Monday, August 24, 2015

အင်း ကိုယ့်အလင်းတန်းရွာလေးလည်း ရေကြီးတဲ့အထဲ ပါသွားလိုက်တာ လူသူအရောက်အပေါက်တောင် မရှိတော့ပါကလား
သူကြီးလည်း  ရွာပြန်မလာနိုင်တော့ အထီးကျန်လှချည့်
ဆရာလေးမောင်သောကြာတစ်ယောက်တော့ ပြန်လာနိုင်ကောင်းပါရဲ့

Monday, January 20, 2014

သားကျောင်းခြင်း

ခွေးကျောင်းနွားကျောင်း
ဆိတ်ကျွဲကျောင်းနှင့်
သားကျောင်းတဖြာ
ကျောင်းများစွာတွင်
သားမှာခဲဆစ်
ခဲယာဖြစ်၏
ဟိုပြေးဒီဝင်
ဆွဲကာငင်လျှက်
ငိုလျှင်ချော့ရာ
ရှူရှူးမှာလည်း
မကြာခဏ
ပေါက်ကာချသေး
မုန့်ဆိုင်ပြေးမူ
နောက်လိုက်ပူလော့
မုန့်ဟူသမျှ
လက်ညှိုးဝတွင်
သူမြင်တိုင်းထိုး
စားမရိုးတည့်
သွားကျိုးလျှင်ခက်
စားမပျက်ဘူး
စားလျှက်ဆော့ကာ
သူမောပါမူ
သူ့မှာချိုချို
အငတ်ပို၏
သူ့လိုကိုလိုက်
သူ့ကြိုက်ဆောင်လည်း
မကြိုက်ခါခါ
ရှိသည်သာကြောင့်
သားတစ်ယောက်မွေး
အိမ်ထောင်ရေးတွင်
အတွေးလည်းပူ
အရေးပူရာ
များစွာသားမွေး
အိမ်ထောင်ရေးတို့
မတွေးမ၀ံ့
ရွံ့တွံ့တွံ့ရှင့်။

Saturday, January 18, 2014

အမေ


မရှိတော့တဲ့အမေ
 ..........................
ငယ်စဉ်တောင်ကျေး
ကလေးဘ၀မှာ
အမေ့မျက်နှာ
ငေးကာမော်ကြည့်
ငါပျော်မိခဲ့။
ဒုက္ခဟူသမျှ
အမေကသာ
ရှေ့မှာရပ်တည့်
ငါမသိအောင်
ဖုန်းဖိကွယ်ကာ
နေပေးရှာခဲ့။
သူ့သားသမီး
ခရီးရှေ့ရေး
အစဉ်တွေးကာ
မဆွေးသောချစ်
မအေးသောရင်
စဉ်ပူပင်လျှက်
နေ့စဉ်လုပ်ငန်း
သူမပန်းခဲ့။
အော်...အခုတော့
ဒီမြေမှာ ဒီမေမနေတော့ပြီ
ဒီရေကို ဒီမေမသောက်တော့ပြီ
အမေဘယ်ပျောက်
မျက်စိအောက်မှာ
မေပျောက်ရှာသူ
ငါ့တူညီမ
ဒို့ဘ၀တွေ
ဘယ်လိုနေလဲ
အမေ သိချင်နေမှာပဲ။
 ============================
ရှိနေဆဲအမေ
...................................
တစ်ပုဒ်တည်းသောတေးသွား
ညီးတွားရင်းအိပ်ယာဝင်
အမေ့ရင်ခွင်ထဲ
တိုးဝင်အိပ်စက်
ဆောင်းအိပ်မက်လည်း မမက်ခဲ့ဖူး။
တစ်ထည်တည်းသောခြုံစောင်
လုံအောင်မနွေးစေနိုင်လင့်
အမေ့ရင်ကအနွေးဓာတ်
 မပြတ်ရတဲ့ငါ
ဆောင်းမှာလည်းနွေးမပျယ်
ခေါင်းမှာလည်း တွေးမကြယ်
အိပ်ယာထဲကွေးလို့ကောင်းခဲ့။
အမေ့ရဲ့အသံ
အမေ့ရုပ်ရည်
ငါကြားငါမြင်
ငါ့ရင်ကဘယ်မပျောက်
အမေဘယ်ရောက်ရောက်ပေါ့
အမေဟာ ငါ့အတွက်
ထာဝရပါပဲ။

(သူငယ်ချင်းနတ္ထိအတွက် အမှတ်တရ)


 
 


Sunday, January 12, 2014

သားလေး

သားတို့ရုပ်ရည်
သီတာမည်သား
ရေကြည်ချမ်းမြ
တစ်ပေါက်ကျက
မိဘတို့ဝမ်း
ငြိမ်းစတမ်းဟု
ရှေးရတုရှင်
စာဆိုခင်တို့
အစဉ်ဟစ်ကြွေး
ဆိုခဲ့ပေးသည်
ဘယ်အေးဘယ်မှာ 
မီပါအံ့

Thursday, February 10, 2011

ရင်ကြားစေ့ခြင်းသဘော


Let us never negotiate out of fear. But let us never fear to negotiate.

John F. Kennedy (1917-1963)

ကြောက်လို့ စေ့စပ်ဆွေးနွေးရတာမျိုး မဖြစ်စေနဲ့။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးဖို့ ကြောက်နေတာမျိုးလည်း မဖြစ်စေနဲ့။

(ဂျွန်အက်ဖ် ကနေဒီ)




Wednesday, February 9, 2011

ရှောင်ရန် ဆောင်ရန် သမီးများ


ဒီကနေ့ အလန်းတန်းရွာက ကျောင်းဆရာလေးမောင်သောကြာတစ်ယောက် ပျင်းပျင်းရှိသည်နှင့် အဖိုးနှစ်ဖေါ်ရှိရာ ရွာဦးကျောင်းတောင်ပေါ်ဘုရားသို့ ရောက်ဖြစ်ခဲ့သည်။ ထုံးစံအတိုင်း အဖိုးနှစ်ယောက်မှာ လောကရေး ဓမ္မရေး ဆွေးနွေးငြင်းခုံရင်း သူတို့၏လက်ကျန်ဘ၀သက်တမ်းကို ဘုရားရိပ်တရားရိပ်မှာပင် ကုန်လွန်စေနေကြသည်။ အဖိုးနှစ်ဦးနှင့်စကားပြောရသောအခါမှာဖြစ်စေ၊ ယင်းတို့ဆွေးနွေးသည်ကို နားထောင်ရသောအခါမှာဖြစ်စေ ကျောင်းဆရာလေး မောင်သောကြာအတွက် ဗဟုဿုတရဖွယ်အလီလီပင် ဖြစ်နေတော့ရကား အိမ်မှုကိစ္စ၊ ကျောင်းကိစ္စတွေပစ်ပယ်ကာ အဘိုးတို့နှင့်သာ အတူလာနေလိုက်ချင်တော့သည်ဟု မောင်သောကြာမကြာခဏအတွေးပေါက်နေမိသည်။

သို့သော်လည်း ငယ်ရွယ်သေးသော ကျောင်းဆရာလေးခမျာမှာ လူငယ်တို့ဘာသာဘာဝ ဖြစ်ပေါ်တတ်သော လောကီသားတို့၏ ယိုးတိုးရွတစိတ်ကိုလည်း ထိမ်းသိမ်းနိုင်စွမ်းနည်းပါးနေသေးလေရာ စိတ်နောက်ကိုယ်ပါ ပျိုကညာထိုထို၏ အပိုအလိုမရှိ အလှတွေကိုမူးရစ်မိသဖြင့် စိတ်ညစ်ညစ်နှင့် တောင်ပေါ်ဘုရားသို့ ရောက်လာရပေတော့သည်။ ဘုရားရိပ်တရားရိပ်ကို နင်းမိလင့်ကစား အရင်းထိနေတဲ့ချစ်စိတ်ကို မတွန်းလှန်နိုင်သဖြင့် ငိုင်တိုင်တိုင်အပူရုပ်ကို အမူလုပ်ဟန်ဆောင်ကာသွားပေမင့် သမုဒယကုန်သဖြင့် သုတစုံဝင့်ထည်နေတဲ့ အဖိုးနှစ်ယောက်တို့ရှေ့ ရောက်သောအခါ အကင်းပါးလှသော အဖိုးတို့၏အကဲခတ်မှုကိုမူ မကျော်လွှားနိုင်ခဲ့တော့ချေ။

ဦးတင်။ ဟေး မောင်သောကြာ မင်းလည်းမလာတာ အတော်ကြာနေပေါ့လကွာ၊ ဘယ်နှယ်လည်း ကိစ္စ၀ိစ္စတွေ တော်တော်များနေတယ်ပေါ့ ဟုတ်လား။ နို့ ဒါနဲ့ မင်းကြည့်ရတာ ငိုင်တိုင်တိုင်နဲ့ ဧကန္တတော့ မင်းထိနေပြီထင်တယ်နော်။

ဦးရှင်။ အေးဟေ့ ငါလည်း မင်းမြင်ကတည်းက သတိထားမိတယ်။ ရွှင်ရွှင်ပြပြမရှိလှတဲ့မင်းရုပ်က ဧကန္တတော့ ကြင်ကြင်နှမနဲ့ လွဲလွဲနေတာများလား ငါ့မြေးရ။

သောကြာ။ ပြောရမည်ဆိုရင်တော့ ဘမျိုး ဘိုးမတူဖြစ်တဲ့ ကျနော့်ကိုယ် ကျနော်ပဲ အပြစ်တင်ရတော့မှာပေါ့ အဘိုးတို့ရာ၊ ချိန်လိုက်ရင်း လွဲရင်း လွဲရင်းနဲ့ ကျနော်လည်း ကြာတော့တွတ်ပီသေနတ်လို ဖြစ်နေပြီဗျာ့။

ဦးတင်။ ဟားဟားဟား...........ထင်တော့ထင်သား၊ ငါ့မြေးတော့ တစ်ခုခုတော့ ဖြစ်နေပြီလို့။ နို့ နေစမ်းပါဦး၊ မင်းအဖြစ်အပျက်လေးလည်း ပြောပါဦးကွာ့။

သောကြာ။ ပြောရမည်ဆိုရင်တော့ ဇာတ်လမ်းကရှည်ပါတယ် အဘိုးရာ၊ တိုတိုပြောရရင်တော့ ကျနော်ကြိုက်တဲ့ကောင်မလေးက သိပ်မရှင်းချင်ဘူး။

ဦးရှင်။ မင်းကလုပ်ပြီ၊ ဘယ်လိုမရှင်းတာလဲ၊ ရှင်းစမ်းပါဦး။

သောကြာ။ မရှင်းတာကို ရှင်းရရင်တော့ ပြီးမှာမဟုတ်ပါဘူး အဘိုးရာ၊ သူက ရှုပ်တယ်ဗျာ့။

ဦးတင်။ ဟာ့ ငါ့မြေးရ...မရှင်းဘူးဆိုမှတော့ ရှုပ်တယ်ဆိုတာ ငါ့တို့လည်း သိပါတယ်ကွာ့။ မင်းစကားကလည်း ပြောလေ ရှုပ်လေပါလား။

ဦးရှင်။ ရှုပ်လို့မရှင်းတာပေါ့ မောင်တင်ရ၊ ကဲ မောင်သောကြာ မင်းစကားက လိုရင်းမရောက်ဘူး။ အဲဒီမရှင်းပဲ ရှုပ်တဲ့ မင်းကောင်မလေးအကြောင်း ပြောစမ်းပါဦး။

သောကြာ။ ဒီလိုပါအဘိုး၊ သူက ကျနော့်ကိုလည်း လက်မလွှတ်ချင်ဘူး၊ ပြီးတော့ တခြားတစ်ယောက်နဲ့လည်း မကင်းမကင်း လုပ်နေတယ်။ အဲဒါကို ကျနော်စိတ်ပျက်တာပါ။

ဦးတင်။ ဟားဟားဟား...........ဖြစ်ရမယ်၊ ဖြစ်ရမယ်။ မင်းက ရှောင်ရမည့် သမီး၊ ဆောင်ရမည့် သမီးတွေကို ကြိုတင်မှ သိမထားပဲကိုးကွာ့။ မင်းကောင်မလေးက ရှောင်ရမည့်သမီး အမျိုးအစားထဲ ပါနေတာဖြစ်မှာပေါ့ ကောင်လေးရ။

ဦးရှင်။ ဒီနေရာမှာတော့ မောင်တင်ပြောတာကို ငါလည်း မသိဘူးဟေ့။ လင်းစမ်းပါဦး၊ ဘယ်လိုသမီးကို ရှောင်လို့ ဘယ်လိုသမီးကို ဆောင်ရမလဲ ဆိုတာလေး။

သောကြာ။ ကျနော့်အနေနဲ့ပြောရရင်တော့ သူကကျောင်းမှာကျနော်နဲ့အတူတူ လုပ်ဖေါ်ကိုင်ဖက်မို့ သံယောဇဉ်ဖြစ်သွားတာပါ။ နောက်ဆုံး သူ့ကို ယူဖို့အထိ ကျနော်စိတ်ထဲ ဆုံးဖြတ်ထားခဲ့တာ။ အခုတော့ ဇဝေဇ၀ါတွေ ဖြစ်ကုန်ပြီ။

ဦးတင်။ ဖြစ်စရာရှိတော့လည်း ဖြစ်ရမှာပဲပေါ့။ ဒီလိုကွာ့။ ငါတို့လူ့လောကဆိုတာ အစကတည်းက ရှုပ်ပြီးသားပါ။ ကတယ်တော့လည်း လောကက မရှုပ်ပါဘူး။ လောကမှာ ကျင်လည်နေတဲ့ လူတွေကသာ ရှုပ်နေတာပါ။ သူတို့ရှုပ်တာနဲ့ လောကကိုပဲ အပြစ်တင်ပြီး လောကက ရှုပ်တယ်လို့ ပြောနေကြတာ။

ဦးရှင်။ ကဲပါလေ၊ မင်းကလည်းတစ်မျိုး၊ ပြောရမည့်ဟာကို ဒဲ့မပြောချင်ဘူး။ ရှောင်ရမည့် သမီး၊ ဆောင်ရမည့် သမီးဆိုတာ ဘယ်ဟာတွေကို ပြောတာလဲ၊ အဲဒါ ပြောလေကွာ။

ဦးတင်။ ပြောမှာပေါ့ အကိုကြီးရာ။ စကားပြောတဲ့အခါ နိဒါန်းမပါရင် ခေါင်းမပါတဲ့လူလို ဘယ်ကြည့်ကောင်းပါ့မလဲ၊ နိဒါန်းလေးတော့ ပျိုးပါရစေဗျာ။

ဦးရှင်။ ဟုတ်ပါပြီ၊ အခု မင်း နိဒါန်းပျိုးပြီးပြီမို့လား။ စာကိုယ်လုပ်တော့လေကွာ။

သောကြာ။ အဘိုးနိဒါန်းကလည်း နေ၀င်တော့မယ်။ အဆုံးသတ်ဖို့ ကောင်းပါပြီ။

ဦးတင်။ ဒီလိုကွာ့၊ မောင်သောကြာရ။ လောကမှာ ရှောင်ရမည့်သမီးက (၃) မျိုးရှိတယ်။ ဆောင်ရမည်သမီးကတော့ (၁) တစ်မျိုးတည်းပဲ။ ရှောင်ရမည့် သမီးကို ဆောင်ပြီး ဆောင်ရမည့် သမီးကို ရှောင်ရင်တော့ မင်းဘ၀ ကံခေပြီသာ မှတ်တော့။

ဦးရှင်။ လိုရင်းလုပ်ပါ ငါ့ညီရာ၊ မင်းမလည်း ဝေ့လည်ကြောင်ပတ်နဲ့။ သိချင်တဲ့လူကို စိတ်ဒုက္ခတော်တော်ပေးတာပဲ။

ဦးတင်။ အကိုကြီးကလည်း ခက်လိုက်ပါဘိ၊ ဆွေးနွေးတယ်ဆိုတာ ပြောသင့်တာတွေ အကုန်ပြောရမှာပေါ့။ ခေါင်းစဉ်တစ်ခုတပ်ထားရင် အဲဒီခေါင်းစဉ်ထဲမှာ အဓိပ္ပါယ်တွေ အလိုလိုပါဝင်နေပြီးသားပဲလေ။ ဘာရှင်းပြနေစရာလိုတော့မလဲ။ ဒါပေမဲ့ စပ်ရာစပ်ရာ နွယ်ရာနွယ်ရာတွေကို ထည့်မပြောရင် ရေချည်းသက်သက်နဲ့ ဟင်းချက်သလို ဖြစ်သွားမှာပေါ့။ ရေချည်းသက်သက် ဟင်းချက်ရင် ရေနွေးပဲဖြစ်မှာပေါ့။ ဘယ်လိုလုပ်ပြီး ဟင်းလို့ ခေါ်နိုင်မတုန်း။

ဦးရှင်။ ကဲပါကွာ၊ အခုမင်းဘာဟင်းချက်မလဲ ပြော၊ ငါပဲ ဟင်းမယ်တွေ ရှာပေးမယ်။ ဟင်းဖြစ်အောင်သာ မြန်မြန်ချက်တော့၊ ဆာတဲ့လူက ဆာနေပြီ။

ဦးတင်။ မောင်သောကြာရေ့ အဲဒါပဲ ကြည့်တော့ကွာ့၊ မင်းအဘိုးက စိတ်မရှည်ဘူး။ ဒါကြောင့်လည်း သူ့တစ်သက်မိန်းမမရခဲ့တာ။ မိန်းမရဖို့လုပ်ရတဲ့ အရည်အချင်းတွေထဲမှာ စိတ်ရှည်တာလည်း ပါတယ်နော်။ အဲဒါတော့ မင်းမှတ်ထားဖို့မမေ့နဲ့ဦး။

သောကြာ။ ဟုတ်ကဲ့ ကျနော် မှတ်ထားလိုက်ပါပြီ အဘိုးလေ။ ရှောင်ရမည့် သမီး၊ ဆောင်ရမည့် သမီးတွေက ဘာတွေလဲ ဆိုတာကိုသာ အမြန်ပြောပါတော့။

ဦးတင်။ ဟားဟားဟား.........ဒီနေရာမှာတော့ မင်းလည်း ဘမျိုးဘိုးတူဖြစ်နေပြီ။ ငါနဲ့တော့ မတူဘူး၊ အကိုကြီးနဲ့တူတာ၊ မင်း ဒီလိုသာ စိတ်မရှည်ရင် မိန်းမယူဖို့ စိတ်ကူး မထည့်နဲ့။ မိန်းမဆိုတာ စိတ်ရှည်တဲ့ ယောက်ျားမှ ကြိုက်တာကွာ့။ ဘာဖြစ်လို့လည်း သိလား၊ သူတို့ကိုယ်တိုင်က စိတ်မရှည်တတ်ကြလို့ပဲ။ မိန်းမနဲ့ ကြာကြာပေါင်းချင်ရင် ဥပဒေ များများ မရှိဘူး၊ နှစ်ခုပဲ။ တစ် စိတ်ရှည်ရမယ်၊ နှစ် မသိယောင်ဆောင်နိုင်ရမည်၊ ဒါပဲ။

ဦးရှင်။ မင်းဆိုတဲ့ကောင်က စာတတ်ပေတတ်တော့ ပီသပါတယ်။ လေရှည်တာတစ်ခုကိုတော့ ငါသည်းမခံနိုင်တာအမှန်ပဲဟေ့။ မင်း ဒီနေ့ မပြောတော့ဘူးဆိုရင်လည်း ငါတို့ အိမ်ပဲ ပြန်ကြစို့ကွာ။ နေ၀င်လို့ မှောင်တောင် မှောင်နေပြီ။

ဦးတင်။ အကိုကြီးကလည်း စကားပြောတာပဲဟာ၊ အလင်းအမှောင် မလိုပါဘူး။ လင်မယားဖြစ်ရင် အမှောင်ထဲပြောတာ ပိုတောင်ကောင်းသေးတယ်။ အကိုကြီးက လူပျိုကြီးဆိုတော့ ဒီသဘောတရားကို ပြောလည်း နားလည်မယ်မထင်ပါဘူးဗျာ။ ကျနော်ဆို အိမ်ကအဖွါးကြီး စိတ်ဆိုးတဲ့အခါတိုင်း လင်းနေတဲ့ မီးတွေ အကုန်ပိတ်ပြီးမှ ချော့ရတာ။ ခဏပဲ။ အဲဒီအထာကို ကျနော်သိနေတော့ အဖွါးကြီးက သူအရင်ဦးအောင် မီးပိတ်တာကလား။

သောကြာ။ အဘိုးကလည်းဗျာ၊ ပြောရင်းပြောရင်း ကုတင်ပေါ်ရောက်သွားပြန်ပြီ။ အဲဒါနောက်ကြုံမှပဲ ပြောပါဗျာ။ လောလောဆယ် ကျနော်ရှောင်ရမည့်၊ ဆောင်ရမည့် သမီးစာရင်းပဲ ပြောပါတော့။

ဦးတင်။ ဒီလိုကွာ့ မောင်သောကြာရ၊ ငါတို့ယောက်ျားတွေအတွက် လောကမှာ ရှိတဲ့ သမီးတွေကို အုပ်စုခွဲပြီး စစ်တမ်းကောက်လိုက်ရင် ရှောင်ရမည့် သမီးနဲ့ ဆောင်ရမည့်သမီးဆိုပြီး (၂)မျိုးပဲ ရှိတာပေါ့။ ရှောင်ရမည့် သမီးတွေကတော့...
(၁) နှပ်သမီး၊
(၂) နန့်သမီး၊
(၃) နပ်သမီး၊
အဲဒီသမီးသုံးပါးတော့ ရှောင်ပေတော့၊ မရှောင်နိုင်ရင်တော့ မင်းဘ၀ ဒီတစ်ပတ် သောကြာကနေ နောက်တစ်ပတ်သောကြာရောက်လည်း ကောင်းစားဖို့ မရှိဘူး။

ဦးရှင်။ ဟားဟားဟား.........ငါလည်း ဒီအရွယ်အထိရှိနေပြီ။ မင်းပြောတဲ့သမီးသုံးပါးတော့ မကြားဖူးပေါင်ဗျာ။ ဘယ်ကျမ်း ဘယ်စာပေကလာလို့ ဒီသမီးစာရင်းကို မင်းက တင်ပြနေရတာလဲ၊ လင်းစမ်းပါဦး။

ဦးတင်။ အကိုကြီးက မိန်းမအကြောင်း မသိလို့ ဒီစကားပြောတာပါ။ အကိုကြီး လူပျိုကြီးဖြစ်နေတာကိုက ဒီသဘောတွေကို နားမလည်ခဲ့တာကြောင့်ပဲ။ စာပေကျမ်းဂန်တွေဆိုတာ အတွေ့အကြုံရှိတဲ့လူတွေက ရေးခဲ့တာချည်းပဲ မဟုတ်လား။ တကယ်လို့ အခုကျနော်ပြောတာတွေကို စာပေကျမ်းဂန်ထဲ မပါလို့ လက်မခံနိုင်ရင်တော့ အကိုကြီး မှားသွားပြီသာမှတ်တော့။ ရှေးကစာအုပ်စာပေထဲ မပါတဲ့အကြောင်းအရာကို အမှန်လို့ မယူဆနိုင်တဲ့လူဟာ ယနေ့ခေတ်မှာ တိုးတက်ထွန်းကားနေတဲ့ အခြေအနေတွေကို ဘယ်ပုံဘယ်နည်းနဲ့ လက်ခံမလဲ။ ဒါပေမဲ့ လက်မခံလို့မှ မရပဲ။ အကိုကြီးမျက်မြင်ပဲလေ။ ကျနော်ပြောတာတွေက ကျနော့်ဘ၀နဲ့ ကြုံရတာတွေကို ပြောပြနေတာပါဗျာ့။ လူတစ်ယောက်ရဲ့ အတွေ့အကြုံကို ရှေးစာပေဆိုတဲ့ ပေတံနဲ့ လာမတိုင်းပါနဲ့။

ဦးရှင်။ ကဲပါကွာ၊ မင်းက ငါ့ထက်စာတတ်တာကို လက်ခံပါတယ်။ မင်းပြောစရာရှိတာသာ ဆက်ပြောပါ။ နေပါဦး၊ မင်းပြောတဲ့ နှပ်သမီး၊ နန့်သမီး၊ နပ်သမီး ဆိုတာတွေက ဘာတွေတုန်း။ ငါတော့ နတ်သမီးပဲ ကြားဖူးတယ်။ မင်းပြောတာတွေတော့ အခုမှပဲ အသစ်အဆန်းလုပ်ပြီး မှတ်ရတော့မှာပဲ။

ဦးတင်။ ဟဲဟဲ.......ဒီနေရာမှာတော့ “အသက်ကြီး တစ်နည်းသာ” ဆိုတဲ့ဆိုရိုးစကား မှားသွားပြီ။ အကိုကြီးက ကျနော့်ထက် အသက်ကြီးပေမဲ့ ဒါတွေကို အခုမှ သိရတော့မယ် မဟုတ်လား။ အဲဒါပြောတာပေါ့၊ အတွေ့အကြုံပါလို့။ အသက်ဘယ်လောက်ကြီးကြီး၊ အတွေ့အကြုံ နုရင် ကလေးသာသာပဲ အကိုကြီးရ။ ကျနော်ပြောတာ စာပေအတိုင်းပြောတာနော်။

ဦးရှင်။ အဲဒါတော့ မင်းလိုရာဆွဲပြောတာ ငါသိပါတယ်ငတင်ရာ။ ဟိုးအင်္ဂုတ္တရာနိကာယ်၊ ဒုကနိပါတ်ထဲက အရှင်နုရုဒ္ဓါနဲ့ ပုဏ္ဏားကြီးတစ်ယောက် ပြောတဲ့စကားကို ယူပြောတာ မဟုတ်လား။

ဦးတင်။ လိုရာဆွဲပြောတာ မဟုတ်ဘူး၊ လက်တွေ့အသုံးချလိုက်တာပါ။ ထားလိုက်ပါတော့။ ကျနော်ပြောတဲ့ သမီးတွေအနက်.......နှပ်သမီးဆိုတာက ကိုယ့်အသက်နဲ့စာရင် အလွန်ငယ်ရွယ်တဲ့ မိန်းမတွေကို ဆိုလိုတယ်။ ဒါက တင်စားပြောတာပါ။ နှပ်သမီးဆိုတာ ကိုယ့်နှာခေါင်းကထွက်ကျလာတဲ့ နှပ်ကိုတောင် နိုင်နိုင်နင်းနင်း မသုပ်နိုင်သေးတဲ့ အရွယ်ပေါ့။ ယောက်ျားတစ်ယောက်ဟာ သူ့ထက် အသက်အများကြီးငယ်တဲ့၊ ဥပမာဗျာ...၁၅ နှစ်၊ နှစ် ၂၀၊ ၃၀ လောက်ငယ်တဲ့မိန်းမကို ယူတယ်ဆိုပါစို့။ တစ်ချိန်လုံး စိတ်ပူပင်နေရတယ်။ တကယ်တော့ အဲလိုသက်ကျားအိုကို ယူတဲ့မိန်းမအနေနဲ့လည်း မလွှဲသာလို့ ယူရတာပဲ များပါတယ်။ တကယ့်တကယ်ကို ချစ်တဲ့စိတ်ရိုးရိုးနဲ့ယူတာ ခန့်ရှားရှားပဲလေ။ အဲဒီတော့ ယူမိတဲ့ ယောက်ျားဖက်မှာ စိတ်မချနိုင်မှုစတဲ့ သောကတွေများရသလို၊ မိန်းမဖက်မှာလည်း ဒီအဖိုးကြီးဘယ်တော့သေပြီး သူ့အမွေတွေကို ငါပိုင်ဆိုင်ပြီး နောက်လင်ငယ်ငယ်နဲ့ နေရမလဲ ဆိုတာတွေပဲ တွေးနေတာ။ အဲဒါကြောင့် ကျနော်က နှပ်သမီးကိုလည်း ရှောင်ရမယ်လို့ ပြောတာပါ။ ခင်ဗျားအတွက်မဟုတ်ပါဘူး။ မောင်သောကြာအတွက် ပြောတာပါ အကိုကြီးရာ။

သောကြာ။ ကျနော်ချစ်တဲ့ ကောင်မလေးက ကျနော်နဲ့ အသက်သိပ်မကွာပါဘူး အဘိုးရာ။ ကွာလှပါ။ ၃ ၄ နှစ်ပါပဲ။

ဦးတင်။ အဲဒါဆိုရင်တော့ နှပ်သမီးထဲတော့ မပါဘူးပေါ့။ ဒါပေမဲ့ နောက်နှစ်မျိုးဖြစ်တဲ့ နန့်သမီးတွေ၊ နပ်သမီးတွေဖြစ်နေရင်ကောကွာ။

သောကြာ။ အဲဒီအဓိပ္ပါယ်ကို ကျနော်မှ မသိသေးတာ၊ ရှင်းပြဦးလေ။

ဦးတင်။ နန့်သမီးဆိုတာက အရွယ်ရောက်ပေမဲ့၊ ဥပမာ......၁၈ ၁၉ စတဲ့အရွယ်တွေပေါ့ ငါ့မြေးရ။ ယောက်ျားအတွေ့အကြုံမရှိသေးပဲ အဖိုမြင်သမျှ လှုပ်လှုပ်ရွရွဖြစ်တတ်တဲ့ အရွယ်ပေါ့။ ပြောရရင်တော့ လေတိုက်လို့ သစ်ရွက်လှုပ်ရင်တောင် ငါ့ကို စိတ်ဝင်စားတဲ့ ယောက်ျားတွေများလားလို့ လှည့်ကြည့်တတ်တဲ့ နန့်တန့်တန့် ပျန့်တန့်တန့် အရွယ်လေးတွေပေါ့။ သူတို့ရင်ထဲ နှလုံးသားထဲမှာ တစ်ယောက်ယောက်ကို ချစ်မယ်၊ ကြိုက်မယ်လို့ တိတိကျကျ သတ်မှတ်ထားတာမျိုး မရှိသေးဘူးကွာ့။ အဲဒီတော့ ဦးရာလူစနစ်ပဲ။ ကိုယ်ဦးရင် ကိုယ့်ကိုချစ်မယ်၊ သူဦးရင် သူ့ကို ချစ်မယ်ဆိုတဲ့ ဟာမျိုးလေးတွေပေါ့။ အဲဒါမျိုးကို ယူမိရင်လည်း ဒုက္ခပဲ ငါ့မြေးရေ့။ ဘာလို့လည်းဆိုတော့ သူတို့ရင်ထဲမှာ စမ်းသပ်ချင်တာပဲ ရှိတယ်၊ တကယ်ချစ်တဲ့စိတ်ဆိုတာ အဲဒီအချိန်မရှိသေးဘူး။ ကိုယ်နဲ့ ညားပြီးတဲ့အခါကျမှ ကိုယ့်ထက်သူ့အပေါ် ပြုစုနိုင်မယ်လို့ သူတို့စိတ်ထဲထင်မိတဲ့ယောက်ျားမျိုးကို တွေ့ရင် အဲဒီနောက် ကောက်ကောက်ပါသွားတတ်တယ်။ အဒါလည်း မင်းသတိပြုရမယ်။

ဦးရှင်။ မင်းပြောတာတွေ နားထောင်ပြီး ငါငယ်ငယ်က မိန်းမမယူခဲ့တာကိုတောင် ပြန်ကျေးဇူးတင်ရမလို ဖြစ်နေပြီ။ ဒါနဲ့ နောက်တစ်မျိုးကရောကွာ။

ဦးတင်။ လာမှာပေါ့ ကိုကြီးရ။ နောက်ဆုံးတစ်မျိုးကတော့ နပ်သမီးပေါ့။ ယောက်ျားအတွေ့အကြုံများပြီး တွေ့သမျှယောက်ျားတွေကို အချဉ်လိုသဘောထားတတ်တဲ့ မိန်းမတွေပေါ့။ သူတို့က ယောက်ျားကျမ်းကျေသလို ယောက်ျားအထာလည်း နပ်နေကြပြီလေ။ ဘယ်လို သဘောရှိတဲ့ယောက်ျားကို ဘယ်နည်းနဲ့ ဖမ်းရမလဲ ဆိုတာ သူတို့ သိနေပြီ။ အချဉ်ကြိုက်တဲ့ ယောက်ျားကို အချဉ်ကျွေးဖို့ ၀န်မလေးသလို အချိုကြိုက်တဲ့ယောက်ျားကိုလည်း အချိုကျွေးလိုက်မှာပဲ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ယောက်ျားတစ်ယောက်ကို အချဉ် သို့မဟုတ် အချိုလို့ပဲ သဘောထားတာဆိုတော့ တကယ်မေတ္တာအစစ်၊ မေတ္တာမှန်ဆိုတာ အတော်ရှားသားကလား။ သူတို့ဘ၀အတွက် အဆင်ပြေမယ်ထင်ရတဲ့ ယောက်ျားတစ်ယောက်ကိုတွေ့ရင် အဲဒီလူအကြိုက်လိုက်ပြီး ပေါင်းလိုက်မှာပဲ။ ပြောရရင်တော့ သူ့ဘ၀ကောင်းစားရေးအတွက် ကိုယ့်ကိုအသုံးချလိုက်တာပဲပေါ့။ အဒီရည်ရွယ်ချက်အရင်းခံနေတဲ့အတွက်ကြောင့် နောက်ဆုံးတစ်နေ့ ကိုယ်ဟာ သူ့အတွက် အသုံးမ၀င်တော့ဘူးလို့ ယူဆတဲ့အခါ ကိုယ့်ကို စွန့်ပစ်သွားဖို့လည်း သူတို့က ၀န်မလေးတော့ဘူး။ အဲလိုဖြစ်တဲ့အခါမှာ တကယ့်မေတ္တာအစစ်နဲ့ ချစ်မိ ပေါင်းသင်းမိတဲ့ယောက်ျားအတွက်တော့ အသည်းကွဲကိန်းပေါ့ ငါ့မြေးရ။ အဲဒီတော့ ဒီလို နပ်တဲ့မိန်းမမျိုးကိုလည်း မင်းကြပ်ကြပ်သတိထားပြီး ရှောင်ပေတော့ဟေ့။

ဦးရှင်။ မင်းပြောတာနဲ့ ငါ့မြေးလေး ဒီတစ်သက် ယူစရာမိန်းမရှာမတွေ့ပဲ ဖြစ်နေပါဦးမယ်ကွာ၊ ကြည့်လည်း လုပ်ပါဦး ပညာရှိကြီးရယ်။ မင်းက အင်ဒိယနိုင်ငံ မဟာဘာရတခေတ်က ပညာရှိကြီး ကာလီဒါသထက်တောင် မိန်းမကျမ်းကြေနေပါရောလား။

ဦးတင်။ ဟားဟားဟား........အဲဒီ ကာလီဒါသဆိုတဲ့ ပညာရှင်ကြီးက ဘယ်မှာမိန်းမကျမ်းကြေလို့တုန်း။ မိန်းမကျမ်းမကြေလို့ပဲ ရေကန်ထဲက ကြာဖူးလှုပ်တဲ့ ပြဿနာကို သူ့မိန်းမကို ပြောမိလို့ အသတ်ခံလိုက်ရတာ မဟုတ်လား။ သူက နပ်တဲ့ မိန်းမနဲ့တွေ့ခဲ့တဲ့လူလေ အကိုကြီးရ။ သူ့မိန်းမက သူ့ကို အသုံးချပြီး အိမ်ရှေ့မင်းရဲ့ မိဖုရားရာထူးရလိုက်တာ မဟုတ်လား။ ကာလီဒါသ ပညာရှိတာ ကျနော်လက်ခံပါတယ်။ မိန်းမကျမ်းနဲ့ ပတ်သက်လို့ကတော့ ကျနော့်ဆီက သင်ယူရလိမ့်ဦးမယ်။

သောကြာ။ အင်း.......အဘိုးလေးပြောပုံအရဆိုရင်တော့ ကျနော့်ကောင်မလေးက အဲဒီသုံးမျိုးထဲက နောက်ဆုံးဖြစ်တဲ့ နပ်တဲ့အထဲတော့ ပါချင်ချင်ပဲဗျာ့။ ဒီအတိုင်းဆို ကျနော် သူ့ကို ရှောင်ရတော့မလို ဖြစ်နေပြီ။

ဦးရှင်။ မင်းအဘိုးပြောတဲ့အတိုင်းသာ ရှောင်နေရင်တော့ ဒီလောကမှာ ယူစရာမိန်းမတောင် ရှိတော့မယ် မထင်ဘူး။ တစ်ချို့မိန်းမတွေဟာ သူပြောသလို နန့်ချင်လည်း နန့်မယ်၊ နပ်ချင်လည်း နပ်မယ်ပေါ့ကွာ။ ဒါပေမဲ့ ကိုယ်နဲ့ ညားပြီးတဲ့အခါ ကိုယ်လိမ်မာရင် လိမ်မာသလို သူ့ကို ပြုပြင်သွားရင်လည်း ကိုယ်လိုချင်တဲ့ အမျိုးသမီးကောင်းတစ်ယောက် ဖြစ်လာနိုင်တာပဲလေကွာ။ အရာရာတိုင်းဟာ နုရာက ရင့်လာရတာချည်းပဲလေ။ လူတစ်ယောက်ကို ပုံသေတွက်လို့ ဘယ်ရမလဲ။ ဒီအရွယ် ဒီအခြေအနေမှာ သူဒီလိုဖြစ်နေပေမဲ့ နောင်တစ်ချိန်မှာ ပြောင်းလဲသွားနိုင်တာပဲ မဟုတ်လား။ မင့် အဘိုးလေးပြောတာ ခေါင်းထဲ ထည့်မနေနဲ့။

ဦးတင်။ အကိုကြီးပြောတာ မှန်ပါတယ်။ အရာရာတိုင်းဟာ နုရာက ရင့်လာတာပါပဲ။ ရင့်ယုံမကဘူး မှည့်တောင်လာပါသေးတယ်။ သရက်သီးဟာ နုရာက ရင့်လာတယ်။ နောက်ဆုံးမှည့်လာတယ်။ ဒါပေမဲ့ နုတုန်းကလည်း သရက်သီးပဲခေါ်သလို ရင့်လာ မှည့်လာပြန်တော့လည်း သရက်သီးလို့ပဲ ခေါ်တာမဟုတ်လား။ နုတုန်းက နာမည်တစ်မျိုး ရင့်တော့ တစ်မျိုး၊ မှည့်တော့ တစ်မျိုး နာမည်ရတဲ့ အသီးဆိုတာ ဒီလောကမှာ မရှိပါဘူး။ ဒါဟာ ဗီဇနိယာမသဘောပဲလေ။ လူဟာလည်း ဒီဗီဇနိယာမသဘောထဲ ပါတယ်လို့ ကျတော်ယူဆတယ်။ ဒီသဘောအရ နန့်တဲ့သဘောရှိတဲ့သူဟာ အရွယ်ရလာလည်း နန့်မှာပဲ။ နပ်တဲ့သူလည်း အတူတူပဲ။ ချွင်းချက်အနေနဲ့ ပြုပြင်ပြောင်းလဲ သွားနိုင်တဲ့သူဆိုတာ ရှိကောင်းရှိမှာပါ။ မရှိဘူး မဆိုလိုပါဘူး။ ဒါပေမဲ့ သိပ်ရှားတယ် အကိုကြီး။ ရွာနောက်က မတင်သိန်းကို ကြည့်ပါလား။ အကိုကြီးတို့ ကျနော်တို့ လူပျိုဘ၀ကတည်းက နန့်ကျောဆွဲတာ အခုထိ ပျောက်လို့လား။

ဦးရှင်။ အဲဒါကတော့ကွာ နည်းနည်းပါးပါးရှိမှာပေါ့။ အရာရာကို ပုံသေတွက်မရဘူးဆိုတာတော့ ငါ့ဒဿနပဲ။ မင်းပြောသလို ချွင်းချက်တော့ ရှိတယ်ဆိုရင် အဲဒီချွင်းချက်ဆိုတာလည်း လူကပဲ လုပ်ယူရတာ မဟုတ်လား။ လူဆိုတာ ပြုပြင်ပြောင်းလဲတဲ့ သဘာဝလောကကြီးထဲမှာ စံပြပဲလေ။ သက်ရှိလူသားကို သက်မဲ့အရာဝတ္ထုနဲ့ ခိုင်းနှိုင်းတာကိုတော့ မှန်ကန်တဲ့ ခိုင်းနှိုင်းမှုလို့ ငါတော့ တကယ်မယူဆနိုင်ဘူး။ ဒါနဲ့ မင်း မောင်သောကြာ အသက်ရှုချောင်အောင်တော့ လုပ်ပေးလိုက်ဦး။ အခုရှောင်ရမည့်သမီးတွေကိုတော့ သိရပြီ။ ဆောင်ရမည့်သမီးကကော ဘာတဲ့တုန်းကွာ။

ဦးတင်။ နတ်သမီးပေါ့ အကိုကြီးရ။ နတ်သမီးကို ဆောင်ရမှာပေါ့။

ဦးရှင်။ မင်း မဖြစ်နိုင်တာ မပြောနဲ့။ လူလူချင်းတောင် ဆောင်ဖို့ ဒီလောက်ခက်နေရတဲ့အထဲ၊ ဘယ်ကလာ နတ်သမီးကို ဆောင်လို့ရမှာတုန်း။

သောကြာ။ ဟုတ်ပါ့ အဘိုးရာ၊ ကျနော့်အနေနဲ့ နပ်တဲ့သမီးကိုတောင် မရမက လိုက်နေရတာ နတ်သမီးဆိုရင်တော့ ဝေလာဝေးရော့ပေါ့။ အဘိုးပြောလိုက်မှ စိတ်ဓာတ်တောင် ကျမိတယ်ဗျာ။ ကျနော်လည်း ဒီပုံအတိုင်းဆိုရင်တော့ အဘိုးဦးရှင်လို လူပျိုကြီးပဲ လုပ်ရတော့မယ်ထင်ပါရဲ့။

ဦးတင်။ ဟေ့ကောင် မောင်သောကြာရ၊ ငါက ဘုရားဟောတဲ့အတိုင်းပြောနေတာကွာ့။ မင်းအဘိုးကြီးဦးရှင်က ဘုရားစာထဲပါမှ လက်ခံတဲ့လူမဟုတ်လား။ ငါ့အတွေ့အကြုံတွေချည်းပြောရင် သူက သိပ်လက်မခံချင်ဘူး။ ဘုရားက ဟောထားပြီးသာလေ။ နတ်သမီးဆိုတာ ဟိုးလက်လှမ်းမမီနိုင်တဲ့၊ ရှိမှန်း မရှိမှန်း မသေချာတဲ့ တာဝတိံသာတို့ ယာမာတို့လို နတ်ရွာက ဟာတွေ မဟုတ်ဘူး။ အဲဒါတွေတော့ မင်းသေမှပဲ ကောင်းမှုကုသိုလ်ပါရင် ရနိုင်မယ်။ ဒီအတိုင်းတော့ မင်းမစဉ်းစားနဲ့။ နန္ဒမင်းသားတောင် ဘုရားခေါ်သွားလို့ နတ်သမီးမြင်ဖူးတာ။ ဒါလည်း စာကပြောလို့ သိရတာလေ။ ငါတို့ မြန်မာရာဇ၀င်မှာတော့ တရားဖျားမင်းဟာ အောင်ပင်လယ်မှာ နတ်သမီးကို မြင်ပြီး အရူးအမူးဖြစ်သွားတယ်ဆိုပဲ။ ငါ့အထင်တော့ နတ်သမီး မဟုတ်လောက်ပါဘူး။ အတော်အတန်လှပတဲ့ ကျေးတောသူတစ်ယောက်ဖြစ်မှာပါ။ အဲဒီဘုရင်က တောလိုက်ရင်း မောမောပန်းပန်းနဲ့ ကယောင်ကတန်းဖြစ်ပြီး ကျေးတောသူကို မြင်ပြီး တပ်မက်စိတ်ကြောင့် ရူးကြောင်ကြောင်ဖြစ်သွားတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူ့နန်းတွင်းက မူးမတ်တွေနဲ့ တွေ့တဲ့အခါ အထင်သေးမှာစိုးလို့ နတ်သမီးကို မြင်ပြီး ဒီလိုဖြစ်သွားတာလို့ အကြောင်းပြတာ ဖြစ်မှာပေါ့။ ရာဇ၀င်ဆိုတိုင်း၊ စာအုပ်ထဲ ရေးထားတိုင်း အမှန်လို့ မှတ်မနေနဲ့။ မင်းတို့လို ကျောင်းဆရာလုပ်တဲ့လူတွေ အဲဒီလို မမှတ်ယူဖို့ ပိုအရေးကြီးတယ်။ မဟုတ်ရင် နောင်လာနောင်သားတွေ အသိမှား အမှတ်မှားတွေ ဖြစ်သွားနိုင်တယ်။

ဦးရှင်။ ဒါဖြစ်ရင် မင်းပြောချင်တဲ့ နတ်သမီးဆိုတာ ဘယ်လိုဟာမျိုးကို ပြောတာလဲ၊ လင်းပါဦး ငတင်ရယ်။ မင်းစကားနားထောင်ရတာလည်း မှောင်ကမှောင်၊ ခြင်ကကိုက်နဲ့၊ ဆာနေတဲ့ဗိုက်တောင် ဘယ်ပျောက်နေပြီးလည်း မသိတော့ဘူး။

ဦးတင်။ နတ်သမီးဆိုတာ ကိုယ့်အပေါ်သစ္စာရှိရှိပေါင်းသင်းနိုင်မည့် မိန်းမကို ပြောတာပေါ့ အကိုကြီးရ။ ကိုယ်နဲ့ စိတ်သဘောထားချင်တူတဲ့ မိန်းမမျိုး။ စိတ်သဘောထားချင်း မတူရင်တောင် ကိုယ့်ကို နားလည်ပေးနိုင်ပြီး ကိုယ့်သဘောနဲ့ အနီးစပ်ဆုံး နေထိုင်တတ်တဲ့ မိန်းမပေါ့။ စာထဲပါတဲ့အတိုင်းပြောရင်တော့ သဒ္ဓါ ဆိုတဲ့ ယုံကြည်မှုချင်းလည်းတူ၊ သီလ ဆိုတဲ့ ကိုယ်ကျင့်တရားချင်းလည်းတူ၊ စာဂ ဆိုတဲ့ လှူရေးတန်းရေးမှာလည်းသဘောတူ၊ ပညာဆိုတဲ့ ဝေဘန်ပိုင်းခြားမှုမှာလည်း သဘောတူရင် အဲဒီမိန်းမကို ဘုရားက နတ်သမီးလို့ ပြောခဲ့တာမဟုတ်လား။ အကိုကြီး ဒီလောက်ဘုရားစာတွေ ဖတ်နေတာ သိမှာပေါ့။ စာထဲပါတဲ့အတိုင်း အဲဒီလေးမျိုးလုံး မတူရင်တောင်မှ ကျနော်ကတော့ ကိုယ့်အပေါ် သစ္စာရှိရှိပေါင်းသင်းနိုင်တဲ့မိန်းမမျိုးကို နတ်သမီးလို့ ခေါ်မယ်ဗျာ။ ကဲ မောင်သောကြာရေ.......မင်းအဲဒီမိန်းမမျိုးကို တွေ့ရင်တော့ ရအောင်ကျိုးစားပြီး ယူပေတော့။ ခုလည်းကောင်း၊ နောင်သံသရာရှိရင်လည်း ကောင်းစားမည့် ဘ၀လက်တွဲဖေါ်၊ သံသရာလက်တွဲဖေါ်ပေါ့ကွာ။

သောကြာ။ ရှာလို့တွေ့ရင်တော့ ဟုတ်တာပေါ့ အဘိုးရာ။ မတွေ့ရင် အဘိုးဦးရှင်လို လူပျိုကြီးပဲ လုပ်ရတော့မှာလား။

ဦးတင်။ မင်းအဘိုးကြီးကို အားကျမနေနဲ့။ သူက ရှာမတွေ့လို့ မရတာမဟုတ်ဘူး။ မစွံလို့ မရတာ။ ညံ့လို့မရတာ။ ငါပြောမယ်။ မင်းချစ်တဲ့ ကောင်မလေးကို နတ်သမီးဖြစ်စေချင်ရင်လေ.....မှတ်ထား။ စိတ်ရှည်နိုင်ရမယ်၊ မသိယောင်ဆောင်နိုင်ရမယ်။ လူတိုင်းလူတိုင်းမှာ သူ့ချို့ယွင်းချက်နဲ့ သူရှိတယ်။ အဲဒီချို့ယွင်းချက်ကို ဘယ်တော့မှ၊ အထူးသဖြင့် လူရှေ့သူရှေ့မှာ မပြောမိအောင် စောင့်ထိမ်းနိုင်ရမယ်။ ဒီလိုနေပြလိုက်ရင် မင်းအပေါ် သူနားလည်ပေးလာလိမ့်မယ်။ နောက်ဆုံးရလာဒ်ကတော့ မင်းလောက်ကောင်းတဲ့၊ ကောင်းနိုင်တဲ့ယောက်ျားကို သူ့စိတ်ထဲ၊ သူ့မျက်စိထဲ ရှာမတွေ့နိုင်တော့ဘူး။ ဒါဆို မင်းအပေါ်သူသစ္စာရှိဖို့ ရာခိုင်နှုံးများသွားပြီး။ အဲဒီတော့ မင်းကောင်မလေးက မင်းအတွက် နတ်သမီးဖြစ်ပြီသာမှတ်လိုက်တော့။

ယင်းနောက် အလင်းတန်းရွာနောက်ဘက်ကမ်းခြေရှိ နေနီဝန်းကြီးလည်း အနောက်ဂေါယာသို့ ယွန်းလေပြီဖြစ်ရာ အဘိုးနှစ်ယောက်နဲ့ မောင်သောကြာတို့ တောင်ပေါ်မှ ဆင်းလာခဲ့တော့သည်။ မောင်သောကြာ၏ရင်ထဲမှာမူ နပ်သမီးဖြစ်သော သူ့ကောင်မလေးကို အဘိုးပြောတဲ့အတိုင်း နတ်သမီးဖြစ်အောင် ပြောင်းလဲပေးဖို့နည်းလမ်းကို စဉ်းစားရင်း စိတ်မရှည်တတ်သော ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ အရင်တွေးတောမိသဖြင့် သက်ပြင်းအခါခါချနေရပေတော့သတည်း။

Wednesday, February 2, 2011

ဤဟာဤ ကျွဲဟာကျွဲပါပဲ


Whenever you find yourself on the side of the majority, it is time to pause and reflect.

Mark Twain (1835-1910)

ကိုယ့်ကိုယ်ကို အများစုဘက်မှာ ပါဝင်နေတာကို တွေ့ရတဲ့အခါတိုင်း ခဏတဖြုတ်နားပြီး ပြန်စဉ်းစားကြည့်လိုက်ပါ။

(မာ့ခ်တွိန်း)

မြန်မာစကာပုံတွေမှာ သူ့ဖက်ကိုယ့်ဖက် လိုရာဆွဲပြီး ပြောနိုင်တဲ့ စကားပုံတွေ အတော်များများ ရှိနေတာကို မြန်မာစာဖတ်သူများ သိကြပြီးဖြစ်ပါတယ်။

ဥပမာ---

“သူတော်သွားလမ်း မိုဃ်းကြီးဖျန်း” ဆိုတဲ့စကားပုံနဲ့ “ကံဆိုးမသွားလေရာ မိုဃ်းလိုက်လို့ရွာ” ဆိုတဲ့ ဆန့်ကျင်ဘက် သဘောရှိတဲ့ စကားပုံတွေမျိုး။

“တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့စကားပုံနဲ့ “သေချင်တဲ့ကျား တောပြောင်း” ဆိုတဲ့စကားပုံမျိုး။

နောက်ပြီးတော့ “လူညီရင် ဤကို ကျွဲဖတ်စတမ်း” ဆိုတဲ့စကားပုံနဲ့ “ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့” ဆိုတဲ့စကားပုံမျိုးတွေပါ။

ဒီစကားပုံတွေအရ လူတွေဟာ ကိုယ်ဖြစ်စေချင်တဲ့ဘက်ကို ဆွဲယူပြီးပြောရိုးပြုလေ့ရှိခဲ့တာ သိနိုင်တာပေါ့။ ဒီလိုပြောရိုးပြုခဲ့ကြတဲ့အတွက် စကားပုံတစ်ခုဟာ လူတစ်ဦးတစ်ယောက်အတွက် ပုံသေသာဓကတစ်ခုမဟုတ်တော့သလို လူတစ်ဦးတစ်ယောက်ဟာလည်း စကားပုံတစ်ခုရဲ့ နောက်လိုက်ကျေးကျွန် မဟုတ်တော့ဘူးဆိုတာ သိနိုင်ပြီပေါ့။ ဒီလိုပြောလို့ စကားပုံတွေဟာ ဘာမှအသုံးမ၀င်ဘူးလို့တော့ မဆိုလိုပါဘူး။ သူ့နေရာနဲ့သူ အသုံးတည့်နေလို့သာ ယနေ့ခေတ်ကာလအထိ စကားပုံအဖြစ် ဆက်လက်ရှင်သန်နေတယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ကြီးပါ။

အထက်ပါ စကားပုံတွေအနက် ဒီနေရာမှာ ပြောချင်တာက “လူညီရင် ဤကို ကျွဲဖတ်စတမ်း” ဆိုတာလေးပါ။ လူအများအစုက အမှတ်မှားပြီး ဤ-အက္ခရာကို ကျွဲလို့ ဖတ်ရင် ကျန်တဲ့လူတွေကလည်း ဤ-အက္ခရာမှန်း သိသိကြီးနဲ့ ကျွဲလို့ လိုက်ဖတ်ရမယ် ဆိုတဲ့ စကားပါ။ ဒါမျိုးကို ယနေ့ခေတ်မှာ လက်ခံရမည့် ကိစ္စမဟုတ်တော့ပါဘူး။ တကယ်တော့ ယနေ့ခေတ်မှာမှ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကတည်းကိုက ပညာရှိတွေ အသိုင်းအ၀ိုင်းမှာ လက်မခံခဲ့တဲ့ ကိစ္စကြီးပါ။

ဂေါတမမြတ်စွာဘုရား လက်ထက်တော်အခါတုန်းက အနာထပိဏ်သူဌေးဆိုတာ လူတိုင်းသိတဲ့ ဇေတ၀န်ကျောင်းတကာကြီးပေါ့။ ချမ်းသာလိုက်တာလည်း မပြောနဲ့တော့၊ အလွန်ကျယ်ဝန်းတဲ့ ဇေတမင်းသားပိုင် ဥယျာဉ်ကြီးကို အဲဒီဥယျာဉ်အပြည့် ငွေတွေခင်းပြီးတော့ ၀ယ်၊ ကျောင်းဆောက်ပြီး မြတ်စွာဘုရားကို လှူဒါန်းခဲ့တယ်။ နောက်ပြီးတော့လည်း နေ့တိုင်းနေ့တိုင်း ဘုရားနဲ့ သံဃာတော်တွေကို ဆွမ်းလုပ်ကျွေးတယ်။ ကြာလာတော့ ရှိတဲ့ပစ္စည်းတွေ လုံးပါးပါးပြီး ဆံပြုတ်တောင် အနိုင်နိုင်ဆက်ကပ်ရတဲ့အထိ မွဲသွားရှာတယ်။

ဒါကို အခွင့်ကောင်းယူပြီး သူဌေးခြံတံခါးစောင့်တဲ့ နတ်က “ခင်ဗျား ဒီလို မွဲသွားရတာဟာ ခင်ဗျားကြည်ညိုလှပါတယ်ဆိုတဲ့ ဦးပြည်းတွေကို နေ့တိုင်းထမင်းကျွေးနေလို့ ဖြစ်တာ၊ ဒီအချိန်က စပြီး အဲလို ကျွေးတာမွေးတာတွေ မလုပ်နဲ့တော့” လို့ လာပြောသတဲ့။ သူဌေးကြီးက သောတာပန်ဖြစ်နေပြီဆိုတော့ သူ့စကားကို နားမယောင်ခဲ့တဲ့အပြင် အဲဒီမိစ္ဆာဒိဋ္ဌိနတ်ကိုပဲ သူ့အိမ်က နှင်ထုတ်ပစ်ခဲ့တယ်။ တိုတိုပဲ ဆိုကြပါစို့၊ အဲဒီနောက်ပိုင်းမှာ သူဌေးလည်း ပြန်ပြီး ချမ်းသာလာလို့ အရင်အတိုင်း ဆွမ်းစသည် ပြန်လည် လှူဒါန်းနိုင်ခဲ့တယ်။

တစ်နေ့တော့ ဆွမ်းကပ်အပြီးမှာ သူဌေးကြီးက ဘုရားကို အထက်ပါအဖြစ်အပျက်ကို လျှောက်ပြတယ်။ ဒီနေရာမှာ ဘုရားစကားတော်က တော်တော်မှတ်သားဖို့ကောင်းတယ်။ စာဖတ်သူတွေ ကျက်ချင်ကျက်ထားနိုင်အောင် ပါဠိဂါထာလေးကိုပါ ရှာပြီးရေးပေးလိုက်ပါတယ်။ တကယ်အလုပ်လုပ်တဲ့လူတွေ သူများစကားကြောင့် ကိုယ့်လမ်းကြောင်း မပြောင်းအောင် ဒီဂါထာလေးကို အဓိပ္ပါယ်နဲ့တကွ ဆောင်ထားဖို့ကောင်းတယ်။

န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ။

အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကာတာနိ စ။

(ဓမၼပဒ)

သူများတွေရဲ့ မလိုမုန်းထားစကားတွေကိုလည်း အရေးစိုက်ပြီး နားထောင်မနေနဲ့။

သူများတွေ လုပ်တဲ့အလုပ်တွေကိုလည်း ဟုတ်၏ မဟုတ်၏ ပြောမနေနဲ့။

ကိုယ့်ရဲ့ အလုပ်တွေကိုသာ တကယ်ဟုတ်သလား မဟုတ်သလား ဂရုတစိုက်ကြည့်ရှုပါ။

ဒီဘုရားစကားတော်ကို ကြည့်ရင် အလုပ်တကယ်လုပ်နေတဲ့လူတစ်ယောက်မှာ အတိုက်အခိုက်ဆိုတာတွေ ကတော့ အမြဲရှိနေမှာပဲဆိုတာ သိနိုင်တယ်။ ဒါပေမဲ့ ဘုရားက “အဲဒါတွေကို ဂရုမစိုက်နဲ့၊ ကိုယ့်အလုပ်ကိုယ်လုပ်” လို့ မိန့်တော်မူခဲ့တယ်။ တစ်နည်းပြောရရင်တော့ ဘုရားက “ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ပါဘူး” တဲ့။

ယနေ့ခေတ်မှာ အင်တာနက်တွေ ဘာတွေပေါ်လာတော့ လူတစ်ယောက်ဟာ သူမကျေနပ်တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို ဖျက်ဆီးပစ်ဖို့ တော်တော့်ကို လွယ်ကူတယ်။ ရေးချင်တာတွေ အကုန်ရေးပြီး ကလစ်လိုက်တာနဲ့ အဲဒီလူရဲ့ သတင်းလွှင့်ချက်ဟာ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံး ပျံ့နှံ့သွားတော့တာပဲပေါ့။ အဲလို လုပ်နေတဲ့လူတွေလည်း အများကြီး ရှိနေတာတွေ့နေရတယ်။ သူတို့လုပ်တာ မှန်တာလည်းရှိမယ်၊ မှားတာလည်းရှိမယ်။ ဒါပေမဲ့ ခံရတဲ့လူမှာတော့ တော်တော်လေးကို ဒုက္ခရောက်သွားနိုင်တယ်။ အရေးကြီးဆုံးကတော့ စာဖတ်သူရဲ့ ဆုံးဖြတ်ချက်ပါပဲ။ သူဘာရည်ရွယ်ချက်နဲ့ ရေးသလဲ? ဆိုတဲ့ သူ့နောက်ကွယ်မှာတကယ်ရှိတဲ့ ရည်ရွယ်ချက်ကို မြင်အောင်ကြည့်သင့်ပါတယ်။ အဲဒီလိုမဟုတ်ရင် ကိုယ်ကိုယ်တိုင်လည်း ဤကို ကျွဲ ဖတ်တဲ့ လူအုပ်စုထဲ ပါသွားနိုင်တယ်။

တကယ်တော့ အင်တာနက်ပေါ်ရောက်လာတဲ့ သူများအကြောင်း မကောင်းရေးထားတဲ့ စာမှန်သမျှကို ကြည့်ရင် ဘယ်သူဘယ်ဝါက ရေးတယ်လို့ မသိရတာပဲ များပါတယ်။ အဲဒီလိုကိုယ့်နာမည်ကိုတော့ ဖျောက်ထားပြီး သူများနာမည်ကိုကျပြန်တော့ ရစရာမရှိအောင် သွားပုတ်လေလွင့်လုပ်ကတည်းကိုက အဲဒီရေးတဲ့လူဟာ ဘယ်လိုလူစားလည်း ဆိုတာကိုတော့ စာဖတ်သူတိုင်း ရိပ်မိကြပါလိမ့်မယ်။ ဘယ်သူဘယ်ဝါရယ်လို့ တိတိကျကျ မသိရှိရရင်တောင်မှ အဲဒီလူရဲ့ရည်ရွယ်ချက်ကို နားလည်နိုင်ကြမှာပါ။ သတင်းတစ်ပုဒ်ဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အများစုက လက်ခံပြီ ဆိုတာနဲ့ပဲ အတည်ပြုလို့မရသေးပါဘူး။ ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဘန်ပိုင်းခြားနိုင်ဖို့တော့ လိုပါတယ်။

ဒီလို ဝေဘန်ပိုင်းခြားနိုင်ဖို့အတွက် အချိန်အများကြီးပေးနေဖို့ မလိုပါဘူး။ စာရေးဆရာကြီး မာ့ခ်တွိန်းပြောတဲ့အတိုင်း ပြောရရင်---

“ကိုယ့်ကိုယ်ကို အများစုဘက်မှာ ပါနေတာကိုတွေ့ရတဲ့အခါတိုင်း ခဏနားပြီး ပြန်စားကြည့်လိုက်ပါ”။

ဒီလိုဆိုရင် ဤကို ဤလို့ပဲ ပြန်မြင်လာပါလိမ့်မယ်။ ကျွဲကိုလည်း ကျွဲလို့ပဲ ပြန်မြင်လာပါလိမ့်မယ်။ လူညီနေရုံနဲ့ ဤကို ကျွဲ ဖတ်နေရင်တော့ အမှန်တရားနဲ့ ဘယ်သောအခါမှ မနီးစပ်နိုင်ဘူးဆိုတာကို လေးနက်စွာ ပြောချင်ပါတယ်။ စာဖတ်သူများ ဝေဘန်ပိုင်းခြားနိုင်ကြပါစေ။

Wednesday, January 19, 2011

အမြင်တွေ ပြောင်းလဲပစ်ရမယ်


The man who views the world at 50 the same as he did at 20 has wasted 30 years of his life.

Muhammad Ali


အသက် (၅၀) အရွယ်ရောက်ကာမှ ဟိုးအသက် (၂၀) တုန်းကလို ကမ္ဘာကို မြင်နေသေးရင်တော့ အဲဒီလူဟာ သူ့ဘ၀ရဲ့ နှစ်ပေါင်း (၃၀) လောက်ကို သက်သက် ဖြုန်းတီးပစ်လိုက်တာပဲ။

(ကမ္ဘာ့လက်ဝှေ့ချန်ပီယံ မူဟန်မက်အလီ)

Wednesday, December 22, 2010

အတတ်ကြူးသူများ


The wise through excess of wisdom is made a fool.

Ralph Waldo Emerson (1803-1882)

“အတတ်ကြူး ဘီလူးဖြစ်”

(ရောဖ် ဝေါဒို အီမာဆန်၊ ၁၈၀၃-၁၈၈၂)



ရောဖ် ဝေါဒို အီမာဆန်ဟာ (၁၉) ရာစုအလယ်လောက်မှာ ပေါ်ထွန်းခဲ့တဲ့ အမေရိကန်လူမျိုး၊ အက်ဆေးဆရာ၊ ကဗျာဆရာနဲ့ စာပေဟောပြောဆရာတစ်ဦးပါ။ အထူးသဖြင့် သူ့ကို (၁၉) ရာစုအလယ်ခေတ်ရဲ့ (စာပေ)ခေတ်ပြောင်းတော်လှန်ရေးလှုပ်ရှားမှုမှာ ဦးဆောင်သူအဖြစ် အသိများကြတယ်လို့ ဆိုပါတယ်။ အီမာဆန်ကို ပုဂ္ဂလိက၀ါဒရေးရာမှာ ပြိုင်စံရှားသူအဖြစ် ရူမြင်ကြပြီး လူ့အသိုင်းအ၀ိုင်းမှာဖြစ်ပေါ်လေ့ရှိတဲ့ ဆန့်ကျင်ဘက် ကောင်းကျိုး/ဆိုးပြစ်တွေကို ဖြစ်စေတတ်တဲ့ ဖိအားတွေကို ကြိုတင်မြင်တတ်သူအဖြစ်လည်း နားလည်ထားကြပါတယ်။ ဆရာကြီးဟာ သူ့အတွေးအမြင်တွေကို အက်ဆေးဒါဇင်ပေါင်းများစွာရေးသားထုတ်ခဲ့တဲ့အပြင် အမေရိကန်နိုင်ငံတစ်ဝှမ်း စာပေဟောပြောပွဲပေါင်း (၁၅၀၀) ကျော်ကိုလည်း သူ့တစ်သက် ဆောင်ရွက်ပေးခဲ့ပါတယ်။

အီမာဆန်ရဲ့ ပုဂ္ဂလိက၀ါဒဆိုတာ လူတစ်ဦးချင်းရဲ့ ကိုယ်ကျင့်တရားနဲ့ အတွေးအခေါ်ဒဿနကို ဆိုလိုပါတယ်။ သူ့အဆိုအရ လူတစ်ဦးတစ်ယောက်ဟာ ပညာဘယ်လောက်တတ်တတ် ကိုယ်ကျင့်တရားမဖက်ရင် အရူးနဲ့တူတယ်၊ သို့မဟုတ် မြန်မာလိုတည့်တည့်ပြောရရင် ဘီလူးနဲ့ တူပါတယ် တဲ့။ ဒါကို မြန်မာတွေက “အတတ်ကြူး ဘီလူးဖြစ်”လို့ ဆိုစမှတ်ပြုကြပါတယ်။ ပညာအလွန်တတ်ပြီး ဒေါသကြီးသူတွေ၊ လောဘကြီးသူတွေကို လူ့အသိုင်းအ၀ိုင်းမှာ အများအပြားတွေ့မြင် သိရှိနိုင်ပါတယ်။ သူတို့ကို ပညာတတ်လူဆိုးကြီးတွေလို့လည်း ခေါ်ဆိုလိုက ခေါ်ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ပညာဆိုတာ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်နဲ့ ပြင်ပလောကမှာ သင်ယူထားတဲ့ အသိတွေကို ဆိုလိုတယ်လို့ ယူဆပါတယ်။

ဒီပညာသဘောက မွေးရာပါ အကျင့်စရိုက်ကို မလွမ်းမိုးနိုင်တဲ့အတွက် မွေးရာပါ ဒေါသစရိုက်ကြီးသူတွေ၊ ရာဂစရိုက်ကြီးသူတွေကို သူတို့တတ်ထား၊ သင်ယူထားတဲ့လောကီပညာရပ်တွေက မထိမ်းချုပ်နိုင်ကြပါဘူး။ ဒီသဘောအရ လောကီပညာနဲ့ စရိုက်ဟာ တစ်သီးတခြားစီ ကွဲပြားလာရပါတယ်။ တကယ်တော့ စရိုက်ကို တိုက်ရိုက်ထိမ်းချုပ်နိုင်တဲ့ပညာဆိုတာ လောကီနယ်လွန်ပညာ၊ သို့မဟုတ် လောကုတ္တရာပညာပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီလောကီနယ်လွန်ပညာကိုတော့ နေ့စဉ်ဘ၀မှာ လှုပ်ရှားရုန်းကန်နေသူတွေအဖို့ ကျင့်သုံးဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပေမဲ့ အခက်အခဲအများကြီးရှိနိုင်ပါတယ်။ ဒီအတွက် ထွက်ပေါက်တစ်ခုကို ရှာပေးဖို့ လိုပါလိမ့်မယ်။

လောကီပညာ အလွန်တတ်ပြီး စရိုက်ကို မပြုပြင်နိုင်သူတွေဟာ “ကြောင်သူတော်ကြီးများ” အနေနဲ့ပါ ရှုမြင်ခံရတတ်ပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် ကျင့်သုံးရမည့် နည်းလမ်းကတော့ ယောနိသော မနသီကာရခေါ် “နှလုံးသွင်းကောင်းမှု” ပါပဲ။ “နှလုံးသွင်းကောင်း”ဆိုတာ နေရာတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဒေါသဖြစ်စရာရှိတဲ့အခါ “ငါဘာကြောင့်ဒေါသဖြစ်ရသလဲ?” ဆိုတဲ့မေးခွန်းဟာ ပထမဆုံးမေးရမည့် မေးခွန်းတစ်ခုပါ။ မေးခွန်းရဲ့ အဖြေကို ရှာတွေ့သွားတဲ့အခါ အခြေအနေကို နားလည်လာပြီး ဖြစ်ပေါ်နေတဲ့ ဒေါသဟာလည်း အလိုအလျောက်ပျောက်ကွယ်သွားနိုင်ပါတယ်။ အဖြေကို ရှာမတွေ့တဲ့အခါမှာတော့ ပညာတတ်ကြီးတွေဟာ မိမိရဲ့ ဂုဏ်သိက္ခာကို ရှုငဲ့ပြီး ကိုယ့်ဒေါသကို ဖြေဖျောက်နိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ပါများတဲ့အခါ ပညာတတ်ကြီးတွေဟာ ဖြစ်ပေါ်လာတဲ့ စရိုက်ဆိုးတွေကို မမြင်သာအောင် ထိမ်းချုပ်နိုင်စွမ်းပြီး လူ့ပတ်ဝန်းကျင်မှာ အရှက်မကွဲတော့ပါဘူး။ ဒါဟာ နှလုံးသွင်းကောင်းမှုနဲ့ ကိုယ့်ဒေါသကို အလွယ်ကူဆုံး ထိမ်းချုပ်တဲ့နည်းပါပဲ။

ထိုနည်းတူ လောဘဖြစ်စရာရှိလို့ လောဘဖြစ်လာတဲ့အခါမှာလည်း အထက်ပါနည်းဟာ အသုံးတည့်လှပါတယ်။ လောဘဖြစ်တဲ့နေရာမှာတော့ ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။ တစ်ချို့လောဘဟာ တဏှာအသွင်ဆောင်ပြီးတော့ တစ်ချို့သောလောဘကတော့ ရာဂအသွင်ကို ဆောင်ထားတတ်ပါတယ်။ ဒါ့အပြင် မေတ္တာအသွင်ဆောင်တဲ့ လောဘအမျိုးအစားလည်းရှိပါသေးတယ်။ လောဘက တဏှာအသွင်ဆောင်နေပြီဆိုရင် အဘိဇ္ဈာဆိုတဲ့ “သူတစ်ပါးပစ္စည်းဥစ္စာကိုမတရားသိမ်းပိုက်လိုမှု”တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ရာဂအသွင်ဆောင်တဲ့အခါမှာတော့ သူတပါးသားမယားကို လိုချင်တပ်မက်မှုတွေ တိုးပွါးနေတတ်ပါတယ်။ တစ်နည်းအားဖြင့် သက်မဲ့အရာဝတ္ထုကို တပ်မက်တာကို တဏှာအသွင်ဆောင်တဲ့လောဘ၊ သက်ရှိအရာဝတ္ထုအပေါ် တပ်မက်မှုကို ရာဂအသွင်ဆောင်တဲ့လောဘ လို့ခွဲခြားနိုင်ပါတယ်။

အဲဒီနှစ်မျိုးထက်ပိုမို သိမ်မွေ့ပြီး အသိရခက်တဲ့လောဘတစ်မျိုးကတော့ မေတ္တာအသွင်ဆောင်တဲ့ လောဘပါပဲ။ ဒီလောဘမျိုးဖြစ်ပေါ်နေပြီဆိုရင် ကိုယ့်ကိုယ်ကိုတောင် သတိမပြုမိအောင် ဖြစ်တတ်ပါတယ်။ တစ်ယောက်ယောက်အပေါ် လောဘနဲ့ငြိတွယ်နေတဲ့ကိစ္စကို မေတ္တာသက်ဝင်နေသယောင် ကိုယ်တိုင်ထင်နေတတ်ပါတယ်။ အဲဒီခါမှာ လောဘမှန်းဘယ်လိုသိနိုင်သလဲဆိုရင် အဲဒီမိမိနှစ်သက်နေသူကို မရနိုင်တဲ့အခါ ပူလောင်မှုတွေ ခံစားလာရတတ်ပါတယ်။ ဒီအခါမှာ မေတ္တာမဟုတ်ဘူး၊ လောဘဖြစ်နေတယ်လို့ လက်ခံရမှာဖြစ်ပါတယ်။ လောကမှာ ဒီလိုဖြစ်စဉ်တွေကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ ဆရာနဲ့ တပည့်အကြား၊ လူကြီးနဲ့ လူငယ်၊ အထူးသဖြင့် သွေးသားမတော်စပ်တဲ့ ပတ်ဝန်းကျင်အချင်းချင်း ငြိတွယ်မှုတွေမှာ ဒီမေတ္တာအယောင်ဆောင်ထားတဲ့ လောဘအမျိုးအစားကို အများဆုံးတွေ့မြင်ရမှာဖြစ်ပါတယ်။

အဲဒီလို လောဘ၊ ဒေါသတွေ ပုံစံအမျိုးမျိုးနဲ့ မိမိရင်ထဲနေရာယူလာတဲ့အခါ ပညာတတ်ကြီးဆိုသူတွေဟာ အထက်မှာပြောခဲ့တဲ့ “နှလုံးသွင်းကောင်းမှု”မရှိရင် အထိမ်းအကွပ်မဲ့ပြီး အမှားများစွာ လွန်ကြူးမိတတ်ကြပါတယ်။ ဒါကြောင့်လည်း ပညာတတ်တွေရဲ့ လူသတ်မှုတွေ၊ မုဒိန်းမှုတွေဟာ လောကမှာ မကြာခဏဆိုသလို ဖြစ်ပေါ်နေကြရတာပဲပေါ့။ ဒီလိုအဖြစ်အပျက်တွေကို မြင်ရတဲ့အခါ သာမန်လူတွေရဲ့ နှလုံးသားမှာ “ပညာတတ်လည်း မထူးပါဘူး၊ မိုက်တဲ့လူကတော့ ဘယ်လိုဖြစ်ဖြစ် မိုက်တာပါပဲ”ဆိုတဲ့ အယူအဆတွေ ဖြစ်ပေါ်တတ်ပါတယ်။ တကယ်တော့လည်း ဟုတ်ပါတယ်။ မိုက်တဲ့လူကတော့ မိုက်တာပါပဲ။ အဲဒီလောဘကြောင့်မိုက်ခြင်း၊ ဒေါသကြောင့်မိုက်ခြင်းတွေကို နှလုံးသွင်းကောင်းမှုမပါရင် သာမန်အားဖြင့် မဖယ်ရှားနိုင်ပါဘူး။ ဒီအခါမှာ မိမိတတ်ထားတဲ့ ပညာတွေက ဘာမှ အသုံးမ၀င်တော့ပဲ “အတတ်ကြူး ဘီလူးဖြစ်” ဆိုတဲ့ဝေါဟာရနဲ့ သမုတ်ခံရပါတော့တယ်။

တကယ်တော့ “အတတ်ကြူး ဘီလူးဖြစ်” ဆိုတဲ့စကားကို ပညာအလွန်တတ်ပြီး အမှားကြူးလွန်ဖို့ နည်းလမ်းထွင်နိုင်သူများကို ရည်ညွှန်းတယ်လို့ ယူဆပါတယ်။ မိမိလွန်ကြူးတဲ့အမှားကို လူအများမသိရအောင် တတ်ထားတဲ့ပညာကို အသုံးချပြီး နည်းလမ်းထွင်လွန်ကြူးမယ်ဆိုရင် သူ့ပတ်ဝန်းကျင်ဟာ အလွန်ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် ဒီလိုလူမျိုးကို ရည်ရွယ်ပြီး အထက်ပါစကားကို ရှေးလူကြီးများက အဆိုပြုခဲ့ကြဟန်တူပါတယ်။ ဒီသဘောကိုပဲ ၁၉ ရာစုနှစ်စာဆိုရှင်ကြီး အီမာဆန်ကတော့ “The wise through excess of wisdom is made a fool.” တဲ့။ သူ့အဓိပ္ပါယ်ကတော့ “အတတ်ကြူး အရူးဖြစ်” တဲ့။ ဒါကို မြန်မာစကားပုံနဲ့ ညီအောင် “အတတ်ကြူး ဘီလူးဖြစ်” လို့ ဘာသာပြန်ဆိုလိုက်ပါတယ်။ ပညာတတ်ကြီးများ နှလုံးသွင်းကောင်းကြပါစေ............။

Sunday, November 28, 2010

ငါးအရိုးမျက်နေလား


“ခံရခက်လိုက်တာကွာ”
လူအတော်များများ ခံရခက်နေကြလေရဲ့။ အကြောင်းအမျိုးမျိုးကြောင့် ခံရခက်နေကြသပေါ့။ ရွေးကောက်ပွဲမှာ ဖွတ်+ကြံ့က ကြိုတင်မဲနဲ့ အဓမ္မအနိုင်သွားလို့ ရွေးကောက်ပွဲဝင် ဒီမိုပါတီတွေနဲ့ အဲဒီပါတီတွေကို မဲပေးမိသူ ပြည်သူလူထုတစ်ရပ်လုံးကလည်း ခံရခက်နေကြတယ်။ စိတ်ပိုင်းဆိုင်ရာ ခံရခက်မှုတွေနဲ့အတူ အံတကျိတ်ကျိတ်နဲ့ပေါ့။ အစော်ကားခံရတာကိုး။ ဟိုလူက စောင်းလို့၊ ဒီလူကရွဲ့လို့ အခံရခက်နေရှာတဲ့ လူတွေလည်း မနည်းမနောပေပဲ။ ဒီလိုနဲ့ စိတ်ထဲမှာ ပြန်တွယ်ချင်ပေမဲ့ အခွင့်မသာလို့ ခိုးလိုးခုဖြစ်နေရရှာတဲ့ ခံရခက်မှုက တစ်မျိုး။

တစ်ခါတလေ ဘွတ်ဖိနပ်စီးပြီး လမ်းသွားရင် ဖိနပ်ကြားထဲ ခဲလုံးသေးသေးလေးတွေ တစ်လုံးစ နှစ်လုံးဝင်တတ်သေးရဲ့။ အဲလိုဖြစ်ပြီဆိုရင် လမ်းသွားရတာ အတော့်ကို ကသိကအောင့်နိုင်တာကလား။ လူကြား သူကြားထဲဆို အသာဆိုးသေးဗျာ။ ဆက်သွားဖို့လည်းခက်ခက်၊ ဖိနပ်ချွတ်ဖို့လည်းခက်ခက်နဲ့။ မသိမသာ မှေးပြီးလမ်းလျှောက်နေရတယ်။ ခြေထောက်က မျက်တဲ့မျက်တဲ့နဲ့ဆိုတော့ လမ်းသွားရတာ သိပ်မဖြောင့်ချင်ဘူး၊ ဟုတ်စ။ လူရှင်းတဲ့နေရာရောက်မှပဲ ဖိနပ်ချွတ်ပြီး ခဲထုတ်၊ ပြန်စီးရတာ။ အဲလိုမလုပ်လို့ကတော့ လမ်းလျှောက်တိုင်း ခိုးလိုးခုလုနဲ့၊ တယ်အဆင်မပြေလှဘူး။ ဒါလည်း ခံရခက်မှုတစ်မျိုးပေါ့။

ကျနော်လည်း ဒီနေ့ တော်တော်လေးကို ခံရခက်နေတယ်။ မနက်စာစားပြီးကတည်းက မျက်တဲ့မျက်တဲ့နဲ့ အနေခက်လိုက်တာများ၊ မပြောလိုက်ချင်ဘူး။ တစ်နေကုန်ပါပဲ။ ဖြစ်ပုံက ဒီလိုဗျာ့---

“ကောင်လေးရေ့--- မနက်ဖန်အတွက် ငါးခေါင်းဟင်း ကောင်းကောင်းချက်မယ်ဟေ့၊ လွှေးဖို့သာ ပြင်ထားပေတော့”
ကျနော်နေတဲ့အဆောင်ပိုင်အဖိုးကြီးက အချက်အပြုတ်ဝါသနာ အတော့်ကိုပါတာကလား။ သူ့အသက်က (၈၄) နှစ်တောင်ရှိနေပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်က လက်ကျန်စစ်သားဟောင်းကြီး တစ်ဦးပေါ့။ ကျန်းမာရေးကလည်း ကောင်းသလားမမေးနဲ့။ ဟင်းချက်ကလည်း ကောင်းမှကောင်း။ ကျနော် လန်ဒန်ရောက်ကတည်းက အခုချိန်ထိအောင် သူချက်ကျွေးတဲ့ ဟင်း၊ ထမင်းပဲ အများဆုံးစားနေရတာ။ ကျေးဇူးဆပ်ရမယ်ဆိုရင်တော့ ဘယ်နှစ်ဘ၀တောင်ဆပ်ရမယ် မသိဘူး။ တကယ်ပါ။ သူက ဗြိတိရှနိုင်ငံသားတောင်ဖြစ်နေပါပြီ။ အသက်အရွယ်အရရော၊ နိုင်ငံသားအခွင့်အရေးအရပါ ခံစားခွင့်တွေရှိနေပြီဆိုတော့ အဆောင်မှာ သိပ်နေတယ်ရယ်လို့လည်း မရှိပါဘူး။ သွားနေတာပဲ၊ တစ်နေကုန်။ အဲ---အဆောင်မှာရှိနေပြီဆိုရင်တော့ ချက်နေပြီသာမှတ်။ အခုလည်း ချက်ထားပြန်ပြီ။ ငါးခေါင်းဟင်း တဲ့။

အဲဒီငါးခေါင်းဟင်းပေါ့ဗျား၊ ချက်ထားတဲ့ပုံက ချဉ်ငတ်စပ် အရသာနဲ့။ ငါးခေါင်းကို နနွင်းနဲ့နာနာနယ်၊ ဆီပူအရင်သပ်ပြီး ချက်ထားတာဆိုတော့ ငါးအနံ့ကလည်း ပျောက်နေပေတာကိုး။ ရှူးရှဲပေါင်းအိုးနဲ့ ပေါင်းချက်ချက်ထားတာဆိုတော့ အရိုးတွေတောင် နူးနေတာ။ ဒါပေမဲ့ မနူးတဲ့အရိုးတွေလည်း မနူးပေဘူး။ အဲဒီမှာတင် ပြဿနာဖြစ်တော့တာပဲ။ မြန်မာစကားပုံရှိတယ်မဟုတ်လား? “အစားမတော်တစ်လုပ်”တဲ့။ ငါးခေါင်းဟင်းကို စားကောင်းကောင်းနဲ့ စားလိုက်တာ ဘယ်အရိုးက ၀င်မွှေသွားတယ်မသိလိုက်ဘူး။ စားသောက်ပြီးတော့မှ လည်ချောင်းဝမှာ မျက်တဲ့မျက်တဲ့ အနေရခက်လိုက်တာဗျာ၊ မပြောပါနဲ့တော့။

အရေသောက်လည်း မကျ၊ အဖတ်စားလည်း မကျနဲ့ လည်ချောင်းမှာ သံယောဇဉ်တွယ်မိတဲ့ အရိုးရယ်ကြောင့် ကျနော့်ခမျာ တစ်နေကုန် စာဖတ်လည်း ကသိကအောင့်၊ ချစ်သူနဲ့ စကားပြောလည်း အဆင်မပြေဖြစ်နေရရှာသပေါ့။ ဒီလိုနဲ့ တစ်ခန်းတည်းအတူနေတဲ့ အကိုကြီးကို မေးကြည့်တယ်။ “လည်ချောင်းမှာအရိုးနင်တယ်ဗျာ၊ ဘာစားစား၊ သောက်သောက်မကျဘူး၊ အဲဒါ လုပ်ပါဦး၊ ဆေးလေးဝါးလေး ရှိရင်” ဆိုတော့ သူက ငှက်ပျောက်သီးစားတဲ့။ ဒါနဲ့ အဘိုးကြီး အပတ်စဉ်တိုင်းငှက်ပျောပွဲထိုးပြီး ပြန်စွန့်ထားတဲ့ ပွဲကျငှက်ပျောသီးတွေ တစ်လုံးပြီး တစ်လုံးစားကြည့်တယ်။ မကျရေးချ မကျဗျို့။ ခက်တော့ နေပြီ။ ဒီအတိုင်းဆိုရင်တော့ ဆေးရုံသွားပြီး ဓာတ်မှန်ရိုက်ရတော့မလိုဖြစ်နေပြီ၊ ဒုက္ခ။

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိနဲ့ အောက်ထပ်ဆင်းပြီး ရေဗူးထဲ ရေဖြည့်တော့ ထုံးစံအတိုင်း မီးဖိုချောင်ထဲ အဖိုးကြီး ဟင်းချက်နေတာ တွေ့ရပြန်ရော။ “အဘရာ အဘချက်တဲ့ ငါးခေါင်းဟင်းစားပြီး လည်ချောင်းထဲ အရိုးမျက်နေတာ တစ်နေကုန်ပဲ၊ ဘာစားစား မကျဘူးဗျာ၊ နေရခက်လိုက်တာ” ဆိုတော့ သူက ပြောပြန်တယ်။ “ဟားဟား မပူနဲ့၊ အခုလည်း ငါးကြော်နေတယ်၊ မနက်ဖန်စားရဦးမယ်” တဲ့။ ကျနော့်ခများ ငါးအသံကြားတာနဲ့တင် လန့်နေရတဲ့အထဲ ငါးကြော်နေသေးသတဲ့ဗျား။ နောက်ပြီးမှ သူက “ငှက်ပျောသီးစားရတယ် ကောင်လေးရ” တဲ့၊ ဆက်ပြောပြန်တယ်။ “အာ---စားတာပဲ အဘရ၊ အဘပွဲထိုးပြီး စွန့်ထားတဲ့ ငှက်ပျောသီးတွေတောင် ကျနော်စားလို့ ကုန်ခါနီးနေပြီ” ဆိုတော့ သူက ဘာမှမပြောပဲ ငြိမ်နေတယ်။

ဒီလိုနဲ့ စိတ်ပိန်ပိန်နဲ့ အပေါ်ထပ်ပြန်တက်ပြီး မျက်တဲ့မျက်တဲ့ အရိုးကို မေ့လိုမေ့ငြား ရုပ်ရှင်ကြည့်နေတုန်း အပြင်က တံခါးလာခေါက်လို့ ဖွင့်ပေးလိုက်တယ်။ အဘလက်ထဲမှာ သံပုရာသီးတစ်လုံးကို ညှစ်ကောင်းရုံ အစိတ်လေးတွေ လေးစိပ် စိပ်၊ ကြွေပန်းကန်လေးထဲထည့်ပြီး ကိုင်ထားတာတွေ့ရတယ်။ “ကဲ ဘာမှမပူနဲ့၊ ညအိပ်ယာဝင်တဲ့အခါ သံပုရာရည်ကိုညှစ်သောက်ပေတော့၊ ငါးအရိုးမပြောနဲ့၊ ဆင်စွယ်တောင် ပျော့သွားမယ်၊ မယုံမရှိနဲ့ လက်တွေ့ပဲ ကောင်လေးရ” တဲ့။ ရပြန်ပြီ နောက်ထပ် ဆေးနည်းတစ်မျိုး။ အတွေ့အကြုံများတဲ့ လူကြီးစကားဆိုတော့လည်း နားထောင်ရတာပေါ့။ ကိုယ်က ဒုက္ခရောက်နေတာကိုး။ ဒီလိုနဲ့ ညအိပ်ယာဝင်တဲ့အထိတောင် မစောင့်နိုင်တော့ဘူး။ ကြည့်နေရင်းတန်းလန်း ရုပ်ရှင်ကားကို ရပ်ပြီး ကုတင်ပေါ် ပက်လက်အိပ်၊ ပါးစပ်ဖြဲပြီး စိပ်ထားတဲ့သံပုရာခြမ်းလေးကို လျှာမထိ၊ အာမထိ၊ လည်ချောင်းဝ တိုက်ရိုက်ရောက်အောင် ညှစ်ထည့်ပြီး နေနိုင်သလောက် ငုံထားလိုက်တယ်။ ချဉ်လိုက်တာဗျာ။ သွားထိရင် သွားကျိမ်းမှာစိုးရ၊ လျှာထိရင်လည်း ချဉ်တဲ့အရသာပိုဆိုးလို့ လည်ချောင်းထဲ တည့်တည့်ဝင်အောင် ပက်လက်အိပ်ပြီး ညှစ်သောက်တာတောင် သံပုရာရဲ့ အချဉ်ဓာတ်က တော်တော်ပြင်းထန်တာကလား။

တစ်စိပ်ညှစ်ပြီး ခဏနေကြည့်တယ်၊ မျက်နေတုန်းပဲဗျို့။ ဒါနဲ့ လာစမ်း နောက်တစ်စိပ်။ ထပ်ညှစ်သောက်တယ်။ အဲပြီးတော့ ခဏနေလိုက်တယ်။ လည်ချောင်းဝမှာ ဘာမှမရှိတော့သလို ခံစားမိတယ်။ အယ်---အဘဆေးနည်း စွမ်းပြီထင်တယ်။ အခုဘာမှမခံစားရတော့ဘူး။ ဒါနဲ့ ရေတစ်ငုံနှစ်ငုံ သောက်လိုက်တယ်။ နေကြည့်တယ်။ သေချာတယ်။ အရိုးမမျက်တော့ဘူး။ အဟား----ပျော်လိုက်တာဗျား။ အရိုးနင်ရင် သံပုရာရေကို ဒီလိုဒီလို ညှစ်သောက်ရတယ်ဆိုတဲ့ အသိနဲ့ လက်တွေ့ပျောက်ကင်းသွားတဲ့ ကျနော့်အဖြစ်ကို ပြောပြချင်လိုက်တာ မပြောနဲ့တော့။ “သက်ကြီးစကား သက်ငယ်ကြား” လို့ အဆိုရှိသမို့လား။ ရှေးလူကြီးတွေရဲ့ အတွေ့အကြုံတွေက တန်ဖိုးဖြတ်လို့မရဘူးလေ။ အခုကျနော့်လည်ချောင်းဝမှာ အရိုးမျက်တဲ့ဒုက္ခကြီး အဘရဲ့ သံပုရာသီးအစွမ်းကြောင့် လုံးလုံးပျောက်ကင်းသွားပါပြီ။ ပျောက်ဆို သောက်ပြီး ငါးမိနစ်အတွင်းကို ပျောက်တာပါ။ မယုံမရှိနဲ့၊ လက်တွေ့။

Monday, November 22, 2010

(kindle) စာဖတ်စက်ကလေး


ကိုနေသစ်ရေ့ အမေးရှိတော့လည်း အဖြေသိရတာပေါ့ဗျား၊ Amazonkindle နဲ့ပတ်သက်ပြီး သိစရာတွေ၊ လေ့လာစရာတွေကတော့ အများကြီးပဲဗျာ့။ အခု ကိုနေသစ်မေးထားတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ပဲ အဖြေပေးပါ့မယ်။

လောလောဆယ် Run ထားတဲ့ Kindle ရဲ့ မူရင်း Format ကတော့ (၃)မျိုးရှိတာ တွေ့ရတယ်။ အဲဒါတွေကတော့---
(၁) Mobipocket Books (PRC or MOBI),
(၂) Plain text files (TXT) နဲ့
(၃) Amazon's Propietary, DRM-restricted format (AZW) ပေါ့။ အခုလောလောဆယ် Kindle ပေါ်တင်ထားတာကတော့ သိရသလောက် Roman အက္ခရာတွေနဲ့ချည်းပါပဲ။ လက်ရှိ ပေးထားတဲ့ Format နဲ့က Audio Files တွေဖြစ်တဲ့ MP3 and Audible (AA, AAX) files တွေကို အသံနဲ့ နားထောင်လို့လည်း ရပါတယ်။ Kindle DX က PDF Files တွေကိုလည်း ဖတ်လို့ပါတယ်။ ဒါပေမဲ့ အဲဒီဖိုင်တွေကိုတော့ Text-to-speech ပုံစံနဲ့ နားထောင်လို့တော့ မရဘူးပေါ့ဗျာ။ နောက်ပြီး PDF Files နဲ့လိုချင်ရင်တော့ သီးခြား Request လုပ်ရပါတယ်။ လုပ်ပုံက ဒီလိုဗျာ့---

PDF အပါအ၀င် ဘယ်လို Document မျိုးကိုမဆို Kindle's Native .AZW Format ထဲသွင်းလို့ရပါတယ် တဲ့။ တကယ်လို့ ကိုယ့် PDF file ကို စက်ထဲထည့်ချင်လျှင် အဲဒီဖိုင်ကို email နဲ့ သူတို့ဆီ ပို့ပေးရပါမယ်။ အဲဒီဖိုင်ကို .AZW format ပြောင်းပြီးတော့ ပြန်ပို့ပေးပါလိမ့်မယ်။ (ကျနော်ကတော့ တစ်ခါမှ မလုပ်ဖူးဘူးနော်)။ အဲဒီလို ပို့ပေးတဲ့အခါ ပိုက်ဆံပေးရတာလည်းရှိတယ်၊ မပေးရတာလည်းရှိတယ်။ တကယ်လို့ ကိုနေသစ်မှာ Kindle email address (စက်ဝယ်တုန်းက လုပ်ထားတဲ့ အီးမေးလ်၊ ကိုယ့်ကွန်ပျူတာထဲရှိ Kindle for PC document ထဲကိုလည်း အဲဒီအီးမေးလ်နဲ့ပဲ ၀င်ရပါတယ်။) ရှိပြီးသားဆိုရင် အဲဒီအီးမေးလ်ထဲကို အခမဲ့ ပြန်ပို့ပေးပါတယ်။ စက်ထဲတော့ ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ပြီး ကိုယ့်ဖာသာ ကိုယ်ပြန်ထည့်ရမှာပေါ့။

အဲလိုမဟုတ်ပဲနဲ့ Wireless စနစ်နဲ့ Whispernet ကနေတစ်ဆင့် ကိုယ့်စက်ထဲအော်တိုပို့ပေးစေချင်ရင်တော့ one MB ကို (၁၅) ဆင့် နှုံးနဲ့ ယူပါတယ်။ အဲဒါတော့ ဘဏ်ကဒ်ရှိမှ အဆင်ပြေမှာပေါ့။ တကယ်တော့လည်း ဒီ kindle ရဲ့ပုံစံတစ်ခုလုံးက ဘဏ်ကဒ်ရှိမှပဲ အဆင်ပြေတာကလား၊ အလကားပေးတဲ့ စာအုပ်တွေကို ဒေါင်းလုဒ်လုပ်လို့ ရပေမဲ့ ပိုက်ဆံနဲ့ ၀ယ်ရတဲ့ စာအုပ်တွေကျပြန်တော့ ဘဏ်ကဒ်နဲ့မှ အဆင်ပြေတာကိုးဗျာ့။

Amazonkindle ကုမ္ပဏီက Format အတော်များများကို Convert လုပ်ပေးတာတွေ့ရပါတယ်။ အဲဒီထဲမှာ
(၁) Microsoft Word (DOC, DOCX),
(၂) HTML (HTML, HTM),
(၃) Text (TXT),
(၄) PDF, JPEG (JPEC, JPG),
(၅) GIF, PNG, and BMP format တွေပါဝင်ပါတယ်။

Document အတော်များများကို တစ်ကြိမ်တည်းနဲ့ Convert လုပ်ပေးလို့ရတယ်လို့ ဆိုပါတယ်။ ကိုယ့်စက်ထဲထည့်သွင်းလိုတဲ့ document ကို .ZIP file လုပ်ပြီး ပို့ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက်တော့ ရှိပါတယ်။ တစ်ခါပို့ရင် Document ပေါင်း (၁၀၀) အထိပဲ လက်ခံပါတယ်။ Amazon က အဲဒီဖိုင်တွေကို Unzip လုပ်၊ Convert လုပ်ပြီး ကိုယ့်ဆီပြန်ပို့ပေးပါတယ်။ အဲဒီလိုလုပ်တာ သိပ်တော့မကြာပါဘူး။ အလွန်ဆုံးမှ (၁၀) မိနစ်ကနေ မိနစ်(၂၀) အတွင်း ပြီးပါတယ်။ Document တွေကို နဂိုရှိရင်းစွဲ Title တွေအတိုင်း ပြန်ပို့ပေးတယ်လို့ ဆိုပါတယ်။

ကဲဒီလောက်ဆိုရင် အတော်အတန်သိလောက်ပါပြီဗျာ့နော်။ တစ်ခုတော့ရှိတယ်။ ကိုယ့်ဆီဖရီးပြန်ပို့ပေးစေချင်ရင်တော့ www.amazon.com/myk ထဲဝင်ပြီး ကိုယ်ပိုင် Kindle's e-mail address တစ်ခုလောက်တော့ လုပ်ထားလိုက်။ အိုကေနော်။ အားလုံးအဆင်ပြေပါစေ။

Saturday, November 13, 2010

အမေ့စကား


တောလား၊ ရေလားတွေ ရေးပြီးကတည်းက အသင့်ဝယ်ထားတဲ့ Kindle စာဖတ်စက်လေးနဲ့ပဲ အချိန်ကုန်နေလိုက်တာ ဘလောဂ်ပေါ် မတက်ဖြစ်တာတောင်ကြာလှပေါ့ဗျာ။ ဒီနေ့တော့၊ ဒီနေ့ဆိုတာ မြန်မာသက္ကရာဇ် (၁၃၇၂)-ခု၊ တန်ဆောင်မုန်းလဆန်း (၇)၊ စနေနေ့၊ ခရစ်နှစ် ၂၀၁၀၊ နိုဝင်ဘာလ (၁၃)-ရက်ပေါ့။ ဒီနေ့တော့ မရေးလို့မဖြစ်ဘူး၊ ဒီထက်ပိုပြောရရင်တော့ မရေးပဲကို မနေနိုင်တော့ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒီနေ့ဟာ မြန်မာတစ်နိုင်ငံလုံးကလူတွေ သူတို့ဆန္ဒကို ထုတ်ဖေါ်ခွင့်ရတဲ့နေ့ ဖြစ်လို့ပါပဲ။ နိုဝင်ဘာလ (၇) ရက်နေ့မှာ ပြည့်သူတွေဟာ သူတို့ဆန္ဒမပါပဲနဲ့ အကြောက်တရားကြောင့် မဲသွားထည့်ခဲ့ကြရရှာတယ်။ ဒါပေမဲ့ ဒီနေ့တော့ သူတို့ရဲ့ ဆန္ဒအစစ်အမှန်တွေနဲ့ တစ်စုံတစ်ယောက်ကို မြင်ခွင့်၊ ကြည့်ခွင့်၊ သူပြောတာကို နားထောင်ခွင့်ရဖို့အတွက် တညီတညွတ်တည်း ၀မ်းပန်းတသာ ချီတက်ခွင့်ရခဲ့ကြပါပြီ။

ဒေါ်အောင်ဆန်းစုကြည် (သို့) အမေစု။
ပြည်သူလူထုက ချစ်မြတ်နိုးလွန်းလို့ အမေစုဆိုတဲ့ နာမည်ကို ရင်ထဲကတင်မက နှုတ်ဖျားကပါ ခေါ်နေကြပါပြီ။ အမေဟာ ပြည်သူအားလုံးရဲ့ရင်ထဲကို ဆယ်စုနှစ် နှစ်ခုကျော်ကျော် နေရာဝင်ယူထားခဲ့ပြီး ဒီမိုကရေစီအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်မှန်သမျှကို စွတ်လွှတ်ထားခဲ့သူပါ။ ဒါ့ပြင် ဇနီးသည်တစ်ယောက်ရဲ့ရင်ထဲမှာ တည်ရှိနေတဲ့ ချစ်ခြင်းမေတ္တာနှင့် မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာများကိုပင်အံတုပြီး ယုံကြည်မှုအတွက် အထိမ်းအသိမ်းခံခဲ့သူပါ။ မလွမ်း ဘယ်ခါရှိမှာလဲ? ပုထုဇဉ်လူသားတစ်ယောက်ပေပဲလေ။ ဒါပေမဲ့ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားရှာတဲ့ အမျိုးသားဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်ရဲ့ ဈာပနကိုလည်း မသွားခဲ့၊ ချစ်လှစွာသော သားနှစ်ယောက်ကိုလည်း သွားမကြည့်ခဲ့။ သူမရဲ့ လွတ်လပ်တဲ့ ချစ်ခြင်းမေတ္တာကို မလွတ်လပ်သေးတဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် အစတေးခံနိုင်ခဲ့တယ်။

ဒီနေ့တော့ အမေစု ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ မှောင်နေတဲ့ မြန်မာ့နိုင်ငံရေးလောကကြီး တစ်ခုလုံးအတွက် အလင်းရောင်ပြန်ပေးဖို့ အမေစုရောက်လာခဲ့ပါပြီ။ မြန်မာပြည်အရပ်ရပ်မှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံး ၀မ်းသာအားရဖြစ်ကြမှာ အမှန်ပါပဲ။ အားလုံးနဲ့အတူ ကျနော်လည်း မျက်ရည်လည်မတတ် ၀မ်းသာနေရပါပြီ။ ဘာကို မျှော်လင့်လို့၊ ဘာရမှာမို့လို့ ၀မ်းသာနေကြ၊ ၀မ်းသာနေရပါသလဲ?

ကျနော်အပါအ၀င် အားလုံးလိုချင်တဲ့အရာကတော့ “လွတ်လပ်ရေး” ပါပဲ။ အချုပ်အချယ်၊ အတားအဆီးတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ပြည်သူအတော်များများဟာ ကိုယ့်ကိုယ်ကို အချုပ်အချယ်တွေထဲမှာ နေကြရရှာတယ်လို့တောင် သိကြဟန်မတူတော့ပါဘူး။ နေနေကျဖြစ်နေကြပုံပါပဲ။ ဒါပေမဲ့ ယနေ့ကမ္ဘာကြီးဟာ သတင်းမီဒီယာအစွမ်းသတ္တိကြောင့် အလွန်ကျဉ်းမြောင်းသွားပြီဖြစ်လို့ ပြည်သူလူထုအတော်များများ လည်းမျက်စိပွင့်၊ နားပွင့်ဖြစ်နေကြပါပြီ။ အုပ်ချုပ်သူတွေက အဘက်ဘက်က ပိတ်ဆို့ဖို့ ကျိုးစားနေကြပေမဲ့ ပိတ်လေပွင့်လေဖြစ်နေတဲ့ခေတ်ကြီးကိုတော့ လွန်ဆန်လို့မရနိုင်ခဲ့ကြပါဘူး။ လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းတစ်လုံးထဲကို ကမ္ဘာကြီးတစ်ခုလုံး ၀င်နေရာယူထားလိုက်ပြီဆိုတာ သူတို့လည်း သဘောပေါက်လောက်ပါပြီ။

မျက်စိပွင့်နားပွင့်ဖြစ်လာတာနဲ့အမျှ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို အကျဉ်းကျနေသူတွေအဖြစ် သိမြင်လာခဲ့ကြပါတယ်။ ဒီအချိန်မှာ သူတို့အမျှော်လင့်ဆုံးဟာ ဒီအကြပ်အတည်းကို ဖြေရှင်းပေးနိုင်တဲ့သူကိုပါပဲ။ ဒီအတွက် အမေစုကို တောင့်တနေခဲ့ကြပါတယ်။ နှစ်ပေါင်း (၂၀)လုံးလုံး စောင့်စားနေခဲ့ကြရပါတယ်။ (၆၂) နှစ်လုံးလုံး အင်္ဂလိပ်ကျွန်ဘ၀ရောက်ခဲ့ကြတုန်းက ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးကို ယူပေးခဲ့ပါပြီ။ သို့ပေမဲ့ ကိုယ့်မင်းကိုယ့်ချင်းဘ၀မှာ လွတ်မြောက်မည်ကြံကာမှ နှစ်ပေါင်း (၅၀) နီးပါး စစ်အုပ်ချုပ်ရေးစနစ်အောက်ကို ပြန်လည်ရောက်ခဲ့ကြရရှာပြန်ပါတယ်။ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးခံဘ၀မှာ အကျင့်သားရနေကြပေမဲ့ ရင်ထဲမှာတော့ တစ်နေ့နေ့လွတ်မြောက်ရေးဆိုတဲ့ မျှော်လင့်ချက် ကိုယ့်စီနဲ့ချည်းပဲလို့ ထင်ပါတယ်။

ဒီမျှော်လင့်ချက်ကို အားဖြည့်ပေးနိုင်တဲ့သူ ဒီနေ့တော့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ဒိအတွက် မြန်မာတစ်ပြည်လုံးကသာမက တစ်ကမ္ဘာလုံးကပါ ၀မ်းမြောက်ဝမ်းသာဖြစ်နေကြပါတယ်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ကြီးတွေကလည်း အမေစုရဲ့လွတ်မြောက်မှုအတွက် ၀မ်းသာအားရနဲ့ နှုတ်ခွန်းဆက် ကြိုဆိုနေကြပါတယ်။ အမေစုနောက်မှာ ပြည်သူတစ်ရပ်လုံးသာမက တစ်ကမ္ဘာလုံးကပါ ရပ်တည်နေတယ်ဆိုတာ ဒီနေ့မှာ သက်သေပြလိုက်ပါပြီ။ ဒါပေမဲ့ လက်ရှိစစ်အုပ်ချုပ်ရေးအောက်မှာ အမေစုဘာလုပ်ပေးနိုင်မလဲ? ဆိုတဲ့မေးခွန်းကိုတော့ မမေးမဖြစ် မေးရမှာပါပဲ။ ဒိအတွက် သူမက လွတ်လွတ်ချင်းပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။ We have to "work in unison" to achieve our goals . “လိုချင်တဲ့ပန်းတိုင်ရောက်ဖို့အတွက် ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ဆောင်ကြရမည်” တဲ့။ အမေ့စကားနားထောင်ရမည့် အချိန်ကျရောက်ပါပြီ။


Tuesday, October 12, 2010

ထောင်သင်းမှူးရေလား

မင်းသမန္တရာဇာရေးသော ရေလားများအပြီးတွင် ဆက်လက်၍ ထောင်သင်းမှူး၏ ရေလားများကို တင်ပြရန်ကျန်ရှိသေးသည်။ ထောင်သင်းမှူးဆိုသည်မှာ အခြားမဟုတ်၊ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်၏ နန်းတွင်းစာဆိုအမတ်ကြီးတစ်ဦးဖြစ်သော ပထမန၀ဒေးကြီးပင်ဖြစ်သည်။ န၀ဒေးကြီး၏တောလားများတွင်း ၎င်း၏အတ္ထုပ္ပတ္တိအကျဉ်းကို တင်ပြပြီးဖြစ်သည်။ ရတုစာဆိုပါရဂူကြီးဖြစ်သော န၀ဒေးကြီးသည် ယင်းသက်တမ်းတောက်လျောက် ရတုပေါင်း(၃၀၀)ကျော်မျှ ရေးသားခဲ့ကြောင်းသိရသည်။ ယင်းသုံးရာကျော်သော ရတုများတွင် အောက်ပါ ရေလား ငါးပုဒ်လည်း ပါဝင်မည်ဟု ယူဆရသည်။ ဖတ်ရှုကြလေ။

---------------------------------------

(၁) မြစ်ရတုလျှင်၊ ပျော်မှုသာလွန်း၊ မာဃဆန်းက၊ ကိုင်းကျွန်းနုသစ်၊ ပုရစ်မထ၊ မပြလွန်းသေး၊ ရွှေရည်ပြေးက၊ စဲကွေးသီတာ၊ သို့သောခါမူ၊ လဲဝါပွင့်ရွှေ၊ ၀န်းသည့်လေနှင့်၊ ဆောင်းနွေရောယှက်၊ ပြန်ကဖက်တည့်၊ ကျေးငှက်တွန်ထူး၊ ဖော်ပြိုင်မြူးက၊ ငုံဖူးပင်ကိုင်း၊ မြစ်တိုင်းကမ်းနား၊ စုံတောဖျားဝယ်၊ နဂါးသစ်ဆင်၊ မြီးမှင်အနန်း၊ လောင်းပန်းသဇင်၊ ဂမုန်းအင်ကို၊ သဇင်ချိန်သင့်၊ ပန်သူလင့်သို့၊ ပွင့်အံ့ပြိုင်တူ၊ ငံ့သောဟူ၏၊ လူသို့သော်ကား၊ သနားဘွယ်ပေ၊ ကြာ့နှယ်ခွေလိမ့်၊ ဝေသည်နှစ်သို့၊ ငှက်တို့ဘာသာ၊ မင်္ဂလာဟု၊ ညီညာစုဝေး၊ ထိမ်းမြားပေးက၊ ပဲထွေးဝံလို၊ တုအံ့ဆိုလျက်၊ ၀ံဖိုကားဖောင်၊ ယင်ဘောင်ကားလှေ၊ လှော်သောထွေသို့၊ နှစ်ဆွေမကွာ၊ ဟင်္သာမျိုးရင်း၊ နောင်နောင်ချင်း၍၊ သောင်ဒင်းပတ်သည်၊ တင်ကျီးစည်နှင့်၊ နှုတ်မြည်တီးဆော်၊ စင်ယော်နှဲသာ၊ ခရာမှုတ်ဟန်၊ တိရစ္ဆာန်တို့၊ သဏ္ဌာန်မတူ၊ မြည်ကူရင့်ကြွေး၊ တအေးအေးနှင့်၊ ဟီးလေးထူးခေါ်၊ ရေကြက်ဆော်၍၊ ရွှင်ပျော်စအီ၊ လူလျှင်သီသို့၊ မညီစတောင်း၊ လွေ့ကာဆောင်းနှင့်၊ ဥဒေါင်းလက်သစ်၊ ငဟစ်ဆော်နှိုး၊ ပြည်စိုးသီချင်း၊ တညှင်းညှင်းတည့်၊ စောင်းညှင်းပျော်ပွဲ၊ တသဲသဲဝယ်၊ ၀မ်းဘဲရယ်ယောင်၊ ငှက်ဖိုးခေါင်လျင်၊ လူယောင်ရည်တူ၊ ကျူးလမူကား၊ သည်းအူညွတ်ပျောင်း၊ မလွမ်းတောင်းတည့်၊ ငှက်ပေါင်းဖြင်မျှ၊ ပျော်မြူးကြသည်။ ။လလည်းလသစ် ၀ယ်တကား

(ဒု) နှစ်တစ်ခုလျှင်၊ ရတုဂိန်မှာန်၊ နေဗိမာန်ထက်၊ တောင်ပြန်လေရူး၊ ငါးကြင်းမြူးက၊ ငုံဖူးညောင်းရင့်၊ သစ်တင့်ပန်းသား၊ ပွင့်သည်များထက်၊ ရွှေသားနီမြန်း၊ ရဟန်းနှင့်ဆင်၊ မာတင်ပေါက်ကြီး၊ တည်တစီးနှင့်၊ ရှမ်းကြီးဦးထုပ်၊ တရုပ်မြင်းက၊ ကျေးသူဝနှင့်၊ ဇော်တငုံဖူး၊ လှော်ကားဦးသို့၊ တထူးထွေလာ၊ ပန်းတကာတွင်၊ နှိုင်းရာမတူ၊ ခိုင်မဉ္ဇူကို၊ ကြင်သူမကုံး၊ မထုံးသည်နှင့်၊ ဆင်မတင့်တည့်၊ နတ်ရှင့်ရင်နှစ်၊ တံခြားဖြစ်၍၊ ခွေရစ်ရွက်မြ၊ ဆွေသက်မျှနှင့်၊ နွှဲကြရွှေယဉ်၊ ပျော်စဉ်တွင်၌၊ မြစ်ခွင်ရဲကျော်၊ ဆန်ခဲ့သော်လျှင်၊ ရွှင်ပျော်စတုံ၊ ဆွေစုံကျော်ကာ၊ ဆယ့်ငါးဝါနှင့်၊ ကလျာနိကာယ်၊ တစ်ဆယ်မက၊ ကြံတွက်ဆသည်။ ။လှလည်းလှချစ် ရွယ်တကား

(တ) သစ်မပြုချင်၊ ဆံကေရှင်လည်း၊ မတင်ဆီမွှေး၊ ခုနှယ်မြှေးခဲ့၊ လွမ်းရေးပြင်ပြင်၊ မြင်ခွင်တလျှောက်၊ လဲပေါက်ပွင့်ရှိမ်း၊ ညိုညိုစိမ်း၍၊ ပင်ယိမ်းဖားဖား၊ ပွင့်ခက်များဝယ်၊ မြသားရည်ရော်၊ ရွှေလှော်နှိုင်းတူ၊ ဦရရူလျှင်၊ သောက်ယူဝတ်ရက်၊ ပုန်းညက်ကံ့ကော်၊ ရွှေလှော်စကား၊ ချယားဂမုန်း၊ ကြက်ရုံးပျဉ်ဖြူ၊ မဉ္ဇူအနန်း၊ ခပ်သိမ်းပန်းတို့၊ ငုံ့လန်းမလွန့်၊ ပန်အံ့သသူ၊ လင့်သောဟူ၏၊ လူတို့၌၀ယ်၊ သနားဘွယ်တည့်၊ ဆွေးသွယ်ကြာတင်၊ မျိုးအိမ့်ရှင်နှင့်၊ ရွှေရင်ကြူးလွန်၊ ဖြစ်သောဟန်ကို၊ လျှောက်ပန်ခ,ယ၊ ဆန်ခဲ့ရသည်။ ။စလည်းစချစ် ဘွယ်တကား

(စ) မြစ်တစ်ခုစင်၊ စွန်းမထင်တည့်၊ ရွှေစင်ရည်ပျောင်း၊ သွန်းဆင့်လောင်းသို့၊ ဟန်ကောင်းနွဲ့လျ၊ ဆွေသက်မျှနှင့်၊ နွှဲကြရွှေရင်၊ ပျော်စဉ်တွင်၌၊ မြစ်ခွင်ဧရာ၊ ဆန်ခဲ့လာသော်၊ ဗျာပါထပ်မွန်၊ အလွမ်းဝှန်လှိုက်၊ တစဉ်ကြိုက်ဝယ်၊ ၀ဲရိုက်ဝဲသွင်း၊ မြစ်တွင်းကွေ့ချောင်၊ စဲသောင်ပြင်ထွန်း၊ သဲဖြင်ကျွန်းထက်၊ ရွှင်လန်းများစွာ၊ မြူးကြရာဝယ်၊ စာကားစည်းစုတ်၊ ကျီးလက်ခုပ်နှင့်၊ ညှင်းကားငှက်တော်၊ လှေလှော်ယင်ဘောင်၊ မောင်ကားဝံဖို၊ ၀ံလိုအဲထူး၊ နွှဲကြူးဥသြ၊ ရွေဖေါ်နှော၍၊ တယောထိုးဟန်၊ တိရစ္ဆာန်တို့၊ သဏ္ဌာန်ရင့်ညောင်း၊ ဥဒေါင်းဖိုမ၊ က,သည်မောင်နှံ၊ ငှက်ပေါင်းသံကို၊ တရံဆွတ်မျှ၊ ကြားလ,ကလျှင်၊ ၀တ်စတော်နှင့်၊ လွမ်းခွင့်ပြေသာ၊ ချစ်ခြင်းရာကို၊ ညိုပြာအတူ၊ ဖြူပြာတမျှ၊ နတ်နှယ်လှသည်။ ။မြလည်းမြနှစ် သွယ်တကား

(မ) နှစ်စနုလျှင်၊ ရတုဂိန်မှာန်၊ တောင်လေပြန်က၊ ပြင်းထန်ရေရူး၊ မြူးတုံငါးကြင်း၊ သစ်ခပင်းတို့၊ ငုံကင်းရုံးစု၊ ဖူးနုခက်ဖြာ၊ ပန်းတကာတွင်၊ ရွှေသာနှိုင်းပြီး၊ တသီးတရုပ်၊ ဦးထုတ်ပတ္တမြား၊ မြကားချပ်သွယ်၊ သန္တာချယ်၍၊ ဆန်းကြယ်စားကြူး၊ ဖန်တင့်ထူးသည်၊ မဖူးနှိုင်းပြိုင်၊ မဉ္ဇူခိုင်ကို၊ လက်ကိုင်စုရုံး၊ ချစ်စ,ထိုး၍၊ ကုံးသီလက်နှင့်၊ ဆင်တိုင်းတင့်၏၊ နတ်ရှင့်သည်းကြား၊ ခြားမခြားတည့်၊ စုလျားဖွဲ့ရစ်၊ ခွေစသစ်နှင့်၊ ရွှေခေတ္တမည်၊ ဖ,မင်းပြည်သို့၊ ကြေးစည်ညှင်းစောင်း၊ ပဲ့ပေါင်းကျွန်းစင်၊ လောင်းနီလျှင်လျှင်၊ မြစ်ခွင်ဧရာ၊ ဆန်ခဲ့လာသော်၊ လက္ခဏာမချို့၊ မမို့မရှိုက်၊ လိုက်လိုက်မေးပါး၊ လှထွားနှာရောင်၊ မျက်တောင်ကော့ဖြူး၊ နဖူးထိပ်ကျယ်၊ မငယ်နားရွက်၊ မွေ့သက်ရေသား၊ မွတ်မွတ်ထွားကို၊ နှိုင်းရှားလူ့ရွာ၊ မရသာတည့်၊ ကလျာနိကာယ်၊ တစ်ဆယ်မက၊ ကြံတွက်ဆသည်။ ။မျှလည်းမျှနှစ် ရွယ်တကား

-----------------------------
ဤတွင် တောလား+ရေလားများ အဆုံးသတ်သဖြင့် အပြီးကမ္ပတ်ဖုံးအပ်သတည်း။


Monday, October 11, 2010

မင်းသမန္တရာဇာ ရေလား

တောတောင်များနှင့် ယင်းတို့ပတ်ဝန်းကြင်တွင် နေထိုင်ကျက်စားကြသော ကျေးငှက်သာရကာများနှင့် သားရဲတိရစ္ဆာန်တို့၏ ပကတိသဘာဝကို ပေါ်လွင်စေလျှက် ရေးစပ်သီကုံးထားသော အချီ+အချတူ၊ အချီ+အချကွဲ၊ အချီတူ+အချကွဲ၊ ကာရန်ရှိ+မဲ့ ကဗျာ ရတုများကို တောလားဟု ဆိုကြောင်း အထက်ဖေါ်ပြပြီးတောလားများက ညွှန်းလျက်ရှိသည်။ ယင်းတောလားများကို အင်းဝခေတ်စာဆိုရှင်များနှင့် ဟံသာဝတီနန်းတွင်းစာဆိုအမတ်ပညာရှိများရေးစပ်ခဲ့ကြကြောင်းတွေ့ရသည်။

ထိုမှတစ်ပါး မြစ်ကြောင်းတောက်လျှောက်နေထိုင်ကျက်စားကာ ပင်ပန်းဆင်းရဲစွာ အသက်မွေးမြူနေကြရရှာသော တံငါသည်များ၏ ဘ၀ကို ပုံဖေါ်လျက် ရေးစပ်သီကုံးထားသော ကဗျာရတုများကိုလည်း ဤနေရာ၌ “ရေလား” ဟု အမည်ပေးထားသည်ကို တွေ့ရသည်။ ရေလားရတုများကို ရေးခဲ့သောစာဆိုများမှာ ကျနော့်တွင်ရှိသော စာအုပ်လေးပါစာရင်းအရ နှစ်ဦးသာရှိကြောင်းတွေ့ရသည်။ မင်းသမန္တရာဇာနှင့် ထောင်သင်းမှူးတို့ဖြစ်သည်။ ဤနေရာတွင် စာဆိုနှစ်ဦးတို့၏ အကြောင်းအရာအကျဉ်းချုပ်ကို ဖေါ်ပြသင့်သော်လည်း စာအုပ်စာတမ်းမပြည့်စုံသဖြင့် ချန်လှပ်ထားရတော့သည်။ အခွင့်သင့်သောအခါတွင် ဆက်လက်တင်ပြမည်ဖြစ်ကြောင်း ပန်ကြားအပ်ပါသည်။ မင်းသမန္တရာဇာ၏ ရေလားများကို ဖတ်ရှုကြပါကုန်။

----------------------------------------

(ပ) ထူးတဆန်းလျှင်၊ ဖလ်နန်းရထား၊ မြောက်သို့ပါး၍၊ လ,ကားတပေါင်း၊ ရွက်ညောင်းဖူးချင်၊ နွေသစ်ယင်က၊ မင်းလွင်အုံ့ပြ၊ သောကာလ၀ယ်၊ မြစ်မယဉ်ထန်၊ ရေကြောင်းဆန်၍၊ ကျွမ်းရန်ဖေါ်မဲ့၊ လာရခက်သော်၊ အံ့ဘွယ်အပ၊ ဖြူဆွသလဲ၊ ခဲလကမ်းမြေ့၊ ပြင်ထောင့်ကွေ၌၊ စုဝေးပျော်တူ၊ ရေသူဖွယ်ရာ၊ တံငါလုပ်ဖမ်း၊ ကြိုးပန်းရှာမှီး၊ အသီးသီးတည့်၊ ပိုက်ကြီးပိုက်ငယ်၊ နှစ်သွယ်ဝမ်းပူ၊ ကြီးငယ်ဟူသား၊ ပိုက်ဖြူဗူးခင်း၊ ရကွင်းဒိုင်းဝန်း၊ လက်မတန်းနှင့်၊ ရင်တွန်းလင်းဖက်၊ ယက်သဲ့ဗူးတင်း၊ ကြီးငယ်သွင်းမှ၊ ပိုက်ကွင်းနှလုံး၊ မြုံးလည်းနှစ်လီ၊ တပသီဇာ၊ သာရကာထက်၊ မှိန်းမက်ကွန်ကြီး၊ တသီးရင်ကွဲ၊ သောင်လဲသောင်ယံ၊ ပိုက်အိတ်ခံနှင့်၊ ထုံးစံတ၀ိုက်၊ အစဉ်လိုက်၍၊ ခတ်ဝိုက်တန်းခို၊ ဘိဟုဆိုသည်၊ ခြေတိုလိပ်က၊ မကျန်ရတည့်၊ မြစ်စတသွန်၊ လုပ်မှုပွန်သည်။ ။အလွန်ထူးဆန်းကြယ်သကား

(ဒု) ကြူးစခန်းလျှင်၊ မှတ်မှန်းလတာ၊ အဖြာဖြာတည့်၊ ရေမှာရေလိုက်၊ စဉ်စိုက်စွဲလန်း၊ တံသုတ်ကျမ်းဟု၊ ကွန့်သန်းတတည်၊ လက်ညှိုးလည်က၊ စသည်ဆိုင်းတန်း၊ လက်သန်းစိုးဟု၊ လက်ညှိုးပြုလည်း၊ နည်းဟုတသွယ်၊ ပိုက်ကြမ်းငယ်ဟု၊ လူဝယ်လုပ်ဆောင်၊ ကွင်းထောင်ရေလည်၊ ဇာလည်ဇာလောင်၊ မြှောပိုက်ထောင်၍၊ လုပ်ဆောင်ကြလစ်၊ ကော်ကဖြစ်တည့်၊ မှတ်ရစ်စေချင်၊ တုရင်ခြေတောင်၊ အိတ်ထောင်ယောင်နှင့်၊ လူ့ဘောင်နှံ့ပြား၊ ဘူးလွှားမြှားသွဲ့၊ ပိုက်စာသဲ့က၊ ကြွင်းမဲ့မထင်၊ ကြမ်းငင်တုန်ဟိုက်၊ အူလိုက်ပက်ထုတ်၊ စမ်းစုတ်ဖက်တင်၊ ထွေထွေဖြင်မျှ၊ မြစ်ခွင်ဧရာ၊ ဆန်ခဲလာသော်၊ ပမာတို့လေ၊ ကြင်သည့်ဆွေဟု၊ ထွေထွေယူတမ်း၊ လွမ်းလည်းမချိ၊ မျှော်မိမိသည်။ ။မျက်စိပင်ပန်းဘွယ်တကား

(တ) ရူးဘနန်းလျှင်၊ ကျင့်ဆန်းခဲအင်၊ ရုပ်အသွင်ဖြင့်၊ သောင်ခွင်မော်စာ၊ လှေမှာမှောက်ပြန်၊ တွန်းလှန်အားကြိုး၊ တင်ထိုးလက်လွန်၊ တတ်ပွန်ဘေးခတ်၊ အတတ်တစ်မျိုး၊ စန်းထိုးရန်တား၊ လုပ်ရိုးပြားသား၊ မြှားတမ်းမြှားသုတ်၊ ချက်ပြုတ်မနေ၊ စင်းလျှင်တေတည့်၊ ချလေဆူစည်း၊ ချင်လည်းချင်ကော်၊ လုပ်ဖေါ်သတင်း၊ တိမ်ညင်းတွန့်ကိုင်း၊ ပလိုင်းစွဲလေ၊ ငမြွေချိုချဉ်၊ ငစင်စတ်လှိုက်၊ နှိုးပြည့်ဝိုက်၍၊ ရေ၌နှံ့မျှ၊ တံငါ့အမျိုး၊ ရှာစားကြိုးလျှက်၊ ရေရိုး၌တွင်၊ သောသောဖြင်မျှ၊ လောင်လျင်နှင့်ရ၊ လက်ချတထောက်၊ နိုင်ရေးကောက်၍၊ သံမြောက်ကြေညာ၊ ဟိန်ဇာဟေးလား၊ အချင်းများနှင့်၊ ပျော်ပါးဘွယ်တိ၊ သဲဖြူချိဝယ်၊ ထပ်ရှိစုဝေး၊ လှူကြီးပေးသို့၊ ငှက်ကျေးဝဲပျံ၊ မြည်သံသောင်းသောင်း၊ မြစ်ရေချောင်း၌၊ ကြုံတောင်းကြုံရ၊ မြင်တို့စွဟု၊ တလည်းတခါ၊ မယ့်မှာညွတ်တိမ်း၊ ခေါင်းသို့ယိမ်းသည်။ ။ကြောစိမ်းမြနန်းဘွယ်သကား


Sunday, October 10, 2010

စလေဆရာကြီးဦးပုညတောလား

အခုတလော Kindle စာဖတ်စက်လေး ၀ယ်ပြီးကတည်းက ကိုယ့်ဘလော့ဂ်အနားမကပ်နိုင်ဖြစ်နေမိတယ်။ စာဖတ်စက်လေးထဲ ပိုက်ဆံပေးပြီးဝယ်ဖတ်ရတဲ့ စာအုပ်လေးငါးဆယ်အုပ်လောက် download လုပ်ပြီးတော့ အလကားပေးတဲ့ စာအုပ်ပေါင်းများစွာကိုလည်း တတ်သည့်ပညာမနေသာဆိုသလို download ထားလိုက်တယ်။ အဲဒီစာအုပ်တွေကို အကုန်ဖတ်ဖို့ဆိုတာတော့ အချိန်တော်တော်လိုတာပေါ့ဗျား။ သေချာပါတယ်။ အကုန်မဖတ်နိုင်ပါဘူး။ ပျင်းပေသကိုး။ စာအုပ်တွေ စုရတာဝါသနာပါသလောက် စာဖတ်ရပျင်းတာတော့ ကိုယ့်အကျင့်တစ်ခုဖြစ်နေပြီ။ သို့သော်သို့သော် စာအုပ်နာမည်လောက်သိလည်း မဆိုးဘူးဆိုပြီး စက်ထဲအလကားထည့်လို့ရတဲ့ စာအုပ်တွေ အကုန်ဆွဲထည့်နေတာ။

လက်ဝါးသာသာရှိတဲ့ စက်ကလေးကလည်း စာအုပ်ပေါင်း သုံးထောင်ငါးရာကျော်လောက် ဆံ့ဆိုကိုးဗျာ့။ အခုဆိုရင်ပဲ စက်လေးထဲမှာ စာအုပ်ပေါင်း (၆၀၀) ရာကျော် နေရာယူနေပြီ။ ဒါပေမဲ့ မှတ်မှတ်ရရ (၂) အုပ်ပဲ လူလားမြောက်အောင် ဖတ်ပြီးသေးတယ်။ အင်္ဂလိပ်ဝတ္ထုစာအုပ်တွေ တစ်သက်နဲ့တစ်ကိုယ် တစ်ခါဘူးမျှ အစအဆုံး တစ်အုပ်ကုန်အောင် မဖတ်ဖူးသေးဘူးပြောရင် ယုံမလားတော့ မသိဘူး။ တကယ်ပါဗျာ။ မှန်တာပြောရင် ချမ်းသာရပါစေ့။ အဲလို အဲလိုနဲ့ အစအဆုံးတစ်အုပ်စနှစ်အုပ်စကုန်အောင်တော့ ဖတ်ဦးမယ်ဆိုပြီး ဖတ်နေတာ ဘလော့ဂ်ရေးဖို့တောင် မေ့သွားသဗျာ။

ဒီနေ့တော့ (၁၀)-ရက်၊ (၁၀)-လ၊ (၁၀)-ခု လို့ဆိုသမို့ မှတ်မှတ်ရရ ဘလော့ဂ်လေးကို အသက်ပြန်သွင်းရပေးဦးတော့မယ်။ ဒါပေမဲ့ တခြားပို့စ်တော့ မတင်နိုင်သေးပါဘူး။ ဘလော့ဂါမေဓာဝီကို ကတိပေးထားတဲ့အတိုင်း မြန်မာပြည်၊ ကမ္ဘာအေးဘုရားဈေးက၀ယ်လာတဲ့ တောလားစာအုပ်လေးထဲက ရှိသမျှတောလားတွေ ၀ါသနာပါသူများ ဖတ်ကြစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ပေးနေရတုန်းမို့ပါ။ ဒီနေ့တော့ စလေဆရာကြီး ဦးပုညရဲ့ တောလားတွေကို တင်ပေးမှာဖြစ်ပါတယ်။ ဦးပုညကိုတော့ မြန်မာပြည်ဘွား စာပေ၀ါသနာအိုးတွေ သိပြီးသားမို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မိတ်ဆက်မပေးတော့ပါဘူး။ နောက်ပြီး ဦးပုညရေးတဲ့ တေးထပ်အများစုဟာလည်း ကဗျာဝါသနာအိုးတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားပြီးသားပါ။ ဒါပေမဲ့ ဦးပုညရေးတဲ့ တောလားတွေကိုတော့ ဖတ်ဖူးသူ နည်းမယ်လို့ ထင်ပါတယ်။

စလေဆရာကြီးပုညဟာ တေးထပ်ပါရဂူကြီးတစ်ဆူဖြစ်တာနဲ့အမျှ တောလားတွေကို ရေးတဲ့အခါမှာလည်း တခြားလောလားရေးဆရာတွေရဲ့လေသံနဲ့ တကွဲတပြားစီဖြစ်နေတာကို တွေ့ရပါတယ်။ သူ့တောလားတွေရဲ့ပုံစံဟာ သူ့ရဲ့ကျွမ်းကျင်ရာ တေးထပ်ပုံစံတွေ အများကြီးပါဝင်နေတာ တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် မေတ္တာစာရေးဟန်မျိုးလည်း ၀င်ရောနေတာ တွေ့မြင်ရပါသေးတယ်။ သို့သော်လည်း တေးထပ်ဟန်ပဲရောရော၊ မေတ္တာစာဟန်ပဲပေါက်ပေါက် တောအကြောင်းရေးထားတဲ့စာမို့ တောလားလို့ပဲ အသိအမှတ်ပြုခဲ့ကြဟန်တူကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။

(ပ) ဖလ်ရောင်မှန်ရောင်၊ လျှံပြောင်တောက်ပ၊ ကမ္ဘာ့သယံဇာ၊ သေလာဂီရိန်၊ စိန်ဝဇီရာ၊ ဂီဝါရောင်--ဖီလာတောင်--သီတာမျှောင်ခွေပတ်၍၊ ရေရဟတ်ကြိုး၊ မြေမစပ်အုပ်မိုး၍၊ နေထပ်၍မတိုးပဲ၊ မောက်ဖြိုး--ဇောက်ထိုး--အောက်လျှိုးကျ တသွန်သွန်၊ တမ်းခွန် နဂါးရုပ်၊ ပြွန်စလုပ်နှင့်၊ မြုတ်ထဲချည် ငုတ်ထဲချည်၊ မြရည်အလျှံ၊ မြေအခံမှ၊ သယံဇာ ဂေါတနှင့်၊ တာလဘီ--မောရဂီ--ရေသီတာအိုင်တွင်း၌၊ နေညီညာပြိုင်ကျင်း၍၊ ကြိုင်သင်းပျံ့ကုံကမံလို၊ ပွင့်အတံရိုးပေါက်၍၊ ကိုးဆင့်မြောက်ပြဿာဒ်ခံ၊ အသွေးနှင့်အဆင်းမှာ၊ ခြင်္သေ့မင်းလည်ဆံလို၊ ခြည်ဝါလျှံနီမောင်း၍၊ သည်ကန်မှာညီစွာပေါင်းရှာကြ၊ ကြာခေါင်းလောင်းပဒုမ္မာ၊ ငုံခါ--ထုံစွာ--မှုံပြာဝတ်ဆံ၊ လေသွဲ့၍--ခွေနွဲ့လို့--ကြွေတဲ့မည်ဟန်ပန်လို၊ ၀တ်မွှေးကို--ဆွတ်ချွေးလို့--ငှက်ကျေးက တညံညံ၊ သံသာသာ--ဖန်ခါခါ--ညံစာစာဖေါ်နှောလို့၊ ခေါ်ပြောကြ စုံမောင်နှံ၊ ကြာဆံ--လွှာဟန်--နှာတံယှက်တင်၊ ဘက်ရှင်စာခွံ့၊ ညှာညွတ်ဝတ်ဖူး၊ ဆွတ်ခူးနှိက်ခါ၊ လိပ်ပြာ--ထိပ်မှာ--ရိပ်ခါသုံးစား၊ ပိတုံးပျားတို့၊ နားချည်--သွားချည်--စားတဲ့ချည်နှင့်၊ ချားလည်ရစ်လျက်၊ လှည့်လည်မပြတ်၊ မြည်ချင်းထပ်၍၊ နတ်ဖန်တဲ့ရေ၊ မြလျှံထွေထွေ၊ ကမ်းအခြေ အိုင်စခန်းမှာ၊ နန်းမြိုင်သူ ကိန္နရီတို့၊ စိန်ဒါလီလည်ကပ်ကို၊ ရည်မှတ်သည်အမွေး၊ မင်ဆေးနှင့်--တင်ရေးလို့--သွင်သွေးကိုမရ၊ မြရောင် ရွှေရောင်၊ လေသာတောင်မှာ၊ ညိုရောင်ရောစပ်၊ ဇောဘရသ်သို့၊ ပြောစမှတ်မထူး၊ သောမနသ်နူးရန်မို့၊ တစ်ဦးသော ကိန္နရာမှာ၊ ထိန်ပြာ--မိလ္လာ--စိန်ဇာပွင့်ယှက်၊ ၀ါရောင်--ပြာရောင်--ခါတောင်ဘက်သို့၊ သက်တံရေး--ထွက်ပြန်ပြေး--လက်တံသေးပန်းနွဲ့ကို၊ လူငဲ့ဟန်--ယူတဲ့ပြန်--စမ်းခံတဲ့ရေအိုင်၊ နန်းစံတဲ့ ဟေ၀န်မြိုင်၊ ကိန္နရာမောင်နှံတို့၊ တောင်ပံချင်းတင်ယှက်လို့၊ ကြင်သက်တူပြိုင်ကြတယ်၊ မစုံသူဇောပြန်လို့၊ သောတာပန်ပုဂ္ဂိုလ်ကျွမ်းလုအောင်၊ လွမ်းလောက်တဲ့စန်းအိုင် ပန်းဂနိုင်

(ဒု) အနောတတ္တ၊ ဆဒ္ဒန္တနှင့်၊ ကုဏ္ဍလမည်သာ၊ မန္ဒာကိနီ၊ အိုင်၏အလား၊ ရိုးမှားသွင်တူ၊ မြင်သူပန်းရုံ၊ ကိန္နရာခင်၊ ဂမုန်းအင်တို့၊ ကုံးဆင်မြန်းသည့်၊ ပန်းရဂုံမှာ၊ လမ်းဆုံကြည့်ခါ၊ တည့်တည့်စိုက်လို့၊ မျှော်လိုက်ပါသော်၊ ဖလ်ဝါရောင်လင်း၊ တောင်ခြေရင်း၌၊ မြေသလင်းပြန့်၊ လှခေါင်အဆင်း၊ မြရောင်လင်းတဲ့၊ မျက်ခင်းပြန့်မှာ၊ တသန့်သန့်အခြေကျင်းလို့၊ လေညင်းခံ ငံ့ကြတယ်။ ။ပဉ္စရူပ၊ တသွင်တူတဲ့၊ ရင်မူလှတို့၊ မြမြက်ကိုစား၊ ချိုတခါခါ၊ ကိုမာယာနှင့်၊ လိုရာသို့သွားကြတယ်။ ။နရားကတစ်အုပ်၊ သဇင်ရေ၀တ်၊ မြေကိုညွတ်တဲ့၊ ပန်းဝတ်လွှာကို၊ နမ်းခါစုတ်၍၊ ဆုတ်ချည်တက်ချည်၊ မခို့တခို့၊ တရို့ရို့နှင့်၊ မောင်မယ်တို့ မည်ကြတယ်။ ။သည်ကတဖန်၊ မနုဿီဟ၊ ခြေကိုကြွ၍၊ မြပန်းရုံကို၊ လှမ်းခုန်ကာစား၊ စကားဝါ၀တ်၊ ညှာအညွတ်ကို၊ ဆွတ်တဲ့ကာပင်၊ မျက်နှာပုံကြည်၊ ပြုံးတဲ့ချည်နှင့်၊ ကိုယ်တည်တထွေ၊ ဂမုန်းပေါင်းနှင့်၊ ဆေးပေါင်းစုံတဲ့၊ ရဂုံဗွေမှာ၊ ကြာစေ့ဆံ သယံဇာ၊ ဂေါဒံနှင့်မြင်းသီလာ၊ အနန္တလောဟာ၊ သုဝဏ္ဏပဌာ၊ ကျောက်ကွမ်းသီး ကျောက်ဘီလူးနှင့်၊ ထူးလှသည့် ကျောက်ကြိုးကြာ၊ အရောင်ချင်းစုပေါင်း၍၊ ဥဒေါင်းမင်းလည်ဆစ်မှာ၊ သယံဇာလေဟုံး၊ ကမ္ပာရံဗွေကုံးမှာ၊ ဝေဆုံးလို့စုံလင်စွာ၊ စဉ်ကာ--ယှဉ်ကာ--ဘင်နာထွက်ရန်၊ သုခံကေလေ၊ ရွှေလုပ်ရာ မှတ်စာနားလို့၊ ဓာတ်သွားနှင့် စပ်ထားလို့ စီရင်ဘန်၊ ၀ိဇ္ဇာပျံ--စိတ်ဖြာကြံ--သံသေ,နာသေ ၀ါရွှေဝင်းထိမ်၊ စိန်ရောင်--မြရောင်--နေရောင်ပြင်းရှိန်၊ ထိန်လို့ပျံတက် လျှံလက်၊ သံလျှက်ရောင်--လျှံပျက်ပြောင်၊ ပင်သူယောင်ဗွေအုပ်၊ ရင်မူခေါင် ရွှေကမုဒ်က၊ လေလှုပ်တိုင်း ဟန်နွဲ့လို့၊ စာဖွဲ့၍ မဖြစ်အောင်၊ မပစ်သာ--မခွါသာ--ချစ်စရာခင်စရာ၊ ထင်စွာ--ရင်နာ--ပင်မှာဖြတ်လှီး၊ ညှာဝင်ကို သက်သွင်းလို့၊ ချစ်တင်းစုံမှီးကြတယ်။ ။ဇနီးဘဲ့ကာမဂုဏ်၊ မညီးတဲ့ အာရုံ၊ ရဂုံမြိုင်ရိပ်မှာ၊ ပြဒါးငုံအပိုင်စိတ်လို့၊ ဣစ္ဆိတံ--ပတ္ထိတံ--သိဒ္ဓိယာကရိစိယံ၊ ၀ိဇံ္ဇတရား၊ သိပံ္ပဖွေရှာ၊ ထွေတရာစုံ၊ ဂဠုန်သိုက်ဟန်၊ နွဲ့မုတ်သံနှင့်၊ ရုပ်ဖန်တဲ့ဆေးအပြင်၊ ဟိုတောင်--သည်တောင်--လျှိုမြှောင်ကွေ့မှာ၊ ဆေးရနံ့တလှိုင်လှိုင်၊ မွှေးပျံ့ပျံ့ တကြိုင်ကြိုင်

(တ) စုံဂနိုင်စန်းကွေ့မှာ၊ ပန်းမွေ့ရာ ဇာတွန့်နှင့်၊ ညှာညွတ်ချင်းပေယှက်၍၊ မြေမျက်နှာရစ်၊ ခွေလက်ျာလှစ်ပါလို့၊ စိန်စစ်တဲ့ထွဋ်ဂူမှာ၊ သံပန်းသေကျောက်ဖြာခင်းလို့၊ အဋ္ဌမုတ်အင်း တြင်းချေ၊ အဆုံးပြန် ယွင်းမသွေ၊ အစမှာ အဋ္ဌချေ၊ ဂမုဓာတ်သက်ပါစေ၊ ခရုပတ်လက်ျာခွေ၊ ဆေးကြိတ်ရန် အင်းချေလျက်၊ ကျင်းပကာ သူနေသည့်၊ ဇော်ဖေမောင်--လျှော်တေဆောင်--ဘော်ငွေရောင်သွားဖြူနှင့်၊ မုတ်ဆိတ်ထူ ကျင်စွယ်ရှုပ်လို့၊ မဟာမြိုင် ဂူလိုဏ်မုတ်မှာ၊ ဆေးစုတ်ခါ မန္တာန်နှိုးလို့၊ ရေးလုပ်ခါ ကြံဖန်ကြိုးလို့၊ တိုးတိုးသံ--ညိုးညိုးညံ--သြောင်းဒူရမန္တာန်၊ ကောင်းမူပ ဟန်ပန်၊ ဟိန်းသံ--ကြိမ်းသံ--ရှိုန်းအလျှံထွေး၊ ဥုံသံ ထုံခံကျွေးလို့၊ မြိင်ယံမှာ လှိုင်သံပေးလို့၊ လေးလေးနှုတ်--ကျေးကျေးကျုပ်ငှက်သံ၊ သာရကာ ဥသြတို့၊ မာဂဓာနှုတ်နှောလို့၊ ပြောကြသည့်သဏ္ဌာန်၊ ဖန်ဖန်--ညံညံ--တန်တန်--ကြွက်ကြွက်၊ မန္တာန်--အသံ--ကြံဘန်ခက်အောင်၊ မ၀က်ခွဲသာ၊ နက်နဲစွာနှင့်၊ နာဂရီ--ဘင်ဂရီ၊ ဆန်းကလာပ်အညီ၊ သီဟိုဠ်သံ--မှီခိုဉာဏ်၊ အဟံမမ၊ ကြိမ်းသံပလျှက်၊ ထယောင်--ထိုင်ယောင်--မှိုင်ယောင်နှင့်တမ်း၊ ဖလ်ဂူ--စံယူ--ဟန်မူဖမ်းလို့၊ သြောင်းသံ--ဥုံသံ--အံ့မခန်းလို့၊ ကြံသူ--ဖန်သူ--ကြာဖြူပန်းလို့၊ ချက်ဆေး--ဂျွတ်ဆေး--နိမ္မာလျှမ်းလျှမ်း၊ ဣန္ဒာ--ဒေ၀ါ--ဗြဟ္မာတန်းလောက်ကဲ့၊ လွမ်းစရာစုံခြေ ကြုံရလေ


Wednesday, September 22, 2010

တွင်းသင်းမင်းကြီးတောလား

တွင်းသင်းမင်းကြီး၏ ရတုသုံးပုဒ်ကို ဖတ်ကြည့်လျှင် န၀ဒေးကြီး၏ ပထမတောလားသုံးပုဒ်နှင့် အသံယူပုံနှင့် စကားလုံးယူပုံတို့ ခပ်ဆင်ဆင်တူနေမည်ကို သတိပြုမိပေလိမ့်မည်။ န၀ဒေးကြီး၏ “ထူးတလည်လျှင်” အချီနေရာတွင် တွင်းသင်းမင်းကြီးက “ထူးတထွေလျှင်”ဟု၎င်း၊ န၀ဒေးကြီး၏ “သာနိုးပျော်ရွှင်” အချီနေရာတွင် တွင်းသင်းမင်းကြီးက “သာနိုးတစ်စုံ”ဟု၎င်း၊ န၀ဒေးကြီး၏ “တဖြည်းပျံ့ပျံ့” အချီနေရာတွင် တွင်းသင်းမင်းကြီးက “တပျံ့ဖြီးဖြီး”ဟု၎င်း အသီးသီးရေးခဲ့သည့်ကို တွေ့ရသည်။ သို့သော်လည်း အချပိုဒ်များကိုမူ အတန်ငယ်ကွဲပြားစေလျှက်ရေးသားခဲ့သည်ကို တွေ့ရသည်။ န၀ဒေးကြီး၏ တောလားအချပိုဒ်များဖြစ်သော “လွမ်းခွင့်နောင်တွင် ဖြင်သကား၊ လူနှိုက်တူပင် ထင်သကား၊ အလွမ်းပြည်ဖြင် မြင်သကား” တို့နေရာတွင် တွင်းသင်းမင်းကြီးက “မောင့်မှာ လွမ်း၍မုံ့သကား၊ မောင့်မှာ နွမ်းသွေ့ပုံ့သကား၊ အောင့်ကာ ချမ်းအေ့တုံ့သကား” ဟူ၍ အသီးသီး ချခဲ့သည်။

သို့ဆိုလျှင် တွင်းသင်းမင်းကြီးဟူသည် န၀ဒေးကြီးပင်လော? ဟု မေးခွန်းထုတ်စရာဖြစ်လာသည်။ အဖြေကား ၎င်းသည် န၀ဒေးကြီးမဟုတ်၊ န၀ဒေးလေးဖြစ်သည် ဟူသတည်း။ ရာဇ၀င်မှတ်တမ်းများအရ မြန်မာမင်းများလက်ထက်တွင် န၀ဒေးငါးဦးပေါ်ထွန်းခဲ့ကြောင်းကို န၀ဒေးကြီး၏တောလားများပို့စ်တွင် ရေးသားခဲ့ပြီးဖြစ်သည်။ ယင်းငါးဦးအနက် ပထမသုံးဦးဖြစ်သော အင်္ကုရခေါ်ဇင်းမယ်န၀ဒေး၊ လှော်ကားသုံးထောင်မှူးခေါ်တောင်ငူန၀ဒေးနှင့် ရွှေတောင်နန္ဒသူ(ရွှေတောင်ရာဇကျော်သူ?)ခေါ် စလင်းန၀ဒေး သုံးဦးကို ကဗျာက၀ိပညာရှိကြီးများအဖြစ် နှောင်းခေတ်ကဗျာစာဆိုပညာအိုတို့က သတ်မှတ်ခေါ်ဆို ချီးကျူးခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။ ပြည်န၀ဒေးကြီးနှင့် ၀က်မစွက်န၀ဒေးတို့နှစ်ဦးသည်သာ သက်ဆိုင်ရာဘုရင်တို့က “န၀ဒေး” ဟူသောဘွဲ့တံဆိပ်အပ်နှင်းကာ ချီးမြှင့်မြှောက်စားခံခဲ့ကြရကြောင်း သိရသည်။

ယင်းတို့နှစ်ဦးအနက် ပြည်န၀ဒေးကို သက္ကရာဇ် (၉၂၈)-ခုတွင် “ရာဇဌာနီ” အစချီ ဟံသာဝတီမြို့တော်ဘွဲ့ရတုကို ရေးသားဆက်သွင်းခဲ့သဖြင့် ဘုရင့်နောင်မင်းတရားက န၀ဒေးဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။ န၀ဒေးသမိုင်းတွင် ပထမဆုံးန၀ဒေးဘွဲ့ရသော ရတုပါရဂူကြီးပေတည်း။ ၀က်မစွက်န၀ဒေးသည် မော်ကွန်းအရေးအသားတော်လွန်းသဖြင့် သက္ကရာဇ် (၁၁၆၁)-ခုလောက်တွင် ဘိုးတော်ဘုရားက န၀ဒေးဘွဲ့အပ်ပြီး ချီမြှင့်မြှောက်စားခြင်းခံရသည်။ ဒုတိယန၀ဒေး သို့မဟုတ် မော်ကွန်းန၀ဒေးဟု ကျော်ကြားကြောင်းသိရသည်။ ငယ်နာမည် မောင်နုဖြစ်ပြီး စစ်ကိုင်းမြို့နယ်၊ ဆားတောင်မငါးရွာအ၀င်ဖြစ်သော ရွာဝေးရွာဇာတိ သူကြီးမျိုးရိုးဖြစ်သည်။

ဘိုးတော်ဘုရားလက်ထက်တွင် တွင်းသင်းမင်းကြီးခေါ်တွင်းသင်းတိုက်ဝန်နှစ်ဦးရှိခဲ့သည်။ နှစ်ဦးလုံးပင် ကဗျာလင်္ကာပျို့ရတုရေးသားရာတွင် ထူးချွန်ပြောင်မြောက်သူများဖြစ်ကြသည်။ ပထမတွင်းသင်းတိုက်ဝန်မှာ မောင်းထောင်ရွာဇာတိ၊ ငယ်နာမည် ဦးထွန်းညိုခေါ်သည်။ မဟာစည်သူဘွဲ့ဖြင့် ချီးမြှင့်မြှောက်စားခြင်းခံရပြီး ကိန္နရီကိန္နရာအလွမ်းဇာတ်ဖြစ်သော “ဘလ္လာတိယပျို့” နှင့် အလှဘုရင်မလေးတစ်ယောက်အပေါ် ရူးသွပ်ခဲ့ရသောရသေ့ကြီးတစ်ဦး၏ ရူးသွပ်ပုံပြ “မုဒုလက္ခဏပျို့”တို့ကို ရေးသားခဲ့သူဟုသိရသည်။ ထို့ပြင် ဦးထွန်းညိုသည် “တောင်ငူဆက်မဟာရာဇ၀င်သစ်” ကိုလည်း ရေးသားခဲ့သေးသည်။ ယင်းမဟာစည်သူဦးထွန်းညိုကွယ်လွန်သောအခါ ဒုတိယန၀ဒေးဖြစ်သော ရွာဝေးရွာဇာတိဦးနုကို ယင်းတာဝန်တွင် ဆက်လက်ခန့်အပ်ထားခဲ့ပြီး မဟာသင်္ခယစည်သူ၊ မဟာသီရိစည်သူဘွဲ့များလည်း ချီးမြှင့်ခဲ့ကြောင်း သမိုင်းကဆိုသည်။

သို့ဖြစ်လျှင် ယခုဖေါ်ပြလတံ့သော တောလားသုံးပုဒ်ကို အဘယ်တွင်းသင်းတိုက်ဝန်ရေးသားခဲ့လေသနည်း? ဦးထွန်းညိုလော? သို့မဟုတ် ဦးနုလော? ဖြစ်နိုင်ချေမှာ နှစ်ဦးစလုံးဖြစ်သည်။ သို့သော် တကယ်ရေးရမည်မှာ တစ်ဦးတည်းသာဖြစ်ရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းတို့နှစ်ဦး၏ အလေ့အထကို ကြည့်ဖို့လိုလိမ့်မည်။ ဦးထွန်းညိုသည် ရှင်မဟာသီလ၀ံသတို့ကဲ့သို့ ပျို့အရေးအသာတွင် ပါရဂူမြောက်သူဖြစ်၍ ဦးနုမှာ မော်ကွန်းနှင့်ရတုအရေးအသားတွင် ပါရဂူတစ်ဆူဖြစ်သည်။ ဦးနုရေးခဲ့သောမော်ကွန်းပေါင်း (၁၆)ခုမျှရှိကြောင်းသိရသည်။ ထို့ပြင် ဦးနုသည် ဒုတိယန၀ဒေးဘွဲ့ရရှိထားသည့်အတွက် ပထမန၀ဒေးကြီး၏ လက်ရာများကို ထပ်တူမဟုတ်သည့်တိုင် သံယောင်လိုက်ကာ အတုယူမည်ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။ ထို့ကြောင့် အောက်ပါတောလားသုံးပုဒ်ကို ဒုတိယန၀ဒေးဦးနုရေးသားခဲ့ကြောင်း စာရေးသူက အကြမ်းဖျဉ်းကောက်ချက်ဆွဲသည်။ ယင်းကောက်ချက်အရ ဤပို့စ်၏အစတွင် န၀ဒေးလေးရေးသားခဲ့သည်ဟု အဖြေပေးခဲ့ရခြင်းဖြစ်သတည်း။

(ပ) ထူးတထွေလျှင်၊ သံချေနှုတ်လစ်၊ ကျားသစ်ကရုတ်၊ သစ်ကျုတ်ကဒိန်း၊ ကျားကဟိန်း၍၊ ပျောင်းမိန်းမူးရိုက်၊ လွမ်းစင်ကြိုက်တွင်၊ ရီမိုက်ချမ်းရောက်၊ နေခြည်ပျောက်သော်၊ ငမျောက်လွှားလွှား၊ ငမျောက်လွှားဟု၊ ဆော်ကြားသံရှည်၊ ကျားဒိန်းမည်က၊ မြိုင်စည်တောလယ်၊ ဒရယ်ခုန်မြောက်၊ ချေကဟောက်၍၊ တောက်သည့်သမင်၊ ပြောင်,ဆတ်ကအော်၊ စိုင်ကဆော်လျက်၊ တကျော်သောင်းသောင်း၊ ဥဒေါင်းကငေါင်၊ ကြောင်က၀ပ်မြည်၊ ဆင်ကျည်ကျည်နှင့်၊ ညှင်းသည်သံတျန့်၊ ထန့်ဒျန့်တေတျာ၊ သံသာဆန်းထူး၊ မကြားဘူးမျှ၊ ၀မ်းနူးဘွယ်သည်၊ ရင့်မြည်အူအူ၊ တောက်ကျော်ပြူက၊ ချစ်သူတို့လား၊ မယ်တို့လားဟု၊ သနားစရာ၊ တောလုံးသာသည်။ ။မောင့်မှာလွမ်းရွေ့ မုံ့သကား

(ဒု) သာနိုးတစ်စုံ၊ တောရဂုံနှိုက်၊ ကြေးမုံကဲ့သို့၊ လဲ့လဲ့ညို့ကို၊ တ,သို့ခိုက်တွင်၊ တိမ်တိုက်ပြင်က၊ သံရှင်နတ်စည်၊ ထူးတလည်လျှင်၊ ကျူးမြည်သံသာ၊ အချာချာတည့်၊ ဟေလာရင်မြည်၊ ငှက်တို့သည်လည်း၊ သံရှည်တသွယ်၊ သံရွယ်တသီး၊ သံကြီးတထွေ၊ ညှင်းညှင်းချေ၍၊ မကွေဖေါ်စုံ၊ ပျော်ကြတိုလျက်၊ ပွင့်ငုံပို့သယ်၊ လူတို့နှယ်လျှင်၊ ကျီစယ်နှစ်လို့၊ ချစ်ရည်ဖို့မျှ၊ တချို့ကပေး၊ တစ်ချို့ရွေး၍၊ နွှေးကာပုံ၏၊ တူစုံရွှင်မှု၊ တခုလည်ဝယ်၊ တခုလွယ်လျက်၊ ရှုဘွယ်လူလို၊ သို့သို့ကိုလျှင်၊ မြိုင်ညိုလမ်းပါး၊ မြင်မိသွားသော်၊ ထပ်ပွားဗျာပါ၊ ရှိအောင်ရှာသည်။ ။မောင့်မှာလွမ်းသွေ့ ပုံ့သကား

(တ) တပျံ့ဖြီးဖြီး၊ ရနံ့ချည်းလျှင်၊ နှင်းလည်းဖြိုးမြောက်၊ တဖြောက်ဖြောက်နှင့်၊ ခက်လျှောက်ကိုင်းမ၊ ခုန်ပျံက၍၊ မျောက်က၀ူဝုတ်၊ ရှဥ့်ကတုတ်၏၊ ဖြူးသုတ်လေပြည်၊ အောက်ချင်းသည်တို့၊ စည်ရှည်ပျဉ်းပျဉ်း၊ ပုစဉ်းကျီးနက်၊ အာလ၀က်က၊ ရွှေကြက်တောတို့၊ ဆွေညို့မယ်စော၊ မသံနှောလျက်၊ သောသောမြည်ညွှတ်၊ တီတီတွတ်နှင့်၊ ပြွတ်ကစိုးစိုး၊ ချိုးကရည်ကျော်၊ ဘုတ်အိန့်ခေါ်၍၊ ရှုမျှော်ပျောင်းနွမ်း၊ မလွမ်းစထောင်း၊ ၀က်ထောင်းစွယ်ရှည်၊ ကျူးမည်ခြားနား၊ စုံမြိုင်ဖျားဝယ်၊ ဟေလားဟာလေး၊ ဟိန်စာလေးဟု၊ ဟာလေးမြည်ကျူး၊ အမမြူးက၊ မထူးတည့်နိုင်၊ လေချမ်းဆိုင်၍၊ မိန်းမှိုင်ဝေဆာ၊ နောင်ချည်းသာသည်။ ။အောင့်ကာချမ်းအေ့ တုံ့သကား


ရွှေတောင်ရာဇကျော်သူတောလား

(ပ) ထွေတလာလျှင်၊ ရန်ရှာကြမ်းကြုတ်၊ ဟိုချုံပုတ်က၊ သစ်ကြုတ်ရုတ်ထိုက်၊ ကျားသစ်ရိုက်၍၊ တိုက်သည်ဒိန်းဒိန်း၊ ကျားကဟိန်းသော်၊ စက်ကျိန်းမသာ၊ လွန်ပူဆာခဲ့၊ နေ၀ါရီမိုက်၊ ညဥ့်ခါဆိုက်လျှင်၊ ပတ်ဝိုက်မြိုင်ခွင်၊ သောသောဖြင်မျှ၊ သမင်ကတောက်၊ ချေကဟောက်၍၊ ဆင်ပေါက်ကအော်၊ မျောက်ကဆော်လျက်၊ စိုင်ကျော်ကအူ၊ ကြံ့ကကြူမျှ၊ ဆတ်မူလည်းခုန်၊ ဒရယ်ယုန်တို့၊ ပြေးသုန်လှည့်ရစ်၊ ကျစ်ကျစ်ကရီ၊ ခြေညီတချောင်း၊ ငေါင်းကကျိုးကျည်၊ ဥဒေါင်းသည်လည်း၊ ပေါင်အောက်မြီးချပ်၊ ကြောင်က၀ပ်၍၊ တီးရှပ်လင်းကွင်း၊ နတ်စောင်းညှင်းသို့၊ ဧချင်းသံလေး၊ တျာတေးတုံလျော၊ ကြားတိုင်းမောစွ၊ မြိုင်တောစုံချောင်၊ ရန်မြေအောင်ဟု၊ ဖိုးခေါင်တောက်ကျော်၊ ကျူးရင့်ကြော်လျက်၊ ကြင်ဖေါ်တို့လေ၊ မယ်တို့လေဟု၊ ခြေခြေခြေးခြေး၊ ချစ်သံပေးသည်။ ။လွမ်းရေးနောင်ဝယ် ထင်သကား

(ဒု) ဟေမ၀ါလျှင်၊ မြိုင်သာတောထဲ၊ စစ်လမ်းခဲဝယ်၊ တပ်ထဲဘော်က၊ ညိုလဲ့ရွကို၊ ရူတလေလိမ့်၊ တမ်းလွမ်းစိမ့်ဟု၊ သိမ့်သိမ့်သာအေး၊ မိုးသံကြွေးခဲ့၊ ဟာလေးဟေလား၊ ပျော်ပါးရင့်ရူ၊ ငှက်တို့မူလည်း၊ အတူအတူ၊ ချိုးပြာကူလျက်၊ ဗျိုင်းဖြူပျံသန်း၊ ကျီးကန်းအိုးအာ၊ သာလိကာနှင့်၊ တမာကုလား၊ ဖေါင်းကားကျေးနီ၊ ကရီကျိုးကျိန်၊ မိန်နှင့်ဘီလူး၊ တောင်စူးဘိညှပ်၊ တဖျပ်ဖျပ်တည့်၊ ငှက်စပ်ငှက်ကျား၊ ကြိုးကြာဖြူဖပ်၊ ပျားဖွပ်လိပ်ပြာ၊ ခေါက်ရှာခင်တိတ်၊ တောင်ဆိတ်သစ်မိုး၊ နနွင်းဆိုးနှင့်၊ တောရိုးမြီးသွယ်၊ ခါငယ်မြီးတုံး၊ ငုံးနှင့်ခင်ပုပ်၊ ကုပ်လုပ်ကွေးလွေး၊ ရွှေပဲထွေးတို့၊ သက်ပေးဝေနှင်း၊ တောင်ချင်းလည်ချင်း၊ မကင်းယှဉ်ဖက်၊ နွှဲကာစက်၍၊ စုံမက်ယုယ၊ အမခွံ့တုံ၊ ဖိုကငုံသို့၊ နှုတ်ဖြင့်တို့၏၊ သို့သို့လူလို၊ ချစ်ဘွယ်ကိုလျှင်၊ ထိုထိုလမ်းပါး၊ မြင်မိငြားသော်၊ သနားစဘွယ်၊ အော်သည့်နှယ်မှ၊ စံပယ်ရဘဲ၊ မယ်နှင့်ကွဲဟု၊ ၀မ်းထဲရေးရေး၊ ပူ၍ဆွေးသည်။ ။သမ်းမြှေးမောင်နှယ် ထင်သကား

(တ) ဖွေကရှာလျှင်၊ ရှုပါလေလေ၊ မျက်ခြည်ဝေမျှ၊ ရွှေငွေမြနှယ်၊ ပင်တိုင်းခြယ်ခဲ့၊ လှယ်ပယ်တောင်မြောက်၊ ကိုင်းခက်လျှောက်လည်း၊ မျောက်လည်းခုန်တက်၊ ရှဥ့်နက်ကတုတ်၊ ၀က်လည်းရုတ်၍၊ လေသုတ်ဖြည်းသိပ်၊ သင်းလိပ်လျှပ်လျှပ်၊ သင်းခွေချပ်လည်း၊ နှုတ်စက်လှစ်ခေါ်၊ နောင့်ကိုခေါ်သည်၊ မယ်ခေါ်သည့်လား၊ ထူးယောင်မှားခဲ့၊ နားကလည်းအူ၊ ပုစဉ်းမူလည်း၊ ရှူရှူည်ရှည်၊ မြည်၍ရင်ပွင့်၊ သေဘေးသင့်၏၊ ဖွတ်နှင့်ပတတ်၊ ၀က်ကတ်တွင်းတူး၊ ဆိတ်ရူးပြင်းထန်၊ မြွေလည်းတွန်လျက်၊ မြွေပါငှက်လည်း၊ မြွေ့ထက်မြည်တွန်၊ စုံတသွန်ဝယ်၊ ပုဇွန်ဖြူလျော၊ ၀ါ,မရောသား၊ ဥဩညိုစင်၊ ကျီးများရှင်ကို၊ နားဝင်စေသော၊ မ,ကြက်တောက၊ သဘောမကွာ၊ ချစ်သံပြာနှင့်၊ ဟေလာဟေလား၊ ဟေဟေးလားတည့်၊ ဝေးလားဆိုကြ၊ ဖိုနှင့်မတို့၊ နေကြရွှင်ပျော်၊ ကျူးရစ်ကျော်က၊ မပျော်နိုင်ဘူး၊ နောင်ကိုထူးလျှင်၊ မိန်းမူးရေးရေး၊ လေချိုသွေးသည်။ ။ချမ်းအေးဆောင်းနွယ် ပင်သကား

ပန်ကြားခြင်း။ ။ရွှေတောင်ရာဇကျော်သူ(ရွှေတောင်နန္ဒသူ?)နှင့် ပတ်သက်သောအကြောင်းအရာ၊ စာအုပ်စာတမ်းများရှိပါက ညွှန်ကြားအသိပေးကြပါရန် လေးစားစွာပန်ကြားတောင်းခံပါသည်။ ကျေးဇူးတင်ပါသည်။


Friday, September 17, 2010

လှော်ကားသုံးထောင်မှူးတောလား

(ပ) ကျူးလှတည့်လေ၊ သည်းခေါင်ဝေမျှ၊ ရေလည်းအလယ်၊ စင်ကြယ်သန့်ရှင်း၊ ပုလဲခင်းသို့၊ ဖြူဝင်းဆွတ်ဆွတ်၊ မြင့်ကျွန်းလွတ်ဝယ်၊ တွတ်တွတ်ကျာကျာ၊ ပြည်သံသာနှင့်၊ ဘာသာဆန်းပြား၊ စကားသံချို၊ လူနှယ်ဆိုလျက်၊ မယ်ညိုရေကြက်၊ ကရကွက်နှင့်၊ ဆက်ရက်ကျေးသူ၊ တောင်တောငူက၊ ဘယ်သူမလာ၊ လွမ်းဆေးရှာ၍၊ ကျူးလာသနည်း၊ အူသည်းပြောင်းညံ့၊ ဆွတ်ပျံ့မတည်၊ မူးမော်လည်မျှ၊ ရွှေရည်ဦးသစ်၊ ဇမ္ဗူရစ်သို့၊ ပျိုမြစ်အရွယ်၊ လှမျိုးကြွယ်နှင့်၊ သွယ်ဝယ်ပျူငှါ၊ ကျွမ်းစသာကို၊ ရှဲခွါခဲ့ရ၊ သံမြည်ဟသော်၊ မွေးဘမင်းချေ၊ မကြာစေနှင့်၊ ဝေေ၀တန့်ကူး၊ မကြူးမိခင်၊ ပြန်လလျှင်မူ၊ လှသွင်ငယ်ပေါင်း၊ သူကောင်းမှတ်ရန်၊ ချစ်သည်မှန်အံ့၊ ဧကန်စင်စစ်၊ မှန်သည်ဖြစ်ကို၊ စိစစ်စီလျဉ်၊ အောက်မေ့စဉ်ဝယ်၊ ရေယဉ်သည်းစွာ၊ နှစ်ဖြာဆုံလျက်၊ အလယ်ချက်ဝယ်၊ စုံဘက်အံ့ဘွယ်၊ နောင်နှယ်လကောင်း၊ ဖေါ်မပေါင်းသည်။ ။ဥဒေါင်းတလှည့် ကျူးသတည်း

(ဒု) မြူးလှတည့်လေ၊ သင်္ကြံရေနှင့်၊ ရေလည်းချီသစ်၊ မြစ်ဧည့်ရတု၊ မြူနုဝေေ၀၊ နေသည်အုံ့ပြ၊ ငါးကြင်းကြွသော်၊ ဖြူဆွရိပ်ရိပ်၊ ကမ်းထိပ်သာမော၊ ဖြစ်လယ်ကျောဝယ်၊ သောသောကျေးငှက်၊ အုပ်ကျက်တည်ထောင်၊ ရွာအယောင်သို့၊ ယဉ်ဘောင်ရင့်ရည်၊ ပိတ်ဆီးဆည်ဝ၊ မြုံးသာချ၍၊ ကျောကပိုက်ကြီး၊ ၀ိုက်ဆီးရင်တောင်၊ ရကွင်းထောင်နှင့်၊ တန်လောင်လက်နား၊ ဆူးလည်းသား၍၊ ဆောင်းကားတန်တီ၊ တပသီနှင့်၊ ငင်ချီရကွင်း၊ ယင်းလည်းဆီးတား၊ စန္ဒားရက်တက်၊ စလက်ဖွဲ့စား၊ ကမ်းပါးစုဝင်၊ ကြိုးရင်စတောင်၊ ဆုတ်ရှောင်ရင်တွန်း၊ လက်မတန်းနှင့်၊ မီးထွန်းတင်ထိုး၊ လုပ်ရိုးတခြား၊ လက်နားဆောင်လိုက်၊ တုံးတိုက်ကြမ်းငင်၊ အမြင်ကွန်ပစ်၊ ကြွေးဟစ်ကြော်ငြာ၊ ရေမှာအလို၊ နှုတ်စောင့်ဆို၍၊ တက်ကိုချီမြှောက်၊ ခွင့်ရေးကောက်မှ၊ ရေပေါက်ကြဲဖျော်၊ စုန်ဆန်လှော်၍၊ မြော်မြော်တင့်တင့်၊ လှေနှင့်ရင့်သည်၊ မြစ်တွင်စိုးမှူး၊ ခုန်တိုင်းဦးသို့၊ သံကျူးအဲအဏ်၊ တက်ပွန်စောင်းညှင်း၊ ညခင်းနံနက်၊ တက်သက်လူးလာ၊ စီးပွားရှာ၍၊ နေချာစံလှုံ၊ ပြင်ရိပ်ခုံထက်၊ သဲပုံစေတီ၊ အညီစုဝေး၊ လှူကြီးပေးသို့၊ သုံးလေးငါးရာ၊ အုတ်အာသရဲ၊ တပွဲတပြင်၊ သည်သဘင်ကို၊ ကျွမ်းဝင်ငယ်ပေါင်း၊ သူကောင်းမင်းချေ၊ ပီလစေလော့၊ မင်းနေဌာန၊ ပြည်မရပ်သူ၊ လှမှန်ကူက၊ မှန်သမျှကို၊ ၀မ်းကတွေးငေါ်၊ အောက်မေ့သော်လည်း၊ ရွှေလှော်ရည်ကောင်း၊ မီးတွင်ပျောင်းသို့၊ ဖယောင်းနေထိ၊ မျည်းမျည်းအိမျှ၊ မျက်စိ၌တွင်၊ ရေးရေးထင်လျက်၊ မရွှင်ဗျာပါ၊ နေလှည့်ရာကို၊ အာကာတိမ်လုံး၊ မြရောင်ဖုံးလျက်၊ ချုံးလေသည်ကား၊ မြေသားခေါ်ရုပ်၊ ခံလျှင်အုပ်သို့၊ ပတ်ချုပ်ဝန်းကျင်၊ မုန်တိုင်းဆင်သည်။ ။မင်းလွင်အလှည့် မြူးသတည်း

(တ) ထူးလှတည့်လေ၊ စုံတောခြေ၌၊ ရှာဖွေပတ်ညက်၊ တက်သက်ပျံနား၊ ၀တ်ပန်းစား၍၊ သနားစဖွယ်၊ လူသူနှယ်လျှင်၊ စင်ကြယ်သင်းချော၊ ဖြူမရောသည်၊ မည်းကြောရောင်နက်၊ ဖိတ်ဖိတ်လက်မျှ၊ ရိပ်စက်သာမော၊ ရဂုံတောဝယ်၊ ဥဩဖေါ်ကွာ၊ မ,ကိုရှာသော်၊ သည်မှာရှိဧည့်၊ မထူးလှည့်လည်း၊ သူဧည့်ဘာသာ၊ အသံနာ၍၊ လူးလာတုံ့ဖယ်၊ သွယ်လှယ်ခေါက်တင်၊ ခုထင်ခုရောက်၊ ဖူးညှောက်ညွန့်ခက်၊ ၀တ်ယက်သောက်ယူ၊ အူအူသောင်းသောင်း၊ ငှက်ပေါင်းမြူးကြ၊ နတ်လှသဘင်၊ မပြောင်းခင်ကို၊ ကျွမ်းဝင်ငယ်ပေါင်း၊ သူကောင်းမင်းချေ၊ ပီလစေလော့၊ မပြေတန်ယောင်၊ ညဥ့်သန်းခေါင်ဝယ်၊ သွေးဆောင်လေညှင်း၊ ရွှေရင်သွင်း၍၊ လွမ်းတင်တ,ဆို၊ ချော့ရောင်ပျိုနှင့်၊ တကိုယ်တည်းလျှင်၊ တူပင်မကွာ၊ စက်သောခါ၌၊ ခက်ဖြာညွန့်ညောင်း၊ နှာမောင်းကူဆိုက်၊ မည်းမိုက်သာမော၊ ရဂုံတောဝယ်၊ ဥဩဖေါ်ကွာ၊ မ,ကိုရှာသည်။ ။သည်မှာရှိဧည့် ထူးသတည်း

ပန်ကြားခြင်း။ ။လှော်ကားသုံးထောင်မှူးခေါ်တောင်ငူန၀ဒေးနှင့်ပတ်သက်သော အကြောင်းအရာ၊ စာအုပ်စာတမ်းများရှိပါက ညွှန်ကြားအသိပေးကြစေလိုကြောင်း အနူးညွတ်ပန်းကြားအပ်ပါသည်။ ကျေးဇူးအထူးထင်ရှိပါသည်။


Thursday, September 16, 2010

န၀ဒေးကြီးတောလား (၂)

န၀ဒေးကြီးသည် သူ၏တောလားခြောက်ပုဒ်အနက် ပထမ (၃)ပုဒ်ကို အချီကွဲ+အချတူပုံစံဖြင့် တောလားပုံမြောက်ရေးသား၍ ဒုတိယ (၃)ကိုမူ အချီတူအချတူ ရတုပုံမြောက်ရေးသားထားသည်ကို တွေ့ရသည်။ ယင်းသို့ရေးသားရာဝယ် ကျေးငှက်သာရကာနှင့် တောကောင်များကို အုပ်စု (၃)ခုခွဲလျက် တစ်အုပ်စုကို ရတုတစ်ပုဒ်စီဖြင့် ချယ်သထားသည်။

ပထမအုပ်စုတွင် တောတောင်ကုန်းမြင့်မြေပြင်အသီးသီးရှိ သစ်ပင်ကြီးငယ်များ၌ နားခိုကျက်စားက သဘာဝအလျောက်မြူးပျော်နေကြသော ကျေးငှက်သာရကာတို့၏ ချစ်ကြည်နူးဟန်၊ ခွန်းဆက်သံအထွေထွေကို ရေးစပ်သီကုံးထားသည်။ ယင်းသို့ရေးစပ်ရာတွင် ကျေးငှက်တို့၏ ပျော်မြူးနေဟန်ကိုမြင်ရကာ အနေဝေးသည့်အတွက် မိမိချစ်သူသက်ထားကို လွမ်းဆွတ်တသမိကြောင်း “ရွယ်ရှိထပ်တူ၊ ကြင်သူဝေးခြား၊ ရှိသည်များကြောင့်၊ ၀မ်းပါးဘွယ်သာ” စသည်ဖြင့် သီကုံးထားသည်ကို တွေ့ရသည်။

ဒုတိယအုပ်စုတွင်မူ တောတောင်အတွင်း မြေ၀ယ်ကျက်စား ပြေးလွှားနေကြသော သားကောင်ကြီးငယ်တို့၏ ပြေးလွှားဆော့ကစားနေဟန်ကို၎င်း၊ အုပ်စုအလိုက် သွားလာလှုပ်ရှားနေကြဟန်ကို၎င်း ရေးသားကာ သားကောင်များ၏ ပျော်မြူးနေဟန်ကို မြင်ရကာ ချစ်သူသို့ လွမ်းဆွတ်လှကြောင်းကို “သက်ဝေကြင်မှတ်၊ လှသည့်နတ်ကြောင့်၊ ဆွတ်လွတ်လောင်ဆာ၊ တမ်းလှည့်ရာတွင်” စသဖြင့် ရေးစပ်ထုံးဖွဲ့ထားသည်။

တတိယအုပ်စုတွင်ကား ပထမအုပ်စုနည်းတူ ကျေးငှက်သာရကာတို့သဘာဝကို ဖေါ်ကျူးထားသော်လည်း တောတောင်များတွင်ကျက်စားတတ်သည့် ကျေးငှက်များမဟုတ်မူဘဲ မြစ်ပြင်ချောင်းကမ်း၊ နဖူးနန်းနှင့်၊ သဲခေါင်သောင်ပြင်၊ ဝေဟင်ဝဲပျံ၊ ငှက်မောင်နှံတို့၏ သဘာဝပျော်မြူးနေဟန်ကို မြင်ရစဉ် အနားမှာမရှိသော မိမိ၏ အိမ်သူသက်ထား၊ အလှနတ်ဖုရားကို လွမ်းဆွတ်လှကြောင်း “သီရိဆင်းဝါ၊ မယ် မပါ၍၊ လွမ်းတာခဲအင်၊ ရှိစဉ်တွင်ဝယ်” စသည်ဖြင့် ထုံးဖွဲ့သီချယ်ထားသည်ကို တွေ့မြင်နိုင်သည်။

သုံးပုဒ်လုံးကို အချီတူ+အချတူ ရတုပုံမြောက် စပ်ဆိုသီကုံးထားသော်လည်း တောတောင်များအတွင်း ကျက်စားလေ့ရှိသော တိရစ္ဆာန်တို့၏ သဘာဝကို ရေးစပ်ကျူးရစ်ထားသောကြောင့် တောလားဟုပင် ခေါ်ဆိုရတော့သည်။ ဤတောလားသုံးပုဒ်ရေးဟန်နှင့် အချီ+အချတူ ကာရန်ယူကာ ထပ်တူရေးဟန်တစ်မျိုးကိုလည်း နောက်ဖေါ်ပြလတံ့သော လှော်ကားသုံးထောင်မှူးတောလားများ၌ တွေ့ရလိမ့်ဦးမည်။ ဆက်လက်ရှုစားကြပါကုန်။

(ပ) ကျူးရင့်၏လေ၊ မြိုင်ရဝေက၊ စိမ်း,ရွှေ,ပြာလန်း၊ အဆန်းဆန်းနှင့်၊ ပင်နန်းခွထက်၊ လည်ချင်းယှက်၍၊ ၀ံလက်ကျေးသား၊ ဖေါင်းကား,ပိန်ညင်း၊ အောက်ချင်း,ခေါက်ရှာ၊ သာလိကာနှင့်၊ လင်းပြာလည်ပြောက်၊ သစ်တောက်,သိမ်းကျား၊ ကုလား,ဆက်ရက်၊ တောကြက်တွန်ကြော်၊ ငှက်တော်စွန်ပြောက်၊ ဗျိုင်းအောက်,ဗျိုင်းဖြူ၊ ငုံး,ငူ,ခါ,ဘုတ်၊ ၀ံထုတ်ဝံလို၊ သံချိုဥသြ၊ ချစ်ဘော်နှော၍၊ တောလည်းသာခေါင်၊ တောင်လည်းညိုရစ်၊ မြင်းလည်းသာတိ၊ တအိအိနှင့်၊ ရွယ်ရှိထပ်တူ၊ ကြင်သူဝေးခြား၊ ရှိသည်များကြောင့်၊ ၀မ်းပါးဘွယ်သာ၊ ဆုံလှည့်ရာတွင်၊ ဆည်းဆာချုပ်ည၊ မှိုင်းရီစ၌၊ ဖိုမယှဉ်ကာ၊ သိုက်နန်းသာထက်၊ သံဝါရစ်ညောင်း၊ လွန်ကြင်တောင်းသည်။ ။ဥဒေါင်းရစ်မြည် ကျူးဘိသည်

(ဒု) မြူးလွင့်၏လေ၊ မင်းလွင်ချွေ၍၊ လေလည်းပြန်ခေါက်၊ တောင်မြောက်လှည့်သန်း၊ တ၀န်းဝန်းနှင့်၊ ပန်းလည်းခါသိ၊ ပြိုင်ကြညှိသို့၊ သက်ရှိထပ်တူ၊ ကြင်သူငြိမ့်လေး၊ စုံလည်းဝေးခဲ့၊ ကျူးအေးသာယာ၊ ချစ်ပျူဟာနှင့်၊ ခြင်းရာစီစီ၊ သံပြိုင်ညီ၍၊ ယုန်,ချီ,စိုင်,ဆတ်၊ လိပ်,ဖွတ်,ရှစ်,ပွေး၊ မြေခွေး,သမင်၊ သစ်,ဆင်,ကြံ့,ပြောင်၊ တောကြောင်,၀က်ဝံ၊ သစ်ခွံကိုချိုး၊ ၀န်တီးတိုးတို့၊ ရှုပျိုးစဘွယ်၊ အသွယ်သွယ်သည်၊ ကြီးငယ်ပတ်ကုံး၊ သားအားလုံးလည်း၊ စုရုံးမ-နှင့်၊ ပျော်ကြတင့်သား၊ လွမ်းခွင့်တိချည်း၊ အုံလှာသည်းခဲ့၊ ဘော်နည်းညွတ်ခွေ၊ ရှိရစ်လေသည်၊ သက်ဝေကြင်မှတ်၊ လှသည့်နတ်ကြောင့်၊ ဆွတ်လွတ်လောင်ဆာ၊ တမ်းလှည့်ရာတွင်၊ တိမ်ပြာယှက်သွယ်၊ ညချမ်းဝယ်၌၊ ဒရယ်သံညောင်း၊ မ-ကိုပြောင်းသည်။ ။လွမ်းကြောင်းဘွေနှည် မြူးဘိသည်

(တ) ထူးဆင့်၏လေ၊ အထွေထွေနှင့်၊ တောခြေမြိုင်သာ၊ ဝေဆာရှုဘွယ်၊ ရေကြောင်းဝယ်လည်း၊ ယှက်သွယ်တကြောင်း၊ ၀ှန်ချောင်းမသည်း၊ ကမ်းလည်းဆင်ခြေ၊ လျောပြေစိမ်းလန်း၊ ကျွန်းလည်းဆိုင်းဆိုင်း၊ ကိုင်းနှင့်သဲဖြူ၊ ကျောက်ငူဝဲရိပ်၊ သောင်ထိပ်ပျံ့ပျူး၊ ကမ်းဦးစ၀ယ်၊ တွန်ကျယ်သံလေး၊ တအေးအေးနှင့်၊ ပဲထွေး,ဟင်းသာ၊ ကြိုးကြာ,စင်ယော်၊ ချစ်ဘော်မငြီး၊ တင်ကျီး,ရေကြက်၊ စက္က၀က်နှင့်၊ ရေငှက်,၀မ်းဘဲ၊ ယှဉ်တွဲခွေညွတ်၊ ကရကတ်လည်း၊ ချစ်မြတ်ကျူးကဲ၊ လည်ဆွဲယှက်တင်၊ စုံစုံရွှင်၍၊ သံထင်တလှစ်၊ ငါးဟစ်,၀ံဘို၊ ငှက်ညို,ငှက်ကျား၊ အပါးပါးကို၊ မျက်ဝါးရှုမိ၊ မြင်သည်ရှိက၊ သီရိဆင်းဝါ၊ မယ်မပါ၍၊ လွမ်းတာခဲအင်၊ ရှိစဉ်တွင်ဝယ်၊ လွန်းကြင်ဖိုမ၊ မှိုင်းရီစ၌၊ သံမြသာပျောင်း၊ ရင့်ရူညောင်းသည်။ ။စုပေါင်းလှည့်လည် ထူးဘိသည်


Thursday, September 9, 2010

န၀ဒေးကြီးတောလား (၁)

မြန်မာစာပေလောကတွင် န၀ဒေးဘွဲ့ခံစာဆိုတော် (၅) ဦးရှိခဲ့ဖူးကြောင်း မှတ်တမ်းများအရသိရသည်။ ယင်းတို့မှာ----

(၁) အင်္ကုရမည်သော ဇင်းမယ်န၀ဒေး၊
(၂) လှော်ကားသုံးထောင်မှူးခေါ် တောင်ငူန၀ဒေး၊
(၃) ရွှေတောင် နန္ဒသူခေါ် စလင်းန၀ဒေး၊
(၄) ပြည် န၀ဒေးကြီ၊
(၅) ၀က်မစွတ်မြို့စား ဒုတိယန၀ဒေး တို့ပင်ဖြစ်သည်။

န၀ဒေးဟူသည်မှာ ဘုရင်ကနှင်းအပ်သော ဘွဲ့တံဆိတ်တစ်မျိုး၏ အမည်နာမဖြစ်သည်။ “စာပေဗဟုဿုတ အတတ်ပညာအမျိုးမျိုး၌ သူမတူအောင်တတ်သိနားလည်သောပုဂ္ဂိုလ်” ဟု အဓိပ္ပါယ်ရကြောင်းမှတ်သားရသည်။ “ထူးတလည်လျှင်”အစချီ အောက်ပါတောလား (ရတု) ခြောက်ပုဒ်တို့ကို စပ်ဆိုရေးသားခဲ့သောန၀ဒေးမှာ “စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာန၀ဒေး”ဟု ကျော်ကြားသော ပြည်န၀ဒေးဖြစ်ကြောင်းသိရသည်။ မြန်မာသက္ကရာဇ် (၈၉၄) တွင်နန်းတက်သော ဘုရင်နရပတိလက်ထက်တွင် ဘုရင့်ယောက်ဖတော်မင်းဘစော၏ အိမ်တော်ထိမ်းအဖြစ်အမှုထမ်းခဲ့သူဖြစ်သည်။

အင်းဝခေတ်တွင်ပေါ်ထွန်းခဲ့သော စာဆိုတော်ဖြစ်သောကြောင့် အရှင်မဟာရဋ္ဌသာရတို့နှင့် တစ်ခေတ်တည်းဖြစ်ကြောင်း မှတ်သားနိုင်သည်။ မင်းခစားယောက်ျားဖြစ်သည့်အလျောက် သခင်သွားရာနောက်ကလိုက်ပါနေရသူဖြစ်လေရာ စစ်ကိုင်းသို့ရောက်သောအခါ “ထောင်သင်းမှူး” ရာထူးဖြင့်၎င်း၊ စလင်းသို့ရောက်သောအခါ “မင်းလက်ျား” ဟူသောဘွဲ့တံဆိပ်ဖြင့်၎င်း၊ ပြည်မှာနေစဉ် “န၀ဒေး”ဟူသော စာပေပါရဂူဘွဲ့ဖြင့်၎င်း ချီးမြှင့်မြှောက်စားခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာန၀ဒေး ဟုထင်ပေါ်ကြော်ကြားလာခဲ့သည်။ ရတုစပ်ဆိုရာတွင် ပြိုင်ဘက်ကင်းလောက်အောင် တော်တတ်ကြောင်း စာပေမှတ်တမ်းများအရ သိရသည်။ ပြည်န၀ဒေးကြီးသည် တစ်ဘက်မှ တိုင်းပြည်တာဝန်ထမ်းရင်း နှောင်းခေတ်မြန်မာစာပေလောကအတွက် အကျိုးပြုကဗျာ၊ တောလား၊ ရတုပေါင်းမြောက်များစွာကို ရေးသားသီကုံးလျက် အသက် (၉၀) အရွယ်တွင် အနိစ္စရောက်ခဲ့သည်။ (စွယ်စုံကျမ်း)

န၀ဒေးကြီး၏တောလားများသည်လည်း အရှင်ဥတ္တမကျော်၊ အရှင်မဟာရဋ္ဌသာရနှင့် အရှင်ဇယန္တာဘိဓဇတို့၏ တောလားများနည်းတူ တောတောင်များ၊ ကျေးငှက်သာရကာများနှင့် တောတွင်းတိရစ္ဆာန်တို့၏ သဘောသဘာဝတို့ကို ရတုဟန်ကွန့်လျှက် စပ်ဆိုရေးသားခဲ့သော တောလားများပင်ဖြစ်သည်။ ရတုခြောက်ပုဒ်အနက် ရှေ့(၃) ပုဒ်ကို အချီကွဲ အချတူ ပုံစံဖြင့်၎င်း၊ နောက် (၃) ပုဒ်ကို အချီတူ အချတူ ဟန်ဖြင့်၎င်း ရေးသားခဲ့သောကြောင့် တောလားသုံးပုဒ်နှင့် ရတုသုံးပုဒ်ဟုပင် ဆိုနိုင်သည်။

ကဗျာရှင်တို့၏ လက်ရာများကို လေ့လာကြည့်သောအခါ တစ်ဦး၏ကဗျာကို နောက်တစ်ဦးက အသံအားဖြင့်ဖြစ်စေ၊ စကားလုံးအားဖြင့်ဖြစ်စေ၊ အတွေးအခေါ်အားဖြင့်ဖြစ်စေ အတုယူမှီငြမ်းခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်သည်။ မည်သူက မည်သူ့ကို မှီငြမ်းသည်ဟု တစ်ထစ်ချမဆိုနိုင်သော်လည်း ယင်းတို့၏ တူညီသောပုံသဏ္ဌာန်များကြောင့် တစ်ဦး၏လက်ရာကို တစ်ဦးက အတုခိုးနည်းယူခဲ့သည်ကိုကား မငြင်းနိုင်သောအချက်ပင်ဖြစ်သည်။ ဥပမာ၊ မျောက်၊ ဒေါင်း၊ ကျား ဟူသော တိရစ္ဆာန်သုံးကောင်တို့၏ အမူအရာကို ဖေါ်ပြရာ၌---
အရှင်မဟာရဋ္ဌသာရက “မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်....ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်”ဟု၎င်း၊
အရှင်ဇယန္တာဘိဓဇက “မျောက်ကကြိုးခွေ၊ ချေကရင့်ရူ....ဒေါင်းလည်းအိုးဝေ၊ စုံမြိုင်ခြေမှာ....သံညင်းဒိန်းဒိန်း၊ ကျားဟိန်းသာရွှင်”ဟု၎င်း၊
န၀ဒေးကြီးက “ငမျောက်တွက်တွက်၊ ငမျောက်ထွက်ဟု....သံမြွက်ထွေငေါ်၊ ကျားဟိန်းဆော်က....သမင်းကတောက်၊ ဒေါင်းကငေါက်၍” ဟု၎င်း အသီးသီး ရေးသားခဲ့ကြောင်းတွေ့ရသည်။

ထို့ပြင် ကဗျာစာဆိုတို့၏ ပုံစံတူစပ်ဆိုမှုတစ်မျိုးကိုလည်း တွေ့ရှိနိုင်သည်။ ဥပမာ...ငှက်ဖိုငှက်မတို့၏ နှုတ်ခွန်းဆက်သံ အော်မည်သံကို လူတို့နှင့်နှိုင်းယှဉ်၍ဖေါ်ပြရာ၌---
အရှင်မဟာရဋ္ဌသာရက “မောင်ထွေးတို့လော၊ မယ်တို့လောဟု” ဟူ၍၎င်း၊
အရှင်ဇယန္တာဘိဓဇက “အေးငယ်တို့လား၊ မယ်တို့လားဟု” ဟူ၍၎င်း၊
န၀ဒေးကြီးက “ချစ်သည်တို့လော၊ မယ်တို့လောဟု” ဟူ၍၎င်း ရေးသားစပ်ဆိုခဲ့ကြကြောင်း တွေ့ရသည်။ ထို့ကြောင့် ယင်းပုံစံတူ ရေးသား စပ်ဆိုဟန်များက “တစ်ဦးကိုတစ်ဦးမှီငြမ်းပြုခဲ့သလော၊ သို့တည်းမဟုတ် အင်းဝခေတ်၏ အရပ်သုံးတွင်ကျယ်နေသော စပ်ဆိုဟန်တစ်မျိုးပေလော” ဟု နှောင်းလူတို့ကို အတွေးပေါက်စေနေပေတော့သည်။ သို့သော်လည်း ယင်းတောလားရတုတို့ကို ရေးစပ်ရာ၌ အရှင်နှစ်ပါးတို့က ဘုရားဖူးသွားရင်း တွေ့မြင်ကြားသိခဲ့သည်များကို သီကုံးခြင်းဖြစ်ပြီး န၀ဒေးကြီးက စစ်ချီစစ်ထွက်သွားရင်း တွေ့မြင်ကြားသိခဲ့ရသည်ကို ခံစားရေးဖွဲ့ထားခြင်းဖြစ်ကြောင်း ၎င်းတို့၏ကဗျာများတွင်ပင် တွေ့မြင်နိုင်သည်။ န၀ဒေးကြီးက စစ်ချီသွားရင်းတောလားရေးကြောင်းကို သူ၏တောလားဒုတိယအပိုဒ်အဆုံးတွင် “စစ်ခွင်လမ်းကြိုက်၊ မြင်လိုက်မိသည်” ဟု ဖွဲ့နွဲ့ခဲ့လေသည်။ ဆက်လက်ဖတ်ရှုကြပါကုန်။


(ပ) ထူးတလည်လျှင်၊ သံကျည်ဆော်နှုတ်၊ ပီစွာမှုတ်သို့၊ သစ်ကြုတ်က တိုက်၊ ကျားက ရိုက်၍၊ ပျော်ပိုက်မတည်၊ လွမ်းစိတ်သည်တွင်၊ နေခြည်ကပျောက်၊ ဆည်းဆာရောက်က၊ ငမျောက်တွက်တွက်၊ ငမျောက်ထွက်ဟု၊ သံမြွက်ထွေငေါ်၊ ကျားဟိန်းဆော်က၊ ထိုရော်မြိုင်ခွင်၊ သမင်က တောက်၊ ဒေါင်းက ငေါက်၍၊ ဟောက်သည့်ချေငယ်၊ ဒရယ်က ပြူ၊ မျောက်က အူလျက်၊ စိုင်မူဆော်သည်း၊ ဆတ်က ဟည်း၍၊ ဆင်လည်းကျည်ကျည်၊ နတ်ငြင်းသည်သို့၊ သံရှည်မတံ့၊ ထံ့တျံ့တျေးတျား၊ မကြားစဖူး၊ စိတ်ဝမ်းနူးမျှ၊ တထူးတလည်၊ တောက်ကျော်မည်လျက်၊ ချစ်သည်တို့လော၊ မယ်တို့လောဟု၊ သောသောကျူးရင့်၊ တောလုံးတင့်သည်။ ။လွမ်းခွင့်နောင်တွင်...ဖြင်သကား



(ဒု) သာနိုးပျော်ရွှင်၊ စုံတောခွင်၌၊ စီးဆင်ချွန်းမ၊ ပြောင်မုန်ဝထက်၊ ရူတ လွမ်းရိုက်၊ အောက်မေ့ကြိုက်ဝယ်၊ တိမ်တိုက် ကသည်၊ နတ်တို့စည်လည်း၊ ကြူးမည်သံလေး၊ တခြေးခြေးတည့်၊ ဟိန်လေးရင့်ခေါ်၊ ငှက်တို့သော်လည်း၊ သံငေါ်တသီး၊ သံကြီးတထွေ၊ သံခြေညှင်းညှင်း၊ သံပျင်းသံကျော်၊ တူစုံပျော်လျက်၊ မူးမော်စုံမက်၊ လည်ချင်းယှက်၍၊ ယူယက်သည်ပို့၊ လူကဲ့သို့လျှင်၊ တချို့ခွံ့တုံ၊ တချို့တုံလည်း၊ ငုံကာထား၏၊ သနားဘွယ်မှု၊ တခုလည်တွင်၊ တခုတင်လျက်၊ စစ်ခွင်လမ်းကြိုက်၊ မြင်မိလိုက်သည်။ ။လူနှိုက်တူပင်...ထင်သကား


(တ) တဖြည်းပျံ့ပျံ့၊ တောလုံးနှံ့မျှ၊ ရနံ့ကြိုင်ပေါက်၊ ကိုင်းခက်လျှောက်လျက်၊ မျောက်က၀ူးဝုတ်၊ ရှဥ့်ကတုတ်၍၊ လေသုတ်ဖြည်းညှင်း၊ အောက်ချင်းရှင်းရှင်း၊ ပုစဉ်းကျာကျာ၊ ကျီးနက်အာက၊ သံသာသြဥ၊ ဆွေမယ်စောတို့၊ ကြက်တောသံလေး၊ မ-သံပေးလျက်၊ ခြေးခြေးမည်နှုတ်၊ တီတီတုတ်နှင့်၊ ဘုတ်က အိန့်ဟူ၊ ဂျိုးက ကူ၍၊ တ-ရူညွတ်ပြောင်း၊ မလွမ်းတောင်းတည့်၊ ၀က်ထောင်းစွယ်ထွက်၊ မြည်သံဝှက်နှင့်၊ ကျူးလျက်သံသာ၊ မြိုင်ခန်းဝါ၀ယ်၊ ဟိန်ဇာဟာလေး၊ ဟိန်ဇာလေးဟု၊ ဟိန်လေးလွှင့်သည်၊ အမမြည်က၊ မတည်ဗျာပါ၊ နောင့်တူသာလျှင်၊ သီတာချောင်းကမ်း၊ လေချိုဆမ်းသည်။ ။အလွမ်းပြည်ဖြင်...မြင်သကား

မှတ်ချက်။ ။ဓာတ်ပုံများကို အွန်လိုင်းမှ ကူးယူဖေါ်ပြအပ်ပါကြောင်း။