Tuesday, October 12, 2010

ထောင်သင်းမှူးရေလား

မင်းသမန္တရာဇာရေးသော ရေလားများအပြီးတွင် ဆက်လက်၍ ထောင်သင်းမှူး၏ ရေလားများကို တင်ပြရန်ကျန်ရှိသေးသည်။ ထောင်သင်းမှူးဆိုသည်မှာ အခြားမဟုတ်၊ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်၏ နန်းတွင်းစာဆိုအမတ်ကြီးတစ်ဦးဖြစ်သော ပထမန၀ဒေးကြီးပင်ဖြစ်သည်။ န၀ဒေးကြီး၏တောလားများတွင်း ၎င်း၏အတ္ထုပ္ပတ္တိအကျဉ်းကို တင်ပြပြီးဖြစ်သည်။ ရတုစာဆိုပါရဂူကြီးဖြစ်သော န၀ဒေးကြီးသည် ယင်းသက်တမ်းတောက်လျောက် ရတုပေါင်း(၃၀၀)ကျော်မျှ ရေးသားခဲ့ကြောင်းသိရသည်။ ယင်းသုံးရာကျော်သော ရတုများတွင် အောက်ပါ ရေလား ငါးပုဒ်လည်း ပါဝင်မည်ဟု ယူဆရသည်။ ဖတ်ရှုကြလေ။

---------------------------------------

(၁) မြစ်ရတုလျှင်၊ ပျော်မှုသာလွန်း၊ မာဃဆန်းက၊ ကိုင်းကျွန်းနုသစ်၊ ပုရစ်မထ၊ မပြလွန်းသေး၊ ရွှေရည်ပြေးက၊ စဲကွေးသီတာ၊ သို့သောခါမူ၊ လဲဝါပွင့်ရွှေ၊ ၀န်းသည့်လေနှင့်၊ ဆောင်းနွေရောယှက်၊ ပြန်ကဖက်တည့်၊ ကျေးငှက်တွန်ထူး၊ ဖော်ပြိုင်မြူးက၊ ငုံဖူးပင်ကိုင်း၊ မြစ်တိုင်းကမ်းနား၊ စုံတောဖျားဝယ်၊ နဂါးသစ်ဆင်၊ မြီးမှင်အနန်း၊ လောင်းပန်းသဇင်၊ ဂမုန်းအင်ကို၊ သဇင်ချိန်သင့်၊ ပန်သူလင့်သို့၊ ပွင့်အံ့ပြိုင်တူ၊ ငံ့သောဟူ၏၊ လူသို့သော်ကား၊ သနားဘွယ်ပေ၊ ကြာ့နှယ်ခွေလိမ့်၊ ဝေသည်နှစ်သို့၊ ငှက်တို့ဘာသာ၊ မင်္ဂလာဟု၊ ညီညာစုဝေး၊ ထိမ်းမြားပေးက၊ ပဲထွေးဝံလို၊ တုအံ့ဆိုလျက်၊ ၀ံဖိုကားဖောင်၊ ယင်ဘောင်ကားလှေ၊ လှော်သောထွေသို့၊ နှစ်ဆွေမကွာ၊ ဟင်္သာမျိုးရင်း၊ နောင်နောင်ချင်း၍၊ သောင်ဒင်းပတ်သည်၊ တင်ကျီးစည်နှင့်၊ နှုတ်မြည်တီးဆော်၊ စင်ယော်နှဲသာ၊ ခရာမှုတ်ဟန်၊ တိရစ္ဆာန်တို့၊ သဏ္ဌာန်မတူ၊ မြည်ကူရင့်ကြွေး၊ တအေးအေးနှင့်၊ ဟီးလေးထူးခေါ်၊ ရေကြက်ဆော်၍၊ ရွှင်ပျော်စအီ၊ လူလျှင်သီသို့၊ မညီစတောင်း၊ လွေ့ကာဆောင်းနှင့်၊ ဥဒေါင်းလက်သစ်၊ ငဟစ်ဆော်နှိုး၊ ပြည်စိုးသီချင်း၊ တညှင်းညှင်းတည့်၊ စောင်းညှင်းပျော်ပွဲ၊ တသဲသဲဝယ်၊ ၀မ်းဘဲရယ်ယောင်၊ ငှက်ဖိုးခေါင်လျင်၊ လူယောင်ရည်တူ၊ ကျူးလမူကား၊ သည်းအူညွတ်ပျောင်း၊ မလွမ်းတောင်းတည့်၊ ငှက်ပေါင်းဖြင်မျှ၊ ပျော်မြူးကြသည်။ ။လလည်းလသစ် ၀ယ်တကား

(ဒု) နှစ်တစ်ခုလျှင်၊ ရတုဂိန်မှာန်၊ နေဗိမာန်ထက်၊ တောင်ပြန်လေရူး၊ ငါးကြင်းမြူးက၊ ငုံဖူးညောင်းရင့်၊ သစ်တင့်ပန်းသား၊ ပွင့်သည်များထက်၊ ရွှေသားနီမြန်း၊ ရဟန်းနှင့်ဆင်၊ မာတင်ပေါက်ကြီး၊ တည်တစီးနှင့်၊ ရှမ်းကြီးဦးထုပ်၊ တရုပ်မြင်းက၊ ကျေးသူဝနှင့်၊ ဇော်တငုံဖူး၊ လှော်ကားဦးသို့၊ တထူးထွေလာ၊ ပန်းတကာတွင်၊ နှိုင်းရာမတူ၊ ခိုင်မဉ္ဇူကို၊ ကြင်သူမကုံး၊ မထုံးသည်နှင့်၊ ဆင်မတင့်တည့်၊ နတ်ရှင့်ရင်နှစ်၊ တံခြားဖြစ်၍၊ ခွေရစ်ရွက်မြ၊ ဆွေသက်မျှနှင့်၊ နွှဲကြရွှေယဉ်၊ ပျော်စဉ်တွင်၌၊ မြစ်ခွင်ရဲကျော်၊ ဆန်ခဲ့သော်လျှင်၊ ရွှင်ပျော်စတုံ၊ ဆွေစုံကျော်ကာ၊ ဆယ့်ငါးဝါနှင့်၊ ကလျာနိကာယ်၊ တစ်ဆယ်မက၊ ကြံတွက်ဆသည်။ ။လှလည်းလှချစ် ရွယ်တကား

(တ) သစ်မပြုချင်၊ ဆံကေရှင်လည်း၊ မတင်ဆီမွှေး၊ ခုနှယ်မြှေးခဲ့၊ လွမ်းရေးပြင်ပြင်၊ မြင်ခွင်တလျှောက်၊ လဲပေါက်ပွင့်ရှိမ်း၊ ညိုညိုစိမ်း၍၊ ပင်ယိမ်းဖားဖား၊ ပွင့်ခက်များဝယ်၊ မြသားရည်ရော်၊ ရွှေလှော်နှိုင်းတူ၊ ဦရရူလျှင်၊ သောက်ယူဝတ်ရက်၊ ပုန်းညက်ကံ့ကော်၊ ရွှေလှော်စကား၊ ချယားဂမုန်း၊ ကြက်ရုံးပျဉ်ဖြူ၊ မဉ္ဇူအနန်း၊ ခပ်သိမ်းပန်းတို့၊ ငုံ့လန်းမလွန့်၊ ပန်အံ့သသူ၊ လင့်သောဟူ၏၊ လူတို့၌၀ယ်၊ သနားဘွယ်တည့်၊ ဆွေးသွယ်ကြာတင်၊ မျိုးအိမ့်ရှင်နှင့်၊ ရွှေရင်ကြူးလွန်၊ ဖြစ်သောဟန်ကို၊ လျှောက်ပန်ခ,ယ၊ ဆန်ခဲ့ရသည်။ ။စလည်းစချစ် ဘွယ်တကား

(စ) မြစ်တစ်ခုစင်၊ စွန်းမထင်တည့်၊ ရွှေစင်ရည်ပျောင်း၊ သွန်းဆင့်လောင်းသို့၊ ဟန်ကောင်းနွဲ့လျ၊ ဆွေသက်မျှနှင့်၊ နွှဲကြရွှေရင်၊ ပျော်စဉ်တွင်၌၊ မြစ်ခွင်ဧရာ၊ ဆန်ခဲ့လာသော်၊ ဗျာပါထပ်မွန်၊ အလွမ်းဝှန်လှိုက်၊ တစဉ်ကြိုက်ဝယ်၊ ၀ဲရိုက်ဝဲသွင်း၊ မြစ်တွင်းကွေ့ချောင်၊ စဲသောင်ပြင်ထွန်း၊ သဲဖြင်ကျွန်းထက်၊ ရွှင်လန်းများစွာ၊ မြူးကြရာဝယ်၊ စာကားစည်းစုတ်၊ ကျီးလက်ခုပ်နှင့်၊ ညှင်းကားငှက်တော်၊ လှေလှော်ယင်ဘောင်၊ မောင်ကားဝံဖို၊ ၀ံလိုအဲထူး၊ နွှဲကြူးဥသြ၊ ရွေဖေါ်နှော၍၊ တယောထိုးဟန်၊ တိရစ္ဆာန်တို့၊ သဏ္ဌာန်ရင့်ညောင်း၊ ဥဒေါင်းဖိုမ၊ က,သည်မောင်နှံ၊ ငှက်ပေါင်းသံကို၊ တရံဆွတ်မျှ၊ ကြားလ,ကလျှင်၊ ၀တ်စတော်နှင့်၊ လွမ်းခွင့်ပြေသာ၊ ချစ်ခြင်းရာကို၊ ညိုပြာအတူ၊ ဖြူပြာတမျှ၊ နတ်နှယ်လှသည်။ ။မြလည်းမြနှစ် သွယ်တကား

(မ) နှစ်စနုလျှင်၊ ရတုဂိန်မှာန်၊ တောင်လေပြန်က၊ ပြင်းထန်ရေရူး၊ မြူးတုံငါးကြင်း၊ သစ်ခပင်းတို့၊ ငုံကင်းရုံးစု၊ ဖူးနုခက်ဖြာ၊ ပန်းတကာတွင်၊ ရွှေသာနှိုင်းပြီး၊ တသီးတရုပ်၊ ဦးထုတ်ပတ္တမြား၊ မြကားချပ်သွယ်၊ သန္တာချယ်၍၊ ဆန်းကြယ်စားကြူး၊ ဖန်တင့်ထူးသည်၊ မဖူးနှိုင်းပြိုင်၊ မဉ္ဇူခိုင်ကို၊ လက်ကိုင်စုရုံး၊ ချစ်စ,ထိုး၍၊ ကုံးသီလက်နှင့်၊ ဆင်တိုင်းတင့်၏၊ နတ်ရှင့်သည်းကြား၊ ခြားမခြားတည့်၊ စုလျားဖွဲ့ရစ်၊ ခွေစသစ်နှင့်၊ ရွှေခေတ္တမည်၊ ဖ,မင်းပြည်သို့၊ ကြေးစည်ညှင်းစောင်း၊ ပဲ့ပေါင်းကျွန်းစင်၊ လောင်းနီလျှင်လျှင်၊ မြစ်ခွင်ဧရာ၊ ဆန်ခဲ့လာသော်၊ လက္ခဏာမချို့၊ မမို့မရှိုက်၊ လိုက်လိုက်မေးပါး၊ လှထွားနှာရောင်၊ မျက်တောင်ကော့ဖြူး၊ နဖူးထိပ်ကျယ်၊ မငယ်နားရွက်၊ မွေ့သက်ရေသား၊ မွတ်မွတ်ထွားကို၊ နှိုင်းရှားလူ့ရွာ၊ မရသာတည့်၊ ကလျာနိကာယ်၊ တစ်ဆယ်မက၊ ကြံတွက်ဆသည်။ ။မျှလည်းမျှနှစ် ရွယ်တကား

-----------------------------
ဤတွင် တောလား+ရေလားများ အဆုံးသတ်သဖြင့် အပြီးကမ္ပတ်ဖုံးအပ်သတည်း။


4 comments:

မေဓာဝီ said...

မြစ်ရတုလျှင်အစချီတဲ့ ကဗျာကို ဖတ်ဖူးပေမဲ့ အခုကိုမင်းထက်တင်သလို အပိုဒ် ၅ ပိုဒ်မဟုတ်သလိုပဲ။ ဒါနဲ့ စာအုပ်ပြန်ရှာတော့ စစ်ထွက်ခန်းဆိုပြီး န၀ဒေးကြီးရဲ့ ရတုပိုဒ်စုံ ၃ ပိုဒ်ကိုတွေ့ပါတယ်။

မြစ်ရတုလျှင်၊ ပျော်မှုသာလွန်း .... တ-လည်း တ-ရစ်ဘွယ်တကား။ (အဲဒါက တူတူပဲ)

ချစ်သမှုလျှင်၊ လူသူ့နှယ်ပင်၊ ငှက်သဘင်ဟု၊ ငွေသွင်ဖြူသဲ၊ ကျွန်းပုလဲထက်၊ ပျော်မြဲနှစ်လို့၊ ငှက်တို့ဘာသာ၊ မင်္ဂလာဟု၊ ညီညာစုဝေး၊ ထိမ်းမြားပေးက၊ ပဲထွေးဝံလို၊ ထူးအဲဆိုလျက်၊ ၀ံဘိုကား ဖောင်၊ ရင်ဘောင်ကား လှေ၊ လှော်သာထွေသို့၊ နှစ်ဆွေ မကွာ၊ ဟင်္သာမျိုးရင်း၊ နောင့်နှယ်နှင်း၍၊ သောင်တင်း အဲလည်၊ တင်ကျီးစည်နှင့်၊ နှုတ်မြည်တီးဆော်၊ ဇင်ရော်နှဲသာ၊ ခရာမှုတ်ဟန်၊ တိရစ္ဆာန်တို့၊ သဏ္ဌာန်မတူ၊ ရေသူရင့်ကြွေး၊ တအေးအေးနှင့်၊ ဟန်ရေးထူးခေါ်၊ ရေကြက်ဆော်၍၊ ရွှင်ပျော်စအီ၊ လူလျှင်သီသို့၊ မညီစတောင်း၊ လွေကားစောင်းနှင့်၊ ဥဒေါင်းလက်ရှစ်၊ ငါးဟစ်ဆော်နှိုး၊ ပြည်စိုးသီချင်း၊ တညှင်းညှင်းတည့်၊ စောင်းငြင်းပျော်ပွဲ၊ တသဲသဲဝယ်၊ ၀မ်းဘဲ ရယ်ယောင်၊ ငှက်ဘိုးခေါင်လျှင်၊ နောင်တသည်တူ၊ ကြူးလမူက၊ သည်းအူဆွတ်ပျောင်း၊ မလွမ်းတောင်းတည့်၊ ငှက်ပေါင်းဖြင်မျှ၊ ပျော်မြူးကြသည်။ လ-လည်း လ-သစ်ဝ ယ်တကား။ ။ (အဲဒီအပိုဒ် မပါလို့ လိုရမယ်ရ ရိုက်ပေးလိုက်ပါတယ်။)

နောက်ဆုံးပိုဒ်ကတော့ ...
နှစ်တခုလျှင်၊ ရတုဂိမှာန် ... လှလည်း လှချစ်ရွယ်တကား။ ။ ကျန်တာတွေမပါဘူး ဒီ ၃ပိုဒ်ပဲ။
မူကွဲတွေထင်တယ်နော်။ ပိုဒ်ရေများတော့လဲ ဖတ်ရတာ အားရပါးရရှိတာပေါ့။

မေဓာဝီ said...

ကွန်မန့်ပေးတာ အယ်ရာတက်သွားပြီး ခဏခဏနှိပ်မိတာ ၄ ခုဖြစ်သွားလို့ ပြန်ဖျက်လိုက်တယ်။ ဆောရီး ကိုမင်းထက်ရေ။

သုခုမလေဒီ said...

သီတင်းကျွတ်မှာပျော်ရွှင်ပါစေ မောင်လေးရေ..
မရောက်တာကြာလို့ အရောက်လာတယ်နော်.

Harry said...

တကယ်က နဝဒေးရဲ့ ပိုဒ်စုံရတု နှစ်ပိုဒ်ကို ရောထွေးပြီးရေးထားတာ ဖြစ်ပါတယ် ...