သူငယ်ချင်းရေ ကိုယ့်မှာပြောစရာတွေ အများကြီးရှိနေသေးလို့ ဆက်ရေးပါရစေဦး။ အခု ဒီစာကိုရေးနေတဲ့ အချိန်ဟာ လန်ဒန်မြို့ရဲ့ မြင်ရခဲလှတဲ့ နေ၀န်းကြီး အရှေ့က ထွက်ပြူလာနေတဲ့အချိန်ပေါ့။ မနက်ခင်း ရှစ်နာရီကျော်ကျော်ပဲရှိသေးတယ်။ မနက်စာစားပီးကာစပေါ့။ ကိုယ့်လူကော ဘာစားပီးပီလဲ။ မနေ့က ပြောခဲ့တာတွေ မှတ်မိသေးလား။ ကိုယ်စွန့်လွှတ်ထားခဲ့ရတာတွေ ဆိုတာလေ။ အခုအဲဒါပဲ ဆက်ပြောရဦးမယ်။
အသိဥာဏ်မရင့်ကျက်နိုင်သေးတဲ့ လူငယ်တစ်ယောက်ရဲ့ (ကိုယ့်လူ မရယ်နဲ့နော်၊ ကိုယ့်အသက်ကိုယ့်လူ သိပါတယ်။) ရင်ထဲမှာ နှလုံးသားခံစားမှုတွေကို စွန့်လွှတ်လိုက်ရတဲ့ ဒုက္ခဟာ အတော်ကြီးတယ် ဆိုတာ ကိုယ်ကိုယ်တိုင် ကြုံရမှပဲ ယုံတော့တယ်လို့ ပြောရမလိုဖြစ်နေပြီ။ ဟုတ်တယ် သူငယ်ချင်း၊ ဟိုးအရင်တုန်းက ကိုယ့်လူနဲ့ ကိုယ် မန္တလေးမှာ အတူနေစဉ်တုန်းက မှတ်မိသေးတယ်မို့လား။ မိုးဆီသွားကြတာလေ။ ကိုယ့်လူရဲ့အသည်းလေးပေါ့။ အဲဒီတုန်းက ကိုယ်က ကိုယ့်လူသွားရာနောက်က တကောက်ကောက်လိုက်ပီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးရတဲ့ နှလုံးသားအဖြည့်ခံလေးဘ၀နဲ့ပါ။
ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ်တားခဲ့တယ်။ ရှေ့ဆက်မသွားဖို့။ ပြောမရတဲ့အခါ သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ကိုယ်ကြိုးစားခဲ့ရတယ်။ အဲဒီလိုက်လျောမှုတွေ အလိုက်သိမှုတွေကြောင့်ပဲလား မပြောနိုင်ဘူး။ ကိုယ်တို့နှစ်ယောက်ဟာ ခွဲမရတဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့ကြတယ်။ ထားပါတော့လေ။ ကိုယ့်စကားပဲ ဆက်ပါ့မယ်။ အဲဒီတုန်းက ကိုယ့်လူရင်ထဲမှာ ဘယ်လို ဘယ်လောက်ထိ နာကျင်စူးရှ ခံစားနေရတယ်ဆိုတာ ကောင်းကောင်းနားမလည်နိုင်ခဲ့ဘူး။ အခုတော့ သူငယ်ချင်း ကိုယ်ကိုယ်တိုင် ဒီလမ်းကြောင်းပေါ်ရောက်ပြီး ပန်းတိုင်တစ်ခုအတွက် နောက်လမ်းကြောင်းတစ်ခုကို ပြောင်းရတဲ့အခါ ရင်နင့်အောင် ခံစားရတဲ့ အဖြစ်ရယ်လို့ နားလည်စွာ လက်ခံကျေနပ်တတ်ပါပြီ။
ို
ကိုအမြန်ပြန်ခဲ့နော် ဆိုတဲ့ ချစ်သူ့စကားသံဟာ ကိုယ့်အသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားခဲ့ ဆိုတဲ့ စကားလုံးတွေကို ကျော်တက်ပြီး ရင်ဝကို ဒုန်းကနဲ့ လာဆောင့်လိုက်တဲ့အခါ အခုချက်ချင်းပဲ လေယာဉ်လက်မှတ်ထ၀ယ်ပြီး ပြန်ရလောက်အောင် နာကျင်ခံခက်သွားရတာလဲ အကြိမ်ကြိမ်။ ကိုယ့်ရင်ထဲက ခံစားချက်ကို ငုံ့ကြည့်ရင်း သူ့ရင်မှာ ဘယ်လိုရှိနေမယ် ဆိုတာကို ကိုယ်ချင်းစာမိလေတိုင်း အသိုင်းအ၀ိုင်းရဲ့ မျှော်လင့်ချက်ကိုတောင် ဥပေက္ခာပြု လျှစ်လျူရှုချင်စိတ်တွေ ပေါ်လာတတ်လေရဲ့။
ဒီနေရာမှာ ကိုယ်တစ်ခုစဉ်းစားမိတယ်၊ ခံစားမှု (feeling or sensation) နဲ့ ဆင်ခြင်နိုင်မှု (contemplation) သို့မဟုတ် နှလုံးသား (heart) နဲ့ ဦးဏှောက် (brain) ဆိုတဲ့ သဘောတရားတွေအကြောင်းပေါ့။ တစ်ခုနဲ့တစ်ခု ဘယ်လောက်ထိ အချင်းချင်းမှီတွယ်မှု (interdependence) ရှိကြသလဲ ဆိုတဲ့ မဆိုင်တဲ့မေးခွန်းတွေလဲ မေးမိသေးတယ်။ ရယ်စရာတော့ ခန့်ကောင်းကောင်း။ အဲလို မဆီမဆိုင် စဉ်းစားတတ်လို့ပဲ ကိုယ့်ကို သူတို့က တစ်ခါတစ်လေ ကိုကိုကြောင် တဲ့။ အဲဒီထဲမှာ ကိုယ့်ပန်းကလေးတော့ မပါပါဘူး။ သူက ကိုယ်ဘာပြောပြော နားဝင်ချိုပြီး အထင်ကြီးနေတတ်တဲ့ သူရယ်လေ။ သူကတော့ ကိုယ့်ကို ဖရော်ဖက်ဆာလေး တဲ့။ ကြည့်စမ်း၊ လှလိုက်တဲ့နာမည်။ သူမို့ပေါ့။ သူများဆို ဒီနာမည် ဘယ်လိုမှ စဉ်းစားတတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ချစ်တယ်လို့ပြောတာ။ ကိုယ်က အမြှောက်ကြိုက်တယ်လေ။
အဲဒီကြည်နူးမှုတွေ၊ တွယ်တာစရာလေးတွေကို နောက်ပြန်လှည့်ကြည့်မအားပဲ မျက်ရည်ဝဲနေတဲ့ ချစ်သူ့မျက်ဝန်းကို မကြည့်မအောင် မျက်နှာလွှဲရင်း ရှေ့ဆက်ရမယ့် ခရီးရှည်အတွက် လက်ဆွဲသေတ္တာ အသေးလေးထဲ အ၀တ်အစားတွေနဲ့ လိုအပ်ရာရာလေးတွေ အတင်းထိုးသိပ်ထည့်လိုက်ရသလို အားသစ်မာန်သစ်တွေကို ရင်ထဲအတင်းထိုးသိပ်ထည့်ပြီး မတွက်ဆ မမျှော်မှန်းနိုင်တဲ့ ခရီးရှည်တစ်ခုအတွက် အင်းအားချည့်နဲ့တဲ့ နောက်ထပ်ခြေတစ်လှမ်းကို ကြိုးစားပြီး လှမ်းခဲ့ရပြန်တယ် သူငယ်ချင်း။
Rabindranath Tagore – Gītañjalī 35 (ပါဠိ)
-
Gītañjalī 35Rabindranath Tagoreပါဠိဘာသာပြန် – နတ္ထိ Ref: Tagore,
Rabindranath. (2012). Gitanjali, Song Offerings, A Collection of Prose
Translations. New D...
1 month ago
1 comment:
တစ်ချိန်ကပျော်ရွှင်စရာလေးတွေကိုဖတ်ရတာ လူတစ်ယောက်စီကိုကူးခတ်လာသလိုပါဘဲ နှိုင်းယှဉ်မရတဲ့မေတ္တာတစ်ခုကိုခံစားရပါတယ် နောက်တစ်ချိန်ထိသာ ဒီလိုမြဲမြံနေမယ်မယ်ဆိုရင် ကိုယ်လူရဲ့ချစ်သူဟာ ဒီကမ္ဘာမှာပေါ်မှာ သူလောက်ပျော်ရမဲ့လူရှိမယ်လို့တောင်မထင်မိပါဘူး ဒီအချိန်မှာတော့ဝေဒနာတစ်ခုတော့ခံနေရမယ်နော် ဒါဟာလဲ ကြီးမားပျော်ရွှင်စရာကိုရယူချင်တဲ့လူတစ်ယောက်က ခဏတာတော့ ၀မ်းနည်းမှုကိုခံစားရတာ ဓမ္မတာပါနော်
Post a Comment