Sunday, June 14, 2009

အဘိုးပြောတဲ့ အသက်ရှည်ကြောင်းများ


ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က England နိုင်ငံအမျိုးသားအသင်းနဲ့ Andorra နိုင်ငံအမျိုးသားအသင်းတို့ တောင်အာဖရိကမှာ ကျင်းပမည့် ၂၀၁၀-ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လန်ဒန်ရှိ ၀င်ဘာလေကွင်းကြီးထဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အများသိပြီးဖြစ်တဲ့အတိုင်း Andorra နိုင်ငံအသင်းက ဂိုးတွေအများကြီးလှူလိုက်ရတယ်။ အစကတည်းက မျှော်လင့်ထားခဲ့တဲ့အတိုင်း ၆-၀ နဲ့ အင်္ဂလန်သားတွေ အနိုင်ရလိုက်ပါတယ်။ ဗမာအသင်းနဲ့ ကန်ရင်တောင် ရှုံးမလား မသိဘူးနော်။

ကျနော်တို့ရွှေမြန်မာနိုင်ငံတော်ကြီးဟာ တရုတ်နဲ့ အင်ဒိယဆိုတဲ့ နိုင်ငံကြီးနှစ်ခုအကြားမှာရှိသလို အန်ဒိုရာနိုင်ငံလေးဟာလဲ ပြင်သစ်နဲ့ စပိန်ဆိုတဲ့ နိုင်ငံကြီးနှစ်ခုအကြားမှာတည်ရှိပါတယ်။ ခရီးသွားလုပ်ငန်းကို အဓိကထားပြီး တိုင်းပြည်ရဲ့စီးပွါးကို ရပ်တည်စေရတယ်လို့ သိရပါတယ်။ တစ်ခုထူးခြားတာက အန်ဒိုရာနိုင်ငံသားတွေဟာ တောင်စဉ်တောင်တန်းကြီးတွေရဲ့ အကြားမှာတည်ရှိပြီး လေကောင်းလေသန့်ရလို့ ထင်ပါရဲ့၊ အတော်အသက်ရှည်တဲ့လူမျိုးတွေလို့ ဆိုပါတယ်။ ပျန်းမျှအားဖြင့် လူအတော်များများဟာ (၈၅)နှစ်လောက်အထိ အသက်ရှည်ကြပါသတဲ့။ ယနေ့ခေတ်မှာတော့ အသက်ရှည်တဲ့လူမျိုးစုတွေထဲမှာ သူတို့ကို ထိပ်ဆုံးက စံချိန်တင်ထားရပါတယ်။

ဒါပေမဲ့ ကျနော် စဉ်းစားကြည့်တယ်။ သူတို့ဘယ်လောက်အသက်ရှည်တယ်ပြောပြော၊ ကျနော့် အမျိုးတွေလောက်တော့ မရှည်ကြဘူး လို့။ ကျနော့်အမျိုးတွေက အတော်အသက်ရှည်ကြတာ ကလား။ အထူးသဖြင့် ကျနော့် အဖေဘက်က အမျိုးတွေက ပိုမိုအသက်ရှည်ကြတယ်ဗျာ့။ ကျနော့်ဘေးဆိုရင် (၉၅)နှစ်ရောက်မှ လူကြီးရောဂါနဲ့ ဆုံးသွားတယ်။ သက်တမ်းကုန်လို့ ဆုံးသွားတယ်လို့လဲ ပြောနိုင်တယ်။ အခု ကျနော့်ဘေးက မွေးတဲ့ သားသုံးယောက်ရှိတယ်။ အဲဒီသုံးယောက်လုံးဟာလဲ အသက်အတော်ရှည်တယ်။ ကျနော့်အဘိုးတွေပေါ့။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကမှ အဲဒီသုံးယောက်ထဲက အငယ်ဆုံးဖြစ်တဲ့ ကျနော့်ဘိုးလေး ဆုံးသွားတယ်။ သူဆုံးတော့ အသက်က (၉၁)နှစ်ရှိနေပြီ။ သူ့အကိုနှစ်ယောက်က အခုထိ ကျမ်းကျမ်းမာမာရှိကြတုန်း။ ရွာမှာပေါ့။ ကျနော်တို့ မောင်းမကန်ရွာမှာပဲ နေကြတာ။

နောက်နှစ်ယောက်ကတော့ အလတ်ဖြစ်တဲ့ကျနော့်အဘိုးအရင်း အခုအသက် (၉၆)နှစ်၊ အကြီးဆုံးဖြစ်တဲ့ ကျနော့်အဘိုးကြီး အခုအသက် (၉၈)နှစ်။ ကျနော် မောင်းမကန်ပြန်ရင် သူတို့ကို ကျနော်သွားကန်တော့နေကျ။ လူကြီးတွေနဲ့ လိုက်ဖက်မည့် လုံချည်တို့ ဘာတို့ ၀ယ်သွားပြီး သွားသွားကန်တော့တယ်။ မုန့်ဖိုးတွေ ဘာတွေလဲ ပါရင် ပါသလို ကန်တော့လိုက်တယ်။ အဲလို ကန်တော့တိုင်း ပေးတဲ့ဆုက “ငါ့မြေးလေး ကျမ်းကျမ်းမာမာနဲ့ အသက်ရှည်ပါစေကွယ်” တဲ့။ နှစ်ယောက်စလုံး အဲဒီအတိုင်းပဲ ဆုပေးကြတယ်။ ကျနော် စဉ်းစားကြည့်တယ်။ သူတို့အသက်ရှည်လို့များ ဒီဆုကို ပေးကြတာလို့။ နောက်ပြီး ဟိုအကြောင်း ဒီအကြောင်းတွေ ပြောရင်းဆိုရင်း မေးရင်း မြန်းရင်းက အသက်ရှည်ကြောင်းတွေလဲ ပြောလေ့ပြောထရှိတယ်။

ကျနော့်အဘိုး အကြီးဆုံးက ဦးစီလင်း တဲ့။ အခုအသက် (၉၈)နှစ်ရှိပြီ။ ကျမ်းမာလိုက်သမှ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းကြီး မိုက်တိုင်စံတို့ ဟိုလီဖီးတို့နဲ့တောင် လက်ဝှေ့အပြိုင် ထိုးနိုင်လောက်တယ်။ ကျမ်းမာရုံတင်လားဆိုတော့ ဘယ်ကမလဲ။ မျက်လုံးလဲကောင်း၊ နားလဲကောင်း။ အဲ---သွားတော့ နည်းနည်းပဲ ကျန်တော့တယ်။ ရှိတဲ့ သွားလေးတွေနဲ့ ၀ါးလို့ရသမျှ ၀ါးတုန်းပဲ။ အထူးသဖြင့် သူ့ရဲ့ အကြားအာရုံတွေဟာ အရင်ထက်တောင် ပိုကောင်းလာသလိုဖြစ်နေကြောင်း ပြောတတ်သေးတယ်။ ဟုတ်ချင်လဲ ဟုတ်မှာပေါ့။ သူပဲ သိတဲ့ကိစ္စကိုး။ သူဘာကြောင့် ဒီလောက် ကျမ်းမာရေးကောင်းရသလဲ ဆိုရင် တဲ့၊ လေကောင်းလေသန့်ရတဲ့ နေရာတွေသွားပြီး လမ်းများများလျှောက်တာ အဓိကပဲတဲ့။

လမ်းက ဘယ်လောက်တောင်လျှောက်လဲဆိုရင် သူ့အိပ်နဲ့ လေသာကျောင်းသစ်လို့ခေါ်တဲ့ ရွာဦးကျောင်းတိုက်နဲ့ က တစ်မိုင်သာသာလောက်ဝေးတယ်။ မနက်မိုးလင်းတိုင်း ရွာဦးကျောင်းကို သွားတယ်။ ရွာဦးကျောင်းက တောင်ချေမှာရှိပြီးတော့ ကျောင်းထိုင်ဆရာတော်ဘုရားက သူ့ကျောင်းအထက်က တောင်ပေါ်မှာ စေတီငယ်လေးတစ်ဆူတည်ထားတယ်။ အဲဒီစေတီငယ်ဆီအရောက်တက်ဖို့ရာ လှေခါးထစ် (၂၀၀)ကျော်ကျော်လောက် တက်ရသေးတယ်။ ဟိုးအပေါ်ရောက်ရင်တော့ မောလာသမျှ အကုန်ပြေတာပဲ။ ကျနော်လဲ ရွာရောက်ရင် တက်နေကျပဲကိုး။ ဘာလို့လဲဆိုတော့ အဲဒီနေရာကနေ ကြည့်လိုက်ရင် အိမ်ချေထောင့်ငါးရာလောက်ရှိတဲ့ မောင်းမကန်ရွာကြီးနဲ့ ရွာနောက်မှာကပ်လျှက်ရှိတဲ့ ပင်လယ်ပြင်ပြာပြာကြီးကို အတိုင်းသားမြင်နေရတယ်။ အလွန့်အလွန်ကို လှပလွန်းတဲ့ မြင်ကွင်းမျိုး၊ ရှုခင်းမျိုးပေါ့ဗျား။

တောင်ထိတ်ရောက်တဲ့အခါ လေကောင်းလေသန့်ကလဲ သိပ်ရတဲ့အတွက် မောလာသမျှပြေသွားတာချည်းပဲ။ ချစ်သူနဲ့ အတူတွဲတက်ရင် ပိုတောင်ကောင်းသေးတယ်။ ကုသိုလ်လဲရ ၀မ်းလဲဝ ဆိုသလိုပေါ့။ အဟား--။ ကျနော့်အဘိုးကြီးက အခုလက်ရှိအသက်အရွယ်နဲ့တောင် အဲဒီတောင်ပေါ်ရှိ ဘုရားအရောက် မနက်တိုင်း တက်သဗျား။ အဲလောက် ကျမ်းမာရေးကောင်းတာ။ သူပြောလေ့ရှိတယ် “လမ်းလျှောက်တာလောက် ကောင်းတဲ့ အသက်ရှည်နည်းက ဘာမှ မရှိဘူး” တဲ့။ ဘာဆေးမှလဲ စားစရာမလိုဘူး။ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို သင့်တင့်အောင်စား၊ လမ်းများများလျှောက်-တဲ့။ အသက်မရှည်ပဲ ခံနိုင်ရိုးလား။ သူ့ညီဖြစ်တဲ့ ကျနော့်အဘိုးအရင်းကျတော့ ကျမ်းမာရေးက သူ့လောက်တော့မကောင်းလှဘူး။ ဒါပေမဲ့ အသက်ကတော့ သူလဲ သိပ်ရှည်ဦးမှာပဲ။ သူက တောင်ပေါ်တော့ မတက်နိုင်တော့ဘူး။ လူက နည်းနည်းဝလို့ မြေပြန့်မှာပဲ လမ်းကောင်းကောင်းသွားနိုင်တယ်။

သူကျတော့ တောင်ပေါ်တက်မရတဲ့အတွက် ဘယ်သွားလဲဆိုတော့ မောင်းမကန်ကမ်းခြေဘက် အမြဲသွားလေ့ရှိတယ်။ သူ့အိမ် (ကျနော်တို့အိမ်)နဲ့ဆို မောင်းမကန်ကမ်းခြေက ကိုးဖာလုံလောက်ပဲ ဝေးတယ်။ အဲဒီခရီးကို နေ့တိုင်းမဟုတ်တောင် တစ်ပတ် သုံးလေးရက်တော့ ပုံမှန်သွားလေ့ရှိတယ်။ ကမ်းခြေမှာက များပြားလှတဲ့ သူ့မြေးတွေထဲက မြေးတစ်ချို့စားသောက်ဆိုင်ဖွင့်ထားကြတော့ အဲဒီသွားရင်း လမ်းလျှောက်တာ။ ကမ်းခြေရောက်ပြီဆိုတာနဲ့ ဖိနပ်ချွတ်ပြီး ပင်လယ်ရေအကျမှာ မာကျစ်ပြီးကျန်ရစ်တဲ့ သဲခုံပေါ်လမ်းလျှောက်တော့တာပဲ။ ဆားငံရနံ့လေးသင်းသင်းနဲ့ ပင်လယ်ပြင်ကို ဝေ့ဖြတ်တိုက်လာတဲ့လေကို ရှုရှိုက်ခွင့်ရခြင်းဟာလဲ ဘ၀မှာ ရတောင့်ရခဲဆုလာဘ်တစ်ပါးလို့ ကျနော်ဆိုချင်ရဲ့။ ပင်လယ်အနားနေတဲ့ လူတွေပဲ ရကြတာမို့လား။ ဒါပေမဲ့ နာဂစ်တော့ ကြောက်ရသဗျား။ တော်သေးတယ်။ နာဂစ်တုန်းက မောင်းမကန်ပါမသွားလို့။ မဟုတ်ရင်တော့ အခုလောက်ဆို ကျနော့်ခမျှာ ဆွေမဲ့မျိုးမဲ့ ဖြစ်ရှာပေါ့။

ကျနော်ပြောချင်တာက အသက်ရှည်တယ်ဆိုတာ မျိုးရိုးဗီဇနဲ့လဲ သက်ဆိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အသက်ရှည်တဲ့ ကျနော့်ဘိုးဘွားဘီဘင်တွေက သက်ဆင်းလာတဲ့ အဘိုး အဘေးတွေဟာလဲ အသက်ရှည်ကြတယ်။ ဒါပေမဲ့ အချို့အသက်တော့ ရှည်တယ်။ ကျမ်းမာရေးမကောင်းဘူး။ မျိုးရိုးဗီဇအရ အသက်ရှည်ကြပေမဲ့ ကျမ်းမာရေးမလိုက်စားလို့ ကျမ်းမာရေးမကောင်းကြတာတွေ အများကြီးတွေ့ဖူးတယ်။ ကျနော့် အဘိုးလတ်နဲ့ အဘိုးကြီးနှစ်ယောက်စလုံးကတော့ အသက်လဲရှည်ကြတယ်။ ကျမ်းမာရေးလဲ သူတို့နိုင်တဲ့ဘက်က လိုက်စားနေကြတုန်းပဲ။ နောက်တစ်ခုပြောသေးတယ်။ “အသက်ရှည်ချင်ရင် ငါးပါးသီလမြဲရတယ်ကွ” တဲ့။ ကျနော်က သူတို့နဲ့ အတူနေတာမဟုတ်လို့ သူတို့ငါးပါးသီလဘယ်လောက်မြဲလဲဆိုတာတော့ မသိဘူး။ ဒီစကားကို သေသွားပြီဖြစ်တဲ့ သူတို့အဖေ၊ ကျနော့်အဘေးကြီးလဲ မကြခဏပြောခဲ့ဖူးတာ ကျနော်မှတ်မိနေသေးတယ်။ ကျနော့်အဘေးကြီးရှိတုန်းကဆို ကျနော်က ပေါက်စလေးရှိသေးတယ်။ သီတင်းကျွတ်လို့ မြေးမြစ်တွေ စုပေါင်းသွားကန်တော့တဲ့အခါ “အသက်ရှည်ချင်ရင် ငါးပါးသီလစောင့်ထိန်းရတယ်ကွ”လို့ ပြောလေ့ရှိတယ်။ သူတို့အသက်ရှည်တဲ့အကြောင်းတွေကို ပြောရင် အဲဒါလဲ ထည့်ထည့်ပြောကြတယ်။ ဒါလဲ ဖြစ်နိုင်တာပဲ။ ငါးပါးသီလထဲပါတဲ့ အကျင့်တရားအားလုံးဟာ အသက်ရှည်ကြောင်းတွေချည်းပဲ မို့လား။

အဲဒီတော့ အသက်ကြီးလာလို့ ကျမ်းကျမ်းမာမာနဲ့ အသက်ရှည်ချင်တဲ့လူတွေ ကျနော့်အဘေးနဲ့အဘိုးတွေလို
(၁) အစာကို အာဟာရဖြစ်အောင် သင့်တင့်ရုံစား၊
(၂) လမ်းများများလျှောက်၊
(၃) လေကောင်းလေသန့် ၀၀ရှု၊
(၄) ငါးပါးသီလစောင့်ထိန်း။
ဒါဆို အသက်ရှည်ရုံတင်မကဘူး။ အသက်လဲ ရှည်မယ်။ ကျမ်းမာရေးလဲ ကောင်းမယ်။ တရားဓမ္မလဲ ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ်။ အမရပူရမဟာဂန္ဓာရုံဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ) အမိန့်ရှိတဲ့စကားတစ်ခွန်းရှိတယ်။ “ငရဲရှိတယ်၊ တိရစ္ဆာန်ရှိတယ်၊ ပြိတ္တာရှိတယ်၊ အသူရကာယ်ရှိတယ်၊ သေရဦးမယ်၊ သတိထား” တဲ့။

2 comments:

kiki said...

ဘမျိုး ဘိုးတူ ၊
ဦးမင်းထက်ကြီးတယောက်လည်း
သက်တော်ရှည် အမတ်ကြီး ဖြစ်အောင် အားထုတ်နိုင်ပါစေဗျားးးးးး

လမ်းတွေသာ များများဖိလျှောက်ပေး
လတ်တလော အကျိုးကျေးဇူးကတော့
ကားခ သက်သာ ပါမည် တဲ့ လေးးးးးး

သုခုမလေဒီ said...

ဟ မောင်လေးအဘိုးတွေကအသက်၉၀ကျော်တွေ
လား ။ အတော်ပဲ အမ အဖွားက ၉၉ရှိပြီလေ။ သူ့ခမျာတစ်ယောက်တည်း အဖော်မရှိလို့ ။ စောစောကပြောပါလားလို့ ...:P