Friday, June 12, 2009

ယနေ့ဒို့ပြည်


“ဘုရားရေလောင်း၊ တရားရောင်း၍၊
ထုထောင်းသံဃာ၊ ဒို့ပြည်ရွာဝယ်၊
သုံးဖြာဓာတ်ပျက်၊ ခုလက်ထက်ကား၊
အပျက်တကာ၊ ခေတ်များစွာ၌၊
ဆိုးလာခေါင်ချုပ်၊ ကလိယုဂ်တည်း”။

ကျနော်ငယ်စဉ်က ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းသစ်တွင်နေထိုင်ခဲ့ရာ ရွှေတိဂုံဘုရားနှင့်အလွန်နီးကပ်သဖြင့် စနေ၊ တနင်္ဂနွေ အားလပ်ရက်များတွင် ညနေဘက် ဘုရားပေါ်သို့တက်၍ ပန်းဆီမီးစသည်ဖြင့် ပူဇော်လျှက် ရှိခိုးကန်တော့လေ့ရှိ၏။ ကျနော့်နည်းတူ များစွာများစွာသော ရန်ကုန်သူ ရန်ကုန်သားတို့သည်လည်း ဘုရားပေါ်သို့တက်ရောက်ကာ မိမိတို့ရင်တွင်းသောကပူလောင်မှုများကို ငြိမ်းအေးစေရန်အလို့ငှါ ရသမျှဘုရားစာများကို ရွတ်ဖတ်သရဇ္ဈာယ်လျှက် ရှိခိုးကန်တော့ခြင်းများ၊ ဆုတောင်းခြင်းများကို ပြုကြကုန်၏။ ဘုရားကို တစ်ကျပ်တန် ပန်းတစ်စီးခန့်လှူ၍ မိမိလိုချင်သော ဆုများကို အတိုင်းအတာမရှိ အားမနာတမ်း တောင်းကြကုန်၏။

အချို့အချို့သော လူများမှာမူ မည်သည့်လှူဘွယ်ဝတ္ထုမျိုးကိုမှာ လှူဒါန်းသမှုမပြုကြပဲ ဘုရားကို သုံးကြိမ်သုံးခါမျှ ကန်တော့ပြီးနောက် “ဤသို့ကန်တော့ရသော ကောင်းမှုကြောင့် ယခုပစ္စုပ္ပန်ဘ၀တွင် အလိုရှိအပ်၊ တောင်းတအပ်သော ဆုထူးဆုမြတ်နှင့်တစ်လုံးတစ်ဝတည်းပြည့်စုံပြီးလျှင် ဖြစ်လေရာဘ၀တို့၌ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပ္ပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ မိစ္ဆာဒိဋ္ဌိတရား (၆၂)တို့မှ အခါခပ်သိမ်းကင်းလွတ်ြငိမ်း၍ အဆုံးဘ၀နောင်ကာလ၀ယ် မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား” ဟု လွန်စွာရှည်လျား၍ လွန်စွာများပြားသော ဆုများကို တောင်းကြကုန်၏။

ထို့ပြင် အချို့သောလူတို့သည် ရွှေတိဂုံဘုရားကြီး၏ ဒေါင့်ရှစ်ခုဖြစ်သော တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာနှင့် စနေဒေါင့်တို့တွင် တည်ရှိသော ဂြိုဟ်ပြေနံပြေခေါ် ဘုရားဆင်းထု ကျောက်နုရုပ်ပွါးတော်များကို မိမိတို့၏ ရောက်ဆဲအသက်ထက် တစ်ခွက်ပို၍ ဘုရားဆင်းတု၏ ဦးခေါင်းတော်ပေါ်မှ အဆက်မပြတ်လောင်းချလျှက် ရေသပ္ပါယ်ကြကုန်၏။ ဘုရားရုပ်တုတော်များမှာ မနက်မိုးလင်းသည်မှ ညကိုးနာရီလောက်အထိ တစ်နေကုန်နီးပါး ရေလောင်းခြင်း (သူတို့အဆိုအရ ရေသပ္ပါယ်ခြင်း)ကို ခံရကာ ရေညှိများပင် တက်လျှက်ရှိကုန်၏။ ထိုသူတို့၏စိတ်၌ ဘုရားကို ယင်းသို့ရေလောင်းပူဇော်ခြင်းမျိုးကို ပြုလျှင် အေးချမ်းခြင်းတည်းဟူသော အကျိုးတရားကို ရလိမ့်မည်ဟု မျှော်လင့်ကြပုံရ၏။ ထိုသူတို့ကို ထိုင်စေ၍ ငါးနာရီခန့် မနားတမ်း သူတို့၏ဦးခေါင်းပေါ်မှ ရေးလောင်းချခံရပါမူ မည်သို့ပြောမည်မသိ။ ဘုရားကို ကိုယ်ချင်းမစာသော သူများပေတည်း။

ဝက်လက်နယ်သား ကျနော့်သူငယ်ချင်း တစ်ယောက်ပြောဖူးသော အဖြစ်အပျက်တစ်ခုကို သတိရမိ၏။ သူတို့နယ်တွင် ချမ်းသာကြီးဘုရားခေါ် ရုပ်ပွါးတော်ကြီးတစ်ဆူရှိသည်။ ထို့ပြင် ချမ်းသာကြီးဟုခေါ်သော လူပေလူတေ ထန်းရေသမား တစ်ဦးလဲရှိသည်။ ထန်းရေသမား ချမ်းသာကြီးသည် ထန်းရေဖိုး ပိုက်ဆံပြတ်သောအခါ သောက်ဖေါ်သောက်ဖက် သူ့သူငယ်ချင်းကိုခေါ်၍ စစ်ကိုင်း မန္တလေး စသည်ဘက်မှ ရွှေဘို၊ ၀က်လက်နယ်သို့ဆင်းလာသော ခရီးသည်တင်မော်တော်ယာဉ်များဆီမှ “ချမ်းသာကြီးအတွက် အလှူခံပါတယ် ခင်ဗျား” ဟုအော်ဟစ်လျှက် အလှူခံလေ့ရှိသည်။ ရသောပိုက်ဆံများကို နှစ်ယောက်သား ထန်းတောသွားလျှက် မူးကြရူးကြသည်။ တစ်နေ့တွင် အကြောင်းသိလူများနှင့်တွေ့၍ ရပ်ရွာဥက္ကဋ္ဌနှင့် သံဃာနာယကဆရာတော်များကို တိုင်ကြားသဖြင့် ခေါ်ယူစစ်ဆေးရာ “ချမ်းသာကြီးဘုရားအတွက် အလှူခံသည်မဟုတ်၊ ချမ်းသာကြီးအတွက်သာ အလှူခံခြင်းဖြစ်သည်” ဟု လျှောက်လဲရာ မည်သို့မျှ အရေးမယူနိုင်ပဲဖြစ်ရတော့သည်။ ထို့ကြောင့် နောင်အခါ ဒီလို လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီး အလှူမခံဖို့ရာ ချော့မော့ပြောဆို၍ ပြန်လွှတ်လိုက်ရသော ဟူ၏။

ယနေ့စစ်အစိုးရလက်ထက်တွင် ပြည်မြန်မာတစ်ဝှန်း ခေတ်စားလာသော ပွဲစဉ်ကြီးတစ်ခု ရှိသည်။ ယင်းမှာ တရားပွဲစဉ်ကြီးပင်တည်း။ နိုင်ငံအနှံအပြား ဘယ်နေရာသွားသွား တွေ့ရမည့် အရာများမှာ ဓမ္မကထိကဆရာတော်များ၏ ဓာတ်ပုံနှင့်တကွသော တရားပွဲကြော်ငြာများပင်ဖြစ်သည်။ ဘာသာရေးရှုထောင့်က ကြည့်လျှင် ဗုဒ္ဓသာသနာအတွက် အားရစရာကောင်းသည် ဟုထင်စရာရှိသော်လဲ အချို့အချို့ ကြားရ သိရသော သတင်းများမှာ နားမချမ်းသာစရာကောင်းလှချေ၏။

တရားဟောဆရာတော်အများစုမှာ ဒကာ ဒကာမတို့က ပင့်ဖိတ်မှ သွားရောက်ဟောကြားတော်မူကြရသည်ဖြစ်ရာ ထိုပင့်ဖိတ်သော လူတို့၏ နောက်ကွယ်စီးပွါးရေးကွက်ကို မြင်သိကြဟန်မတူ။ (အချို့လည်း သိကြမည်ထင်၏)။ တရားပွဲစီစဉ်သူတို့သည် ကုသိုလ်ပြုလိုသောစိတ်၊ ခေတ်ကာလအရ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေကြရှာသော တိုင်းသူပြည်သားအများစု၏ စိတ်ကို နှစ်သိမ့်ပေးလို့သောစေတနာ၊ ဘုရားသာသနာတော်ကို ကြီးပွါးတို့တက်စေလို့သော သမ္မာဆန္ဒများနှင့် ဆောင်ရွက်ကြပါမူ ထိုသူတို့၏ လုပ်ရပ်သည် လွန်စွာသာဓုခေါ်ထိုက်သော လုပ်ရပ်ဖြစ်ကြောင်း ပြောစရာမလိုပေ။ သို့သော် အချို့အချို့သော တရားပွဲစီစဉ်သူများမှာ အလှူ့ရှင်တို့က လှူဒါန်းသော ငွေများကို သက်ဆိုင်ရာ တရားဟောဆရာတော်ကို အချိုးကျလှူပြီးလျှင် ကျန်ငွေများကို သူတို့အိပ်ထဲထည့်ကြောင်း မကြာခဏကြားသိနေရရာ ထို့သူတို့၏ နောင်ရေးမှာ များစွာရင်လေးစရာပင်ဖြစ်ချေတော့၏။

တရုတ်ပြေးမင်း၊ သို့မဟုတ် မင်းခွေးချေး သို့မဟုတ် နရသီပတေ့ခေါ် မင်းဆိုးမင်းညစ်လက်ထက်မှစတင်ကာ သံဃာတော်တို့သည် ပြည်သူအတွက်၊ သာသနာတော်အတွက် ရပ်တည်လျှက် တိုင်းပြည်အုပ်ချုပ်သော မင်းတို့၏ မတရားမှုများကို ဆန့်ကြင်လာခဲ့ရာ ယနေ့အထိပင်ဖြစ်ချေ၏။ ကျနော်တို့ခေတ်တွင် (၈)လေးလုံး အရေးတော်ပုံကြီးနှင့် ၂၀၀၇-ခု၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးခေါ် သံဃာ့အရေးအခင်းတို့သည် ကြီးမားသော ပြယုဂ်များဖြစ်ခဲ့သည်။ ရှေးမင်းဆိုးတို့ သံဃာတော်များကို မည်သို့ထုထောင်းနှိပ်စက်ကြသည်ကို သေချာကျန မသိရသော်လဲ ယနေ့စစ်အစိုးရ၏ နှိပ်စက်မှုမှာ အောချလောက်အောင် ဆိုးရွားလှလေ၏။ အဆိုးရွားဆုံးမှာ သာသနာအတွင်းနေပါလျှက် သာသနာအလုပ်လဲတစ်စက်မျှမလုပ်၊ အများအကျိုးပြုလုပ်ငန်းများလဲ နည်းနည်းမှမလုပ်ပဲ ချဲရောင်း ထီရောင်းစသည်ဖြင့် စီးပွါးဖြောင့်အောင်လုပ်နေသူများကို အရေးယူခြင်း အလျှင်းမပြုပဲ သူတို့အာဏာကို ထိပါးလာသည်ဟု အထင်ခံရသူများကိုမူ အများအကျိုးကို မည်မျှပင်ဆောင်ရွက်နေသူဖြစ်ပါစေ မျက်စောင်းတခဲခဲထားလျှက် အရေးယူရန် ကြံစည်ကာ အပေါက်အကြားရှာလျှက်ရှိ၏။

သို့သော် ထိုကဲ့သို့သော ဆရာတော်၊ သမားတော်ကြီးများကိုမူ ပြည်သူလူထုက များစွာကြည်ညိုလေးစား အားကိုးအားထားပြုလျှက်ရှိရာ တော်ရုံကိစ္စဖြင့် ဖမ်းခြင်း၊ ဆီးခြင်းများ မပြုလုပ်ပဲ ထိုဆရာတော်များအနီးအပါး၌ အပြစ်ရှာရန်အတွက် ထောက်လှမ်းရေးများ ချထားကာ အခြေအနေကို အစဉ်မပြတ်စောင့်ကြည့်စေလေတော့၏။ စစ်အစိုးရ၏ လုပ်ရပ်မှာ မိတ်ဆွေကို ရန်သူထင်၊ ရန်သူကို မိတ်ဆွေဟု မှတ်ယူကာ အမှားများကို တစ်ခုပြီးတစ်ခုပြုလုပ်ခြင်းဖြင့် တိုင်းပြည်နှင့် သာသနာကို အသရေဆိုးသွမ်း၊ ဂုဏ်ညှိုးနွမ်းအောင် ပြုလုပ်လျှက်ရှိရာ ယနေ့ခေတ်ကာလသည် ကလိယုဂ်ခေါ် ဆုတ်ကပ်၏ အထွဋ်အထိပ်ပေလောဟု ကျနော့်စိတ်ထဲ တွေးတောနေမိချေတော့သတည်း။

2 comments:

kiki said...

ခုထက်ထိ တချို့ နာမယ်ကြီးဘုန်းကြီးကျောင်းဝိုင်းထဲမှာ စစ်တပ်ချထားပြီး အရေးကြီးတဲ့ နှစ်ပတ်လည်နေ့ တွေ ကျောင်းထိုင် ဘုန်းကြီးကို ဟိုဟာမလုပ်ရ ၊ ဒီဟာ မလုပ်ရ နဲ့ အမိန့် မျိုးစုံပေးနေတာမျိုး တွေ ရှိနေတုန်းပါဘဲ ။
ဘုရား မှန်းမသိ ၊တရားမှန်းမသိ ၊ သံဃာမှန်း မသိ တဲ့  ဒီလိုလူတွေကို ဘာဆက်ပြောရမှန်းတောင် မသိလောက်အောင်ဘဲ သြချ ပါတယ် ဦးမင်းထက်ကြီးရေ ။
ခေါင်းပေါ်တော့ ရေတွေ ၅ နာရီလောက် မလောင်းခိုင်းပါနဲ့ တော့နော် ၊ တော်ကြာနေ မာလကီးယားပြီး ဘလောဂ်တွေ ဆက်မဖတ်ရ မှာ စိုးလို့ပါ ။

ခင်မင်လျှက်..
ကိကီ ၊

ကိုရင်နော်ခင်လေးငယ် said...

ကိုမင်းထက်ရေ..
ဖတ်ရှုလေ့လာ မှတ်သားသွားပါတယ်..
တွေးတောစရာတွေလည်း အများကြီး ရလိုက်ပါတယ်..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်