မဗေဒါနဲ့တွေ့မှပဲ ကျနော်လဲ စာတွေဘာတွေတောင် အတော်လေးရှာလိုက်ရသဗျား။ ကသစ်ပန်း သီချင်းစာသားထဲက “နတ်စည်ငယ်လေ ပုဇွန်လက်ရိုး အာလမ္ဗရာ”ဆိုတဲ့အပိုဒ်မှာ အာလမ္ဗရ-ဆိုတဲ့ပုဒ်နဲ့ပတ်သက်လို့ ကျနော်ခပ်တည်တည်လုပ်ပြီး “အာလမ္ဗ-ဆိုတာ ဆွဲကိုင်၍ လို့ အဓိပ္ပါယ်ရကြောင်း” ရှင်းပြခဲ့ပါတယ်။ တကယ်တော့ ကျနော်လဲ ၀ါးတားတားပါပဲဗျာ။ အဟဲ---ကိုယ့်ကိုယ်ကို ၀ါးတားတားဖြစ်ကြောင်းပြောရတာ တစ်မျိုးကြီးပဲ။ ပြောပြီးမှ မသေချာလို့ ဖတ်ဖူးမှတ်ဖူးတဲ့ စာတွေဟိုဟိုဒီဒီ လှန်လှောကြည့်ရှု ရှာဖွေသမှုပြုလိုက်ရတာ အမောပါပဲဗျာ။ အဘိဓာန်စာအုပ်ကြီးတွေရဲ့ ကျေးဇူးကြောင့် ဒီစကားလုံးဟာ ဘယ်မှာရှိတယ်ဆိုတာ အခုမှပဲ သေသေချာချာသိရတော့သဗျို့။ ကျေးဇူးပါ အဘိဓာန်ဆရာကြီးတို့ရယ်။
ဇာတ်လမ်းကိုတော့ ထုံးစံအတိုင်း “ပြည်မသိ ဗာရဏသီ၊ မင်းမသိ ဗြဟ္မဒတ်” နဲ့ စလိုက်ကြစို့ရဲ့။ ဟိုးရှေးရှေးတုန်းက ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးစိုးစံအုပ်ချုပ် မင်းလုပ်နေတဲ့ကာလ ဟိမ၀န္တာတောနက်ကြီးတစ်နေရာမှာ လွန်စွာကြီးမားတဲ့ ရေအိုင်ကြီးတစ်အိုင်ရှိခဲ့ဖူးတယ်။ အဲဒီရေအိုင်ကြီးထဲမှာ ရွှေရောင်အဆင်းရှိတဲ့ ပုဇွန်လုံး (ဂဏန်း)ကြီးတစ်ကောင် နေထိုင်ကျက်စားသွားလာလှုပ်ရှားနေတယ်။ အဲဒီပုဇွန်လုံးကြီးကို အကြောင်းပြုပြီး ရေအိုင်ကြီးကိုလဲ “ကုဠီရဒဟ-ပုဇွန်အိုင်”လို့ ခေါ်ဝေါ်ကြပါတယ်။
ပုဇွန်လုံးကြီးဟာ ဘယ်လောက်တောင်ကြီးသလဲဆိုရင် စပါးနယ်ရာတလင်းပြင်လောက်ရှိပြီး ဆင်တွေကိုတောင် ဖမ်းယူစားသောက်နိုင်သတဲ့။ အဲဒီရေအိုင်ကြီးအနားမှာလဲ ရေအိုင်ကြီးကို အမှီပြုပြီး ဆင်အုပ်ကြီးတစ်အုပ်နေပါတယ်။ ပုဇွန်လုံးကြီးဟာ ဆင်တွေ အိုင်ထဲရေကူးဆင်း၊ ဆော့ကစားပြီး ပြန်တက်သွားတဲ့အခါ နောက်ဆုံးကျန်နေတဲ့ကောင်ကို နောက်ကနေ အသာလေး သူ့လက်မကြီး (အဠ) နှစ်ခုနဲ့ ညှပ်ယူဖမ်းဆီးစားသောက်ပစ်လေ့ရှိပါတယ်။ ဒီလိုနဲ့တစ်နေ့တော့ ဆင်ကောင်ရေလျှော့ပါးလာတာကို သတိထားမိတဲ့ ဆင်ခေါင်းဆောင်ကြီးက အခြေအနေကို စုံစမ်းလိုက်တဲ့အခါ ဘာ့ကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို သိသွားရပြီး ဆင်အုပ်ကြီးတစ်အုပ်လုံးလဲ အကြီးအကျယ်တုန်လှုပ်သွားရပါတော့တယ်။ တခြားသွားကျက်စားစရာနေရာလဲ ရှာမရလို့ အဲဒီအနားမှာပဲ ကျီးလန့်စာစားလုပ်ပြီး ကုတ်ကပ်နေကြရရှာတယ်။
တစ်နေ့တော့ အုပ်စုခေါင်းဆောင်ဆင်ကြီးရဲ့ မယားဖြစ်တဲ့ ဆင်မမှာ ကိုယ်ဝန်ရလာပါတယ်။ ဆင်မဟာ “ဒီကလေးကိုတော့ ငါသေသေချာချာကို စောင့်ရှောက်မှ ဖြစ်မယ်”ဆိုတဲ့အတွေးနဲ့ ပုဇွန်လုံးရန်က ကင်းအောင် အိုင်ကြီးနဲ့ ဝေးရာသွားပြီး တစ်ကောင်းတည်းနေရရှာတယ်။ ဒီလိုနဲ့ ရက်လစေ့လို့ ဆင်ကလေးတစ်ကောင် မွေးဖွါးလာခဲ့ပါတယ်။ ဆင်ကလေးဟာ သူ့မိခင်နဲ့အတူနေရင်း တဖြေးဖြေးကြီးပြင်းလာတဲ့အခါ အလွန်ခွန်အားဗလတောင့်တင်းပြီး ဆင်အာဇာနီကြီးတစ်ကောင် အသွင်ဆောင်လာပါတယ်။ တစ်နေ့တော့ ဆင်ကလေးက သူ့အမေဆင်မကြီးကို ဘာ့ကြောင့် အမေတစ်ကောင်တည်း ဒီနေရာမှာ လာနေရသလဲ မေးတော့ ဆင်မကြီးက အကြောင်းစုံကို ပြောပြရှာတယ်။
ဆင်ကလေးလဲ သူ့ဆွေသူ့အမျိုးတွေ ဒီလိုဒုက္ခနဲ့ ကြုံနေရတာကို မခံမရပ်နိုင်ဖြစ်လို့ သူ့ဆွေမျိုးတွေဆီပြန်သွားပြီး အဲဒီပုဇွန်လုံးကြီးကို နှိမ်နှင်းပစ်မယ်လို့ ကြုံးဝါးလိုက်တယ်။ မိခင်ဆင်မကြီးလဲ သူ့သားငယ်ကို ခေါ်ပြီး ဆွေမျိုးတွေရှိရာ ဆင်အုပ်စုကြီးဆီ ပြန်သွားပါတယ်။ ဖခင်ဆင်ခေါင်းဆောင်ကြီးလဲ သူ့ဇနီးနဲ့ သားကလေးကိုတွေ့ရတဲ့အခါ အလွန်တရာဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်။ ဆင်ကလေးက ဒီလောက်ဆိုးသွမ်းနေတဲ့ ပုဇွန်လုံးကြီးကို သူကိုယ်တိုင်နှိမ်နှင်းမယ်လို့ သူ့ဖခင်ကို ပြောလိုက်တယ်။ ဒါပေမဲ့ ဖခင်ဆင်ကြီးက အလွန်အန္တရာယ်များလို့ ခွင့်မပြုဘူး။ ဒီလိုနဲ့ ဆင်ပေါက်လေးလဲ အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။ အဲဒီလိုနေရင်းက သူဟာ ဆင်မလေးတစ်ကောင်နဲ့ ရည်ငံပြီး သမီးရည်းစားဖြစ်သွားတယ်။ ဆင်မလေးက သူဘယ်နားသွားသွား နောက်က တစ်ကောက်ကောက်လိုက်ပြီး အရိပ်တကြည့်ကြည့်နဲ့နေရှာတယ်။ သူတို့နှစ်ကောင်လုံးဟာ သူတို့အမျိုးမှာ ကျရောက်နေတဲ့ အန္တရာယ်ကိုတောင် မေ့နေရလောက်အောင် ပျော်ရွှင်နေကြတယ်။
တစ်နေ့တော့ ဆင်စုံတွဲဟာ ပြေးလွှားဆော့ကစားရင်း ပူလောင်အိုက်စပ်လာလို့ ရေချိုးချင်တာနဲ့ ရေအိုင်ထဲဆင်းပြီး ရေချိုးကြတယ်။ သူတို့စုံတွဲ ရေထဲဆင်းဆော့နေတာမြင်တဲ့အခါ တခြားဆင်ကြီးတွေလဲ စိုးရိမ်ပူပင်စိတ်တွေနဲ့ ကမ်းနဖူးကနေ ရပ်ပြီး ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။ အဲဒီကျမှ ဆင်ပေါက်စုံတွဲလဲ အန္တရာယ်ကို သတိရလာပြီး ကမ်းပေါ် ကမန်းကတမ်းတက်ပြေးဖို့လုပ်တယ်။ ဆင်မလေးက ကမ်းစပ်အနီးမှာမို့ သူအရင်ကမ်းပေါ်ရောက်သွားတယ်။ ဆင်အထီးကလေးကတော့ သူလဲတက်မယ်လုပ်တဲ့အချိန်မှာ နောက်ကျသွားခဲ့ပြီ၊ သူ့ရဲ့နောက်ချေထောက် နှစ်ချောင်းကို ပြုတ်တူကြီးနဲ့ ညှပ်သလို ပုဇွန်လုံးကြီးက သူ့လက်မနှစ်ဖက်နဲ့ ညှပ်ထားလိုက်တယ်။
ဆင်ပေါက်လေးဟာ ဟန်ကိုယ့်ဖို့လုပ်ပြီး ရုန်းကြည့်တယ်။ ဘယ်လိုမှရုန်းလို့မရဘူး။ တကယ်တော့ ဆင်ပေါက်လေးဟာ ဆင်အုပ်စုထဲမှာ အင်အားအကြီးဆုံးဆင်တစ်ကောင်ဖြစ်တဲ့အပြင် ဖြစ်လေရာဘ၀မှာ ဘ၀ါဘ၀က ဖြည့်ဆည်းထားခဲ့ဖူးတဲ့ ကောင်းမှုအရှိန်အဟုန်တွေနဲ့ ပြည့်ဝနေတဲ့ ဘုရားအလောင်းဆင်မင်းဖြစ်ပါတယ်။ ဒါပေမဲ့ ပုဇွန်လုံးကြီးရဲ့အားနဲ့ယှဉ်လိုက်တဲ့အခါ ဘယ်လိုမှ မရုန်းသာအောင်ဖြစ်နေရရှာတယ်။ အဲဒါနဲ့ သေရတော့မယ်ဆိုတဲ့ အသိဝင်လာပြီး တအားအော်ပစ်လိုက်တယ်။ ကမ်းစပ်ရောက်နေတဲ့ ဆင်မလေးလဲ သူ့ချစ်သူ သေတော့မှာတွေးပြီး မျက်ရည်စက်လက်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်ဖြစ်နေရှာတယ်။ ခဏနေတော့မှာ ရလိုရငြားဆိုပြီး အိုင်ကမ်းစပ်အနားပြန်ဆင်းလာပြီး အောက်ပါအတိုင်း ပုဇွန်လုံးကြီးကို တောင်းပန်လိုက်တယ်။
“အို--ပုဇွန်လုံးမင်း---၊ ရွှေအဆင်းနဲ့ တင့်တယ်ပြည့်ဝ လှပတော်မူသော အရှင်သည် ယမုနာနှင့် ဂင်္ဂါတို့လို မြစ်ကြီးမြစ်ကျယ်တွေထဲရှိ ပုဇွန်ထောင်သောင်း ဂဏန်းအပေါင်းကို မဆိုထားဘိ၊ သမုဒ္ဒရာလေးစင်းအတွင်းမှာ ကျက်စားသွားလာ နေထိုင်ကြတဲ့ ထောင်သောင်းသိန်းသန်း ကိန်းဂဏန်းအလွန်ရှိတဲ့ ပုဇွန်တွေထဲမှာပင် အင်အားဗလ ရုပ်ဆင်းအရ သာလွန်ပြည့်ဝ တင့်တယ်လှပတော်မူပါတယ်။ အို---ရွှေအဆင်းနှင့် တင့်တယ်ပ၀င်း ပုဇွန်မင်းအရှင်---၊ နှမမျက်ရည် သက်သေတည်စု တောင်းပန်သမှု ပြုလိုပါသည်။ ကျမသက်ထား မောင်တော်ဘုရားကို ကြင်နာသနားသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုတော်မူပါ အရှင်--”
ဆင်မလေးက အဲဒီလို ညုတုတုအသံလေးလုပ်ပြီး မြှောက်ပြောတဲ့ တောင်းပန်အသံကို ကြားလိုက်ရတဲ့အခါ ပုဇွန်လုံးကြီးလဲ “ဘာပါလိမ့်” ဆိုတဲ့အတွေးနဲ့ သတိတစ်ချက်လစ်ပြီး ညှပ်ထားတဲ့ လက်မနှစ်ခုကို နည်းနည်းစီ လျှော့လိုက်မိတယ်။ အဲဒီအချိန် အခွင့်ကောင်းယူပြီး ဘုရားအလောင်းဆင်မင်းလဲ ရုပ်တရက်ရုန်းထွက်လိုက်တယ်။ ပြီးတော့မှ ဂဏန်းကြီးမလှုပ်ရှားမီ လက်ဦးမှုယူ၊ အားကုန်ထည့်ပြီး ပုဇွန်လုံးကြီးရဲ့ ကျောကုန်းပြင်ပေါ် ခုန်တက်လိုက်တယ်။ ကျောပြင်ရောက်တာနဲ့ ရှိသမျှအင်အားတွေ အကုန်စုပြီး ချေထောင့်နှစ်ဘက်နဲ့ တအားဆောင့်နင်းပစ်လိုက်တဲ့အခါ ပုဇွန်လုံးရဲ့ ကျောပြင်ကြီးဟာ မြေအိုးကို ဒုတ်နဲ့ရိုက်ခွဲလိုက်သလို ထက်ခြမ်းကွဲသွားပြီး အသက်ထွက်သွားရရှာတယ်။
အဲဒီအခါကျမှ ကမ်းပေါ်က ရင်တမမနဲ့ စောင့်ကြည့်နေကြတဲ့ ဆင်တွေဟာလဲ စုပြုံဆင်းလာ၊ ပုဇွန်လုံးကြီးကို ကမ်းပေါ်ဝိုင်းဆွဲတင်ပြီး စိတ်နာနာနဲ့ အသကုန်ဝိုင်းနင်းလိုက်ကြတာ ပုဇွန်လုံးကြီးလဲ မှုန့်မှုန့်ညက်ညက်ကို ကျေသွားတော့တာပါပဲ။ ဒါပေမဲ့ ဆင်တွေ သတိမထားမိလိုက်တဲ့အချက်က ပုဇွန်လုံးရဲ့ လက်မကြီးနှစ်ဘက်ဟာ သူတို့ဒေါနဲ့မောနဲ့ ၀ိုင်းနင်းလိုက်တဲ့အခါ ဘေးလွင့်ထွက်သွားပြီး တစ်နေရာစီမှာ ကျသွားပါတယ်။ အချို့ဆင်တွေ မြင်ကောင်းမြင်နိုင်ပေမဲ့ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကျေမွသွားပြီဆိုတော့ ဘာမှအန္တရာယ်မပြုနိုင်တော့လို့ ဂရုမစိုက်တော့တာလဲ ဖြစ်နိုင်ပါတယ်။ အဲလိုနဲ့ လက်မကြီးနှစ်ဘက်ဟာ အဲဒီကျသွားတဲ့နေရာတွေမှာ အတော်ကြာကြာအထိ တည်ရှိနေကြပြီး လက်မတစ်ဘက်ကို တောကစားထွက်လာကြတဲ့ မင်းသားညီနောင်(၁၀)ယောက်တို့တွေ့ပြီး သူတို့နိုင်ငံသယ်သွားကြတယ်။ အဲဒီလက်မကြီးကို “အာဠိင်္ဂ” အမည်ပေးပြီး စည်တော်ကြီးတစ်ခုအဖြစ် အသုံးပြုလိုက်ကြတယ်။
နောက်လက်မကြီးတစ်ခုကတော့ ရေအိုင်ကြီးအနီးအနာမှာပဲ ပြန်ကျတဲ့အတွက် သမုဒ္ဒရာထဲက ၀င်လာတဲ့ရေတွေနဲ့အတူ ရေအကျမှာ သမုဒ္ဒရာထဲ ပါသွားတဲ့အခါ အသုရာနတ်တွေက တွေ့လို့ “အာလမ္ဗရ” အမည်ပေးပြီး နတ်စည်တော်ကြီးတစ်ခုအဖြစ် အသုံးပြုကြတယ်။ နောက်ပိုင်းမှာ သိကြားစစ်တပ်နဲ့ စစ်တိုက်တဲ့အခါ အသုရာနတ်တွေ စစ်ရှုံးပြီး ချေဦးတည်ရာပြေးရင်းလွှားရင်းက အသူရာနတ်စစ်သားတွေလက်ထဲက ပြုတ်ကျကျန်ရစ်လို့ သိကြားစစ်တပ်ကကောက်ယူပြီး သိကြားမင်းထံ ဆက်သလိုက်တယ်။ “အာလမ္ဗရ” ခေါ်တဲ့ ပုဇွန်လက်မစည်တော်ကြီးဟာ အသူရာနိုင်ငံပိုင်ပစ္စည်းကနေ သိကြားနိုင်ငံပိုင်ပစ္စည်းဖြစ်သွားပြန်တယ်။ ကဲ---ဗေဒါမလေးရေ့၊ ဇာတ်လမ်းလေးကတော့ ဒါပါပဲ ဗျာ။
မှတ်ချက်။ ။ဇာတကအဋ္ဌကထာ၊ ဒုတိယတွဲ၊ တိကနိပါတ၊ ပဒုမ၀ဂ္ဂ၊ ကက္ကဋဇာတ် (ဇာတ်နံပါတ်-၂၆၇) တွင် အသေးစိမ့်ဖတ်ရှုနိုင်ပါသည်။ “သုတပြည့်ဝ၊ နှလုံးလှ၊ ကောင်းကြသူတော်စင်”။
1 comment:
ဟာ.. လေးစားသွားပြီ.. အကိုက အဲဒိရောက်နေတာတောင် ဒီသမိုင်းကြောင်းတွေ ဘယ်လိုများ ရှာဖတ်နိုင်လဲ ဆိုတာတော့ အတော်စိတ်ဝင်စားသွားပြီ... အတော်လေး ပြည့်စုံပါတယ်... ကျေးဇူးလဲတင်တယ်အကိုရေ..
ဒါပေမဲ့ မရှင်းတာက ပုဇွန်လက်မနဲ့ ဘယ်လို စည်လုပ်လဲ မသိဘူးနော်... စည်က သားရေနဲ့လုပ်တာဟုတ်ဘူးလား.. ဒါမှ မဟုတ် စည်ရိုက်တဲ့ ဒုတ်လုပ်တာလား... တကယ်ပြောတာ အဲဒိ ပုဇွန်အကြောင်း တစ်ခါမှမကြားဖူးဘူး..
ဘုရားတောင် ဆင်ဘ၀ပဲရှိသေးတယ်ဆိုတော့.. သကြားမင်းကဘုရားထက်တောင် ကြာပြီပေါ့နော်...
အင်း.. ဟုတ်သားပဲ.. အဲဒါကြောင့် ဘုရားလောင်း တောထွက်ခန်းမှာ သကြားမင်းက လိုက်ပို့တယ်ဆိုလား... ဘာလား... စာအုပ်ထဲမှာ မြင်ဖူးသလိုပဲ..
word verification ကြီး ဖြုတ်လိုက်ပါလား အစ်ကိုရယ်.. မျက်လုံးက သိပ်မကောင်းဘူး..
Post a Comment