွယ်တကား။

-----------------------------
ဤတွင် တောလား+ရေလားများ အဆုံးသတ်သဖြင့် အပြီးကမ္ပတ်ဖုံးအပ်သတည်း။


Monday, October 11, 2010

မင်းသမန္တရာဇာ ရေလား

တောတောင်များနှင့် ယင်းတို့ပတ်ဝန်းကြင်တွင် နေထိုင်ကျက်စားကြသော ကျေးငှက်သာရကာများနှင့် သားရဲတိရစ္ဆာန်တို့၏ ပကတိသဘာဝကို ပေါ်လွင်စေလျှက် ရေးစပ်သီကုံးထားသော အချီ+အချတူ၊ အချီ+အချကွဲ၊ အချီတူ+အချကွဲ၊ ကာရန်ရှိ+မဲ့ ကဗျာ ရတုများကို တောလားဟု ဆိုကြောင်း အထက်ဖေါ်ပြပြီးတောလားများက ညွှန်းလျက်ရှိသည်။ ယင်းတောလားများကို အင်းဝခေတ်စာဆိုရှင်များနှင့် ဟံသာဝတီနန်းတွင်းစာဆိုအမတ်ပညာရှိများရေးစပ်ခဲ့ကြကြောင်းတွေ့ရသည်။

ထိုမှတစ်ပါး မြစ်ကြောင်းတောက်လျှောက်နေထိုင်ကျက်စားကာ ပင်ပန်းဆင်းရဲစွာ အသက်မွေးမြူနေကြရရှာသော တံငါသည်များ၏ ဘ၀ကို ပုံဖေါ်လျက် ရေးစပ်သီကုံးထားသော ကဗျာရတုများကိုလည်း ဤနေရာ၌ “ရေလား” ဟု အမည်ပေးထားသည်ကို တွေ့ရသည်။ ရေလားရတုများကို ရေးခဲ့သောစာဆိုများမှာ ကျနော့်တွင်ရှိသော စာအုပ်လေးပါစာရင်းအရ နှစ်ဦးသာရှိကြောင်းတွေ့ရသည်။ မင်းသမန္တရာဇာနှင့် ထောင်သင်းမှူးတို့ဖြစ်သည်။ ဤနေရာတွင် စာဆိုနှစ်ဦးတို့၏ အကြောင်းအရာအကျဉ်းချုပ်ကို ဖေါ်ပြသင့်သော်လည်း စာအုပ်စာတမ်းမပြည့်စုံသဖြင့် ချန်လှပ်ထားရတော့သည်။ အခွင့်သင့်သောအခါတွင် ဆက်လက်တင်ပြမည်ဖြစ်ကြောင်း ပန်ကြားအပ်ပါသည်။ မင်းသမန္တရာဇာ၏ ရေလားများကို ဖတ်ရှုကြပါကုန်။

----------------------------------------

(ပ) ထူးတဆန်းလျှင်၊ ဖလ်နန်းရထား၊ မြောက်သို့ပါး၍၊ လ,ကားတပေါင်း၊ ရွက်ညောင်းဖူးချင်၊ နွေသစ်ယင်က၊ မင်းလွင်အုံ့ပြ၊ သောကာလ၀ယ်၊ မြစ်မယဉ်ထန်၊ ရေကြောင်းဆန်၍၊ ကျွမ်းရန်ဖေါ်မဲ့၊ လာရခက်သော်၊ အံ့ဘွယ်အပ၊ ဖြူဆွသလဲ၊ ခဲလကမ်းမြေ့၊ ပြင်ထောင့်ကွေ၌၊ စုဝေးပျော်တူ၊ ရေသူဖွယ်ရာ၊ တံငါလုပ်ဖမ်း၊ ကြိုးပန်းရှာမှီး၊ အသီးသီးတည့်၊ ပိုက်ကြီးပိုက်ငယ်၊ နှစ်သွယ်ဝမ်းပူ၊ ကြီးငယ်ဟူသား၊ ပိုက်ဖြူဗူးခင်း၊ ရကွင်းဒိုင်းဝန်း၊ လက်မတန်းနှင့်၊ ရင်တွန်းလင်းဖက်၊ ယက်သဲ့ဗူးတင်း၊ ကြီးငယ်သွင်းမှ၊ ပိုက်ကွင်းနှလုံး၊ မြုံးလည်းနှစ်လီ၊ တပသီဇာ၊ သာရကာထက်၊ မှိန်းမက်ကွန်ကြီး၊ တသီးရင်ကွဲ၊ သောင်လဲသောင်ယံ၊ ပိုက်အိတ်ခံနှင့်၊ ထုံးစံတ၀ိုက်၊ အစဉ်လိုက်၍၊ ခတ်ဝိုက်တန်းခို၊ ဘိဟုဆိုသည်၊ ခြေတိုလိပ်က၊ မကျန်ရတည့်၊ မြစ်စတသွန်၊ လုပ်မှုပွန်သည်။ ။အလွန်ထူးဆန်းကြယ်သကား။

(ဒု) ကြူးစခန်းလျှင်၊ မှတ်မှန်းလတာ၊ အဖြာဖြာတည့်၊ ရေမှာရေလိုက်၊ စဉ်စိုက်စွဲလန်း၊ တံသုတ်ကျမ်းဟု၊ ကွန့်သန်းတတည်၊ လက်ညှိုးလည်က၊ စသည်ဆိုင်းတန်း၊ လက်သန်းစိုးဟု၊ လက်ညှိုးပြုလည်း၊ နည်းဟုတသွယ်၊ ပိုက်ကြမ်းငယ်ဟု၊ လူဝယ်လုပ်ဆောင်၊ ကွင်းထောင်ရေလည်၊ ဇာလည်ဇာလောင်၊ မြှောပိုက်ထောင်၍၊ လုပ်ဆောင်ကြလစ်၊ ကော်ကဖြစ်တည့်၊ မှတ်ရစ်စေချင်၊ တုရင်ခြေတောင်၊ အိတ်ထောင်ယောင်နှင့်၊ လူ့ဘောင်နှံ့ပြား၊ ဘူးလွှားမြှားသွဲ့၊ ပိုက်စာသဲ့က၊ ကြွင်းမဲ့မထင်၊ ကြမ်းငင်တုန်ဟိုက်၊ အူလိုက်ပက်ထုတ်၊ စမ်းစုတ်ဖက်တင်၊ ထွေထွေဖြင်မျှ၊ မြစ်ခွင်ဧရာ၊ ဆန်ခဲလာသော်၊ ပမာတို့လေ၊ ကြင်သည့်ဆွေဟု၊ ထွေထွေယူတမ်း၊ လွမ်းလည်းမချိ၊ မျှော်မိမိသည်။ ။မျက်စိပင်ပန်းဘွယ်တကား။

(တ) ရူးဘနန်းလျှင်၊ ကျင့်ဆန်းခဲအင်၊ ရုပ်အသွင်ဖြင့်၊ သောင်ခွင်မော်စာ၊ လှေမှာမှောက်ပြန်၊ တွန်းလှန်အားကြိုး၊ တင်ထိုးလက်လွန်၊ တတ်ပွန်ဘေးခတ်၊ အတတ်တစ်မျိုး၊ စန်းထိုးရန်တား၊ လုပ်ရိုးပြားသား၊ မြှားတမ်းမြှားသုတ်၊ ချက်ပြုတ်မနေ၊ စင်းလျှင်တေတည့်၊ ချလေဆူစည်း၊ ချင်လည်းချင်ကော်၊ လုပ်ဖေါ်သတင်း၊ တိမ်ညင်းတွန့်ကိုင်း၊ ပလိုင်းစွဲလေ၊ ငမြွေချိုချဉ်၊ ငစင်စတ်လှိုက်၊ နှိုးပြည့်ဝိုက်၍၊ ရေ၌နှံ့မျှ၊ တံငါ့အမျိုး၊ ရှာစားကြိုးလျှက်၊ ရေရိုး၌တွင်၊ သောသောဖြင်မျှ၊ လောင်လျင်နှင့်ရ၊ လက်ချတထောက်၊ နိုင်ရေးကောက်၍၊ သံမြောက်ကြေညာ၊ ဟိန်ဇာဟေးလား၊ အချင်းများနှင့်၊ ပျော်ပါးဘွယ်တိ၊ သဲဖြူချိဝယ်၊ ထပ်ရှိစုဝေး၊ လှူကြီးပေးသို့၊ ငှက်ကျေးဝဲပျံ၊ မြည်သံသောင်းသောင်း၊ မြစ်ရေချောင်း၌၊ ကြုံတောင်းကြုံရ၊ မြင်တို့စွဟု၊ တလည်းတခါ၊ မယ့်မှာညွတ်တိမ်း၊ ခေါင်းသို့ယိမ်းသည်။ ။ကြောစိမ်းမြနန်းဘွယ်သကား။


Sunday, October 10, 2010

စလေဆရာကြီးဦးပုညတောလား

အခုတလော Kindle စာဖတ်စက်လေး ၀ယ်ပြီးကတည်းက ကိုယ့်ဘလော့ဂ်အနားမကပ်နိုင်ဖြစ်နေမိတယ်။ စာဖတ်စက်လေးထဲ ပိုက်ဆံပေးပြီးဝယ်ဖတ်ရတဲ့ စာအုပ်လေးငါးဆယ်အုပ်လောက် download လုပ်ပြီးတော့ အလကားပေးတဲ့ စာအုပ်ပေါင်းများစွာကိုလည်း တတ်သည့်ပညာမနေသာဆိုသလို download ထားလိုက်တယ်။ အဲဒီစာအုပ်တွေကို အကုန်ဖတ်ဖို့ဆိုတာတော့ အချိန်တော်တော်လိုတာပေါ့ဗျား။ သေချာပါတယ်။ အကုန်မဖတ်နိုင်ပါဘူး။ ပျင်းပေသကိုး။ စာအုပ်တွေ စုရတာဝါသနာပါသလောက် စာဖတ်ရပျင်းတာတော့ ကိုယ့်အကျင့်တစ်ခုဖြစ်နေပြီ။ သို့သော်သို့သော် စာအုပ်နာမည်လောက်သိလည်း မဆိုးဘူးဆိုပြီး စက်ထဲအလကားထည့်လို့ရတဲ့ စာအုပ်တွေ အကုန်ဆွဲထည့်နေတာ။

လက်ဝါးသာသာရှိတဲ့ စက်ကလေးကလည်း စာအုပ်ပေါင်း သုံးထောင်ငါးရာကျော်လောက် ဆံ့ဆိုကိုးဗျာ့။ အခုဆိုရင်ပဲ စက်လေးထဲမှာ စာအုပ်ပေါင်း (၆၀၀) ရာကျော် နေရာယူနေပြီ။ ဒါပေမဲ့ မှတ်မှတ်ရရ (၂) အုပ်ပဲ လူလားမြောက်အောင် ဖတ်ပြီးသေးတယ်။ အင်္ဂလိပ်ဝတ္ထုစာအုပ်တွေ တစ်သက်နဲ့တစ်ကိုယ် တစ်ခါဘူးမျှ အစအဆုံး တစ်အုပ်ကုန်အောင် မဖတ်ဖူးသေးဘူးပြောရင် ယုံမလားတော့ မသိဘူး။ တကယ်ပါဗျာ။ မှန်တာပြောရင် ချမ်းသာရပါစေ့။ အဲလို အဲလိုနဲ့ အစအဆုံးတစ်အုပ်စနှစ်အုပ်စကုန်အောင်တော့ ဖတ်ဦးမယ်ဆိုပြီး ဖတ်နေတာ ဘလော့ဂ်ရေးဖို့တောင် မေ့သွားသဗျာ။

ဒီနေ့တော့ (၁၀)-ရက်၊ (၁၀)-လ၊ (၁၀)-ခု လို့ဆိုသမို့ မှတ်မှတ်ရရ ဘလော့ဂ်လေးကို အသက်ပြန်သွင်းရပေးဦးတော့မယ်။ ဒါပေမဲ့ တခြားပို့စ်တော့ မတင်နိုင်သေးပါဘူး။ ဘလော့ဂါမေဓာဝီကို ကတိပေးထားတဲ့အတိုင်း မြန်မာပြည်၊ ကမ္ဘာအေးဘုရားဈေးက၀ယ်လာတဲ့ တောလားစာအုပ်လေးထဲက ရှိသမျှတောလားတွေ ၀ါသနာပါသူများ ဖတ်ကြစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ပေးနေရတုန်းမို့ပါ။ ဒီနေ့တော့ စလေဆရာကြီး ဦးပုညရဲ့ တောလားတွေကို တင်ပေးမှာဖြစ်ပါတယ်။ ဦးပုညကိုတော့ မြန်မာပြည်ဘွား စာပေ၀ါသနာအိုးတွေ သိပြီးသားမို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မိတ်ဆက်မပေးတော့ပါဘူး။ နောက်ပြီး ဦးပုညရေးတဲ့ တေးထပ်အများစုဟာလည်း ကဗျာဝါသနာအိုးတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားပြီးသားပါ။ ဒါပေမဲ့ ဦးပုညရေးတဲ့ တောလားတွေကိုတော့ ဖတ်ဖူးသူ နည်းမယ်လို့ ထင်ပါတယ်။

စလေဆရာကြီးပုညဟာ တေးထပ်ပါရဂူကြီးတစ်ဆူဖြစ်တာနဲ့အမျှ တောလားတွေကို ရေးတဲ့အခါမှာလည်း တခြားလောလားရေးဆရာတွေရဲ့လေသံနဲ့ တကွဲတပြားစီဖြစ်နေတာကို တွေ့ရပါတယ်။ သူ့တောလားတွေရဲ့ပုံစံဟာ သူ့ရဲ့ကျွမ်းကျင်ရာ တေးထပ်ပုံစံတွေ အများကြီးပါဝင်နေတာ တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် မေတ္တာစာရေးဟန်မျိုးလည်း ၀င်ရောနေတာ တွေ့မြင်ရပါသေးတယ်။ သို့သော်လည်း တေးထပ်ဟန်ပဲရောရော၊ မေတ္တာစာဟန်ပဲပေါက်ပေါက် တောအကြောင်းရေးထားတဲ့စာမို့ တောလားလို့ပဲ အသိအမှတ်ပြုခဲ့ကြဟန်တူကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။

(ပ) ဖလ်ရောင်မှန်ရောင်၊ လျှံပြောင်တောက်ပ၊ ကမ္ဘာ့သယံဇာ၊ သေလာဂီရိန်၊ စိန်ဝဇီရာ၊ ဂီဝါရောင်--ဖီလာတောင်--သီတာမျှောင်ခွေပတ်၍၊ ရေရဟတ်ကြိုး၊ မြေမစပ်အုပ်မိုး၍၊ နေထပ်၍မတိုးပဲ၊ မောက်ဖြိုး--ဇောက်ထိုး--အောက်လျှိုးကျ တသွန်သွန်၊ တမ်းခွန် နဂါးရုပ်၊ ပြွန်စလုပ်နှင့်၊ မြုတ်ထဲချည် ငုတ်ထဲချည်၊ မြရည်အလျှံ၊ မြေအခံမှ၊ သယံဇာ ဂေါတနှင့်၊ တာလဘီ--မောရဂီ--ရေသီတာအိုင်တွင်း၌၊ နေညီညာပြိုင်ကျင်း၍၊ ကြိုင်သင်းပျံ့ကုံကမံလို၊ ပွင့်အတံရိုးပေါက်၍၊ ကိုးဆင့်မြောက်ပြဿာဒ်ခံ၊ အသွေးနှင့်အဆင်းမှာ၊ ခြင်္သေ့မင်းလည်ဆံလို၊ ခြည်ဝါလျှံနီမောင်း၍၊ သည်ကန်မှာညီစွာပေါင်းရှာကြ၊ ကြာခေါင်းလောင်းပဒုမ္မာ၊ ငုံခါ--ထုံစွာ--မှုံပြာဝတ်ဆံ၊ လေသွဲ့၍--ခွေနွဲ့လို့--ကြွေတဲ့မည်ဟန်ပန်လို၊ ၀တ်မွှေးကို--ဆွတ်ချွေးလို့--ငှက်ကျေးက တညံညံ၊ သံသာသာ--ဖန်ခါခါ--ညံစာစာဖေါ်နှောလို့၊ ခေါ်ပြောကြ စုံမောင်နှံ၊ ကြာဆံ--လွှာဟန်--နှာတံယှက်တင်၊ ဘက်ရှင်စာခွံ့၊ ညှာညွတ်ဝတ်ဖူး၊ ဆွတ်ခူးနှိက်ခါ၊ လိပ်ပြာ--ထိပ်မှာ--ရိပ်ခါသုံးစား၊ ပိတုံးပျားတို့၊ နားချည်--သွားချည်--စားတဲ့ချည်နှင့်၊ ချားလည်ရစ်လျက်၊ လှည့်လည်မပြတ်၊ မြည်ချင်းထပ်၍၊ နတ်ဖန်တဲ့ရေ၊ မြလျှံထွေထွေ၊ ကမ်းအခြေ အိုင်စခန်းမှာ၊ နန်းမြိုင်သူ ကိန္နရီတို့၊ စိန်ဒါလီလည်ကပ်ကို၊ ရည်မှတ်သည်အမွေး၊ မင်ဆေးနှင့်--တင်ရေးလို့--သွင်သွေးကိုမရ၊ မြရောင် ရွှေရောင်၊ လေသာတောင်မှာ၊ ညိုရောင်ရောစပ်၊ ဇောဘရသ်သို့၊ ပြောစမှတ်မထူး၊ သောမနသ်နူးရန်မို့၊ တစ်ဦးသော ကိန္နရာမှာ၊ ထိန်ပြာ--မိလ္လာ--စိန်ဇာပွင့်ယှက်၊ ၀ါရောင်--ပြာရောင်--ခါတောင်ဘက်သို့၊ သက်တံရေး--ထွက်ပြန်ပြေး--လက်တံသေးပန်းနွဲ့ကို၊ လူငဲ့ဟန်--ယူတဲ့ပြန်--စမ်းခံတဲ့ရေအိုင်၊ နန်းစံတဲ့ ဟေ၀န်မြိုင်၊ ကိန္နရာမောင်နှံတို့၊ တောင်ပံချင်းတင်ယှက်လို့၊ ကြင်သက်တူပြိုင်ကြတယ်၊ မစုံသူဇောပြန်လို့၊ သောတာပန်ပုဂ္ဂိုလ်ကျွမ်းလုအောင်၊ လွမ်းလောက်တဲ့စန်းအိုင် ပန်းဂနိုင်။

(ဒု) အနောတတ္တ၊ ဆဒ္ဒန္တနှင့်၊ ကုဏ္ဍလမည်သာ၊ မန္ဒာကိနီ၊ အိုင်၏အလား၊ ရိုးမှားသွင်တူ၊ မြင်သူပန်းရုံ၊ ကိန္နရာခင်၊ ဂမုန်းအင်တို့၊ ကုံးဆင်မြန်းသည့်၊ ပန်းရဂုံမှာ၊ လမ်းဆုံကြည့်ခါ၊ တည့်တည့်စိုက်လို့၊ မျှော်လိုက်ပါသော်၊ ဖလ်ဝါရောင်လင်း၊ တောင်ခြေရင်း၌၊ မြေသလင်းပြန့်၊ လှခေါင်အဆင်း၊ မြရောင်လင်းတဲ့၊ မျက်ခင်းပြန့်မှာ၊ တသန့်သန့်အခြေကျင်းလို့၊ လေညင်းခံ ငံ့ကြတယ်။ ။ပဉ္စရူပ၊ တသွင်တူတဲ့၊ ရင်မူလှတို့၊ မြမြက်ကိုစား၊ ချိုတခါခါ၊ ကိုမာယာနှင့်၊ လိုရာသို့သွားကြတယ်။ ။နရားကတစ်အုပ်၊ သဇင်ရေ၀တ်၊ မြေကိုညွတ်တဲ့၊ ပန်းဝတ်လွှာကို၊ နမ်းခါစုတ်၍၊ ဆုတ်ချည်တက်ချည်၊ မခို့တခို့၊ တရို့ရို့နှင့်၊ မောင်မယ်တို့ မည်ကြတယ်။ ။သည်ကတဖန်၊ မနုဿီဟ၊ ခြေကိုကြွ၍၊ မြပန်းရုံကို၊ လှမ်းခုန်ကာစား၊ စကားဝါ၀တ်၊ ညှာအညွတ်ကို၊ ဆွတ်တဲ့ကာပင်၊ မျက်နှာပုံကြည်၊ ပြုံးတဲ့ချည်နှင့်၊ ကိုယ်တည်တထွေ၊ ဂမုန်းပေါင်းနှင့်၊ ဆေးပေါင်းစုံတဲ့၊ ရဂုံဗွေမှာ၊ ကြာစေ့ဆံ သယံဇာ၊ ဂေါဒံနှင့်မြင်းသီလာ၊ အနန္တလောဟာ၊ သုဝဏ္ဏပဌာ၊ ကျောက်ကွမ်းသီး ကျောက်ဘီလူးနှင့်၊ ထူးလှသည့် ကျောက်ကြိုးကြာ၊ အရောင်ချင်းစုပေါင်း၍၊ ဥဒေါင်းမင်းလည်ဆစ်မှာ၊ သယံဇာလေဟုံး၊ ကမ္ပာရံဗွေကုံးမှာ၊ ဝေဆုံးလို့စုံလင်စွာ၊ စဉ်ကာ--ယှဉ်ကာ--ဘင်နာထွက်ရန်၊ သုခံကေလေ၊ ရွှေလုပ်ရာ မှတ်စာနားလို့၊ ဓာတ်သွားနှင့် စပ်ထားလို့ စီရင်ဘန်၊ ၀ိဇ္ဇာပျံ--စိတ်ဖြာကြံ--သံသေ,နာသေ ၀ါရွှေဝင်းထိမ်၊ စိန်ရောင်--မြရောင်--နေရောင်ပြင်းရှိန်၊ ထိန်လို့ပျံတက် လျှံလက်၊ သံလျှက်ရောင်--လျှံပျက်ပြောင်၊ ပင်သူယောင်ဗွေအုပ်၊ ရင်မူခေါင် ရွှေကမုဒ်က၊ လေလှုပ်တိုင်း ဟန်နွဲ့လို့၊ စာဖွဲ့၍ မဖြစ်အောင်၊ မပစ်သာ--မခွါသာ--ချစ်စရာခင်စရာ၊ ထင်စွာ--ရင်နာ--ပင်မှာဖြတ်လှီး၊ ညှာဝင်ကို သက်သွင်းလို့၊ ချစ်တင်းစုံမှီးကြတယ်။ ။ဇနီးဘဲ့ကာမဂုဏ်၊ မညီးတဲ့ အာရုံ၊ ရဂုံမြိုင်ရိပ်မှာ၊ ပြဒါးငုံအပိုင်စိတ်လို့၊ ဣစ္ဆိတံ--ပတ္ထိတံ--သိဒ္ဓိယာကရိစိယံ၊ ၀ိဇံ္ဇတရား၊ သိပံ္ပဖွေရှာ၊ ထွေတရာစုံ၊ ဂဠုန်သိုက်ဟန်၊ နွဲ့မုတ်သံနှင့်၊ ရုပ်ဖန်တဲ့ဆေးအပြင်၊ ဟိုတောင်--သည်တောင်--လျှိုမြှောင်ကွေ့မှာ၊ ဆေးရနံ့တလှိုင်လှိုင်၊ မွှေးပျံ့ပျံ့ တကြိုင်ကြိုင်။

(တ) စုံဂနိုင်စန်းကွေ့မှာ၊ ပန်းမွေ့ရာ ဇာတွန့်နှင့်၊ ညှာညွတ်ချင်းပေယှက်၍၊ မြေမျက်နှာရစ်၊ ခွေလက်ျာလှစ်ပါလို့၊ စိန်စစ်တဲ့ထွဋ်ဂူမှာ၊ သံပန်းသေကျောက်ဖြာခင်းလို့၊ အဋ္ဌမုတ်အင်း တြင်းချေ၊ အဆုံးပြန် ယွင်းမသွေ၊ အစမှာ အဋ္ဌချေ၊ ဂမုဓာတ်သက်ပါစေ၊ ခရုပတ်လက်ျာခွေ၊ ဆေးကြိတ်ရန် အင်းချေလျက်၊ ကျင်းပကာ သူနေသည့်၊ ဇော်ဖေမောင်--လျှော်တေဆောင်--ဘော်ငွေရောင်သွားဖြူနှင့်၊ မုတ်ဆိတ်ထူ ကျင်စွယ်ရှုပ်လို့၊ မဟာမြိုင် ဂူလိုဏ်မုတ်မှာ၊ ဆေးစုတ်ခါ မန္တာန်နှိုးလို့၊ ရေးလုပ်ခါ ကြံဖန်ကြိုးလို့၊ တိုးတိုးသံ--ညိုးညိုးညံ--သြောင်းဒူရမန္တာန်၊ ကောင်းမူပ ဟန်ပန်၊ ဟိန်းသံ--ကြိမ်းသံ--ရှိုန်းအလျှံထွေး၊ ဥုံသံ ထုံခံကျွေးလို့၊ မြိင်ယံမှာ လှိုင်သံပေးလို့၊ လေးလေးနှုတ်--ကျေးကျေးကျုပ်ငှက်သံ၊ သာရကာ ဥသြတို့၊ မာဂဓာနှုတ်နှောလို့၊ ပြောကြသည့်သဏ္ဌာန်၊ ဖန်ဖန်--ညံညံ--တန်တန်--ကြွက်ကြွက်၊ မန္တာန်--အသံ--ကြံဘန်ခက်အောင်၊ မ၀က်ခွဲသာ၊ နက်နဲစွာနှင့်၊ နာဂရီ--ဘင်ဂရီ၊ ဆန်းကလာပ်အညီ၊ သီဟိုဠ်သံ--မှီခိုဉာဏ်၊ အဟံမမ၊ ကြိမ်းသံပလျှက်၊ ထယောင်--ထိုင်ယောင်--မှိုင်ယောင်နှင့်တမ်း၊ ဖလ်ဂူ--စံယူ--ဟန်မူဖမ်းလို့၊ သြောင်းသံ--ဥုံသံ--အံ့မခန်းလို့၊ ကြံသူ--ဖန်သူ--ကြာဖြူပန်းလို့၊ ချက်ဆေး--ဂျွတ်ဆေး--နိမ္မာလျှမ်းလျှမ်း၊ ဣန္ဒာ--ဒေ၀ါ--ဗြဟ္မာတန်းလောက်ကဲ့၊ လွမ်းစရာစုံခြေ ကြုံရလေ။


Wednesday, September 22, 2010

တွင်းသင်းမင်းကြီးတောလား

တွင်းသင်းမင်းကြီး၏ ရတုသုံးပုဒ်ကို ဖတ်ကြည့်လျှင် န၀ဒေးကြီး၏ ပထမတောလားသုံးပုဒ်နှင့် အသံယူပုံနှင့် စကားလုံးယူပုံတို့ ခပ်ဆင်ဆင်တူနေမည်ကို သတိပြုမိပေလိမ့်မည်။ န၀ဒေးကြီး၏ “ထူးတလည်လျှင်” အချီနေရာတွင် တွင်းသင်းမင်းကြီးက “ထူးတထွေလျှင်”ဟု၎င်း၊ န၀ဒေးကြီး၏ “သာနိုးပျော်ရွှင်” အချီနေရာတွင် တွင်းသင်းမင်းကြီးက “သာနိုးတစ်စုံ”ဟု၎င်း၊ န၀ဒေးကြီး၏ “တဖြည်းပျံ့ပျံ့” အချီနေရာတွင် တွင်းသင်းမင်းကြီးက “တပျံ့ဖြီးဖြီး”ဟု၎င်း အသီးသီးရေးခဲ့သည့်ကို တွေ့ရသည်။ သို့သော်လည်း အချပိုဒ်များကိုမူ အတန်ငယ်ကွဲပြားစေလျှက်ရေးသားခဲ့သည်ကို တွေ့ရသည်။ န၀ဒေးကြီး၏ တောလားအချပိုဒ်များဖြစ်သော “လွမ်းခွင့်နောင်တွင် ဖြင်သကား၊ လူနှိုက်တူပင် ထင်သကား၊ အလွမ်းပြည်ဖြင် မြင်သကား” တို့နေရာတွင် တွင်းသင်းမင်းကြီးက “မောင့်မှာ လွမ်း၍မုံ့သကား၊ မောင့်မှာ နွမ်းသွေ့ပုံ့သကား၊ အောင့်ကာ ချမ်းအေ့တုံ့သကား” ဟူ၍ အသီးသီး ချခဲ့သည်။

သို့ဆိုလျှင် တွင်းသင်းမင်းကြီးဟူသည် န၀ဒေးကြီးပင်လော? ဟု မေးခွန်းထုတ်စရာဖြစ်လာသည်။ အဖြေကား ၎င်းသည် န၀ဒေးကြီးမဟုတ်၊ န၀ဒေးလေးဖြစ်သည် ဟူသတည်း။ ရာဇ၀င်မှတ်တမ်းများအရ မြန်မာမင်းများလက်ထက်တွင် န၀ဒေးငါးဦးပေါ်ထွန်းခဲ့ကြောင်းကို န၀ဒေးကြီး၏တောလားများပို့စ်တွင် ရေးသားခဲ့ပြီးဖြစ်သည်။ ယင်းငါးဦးအနက် ပထမသုံးဦးဖြစ်သော အင်္ကုရခေါ်ဇင်းမယ်န၀ဒေး၊ လှော်ကားသုံးထောင်မှူးခေါ်တောင်ငူန၀ဒေးနှင့် ရွှေတောင်နန္ဒသူ(ရွှေတောင်ရာဇကျော်သူ?)ခေါ် စလင်းန၀ဒေး သုံးဦးကို ကဗျာက၀ိပညာရှိကြီးများအဖြစ် နှောင်းခေတ်ကဗျာစာဆိုပညာအိုတို့က သတ်မှတ်ခေါ်ဆို ချီးကျူးခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။ ပြည်န၀ဒေးကြီးနှင့် ၀က်မစွက်န၀ဒေးတို့နှစ်ဦးသည်သာ သက်ဆိုင်ရာဘုရင်တို့က “န၀ဒေး” ဟူသောဘွဲ့တံဆိပ်အပ်နှင်းကာ ချီးမြှင့်မြှောက်စားခံခဲ့ကြရကြောင်း သိရသည်။

ယင်းတို့နှစ်ဦးအနက် ပြည်န၀ဒေးကို သက္ကရာဇ် (၉၂၈)-ခုတွင် “ရာဇဌာနီ” အစချီ ဟံသာဝတီမြို့တော်ဘွဲ့ရတုကို ရေးသားဆက်သွင်းခဲ့သဖြင့် ဘုရင့်နောင်မင်းတရားက န၀ဒေးဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။ န၀ဒေးသမိုင်းတွင် ပထမဆုံးန၀ဒေးဘွဲ့ရသော ရတုပါရဂူကြီးပေတည်း။ ၀က်မစွက်န၀ဒေးသည် မော်ကွန်းအရေးအသားတော်လွန်းသဖြင့် သက္ကရာဇ် (၁၁၆၁)-ခုလောက်တွင် ဘိုးတော်ဘုရားက န၀ဒေးဘွဲ့အပ်ပြီး ချီမြှင့်မြှောက်စားခြင်းခံရသည်။ ဒုတိယန၀ဒေး သို့မဟုတ် မော်ကွန်းန၀ဒေးဟု ကျော်ကြားကြောင်းသိရသည်။ ငယ်နာမည် မောင်နုဖြစ်ပြီး စစ်ကိုင်းမြို့နယ်၊ ဆားတောင်မငါးရွာအ၀င်ဖြစ်သော ရွာဝေးရွာဇာတိ သူကြီးမျိုးရိုးဖြစ်သည်။

ဘိုးတော်ဘုရားလက်ထက်တွင် တွင်းသင်းမင်းကြီးခေါ်တွင်းသင်းတိုက်ဝန်နှစ်ဦးရှိခဲ့သည်။ နှစ်ဦးလုံးပင် ကဗျာလင်္ကာပျို့ရတုရေးသားရာတွင် ထူးချွန်ပြောင်မြောက်သူများဖြစ်ကြသည်။ ပထမတွင်းသင်းတိုက်ဝန်မှာ မောင်းထောင်ရွာဇာတိ၊ ငယ်နာမည် ဦးထွန်းညိုခေါ်သည်။ မဟာစည်သူဘွဲ့ဖြင့် ချီးမြှင့်မြှောက်စားခြင်းခံရပြီး ကိန္နရီကိန္နရာအလွမ်းဇာတ်ဖြစ်သော “ဘလ္လာတိယပျို့” နှင့် အလှဘုရင်မလေးတစ်ယောက်အပေါ် ရူးသွပ်ခဲ့ရသောရသေ့ကြီးတစ်ဦး၏ ရူးသွပ်ပုံပြ “မုဒုလက္ခဏပျို့”တို့ကို ရေးသားခဲ့သူဟုသိရသည်။ ထို့ပြင် ဦးထွန်းညိုသည် “တောင်ငူဆက်မဟာရာဇ၀င်သစ်” ကိုလည်း ရေးသားခဲ့သေးသည်။ ယင်းမဟာစည်သူဦးထွန်းညိုကွယ်လွန်သောအခါ ဒုတိယန၀ဒေးဖြစ်သော ရွာဝေးရွာဇာတိဦးနုကို ယင်းတာဝန်တွင် ဆက်လက်ခန့်အပ်ထားခဲ့ပြီး မဟာသင်္ခယစည်သူ၊ မဟာသီရိစည်သူဘွဲ့များလည်း ချီးမြှင့်ခဲ့ကြောင်း သမိုင်းကဆိုသည်။

သို့ဖြစ်လျှင် ယခုဖေါ်ပြလတံ့သော တောလားသုံးပုဒ်ကို အဘယ်တွင်းသင်းတိုက်ဝန်ရေးသားခဲ့လေသနည်း? ဦးထွန်းညိုလော? သို့မဟုတ် ဦးနုလော? ဖြစ်နိုင်ချေမှာ နှစ်ဦးစလုံးဖြစ်သည်။ သို့သော် တကယ်ရေးရမည်မှာ တစ်ဦးတည်းသာဖြစ်ရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းတို့နှစ်ဦး၏ အလေ့အထကို ကြည့်ဖို့လိုလိမ့်မည်။ ဦးထွန်းညိုသည် ရှင်မဟာသီလ၀ံသတို့ကဲ့သို့ ပျို့အရေးအသာတွင် ပါရဂူမြောက်သူဖြစ်၍ ဦးနုမှာ မော်ကွန်းနှင့်ရတုအရေးအသားတွင် ပါရဂူတစ်ဆူဖြစ်သည်။ ဦးနုရေးခဲ့သောမော်ကွန်းပေါင်း (၁၆)ခုမျှရှိကြောင်းသိရသည်။ ထို့ပြင် ဦးနုသည် ဒုတိယန၀ဒေးဘွဲ့ရရှိထားသည့်အတွက် ပထမန၀ဒေးကြီး၏ လက်ရာများကို ထပ်တူမဟုတ်သည့်တိုင် သံယောင်လိုက်ကာ အတုယူမည်ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။ ထို့ကြောင့် အောက်ပါတောလားသုံးပုဒ်ကို ဒုတိယန၀ဒေးဦးနုရေးသားခဲ့ကြောင်း စာရေးသူက အကြမ်းဖျဉ်းကောက်ချက်ဆွဲသည်။ ယင်းကောက်ချက်အရ ဤပို့စ်၏အစတွင် န၀ဒေးလေးရေးသားခဲ့သည်ဟု အဖြေပေးခဲ့ရခြင်းဖြစ်သတည်း။

(ပ) ထူးတထွေလျှင်၊ သံချေနှုတ်လစ်၊ ကျားသစ်ကရုတ်၊ သစ်ကျုတ်ကဒိန်း၊ ကျားကဟိန်း၍၊ ပျောင်းမိန်းမူးရိုက်၊ လွမ်းစင်ကြိုက်တွင်၊ ရီမိုက်ချမ်းရောက်၊ နေခြည်ပျောက်သော်၊ ငမျောက်လွှားလွှား၊ ငမျောက်လွှားဟု၊ ဆော်ကြားသံရှည်၊ ကျားဒိန်းမည်က၊ မြိုင်စည်တောလယ်၊ ဒရယ်ခုန်မြောက်၊ ချေကဟောက်၍၊ တောက်သည့်သမင်၊ ပြောင်,ဆတ်ကအော်၊ စိုင်ကဆော်လျက်၊ တကျော်သောင်းသောင်း၊ ဥဒေါင်းကငေါင်၊ ကြောင်က၀ပ်မြည်၊ ဆင်ကျည်ကျည်နှင့်၊ ညှင်းသည်သံတျန့်၊ ထန့်ဒျန့်တေတျာ၊ သံသာဆန်းထူး၊ မကြားဘူးမျှ၊ ၀မ်းနူးဘွယ်သည်၊ ရင့်မြည်အူအူ၊ တောက်ကျော်ပြူက၊ ချစ်သူတို့လား၊ မယ်တို့လားဟု၊ သနားစရာ၊ တောလုံးသာသည်။ ။မောင့်မှာလွမ်းရွေ့ မုံ့သကား။

(ဒု) သာနိုးတစ်စုံ၊ တောရဂုံနှိုက်၊ ကြေးမုံကဲ့သို့၊ လဲ့လဲ့ညို့ကို၊ တ,သို့ခိုက်တွင်၊ တိမ်တိုက်ပြင်က၊ သံရှင်နတ်စည်၊ ထူးတလည်လျှင်၊ ကျူးမြည်သံသာ၊ အချာချာတည့်၊ ဟေလာရင်မြည်၊ ငှက်တို့သည်လည်း၊ သံရှည်တသွယ်၊ သံရွယ်တသီး၊ သံကြီးတထွေ၊ ညှင်းညှင်းချေ၍၊ မကွေဖေါ်စုံ၊ ပျော်ကြတိုလျက်၊ ပွင့်ငုံပို့သယ်၊ လူတို့နှယ်လျှင်၊ ကျီစယ်နှစ်လို့၊ ချစ်ရည်ဖို့မျှ၊ တချို့ကပေး၊ တစ်ချို့ရွေး၍၊ နွှေးကာပုံ၏၊ တူစုံရွှင်မှု၊ တခုလည်ဝယ်၊ တခုလွယ်လျက်၊ ရှုဘွယ်လူလို၊ သို့သို့ကိုလျှင်၊ မြိုင်ညိုလမ်းပါး၊ မြင်မိသွားသော်၊ ထပ်ပွားဗျာပါ၊ ရှိအောင်ရှာသည်။ ။မောင့်မှာလွမ်းသွေ့ ပုံ့သကား။

(တ) တပျံ့ဖြီးဖြီး၊ ရနံ့ချည်းလျှင်၊ နှင်းလည်းဖြိုးမြောက်၊ တဖြောက်ဖြောက်နှင့်၊ ခက်လျှောက်ကိုင်းမ၊ ခုန်ပျံက၍၊ မျောက်က၀ူဝုတ်၊ ရှဥ့်ကတုတ်၏၊ ဖြူးသုတ်လေပြည်၊ အောက်ချင်းသည်တို့၊ စည်ရှည်ပျဉ်းပျဉ်း၊ ပုစဉ်းကျီးနက်၊ အာလ၀က်က၊ ရွှေကြက်တောတို့၊ ဆွေညို့မယ်စော၊ မသံနှောလျက်၊ သောသောမြည်ညွှတ်၊ တီတီတွတ်နှင့်၊ ပြွတ်ကစိုးစိုး၊ ချိုးကရည်ကျော်၊ ဘုတ်အိန့်ခေါ်၍၊ ရှုမျှော်ပျောင်းနွမ်း၊ မလွမ်းစထောင်း၊ ၀က်ထောင်းစွယ်ရှည်၊ ကျူးမည်ခြားနား၊ စုံမြိုင်ဖျားဝယ်၊ ဟေလားဟာလေး၊ ဟိန်စာလေးဟု၊ ဟာလေးမြည်ကျူး၊ အမမြူးက၊ မထူးတည့်နိုင်၊ လေချမ်းဆိုင်၍၊ မိန်းမှိုင်ဝေဆာ၊ နောင်ချည်းသာသည်။ ။အောင့်ကာချမ်းအေ့ တုံ့သကား။


ရွှေတောင်ရာဇကျော်သူတောလား

(ပ) ထွေတလာလျှင်၊ ရန်ရှာကြမ်းကြုတ်၊ ဟိုချုံပုတ်က၊ သစ်ကြုတ်ရုတ်ထိုက်၊ ကျားသစ်ရိုက်၍၊ တိုက်သည်ဒိန်းဒိန်း၊ ကျားကဟိန်းသော်၊ စက်ကျိန်းမသာ၊ လွန်ပူဆာခဲ့၊ နေ၀ါရီမိုက်၊ ညဥ့်ခါဆိုက်လျှင်၊ ပတ်ဝိုက်မြိုင်ခွင်၊ သောသောဖြင်မျှ၊ သမင်ကတောက်၊ ချေကဟောက်၍၊ ဆင်ပေါက်ကအော်၊ မျောက်ကဆော်လျက်၊ စိုင်ကျော်ကအူ၊ ကြံ့ကကြူမျှ၊ ဆတ်မူလည်းခုန်၊ ဒရယ်ယုန်တို့၊ ပြေးသုန်လှည့်ရစ်၊ ကျစ်ကျစ်ကရီ၊ ခြေညီတချောင်း၊ ငေါင်းကကျိုးကျည်၊ ဥဒေါင်းသည်လည်း၊ ပေါင်အောက်မြီးချပ်၊ ကြောင်က၀ပ်၍၊ တီးရှပ်လင်းကွင်း၊ နတ်စောင်းညှင်းသို့၊ ဧချင်းသံလေး၊ တျာတေးတုံလျော၊ ကြားတိုင်းမောစွ၊ မြိုင်တောစုံချောင်၊ ရန်မြေအောင်ဟု၊ ဖိုးခေါင်တောက်ကျော်၊ ကျူးရင့်ကြော်လျက်၊ ကြင်ဖေါ်တို့လေ၊ မယ်တို့လေဟု၊ ခြေခြေခြေးခြေး၊ ချစ်သံပေးသည်။ ။လွမ်းရေးနောင်ဝယ် ထင်သကား။

(ဒု) ဟေမ၀ါလျှင်၊ မြိုင်သာတောထဲ၊ စစ်လမ်းခဲဝယ်၊ တပ်ထဲဘော်က၊ ညိုလဲ့ရွကို၊ ရူတလေလိမ့်၊ တမ်းလွမ်းစိမ့်ဟု၊ သိမ့်သိမ့်သာအေး၊ မိုးသံကြွေးခဲ့၊ ဟာလေးဟေလား၊ ပျော်ပါးရင့်ရူ၊ ငှက်တို့မူလည်း၊ အတူအတူ၊ ချိုးပြာကူလျက်၊ ဗျိုင်းဖြူပျံသန်း၊ ကျီးကန်းအိုးအာ၊ သာလိကာနှင့်၊ တမာကုလား၊ ဖေါင်းကားကျေးနီ၊ ကရီကျိုးကျိန်၊ မိန်နှင့်ဘီလူး၊ တောင်စူးဘိညှပ်၊ တဖျပ်ဖျပ်တည့်၊ ငှက်စပ်ငှက်ကျား၊ ကြိုးကြာဖြူဖပ်၊ ပျားဖွပ်လိပ်ပြာ၊ ခေါက်ရှာခင်တိတ်၊ တောင်ဆိတ်သစ်မိုး၊ နနွင်းဆိုးနှင့်၊ တောရိုးမြီးသွယ်၊ ခါငယ်မြီးတုံး၊ ငုံးနှင့်ခင်ပုပ်၊ ကုပ်လုပ်ကွေးလွေး၊ ရွှေပဲထွေးတို့၊ သက်ပေးဝေနှင်း၊ တောင်ချင်းလည်ချင်း၊ မကင်းယှဉ်ဖက်၊ နွှဲကာစက်၍၊ စုံမက်ယုယ၊ အမခွံ့တုံ၊ ဖိုကငုံသို့၊ နှုတ်ဖြင့်တို့၏၊ သို့သို့လူလို၊ ချစ်ဘွယ်ကိုလျှင်၊ ထိုထိုလမ်းပါး၊ မြင်မိငြားသော်၊ သနားစဘွယ်၊ အော်သည့်နှယ်မှ၊ စံပယ်ရဘဲ၊ မယ်နှင့်ကွဲဟု၊ ၀မ်းထဲရေးရေး၊ ပူ၍ဆွေးသည်။ ။သမ်းမြှေးမောင်နှယ် ထင်သကား။

(တ) ဖွေကရှာလျှင်၊ ရှုပါလေလေ၊ မျက်ခြည်ဝေမျှ၊ ရွှေငွေမြနှယ်၊ ပင်တိုင်းခြယ်ခဲ့၊ လှယ်ပယ်တောင်မြောက်၊ ကိုင်းခက်လျှောက်လည်း၊ မျောက်လည်းခုန်တက်၊ ရှဥ့်နက်ကတုတ်၊ ၀က်လည်းရုတ်၍၊ လေသုတ်ဖြည်းသိပ်၊ သင်းလိပ်လျှပ်လျှပ်၊ သင်းခွေချပ်လည်း၊ နှုတ်စက်လှစ်ခေါ်၊ နောင့်ကိုခေါ်သည်၊ မယ်ခေါ်သည့်လား၊ ထူးယောင်မှားခဲ့၊ နားကလည်းအူ၊ ပုစဉ်းမူလည်း၊ ရှူရှူည်ရှည်၊ မြည်၍ရင်ပွင့်၊ သေဘေးသင့်၏၊ ဖွတ်နှင့်ပတတ်၊ ၀က်ကတ်တွင်းတူး၊ ဆိတ်ရူးပြင်းထန်၊ မြွေလည်းတွန်လျက်၊ မြွေပါငှက်လည်း၊ မြွေ့ထက်မြည်တွန်၊ စုံတသွန်ဝယ်၊ ပုဇွန်ဖြူလျော၊ ၀ါ,မရောသား၊ ဥဩညိုစင်၊ ကျီးများရှင်ကို၊ နားဝင်စေသော၊ မ,ကြက်တောက၊ သဘောမကွာ၊ ချစ်သံပြာနှင့်၊ ဟေလာဟေလား၊ ဟေဟေးလားတည့်၊ ဝေးလားဆိုကြ၊ ဖိုနှင့်မတို့၊ နေကြရွှင်ပျော်၊ ကျူးရစ်ကျော်က၊ မပျော်နိုင်ဘူး၊ နောင်ကိုထူးလျှင်၊ မိန်းမူးရေးရေး၊ လေချိုသွေးသည်။ ။ချမ်းအေးဆောင်းနွယ် ပင်သကား။

ပန်ကြားခြင်း။ ။ရွှေတောင်ရာဇကျော်သူ(ရွှေတောင်နန္ဒသူ?)နှင့် ပတ်သက်သောအကြောင်းအရာ၊ စာအုပ်စာတမ်းများရှိပါက ညွှန်ကြားအသိပေးကြပါရန် လေးစားစွာပန်ကြားတောင်းခံပါသည်။ ကျေးဇူးတင်ပါသည်။


Friday, September 17, 2010

လှော်ကားသုံးထောင်မှူးတောလား

(ပ) ကျူးလှတည့်လေ၊ သည်းခေါင်ဝေမျှ၊ ရေလည်းအလယ်၊ စင်ကြယ်သန့်ရှင်း၊ ပုလဲခင်းသို့၊ ဖြူဝင်းဆွတ်ဆွတ်၊ မြင့်ကျွန်းလွတ်ဝယ်၊ တွတ်တွတ်ကျာကျာ၊ ပြည်သံသာနှင့်၊ ဘာသာဆန်းပြား၊ စကားသံချို၊ လူနှယ်ဆိုလျက်၊ မယ်ညိုရေကြက်၊ ကရကွက်နှင့်၊ ဆက်ရက်ကျေးသူ၊ တောင်တောငူက၊ ဘယ်သူမလာ၊ လွမ်းဆေးရှာ၍၊ ကျူးလာသနည်း၊ အူသည်းပြောင်းညံ့၊ ဆွတ်ပျံ့မတည်၊ မူးမော်လည်မျှ၊ ရွှေရည်ဦးသစ်၊ ဇမ္ဗူရစ်သို့၊ ပျိုမြစ်အရွယ်၊ လှမျိုးကြွယ်နှင့်၊ သွယ်ဝယ်ပျူငှါ၊ ကျွမ်းစသာကို၊ ရှဲခွါခဲ့ရ၊ သံမြည်ဟသော်၊ မွေးဘမင်းချေ၊ မကြာစေနှင့်၊ ဝေေ၀တန့်ကူး၊ မကြူးမိခင်၊ ပြန်လလျှင်မူ၊ လှသွင်ငယ်ပေါင်း၊ သူကောင်းမှတ်ရန်၊ ချစ်သည်မှန်အံ့၊ ဧကန်စင်စစ်၊ မှန်သည်ဖြစ်ကို၊ စိစစ်စီလျဉ်၊ အောက်မေ့စဉ်ဝယ်၊ ရေယဉ်သည်းစွာ၊ နှစ်ဖြာဆုံလျက်၊ အလယ်ချက်ဝယ်၊ စုံဘက်အံ့ဘွယ်၊ နောင်နှယ်လကောင်း၊ ဖေါ်မပေါင်းသည်။ ။ဥဒေါင်းတလှည့် ကျူးသတည်း။

(ဒု) မြူးလှတည့်လေ၊ သင်္ကြံရေနှင့်၊ ရေလည်းချီသစ်၊ မြစ်ဧည့်ရတု၊ မြူနုဝေေ၀၊ နေသည်အုံ့ပြ၊ ငါးကြင်းကြွသော်၊ ဖြူဆွရိပ်ရိပ်၊ ကမ်းထိပ်သာမော၊ ဖြစ်လယ်ကျောဝယ်၊ သောသောကျေးငှက်၊ အုပ်ကျက်တည်ထောင်၊ ရွာအယောင်သို့၊ ယဉ်ဘောင်ရင့်ရည်၊ ပိတ်ဆီးဆည်ဝ၊ မြုံးသာချ၍၊ ကျောကပိုက်ကြီး၊ ၀ိုက်ဆီးရင်တောင်၊ ရကွင်းထောင်နှင့်၊ တန်လောင်လက်နား၊ ဆူးလည်းသား၍၊ ဆောင်းကားတန်တီ၊ တပသီနှင့်၊ ငင်ချီရကွင်း၊ ယင်းလည်းဆီးတား၊ စန္ဒားရက်တက်၊ စလက်ဖွဲ့စား၊ ကမ်းပါးစုဝင်၊ ကြိုးရင်စတောင်၊ ဆုတ်ရှောင်ရင်တွန်း၊ လက်မတန်းနှင့်၊ မီးထွန်းတင်ထိုး၊ လုပ်ရိုးတခြား၊ လက်နားဆောင်လိုက်၊ တုံးတိုက်ကြမ်းငင်၊ အမြင်ကွန်ပစ်၊ ကြွေးဟစ်ကြော်ငြာ၊ ရေမှာအလို၊ နှုတ်စောင့်ဆို၍၊ တက်ကိုချီမြှောက်၊ ခွင့်ရေးကောက်မှ၊ ရေပေါက်ကြဲဖျော်၊ စုန်ဆန်လှော်၍၊ မြော်မြော်တင့်တင့်၊ လှေနှင့်ရင့်သည်၊ မြစ်တွင်စိုးမှူး၊ ခုန်တိုင်းဦးသို့၊ သံကျူးအဲအဏ်၊ တက်ပွန်စောင်းညှင်း၊ ညခင်းနံနက်၊ တက်သက်လူးလာ၊ စီးပွားရှာ၍၊ နေချာစံလှုံ၊ ပြင်ရိပ်ခုံထက်၊ သဲပုံစေတီ၊ အညီစုဝေး၊ လှူကြီးပေးသို့၊ သုံးလေးငါးရာ၊ အုတ်အာသရဲ၊ တပွဲတပြင်၊ သည်သဘင်ကို၊ ကျွမ်းဝင်ငယ်ပေါင်း၊ သူကောင်းမင်းချေ၊ ပီလစေလော့၊ မင်းနေဌာန၊ ပြည်မရပ်သူ၊ လှမှန်ကူက၊ မှန်သမျှကို၊ ၀မ်းကတွေးငေါ်၊ အောက်မေ့သော်လည်း၊ ရွှေလှော်ရည်ကောင်း၊ မီးတွင်ပျောင်းသို့၊ ဖယောင်းနေထိ၊ မျည်းမျည်းအိမျှ၊ မျက်စိ၌တွင်၊ ရေးရေးထင်လျက်၊ မရွှင်ဗျာပါ၊ နေလှည့်ရာကို၊ အာကာတိမ်လုံး၊ မြရောင်ဖုံးလျက်၊ ချုံးလေသည်ကား၊ မြေသားခေါ်ရုပ်၊ ခံလျှင်အုပ်သို့၊ ပတ်ချုပ်ဝန်းကျင်၊ မုန်တိုင်းဆင်သည်။ ။မင်းလွင်အလှည့် မြူးသတည်း။

(တ) ထူးလှတည့်လေ၊ စုံတောခြေ၌၊ ရှာဖွေပတ်ညက်၊ တက်သက်ပျံနား၊ ၀တ်ပန်းစား၍၊ သနားစဖွယ်၊ လူသူနှယ်လျှင်၊ စင်ကြယ်သင်းချော၊ ဖြူမရောသည်၊ မည်းကြောရောင်နက်၊ ဖိတ်ဖိတ်လက်မျှ၊ ရိပ်စက်သာမော၊ ရဂုံတောဝယ်၊ ဥဩဖေါ်ကွာ၊ မ,ကိုရှာသော်၊ သည်မှာရှိဧည့်၊ မထူးလှည့်လည်း၊ သူဧည့်ဘာသာ၊ အသံနာ၍၊ လူးလာတုံ့ဖယ်၊ သွယ်လှယ်ခေါက်တင်၊ ခုထင်ခုရောက်၊ ဖူးညှောက်ညွန့်ခက်၊ ၀တ်ယက်သောက်ယူ၊ အူအူသောင်းသောင်း၊ ငှက်ပေါင်းမြူးကြ၊ နတ်လှသဘင်၊ မပြောင်းခင်ကို၊ ကျွမ်းဝင်ငယ်ပေါင်း၊ သူကောင်းမင်းချေ၊ ပီလစေလော့၊ မပြေတန်ယောင်၊ ညဥ့်သန်းခေါင်ဝယ်၊ သွေးဆောင်လေညှင်း၊ ရွှေရင်သွင်း၍၊ လွမ်းတင်တ,ဆို၊ ချော့ရောင်ပျိုနှင့်၊ တကိုယ်တည်းလျှင်၊ တူပင်မကွာ၊ စက်သောခါ၌၊ ခက်ဖြာညွန့်ညောင်း၊ နှာမောင်းကူဆိုက်၊ မည်းမိုက်သာမော၊ ရဂုံတောဝယ်၊ ဥဩဖေါ်ကွာ၊ မ,ကိုရှာသည်။ ။သည်မှာရှိဧည့် ထူးသတည်း။

ပန်ကြားခြင်း။ ။လှော်ကားသုံးထောင်မှူးခေါ်တောင်ငူန၀ဒေးနှင့်ပတ်သက်သော အကြောင်းအရာ၊ စာအုပ်စာတမ်းများရှိပါက ညွှန်ကြားအသိပေးကြစေလိုကြောင်း အနူးညွတ်ပန်းကြားအပ်ပါသည်။ ကျေးဇူးအထူးထင်ရှိပါသည်။


Thursday, September 16, 2010

န၀ဒေးကြီးတောလား (၂)

န၀ဒေးကြီးသည် သူ၏တောလားခြောက်ပုဒ်အနက် ပထမ (၃)ပုဒ်ကို အချီကွဲ+အချတူပုံစံဖြင့် တောလားပုံမြောက်ရေးသား၍ ဒုတိယ (၃)ကိုမူ အချီတူအချတူ ရတုပုံမြောက်ရေးသားထားသည်ကို တွေ့ရသည်။ ယင်းသို့ရေးသားရာဝယ် ကျေးငှက်သာရကာနှင့် တောကောင်များကို အုပ်စု (၃)ခုခွဲလျက် တစ်အုပ်စုကို ရတုတစ်ပုဒ်စီဖြင့် ချယ်သထားသည်။

ပထမအုပ်စုတွင် တောတောင်ကုန်းမြင့်မြေပြင်အသီးသီးရှိ သစ်ပင်ကြီးငယ်များ၌ နားခိုကျက်စားက သဘာဝအလျောက်မြူးပျော်နေကြသော ကျေးငှက်သာရကာတို့၏ ချစ်ကြည်နူးဟန်၊ ခွန်းဆက်သံအထွေထွေကို ရေးစပ်သီကုံးထားသည်။ ယင်းသို့ရေးစပ်ရာတွင် ကျေးငှက်တို့၏ ပျော်မြူးနေဟန်ကိုမြင်ရကာ အနေဝေးသည့်အတွက် မိမိချစ်သူသက်ထားကို လွမ်းဆွတ်တသမိကြောင်း “ရွယ်ရှိထပ်တူ၊ ကြင်သူဝေးခြား၊ ရှိသည်များကြောင့်၊ ၀မ်းပါးဘွယ်သာ” စသည်ဖြင့် သီကုံးထားသည်ကို တွေ့ရသည်။

ဒုတိယအုပ်စုတွင်မူ တောတောင်အတွင်း မြေ၀ယ်ကျက်စား ပြေးလွှားနေကြသော သားကောင်ကြီးငယ်တို့၏ ပြေးလွှားဆော့ကစားနေဟန်ကို၎င်း၊ အုပ်စုအလိုက် သွားလာလှုပ်ရှားနေကြဟန်ကို၎င်း ရေးသားကာ သားကောင်များ၏ ပျော်မြူးနေဟန်ကို မြင်ရကာ ချစ်သူသို့ လွမ်းဆွတ်လှကြောင်းကို “သက်ဝေကြင်မှတ်၊ လှသည့်နတ်ကြောင့်၊ ဆွတ်လွတ်လောင်ဆာ၊ တမ်းလှည့်ရာတွင်” စသဖြင့် ရေးစပ်ထုံးဖွဲ့ထားသည်။

တတိယအုပ်စုတွင်ကား ပထမအုပ်စုနည်းတူ ကျေးငှက်သာရကာတို့သဘာဝကို ဖေါ်ကျူးထားသော်လည်း တောတောင်များတွင်ကျက်စားတတ်သည့် ကျေးငှက်များမဟုတ်မူဘဲ မြစ်ပြင်ချောင်းကမ်း၊ နဖူးနန်းနှင့်၊ သဲခေါင်သောင်ပြင်၊ ဝေဟင်ဝဲပျံ၊ ငှက်မောင်နှံတို့၏ သဘာဝပျော်မြူးနေဟန်ကို မြင်ရစဉ် အနားမှာမရှိသော မိမိ၏ အိမ်သူသက်ထား၊ အလှနတ်ဖုရားကို လွမ်းဆွတ်လှကြောင်း “သီရိဆင်းဝါ၊ မယ် မပါ၍၊ လွမ်းတာခဲအင်၊ ရှိစဉ်တွင်ဝယ်” စသည်ဖြင့် ထုံးဖွဲ့သီချယ်ထားသည်ကို တွေ့မြင်နိုင်သည်။

သုံးပုဒ်လုံးကို အချီတူ+အချတူ ရတုပုံမြောက် စပ်ဆိုသီကုံးထားသော်လည်း တောတောင်များအတွင်း ကျက်စားလေ့ရှိသော တိရစ္ဆာန်တို့၏ သဘာဝကို ရေးစပ်ကျူးရစ်ထားသောကြောင့် တောလားဟုပင် ခေါ်ဆိုရတော့သည်။ ဤတောလားသုံးပုဒ်ရေးဟန်နှင့် အချီ+အချတူ ကာရန်ယူကာ ထပ်တူရေးဟန်တစ်မျိုးကိုလည်း နောက်ဖေါ်ပြလတံ့သော လှော်ကားသုံးထောင်မှူးတောလားများ၌ တွေ့ရလိမ့်ဦးမည်။ ဆက်လက်ရှုစားကြပါကုန်။

(ပ) ကျူးရင့်၏လေ၊ မြိုင်ရဝေက၊ စိမ်း,ရွှေ,ပြာလန်း၊ အဆန်းဆန်းနှင့်၊ ပင်နန်းခွထက်၊ လည်ချင်းယှက်၍၊ ၀ံလက်ကျေးသား၊ ဖေါင်းကား,ပိန်ညင်း၊ အောက်ချင်း,ခေါက်ရှာ၊ သာလိကာနှင့်၊ လင်းပြာလည်ပြောက်၊ သစ်တောက်,သိမ်းကျား၊ ကုလား,ဆက်ရက်၊ တောကြက်တွန်ကြော်၊ ငှက်တော်စွန်ပြောက်၊ ဗျိုင်းအောက်,ဗျိုင်းဖြူ၊ ငုံး,ငူ,ခါ,ဘုတ်၊ ၀ံထုတ်ဝံလို၊ သံချိုဥသြ၊ ချစ်ဘော်နှော၍၊ တောလည်းသာခေါင်၊ တောင်လည်းညိုရစ်၊ မြင်းလည်းသာတိ၊ တအိအိနှင့်၊ ရွယ်ရှိထပ်တူ၊ ကြင်သူဝေးခြား၊ ရှိသည်များကြောင့်၊ ၀မ်းပါးဘွယ်သာ၊ ဆုံလှည့်ရာတွင်၊ ဆည်းဆာချုပ်ည၊ မှိုင်းရီစ၌၊ ဖိုမယှဉ်ကာ၊ သိုက်နန်းသာထက်၊ သံဝါရစ်ညောင်း၊ လွန်ကြင်တောင်းသည်။ ။ဥဒေါင်းရစ်မြည် ကျူးဘိသည်။

(ဒု) မြူးလွင့်၏လေ၊ မင်းလွင်ချွေ၍၊ လေလည်းပြန်ခေါက်၊ တောင်မြောက်လှည့်သန်း၊ တ၀န်းဝန်းနှင့်၊ ပန်းလည်းခါသိ၊ ပြိုင်ကြညှိသို့၊ သက်ရှိထပ်တူ၊ ကြင်သူငြိမ့်လေး၊ စုံလည်းဝေးခဲ့၊ ကျူးအေးသာယာ၊ ချစ်ပျူဟာနှင့်၊ ခြင်းရာစီစီ၊ သံပြိုင်ညီ၍၊ ယုန်,ချီ,စိုင်,ဆတ်၊ လိပ်,ဖွတ်,ရှစ်,ပွေး၊ မြေခွေး,သမင်၊ သစ်,ဆင်,ကြံ့,ပြောင်၊ တောကြောင်,၀က်ဝံ၊ သစ်ခွံကိုချိုး၊ ၀န်တီးတိုးတို့၊ ရှုပျိုးစဘွယ်၊ အသွယ်သွယ်သည်၊ ကြီးငယ်ပတ်ကုံး၊ သားအားလုံးလည်း၊ စုရုံးမ-နှင့်၊ ပျော်ကြတင့်သား၊ လွမ်းခွင့်တိချည်း၊ အုံလှာသည်းခဲ့၊ ဘော်နည်းညွတ်ခွေ၊ ရှိရစ်လေသည်၊ သက်ဝေကြင်မှတ်၊ လှသည့်နတ်ကြောင့်၊ ဆွတ်လွတ်လောင်ဆာ၊ တမ်းလှည့်ရာတွင်၊ တိမ်ပြာယှက်သွယ်၊ ညချမ်းဝယ်၌၊ ဒရယ်သံညောင်း၊ မ-ကိုပြောင်းသည်။ ။လွမ်းကြောင်းဘွေနှည် မြူးဘိသည်။

(တ) ထူးဆင့်၏လေ၊ အထွေထွေနှင့်၊ တောခြေမြိုင်သာ၊ ဝေဆာရှုဘွယ်၊ ရေကြောင်းဝယ်လည်း၊ ယှက်သွယ်တကြောင်း၊ ၀ှန်ချောင်းမသည်း၊ ကမ်းလည်းဆင်ခြေ၊ လျောပြေစိမ်းလန်း၊ ကျွန်းလည်းဆိုင်းဆိုင်း၊ ကိုင်းနှင့်သဲဖြူ၊ ကျောက်ငူဝဲရိပ်၊ သောင်ထိပ်ပျံ့ပျူး၊ ကမ်းဦးစ၀ယ်၊ တွန်ကျယ်သံလေး၊ တအေးအေးနှင့်၊ ပဲထွေး,ဟင်းသာ၊ ကြိုးကြာ,စင်ယော်၊ ချစ်ဘော်မငြီး၊ တင်ကျီး,ရေကြက်၊ စက္က၀က်နှင့်၊ ရေငှက်,၀မ်းဘဲ၊ ယှဉ်တွဲခွေညွတ်၊ ကရကတ်လည်း၊ ချစ်မြတ်ကျူးကဲ၊ လည်ဆွဲယှက်တင်၊ စုံစုံရွှင်၍၊ သံထင်တလှစ်၊ ငါးဟစ်,၀ံဘို၊ ငှက်ညို,ငှက်ကျား၊ အပါးပါးကို၊ မျက်ဝါးရှုမိ၊ မြင်သည်ရှိက၊ သီရိဆင်းဝါ၊ မယ်မပါ၍၊ လွမ်းတာခဲအင်၊ ရှိစဉ်တွင်ဝယ်၊ လွန်းကြင်ဖိုမ၊ မှိုင်းရီစ၌၊ သံမြသာပျောင်း၊ ရင့်ရူညောင်းသည်။ ။စုပေါင်းလှည့်လည် ထူးဘိသည်။


Thursday, September 9, 2010

န၀ဒေးကြီးတောလား (၁)

မြန်မာစာပေလောကတွင် န၀ဒေးဘွဲ့ခံစာဆိုတော် (၅) ဦးရှိခဲ့ဖူးကြောင်း မှတ်တမ်းများအရသိရသည်။ ယင်းတို့မှာ----

(၁) အင်္ကုရမည်သော ဇင်းမယ်န၀ဒေး၊
(၂) လှော်ကားသုံးထောင်မှူးခေါ် တောင်ငူန၀ဒေး၊
(၃) ရွှေတောင် နန္ဒသူခေါ် စလင်းန၀ဒေး၊
(၄) ပြည် န၀ဒေးကြီ၊
(၅) ၀က်မစွတ်မြို့စား ဒုတိယန၀ဒေး တို့ပင်ဖြစ်သည်။

န၀ဒေးဟူသည်မှာ ဘုရင်ကနှင်းအပ်သော ဘွဲ့တံဆိတ်တစ်မျိုး၏ အမည်နာမဖြစ်သည်။ “စာပေဗဟုဿုတ အတတ်ပညာအမျိုးမျိုး၌ သူမတူအောင်တတ်သိနားလည်သောပုဂ္ဂိုလ်” ဟု အဓိပ္ပါယ်ရကြောင်းမှတ်သားရသည်။ “ထူးတလည်လျှင်”အစချီ အောက်ပါတောလား (ရတု) ခြောက်ပုဒ်တို့ကို စပ်ဆိုရေးသားခဲ့သောန၀ဒေးမှာ “စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာန၀ဒေး”ဟု ကျော်ကြားသော ပြည်န၀ဒေးဖြစ်ကြောင်းသိရသည်။ မြန်မာသက္ကရာဇ် (၈၉၄) တွင်နန်းတက်သော ဘုရင်နရပတိလက်ထက်တွင် ဘုရင့်ယောက်ဖတော်မင်းဘစော၏ အိမ်တော်ထိမ်းအဖြစ်အမှုထမ်းခဲ့သူဖြစ်သည်။

အင်းဝခေတ်တွင်ပေါ်ထွန်းခဲ့သော စာဆိုတော်ဖြစ်သောကြောင့် အရှင်မဟာရဋ္ဌသာရတို့နှင့် တစ်ခေတ်တည်းဖြစ်ကြောင်း မှတ်သားနိုင်သည်။ မင်းခစားယောက်ျားဖြစ်သည့်အလျောက် သခင်သွားရာနောက်ကလိုက်ပါနေရသူဖြစ်လေရာ စစ်ကိုင်းသို့ရောက်သောအခါ “ထောင်သင်းမှူး” ရာထူးဖြင့်၎င်း၊ စလင်းသို့ရောက်သောအခါ “မင်းလက်ျား” ဟူသောဘွဲ့တံဆိပ်ဖြင့်၎င်း၊ ပြည်မှာနေစဉ် “န၀ဒေး”ဟူသော စာပေပါရဂူဘွဲ့ဖြင့်၎င်း ချီးမြှင့်မြှောက်စားခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် “စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာန၀ဒေး” ဟုထင်ပေါ်ကြော်ကြားလာခဲ့သည်။ ရတုစပ်ဆိုရာတွင် ပြိုင်ဘက်ကင်းလောက်အောင် တော်တတ်ကြောင်း စာပေမှတ်တမ်းများအရ သိရသည်။ ပြည်န၀ဒေးကြီးသည် တစ်ဘက်မှ တိုင်းပြည်တာဝန်ထမ်းရင်း နှောင်းခေတ်မြန်မာစာပေလောကအတွက် အကျိုးပြုကဗျာ၊ တောလား၊ ရတုပေါင်းမြောက်များစွာကို ရေးသားသီကုံးလျက် အသက် (၉၀) အရွယ်တွင် အနိစ္စရောက်ခဲ့သည်။ (စွယ်စုံကျမ်း)

န၀ဒေးကြီး၏တောလားများသည်လည်း အရှင်ဥတ္တမကျော်၊ အရှင်မဟာရဋ္ဌသာရနှင့် အရှင်ဇယန္တာဘိဓဇတို့၏ တောလားများနည်းတူ တောတောင်များ၊ ကျေးငှက်သာရကာများနှင့် တောတွင်းတိရစ္ဆာန်တို့၏ သဘောသဘာဝတို့ကို ရတုဟန်ကွန့်လျှက် စပ်ဆိုရေးသားခဲ့သော တောလားများပင်ဖြစ်သည်။ ရတုခြောက်ပုဒ်အနက် ရှေ့(၃) ပုဒ်ကို အချီကွဲ အချတူ ပုံစံဖြင့်၎င်း၊ နောက် (၃) ပုဒ်ကို အချီတူ အချတူ ဟန်ဖြင့်၎င်း ရေးသားခဲ့သောကြောင့် တောလားသုံးပုဒ်နှင့် ရတုသုံးပုဒ်ဟုပင် ဆိုနိုင်သည်။

ကဗျာရှင်တို့၏ လက်ရာများကို လေ့လာကြည့်သောအခါ တစ်ဦး၏ကဗျာကို နောက်တစ်ဦးက အသံအားဖြင့်ဖြစ်စေ၊ စကားလုံးအားဖြင့်ဖြစ်စေ၊ အတွေးအခေါ်အားဖြင့်ဖြစ်စေ အတုယူမှီငြမ်းခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်သည်။ မည်သူက မည်သူ့ကို မှီငြမ်းသည်ဟု တစ်ထစ်ချမဆိုနိုင်သော်လည်း ယင်းတို့၏ တူညီသောပုံသဏ္ဌာန်များကြောင့် တစ်ဦး၏လက်ရာကို တစ်ဦးက အတုခိုးနည်းယူခဲ့သည်ကိုကား မငြင်းနိုင်သောအချက်ပင်ဖြစ်သည်။ ဥပမာ၊ မျောက်၊ ဒေါင်း၊ ကျား ဟူသော တိရစ္ဆာန်သုံးကောင်တို့၏ အမူအရာကို ဖေါ်ပြရာ၌---
အရှင်မဟာရဋ္ဌသာရက “မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်....ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်”ဟု၎င်း၊
အရှင်ဇယန္တာဘိဓဇက “မျောက်ကကြိုးခွေ၊ ချေကရင့်ရူ....ဒေါင်းလည်းအိုးဝေ၊ စုံမြိုင်ခြေမှာ....သံညင်းဒိန်းဒိန်း၊ ကျားဟိန်းသာရွှင်”ဟု၎င်း၊
န၀ဒေးကြီးက “ငမျောက်တွက်တွက်၊ ငမျောက်ထွက်ဟု....သံမြွက်ထွေငေါ်၊ ကျားဟိန်းဆော်က....သမင်းကတောက်၊ ဒေါင်းကငေါက်၍” ဟု၎င်း အသီးသီး ရေးသားခဲ့ကြောင်းတွေ့ရသည်။

ထို့ပြင် ကဗျာစာဆိုတို့၏ ပုံစံတူစပ်ဆိုမှုတစ်မျိုးကိုလည်း တွေ့ရှိနိုင်သည်။ ဥပမာ...ငှက်ဖိုငှက်မတို့၏ နှုတ်ခွန်းဆက်သံ အော်မည်သံကို လူတို့နှင့်နှိုင်းယှဉ်၍ဖေါ်ပြရာ၌---
အရှင်မဟာရဋ္ဌသာရက “မောင်ထွေးတို့လော၊ မယ်တို့လောဟု” ဟူ၍၎င်း၊
အရှင်ဇယန္တာဘိဓဇက “အေးငယ်တို့လား၊ မယ်တို့လားဟု” ဟူ၍၎င်း၊
န၀ဒေးကြီးက “ချစ်သည်တို့လော၊ မယ်တို့လောဟု” ဟူ၍၎င်း ရေးသားစပ်ဆိုခဲ့ကြကြောင်း တွေ့ရသည်။ ထို့ကြောင့် ယင်းပုံစံတူ ရေးသား စပ်ဆိုဟန်များက “တစ်ဦးကိုတစ်ဦးမှီငြမ်းပြုခဲ့သလော၊ သို့တည်းမဟုတ် အင်းဝခေတ်၏ အရပ်သုံးတွင်ကျယ်နေသော စပ်ဆိုဟန်တစ်မျိုးပေလော” ဟု နှောင်းလူတို့ကို အတွေးပေါက်စေနေပေတော့သည်။ သို့သော်လည်း ယင်းတောလားရတုတို့ကို ရေးစပ်ရာ၌ အရှင်နှစ်ပါးတို့က ဘုရားဖူးသွားရင်း တွေ့မြင်ကြားသိခဲ့သည်များကို သီကုံးခြင်းဖြစ်ပြီး န၀ဒေးကြီးက စစ်ချီစစ်ထွက်သွားရင်း တွေ့မြင်ကြားသိခဲ့ရသည်ကို ခံစားရေးဖွဲ့ထားခြင်းဖြစ်ကြောင်း ၎င်းတို့၏ကဗျာများတွင်ပင် တွေ့မြင်နိုင်သည်။ န၀ဒေးကြီးက စစ်ချီသွားရင်းတောလားရေးကြောင်းကို သူ၏တောလားဒုတိယအပိုဒ်အဆုံးတွင် “စစ်ခွင်လမ်းကြိုက်၊ မြင်လိုက်မိသည်” ဟု ဖွဲ့နွဲ့ခဲ့လေသည်။ ဆက်လက်ဖတ်ရှုကြပါကုန်။


(ပ) ထူးတလည်လျှင်၊ သံကျည်ဆော်နှုတ်၊ ပီစွာမှုတ်သို့၊ သစ်ကြုတ်က တိုက်၊ ကျားက ရိုက်၍၊ ပျော်ပိုက်မတည်၊ လွမ်းစိတ်သည်တွင်၊ နေခြည်ကပျောက်၊ ဆည်းဆာရောက်က၊ ငမျောက်တွက်တွက်၊ ငမျောက်ထွက်ဟု၊ သံမြွက်ထွေငေါ်၊ ကျားဟိန်းဆော်က၊ ထိုရော်မြိုင်ခွင်၊ သမင်က တောက်၊ ဒေါင်းက ငေါက်၍၊ ဟောက်သည့်ချေငယ်၊ ဒရယ်က ပြူ၊ မျောက်က အူလျက်၊ စိုင်မူဆော်သည်း၊ ဆတ်က ဟည်း၍၊ ဆင်လည်းကျည်ကျည်၊ နတ်ငြင်းသည်သို့၊ သံရှည်မတံ့၊ ထံ့တျံ့တျေးတျား၊ မကြားစဖူး၊ စိတ်ဝမ်းနူးမျှ၊ တထူးတလည်၊ တောက်ကျော်မည်လျက်၊ ချစ်သည်တို့လော၊ မယ်တို့လောဟု၊ သောသောကျူးရင့်၊ တောလုံးတင့်သည်။ ။လွမ်းခွင့်နောင်တွင်...ဖြင်သကား။



(ဒု) သာနိုးပျော်ရွှင်၊ စုံတောခွင်၌၊ စီးဆင်ချွန်းမ၊ ပြောင်မုန်ဝထက်၊ ရူတ လွမ်းရိုက်၊ အောက်မေ့ကြိုက်ဝယ်၊ တိမ်တိုက် ကသည်၊ နတ်တို့စည်လည်း၊ ကြူးမည်သံလေး၊ တခြေးခြေးတည့်၊ ဟိန်လေးရင့်ခေါ်၊ ငှက်တို့သော်လည်း၊ သံငေါ်တသီး၊ သံကြီးတထွေ၊ သံခြေညှင်းညှင်း၊ သံပျင်းသံကျော်၊ တူစုံပျော်လျက်၊ မူးမော်စုံမက်၊ လည်ချင်းယှက်၍၊ ယူယက်သည်ပို့၊ လူကဲ့သို့လျှင်၊ တချို့ခွံ့တုံ၊ တချို့တုံလည်း၊ ငုံကာထား၏၊ သနားဘွယ်မှု၊ တခုလည်တွင်၊ တခုတင်လျက်၊ စစ်ခွင်လမ်းကြိုက်၊ မြင်မိလိုက်သည်။ ။လူနှိုက်တူပင်...ထင်သကား။


(တ) တဖြည်းပျံ့ပျံ့၊ တောလုံးနှံ့မျှ၊ ရနံ့ကြိုင်ပေါက်၊ ကိုင်းခက်လျှောက်လျက်၊ မျောက်က၀ူးဝုတ်၊ ရှဥ့်ကတုတ်၍၊ လေသုတ်ဖြည်းညှင်း၊ အောက်ချင်းရှင်းရှင်း၊ ပုစဉ်းကျာကျာ၊ ကျီးနက်အာက၊ သံသာသြဥ၊ ဆွေမယ်စောတို့၊ ကြက်တောသံလေး၊ မ-သံပေးလျက်၊ ခြေးခြေးမည်နှုတ်၊ တီတီတုတ်နှင့်၊ ဘုတ်က အိန့်ဟူ၊ ဂျိုးက ကူ၍၊ တ-ရူညွတ်ပြောင်း၊ မလွမ်းတောင်းတည့်၊ ၀က်ထောင်းစွယ်ထွက်၊ မြည်သံဝှက်နှင့်၊ ကျူးလျက်သံသာ၊ မြိုင်ခန်းဝါ၀ယ်၊ ဟိန်ဇာဟာလေး၊ ဟိန်ဇာလေးဟု၊ ဟိန်လေးလွှင့်သည်၊ အမမြည်က၊ မတည်ဗျာပါ၊ နောင့်တူသာလျှင်၊ သီတာချောင်းကမ်း၊ လေချိုဆမ်းသည်။ ။အလွမ်းပြည်ဖြင်...မြင်သကား။

မှတ်ချက်။ ။ဓာတ်ပုံများကို အွန်လိုင်းမှ ကူးယူဖေါ်ပြအပ်ပါကြောင်း။


Wednesday, September 8, 2010

အရှင်ဇယန္တာဘိဓဇ တောလား


အရှင်ဇယန္တာဘိဓဇ၏ တောလားများသည် တောတောင်တို့၏ သဘာဝအလှအပကို အရှင်ဥတ္တမကျော်နှင့် အရှင်မဟာရဋ္ဌသာရတို့နည်းတူ ရေးစပ်သီကုံးထားကြောင်းတွေ့ရသည်။ ယင်းသို့ရေးစပ်ထားရာ၌ ကျေးငှက်သာရကာတို့၏ အော်မည်သံအမျိုးမျိုးကို လူတို့ခံစားနိုင်သောနည်းလမ်းဖြင့် ဖွဲ့သီထားကြောင်း တွေ့မြင်နိုင်သည်။ သို့ရာတွင် အချို့ပိုဒ်များ၌ အရှင်မဟာရဋ္ဌသာရ၏ ရေးဟန်များရောနှောလျှက်ပါဝင်နေသောကြောင့် အရှင်မဟာရဋ္ဌသာရ၏ တောလားများသည် အရှင်ဇယန္တာဘိဓဇအပေါ် သြဇာလွှမ်းမိုးမှုရှိကြောင်းကိုလည်း ရိပ်စားမိနိုင်သည်။



ဥပမာအားဖြင့် အရှင်မဟာရဋ္ဌသာရကိုယ်တော်ရှင်က ၎င်း၏တောလား ဒုတိယပိုဒ်တွင် “မောင်ထွေးတို့လော၊ မယ်တို့လောဟု”ဟူ၍ ရေးသားခဲ့သည်ကို အရှင်ဇယန္တာဘိဓဇက သူ၏တောလား တတိယပိုဒ်တွင် “မောင်မယ်တို့လေး၊ မယ်တို့အေးဟု” ဟူ၍၎င်း၊ အရှင်မဟာရဋ္ဌသာရက သူ၏တောလား တတိယပိုဒ်တွင် “မျောက်ကကြိုးခွေ၊ ဒေါင်အိုးဝေနှင့်၊ သံခြေကြွေးကြော်၊ ဖို-မ ခေါ်လျှက်” ဟုရေးစပ်ခဲ့သည်ကို အရှင်ဇယန္တာဘိဓဇက ၎င်း၏ တောလားများကို အပိုဒ်ခွဲခြားကာ ပထမပိုဒ်တွင် “မျောက်ကကြိုးခွေ၊ ချေကရင့်ရူ” ဟူ၍၎င်း၊ ဒုတိယပိုဒ်တွင် “ဒေါင်းလည်းအိုးဝေ၊ စုံမြိုင်ခြေမှာ” ဟူ၍၎င်း ရေးသားစပ်ဆိုတော်မူခဲ့သည်ကို တွေ့ရသည်။ထို့ပြင်လည်း ကာရန်ယူရာတွင် အရှင်မဟာရဋ္ဌသာရက သူ၏တောလားတတိယပိုဒ်တွင် “ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်၊ သစ်ကျုတ်ပြေးလွှား” ဟုရေးသားခဲ့သည်ကို အရှင်ဇယန္တာဘိဓဇက ၎င်း၏တောလားပထမပိုဒ်တွင် “၀က်လည်းရုတ်ရုတ်၊ ရှဥ့်ကတုတ်လျှက်၊ သစ်ကျုတ်ကျားမင်း၊ သံညင်းဒိန်းဒိန်း” ဟူ၍ အရှင်မဟာရဋ္ဌသာရ၏ ”ဥတ်ကာရန်”ကို အတုခိုးကာ စပ်ဆိုတော်ခဲ့ကြောင်း ခန့်မှန်းနိုင်သည်။

သို့ရာတွင် အရှင်မဟာရဋ္ဌသာရက သူ၏ရေးဟန်ကို တောလားပုံမြောက်အောင် အချီအချ ကာရန်မယူပဲ အချပိုဒ်များကိုသာ “မဂ်ဖိုလ်နိဗ္ဗာန် စူးစူးတည်း၊ တောကြက်တွန်သံ မြူးမြူးတည်း၊ လေပြည်ပျံ့ပျံ့ ပျူးပျူးတည်း၊ စိတ်ကရောက်ချင် ရူးရူးတည်း”ဟု ကာရန်တူစေလျှက် စပ်ဆိုတော်မူခဲ့သော်လည်း အရှင်ဇယန္တာဘိဓဇက သူ၏တောလား (၃)ပိုဒ်လုံးကို “ကြူးဓွန့်ရှည်၍....ပျော်မြူးရဂုံပေတကား”ဟူ၍၎င်း၊ “ဖူးညွန့်စည်၍....ခေါ်ထူးအစုံပေတကား”ဟူ၍၎င်း၊ “ကျူးကွန့်မည်၍....မြော်ဘူးမကြုံလေတကား”ဟူ၍၎င်း ရတုရေးဟန်ဖြင့် ဖွဲ့နွဲ့သီကုံးထားသည်ကို သတိပြုမိနိုင်သည်။ ယင်းသို့အားဖြင့် တောလားကို အချီအချကာရန်တူစေလျှက် ရေးသားထားသော အဖွဲ့အနွဲ့ကြောင့် တောလားခေတ်နှင့် ရတုခေတ်နှစ်ခုတို့၏ စပ်ကူးမတ်ကူးကာလကို ဖေါ်ညွှန်းခဲ့လေသလောဟု တွေးတောယူဆမိသည်။ အရှင်ဇယန္တာဘိဓဇ၏ တောလားများကို ဆက်လက်၍ ရှုစားကြပါကုန်....။



(ပ) ကြူးဓွန့်ရှည်၍၊ ရေကြည်ပတ်ယှက်၊ သည်မြိုင်ချက်မှာ၊ ကြင်ဘက်မပါ၊ နောင်တည်းသာလျှင်၊ ရှုရာသွယ်သွယ်၊ စိတ်ဝမ်းငယ်မျှ၊ သွတ်လှယ်တုံ့ခေါက်၊ ကိုင်းခက်လျှောက်လျက်၊ မျောက်ကကြိုးခွေ၊ ချေကရင့်ရူ၊ ဖြူကကျော်သည်း၊ ဆင်ပြောင်ဟည်း၍၊ ၀က်လည်းရုတ်ရုတ်၊ ရှဥ့်ကတုန့်လျက်၊ သစ်ကြုတ်ကျားမင်း၊ သံညင်းဒိန်းဒိန်း၊ ကျားဟိန်းသာရွှင်၊ သမင်ကတစ်၊ ယုန်ကျစ်ကျစ်နှင့်၊ ထစ်သည့်ဆတ်စိုင်၊ မြိုင်ကအေး၍၊ လွမ်းရေးသွယ်ပုံ၊ သာခန်းစုံမှာ၊ မကြုံလှည့်ဘူး၊ ထွေဆန်းထူးသည်။ ။ပျော်မြူးရဂုံပေတကား။



(ဒု) ဖူးညွန့်စည်၍၊ မြရည်အဟန်၊ မြိုင်တောဌာန်၌၊ နွေသန်မြိတ်တွင်း၊ ပန်းသင်းသင်းနှင့်၊ ညှင်းညှင်းလေပြည်၊ ဆီးကြည်ကြည်မှာ၊ ရွှေရည်ရစ်နွှဲ၊ တသဲသဲတည့်၊ ၀ဲကာမြူး၍၊ ကြူးလှည့်သောသော၊ ရွှေဥသြနှင့်၊ ကြက်တောကျော်ကျော်၊ ဖိုမခေါ်လျက်၊ ငှက်တော်ကျည်ကျည်၊ ခေါက်ရှည်မြည်က၊ ရွှေပြည်စိုးတည့်၊ သာနိုး၏ဟု၊ ကိုယ့်မည့်မီမီ၊ ငှက်ဇီဝဇိုဝ်း၊ တောလျှိုးသံကြီး၊ ကျီးကအိုးအာ၊ လင်းပြာညည်းညည်း၊ တချည်းချည်းနှင့်၊ ဒေါင်းလည်းအိုးဝေ၊ စုံမြိုင်ခြေမှာ၊ တျာတေသံလေး၊ ရင့်ကာကြွေးလျက်၊ အေးငယ်တို့လား၊ မယ်တို့လားဟု၊ သာဖြားသွေးချို၊ ချစ်ဘွယ်ဆို၍၊ နှစ်ကိုယ်ယှဉ်ပူး၊ ရွှင်ကြည်မြူးသည်။ ။ခေါ်ထူးအစုံပေတကား။



(တ) ကျူးကွန့်မည်၍၊ မိုးစည်ညုန်းညုန်း၊ တအုန်းအုန်းတည့်၊ ထစ်ချုန်းပတ်ခြိမ့်၊ တနိမ့်နိမ့်လျှင်၊ ယိုလိမ့်ဘနန်း၊ သက်တင်ရန်းလည်း၊ နီမြန်းစွေးစွေး၊ ပိုက်ကာကွေးလျက်၊ ဒွေးဘော်စုံနှော၊ စုံခြေတောသို့၊ ရွက်ကြောညှာနု၊ ခါမလုဘဲ၊ ရတုဆန်းထွေ၊ စန်းရေကျောက်စက်၊ စိမ့်သွက်သွက်တည့်၊ ဧမြက်ကြည်ကြည်၊ နတ်ဆည်ကန်ဝှမ်း၊ စုံရိပ်ချမ်းဝယ်၊ တမ်းလွမ်းဘွယ်ပေ၊ မျက်ခြည်ဝေမျှ၊ ချိုလေခြည်နှော၊ ဝေရီရောလျက်၊ တောလည်းသာထွေ၊ ရေလည်းသာခေါင်၊ တောင်လည်းသာဆန်း၊ ပန်းလည်းမွှေးမွှေး၊ ငှက်ကျေးစုံတူ၊ တအူအူနှင့်၊ ရင့်ရူရုန်းရုန်း၊ ပိတုန်းဝဲကွန့်၊ မြိုင်ယံဝှန့်တွင်၊ ညှာညွတ်သွယ်သွယ်၊ ၀တ်ရက်သွယ်၍၊ မောင်မယ်တို့လေး၊ မယ်တို့အေးဟု၊ ဟာလေးဟေလာ၊ ချစ်ပျူငှါနှင့်၊ ထွေရာဆန်းပြား၊ မြင်လှည့်ငြားက၊ ၀မ်းပါးကြည်နူး၊ ဆွတ်ပျံ့ပျူးသည်။ ။မြော်ဘူးမကြုံလေတကား။

မှတ်ချက်။ ။ဓာတ်ပုံများကို အွန်လိုင်းမှ ယူထားပါကြောင်း။

Monday, September 6, 2010

ဆရာတော်ဦးဗုဒ်၏ ရွှေစက်တော်သွားတောလား

အောက်ပါတောလား (၃)ပုဒ်ကို ဆရာတော်ဦးဗုဒ်သည် သူ၏မွေးဖွါးရာဇာတိဖြစ်သော ညောင်ကန်ရွာမှ သက္ကရာဇ် (၁၁၈၂)-ခုနှစ်တွင် ရွှေစက်တော်သို့ အဖူးအမျှော်ကြွရောက်စဉ်က ရေးသားသီကုံး စပ်ဆိုတော်မူခဲ့ကြောင်းမှတ်တမ်းပြုထားသည်။ ဆရာတော်ဦးဗုဒ်သည် ဥပေက္ခာအလွန်ကြီးမားတော်မူသော ဆရာတော်တစ်ပါးဖြစ်ကြောင်း စာများကဆိုသည်။ မွေးသဖခင်ကြီးလာရောက်တွေ့ဆုံသည်ကိုပင် လက်ခံတွေ့ဆုံခြင်းမပြု၊ လျှစ်လျူရှုလျှက် မိမိဝါသနာပါရာ စာပေကိုသာ အစဉ်ကျိုးကုတ်အားထုတ်တော်မူသဖြင့် ဖခင်ကြီးက ရင်နာနာဖြင့် လာရာလမ်းသို့ လှည့်ပြန်သွားခဲ့ရသည်ဟူ၏။ အုဌ်ကျောင်းဒါယိကာမကြီး နန်းမတော်မယ်နုကိုပင် သေဒဏ်အပေးခံရခါနီးတွင်မှ “သူ့ဝဋ်ကျွေးရှိရင် ဆပ်လိုက်” ဟူသောစကားမျှကိုသာ နှစ်သိမ့်မိန့်ကြားခဲ့သော ဆရာတော်တစ်ပါးဖြစ်သည်။

သို့ကလောက် ဥပေက္ခာပြုနိုင်လွန်းသော ဆရာတော်သည် တောတောင်သဘာဝတို့၏ အလှအပကို မည်ကဲ့သို့ ခံစား၍ တောလားများကို ရေးသားစပ်ဆိုလေသနည်း။ ရှင်ဥတ္တမကျော်၊ ရှင်မဟာရဋ္ဌသာရတို့ကဲ့သို့ ဖို-မ တွန်သံများကို အာရုံခံစားကာ ရေးသားခဲ့ပါသလော။ ဆရာတော်သည် သူ၏တောလားများကို အထက်ပါ အရှင်နှစ်ပါးနှင့် မတူကွဲပြားစွာ စပ်ဆိုသီကုံးခဲ့ကြောင်း အောက်ပါလက်ရာများက ညွှန်းလျှက်ရှိလေပြီ။ ဆရာတော်၏ တောလားများသည် “တောလား”ဆိုသော်လည်း တောတောင်၏ အရိပ်အရောင်မျှကိုပင် ထည့်သွင်းစပ်ဆိုခြင်းမပြုဘဲ၊ ဘုရားဖူးသွားရာခရီးစဉ်ကိုသာ ဦးစားပေးရေးဖွဲ့ထားလေရာ “တောလား”နှင့်မတူပဲ ခရီးသွားမှတ်တမ်းနှင့်သာ တူချေတော့သည်။ ရှုစားကြပါကုန်။



(ပ) ရွှေစက်နှစ်တည်၊ ဖူးအံ့ရည်၍၊ ရှည်သက္ကရာဇ်၊ ထောင်ရာရှစ်ဆယ်၊ စွန်းကယ်နှစ်နှစ်၊ သရစ်မာသ၊ ပုဏ္ဏမ၀ယ်၊ ဗုဒ္ဓနေ့တွင်၊ ပုတလင်မှ၊ ထွက်ခဲ့ကြွသော်၊ စုံလှဈေးနာ၊ မိုရွာမြစ်စုတ်၊ ပခုက္ကူမည်၊ ပုဂံပြည်နှင့်၊ ဤသည်ရပ်များ၊ ညဥ့်တန့်နားမှ၊ ညောင်လှယသာ၊ နောက်ဖက်မှာကား၊ ကမ်းနားမည်ခံ၊ ကြွပုဂံရွာ၊ ဆိတ်ဖြူရွာနှင့်၊ ရှေ့မှာစဥ့်ကူ၊ ရွာမူပျဉ်းမ၊ ယင်းအောက်ကတွင်၊ ဆီးချိုပင်တည့်၊ မွမ်းဖြင်ဗိုလ်ခြေ၊ စလေတသွယ်၊ ပုခန်းငယ်ဆိပ်၊ ညဥ့်အိပ်ခဲ့ထွေ၊ ဆူးလေကုန်းဟူ၊ တောင်ပလူရွာ၊ မဲရွာခေါ်ရှောင်း၊ ငမွဲချောင်းနှင့်၊ ကျော်သောင်းကျောက်ရဲ၊ တကွဲဆားလယ်၊ တသွယ်ပင်းချောင်း၊ ဖေါင်းကတောရွာ၊ ကြေညာဝှန်ခြောင်း၊ ရေနံချောင်းက၊ ညောင်လှဆားကိုင်၊ ရိပ်မြိုင်ပြည့်သိပ်၊ ရုံးပင်ဆိပ်က၊ သာလှတုလွတ်၊ ၀က်မစွတ်မြေ၊ တညဥ့်နေ၍၊ စီးလှေဆိုက်ခါ၊ တက်သွားပါသော်၊ စဉ်လာခေါ်နုန်း၊ ဆယ်မုန်းပျော်ဖွယ်၊ လေကွယ်ပေါင်းငူ၊ လှိုက်ဆူကျောက်သံ၊ ကျောက်စံခေါ်ငြား၊ ကာလပါးနှင့်၊ ထူးပြားကွဲလွဲ၊ ကျွဲတဲညောင်ကိုင်း၊ စဉ်တိုင်းမျှော်ရှု၊ စကုတသင်း၊ ချင်းကုန်းတချက်၊ မယှက်တဆူး၊ ဖြူကုန်းတရွာ၊ ခွန်သာတသီး၊ ရုံးကြီးတောခေါ်၊ ဆယ်တော်မည်တွင်၊ တည်ပင်လုပ်ဆေး၊ မဝေးစပ်ကာ၊ ကင်ပိန့်ရွာတည့်၊ ချင့်တာမြောက်များ၊ ဆယ်ငါးယူဇနာ၊ သင်္ချာတွက်ပေါင်း၊ ကိုးသောင်းကျော်စင်၊ လွန်ခဲ့ကျင်၍၊ ကြည်ရွှင်ကော်ရော်၊ ဖူးရမြော်သည်။ စက်တော်မြတ် နှစ်ဆူကိုကား။



(ဒု) စက်တော်ကသည်၊ ပြန်ခဲ့လည်၍၊ ဘုန်းစည်ကိန်းအောင်း၊ ရာတော်ကျောင်းသို့၊ ပြောင်းခဲ့တုံခေါက်၊ စုံတလျှောက်ဝယ်၊ ချင့်ထောက်တိုင်ကွာ၊ ကင်ပိန့်ရွာနှင့်၊ တာပြန်ထောင်ပေါင်း၊ လုပ်ဆေးချောင်းတွင်၊ တည်ပင်စခန်း၊ ချင့်မှန်းတိုင်ကျော်၊ ဆယ်တော်တသီး၊ ရုံးကြီးတောစွန်၊ တတိုင်မှန်တွင်၊ ခွန်သာခေါ်နုန်း၊ ဖြူကုန်းမြောက်စောင်း၊ တာထောင်ပေါင်းတွင်၊ ရွှေကျောင်းမည်သာ၊ ချင်းကုန်းရွာက၊ တိုင်ကွာမမှား၊ ပန်းလွှားရွာထက်၊ တညဥ့်စက်မှ၊ ထွက်ခဲ့တခါ၊ ကမဲ့ရွာနှင့်၊ တာနှစ်တိုင်တွင်း၊ မဲရင်းတဆစ်၊ ၀ါးသစ်တဆိုင်း၊ တာထောင်ပိုင်းတွင်၊ လယ်ကိုင်းရှေ့မြောက်၊ နှစ်တိုင်လောက်ဝယ်၊ ပယ်ဖျောက်မိုက်မှောင်၊ ခြောက်သွယ်ရောင်ဖြင့်၊ အထောင်နေ့တွင်၊ ယိုးမှားထင်သည်။ ရှင်ပင်ကျောင်းတော်ရာကိုကား။



(တ) ကျောင်းတော်ရာတွင်၊ ယင်းရှင်ပင်ကို၊ ကြည်လင်ညွတ်နူး၊ တညဥ့်ဖူးမှ၊ ပြန်ခဲ့ကြွသော်၊ ရှေးကသညာ၊ ကျမ်းအလာမူ၊ သုပ္ပါဒက၊ ခုမှတခါ၊ သစ်တော်ရွာဟု၊ သညာမည်ခံ၊ သမင်ခြံရွာ၊ ညောင်ချစ်ရွာနှင့်၊ သာယာဆန်းထူး၊ ကျွန်းဦးမည်သာ၊ ညောင်ချုံရွာက၊ ရွာတော်မည်နှုန်း၊ ထနောင်းကုန်းတွင်၊ နှစ်တိုင်လျှင်တည့်၊ ထို့ပြင်တထောက်၊ သုံးထောင်လောက်တွင်၊ ထက်အောက်ဌာန၊ ကျော်ပေါက်ပြသည်။ သာလှဝက်မစွက်ကိုကား။

မှတ်ချက်။ ။ ဓာတ်ပုံများကို အွန်လိုင်းမှ ယူထားခြင်းဖြစ်ပါကြောင်း။


အရှင်မဟာရဋ္ဌသာရ၏ ရွှေစက်တော်သွားတောလား


(ပ) အောင်ဇေယျတု၊ ကျမ်းဂန်ရှု၍၊ ဂမုဓာတ်ရ၊ ဓာတွတ္ထဖြင့်၊ ဂမနသဒ္ဒါ၊ ကြောင်းချင်းရာကို၊ လင်္ကာကုံးသီ၊ လမ်းစဉ်စီအံ့၊ ရောင်ညီလေးဦး၊ ဖြစ်ခဲ့ထူးတွင်၊ တောင်ကျူးလက်ျာ၊ ဒက္ခိဏာဟု၊ ဒီပါကျွန်းမြတ်၊ မိုးနတ်ဣန္ဒာ၊ မြောက်မှာကျွန်းသူ၊ မတူကြငြား၊ ဘုရားမြတ်စွာ၊ စကြာစိုးရ၊ သည်ကဖြစ်ပေ၊ သန္ဓေတည်ကြည်၊ ကောင်းညွန့်စည်လျက်၊ နတ်ပြည်နိဗ္ဗာန်၊ ကူးဆိပ်မှန်ဟု၊ ဘုန်းသန်သကျ၊ မုနိန္ဒလျင်၊ ရွှင်ပျကြည်ဖြူ၊ ဟောတော်မူသည်၊ လေးဆူကျွန်းမြတ်၊ ဘုန်းထွတ်သီရိ၊ တမ္ပဒိထက်၊ ကျော်သိထင်ရှား၊ ကျေးဇူးများ၏၊ နဂါးမုဆိုး၊ ရိုကျိုးတောင်းပန်၊ ပူဇော်ရန်ဟု၊ နမ္မဒါနား၊ ရာ့တစ်ပါးနှင့်၊ တောင်ဖျားကျောက်ထိပ်၊ နင်းနှိပ်ရာတော်၊ နှစ်ဘော်ရွှေစက်၊ ရောက်ပြိုးပြက်သည်။ ။ဖိုလ်မဂ်နိဗ္ဗာန် စူးစူးတည်း။



(ဒု) စူးစူးနိဗ္ဗာန်၊ ရောက်မည်မှန်၍၊ ဧကန်တဆော၊ ယာယီကြောကို၊ သဘောစိုက်စိုက်၊ လမ်းရိုးလိုက်သော်၊ တောရိုက်ကမ်းဆင်း၊ ကုန်းကျင်းချောင်းမြောင်၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေနှင့်၊ ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ခက်ချင်းခိုက်ထိ၊ စောင်းကြိုးညှိသို့၊ နှမိနှမြော၊ လွမ်းဘွယ်ပေါစွာ့၊ တောင်တောဝန်းကျင်၊ သို့ရာတွင်မူ၊ အကြင်တောင်သူ၊ လွမ်းစေဟူသို့၊ လျံဆူထွေပြား၊ ငှက်အများလည်း၊ ပျားသို့ချိုအေး၊ ရင်ရူကြွေးလျက်၊ မောင်ထွေးတို့လော၊ မယ်တို့လောဟု၊ သဘောနှုတ်ဆက်၊ မေးကြလျက်တည့်၊ လင်းဝက်တောလျှိုး၊ ဥချိုးငှက်ပျင်း၊ ပြေးဆင်းငှက်ခါး၊ သစ်ပင်ဖျားက၊ သိန်းကျားစွန်ရဲ၊ လင်းမြီးဆွဲလည်း၊ ကြဲကြဲစစ်စစ်၊ မြည်ကျစ်ထိုးဆွပ်၊ မြေ၀ပ်ဘီလုံး၊ ပြေးတုံးအနီး၊ တောသူဘီးလည်း၊ မြေကြီးနိမ့်မြင့်၊ ပျံအားတင့်ရှင့်၊ ဘော်နှင့်မကွာ၊ ချစ်လျှာမလျော့၊ သံသော့သော့နှင့်၊ ဆော့သည့်နှုတ်သီး၊ မြိုင်တောကျီးလည်း၊ သံကြီးအာအာ၊ ခါကတုတ်တုတ်၊ ရှဉ်စုတ်စုတ်နှင့်၊ ဘုတ်ကငြိမ့်ငြိမ့်၊ တအိမ့်အိမ့်လျှင်၊ သိမ့်သိမ့်တောလုံး၊ သံပေါင်းရုံး၍၊ ပတ်ကုံးမြိုင်နက်၊ အုတ်ကျက်ကျက်သည်။ တောကြက်တွန်သံ မြူးမြူးတည်း။


(တ) တောကြက်တွန်မြူး၊ ကျေးငှက်ကျူး၍၊ သံကြူးမြည်စည်၊ စက်ရိပ်လည်၍၊ နေခြည်ဝင်မြောက်၊ ဆည်းဆာရောက်သော်၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်၊ သံခြေကြွေးကြော်၊ ဖို-မခေါ်လျက်၊ တောက်ကျော်တွန်သွား၊ ငှက်ငနွားလည်း၊ တောဖျားမြိုင်ချောက်၊ ပင်ရိပ်အောက်တွင်၊ သေသောက်ကြူးငှက်၊ သေသောလျက်တည့်၊ တောင်ထက်ကျူးမြည်၊ ၀န်တင်သည်လည်း၊ ထိုးမည်စောင်စောင်၊ တောကောင်ပျော်မွေ့၊ ဓလေ့ဖိုးခေါင်၊ ခေါ်ယောင်ဖန်များ၊ တောလုံးကြားအောင်၊ ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်၊ သစ်ကျူတ်ပြေးလွှား၊ ကြောင်ပါးပြေးခုန်၊ ဆွေ့ဟုန်ပြေးသန်း၊ နွယ်တန်းကိုင်လျှောက်၊ သစ်တောက်ငှက်တော်၊ သံကျော်ဆက်ရက်၊ မြီးဆက်ဖားဖား၊ ခွေးကျားခွေးရွှေ၊ ၀ံပုလွေနှင့်၊ ချေကလည်းဟောက်၊ တောက်သည့်သမင်၊ တောဝန်းကျင်၌၊ ဆင်ကကျိုးကျည်၊ ပျော်ဘွယ်စည်သည်။ လေပြည်ပျံ့ပျံ့ ပျူးပျူးတည်း။



(စ) ပျံ့ပျူးလေပြည်၊ အလွမ်းစည်လျက်၊ လမ်းစည်ဆက်သော်၊ ချိုးငှက်လည်ပြောက်၊ ကျွမ်းဘော်ပျောက်သို့၊ နားထောက်ကွန့်မြူး၊ သံပြိုင်ကျူးလျက်၊ တစ်ဦးတိုက်က၊ တစ်ဦးချ၍၊ ဖိုမလင်းပြာ၊ တွန်သံသာနှင့်၊ ဆပ်ပြာစမ်းတွင်၊ တွေ့ကြိမ်မြင်သော်၊ စုံလင်ဖိုမ၊ နိမိတ်ပြ၏၊ ဉာဏက၀ိ၊ ပဏ္ဍိတစစ်၊ ငါတည်းဖြစ်မူ၊ အနှစ်သာရ၊ သုံးဘုံမျှ၏၊ အစအလယ်၊ အဆုံးဝယ်၌၊ ဓိပ္ပါယ်ကျွမ်းသိ၊ မှတ်သားမိလျက်၊ ဇာတိလိုက်လျော်၊ ချိုးနှစ်ဖော်မူ၊ ရွှင်ပျော်အမြဲ၊ လည်ချင်းတွဲ၍၊ မကွဲတူကွ၊ နေသည်ဆသော်၊ ကာမလူ့ဘောင်၊ မရှောင်နိုင်ချေ၊ ညာကြေကျော်စော၊ သဘောစင်စစ်၊ ရှင်၏ဖြစ်မှ၊ တဆစ်လူ့ခွင်၊ ၀င်လ-ဦးမည်၊ ချစ်ကြည်မျိုးနွယ်၊ ဥစ္စာကြွယ်သည်၊ လူဝယ်လူကောင်း၊ အကြောင်းရုံးစည်း၊ ဖြစ်မည်တည်းဟု၊ စနည်းနိမိတ်၊ ချိုး၏ဟိတ်ကို၊ တိတ်တိတ်မှတ်ယူ၊ နှလုံးမူလျက်၊ မပူမဆာ၊ ရေသီတာသို့၊ မျက်နှာရွှင်လန်း၊ မပန်းမညှိုး၊ အင်အားကြိုးလျက်၊ အကျိုးရှိမည်၊ မကြည်စိတ်မှုန်း၊ တစ်ကုန်းဆင်းသက်၊ တစ်ကုန်းတက်၍၊ မြိုင်နက်သာမော၊ စုံတကြော၌၊ တစ်တောထွက်ဝင်၊ တစ်တောမြင်နှင့်၊ တစ်ပင်ရိပ်နား၊ တစ်ပင်သွားသော်၊ တောဖျားမြိုင်နက်၊ လမ်းချက်စူးစမ်း၊ ရိပ်ဖမ်းဆွေးနွေး၊ ဘထွေးတစ်ယောက်၊ ရဲခေါင်မြောက်နှင့်၊ ချစ်ရောက်လည်သီး၊ ဦးရည်းတလည်၊ ချစ်ကြည်မြတ်လေး၊ လုပ်ကျွေးမ-စ၊ ညွှန်ပြလမ်းရိုး၊ တောင်နှယ်ကိုး၍၊ ချုပ်မိုးရီည၊ သွားကုန်ကြသည်။ စိတ်ကရောက်ချင် ရူးရူးတည်း။

မှတ်ချက်။ ။ မြန်မာသက္ကရာဇ် (၁၃၂၉)၊ သာသနာနှစ် (၂၅၁၁)၊ ခရစ်နှစ် (၁၉၆၇)ခု၊ ရန်ကုန်မြို့၊ ဟံသာဝတီပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သော “ရှင်ဥတ္တကျော်၊ ရှင်မဟာရဋ္ဌသာရ တောလားများနှင့် အခြားတေားလား၊ ရေလားများ” စာအုပ်မှ ကူးယူဝေငှ ဖေါ်ပြအပ်ပါကြောင်း။ ဓာတ်ပုံများကို အွန်လိုင်းမှ ရယူထားခြင်းဖြစ်သည်။


Sunday, September 5, 2010

တောလား+ရေလားမိတ်ဆက်


ဒီတစ်ခေါက်မြန်မာပြည်ကို ပြန်ရောက်စဉ်က ရန်ကုန်မြို့ရှိဘုရားများဆီ လှည့်လည်ဖူးမျှော်ရင်း ဘုရားစောင်းတန်းတွေမှာရှိတဲ့ စာအုပ်ဆိုင်ကြီး၊ ဆိုင်လေးတွေဆီလည်း ရောက်ဖြစ်ခဲ့သည်။ ကမ္ဘာအေးဘုရားစောင်းတန်းရောက်သောအခါ မိတ်ဆွေတစ်ယောက်၏ စာအုပ်ဆိုင်တွင် “တောလားနှင့်ရေလားများ” ဟုခေါင်းစဉ်တပ်ထားသော ရှားပါးစာအုပ်ငယ်တစ်အုပ်ကို ကံကောင်းထောက်မစွာတွေ့ရသဖြင့် ကျသင့်ရာဈေးပေးကာ ၀ယ်ခဲ့သည်။ ရွှေကျင်ရင်း စိန်ခဲတွေ့သူပမာ လွန်စွာပင် ၀မ်းသာမိတော့သည်။ သို့သော်လည်း----

“ဒုလ္လဘံ အစ္ဆရိယံ ၀ါ၊ လဒ္ဓါ ဒိဋ္ဌာ စ ဧကဒါ။
ပိယာ ပိယံ နုဿရန္တိ၊ သာယံ လောကမှိ ဓမ္မတာ”။
(တရံတခါ ရခဲသောပစ္စည်းကို ရရှိသောအခါမှာဖြစ်စေ၊ မြင်ရခဲသောအရာကို မြင်မိသောအခါမှာဖြစ်စေ၊ ကိုယ့်ချစ်သူများကို အောင့်မေ့အမှတ်တရရှိခြင်းသည် လောက၏ သဘောပင်ဖြစ်သည်။) ဟူသကဲ့သို့ ရှားပါးသော တောလား+ရေလားများကို လက်ဝယ်ပိုင်ဆိုင်မိသောအခါ မြန်မာစာပေ၏ရသကို တစ်ဦးတည်း မခံစားလိုရကား အွန်လိုင်းပေါ်မှ မြန်မာစာချစ်ပရိသတ်ကိုလည်း ဝေငှလိုစိတ်ဖြစ်ပေါ်လာခဲ့ရသည်။ ထို့ကြောင့် ယင်းစာအုပ်ကို အပင်ပန်းခံကာ တစ်နေ့တစ်နေ့ နိုင်သလောက် တင်ပေးသွားမည်ဟူသော စိတ်ကူးဖြင့် စတင်ရိုက်ဖြစ်ပါတော့သည်။

အခြေအနေအရ သူများနိုင်ငံမှာ နေရသော်လည်း မြန်မာစာပေကို နှစ်သက်မြတ်နိုးတတ်သောဝါသနာသည် အနည်းငယ်မျှပင် ပွန်းပဲ့သွားသည်ဟုမရှိသည့်အပြင် ပို၍ပင်တိုးလာလေသယောင်ထင်မိသည်။ စကားပြေကိုသာမက ပျို့ကဗျာ၊ ရတုရကန်၊ ဒွေး တြိ လေးချိုးများအပြင် တောလားများကိုလည်း အခါအားလျော်စွာ ဖတ်ရှုလေ့လာနေခဲ့သည်မှာ ဆယ်စုနှစ်များပင် ချီလေပြီ။

“တောလား” ဆိုသည်မှာ တောသို့ သွားစဉ် တောတောင်တို့၏ အလှအပနှင့် ကျေးငှက်သာရကာတို့၏ ဖိုမသဘာဝများကို စာဖတ်သူတို့ ကွင်းကွင်းကွက်ကွက်မြင်သာအောင် ရေးသားထားသော စာပေဖြစ်သည်။ ယင်းအနက် “လား” ဆိုသည်မှာ “ဂတိ” ဟူသောပါဠိစကားလုံးကို မြန်မာအမှူးပြုထားကြောင်း ပညာရှင်တို့ မှတ်ချက်ပြုခဲ့ကြသည်။ “လားရာဂတိ” ဟူရာ၌ကဲ့သို့ တောတောင်ဒေသတို့သည် ကျေးငှက်သာရကာတို့၏ ကျက်စားရာနယ်ပယ်ဖြစ်သောကြောင့် ယင်းတို့၏စိုးစံရာနယ်ပယ်ကိုလည်း “လား” ဟုခေါ်ကြောင်းဆိုပါသည်။ ထို့ကြောင့် “တောလား”ဟူသည် “တောတည်းဟူသောလားရာနေရာ”ဟုလည်း ဖွင့်ဆိုနိုင်သည်။ ယင်းဖွင့်ဆိုချက်အရ “တော” နှင့် “လား” သည် အဓိပ္ပါယ်တူဝေါဟာရဖြစ်ကြောင်း နားလည်နိုင်သည်။ ထို့ပြင် “အပါယ်လားသည်” ဟူသောစကား၌“လားသည်”ဟူသည်မှာ “သွားသည်”ကိုပင် ဆိုလိုကြောင်း စာဖတ်သူတို့ နားလည်ကြသည့်အလျောက် “တောလား” ဟူရာ၌လည်း “တောသွား”ဟူသောအဓိပ္ပါယ်ဖြင့် ယူဆနားလည်နိုင်သည်။ ယင်းအဓိပ္ပါယ်အရ တောသို့သွားခြင်းကို “တောလား”ဟုခေါ်ကြောင်း မှတ်သားနိုင်သည်။ “ရေလား” ဟူရာ၌လည်း အဓိပ္ပါယ်အတူပင်။

မြန်မာစာပေသည် ရာဇကုမ္မာရ်ကျောက်စာအရ ပုဂံခေတ်တွင် လွန်စွာမထွန်းကားသေးကြောင်း သိရှိရပြီး အင်းဝခေတ်ရောက်သောအခါ အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလာကြောင်း မြန်မာစာပေပညာရှင်များက မှတ်ချက်ပြုထားကြသည်။ အဘယ့်ကြောင့်ဆိုသော် အင်းဝခေတ်သည် မြန်မာစာဆိုများစွာကို မွေးထုတ်ပေးခဲ့သောကြောင့်ပင်ဖြစ်သည်။ အင်းဝခေတ်စာဆိုများစွာတို့အနက် အရှင်ဥတ္တမကျော်၊ အရှင်မဟာသီလ၀ံသနှင့် အရှင်မဟာရဋ္ဌသာရတည်းဟူသော မြန်မာစာဆို ရဟန်းမြတ်သုံးပါးသည် မြန်မာစာပေကို တစ်ခေတ်ဆန်းစေသောကြောင့် ယင်းတို့ထွန်းကားရာခေတ်ကို "The Burmese Renaissance" ဟုပင် ခေါ်တွင်ခဲ့ကြသည်။

အရှင်ဥတ္တမကျော်သည် ခုံတော်မောင်ကျဘမ်းနှင့် ခေတ်ပြိုင်ဖြစ်ပြီး ကျမ်းစာပေါင်း (၁၄) ခုမျှ ရေးသားခဲ့သည်ဆိုသော်လည်း တောလားကိုးပုဒ်ကိုသာ နှောင်းလူတို့ လေ့လာခွင့်ရကြသည်။ ယင်းတောလားများသည် မြန်မာစာပေနယ်ပယ်တွင် လွန်စွာတွင်ကျယ်ပျံ့နှံ့လျှက်ရှိရာ မသိသူမရှိသလောက်ပင် ကျော်ကြားလှသည်။ သူ၏တောလားများကျော်ကြားရခြင်း၏ အကြောင်းများစွာတို့အနက် အဆုံးသတ်ပိုဒ်များကို လ-အက္ခရာတွင်တွင်သုံးကာ ရေးသားထားခြင်းသည်လည်း အဓိကအကြောင်းတစ်ရပ်အဖြစ်ပါဝင်ကြောင်း မှတ်သားနိုင်သည်။ “သီးမျိုးခိုင်ညှာ၊ လ-ပြွတ်တည်း”၊ “ဘီလူးသွားကို၊ လ-ဖြဲတည်း”၊ “တောကြက်တောင်ပံ၊ လ-ဖြုန်းတည်း”၊ မုဆိုးခြုံက၊ လ-ချောင်းတည်”၊ “မိုးမှာရွှေကြယ်၊ လ-ဥတည်း”၊ “ရွှေဘောင်(ဖေါင်)မြစ်ညာ၊ လ-ဆန်တည်း”၊ “တရားဓားသို့၊ လ-ထစ်တည်း”၊ “ပြုစုပျိုးထောင်၊ လ-မွေးတည်း”၊ “မြဲစွာဖြစ်လိမ့်၊ လ-မှန်း (မှန်)တည်း”၊ ဟူ၍ လ-အက္ခရာကို ပုံစံမျိုးစုံသုံးကာ ရေးသားထားရာ ဖတ်မိသူတို့သွားများပင် လေဟတ်ဘွယ်ဖြစ်ချေတော့သည်။

အရှင်မဟာသီလ၀ံသနှင့် အရှင်မဟာရဋ္ဌသာရတို့နှစ်ပါးမှာ ခေတ်ပြိုင်စာဆိုများဖြစ်ကာ စကားပြေအရေးအသားထက် ပျို့ကဗျာအရေးအသားဘက်တွင် ပိုမိုအားသန်ကြကြောင်း ယင်းတို့၏ စာပေလက်ရာများက သက်သေထူလျှက်ရှိသည်။ အရှင်မဟာသီလ၀ံသ၏ “ဓမ္မပါလာပျို့” နှင့် အရှင်မဟာရဋ္ဌသာရ၏ “ဂမ္ဘီသာရပျို့” တို့သည် စာဆိုအရှင်တို့၏ အနှိုင်းမဲ့လက်ရာများပင်ဖြစ်တော့သည်။ ယင်းတို့နှစ်ပါးအနက် အရှင်မဟာသီလ၀ံသ၏ စာပေနယ်ပယ်တွင် တောလားများရေးခဲ့သည်ကို မှတ်တမ်းများအရ မသိရသော်လည်း အရှင်မဟာရဋ္ဌသာရ၏ စာပေလက်ရာများတွင် တောလားများပါဝင်နေသည်ကို တွေ့ရသည်။ အရှင်မဟာရဋ္ဌသာရကိုယ်တော်သည် “အောင်ဇေယျတု” ချီ တောလား (၄)ပုဒ်ကို ရေးသားခဲ့ကြောင်း သိရသည်။

ရတုနှင့် တောလားရေဟန်သည် အမှတ်တမဲ့ကြည့်လျှင် တူသယောင်ရှိသော်လည်း ရှေ့နောက် အချီအချညီအောင် ရေးထားလျှင် ရတု၊ မညီလျှင် တောလားဟု အကြမ်းဖျဉ်းအားဖြင့် မှတ်ယူနိုင်သည်။ ဥပမာအားဖြင့် မြန်မာစာပေတွင် နာမည်ကျော်ကြားဆုံးရတုတစ်စုံဖြစ်သော လက်ဝဲသုန္ဒရ၏ “မဲဇာတောင်ခြေ”ချီရတု (၃)ကို လေ့လာနိုင်သည်။ ရတုကို များသောအားဖြင့် သုံးပိုဒ်စုံရေးလေ့ရှိသော်လည်း တောလားများကိုမူ စာရေးသူ၏ အာအော်အလိုက်ရေးလေ့ရှိကြောင်း လေ့လာမှတ်ပြုနိုင်သည်။ တောလားကို စာဆိုများစွာတို့ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရေးသားခဲ့ကြသော်လည်း အရှင်ဥတ္တမကျော်၏ တောလား (၉)ပုဒ်သည်သာ ယနေ့ခေတ်တွင် ထင်ရှားလျှက်ရှိသည်။ တောလားရေးခဲ့သော စာဆိုတို့မှာ---
(၁) အရှင်ဥတ္တမကျော် (၉) ပုဒ်
(၂) အရှင်မဟာရဋ္ဌသာရ (၄) ပုဒ်
(၃) ဆရာတော်ဦးဗုဒ် (၃) ပုဒ်
(၄) အရှင်ဇယန္တာဘိဓဇ (၃) ပုဒ်
(၅) န၀ဒေးကြီး (၆) ပုဒ်
(၆) လှော်ကား သုံးထောင်မှူး (၃) ပုဒ်
(၇) ရွှေတောင်ရာဇကျော်သူ (၃) ပုဒ်
(၈) တွင်းသင်းမင်းကြီး (၃) ပုဒ် နှင့်
(၉) စလေဦးပုည (၃) ပုဒ် အားဖြင့် (၉) ဦးသော စာဆိုရှင်တို့က အသီးအသီးရေးသားခဲ့ကြကြောင်း မှတ်တမ်းများအရသိရသည်။

ယင်းတောလားများအပြင် ရှေးစာဆိုတို့က ရေလားများကိုလည်း ရေးသားခဲ့ကြသေးသည်။ ရေလားစာဆိုတို့မှာ--
(၁) မင်းသမန္တရာဇာ (၃) ပုဒ်နှင့်
(၂) ထောင်သင်းမှူး (၅) ပုဒ်တို့နှစ်ဦးကိုသာ မှတ်တမ်းအရ သိရှိရသည်။ ယင်းတောလားနှင့် ရေလားများကို မြန်မာကဗျာဝါသနာအိုးများအတွက် အခါအားလျော်စွာ တင်ပေးသွားမည်ဖြစ်သည်။ သို့သော်လည်း အရှင်ဥတ္တမကျော်၏ တောလား (၉)ပုဒ်ကို စာဂျပိုးမလေးမေဓာဝီဘလော့ဂ်တွင် မြန်မာ+အင်္ဂလိပ်နှစ်ဘာသာဖြင့် ပြည့်ပြည့်စုံစုံ သွားရောက်ဖတ်ရှုနိုင်သောကြောင့် ဤဘလော့တွင် လက်ညောင်းခံပြီး တင်တော့မည်မဟုတ်ကြောင်း အသိပေးအပ်သတည်း။

Sunday, August 22, 2010

လွမ်းစေတီ


လွမ်းစေတီ
ကမ်းခြေဆီ တောင်ယံထိပ်
မျှော်ဖူးသူ ဘ၀င်သိမ့်အောင်
ထူးလှပေသည်
တူနှစ်ကိုယ်
ဆုံပါခဲ့ နေညိုချမ်း
အလွမ်းကိုယ်ဆီနှင့်
ဆုံခွင့်တွေ အရှည်မျှော်လို့
ဟိုတောင်ပေါ် စေတီဦး
ဖူးလို့ ရည်မှန်း။

Friday, August 20, 2010

မြန်မာပတ်စ်ပို့မို့


အကျွန်ုပ်သည် မြန်မာမိသားစုစစ်စစ်မှ မွေးဖွါးပြီး ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်၏ အရိပ်အောက်တွင် ကြီးပြင်းလာခဲ့ရသူတစ်ယောက် ဖြစ်သည့်အားလျော်စွာ မြန်မာလူမျိုးဖြစ်ရခြင်းကို၎င်း၊ ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်းကို၎င်း တစ်ခါဘူးမျှပင် ဂုဏ်ငယ်သည်ဟုဖြစ်စေ၊ သိမ်ငယ်သည်ဟုဖြစ်စေ ခံစားခဲ့ရဖူးခြင်းမရှိကြောင်း ဦးစွာပြောကြားလိုပါသည်။ ၀ံသာနုရက္ခိတစိတ်ဓာတ်ခေါ် ကိုယ့်အမျိုးနှင့် ကိုယ့်ဘာသာကို ချစ်သောစိတ်သည်လည်း မည်သည့်အရပ်၊ မည်သည့်ဒေသသို့ပင် ရောက်ရောက် ပျောက်ပျက်ဖူးသည်ဟုလည်း တစ်ခါဘူးမျှ မရှိခဲ့။ သို့သော် သို့သော်----။

“အကို အကို့လေယာဉ်လက်မှတ်အရဆိုရင် ဘန်ကောက်လေဆိပ်ကနေ လန်ဒန်ထွက်မည့်အချိန်က မနက် (၁) နာရီ (၁၀) မိနစ်မှာဆိုတော့ ဒီအချိန် ဘန်ကောက်လေယာဉ်စီးရင် သုဝဏ္ဏဘူမိလေဆိပ်ထဲမှာ အကြာကြီး စောင့်နေရဦးမှာ၊ အခုဒီက လေယာဉ်ထွက်မည့်အချိန်က (၉) နာရီနဲ့ (၅၅) မိနစ်ဆိုတော့ ဟိုရောက်တဲ့အခါ နောက်ထပ် လန်ဒန်ထွက်မည့် လေယာဉ်ကို လေဆိပ်ထဲထိုင်ပြီး (၁၅) နာရီလောက်တောင် စောင့်နေရမှာ ပျင်းစရာကြီး၊ ညလေယာဉ်ပြောင်းစီးပါလား”

ရန်ကုန်အပြည်ပြည်လေဆိပ်ထဲက TG Airways ကောင်တာမှာ ခရီးသည်များကို လက်မှတ် Checking လုပ်ပေးတဲ့ ညီမလေးက ကျနော့်လက်မှတ်ကြည့်ပြီး သနားသွားပုံရသည်။ ညထွက်မည့်လေယာဉ်ပြောင်းစီးဖို့ အကြံပြုသည်။

“ကျနော်လည်း အဲဒါပဲ စဉ်းစားနေတာဗျာ့၊ ဟိုရောက်တဲ့အခါ လေဆိပ်ထဲ အသိမရှိဘာမရှိနဲ့ တစ်ယောက်တည်း ထိုင်နေရမှာ အတော့်ကို ပျင်းစရာကောင်းမှာပဲ။ ဒါနဲ့ ဒီကထွက်မည့် လေယာဉ်ချိန် အခုမှကပ်ပြီးပြောင်းလို့ ဖြစ်နိုင်ပါ့လား”
သူ့စကားအရ ဖြစ်နိုင်ပုံရသော်လည်း သေချာအောင် မေးကြည့်ရသည်။

“ဖြစ်နိုင်ပါတယ် အကို၊ အဲဒါပြောင်းချင်ရင် အသေချာဆုံးက မြို့ထဲကဧဂျင်စီတွေမှာပဲ၊ ဒါပေမဲ့ ကျမတစ်ချက်ကြည့်ပေးမယ်လေ၊ ဖုန်းလှမ်းဆက်ကြည့်မယ်၊ ရလိုရငြားပေါ့၊ ခဏစောင့်နေပါနော်၊ အကို့နောက်မှာ ခရီးသည်တွေ ရှိနေတာဆိုတော့ ဟိုဘက်ခုံတန်းမှာ ခဏသွားထိုင်ပေးနေပါလား၊ ရရင် ဒီက၀န်ထမ်းတစ်ယောက်ကို အကို့ဆီလွှတ်ပြီး အကြောင်းကြားပေးပါ့မယ်၊ အဆင်ပြေလား အကို”
အလွန်ယဉ်ကျေးပျူငှါသော လေသံ၊ အမူအယာတို့ဖြင့် ပြောနေသော မြန်မာအမျိုးသမီးတစ်ယောက်ကို တွေ့ရသဖြင့် စိတ်ထဲ အံ့သြ၀မ်းသာမိသည်မှာ အမှန်ပင်။ သူပြောသည့်အတိုင်း ပြည်ပထွက်ခွါမည့် ခရီးသည်များ ခေတ္တနားနေရာ ခုံတန်းများတွင် သွားထိုင်နေလိုက်သည်။ ခုံတန်းတစ်ခုပေါ်ထိုင်ရင်း လိုက်ပို့သောအမကို ကြည့်လိုက်ရာ အပြင်ဘက်တွင် ရှာမတွေ့တော့။ ဖုန်းဆက်ကြည့်သည်။

“ဟလို---အမရေ၊ ဘယ်မှာလဲ အခု”
“အော်ဟုတ် မောင်လေး၊ အမအခု လမ်းရောက်နေပြီ၊ မောင်လေး အဆင်ပြေလား”
“ဟုတ်ကဲ့ ပြေပါတယ်အမ၊ အခုမောင်လေး လေယာဉ်ချိန်က အရမ်းစောနေလို့ ၀န်ထမ်းကောင်မလေးက ညလေယာဉ်နဲ့ ပြောင်းပေးဖို့ Checking လုပ်နေတယ်၊ ရရင်တော့ မောင်လေးအခုသွားစရာမလိုသေးဘူး၊ ညကျမှ အေးအေးဆေးဆေးထွက်လို့ရတယ်၊ ဘန်ကောက်လေဆိပ်ထဲ ထိုင်စောင့်နေစရာမလိုတော့ဘူးပေါ့ အမ”
“ဟုတ်လား မောင်လေး၊ အဲဒါဆို သိပ်ကောင်းတာပေါ့၊ တကယ်လို့ မောင်လေးလေယာဉ်ပြောင်းလို့ရရင် ဖုန်းပြန်ဆက်လိုက်နော်၊ အမပြန်လာခဲ့မယ်၊ ရပါစေလို့ ဆုတောင်းပေးတယ်နော် မောင်လေး”
“ဟုတ်ကဲ့ အမ၊ ရရ/မရရ ဖုန်းပြန်ဆက်လိုက်မယ်နော်၊ တော်ကြာ အမစိတ်ပူနေမှာစိုးလို့”
“အမယ်၊ ငါ့မောင် တော်တော် လိမ်မာနေတယ်ပေါ့၊ အမစိတ်ပူမှာ စိုးတတ်နေပြီ၊ အဲဒီစကားနဲ့တင် ငါ့မောင်ကို ပိုချစ်သွားပြီ၊ စိတ်ချ အမပြန်လာကြိုပါ့မယ်၊ ရပါစေ ငါ့မောင်ရေ့”
“ဟုတ်ကဲ့ အမ၊ ဟုတ် ဟုတ်၊ မောင်လေး အကျိုးအကြောင်း ပြန်ဆက်မယ်နော်၊ ဖုန်းကဒ်ထဲမှာ ပိုက်ဆံ နှစ်ကျပ်လောက်ကျန်သေးတယ်၊ တမင်ချန်ထားတာ အမနဲ့ စကားပြောရအောင်လို့လေ”
“ဟားဟားဟား ပလီတဲ့မောင်လေး၊ ငါ့မောင်အကြောင်း သိပါတယ်အေ့၊ မင်းကောင်မလေးဆီ ဆက်ဖို့ ချန်ထားတာများ မသိဘူးအောင့်မေ့နေတယ်ပေါ့၊ ကဲပါ--အမ ကားမောင်းရင်း ပြောနေရတာ၊ ခဏနေမှ ရ/မရ ပြန်ဆက်နော်”
“ဟုတ်ကဲ့ အမရေ့ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကားလည်း ကြည့်မောင်းနော်”
“အင်းပါ ကလေးရယ်၊ မင်းသာ အဆင်ပြေအောင်လုပ်၊ ကြားလား၊ ဘိုင့်နော်”
“ဘိုင့် အမ”

လေဆိပ်လိုက်ပို့သော အမသည် ကျနော် Checking ၀င်နေပြီဖြစ်တဲ့အတွက် စိတ်ချလက်ချ အိမ်ပြန်သွားလေပြီ။ အခုတော့ ရန်ကုန်လေဆိပ်ထဲမှာ ကျနော်တစ်ယောက်တည်း။ ဘေးနားမှာ စကားပြောဖေါ်မရှိ။ (၁၀) မိနစ်ခန့်ကြာသောအခါ လေဆိပ်ဝန်ထမ်းတစ်ယောက် ကျနော့်ဆီ ရောက်လာပြီး ကောင်တာက ခေါ်နေကြောင်း ပြောသဖြင့် ထသွားသည်။

“ရလား ညီမလေး”
ရောက်မဆိုက်ပင် ကျနော်မေးလိုက်မိသည်။
“ပြောင်းလို့မရဘူး အကို၊ ကျမ ရနိုင်တဲ့အနေအထားတွေ အကုန်လိုက်ကြည့်ကြည့်တယ်၊ အကို့လက်မှတ်က Discount ချထားတဲ့အချိန် ၀ယ်ထားတာက တစ်ကြောင်း၊ နောက်ပြီး ညလေယာဉ်မှာလည်း လူအပြည့်မို့ ခုံအလွတ်တစ်ခုမှ မကျန်တော့ဘူး၊ အဲဒီတော့ အကို အခုထွက်မည့်လေယာဉ်နဲ့ပဲ လိုက်သွားရတော့မှာ”

ကရုဏာလေသံဖြင့် ပြောရှာသည်။ ကျေနပ်ပါသည်။ အများကြီးကျေနပ်ပါသည်။ ဘာတတ်နိုင်မည်နည်း။ ဒီလိုဖြစ်ရတာ လက်မှတ်ဝယ်စဉ်တုန်းက ကျနော်ကိုယ်တိုင် သေသေချာချာစိစစ်ပြီး မ၀ယ်ခဲ့မှုကြောင့် ဖြစ်ရခြင်းဖြစ်သဖြင့် ကိုယ့်ကိုယ်ပင် အပြစ်ပုံရတော့သည်။

“အင်းလေ၊ မရတော့လည်း သွားရုံပေါ့၊ အခုလို ကူညီတာ အများကြီးကျေးဇူးတင်တယ်ဗျာ၊ တကယ်တော့ လက်မှတ်စ၀ယ်ကတည်းက ကျနော် သေသေချာချာ မကြည့်ခဲ့တာ၊ အဲဒါကြောင့် ဒီလိုဖြစ်ရတာ၊ ကဲ သွားပြီဗျာ၊ ကျေးဇူးနော် ညီမလေး”

ဝန်ထမ်းကောင်မလေးကိုနှုတ်ဆက်ပြီး ပါလာသောလက်ဆွဲအိပ်ကိုလွယ်ကာ အထွက်လူဝင်မှုကြီးကြပ်ရေးရုံးရှိရာ အပေါ်ထပ်သို့ တက်ခဲ့သည်။ တန်းစီနေသော လူတန်းရှည်ကြီးနောက်တွင် ၀င်တန်းလိုက်သည်။ ကျနော်အပေါ်ထပ်ရောက်သွားသောအခါ ဘန်ကောက်ထွက်မည့် TG-လေယာဉ်မှာ အထွက်ခရီးသည်များကို ခေါ်စပင်ပြုလေပြီ၊ ခဏနေသောအခါ လေယာဉ်ဝန်ထမ်းတစ်ယောက်လာခေါ်သဖြင့် လူဝင်မှုကြီးကြပ်ရေးတွင် တန်းမစီရတော့ပဲ သံတမန်များထွက်သောကောင်တာမှာ Checking-လုပ်ပြီး လိုက်သွားရသည်။ ဘန်ကောက်ထွက်မည့်ခရီးသည်များ လေယာဉ်ပေါ်သို့ တက်နေကြပြီဖြစ်သည်။ အများနောက်မှ ၀င်တန်းပြီး လေယာဉ်ပေါ်သို့ တက်ခဲ့သည်။ မှတ်မှတ်ရရ ကျနော့်ခုံနံပါတ်က ပြူတင်းပေါက်နားကပ်လျှက် အမှတ် (၄၃)။ စလက်မှတ်ဖြတ်ကတည်းက ဘန်ကောက်+ရန်ကုန် အသွားအပြန်ကို Window Seat ယူပြီး၊ လန်ဒန်+ဘန်ကောက် အသွားအပြန်ကို အလယ်ခုံယူထားသည်။

နံနက် (၉) နာရီ၊ (၅၅) မိနစ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ TG လေယာဉ်ကြီး စတင်ထွက်ခွါသည်။ လေယာဉ်ပေါ်ထိုင်ရင်း သုဝဏ္ဏဘူမိလေဆိပ်ထဲမှာ တစ်ယောက်တည်း ဘယ်လို အချိန်ဖြုန်းရမည်ဆိုသည်ကို စဉ်းစားနေရသည်။ (၁၅) နာရီဆိုသောအချိန်သည် နည်းနည်းနောနောမဟုတ်။ လေဆိပ်အပြင်ဘက်ထွက်ခွင့်မရပဲ နေ့ထက်ဝက်မက ရှည်ကြာသော ယင်းကာလအတွင်း အသိမရှိသောနေရာမှာ တစ်ယောက်တည်းနေရမည့်အဖြစ်ကို တွေးမိရင်းပင် ပျင်းလာမိသည်။ ဘယ်မှသွားလာခွင့်မရှိပဲ နှစ်ရှည်လများ ထောင်ကျနေသော ထောင်သားများ မည်သို့နေလေမည်မသိ။ မဆီမဆိုင် အကြောင်းအမျိုးမျိုးကြောင့် ထောင်ကျနေရရှာသူများကို ကိုယ့်အဖြစ်နှင့်နှိုင်းယှဉ်ကာ ကိုယ်ချင်းစာမိသေးတော့သည်။

ဘန်ကောက်လေဆိပ်ရောက်သောအခါ ဘန်ကောက်စံတော်ချိန်အရ နေ့လည်(၁၂)နာရီပင် ထိုးချေပြီ။ ဘန်ကောက်စံတော်ချိန်က မြန်မာပြည်ထက် တစ်နာရီအချိန်စောသဖြင့် ရန်ကုန်+ဘန်ကောက် ပျံသန်းချိန်တစ်နာရီမျှသာဖြစ်သော်လည်း မြန်မာပြည်မှ မနက်(၁၀)နာရီတွင်ထွက်သော လေယာဉ်သည် ဘန်ကောက်ရောက်သောအခါ တစ်နာရီရှေ့တိုးပြီး (၁၂)နာရီဖြစ်သွားတော့သည်။ လေဆိပ်ထဲ ရောက်ရောက်ချင်း Information Centre သို့သွားကာ လန်ဒန်ထွက်မည်ခရီးသည်များ နားနေလို့ရမည့် နေရာကို သွားစုံစမ်းရသည်။ ဒုတိယထပ်သို့ ညွှန်ကြားသဖြင့် ဒုတိယထပ်သို့ တက်သွားပြီး တစ်ယောက်တည်း ဟိုယောင်ယောင်ဒီယောင်ယောင်ဖြင့် ခုံတစ်ခုတွင်နေရာယူကာ အနီးရှိ Bangkok Post သတင်းစာတစ်စောင်ကို ကောက်ယူဖတ်နေလိုက်သည်။

“အချိန်သည် ကုန်ခဲလေစွာ့”
ယင်းသို့တွေးမိရင်း သိပ္ပံပညာရှင်ကြီး အိုင်စ်တိုင်း၏ “Relativity Theory” ကို ကြီးကြီးကျယ်ကျယ် သတိရလိုက်မိသဖြင့် တစ်ဆက်တည်း ယင်းနှင့်စပ်၍ သူပြောခဲ့ဖူးသောစကားများကို အမှတ်ရမိသေးတော့သည်။ အိုင်စ်တိုင်း၏ ကာလ+ဒေသဆိုင်ရာ အတွေးအခေါ်တစ်ခုဖြစ်သော ယင်းသီအိုရီထွက်လာသောအခါ ကမ္ဘာအရပ်ရပ်က ရူပဗေဒပညာရှင်ပေါင်းမြောက်များစွာတို့က ၎င်းတို့နားလည်သော ရှုထောင့်အမျိုးမျိုးမှဖွင့်ဆိုပြီး စာအုပ်များရေးသားကြလေရာ စာရင်းပြုစုထားသောစာအုပ်ပေါင်းသည်ပင် (၉၀၀) ကျော်ရှိသောဟူ၏။ သို့သော်လည်း အိုင်စ်တိုင်းကိုယ်တိုင်က သူ့၏ ကာလ+ဒေသဆက်စပ်မှုသဘောတရားကို အလွန်ရိုးစင်းသော ဥပမာဖြင့် ပြောကြားခဲ့ကြောင်း မှတ်သားခဲ့ရဖူးသည်။

တခါတုန်းက အိုင်စ်တိုင်းနှင့်ရင်းနှီးသော မိတ်ဆွေတစ်ယောက်က သူ၏အယူအဆကို မေးမြန်းသဖြင့် အိုင်စ်တိုင်းက--
“ဒီလိုလေ ကိုယ့်လူရဲ့၊ အချိန်ကြာတယ် သို့မဟုတ် မြန်တယ်ဆိုတာ မရှိပါဘူး၊ ကြာခြင်း/မြန်ခြင်းဆိုတာ အချိန်က လုပ်တာမဟုတ်ပါဘူး၊ လူတွေရဲ့ အယူအဆ၊ သို့မဟုတ် ခံစားချက်သာဖြစ်ပါတယ်။ ဥပမာဗျာ---ခင်ဗျားသိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ အတူတူနေရတဲ့အခါ အချိန်တွေ ဘယ်လောက်ပဲကုန်သွားကုန်သွား၊ ကြာတယ်မထင်ဘူးမဟုတ်လား၊ အဲ---ဒါပေမဲ့ ခင်ဗျားကို အလွန်ပူတဲ့ မီးဖိုပေါ်မှာ ငါးမိနစ်လောက်ထိုင်ခိုင်းမယ်ဆိုပါစို့၊ ခင်ဗျားဘယ်လိုခံစားမလဲ၊ တစ်မိနစ်ဆိုရင်တောင် သိပ်ကြာတယ်လို့ ထင်မှာပဲ မဟုတ်လား၊ ကျုပ်ရဲ့ ကာလ+ဒေသ သဘောတရားဆိုတာလဲ အဲဒီအပေါ်မှာပဲ အခြေခံထားတာပါဗျာ့၊ ခဲရာခက်ဆစ်ကြီးမဟုတ်ပါဘူး” လို့ ပြန်ပြီး အဖြေပေးခဲ့တယ်။

အခုလည်း ကျနော့်ခမျှာ အနားမှာ ချစ်ရမည့်သူက မရှိလေသောအခါ နေ့ထက်ဝက်မျှသော အချိန်ကို အလွန်ကြာမြင့်လေပြီဟု အထင်ရောက်နေလေရာ ထိုင်လို့လည်း အဆင်မပြေ၊ ထလို့လည်း သွားစရာကမရှိ၊ အိပ်ဖို့လုပ်ပြန်တော့လည်း နေရာက မကောင်းသောကြောင့် အချိန်ကုန်လိုကုန်ငြား သတင်းစာကိုသာ ကျိတ်မှိတ်ကာ ဖတ်နေရလေတော့သည်။ သတင်းစာတစ်စောင်ကို အသေးစိမ့်မဟုတ်သော်လည်း အတော်တန် လှန်လှောဖတ်ရှုပြီးသောအခါ ဖတ်စရာကုန်သွားသဖြင့် နောက်တစ်မျိုး အချိန်ဖြုန်းဖို့ ကြံစည်ရပြန်သည်။ သို့နှင့် ပါလာသော Laptop-ကိုဖွင့်လိုက်ရာ ကံအားလျော်စွာ လေဆိပ်ထဲအင်တာနက် အလကားသုံးခွင့်ပြုထားကြောင်း တွေ့လိုက်ရသည်။ အပျင်းပြေချက်ဖေါ်ချက်ဖက်ရှိလိုရှိငြား G-talk ဖွင့်ကြည့်ရာ ဘန်ကောက်တွင်ကျောင်းတက်နေသော သူငယ်ချင်းတစ်ယောက် အွန်လိုင်းရောက်နေသည်ကို တွေ့ရသဖြင့် လှမ်းနှုတ်ဆက်ဖြစ်သည်။

“ကိုယ့်လူကြီး နေကောင်းလားဟေ့၊ ကိုယ်တော့ အခုဘန်ကောက်လေဆိပ်ထဲ တစ်ယောက်တည်း ပျင်းလို့သေတော့မယ်၊ လန်ဒန်လေယာဉ်က မနက် တစ်နာရီကျော်မှတဲ့ဗျား”
“ဟုတ်လား သူငယ်ချင်း၊ ဘန်ကောက်ထဲလာမလား၊ လာမယ်ဆို အခုချက်ချင်း လာကြိုမယ်လေ”
“လာချင်တာပေါ့ သူငယ်ချင်းရ၊ ကိုယ်လည်း အမှုမဲ့အမှတ်မဲ့နဲ့ Transit Visa မယူခဲ့ဘူးဆိုတော့ လာလို့မရဘူးလေကွာ”
“အာ ကိုယ့်လူကလည်း စောစောကတည်းက ကိုယ်ဒီမှာရှိတာ သိသားနဲ့ကွာ၊ ယူခဲ့ရော့ပေါ့”
“ရှိတာသိပေမဲ့ အဲဒါကို သတိကို မရခဲ့တာပဲဟေ့၊ အဲဒါကြောင့်ဘာမှကို ကြိုတင်မလုပ်ခဲ့ရဘူး၊ နေဦးကွ၊ အောက်ဆင်းပြီး ကောင်တာမှာ သွားမေးကြည့်မယ်၊ လေဆိပ်ထဲ Transit Visa ယူလို့ရချင်ရမှာ”
“ရရင်တော့ ကောင်းတာပေါ့၊ သွားမေးကြည့်လေ၊ ရရင်ချက်ချင်းပြောနော်၊ ကိုယ်လာကြိုမယ်၊ စားပွဲသောက်ပွဲလေးနဲ့ ဧည့်ခံပါ့မယ် ဆရာရယ်”
“သွားရေကျအောင် မပြောနဲ့ဗျာ၊ ဒီမှာ ဘတ်ငွေမရှိလို့ ရေတောင် ၀ယ်မသောက်နိုင်ဖြစ်နေတာ၊ မနက်ကတည်းက လေယာဉ်ပေါ်မှာ ကျွေးတဲ့ မနက်စာလေးနဲ့ အသက်ဆက်နေရတာ၊ ကဲ ပြောနေတာကြာတယ်၊ သွားမေးလိုက်ဦးမယ်”

သူငယ်ချင်းနဲ့ ချက်တင်လုပ်ပြီး အောက်ထပ်ရှိ သတင်းစုံစမ်းရေးဌာနသို့ ဆင်းလာခဲ့သည်။ ကောင်တာမှာ ရုပ်ရေခပ်သန့်သန့်၊ အသက်(၂၈)နှစ်ဝန်းကျင်ရှိ ထိုင်းအမျိုးသမီးတစ်ယောက်ထိုင်နေသည်။ အနားကပ်ကြည့်သောအခါ မျက်နှာတွင် ၀က်ခြံအနည်းငယ်ရှိကြောင်း သတိပြုမိသည်။ အင်္ဂလိပ်စကားကို ရေလည်အောင်ပြောတတ်ကြောင်း သူနှင့်စကားပြောသောအခါ သိလိုက်ရသည်။ ယင်းထိုင်းအမျိုးသမီးက “ဘာအကူအညီပေးရမလဲ” ဆိုသည့် နိုင်ငံတကာသုံးဝါကျဖြင့် စတင်မိတ်ဆက်လိုက်သည်။

“ကျနော် လန်ဒန်သွားမည့် ခရီးသည်ပါ၊ ကျနော့်လေယာဉ်က မနက် (၁) နာရီမှဆိုတော့ အချိန်တော်တော်စောနေသေးတယ်၊ အဲဒါကြောင့် ဘန်ကောက်မြို့ထဲ သူငယ်ချင်းရှိတဲ့ဆီ ခဏ၀င်လယ်ချင်လို့ပါ၊ ကျနော်သိချင်တာက ဒီလေဆိပ်ထဲမှာ Transit Visa ထုလို့ရလား ဆိုတာပါခင်ဗျား”
“အော် ဟုတ်လား၊ အကို့ပတ်စ်ပို့က ဘာအမျိုးအစားပါလဲ၊ ဟို ဘယ်နိုင်ငံပတ်စ်ပို့ကို ကိုင်ထားပါသလဲရှင်၊ တဆိတ် ကြည့်ပါရစေလား”
“အော် ဟုတ်ကဲ့၊ ဒီမှာပါ၊ ကျနော်က မြန်မာနိုင်ငံကပါ၊ မြန်မာပတ်စ်ပို့ပဲ ကိုင်ပါတယ် ခင်ဗျား”
“အော်--ဒါဆိုရင်တော့ ဒီမှာ Transit Visa ထုမပေးပါဘူးရှင်”
“ဘန်ကောက်ထဲဝင်ဖို့ တစ်ခြားနည်းလမ်းလေးများ မရှိဘူးလား ခင်ဗျား”
“တရားဝင်ဆိုရင်တော့ Transit Visa နဲ့မှ ၀င်လို့ရမှာပါရှင့်၊ အဲဒါမပါရင် ၀င်လို့မရပါဘူး”

ပြီးလေပြီ။ ကျနော်ရှေ့ဆက်ပြီး စောဒကတက်ခွင့်မရှိတော့၊ အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။ လေဆိပ်ထဲ ထိုင်စောင့်နေရုံက လွဲပြီး တခြားနည်းလမ်းမရှိတော့။ ကွန်ပျူတာပြန်ဖွင့်လိုက်သည်။ အင်တာနက်ပေါ်မလာတော့။ သို့သော် သုဝဏ္ဏဘူမိလေဆိပ် Website ကြီးပေါ်လာသည်။ ယင်းတွင် လေဆိပ်ထဲမှာ (၁၅) မိနစ်မျှသာ အင်တာနက် ဖရီးသုံးဖွင့်ပြုကြောင်း၊ (၁၅)ထက်ကျော်ပါက ပိုက်ဆံဖြင့် ၀ယ်သုံးရမည်ဖြစ်ကြောင်း ရေးထားသည်ကို ဖတ်လိုက်ရသည်။ တော်ပါပြီ၊ ပိုက်ဆံအကုန်မခံလိုတော့ပြီ။ သို့သော် သူငယ်ချင်းဆီ အကြောင်းကြားဖို့ ကိစ္စကရှိသေးသည်။

အိပ်ထဲတွင်ပါလာသောဖုန်းကို ဖွင့်ကာ မြန်မာပြည်မှာသုံးခဲ့သည် Sim card ကိုဖြုတ်ပြီး ယူကေတွင်သုံးသည့် O2 Sim card ကို ထည့်လိုက်သည်။ Roaming Charge ဖြင့် O2 Line ရှင်းရှင်းလင်းလင်း ၀င်လာသည်။ ဖုန်းထဲ ပိုက်ဆံကုန်နေသဖြင့် ဖုန်းဖြင့်ပင် (၁၅) ပေါင်ဖိုး Top-up လုပ်လိုက်ရသည်။ “အော် သူများနိုင်ငံတွေများ သူတို့သက်ဆိုင်ရာနိုင်ငံသူ/သားတွေ အစစအရာရာလွယ်ကူအဆင်ပြေအောင် လမ်းကြောင်းတွေဖွင့်ပေးထားပါလား” ဟူသောအတွေးဝင်လာသဖြင့် မြန်မာနိုင်ငံထဲက လူကြီးမင်းများကို မေတ္တာပင် လှမ်းပို့လိုက်မိသေးတော့သည်။

ဖုန်းထဲရှိ သူငယ်ချင်းဖုန်းနံပါတ်ကိုရှာခေါ်ပြီး လေဆိပ်မှာ Transit Visa မပေးကြောင်းပြောရသည်။ သူက “ဘာကြောင့် မပေးရသလဲ” ဟုမေးသဖြင့် မြန်မာနိုင်ငံသားဖြစ်ရခြင်းကို လွန်စွာဂုဏ်ယူလေ့ရှိသော ကျနော့်ခမျှာ ဤတစ်ကြိမ်မှာတော့ဖြင့် စိတ်အားသိမ်ငယ်စွာနှင့်ပင်---

“မြန်မာပတ်စ်ပို့မို့ တဲ့ သူငယ်ချင်းရေ့” ဟုသာ ပြောနိုင်ရှာလေတော့သည်။


Sunday, August 15, 2010

တောင်သမန်ရဲ့ ဆည်းဆာယံ


ဝင်နေချည် ရေကိုညွှန်း
ရွန်းလုလု အပြန်
ခက်မယ်ဇယ် အင်းရေပေါက်
ဆင်းသောက်တဲ့ဟန်
ဆည်းဆာယံ
တောင်သမန် အင်းဘေး
ရှက်ကိုးနေဟန်နှင့်
နှစ်ကိုယ်တူ လေအဝှေ့မှာ
ထွေးဖက်လို့ နွေး။

(ချစ်သူအတွက်)
-------------

ဝင်နေချည် ရွန်းလုလု
ရေနုမှာ တောက်လာ
ခက်မယ်ဇယ် အင်းရေဆင်း
ငုတ်သောက်ထဲ့အခါ
မင်းနဲ့ ငါ
ဘီယာခွက်ကိုင်ရင်း
သုတ်သီးသုတ်ပြာနှင့်
တောင်သမန် အင်းရေစပ်ကို
ရှူးပေါက်ဖို့ဆင်း။

(သူငယ်ချင်းအတွက်)


Saturday, August 14, 2010

ပြီးမှ စာလုပ်မယ်


မနက်ခင်း
မိုးလင်းသို့ ရောက်ပြီ
စာလုပ်မည် ရည်ကာမှန်း
ဖွင့်စမ်းငဲ့ လက်ပ်တော့အစုတ်
ပလုပ်တုတ် ပလုံစီနဲ့
ဆူညံတဲ့ နှုတ်ဆက်သံ
G-talk မှာ လာလို့ထပ်
ကမ္ဘာအရပ်ရပ်က၀င်လာ
ဟုတ်ကဲ့ပါ ပြန်ပြောရင်း
E-mail ထဲဝင်မိပြန်
ဟိုသူ့ထံ စာပြန်
ဒီသူ့ထံ ပုံပို့
Facebook မှာ မက်ဆေ့ပေါ်
ခဏလေးနော် ၀င်မိ
Blog ဆီလည်း သွားဦးမှ
ရေးပြီးသား အဟောင်းပြန်ဖတ်
မထူးခြားတဲ့ ပို့စ်တွေ
စာလုပ်မည် အချိန်ကြည့်တော့
ဟောဗျာ
ညနေ ငါးနာရီထိုးပါလား
ရေမိုးချိုး ထမင်းစား
ဘုရားရှေ့မှာ ခဏထိုင်
ပုတီးကိုင် မြန်မြန်စိမ့်
အရဟံ နဲ့ ဗုဒ္ဓေါထပ်
တပတ်ပြည့်အောင် အားတင်း
ဒီညသတင်းက သိပ်မကောင်း
ချာနယ်ပြောင်းလို့ ကြည့်ဦးမယ်
ဟိုက် ရှာလပတ်ရည်
ငါကြိုက်တဲ့ ရုပ်ရှင်ကား
အကောင်းစား စာရင်းဝင်
ကြည့်ချင်နေတာ ကြာပေါ့
ပွဲပြီးတော့မှ စာလုပ်မယ်
ရည်ရွယ်ရင်း အချိန်ကြည့်တော့
ည (၁၂) ထိုးပြီ
ကဲ ဒီနေ့တော့ အချိန်မရှိ
မနက်ဖန်မှ စာလုပ်မယ်
စိတ်ကူးကယ် ခေါင်းမှာစွက်
အိပ်ယာထဲ ၀င်လို့စင်း
မိုးစင်စင် အလင်းရောက်
စာလုပ်ဖို့ ရည်ရွယ်ပြန်
ကွန်ပျူတာထံ ခလုပ်နှိပ်
G-talk ထဲမှာ မက်ဆေ့ထား
အကို နေကောင်းလား တဲ့။
ဒီလိုနဲ့-----ဒီလိုနဲ့-----။

Wednesday, August 11, 2010

ခြေရာခံခြင်း


ငှက်တစ်ကောင်
ခေါင်းပေါ်က ပျံတိုင်း
လေလှိုင်းတစ်ချက်ဝှေ့
မင်းအတွေ့ ငါ့ကိုငြိ
ငါသိလိုက်တယ်
ငါ့နောက်ကွယ်
မင်းဘယ်ရောက်နေလဲ။

ကြွက်တစ်ကောင်
ငါ့ရှေ့က ဖြတ်ပြေး
အမှိုက်လေး တစ်စကျန်ရစ်
ပြန်စစ်ဖို့ ကောက်ကြည့်
ဟော သိပြီ
မင်းရဲ့ ဖိနပ်အစ
ဟိုဘက်ခြံထဲကပဲ။

Sunday, August 8, 2010

အမေအိုရဲ့ ဂုဏ်ပြုသံ


မှတ်မိသေးလား သူငယ်ချင်း
ဒို့များ အတူလမ်းထွက်လို့
ဝမ်းအတွက်ကိုတောင် မငဲ့ကွက်
အသက်ကိုလည်း အမှုမထား
မတရားတာကို တော်လှန်ဖို့
အော်သံတွေ အသကုန်ပေး
“အရေးတော်ပုံ အောင်ရမည်”
တူညီတဲ့ စိတ်ဓာတ်တွေနဲ့
ထိတ်လန့်စရာတွေ အလေးမပြု
တစ်ခုတည်းသော ပန်းတိုင်အတွက်
ချီတက်ခဲ့ကြတာ ဒီနေ့ပေါ့။

မင်းနဲ့ငါအတူ ရင်ဘောင်တန်း
မျှော်မှန်းတဲ့ ပန်းတိုင်အတွက်
လက်တစ်ဘက်ကို မြှောက်ချီ
တန်းစီကာ ချီတက်ခဲ့
ဒို့ရဲ့ အနာဂတ်အတွက်ပေါ့။

“ဒိုင်း” ဆိုတဲ့ အသံတစ်ခု
သတိပြုမိလိုက်တဲ့ အချိန်မှာ
ငါ့ကမ္ဘာပြိုပျက်
မင်းအသက် ဆက်မရှူ
ရင်ပူတဲ့ ငါ့လက်တွေနဲ့
မင်းကို ထွေးဖက်ထားခဲ့ရတယ်။

သွေးကွက်ထဲ လဲပြို
မင်းကိုယ်ကို ငါထူရင်း
မင်းလက်ထဲ ခွပ်ဒေါင်းအလံ
ပြိုမလဲအောင် ကူကိုင်
မနိုင့်တနိုင် မင်းကိုထမ်းလို့
လာလမ်းကို ပြန်ချိန်မှာ
အိမ်ဝက ဆီးလို့ကြို
မျက်ရည်စို တဖြိုင်ဖြိုင်နဲ့
မင်းအမေအို ဆိုတဲ့စကား
ငါ့နားမှာ အမြဲကြားယောင်
“သားမောင် သူရဲကောင်းကြီး” တဲ့။

(၈-လေးလုံးအရေးတော်ပုံအတွင်း အသက်ပေးဆပ်လိုက်ရသော ရဲဘော်များကို ရည်စူးလျှက်)

Thursday, August 5, 2010

အပြန်လမ်းမှ လွမ်းသစ္စာ


အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးလေပြီ။ မျှော်ရစ်ဒေသသည်ကား ဆည်းဆာနေ၏ ရောင်ပြန်ဟတ်မှုကြောင့် ပိုမိုလှပနေသည်။ ညနေခင်းရောက်လာသည်နှင့်အမျှ ပင်လယ်ပြင်ကို ဖြတ်၍ တသောသော တိုက်ခတ်နေသော လေနုတွင် အအေးဓာတ်ပိုမိုပါလာသယောင် ခံစားရသည်။ ကလေးများကား ကျောက်ကြိုကျောက်ကြားတွင် ပြေးလွှားဆော့ကစားနေကြဆဲ။ အိမ်ပြန်ဖို့ မည်သူမှ သတိရကြဟန်မတူ။ ကျနော့်မျက်လုံးအစုံသည် ပင်လယ်ပြင်သို့ ငေးမောကြည့်ရှုနေမိသည်။ တစ်စုံတစ်ခုကို စဉ်းစားနေသည်လော၊ ကိုယ်တိုင်ပင် သတိမပြုမိ။

“အကို ဒီမှာပဲ နေရစ်တော့မယ် ထင်တယ်နော်”
တစ်စုံတစ်ယောက်သောသူ အနားလာပြီးပြောမှ သတိဝင်လာသည်။ မနက်ကတည်းက လိမ်းလာသော ရွှေဘိုသနပ်ခါးရနံ့သည် သူ့ကိုယ်မှ ထွက်မပြေးသေး။ တိုက်ခတ်လာသော ပင်လယ်လေနုအေးနှင့်အတူ ကျနော့်နှာခေါင်းကို ဖြတ်သန်းသွားသော သူ့၏မွှေးရနံ့ကြောင့် လှည့်မကြည့်ပဲပင် ကိုယ့်အနား သူရောက်လာကြောင်း သတိပြုမိသည်။ လှည့်မကြည့်ပဲ တုန့်ပြန်ဖြစ်သည်။

“ဟုတ်တယ် ဥ၊ ကိုယ် ပြန်တောင်မပြန်ချင်တော့ဘူး၊ ဒီနေရာလေးက သိပ်ကိုသာယာတာပဲ၊ နေရတာ စိတ်ချမ်းလည်း သာတယ်၊ ပြီးတော့ ကိုယ့်စိတ်ကို တစ်စုံတစ်ယောက်က ဆွဲထားသလိုမျိုး ကိုယ် ခံစားနေမိတယ်”
ရည်ရွယ်ချက်ဖြင့် တမင်ပြောလိုက်ခြင်းဖြစ်သည်။ သူ့ဆီက ထွက်လာမည့်စကားကို ထီထိုးထားသူပမာ မျှော်လင့်နေမိသည်။

“ဧကန္တတော့၊ အကို့စိတ်ကို အလောင်းစည်သူ မိဖုရားသုံးယောက် ဖမ်းစားထားပြီထင်တယ်၊ ဟင့် ဟင့် ဟင့်”
ကိုယ်မျှော်လင့်ထားသော တုန့်ပြန်မှုမျိုးမဟုတ်သဖြင့် တစ်ဖက်လှည့်၍ သူမမြင်အောင် သက်ပြင်းတစ်ခုချလိုက်မိသည်။ ရင်ထဲမှာကား ဆို့နစ်မွန်းကြပ်လျှက်။ တိုက်ခတ် ဖြတ်သန်းလာသော ပင်လယ်လေကို တ၀ကြီးရှူပစ်လိုက်သည်။ ယင်းသည့်နောက် တစ်ခုခု ပြောဖို့ အားယူလိုက်သည်။

“အကို အမကြီးက ပြန်ချိန်တန်ပြီတဲ့၊ လေးနာရီတောင်ခွဲတော့မယ်၊ မောင်းမကန် ကမ်းခြေဘက် လှည့်ဝင်ဦးမယ်လို့လည်း ပြောနေတယ်၊ အဲဒီ သွားဦးမယ် မဟုတ်လား၊ သွားရအောင်နော်၊ ညီမလေးလည်း ကမ်းခြေမရောက်ဖြစ်တာ ကြာနေပြီ သိလား အကို”
ဖူးစာကံ ခေချေပြန်ပေါ့။ ညီမငယ်က အနားလာပြီး သွားဖို့ သတိလာပေးလေပြီ။ ရင်ထဲကစကား အားတင်းကာပြောမည်ပြုလေတိုင်း အမကခေါ်၊ ညီမကအော်နှင့် လွဲရမည့်အချစ်ကံနှယ် ဘယ်သံသာဝဋ်ကြွေးကများ အပြစ်ပေးလေသည်မသိ။

“အော်---ဟုတ်ကဲ့ ညီမလေး၊ အကိုလည်း ကမ်းခြေသွားချင်ပါတယ်၊ သွားကြတာပေါ့၊ အဲဒီရောက်မှ ဟာနေတဲ့ ဗိုက်တွေ ဖြည့်ကြရဦးမယ်၊ ညီးလည်း ဆာနေပြီ မဟုတ်လား”
ပါးစပ်ထဲရောက်ရာပေါက်ရာ ပြောလိုက်ရတော့သည်။ စိတ်ထဲမှာတော့ ညီမလေးကို ခေါင်းခေါက်ချင်နေသည်။ အကို့အတွက် နည်းနည်းပါးပါး အလိုက်သိပေးသည်ဟူ၍မရှိ။ အကို့ကို တစ်သက်လုံး လူပျိုကြီးဘ၀နှင့်ပင် နေစေချင်ကြလေရော့ထင့်။ မတတ်သာပြီမို့ ကံကိုပင်ယုံစားကာ နောက်တစ်ကြိမ်လာမည့်အခွင့်ကိုသာ စောင့်ရပေတော့မည်။

“ဆာတာပေါ့ အကိုရ၊ နေ့လည်က တ၀တပြဲစားထားတာတွေလည်း ဒီအချိန်ဆို ကုန်ပေါ့၊ ဒါနဲ့ အကိုက ဟိုကျောက်တုံးကြီးကို ဘာဖြစ်လို့ စိုက်ကြည့်နေရတာလဲ၊ ကိုယ့်ကိုယ်ကို အလောင်းစည်သူမင်း ၀င်စားတယ်များထင်နေလို့လား”
ကျနော့်ညီမလေးသည် နောက်တောက်တောက် အလွန်ပြောချင်ဆိုချင်သူလေးဖြစ်ရာ အကိုဖြစ်သူကိုပင် မညှာမတာ နောက်ပြောင်တတ်သူဖြစ်သည်။ တခြားနေရာမှာဆို ကျနော်ရှက်မည်မဟုတ်။ အခုတော့ သူ့ရှေ့တည့်တည့်မှာ အမေးခံလိုက်ရသဖြင့် ကျနော့်ခမျာ မျက်နှာမထားတတ်အောင်ပင် ဖြစ်ရရှာတော့သည်။

“ဟဲ့ ကောင်မလေး၊ ဟောဗျာ၊ ဘာတွေမေးနေတာလဲ၊ ဒုက္ခပါပဲ”
ကျနော်ပူထူနေသလောက် ညီမလေးက တဟားဟား ရယ်မောနေသဖြင့် လူကြီးရှက်တော့ရယ် ဆိုသလို ကျနော်လည်း ရောယောင်ကာ ရယ်လိုက်ရတော့သည်။ သူ့မျက်နှာကို ကြည့်လိုက်တော့ ပြုံးစိစိ၊ တစ်မျိုးပင် ချစ်ဖို့ကောင်းသေးတော့သည်။

“ကဲ ခင်မူရေ့---ညီးအကိုကတော့ အလောင်းစည်သူမင်း ၀င်စားလား/မ၀င်စားလားတော့ မသိဘူး၊ ဟိုကျောက်တုံးကြီးရဲ့ အဖမ်းစားခံနေရတာတော့ သေချာနေပြီ၊ ဒီတောင်က မြန်မြန် မခွါလို့ကတော့ နေမြင့်လေ အရူးရစ်လေဖြစ်မှာ ငါတော့ မြင်ယောင်မိသေးတယ် သိလား”
အရေးထဲ သူကပါ ၀င်လှော်သဖြင့် ထိုင်ရာက အမြန်ထလိုက်ရတော့သည်။ ဆက်ထိုင်နေပါက ညီိမနှင့် သူ၏ ကျီစယ်မှုတွင် ကျနော်ရေတိမ်နစ်ရပေတော့မည်ထင့်။

“ကဲကဲ၊ သွားဆိုလည်း သွားကြပေတာပေါ့ နှမတော်တို့၊ နောက်မနေကြပါနဲ့တော့၊ တော်ကြာ နှမတော်နှစ်ပါး ၀ိုင်းဝန်းကျီစယ်ဒဏ်ကို မခံနိုင်အားသမို့ ငါကိုယ်တော်ရှင်မြတ် ဟိုကျောက်တုံးကြီးအပေါ် ခုန်ချပြီးသေပွဲဝင်မိလိမ့်မကွဲ့”
မထူးတော့ပြီမို့ အလောင်းစည်သူလေသံဖြင့် သူတို့လိုရာသို့ပင် အရောက်ပို့ပေးလိုက်ရပေတော့သည်။

“ကလေးတွေ စုံပြီလား မီးငယ်”
ကားပေါ်ရောက်သည်နှင့် အမကြီးက ကျနော့်အောက်ကြပ်ကြပ်ညီမလေးကို လှမ်းမေးသည်။ မီးငယ်သည် ကျနော်တို့အိမ်တွင် အိမ်မှုကိစ္စအ၀၀ကို စေ့စေ့စပ်စပ်ဆောင်ရွက်တတ်သည့်အပြင် ကလေးများလေးစားကြောက်ရွံ့ရသောသူတစ်ယောက်လည်းဖြစ်သည်။ ညီမငယ်ကဲ့သို့မဟုတ်၊ အမြဲတမ်း ခပ်တည်တည်နေတတ်သည်။ အသက်မကြီးသေးသော်လည်း လူကြီးလွန်စွာဆန်သဖြင့် ကလေးအားလုံးက မီးငယ်ကို ချစ်ကြောက်ရိုသေကြသည်။ မီးငယ်အမိန့်ကို နာခံသည်။ ထို့ကြောင့် အမကြီးက သူ့ကို ကလေးထိမ်းရာထူးပေးထားခြင်း ဖြစ်ဟန်တူသည်။

“ဟုတ် မမကြီး၊ ကလေးတွေတော့ စုံပါပြီ၊ အကိုလေးက တံတားပေါ်မှာ ရှိသေးတယ်၊ သူ့ကို စောင့်နေကြတာ”
ကျနော်ကြားအောင် တမင်လေသံမြင့်ပြီး ပြောလိုက်ခြင်းဖြစ်ကြောင်း သဘောပေါက်သည်။ မျှော်ရစ်တံတားပေါ်က ကျနော်မဆင်းချင်သေး။ ဆည်းဆာအလှကို နောက်ဆုံးဓာတ်ပုံ ရိုက်ယူလိုက်ချင်သေးသည်။ သို့သော်လည်း ယင်းအတွက် နောက်ထပ် မိနစ် (၂၀) စောင့်ရပေဦးမည်။ ကျနော်အတ္တဆန်လို့ မဖြစ်တော့။ အများကို ဦးစားပေးရမည်။ နှေးကွေးသော ခြေလှမ်းများဖြင့် မော်တော်ကားရှိရာသို့ လျှောက်လာသည်။ နောက်မှာ ကျန်ရစ်သော မျှော်ရစ်တောင်တော်ကို သမင်လည်ပြန် တစ်ချက်လှည့်ကြည့်ဖြစ်သည်။ “နေရစ်ပေဦးတော့”။ ရင်ထဲက နှုတ်ဆက်လိုက်သည်။

အိမ်ပြန်ခရီးသည် လူတိုင်းအတွက် ပျော်စရာဖြစ်ကောင်းဖြစ်မည်မှန်သော်လည်း ကျနော့်အတွက် မမှန်ကြောင်း မျှော်ရစ်က ထွက်လာသောအခါ ကျနော်ခံစားရသည်။ ဆုံနိုင်ခွင့်တွေ ကြုံခဲ့ပါလျှက်နှင့် လွဲခဲ့ရသောဖူးစာကံကို ပြန်မျှော်လင့်နေမိသည်။ နောက်တစ်ခါဟူသောအခွင့်သည် ကျနော့်အတွက် မရှိခဲ့သော် ဤဘ၀ဤမျှနှင့်ပင် ဆုံနိုင်ခွင့်အတွက် လက်လျော့ရတော့မည်ထင့်။

“ပင်ပန်းသွားပြီလား ညီလေး”
ကားရှေ့ခန်းမှာ ငုငုငိုင်ငိုင်ထိုက်လိုက်လာသော ကျနော့်ကိုကြည့်ပြီး ကားဆရာမေးခွန်းထုတ်သည်။

“ဟုတ် အကို၊ နည်းနည်းအေးသလိုပဲ”
စကားရှာပြောလိုက်ရသည်။ ကိုယ့်အဖြစ်နှင့်ကိုယ်မို့ တေမိကို မေ့ဆေးပေးထားသည့်ပမာ ကျနောနှုတ်ဆိတ်နေချင်သည်။ ကားကလေးသည် မောင်းမကန်ကမ်းခြေသို့ ဦးတည်လျှက် တရိပ်ရိပ်ပြေးနေသည်။ လမ်းဘေးဝဲယာ သစ်ပင်ကြီးငယ်များက ကားအဖြတ်တွင် ယိမ်းယိုင်ကာ လက်ပြနှုတ်ဆက်နေကြသည်။ ရင်ထဲမှာ အလွမ်းငွေ့ပိုလာသလိုလို ခံစားရသည်။ မြင်မြင်သမျှအရာအားလုံးသည် ကျနော့်ကို နှုတ်ဆက်နေကြသည်ချည်း ကျနော့်မျက်လုံးထဲ မြင်ယောင်နေသည်။ အပြန်လမ်း၏ လွမ်းမောဘွယ်အဖြစ်သည် မအောင်မြင်သူ၏ နှလုံးသားကို ပိုမို အထီးကျန်စေသယောင်ပင်။

ကားသည် လာလမ်းအတိုင်းမသွားပဲ ရိပ်သာတစ်ခုဆီသို့ ဦးတည်မောင်းနှင်နေသည်။ မောင်းမကန်ရွာသည် အိမ်ခြေနှစ်ထောင်ကျော်ရှိ ရွာကြီးဖြစ်သည့်အပြင်၊ မျှော်ရစ်၊ ပင်လယ်ကမ်းခြေနှင့် ရေပူစမ်းတို့ပါ ရှိနေသဖြင့် ရပ်ဝေးရပ်နီးမှာ ရွှေဧည့်သည်များကို ဆွဲဆောင်အားကောင်းလျှက်ရှိလေသည်။ ရွာသူရွာသားများမှာလည်း ဘာသာသာသနာကို လွန်စွာလေးစားကြည်ညိုသူများဖြစ်ပေရာ ကျောင်းကန်စေတီပုထိုးများဖြင့် စည်းကားသိုက်မြိုက်လှပေသည်။ ကျနော်ငယ်စဉ်ကတည်းကပင် ရွာမှာ ဘုန်းတော်ကြီးကျောင်းပေါင်း (၇)ကျောင်းမျှရှိလေပြီ။ အခုကျနော်ပြန်ရောက်သွားချိန်တွင် နောက်ထပ်ရိပ်သာကြီးတစ်ခု ထပ်မံတိုးနေသည်ကို တွေ့ရသည်။ ကျနော်တို့ကားလေးသည် ထိုရိပ်သာသို့ ဦးတည်မောင်းနှင့်နေခြင်းဖြစ်ကြောင်း ကားဆရာပြောပြသဖြင့် သိရသည်။

ရိပ်သာသို့ ၀င်ရာလမ်းတွင် သီဟိုဠ်သရက်ပင် အမြောက်အများစိုက်ပျိုးထားသည်ကို တွေ့ရသည်။ အသီးမှန်သမျှတို့၏ အစေ့အဆံအများစုသည် အသီး၏အထဲတွင်သာ နေရာယူဖြစ်ထွန်းသော ဓမ္မတာရှိသော်လည်း ထားဝယ်စကားဖြင့် “ရှစ်က္လစ်သီး”ခေါ်သော သီဟိုဠ်သရက်သီးမှာ တစ်မူထူးခြားကာ အစေ့အဆံသည် အသား၏အပြင်ဘက်သို့ ထွက်လျှက်ရှိသည်။

“အကိုလေး ဟိုအပင်က ဘာသီးခေါ်လဲ သိလား”
ညီမငယ်က သူ့ထုံးစံအတိုင်း ကျနော့်ကို ပညာစမ်းလေပြီ။
“အမယ်၊ သိတာပေါ့ ညီမလေးရ၊ အဲဒါ “ရှစ်က္လစ်သီး”လေ”
ရိုးရိုးပင် ပြန်ဖြေလိုက်သည်။ သူလိုချင်သောအဖြေမဟုတ်မှန်း ကျနော်သိပါသည်။ သို့သော် ဘာပေါက်ကရပြောဦးမည်လဲဟုသိလိုသဖြင့် အများသိပြီးသားအမည်အတိုင်းပင် အဖြေပေးလိုက်သည်။

“ဘယ်ကလာ၊ အကိုလေးကလည်း အလိုက်တာ၊ အဲဒါ “လိပ်ခေါင်းသီး” လို့ခေါ်တယ် မှတ်ထား”
သီဟိုဠ်သရက်သီးကို လိပ်ခေါင်းသီးဟု ကြံကြံဖန်ဖန်ပြောသဖြင့် ကျနော့်မှာ စားဖို့ပင် ရွံရှာမိသေးသည်။ ယင်းသို့နှင်နှင်ပင် ညီမငယ်သည် လမ်းတောက်လျှောက်တွေ့ရာအပင်များ အသီးများကို သူ့စိတ်ကူးတည့်ရာ နာမည်အမျိုးမျိုးပေးပြီး ဟာသလုပ်ရင်း လိုက်ပါလာသဖြင့် ကျနော့်ရင်ထဲရှိ အလွမ်းများပင် တဖြေးဖြေး ငုတ်ကွယ်လျှက်ရှိပေတော့သည်။

ရိပ်သာအ၀င်ဝတွင် ဆိုင်းဘုတ်ကြီးတစ်ခုကို အနီးရောင်အောက်ခံတွင် အဖြူရောင်စာလုံးကြီးဖြင့် “ပရမတ်ဓာတ်ပေါက်လိုလျှင် ဤရိပ်သာသို့ဝင်” ဟုရေးထားသည်ကို တွေ့ရသည်။ ယင်းစာတမ်းကို ဖတ်ပြီး စိတ်ထဲ တစ်မျိုးတစ်မည်ပင် ခံစားမိရသေးသည်။ တခြားရိပ်သာသို့ သွားပါက ပရမတ်ဓာတ်ပေါက်မည်မဟုတ်ကြောင်း ပြောင်းပြန်တွေးမိသဖြင့် မရယ်မိအောင် မနည်းမျိုသိပ်ထားလိုက်ရသည်။ ယင်းဆိုင်းဘုတ်ကြောင့်ပေလော မပြောတတ်၊ ရိပ်သာသို့ လာရောက်တရားရှုမှတ်သူများ အလွန်ပေါကြောင်း ကြားသိရသည်။ ကျနော်တို့ကားကလေး ရိပ်သာဝင်းထဲ ရောက်သွားချိန်မှာ ညနေ ငါးနာရီကျော်လေပြီ။

မောင်းမကန်ရှိဘုန်းကြီးကျောင်းနှင့် ရိပ်သာမှန်သမျှသည် တောင်ခြေတွင်တည်ရှိကြသော်လည်း ဤရိပ်သာမှာ တစ်မူထူးခြားကာ ပင်လယ်ကမ်းစပ်တွင် တည်ထောင်ထားခြင်းဖြစ်သည်။ ရိပ်သာထဲကနေ ကြည့်လိုက်ပါက မောင်းမကန်ပင်လယ်၏ လှိုင်းခေါင်းဖြူဖြူလေးများကို အတိုင်းသားမြင်နေရသည့်အပြင် ပင်လယ်ပြင်၏ လေနုနုကိုလည်း အခါမလပ်ရရှိနေသည်ဖြစ်ရာ ကျနော့်မှာ အကယ်၍ ရိပ်သာမဆောက်ပဲ ဟိုတယ်ဆောက်ပါက ပိုကောင်းမည်လောဟုပင် အကုသိုလ်အဖြစ်ခံလျှက် တွေးမိချေသေးသည်။

ကားပေါ်က ဆင်းသည်နှင့် ပင်လယ်ပြင်ကို အတိုင်းသားမြင်နေရသည်ဖြစ်ရာ ဆရာတော်ကြီးကို သွားရောက်ဖူးမျှော်ကန်တော့ဖို့ပင် မေ့လျော့ကာ ကမ်းစပ်သို့ အပြေးသွားမိလေသည်။ ရေကျပြီးကာစ သဲခုံပြင်ကို ခြေချမိသည်နှင့် ကျနော့်မှာ လှည့်ပြန်ချင်စိတ်မရှိတော့ပဲ ဤနေရာမှပင် မောင်းမကန်ကမ်းခြေအရောက် လမ်းလျှောက်လိုစိတ်ပေါက်လာသဖြင့် ကားကိုမစောင့်ပဲ သွားနှင့်ဖို့ ပြောရတော့သည်။ အဖွဲ့သားများမှာလည်း ကျနော့်နည်းတူ သဲသောင်ယံပေါ် လမ်းလျှောက်ပြေးလွှာလိုကြသူများချည်းဖြစ်ပေရာ အားလုံးကားပေါ်မှ ဆင်းလျှက် ကမ်းခြေတောက်လျှောက် လမ်းလျှောက်ပွဲ ကျင်းပရလေတော့သည်။ ထိုအထဲတွင် သူကား ပါမလာ။ ကားပေါ်ထိုင်ကျန်ရစ်သဖြင့် “စိမ်းကားလေခြင်း”ဟု တွေးမိကာ သက်ပြင်းရှည်ရှည်တစ်ခုပင်ကိုပင် လူမမြင်အောင် ချလိုက်ရလေသည်။

လေနုသည် ညင်းသော့သော့တိုက်ခတ်နေသည်။ လှိုင်းခေါင်းဖြူဖြူလေးများကလည်း သူဦးငါအလျင် ကမ်းစပ်သို့ အပြေးလာနေကြသည်။ သဲသောင်ပြင်ပေါ်က ဂဏန်းပေါက်စ ရာပေါင်းများစွာတို့လည်း လူအလာတွင် သက်ဆိုင်ရာတွင်းအသီးသီးသို့ ၀င်ပြေးနေကြသ်။ ကလေးများလည်း ရေစပ်တွင် ဟစ်အော်ပြေးလွှား ဆော့ကစားနေကြသည်။ မိနစ် (၂၀) ခန့်လျှောက်မိကြသောအခါ ရှေ့နားတွင် တောင်ကျချောင်းငယ်တစ်ခုကို တွေ့ရသည်။ စီးလာသောဖိနပ်များကို ချွတ်လျှက် ချောင်းငယ်ကို ဖြတ်ကျော်ရသည်။ ချောင်းကျော်သည်နှင့် မောင်းမကန်ကမ်းခြေ၏ သင်္ကေတဖြစ်သော ပင်လယ်ကဗွီးပင်ကြီးများကို လှမ်းမြင်နေရသည်။ လေအလာတွင် ယိမ်းထိုးလှုပ်ရှားလျှက် လာရောက်သော ဧည့်သည်များကို အကဖြင့် ဖျော်ဖြေနေသယောင်ပင်။

ဓာတ်ပုံတဖြတ်ဖြတ်ရိုက်ဖြစ်သည်။ တဖြေးဖြေးနှင့် ကမ်းခြေရင်းသို့ ရောက်လာခဲ့ကြသည်။ နေ၀င်ဆည်းဆာအလှကို ကြည့်ရှုခံစားနေကြသော ဧည့်သည်များကိုလည်းတွေ့ရသည်။ ကမ်းနဖူးသဲသောင်ပြင်ရှိ အဒေါ်ဆိုင်တွင် ခဏထိုင်ကာ အအေးသောက်ကြသည်။ ကားဖြင့်လိုက်ပါလာသော အဖွဲ့သားများလဲ ရောက်နှင့်နေကြပြီဖြစ်သည်။

“လမ်းလျှောက်လို့ ကောင်းလား အကို၊ ကျမလည်း လမ်းလျှောက်ချင်တာပဲ၊ ကလေးနှစ်ယောက်ပါနေလို့ သိလား”
ခုံပေါ်တွင်ထိုင်လိုက်သည်နှင့် သူအနားရောက်လာသည်။ ဟာနေသော ကွက်လပ်ကို တစ်ခါဖြည့်ဆည်းခဲ့ပြန်ပြီ။ အပြစ်တော်တင်မည်စိုးသောကြောင့်ထင့်၊ ရောက်မဆိုက်ပင် သူ လမ်းလျှောက်ရင်း လိုက်မလာနိုင်ကြောင်းကို ဖွင့်ဟရှာသည်။ ရင်ထဲမှာ အကျေနပ်ကြီး ကျေနပ်သွားမိသည်။ စားပွဲတွင် အားလုံး ၀ိုင်းထိုင်နေသဖြင့် နှစ်ကိုယ်ကြားပြောရမည့်စကားများလည်း ပါးစပ်ဖျား ရောက်မလာနိုင်ကြတော့။ ကံခေသူ၏ အဆုံးသတ်ပွဲမှာ ဆုံးဖြတ်ရဲတဲ့ သတ္တိနည်းခဲ့လေသော ကျနော်သည် သူ့မျက်နှာကို နောက်ဆုံးအကြည့်ဖြင့်သာ ကျေနပ်ခဲ့ရလေတော့သည်။

နေ၀င်လေပြီ။ အမှောင်ထု လွှမ်းလုလုတွင် ခရီးစဉ်ကို ရပ်နားကာ အိမ်ပြန်လမ်းသို့ မြန်းကြရတော့မည်။ အားလုံးကို နှုတ်ဆက်လိုက်သည်။ မျှော်ရစ်ကိုလှမ်းနှုတ်ဆက်သည်။ မောင်းမကန်ကမ်းခြေကို နှုတ်ဆက်သည်။ ထို့နောက် သူ့ကို နှုတ်ဆက်သည်။ မနက်ဖန် ကျနော် မောင်းမကန်က ခွါရတော့မည်။ တစ်နှစ် သို့မဟုတ် နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်--------။ ဤနေရာသို့ ပြန်ရောက်နိုင်ဦးလော မပြောတတ်။ ပျော်ရာမှာမနေရ၊ တော်ရာမှာနေရသည့်ကျနော့်ဘ၀အတွက် နောက်တစ်ခါသူ့နှင့်ဆုံခွင့်သည် အပြောင်းအလဲများစွာနှင့် ကြုံရမည်ဆိုပါက ကျနော်-------------ကျနော်--------------။