Saturday, June 6, 2009

၂၄-ပစ္စည်း မူရင်းအနက်အဓိပ္ပါယ်


ပဋ္ဌာန်း (၂၄) ပစ္စည်းပါဠိ၏ အနက်အဓိပ္ပါယ်ကို မူရင်းပဉ္စပကရဏအဋ္ဌကထာနှင့် ပရမတ္ထ၀ိဘာဝိနီဋီကာခေါ် ဋီကာကျော်ပါဠိစာအုပ်မှ ရှာဖွေထုတ်နှုတ်၍ အနက်မြန်မာပြန်ဆိုဖေါ်ပြပေးလိုက်ပါသည်။

(၁) ဟေတုပစ္စယော-သစ်ပင်၏ရေသောက်မြစ်ကဲ့သို့ ဟိတ်ခြောက်ပါးတို့၏ အကြောင်းတရားအနေအားဖြင့် အတူဖြစ်ဘက်ရုပ်နာမ်တရားတို့ကို ကျေးဇူးပြုခြင်း၊
(၂) အာရမ္မဏပစ္စယော-အားနည်းသူဆွဲမှီရာတောင်ဝှေးစသည်ကဲ့သို့ အာရုံခြောက်ပါးတို့၏ အာရုံအပြုခံသဘောအားဖြင့် စိတ်စေတသိက်တရားတို့ကို ကျေးဇူးပြုခြင်း၊
(၃) အဓိပတိပစ္စယော-ဆန္ဒ၊ ၀ီရိယ၊ စိတ်၊ ၀ီမံသ (ပညာ) တည်းဟူသော တရားလေးပါးတို့၏ မိမိနှင့်စပ်၍ဖြစ်ဘက်တရားတို့ကို အကြီးအမှုးပြုသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၄) အနန္တရပစ္စယော-စိတ်ဖြစ်စဉ်တစ်ခုအတွင်း စိတ်စေတသိက်တို့ကို ရှေ့နောက်အကြားမရှိအောင်ပြုသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၅) သမနန္တရပစ္စယော-ပုံသဏ္ဌာန်မရှိသဖြင့် စိတ်ဖြစ်စဉ်တစ်ခုအတွင်း စိတ်စေတသိက်တို့ကို အကြားကာလမရှိစေဘဲ ကောင်းစွာကျေးဇူးပြုခြင်း၊
(၆) သဟဇာတပစ္စယော-ဆီမီး၏ အလင်းရောင်ကဲ့သို့ အတူဖြစ်ဘက် ရုပ်နာမ်တရားတို့ကို အတူဖြစ်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၇) အညမညပစ္စယော-အချင်းချင်းထောက်မထားသော ဒုတ်သုံးချောင်းကဲ့သို့ မိမိအားကျေးဇူးပြုတတ်သော ရုပ်နာမ်တရားတို့ကို ပြန်လည်ထောက်မသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၈) နိဿယပစ္စယော-အ၀တ်၊ စက္ကူစသည်သည် ပန်းချီ၏မှီရာဖြစ်သကဲ့သို့၎င်း၊ မြေကြီးသည် သစ်ပင်တောတောင်စသည်တို့၏ မှီရာဖြစ်သကဲ့သို့၎င်း အတူဖြစ်ဘက်ရုပ်နာမ်တရားတို့ကို မှီရာအနေအားဖြင့် ကျေးဇူးပြုခြင်း၊
(၉) ဥပနိဿယပစ္စယော-အတူဖြစ်ဘက်ရုပ်နာမ်တို့ကို အားကြီးသောမှီရာအနေအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၀) ပုရေဇာတပစ္စယော-မှီရာခြောက်ပါးနှင့် အာရုံခြောက်ပါးတို့၏ အကျိုးတရားမဖြစ်မီရှေးဦးစွာ ဖြစ်ပေါ်သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၁) ပစ္ဆာဇာတပစ္စယော-လင်းတငှက်ငယ်တို့၏ အစာရနိုးမျှော်ကိုးရင်း အသက်ရှင်ရခြင်းကဲ့သို့ နောက်နောက်ဖြစ်ပေါ်သော စိတ်စေတသိက်တရားတို့၏ မျှော်လင့်ချက်ကင်းမဲ့နေသော ကိုယ်ကို ထောက်ပံ့ (မျှော်လင့်ချက်ပေး) သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၂) အာသေ၀နပစ္စယော-ကျမ်းစာကို အဖန်တလဲလဲ လေ့လာဆည်းပူးရခြင်းကဲ့သို့ ကုသိုလ်/အကုသိုလ်တရားများကို အဖန်တလဲလဲ အားကောင်းအောင်ပြုသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၃) ကမ္မပစ္စယော- စေတနာ၏ အတူတကွဖြစ်ဖေါ်ဖြစ်ဘက်အကျိုး (၀ိပါက်)တရားများနှင့် (ကမ္မဇ)ရုပ်တရားများကို လှုပ်ဆော်သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၄) ၀ိပါကပစ္စယော-မိမိတို့ကိုယ်တိုင် လုံ့လမပြု ငြိမ်သက်မှုရှိသော အကျိုးဝိပါက်စိတ်စေတသိက်တရားတို့၏ တကွဖြစ်ဘက် ရုပ်နာမ်တရားများကို မိမိတို့နည်းတူ လုံ့လမပြုငြိမ်သက်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၅) အာဟာရပစ္စယော-အာဟာရလေးပါးတို့၏ ရုပ်နာမ်တရားများကို ထောက်ပံကူညီသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၆) ဣန္ဒြိယပစ္စယော-ထိုထိုကိစ္စတို့၌ အကျိုး (ပစ္စယုပ္ပန်) တရားတို့ကို မိမိအလိုသို့ လိုက်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၇) ဈာနပစ္စယော-အာရုံကို ကြံစည်တတ်သော ၀ိတက် စသည်တို့၏ ဆိုင်ရာအာရုံကို ကပ်၍ရှုမှတ်ခြင်း၊ လက္ခဏာကိုကပ်၍ ရှုကြည့်ခြင်းအားဖြင့် ကပ်ရောက်၍ ကျေးဇူးပြုခြင်း၊
(၁၈) မဂ္ဂပစ္စယော-သမ္မာဒိဋ္ဌိ (အမြင်မှန်မှု) စသည်တို့၏ သုဂတိ/ဒုဂ္ဂတိနှင့် ကောင်းမှု/မကောင်းမှုတို့မှ ထွက်မြောက်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၉) သမ္ပယုတ္တပစ္စယော-နာမ်တရားတို့၏ ပရမတ္ထ (အရှိသဘော) အားဖြင့် ကွဲပြားသော်လဲ တစ်မျိုးတည်း၊ တစ်ခုတည်းကဲ့သို့ ဖြစ်ရလေအောင် အတူဖြစ်ခြင်းစသောယှဉ်ဘက်သဘောလက္ခဏာအားဖြင့် ကျေးဇူးပြုခြင်း၊
(၂၀) ၀ိပ္ပယုတ္တပစ္စယော-မှီရာရုပ်တရားများနှင့် စိတ်စေတသိက်တို့၏ အချင်းချင်းဆက်စပ်ယှဉ်တွဲနေသော်လဲ ကွဲပြားစေလျှက် မရောနှောအောင်ပြုခြင်း၊ တစ်ခုစီ၊ တစ်မျိုးစီဖြစ်စေခြင်းအားဖြင့် ကျေးဇူးပြုခြင်း၊
(၂၁) အတ္ထိပစ္စယော-အတူဖြစ်ဘက်တရားများနှင့် ကြိုတင်ဖြစ်ပေါ်သောတရားများ၏ လက်ရှိပစ္စုပ္ပန်အရှိသဘောဖြင့် ယင်းသို့ သဘောရှိသောတရားများကို ထောက်ပံ့ကူညီသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၂၂) နတ္ထိပစ္စယော-အခြားမဲ့၌ ချုပ်ပြီးချုပ်ပြီးကုန်သော စိတ်စေတသိက်တရားတို့၏ နောက်ထပ်ဖြစ်ပေါ်မည့်စိတ်စေတသိက်တရားတို့ကို ဖြစ်ခွင့်ပေးခြင်း (နေရာပေးခြင်း)အားဖြင့် ကျေးဇူးပြုခြင်း၊
(၂၃) ၀ိဂတပစ္စယော-မိမိတို့သဘောဘဘာဝနှင့် မကင်းသဖြင့် ဖြစ်ပေါ်ခွင့်မရသော စိတ်စေတသိက်တို့ကို သဘောသဘာဝကင်းအောင်ပြုခြင်းဖြင့် ကျေးဇူးပြုခြင်း၊
(၂၄) အ၀ိဂတပစ္စယော-အတူဖြစ်ဘက်တရား၊ ကြိုတင်ဖြစ်ပေါ်သောတရားတည်းဟူသော အရှိတရားတို့ကို မချုပ်မပျောက်အောင်ပြုသောအားဖြင့် ကျေးဇူးပြုခြင်းသည်၊
အတ္ထိ-မုချမသွေ ရှိပါပေ၏၊ ဣတိ-ဤသို့၊ ဗောဓေနံ္တ-ကောင်းစွာထိုးထွင်း သိမြင်ခြင်းရှိတော်မူသော မြတ်စွာဘုရားကို၊ ၀န္ဒာမိ-သဒ္ဓါရိုကျိုး၊ လက်စုံမိုးကာ ရှိခိုးကန်တော့ပါ၏ဘုရား။

မှတ်ချက်။ ဘလော့ဂါ ဒေါက်တာကိကိသို့ အထူးရည်ညွှန်းပါသည်။ ပဋ္ဌာန်းအကြောင်းကို အတန်အသင့်နားလည်လို၊ သိလိုကြသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် အမရပူရမဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ “အခြေပြုပဋ္ဌာန်းတရား” စာအုပ်ကို ရှာဖွေဖတ်ရှုကြပါကုန်။ အွန်လိုင်းစာဖတ်ပရိတ်သတ်များအတွက် ဆရာတော်၏ စာအုပ်ကို ဝေမျှလိုက်ပါသည်။ တိုက်ရိုက်ဖွင့်မရပါက အောက်ပါ Link ကို Click ပြီးလျှင် ပေါ်လာသော Web-page မှ PDF file ကို Click ၍ Download လုပ်ပြီး ဖတ်ပါ။ (အားတော့နာသဗျာ၊ လောလောဆယ် Copyright အရ ဒီလိုပဲလုပ်လို့ရလို့ ဒီနည်းကိုပဲ ညွှန်းလိုက်ရတာပါ၊ တိုက်ရိုက်တင်လို့ရတဲ့အခါ တိုက်ရိုက်ဖတ်လို့ရအောင် တင်ပေးပါ့မယ်။)

အခြေပြုပဋ္ဌာန်းတရားတော်
ဗုဒ္ဓစာပေ၏ လေးနက်ပြည့်ဝမှုကို နားလည်ခံစားကြည်ညိုနိုင်ကြပါစေသော်။



No comments: