Sunday, November 1, 2009

အတ္တဆန်တဲ့အလွမ်းသမား


တစ်နေရာဆီ
ဝေးခဲ့သည်ကြောင့်
သွေဖီဘဝ
တွေ့ခွင့်မရတဲ့ အခါမျိုးမှာ
ရင်ကသစ္စာ
ချစ်မေတ္တာသည်
ပိုလာများလာ
တိုးပွါးလာသတဲ့
မင်းသိရဲ့နော်---

အချစ်သစ္စာ
ချစ်မေတ္တာစု
ဝေးကွာမှုကြောင့်
ရင်မှာ ထုဆစ်
အလွမ်း ဖြစ်မြဲ
မင်းလဲ အသိ---

မင်းရဲ့အချစ်
မေတ္တာနှစ်ကို
လွမ်းဖြစ်အောင်စု
အားမပြုနဲ့
မင်းအတွက် ပင်ပန်းမှာစိုးတယ်---

ဒါပေမဲ့
မင်းကိုချစ်တဲ့
ငါ့ရဲ့မေတ္တာ
ချစ်သစ္စာတို့
လွမ်းပုံ အတိ
မြင့်မိုရ် ရှိစေ
ငါလွမ်းနေမယ်
ငါလေ အလွမ်းအတ္တသမား---


ဘ၀စာမျက်နှာတစ်ခု


ပြူတင်းပေါက်
အလင်းရောက် လာတဲ့အချိန်
အိပ်မက်မှ လန့်နိုး
မြတ်နိုးသူနဲ့ လွဲခဲ့
အိမ်မက်မှာတောင် အစဉ်မချော
ရင်မောတဲ့ ငါ့ဘဝ
အိပ်မက်ညတွေကို တွယ်ဖက်ရင်း
စိတ်ပျက်ရတာလဲ
များခဲ့ပြီ။

သတင်းထောက်
မင်းရောက်လာတဲ့ အချိန်
စိတ်ပျက်ရ တစ်မျိုး
အချစ်ဆုံးက ကွယ်ရာမှာ
“တွယ်တာသူ အသစ်တွေ့
မင့်ကို မေ့နေပြီတဲ့”
အအိပ်ပျက်ညတွေကို ကျော်ဖြတ်ရင်း
အတိတ်နဲ့ဝေးရာလဲ
သွားခဲ့ပြီ။

အလင်းပျောက်
အမှောင်ရောက်တဲ့ အချိန်
ထိတ်ခဲ့ရ နှလုံး
အအိပ်ပျက်တဲ့ ညတွေနဲ့
အိပ်မက်ရဲ့ အစတွေကြောင့်
ရင်တုန် မောဟိုက်လို့
အရင်လို ဇောမလိုက်ချင်တော့
မျက်စိစုံ ကျိတ်ကာမှိတ်
ဇွတ်အိပ်ဖို့ ကျိုးစား
မိုးလင်းသွားတဲ့ အဖြစ်ရောက်
အချစ်ပျောက်တဲ့ ငါ့ဘဝ
အထီးကျန်မှုတွေကို မျိုချရင်း
ချစ်ခဲ့သမျှတွေလဲ
မှားခဲ့ပြီ။

Monday, October 26, 2009

ကမ္ဘာပျက်တဲ့အထိ


၂၀၁၂၊ ဒီဇင်ဘာ၊ ၂၁
ကမ္ဘာပျက်ကိန်း
တွက်ရေးနဲ့ အလုပ်ရှုပ်
တကယ်ဟုတ်/မဟုတ်တော့ မသိ
သိပံ္ပနဲ့ ဗေဒင်
ဟုတ်ချင်ဟုတ် မဟုတ်ချင်နေ
ငါ စိတ်မ၀င်စားလှ
အဲဒါ သူတို့ကိစ္စ။

ချစ်သူရေ့
ဒို့နှစ်ယောက်ရဲ့ မင်္ဂလာ
၂၀၁၂-ဒီဇင်ဘာ
၂၁-မှာ ကျင်းပမယ်
ကမ္ဘာပျက်တဲ့နေ့
ဒို့နှစ်ယောက်အတွက်
အမှတ်တရပေါ့။

ကမ္ဘာပျက်ခဲ့ရင်
တစ်ယောက်လက် တစ်ယောက်ဆွဲ
အတူတွဲလို့ သေမယ်။

ကမ္ဘာမပျက်ခဲ့ရင်
တစ်ယောက်နဲ့ တစ်ယောက်မခွဲ
အတူတွဲလို့ နေမယ်။

သေလဲ အတူတူ
နေလဲ အတူမို့
သူတို့ ပြောချင်တာ ပြောပါစေ
ကမ္ဘာပျက်ယွင်း
ဒို့ချစ်ခြင်းနဲ့ မဆိုင်
မယိုင်မလဲ ချစ်မယ်
အခိုင် အမြဲ နှစ်တွယ်
သိပ်သိပ်ချစ်တယ်။

အချစ် လောဂျစ်


ချစ်သူ
ချစ်ခြင်းနဲ့ အတူ မင်းကို ငါမျှော်လင့်နေတယ်
မတူတဲ့ ဘ၀နှစ်ခု
နီးစပ်ဖို့အရေး
ဘယ်သင်္ချာ့ လက္ခဏာကို အသုံးပြုရမလဲ?

အပေါင်းလက္ခဏာ (+)
အစုံနဲ့အမ အမနဲ့အစုံ
အမနဲ့အမ အစုံနဲ့အစုံ
ပေါင်းချင်သလိုပေါင်း
(=) ညီမျှခြင်းမှာ အဖြေတွေ့
ဒါ သင်္ချာ့ ဓလေ့ တစ်ခု။

အနှုတ်လက္ခဏာ (-)
အကြီးကို အသေးနှုတ်တော့
အကြွင်းဟာ အဖြေ ဖြစ်သတဲ့
အသေးကို အကြီးနှုတ်တော့
လိုရာဖြည့်ပေါင်း
ရလာဒ်ကောင်းတစ်ခုပေါ့
အတူကို အတူနှုတ်ရင်
အဖြေက သုည
အနေလှတယ်လို့ ငါမမြင်။

အမြှောက်လက္ခဏာ (x)
ဆပွါးတဲ့ ကိန်း
ဒို့နှစ်ယောက်အတွက်
သိပ် မကျိမ်းသေဘူး။

အစားလက္ခဏာ (-ံ့)
လိုရာခွဲယူ
ဝေစုအတွက် အငြင်းပွါး
ငါစဉ်းစားရင်း
မင်းနဲ့ ငါအတွက်
မသင့်ခဲ့ဘူး။

ပေါင်း နှုတ် မြှောက် စား
လေးပါ လက္ခဏာနဲ့ အဖြေထုတ်
အနေစုတ်တဲ့ ငါ့ဘဝ
မင်းနဲ့ မသင့်လှဘူး။

သင်္ချာနဲ့ တွက်မရတဲ့ ငါ့အချစ်
ဖြစ်ချင်တာ ဖြစ်ဖို့ဆိုရင်တော့
အပေါင်းရလာဒ်ကိုလဲ မမျှော်ရဲ
အနှုတ်နဲ့လဲ အရှုံးမပေးလို
အမြှောက်နဲ့လဲ အရမယူဝံ့
အစားနဲ့လဲ မခွဲဝေယူချင်။

ဒီတော့
သာမန် သင်္ချာနဲ့ အဖြေမတွေ့
လောဂျစ်ကို အသုံးပြု
ကနဲ့ကကို ပေါင်း (က+က) ပေမဲ့
အဖြေမှာ က နှစ်ခုမဖြစ်
က တစ်ခုတည်းသာ ဖြစ်သလို
မင်းနဲ့ငါ နှစ်ယောက်ပေါင်းပေမဲ့
အဖြေက မင်းနဲ့ငါ မဖြစ်
မင်း သို့မဟုတ် ငါ
အဲဒါ ငါဖြစ်ချင်တဲ့ အချစ်မျိုး
အတိုးအဆုတ်မရှိသလို
အခွဲအဝေဆိုတာလဲ နတ္ထိ
အမြတ်အစွန်းကိုလဲ ငါမတွက်
အရပ်သဘောကိုလဲ ငါမငဲ့
မင်းအတွက် ငါ့အချစ်
အဲဒါ ငါ့ရဲ့ အချစ်လောဂျစ်။

Friday, October 23, 2009

နေရာပေး မမှားစေနဲ့


You can put wings on a pig, but you don't make it an eagle.

Bill Clinton (1946-)


ဝက်ကို အတောင်ပံ တပ်ပေးလို့ရတယ်၊ ဒါပေမဲ့ သိန်းငှက်ဖြစ်အောင်တော့ သွားမလုပ်နဲ့။
(ဘိလ် ကလင်တန်)



Wednesday, October 21, 2009

ကောင်းသတင်းသာ ဆောင်ကျဉ်းပါ


None love the messenger who brings bad news.

Sophocles (496 BC-406 BC)


မကောင်းသတင်းတွေ ယူဆောင်လာတဲ့သူကို မည်သူမှ မကြည်ဖြူကြပေ။

(ဆိုဖကော်)

ဆုတောင်း


ရင်မှာ ဖြစ်တည်သောအချစ်
အကြင်နာ နှစ်ရှည်သောအဖြစ်နဲ့
အချစ်ကမ္ဘာ ရှည်စေသော်။

အပြစ်ဆို ကွယ်ကာပြု
အချစ်ကို တွယ်တာမှုနဲ့အတူ
မေတ္တာကမ္ဘာ တည်စေသော်။

တစ်ယောက်ဆို တစ်ယောက်ထဲ
နှစ်ယောက်ကို မဖေါက်လွဲတဲ့အဖြစ်နဲ့
သစ္စာကမ္ဘာ တည်စေသော်။

အချစ်ကမ္ဘာမှာ
မေတ္တာမိုးတွေ ရွာလို့
သစ္စာပန်းတို့ လန်းစေသော်။

Tuesday, October 20, 2009

အရုဏ်အလွမ်း



အရုဏ်ကျင်း
အလင်းရောက်
နှင်းမပျောက်တဲ့ရာသီ
ချမ်းလှပါဘိ။

ပညာရေး
အဝေးရောက်
ဆွေးမပျောက်တဲ့ ဌာနီ
လွမ်းလှပါဘိ။

ချမ်းလဲ တယ်ချမ်း
လွမ်းလဲ လွမ်းဘိ
နှင်းဖျန်း ရင်ခွင်
သူ မ၀င်မူ
ဘယ်သူ လာ၍ နွေးပါနိုင်?



Saturday, October 17, 2009

ကဲ့ရဲ့ခြင်းသဘော


ပေါရာဏမေတံ အတုလ၊ နေတံ အဇ္ဇတနာမိဝ။
နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ဒန္တိ ဗဟုဘာဏိနံ။
နိန္ဒန္တိ မိတဘာဏီနံ၊ နတ္ထိ လောကေ အနိန္ဒိတော။
(ဓမ္မပဒ)

ကဲ့ရဲ့တယ်ဆိုတာ အခုမှ မဟုတ်ဘူး၊ ဟိုးရှေးရှေးကတည်းက ထုံးစံပဲ၊
ဘာမှမပြောဘဲနေသူကိုလဲ ကဲ့ရဲ့ကြတယ်၊ စကားအများကြီးပြောတဲ့သူကိုလဲ ကဲ့ရဲ့ကြတယ်၊
နှိုင်းနှိုင်းချင့်ချင့်ပြောတဲ့သူကိုလဲ ကဲ့ရဲ့ကြတယ်၊ လောကမှာ အကဲ့ရဲ့လွတ်တဲ့လူရယ်လို့ မရှိပါဘူး။
(မြတ်ဗုဒ္ဓ)

န စာဟု န စ ဘ၀ိဿတိ၊ န စေတရဟိ ၀ိဇ္ဇတိ။
ဧကနံ္တ နိန္ဒိတော ပေါသော၊ ဧကနံ္တ ၀ါ ပသံသိတော။
(ဓမ္မပဒ)

အမြဲတမ်း အကဲ့ရဲ့ချည်းခံရသူ၊ အမြဲတမ်း အချီးမွမ်းချည်းခံရသူဆိုတာ
ယခင်ကလဲ မရှိခဲ့ဖူးဘူး၊ နောင်လဲ ရှိမှာ မဟုတ်ဘူး၊ အခုလဲ မရှိပါဘူး။
(မြတ်ဗုဒ္ဓ)

လွဲလှ တစ်လက်မပေါ့



အမေရိကန်နိုင်ငံ၊ မြို့တော်နယူးယောက်၊ မဟတ္တန်ရပ်ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သက်ဆိုင်ရာ အကြီးအကဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ချို့ တရုတ်ရုတ်နှင့် အလုပ်ရှုပ်နေကြသည်။ အကြောင်းမှာ မကြာမီ ကမ္ဘာ့ငြိမ်းချမ်းရေးသို့ရှေးရှုလျှက် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးသုံးဦး တွေ့ဆုံပြီး အစည်းအဝေး တစ်ခုကျင်းမတော့မည့် ဖြစ်သောကြောင့်ဖြစ်သည်။ အစည်းအဝေးတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာများမှာ လက်ရှိ အီရမ်နှင့် မြောက်ကိုရီးယားတို့ နျူးကလီးယားလက်နက်ဖျက်သိမ်းရေးကို လိုက်နာဆောင်ရွက်ခြင်းမရှိပဲ ဆက်လက်အကောင်အထည်ဖေါ်နေပါက စစ်ရေးအရ ပြတ်ပြတ်သားသား အရေးယူမည့်ကိစ္စအတွက်ဖြစ်ကြောင်း သိရသည်။

ထူးခြားသည်မှာ ခေါင်းဆောင်ကြီးသုံးဦးတွင် မည်သူမျှ မျှော်လင့်မထားသော မြန်မာနိုင်ငံမှ လက်ရှိစစ်ခေါင်းဆောင်ကြီးပါဝင်လာခြင်းဖြစ်သည်။ ယင်းအတွက် ကမ္ဘာ့သတင်းမီဒီယာများသာမက တစ်ကမ္ဘာလုံးကလည်း အထူးတလည်စိတ်ဝင်စားနေကြသည်။ ဂျာမဏီ၊ ရုရှ၊ ပြင်သစ်၊ အီတလီနှင့် တရုတ်ခေါင်းများမှ တစ်ဦးဦးကို ရွေးချယ်ခြင်း မရှိပဲ မြန်မာ့ခေါင်းဆောင်ကြီးကို ရွေးချယ်ခြင်းမှာ ပြည်သူလူထုက အနည်းငယ်မျှ ထောက်ခံခြင်းမရှိပါပဲလျှက် နှစ်ပေါင်းများစွာ တိုင်းပြည်ကိုအုပ်ချုပ်ထားနိုင်တဲ့အတွက် ယင်းမြန်မာ့ခေါင်းဆောင်ကြီး၏ နည်းနာနိဿယများကို အနောက်နိုင်ငံခေါင်းဆောင်များက လူချင်းတွေ့ စနည်းနာလိုသောကြောင့်ဟု သိရသည်။

အစည်းအဝေးကျင်းပချိန်နီးကပ်လာသည်နှင့်အမျှ ခေါင်းဆောင်ကြီးများ အသီးအသီး ၄င်းတို့တည်းခိုရာ ဟိုတည်ကြီးများမှ ရောက်ရှိလာကြသည်။ ရှေးဦးစွာ အိမ်ရှင်သမ္မတကြီး အိုဗားမားရောက်ရှိလာသည်။ ကုလဌာနရှိ တာဝန်ရှိသူများနှင့် ဆိုင်ရာဝန်ထမ်းများအတွက် အထူးအဆန်းမဟုတ်တော့သောကြောင့် ပုံမှန်အတိုင်းအလေးပြုနှုတ်ဆက်လိုက်ကြသည်။ ယင်းနောက် ဗြိတိရှဝန်ကြီးချုပ်ဂေါ်ဒင်ဘရောင်း ရောက်လာသည်။ မြင်နေတွေ့နေကျဖြစ်သောကြောင့် ၀န်ထမ်းများအဖို့ အထူးအဆန်းမဟုတ်တော့တဲ့တွက် ထုံးစံမပျက် နှုတ်ဆက် ဂါရ၀ပြုလိုက်ကြသည်။ နောက်ဆုံးတွင် မြန်မာ့စစ်ခေါင်းဆောင်ကြီး အစည်းအဝေးခန်းမအတွင်းသို့ လက်တစ်ဘက် ဦးခေါင်းကို မိုးအုပ်လျှက် မင်သေသေနှင့် ၀င်ရောက်လာသည်။ ဆိုင်ရာဝန်ထမ်းများနှင့် အနားရှိသတင်းထောက်များ ရုတ်ရုတ်သဲသဲဖြစ်ပြီး သူဦးငါရင် တိုးဝှေ့ကြည့်ရှုရှင်း ဓာတ်ပုံများ တဖျတ်ဖျတ် ရိုက်ယူလိုက်ကြသည်။

အနားရှိသတင်းထောက် တစ်ယောက်က ထူးခြားလှသော ဗိုလ်ချုပ်မှူးကြီးကိုကြည့်ပြီး မနေနိုင်မထိုင်နိုင်ဖြစ်ကာ အစည်းအဝေးပြီးချိန်အထိ မစောင့်နိုင်တော့ပဲ အောက်ပါမေးခွန်းတစ်ခုကို လှမ်းမေးလိုက်သည်။
“ဗိုလ်ချုပ်မှူးကြီးခင်ဗျား၊ အစည်းအဝေးခန်းမထဲဝင်လာတဲ့အခါ ဘာဖြစ်လို့ လက်တစ်ဘက်ကို ခေါင်းပေါ်တင်ထားရတာပါလဲ? ဒီက သမ္မတကြီးနှင့် ၀န်ကြီးချုပ်ကို အလေးပြုတဲ့သဘောလား?

သတင်းထောက်၏ ယင်းမေးခွန်းအတွက် မှူးချုပ်ကြီးခမျှာ စိတ်ထွက်သွားရတော့သည်။ ယင်းကြောင့် ဘာမေးမေးမပြောဟု အဓိဋ္ဌာန်ယူထားသော်လည်း စိတ်တိုတိုနှင့် အောက်ပါအတိုင်းပြန်အော်လိုက်သည်။
“ငါ့လို ဆယ်စုနှစ်နှစ်ခုကြာတဲ့အထိ တိုင်းပြည်အုပ်ချုပ် လုပ်ချင်တာလုပ်လာတဲ့ မှူးချုပ်ကြီးတစ်ယောက်က မနေ့ကမှ သမ္မတ၊ ၀န်ကြီးချုပ်ဖြစ်လာတဲ့ ဒီလူတွေကို အလေးပြုစရာလားကွ၊ သူတို့မပြောနဲ့၊ ငါ့နိုင်ငံထဲက တစ်တိုင်းတစ်ပြည်လုံး ရှိခိုးဦးတိုက်နေရတဲ့ ဘုန်းကြီးတွေကိုတောင် ငါဆိုတဲ့ကောင်က ဖမ်းဆီး၊ ထောင်ချ၊ အရေးယူ၊ သတ်ဖြတ်လာတာကွ၊ လက်ကို ခေါင်းပေါ်တင်ထားတာက ဖိနပ်စာမိမှာ စိုးလို့ကွ”

မှူးချုပ်ကြီး၏ အဖြေစကားကြားလိုက်ရသောအခါ သတင်းထောက်ခမျှာ သူ့သတင်းစာအတွက် အလွန်ခိုင်မာသော သတင်းတစ်ခုကို ရလိုက်သဖြင့် လွန်စွာပျော်ရွှင်သွားလေတော့သည်။ ယင်းနောက် မှူးချုပ်ကြီးသည် ရှောက်သီးငုံထားသော ဘီလူးမျက်နှာမျိုးဖြင့် ရှုသိုးသိုးလုပ်ကာ သူ့အတွက်ချထားသော ကုလားထိုင်တွင် ၀င်ရောက်နေရာယူလိုက်လေသည်။ အစည်းအဝေးစဖို့ အချိန်ကျလေပြီ။ ရှေးဦးစွာ အခန်းအနားမှူးက အစီးအဝေးနှင့်ပတ်သက်သော အဓိကအချက်အလက်များကို သက်ဆိုင်ရာခေါင်းဆောင်များသို့ တိုတိုကျဉ်းကျဉ်းအစီအရင်ခံ တင်ပြပြီး ခေါင်းဆောင်ကြီးမျာီးမိန့်ကြားလိုသည်များကို ဆက်လက်မိန့်ကြားနိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

သမ္မတအိုဗားမား ထိုင်ရာမှ ထလာပြီး-----
“ကျုပ်ကတော့ နိုဗယ်ဆု ပူပူနွေးနွေးရထားတာဆိုတော့ စစ်တိုက်မည့်အကြောင်း သိပ်တော့ မပြောချင်လှဘူး၊ ဒါပေမဲ့ တစ်ရွာလုံးအတွက် တစ်ယောက်ကို စွန့်ရာ၏၊ တစ်နယ်လုံးအတွက် တစ်ရွာကို စွန့်ရာ၏၊ တစ်နိုင်ငံလုံးအတွက် တစ်နယ်ကို စွန့်ရာ၏လို့ နီတိဆရာများ အမှာစကားထားခဲ့ဖူးတာရှိသမို့ (ဘုန်းကြီးကျောင်းသာ လုပ်ခဲ့ဖူးပုံရတယ်) တစ်ကမ္ဘာလုံးကောင်းစားရေးအတွက် တစ်နိုင်ငံကိုတော့ စစ်တိုက်ရတော့မယ့် အနေအထားရောက်နေပြီ၊ အဲဒီလို တိုက်တဲ့အခါ စစ်ကို ရေရှည်အချိန်ဆွဲ၊ ဟိုဟိုဒီဒီ လက်နက်မျိုးစုံသုံးပြီး တိုက်နေရင် စစ်စရိတ်စခကြီးသလို ပြည်သူလူထုတွေလဲ အထိအခိုက်များမယ်။ ဒီတော့ အဲဒီလို တိုက်နေစရာမလိုအောင် ပစ်မှတ်ကို တိုက်ရိုက်ထိမှန်နိုင်တဲ့ လက်နက်မျိုးကိုပဲ ရွေးချယ်ပြီး တိုက်ဖို့ စိတ်ကူးထားပါတယ်။ ကျုပ်တို့ အမေရိကန်လုပ်ဒုံးကျည်တွေထဲက ပစ်မှတ်ကို မလွဲတမ်းထိမှန်စေတဲ့ ဒုံးကျည်တစ်မျိုးရှိတယ်။ လိုအပ်ရင် ID နံပါတ်ကိုတောင် ရှာမှန်စေနိုင်တယ်။ ကျုပ်တော့ အဲဒီလက်နက်ကို သုံးဖို့ စိတ်ကူးထားသဗျား”

သမ္မတကြီးက သူ့စကားအဆုံးအတွင် ရှေ့မှာထိုင်နေသော ဂေါ်ဒင်ဘရောင်းနှင့် မှူးချုပ်ကြီးတို့ကို ဘယ်နှယ်လဲ-ဆိုတဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်လေသည်။ မှူးချုပ်ကြီးက ခပ်ပြုံးပြုံးနှင့် အိုဗားမားကို ပြန်ကြည့်လိုက်သည်။ သို့သော် ဗြိတိရှဝန်ကြီးချုပ် ဂေါ်ဒင်ဘရောင်းစိတ်ထဲတွင် အိုဗားမား လေကြီးသည်-ဟု မှတ်ယူကာ ထိုင်ရာကုလားထိုင်မှ ရုတ်တရက်ထလိုက်ပြီး---
“မစ္စတာအိုဗားမားပြောသွားတဲ့ အစီအစဉ် သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့လက်နက်တွေ မှတ်ပုံတင်နံပါတ်တောင် ရှာမှန်နိုင်တယ်ဆိုတာတော့ လက်မခံဘူးဗျာ၊ နည်းနည်းတော့ လွဲရဦးမှာပေါ့” ဟု ထပြောလိုက်သည်။ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် သမ္မတကြီးကလည်း “လွဲလှ တစ်လက်မပေါ့ဗျာ့” ဟု တုန့်ပြန်လိုက်လေ၏။ ထို့နောက် သူ့ကုလားထိုင်တွင် ပြန်လည်နေရာယူလိုက်သည်။

ဒုတိယစကားပြောအလှည့်ကျသည့်နိုင်ငံ့ခေါင်းဆောင်မှာ ၀န်ကြီးချုပ်ဂေါ်ဒင်ဘရောင်းဖြစ်သည်။ ထိုင်ရာမှ ထလာကာ Speaker-stand သို့လျှောက်လာပြီး စကော့သံဝဲ၀ဲဖြင့် အောက်ပါအတိုင်းပြောလိုက်သည်။
“အခုအာဖဂန်နစ္စတန်မှာ ကျုပ်တို့စစ်သားတွေ တာလီဘန်တွေနဲ့ တိုက်တဲ့အခါ အထိအခိုက် အကျအရှုံးတွေ တော်တော်များများရှိနေကြတယ်။ အဲဒါဘာလို့လဲဆိုတော့ ပစ်မှတ်ကို ကွက်တိ ထိစေနိုင်တဲ့ လက်နက်မျိုးတွေ မသုံးပဲ သာမန်လက်နက်ကိုပဲ အသုံးပြု တိုက်ခိုက်နေကြရလို့ဖြစ်ပါတယ်၊ ပစ်မှတ်ကို တိုက်ရိုက်ထိမှန်စေတဲ့ လက်နက်မျိုးတွေ ကျုပ်တို့ဆီမှာ အမြောက်အများရှိနေပေမဲ့ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဘန်မှုတွေကို မခံချင်လို့ အဲဒါတွေကို မသုံးသေးတာပါ။ ကျုပ်တို့လက်နက်တွေကို တကယ်သုံးရင် ရန်သူ့စခန်းမပြောနဲ့၊ ရန်သူတစ်ယောက်ချင်းစီရဲ့ နဖူးတည့်တည့်ကိုတောင် မိုင်ပေါင်းများစွာကနေပြီး မှန်အောင် ပစ်နိုင်စွမ်းရှိပါတယ်၊ အခုစစ်ပွဲမှာ အလိုအပ်ရင် အဲဒီလက်နက်တွေကို ထုတ်သုံးတော့မှာ ဖြစ်ပါတယ်”

ယင်းသို့ပြောပြီး အိုဗားမားမျက်နှာသို့ လှမ်းကြည့်လိုက်သည်။ အိုဗားမားက---
“၀န်ကြီးချုပ်ပြောတဲ့ လက်နက်တွေနဲ့ဆို ရန်သူတွေကို ခဏချင်းနဲ့ နိုင်မှာပဲ၊ ဒါပေမဲ့ ပြောတဲ့အတိုင်း မထိမှာပဲ စိုးရတယ်” ဟု ခနဲ့သလိုလိုနှင့် ပြန်ဝေဘန်လိုက်သည်။ မြန်မာမှူးချုပ်ကြီးခမျှာ အလွန်ဆိုးဝါးလှသော မျက်နှာထားဖြင့် ထုံးစံအတိုင်း ကြိုးစားပန်းစား ပြုံးလျှက် ရှိလေ၏။ အိုဗားမား၏ ဝေဘန်ချက်ကြောင့် မစ္စတာဂေါ်ဒင်ကလည်း အားကျမခံ “ လွဲလှ တစ်လက်မပေါ့ဗျာ” ရယ်ကျဲကျဲဖြင့် ပြန်ချေပလိုက်လေသည်။

နောက်ဆုံးစကားပြောအလှည့်ကျလာသူမှာ အများမျှော်လင့်ကြီးစွာ စောင့်စားနေကြသော မြန်မာပြည်မှ မှူးချုပ်ကြီးဖြစ်သည်။ လက်ဝါးတစ်ဘက် သူ့ခေါင်းပေါ်အုပ်ထားကာ စကားပြောခုံရှိရာသို့ ကြံ့အိုကြီးဟန်ဖြင့် တစ်လှမ်းခြင်းလျှောက်သွားပြီး လူရှေ့သူရှေ့ စကားမပြောဖူးသဖြင့် ကြောက်ဒူးတုန်ကာ အခါများစွာ ချောင်းဟတ်ဟန်ပြုလျှက်ရှိတော့သည်။ ချွဲဟတ်ပါများဖြင့် လည်ချောင်းအတွင်းရှိ ချွဲများကုန်သည့်အပြင် နှာခေါင်းဝတွင်တစ်နေသော နှပ်ချေးများလည်း တက်တက်ပါ ပြောင်စင်လေတော့၏။ အနားမှာ ထွေးထုတ်စရာ ထွေးခံလည်း အဆင်သင့်မရှိသဖြင့် မှူးချုပ်ကြီးခမျှာ လည်ချောင်းအတွင်း ရောထွေးနေသော ချွဲနှင့်နှပ်ချေးများကို ငယ်မူမပျက် အားပါးတရ မျိုချလိုက်ရလေသည်။ ထို့နောက် အစည်းအဝေးနှင့် မည်သို့မျှ ဆီဆိုင်ခြင်းမရှိသော်လည်း လွန်စွာမှတ်သားဘွယ်ကောင်းသော အောက်ပါစကားကို ငါးပိသံဝဲ၀ဲဖြင့် ပြောချလိုက်တော့သည်။
“ကျုပ်တို့ မြန်မာပြည်က အမျိုးသမီးတွေဟာ ဖင်က ကလေးမွေးကြတယ်ဗျား”

ယင်းသို့ တစ်ကြောင်းတည်းသော ၀ါကျကို ကြိုးစားပန်းစားပြောပြီးပြီးချင်း မည်သူမှ မေးခွန်းမထုတ်ခင် စတိတ်ခုံမှ ဆင်းလာကာ အစည်းအဝေးခန်းမထဲမှ ထွက်သွားတော့သည်။ အစည်းအဝေးခန်းမအတွင်းရှိ သမ္မတ၊ ၀န်ကြီးချုပ်အပြင် စိတ်ဝင်တစားနားထောင်နေသော သက်ဆိုင်ရာလူကြီးမင်းများမှာလည်း မေးခွန်းမေးဖို့ မဆိုထားဘိ ဘာပြောလိုက်သလဲ-ဟု တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အဖြေရှာနေကြရတော့သည်။ အတော်အတန်ကြာမှ သမ္မတအိုဗားမားက ဆိုလိုရင်းကို သဘောပေါက်ကာ နောက်မှ အပြေးအလွှားလိုက်သွားရင်း---
“အာ--ခင်ဗျားဟာကလဲ မဖြစ်နိုင်ပါဘူးဗျာ၊ ကလေးမွေးတာ ဗိုက်ခွဲမွေးရင်မွေး၊ မဟုတ်ရင် ဟိုအပေါက်ကမွေးတယ်ပဲ ကြားဖူးပါတယ်၊ ဘယ်နှယ် ခင်ဗျားတို့တိုင်းပြည်က အမျိုးသမီးတွေက ဖင်က ကလေးမွေးရတယ်-လို့၊ မဖြစ်နိုင်ပါဘူးဗျာ”

အိုဗားမား၏ ယင်းဝေဘန်ချက်ကို မှူးချုပ်ကြီးက လှည့်မကြည့်ပဲ ပြန်ဖြေလိုက်သည်မှာ “လွဲလှ တစ်လက်မပေါ့ဗျာ” ဟူ၏။

ကုလသမဂ္ဂဌာနချုပ်အပြင်ဘက်မှ မှူးချုပ်ကြီးထွက်လာသည့်အခါ ဖိနပ်စာကျွေးဖို့ စောင့်ဆိုင်းနေကြသည့် ရွှေဗမာများမှာလည်း ယင်းသတင်းကြားသိကြရပြီးနောက် အဆင်သင့် ချွတ်ထားသော ဖိနပ်များကို ပစ်ဖို့ သတိမရတော့ဘဲ လက်ထဲတွင် ကိုင်ထားရင်း မတ်တပ်ရပ်ကာ မင်သေသေလျှက်ရှိကြလေ၏။ ယင်းမြင်ကွင်းကို အမိအရ ဓာတ်ပုံရိုက်ယူလိုက်သော သတင်းထောက်သည် နောက်တစ်နေ့ သတင်းစာတွင် ဓာတ်ပုံနှင့်တကွ အောက်ပါအတိုင်း ရေးသားဖေါ်ပြလိုက်သည်။
“မြန်မာပြည်သူတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့်အလျှောက် ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနား-ဟူသောဆောင်ပုဒ်နှင့်အညီ ၎င်းတို့၏ ခေါင်းဆောင်အိုကြီးကို မည်မျှလေးစားကြသနည်းဟူမူ အစည်းအဝေးပြီးဆုံးသည့်နောက် ခေါင်းဆောင်ကြီး ဌာနချုပ်မှ ပြန်ထွက်လာသောအခါ စီးထားသော ဖိနပ်များကို ကိုယ်စီကိုယ်စီ တန်းစီချွတ်၊ လက်တွင်ကိုင်ထားကြပြီး ပါးစပ်အဟောင်းသားဖြင့် ဂါရ၀ပြုနေကြသည်မှာ မြင်ရသူတို့အဖို့ ကြည်နူးဘွယ်ပင် ဖြစ်သေးတော့၏” ဟူသတည်း။

Thursday, October 15, 2009

ပညာရှင်


ပညာရှင်ဆိုတာ သူများသတိမထားမိတဲ့အရာကို မှတ်တမ်းတင်ပေးတဲ့ သူကို ခေါ်တာ။
(မင်းထက်)

Tuesday, October 13, 2009

ကိုယ့်အဖြစ်နဲ့ ကိုယ်


မျက်ရည် တစ်စက်
ပါး တစ်ဘက်သို့
ဒက်ကနဲကျ
ကိုယ့်မျက်နှာ တစ်ဘက်လွှဲ
အသဲက ဒဏ်ရာကို ဖုံးဖိ
သူ မသိပါစေနဲ့။

သွေးစက် တစ်စက်
ဓား ထက်ထက်ကြောင့်
ရှထိ လက်မှ
ထွက်ကာကျတဲ့ အခါလဲ
လက်က ဒဏ်ရာကို ဖုံးဖိ
သူ မကြည့်ပါစေနဲ့။

ချွေးစက် တစ်စက်
ပင်ပန်းချက်ကြောင့်
ကိုယ်မှ ထွက်ကျ
အိမ်ပြန်ရတဲ့ အခါလဲ
ကိုယ့်ရဲ့ပင်ပန်းမှုကို ဖုံးဖိ
သူ မရှိပါစေနဲ့။

Monday, October 12, 2009

ပန်းတို့တံထွာ


ပန်ဆင်သူ ရွယ်ကိုးလို့
ပန်းမျိုးတို့ မပွင့်ပါ
ပန်ဆင်မှ ပန်းဘဝ
လှပသာယာ။

ပင်ပေါ်ပွင့် ပင်ပေါ်ကြွေ
ပန်းတစ္ဆေ အဖြစ်မျိုး
ဘယ်ပန်းမှ မဖြစ်ချင်
လှချင်ကြရိုး။

မယ့်ဆံကေ သူစံမှ
ပန်းအလှ ပိုထည်ဝါ
ဂုဏ်ဆင့်ကာ ဟန်ပန်မြင့်
မျိုးတင့်ကြွယ်လာ။

ဘယ်သူလာ ဘယ်သူခူး
ကြည်နူးလို့ သူပျော်ရွှင်
သူ့ဘ၀င် မာန်ကုန်ဟီး
စိတ်ကြီးသူဝင်။

သူညှိုးလျှင် သူ့နေရာ
ဆံကေမှာ အသစ်လဲ
မမြဲပုံ ပန်းဘဝ
သိမှသိပဲ။

Saturday, October 10, 2009

အတွေးဂိုဒေါင်


အတွေးတွေ စုပုံဖို့
နေရာတစ်ခု စဉ်းစား
ဝဠာဗွေ စကြာမျဉ်း
သိပ် ကျဉ်းပါလား။

(ပီကာဆို)




Friday, October 9, 2009

လားလာမျော


ကျနော်ငယ်စဉ် ရွာမှာ ကျောင်းသားဘ၀က (အခုလဲ ကျောင်းသားဘ၀က မလွတ်သေး) အမေဆူတဲ့အခါ အများဆုံး ကြားခဲ့ရတဲ့ စကားကတော့“လားလာမျော” ဆိုတဲ့ စကားပါပဲ။ အဲဒီတုန်းကတော့ ဒီစကားရဲ့ အဓိပ္ပါယ်ကို ကိုယ့်ဒေသသုံးမို့ အတန်အသင့် နားလည်ခဲ့ပေမဲ့ လေးလေးနက်နက် တစ်ခါမှ မတွေးခဲ့မိကြောင်း ၀န်ခံပါရစေ။ အမေက သူ့စကားနားမထောင်ပဲ၊ အိမ်မှာမနေပဲ ရွာထဲလျှောက်လည်ပြီး ပြန်လာတဲ့အခါတိုင်းလောက်နီးပါး “နံလော လားလာခဲ မျောနေ၊ အီမှာဂို နေ--ာ့မား” (မင်းတော့ လျှောက်သွားနေတာပဲ၊ အိမ်မှာတောင် မနေဘူး) လို့ ဆီးဆူတတ်ပါတယ်။ ဒီစကားအတိုင်းဆိုရင် “လားလာမျော”ရဲ့ အဓိပ္ပါယ်ဟာ “လျှောက်လည်နေတယ်” လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်မူရင်း အဓိပ္ပါယ်တော့ မဟုတ်သေးပါဘူး။

တစ်ခါတစ်လေကျပြန်တော့ ပြောတာနားမလည်တဲ့အခါ “လားလာမျော--ား၊ ဟဲ့ယာလဲ နားမ္လယ်--” (အလားအလာမရှိတဲ့ကောင်၊ ဘာမှ နားမလည်ဘူး) လို့ ဆူတတ်ပါသေးတယ်။ ဒီစကားအရ “လားလာမျော”ရဲ့ မူရင်းအဓိပ္ပါယ်ထွက်လာပါတယ်။

လားလာ = အလားအလာ၊ ကြီးပွါးချမ်းသာခွင့်နိုင်တဲ့ အခွင့်အလမ်းများ
မျော = မျောပါသွားသည်၊ ဆုံးရှုံးသွားသည်။
လားလာမျော = အနာဂတ်မှာကြီးပွါးနိုင်တဲ့ အလားအလာများ ရေစုန်မျောပါသွားသည်။

မိခင်တိုင်း မိခင်တိုင်း သားသမီးတွေကို ချစ်ကြတာ ထုံးစံပါပဲ။ အဲဒီအချစ်ကြောင့်ပဲ မိဘတော်တော်များများဟာ သူတို့သားသမီးတွေရဲ့ နောင်ရေးကို အမြဲနီးပါး တွေးနေတတ်ကြပါတယ်။ သူတို့ကိုယ်တိုင် ပညာတတ်ကြီးတွေ ဖြစ်ချင်မှ ဖြစ်ကြပေမဲ့ သူတို့သားသမီးတွေကိုတော့ ပညာတတ်ကြီးဖြစ်စေချင်ကြပါတယ်။ သူတို့ကိုယ်တိုင် ကြွယ်ဝချမ်းသာသူတွေ ဖြစ်ချင်မှ ဖြစ်ကြပေမဲ့ သားသမီးတွေကိုတော့ သူတို့မျက်မှောက်မှာဖြစ်စေ၊ မျက်ကွယ်တဲ့အခါဖြစ်စေ ကောင်းစားစေချင်၊ ချမ်းသာစေချင်၊ ကြီးပွါးစေချင်ကြပါတယ်။ ဒါဟာ မိဘမေတ္တာရဲ့ သရုပ်အမှန်တွေပါပဲ။ အဲဒီစိတ် အဲဒီမေတ္တာကို အခြေခံပြီး သားသမီးတွေ အချိုးမကျတဲ့အခါ၊ ပြောစကားနားမထောင်တဲ့အခါ ကရုဏာဒေါသ-ဆိုသလို မချင့်မရဲဖြစ်ပြီး ဆူတာ ငေါက်တာတွေလဲ ရှိလာတတ်ပါတယ်။

အဲဒီလို ဆူစရာငေါက်စရာရှိလာတဲ့အခါ ကိုယ့်ဒေသအလိုက်၊ ကိုယ့်လူမျိုးအလိုက်သုံးစွဲရတဲ့ ဘာသာစကားတွေနဲ့ ထိထိမိမိ ဆူပူတတ်ကြပါတယ်။ တစ်ခါတလေ အမေက “နံဟယ်ရွှတ်သွားနေ---ယ်၊ လားလာခဲမျောနေ--ီက” (မင်းဘယ်လျှောက်သွားနေတာလဲ? အလားအလာတွေ မျှောပစ်နေတာပဲ) ဆိုပြီးလဲ ဆူငေါက်တတ်ပါတယ်။ ဒီစကားမှာပါတဲ့ လားလာမျောရဲ့ အဓိပ္ပါယ်ကတော့ တကယ့်ကို ဆိုလိုချင်တဲ့ အဓိပ္ပါယ်ပါပဲ။ ကြိယာပုဒ်အနေနဲ့ သုံးထားတာ တွေ့နိုင်ပါတယ်။ အထက်မှာပြောခဲ့တဲ့ အဓိပ္ပါယ်ချင်းတူပေမဲ့ ဒီဝါကျမှာ တိုက်ရိုက်အားဖြင့် အလားအလာတွေ မျှောပစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို တိုက်ရိုက်ယူနိုင်ပါတယ်။

တစ်ခါတရံကျတော့ အမေက “လားလာမျော--ား၊ ဟယ်နား သွားလွမ့်နေ--ယ်” (အလားအလာမရှိတဲ့ကောင်လေး၊ ဘယ်နားသွား အလေလွင့်နေတာလဲ?) လို့လဲ ဆူတတ်ပါသေးတယ်။ ဒီဝါကျမှာတော့ “လားလာမျော” ဟာ အလားအလာမရှိသူ ဆိုတဲ့ နာမ်ပုဒ်ကို တိုက်ရိုက်ရပါတယ်။ အဲဒီတော့ လားလာမျော-ဆိုစကားလုံးကို ထားဝယ်သူ ထားဝယ်သားများက ကြိယာပုဒ်အဖြစ်ရော၊ နာမ်ပုဒ်အဖြစ်ပါ အသုံးပြု ပြောဆိုကြကြောင်း နားလည်နိုင်ပါတယ်။ ဒီဝါကျကိုပဲ နောက်တစ်မျိုးအဓိပ္ပါယ်အနေနဲ့ ဒီလိုနားလည်နိုင်ပါတယ်။ “အလားအလာမရှိသူ၊ အလေလွင့်နေသူ” ဆိုပြီး အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။ ဒီအဓိပ္ပါယ်အရ လားလာမျော-ဆိုတာ အလေလွင့်သူလို့ တိုက်ရိုက်အဓိပ္ပါယ်ရပါတယ်။

လွင့်ဂျာ-ဆိုတဲ့ ရခိုင်စကားနဲ့ ခပ်ဆင်ဆင်တူမယ်လို့ ယူဆရပါတယ်။ မြန်မာစကားမှာ ဒီလိုနေရာမျိုးမှာ ကျနော်တို့ ထားဝယ်သားတွေ ပြောသလိုမပြောကြပါဘူး။ “မင်းဘယ်သွား အလေလိုက်နေတာလဲ” လို့ပြောကြမှာပါ။ ဒါကြောင့် လားလာမျောဟာ ဒီဝါကျမှာ မြန်မာလိုစဉ်းစားရင် အပိုသက်သက်ဖြစ်လာပါတယ်။ ဒါပေမဲ့ မြန်မာစကားအရ ပိုသလိုဖြစ်နေပေမဲ့ ထားဝယ်စကားအရတော့ လားလာမျောဟာ နောက်ပြောမည့် “ဘယ်သွားလေနေသလဲ” ဆိုတဲ့ စကားကို ပိုပြီး အဓိပ္ပါယ်ရှိစေတဲ့ ၀ိသေသနလို ဖြစ်လာပြန်ပါတယ်။ စကားအသွားအလာအရ အထူးပြုပုဒ်တစ်ခုမဟုတ်ပေမဲ့ နောက်ဝါကျကို လေးနက်စေတဲ့ ပုဒ်စုတစ်ခုအနေနဲ့ မှတ်ယူနိုင်ပါတယ်။ မြန်မာဝါစင်္ကတွေနဲ့ စဉ်းစားရင်တော့ အာလုပ်ပုဒ် တစ်ခုအနေနဲ့ မှတ်ယူနိုင်ပါတယ်။

အထက်ပါ စကားစဉ်အရ ထားဝယ်သူ ထားဝယ်သားတွေသုံးတဲ့ လားလာမျောရဲ့ အဓိပ္ပါယ်တွေဟာ
(၁) လျှောက်လည်နေသည် (ကြိယာပုဒ်)၊
(၂) အလားအလာမရှိသူ (နာမ်ပုဒ်)
(၃) အလားအလာကို မျှောပစ်သည် (ကြိယာပုဒ်)
(၄) အလေလွင့်သူ (နာမ်ပုဒ်) နဲ့
(၅) နောက်ဝါကျပါစကားလုံးများကို အားဖြည့်ပေးတဲ့ အာလုပ်ပုဒ်
ဆိုတဲ့ အဓိပ္ပါယ်တွေ ရကြောင်း သိနိုင်ပါတယ်။

ဒီကဏ္ဍမှာ အချိန်ရရင်ရသလို ကျနော်တို့ ထားဝယ်သူထားဝယ်သားတွေရဲ့ စကားအသုံးနှုံးနဲ့ စိတ်ဝင်စားဘွယ်ရာလေးတွေကို အလျှင်းသင့်သလို တင်ပြပေးသွားမှာဖြစ်တယ်။ စိတ်ဝင်စားသူများ ဗဟုဿုတအဖြစ်လေ့လာနိုင်ပါကြောင်း။

Thursday, October 8, 2009

မူဝါဒနှင့် အယူဝါဒ


မူဝါဒသည် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်သက်ဆိုင်၍ အယူဝါဒသည် ယုံကြည်မှုနှင့် သက်ဆိုင်သည်ဟု ကျနော်မြင်သည်။ တစ်နည်းအားဖြင့် မူဝါဒဟူသည် အများဆိုင်ဖြစ်ပြီး အယူဝါဒသည်ကား လူတစ်ဦးတစ်ယောက်၏ လွတ်လပ်သော အတွေးအခေါ်နှင့် သက်ဆိုင်သည်။ ဤသည်ပင် ကျနော့်အယူဝါဒလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် လူတစ်ယောက်ဦးတစ်ယောက်သည် သက်ဆိုင်ရာ အစိုးရနှင့် အဖွဲ့အစည်းများက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာနေရသကဲ့သို့ တစ်ချိန်တည်းမှာပင် မိမိကိုယ်တိုင်၏ ယုံကြည်ရာကိုလည်း ဆောင်ရွက်ရင်း အသက်ရှင်သန်နေရကြောင်း မှတ်ယူနိုင်သည်။

“မူကိုတော့ ကြိုက်ပါတယ်ကွာ၊ ဒါပေမဲ့ လူကိုတော့ မကြိုက်ဘူး” ဟု ပြောဆိုသော စကားများကို အဖွဲ့အစည်းအတွင်း နေထိုင်သူများ မကြာခဏ ကြားရနိုင်သည်။ အမှန်အားဖြင့် လူကို မကြိုက်ဘူး-ဆိုသော စကားသည် ထိုသူ၏ ယုံကြည်ချက်အရ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံများကို မကြိုက်ခြင်း-ဟု ကျနော် ဖွင့်ဆို နားလည်ချင်သည်။ “မူကောင်းပါလျှက် လူမကောင်းတဲ့အတွက် ပျက်ရတယ်”ဆိုသည့်နေရာမှာလဲ ချမှတ်ထားသောမူဝါဒသည် ထိုပုဂ္ဂိုလ်၏ အယူဝါဒကို မလွန်ဆန်နိုင်ဖြစ်ကာ ကိုယ်လက်ခံယုံကြည်သလို လုပ်မိတဲ့အတွက် မလိုလားအပ်သော ဆိုးကျိုးများပေါ်ပေါက်လာရခြင်း ဖြစ်နိုင်သည်။

တစ်ခါတရံ အယူဝါဒကောင်းသော်လဲ မူဝါဒမကောင်းသဖြင့် ပျက်စီးသွားရသည်များလည်း များစွာပင်ရှိသည်။ အသို့ဆိုသော် မူဝါဒကောင်း၊ အယူဝါဒကောင်းဟူသည် အဘယ်နည်း? ဟု မေးခွန်းထုတ်ဘွယ်ရှိသည်။ ယင်းမေးခွန်းကို Yes or No ဖြင့် အဖြေပေး၍ မဖြစ်နိုင်သလို ပုံသေနည်းသုံးပြီး တစ်ထစ်ချအဖြေပေး၍လည်း မဖြစ်နိုင်ချေ။ လူတစ်ယောက်စီက အဖြေတစ်ခုစီ ထွက်လာမည်မှာ သေချာသည်။ လူတိုင်းလူတိုင်းသည် မိမိကိုယ်တိုင်၏ အယူဝါဒကို အမှန်ဟု ယူဆတတ်ကြမြဲဖြစ်သည်-ဟု ထင်သည်။ မိမိအယူကို အမှန်ဟု မယူဆပါက ဆက်လက်ကိုင်စွဲထားစရာမလို၊ ပယ်ဖျက်ပြီး နောက်တစ်မျိုးကို ယူနိုင်သည်။ ယုံကြည်နိုင်သည်။

ဤနေရတွင် အယူဝါဒ-ဆိုရာဝယ် များသောအားဖြင့် သက်ဆိုင်ရာ ဘာသာရေးအရ ယုံကြည်လက်ခံထားသော အယူအဆသည် ရာခိုင်နှုံးအမြင့်ဆုံးအနေထားတွင် ရှိသည်။ မူဝါဒ-ဆိုသည်မှာလည်း သက်ဆိုင်ရာ နိုင်ငံအလိုက် လက်ခံကျင့်သုံးနေသော အစိုးရစနစ်များကို အများဆုံးညွှန်ပြကြပေလိမ့်မည်။ ယင်းသို့ဖြစ်သောအခါ မူဝါဒသည် နိုင်ငံရေးနှင့် ပတ်သက်၍ အယူဝါဒသည် ဘာသာရေးနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်။ ထို့ကြောင့် မူဝါဒသည် နိုင်ငံရေးဖြစ်၍ အယူဝါဒသည် ဘာသာရေးဖြစ်လာရတော့သည်။ လူတစ်ဦးတစ်ယောက်အတွက် နိုင်ငံရေးသည် ယခုပစ္စက္ခအတွက် အရေးပါသလို ဘာသာရေးသည်လည်း နောင်တမလွန်အတွက် အရေးကြီးသည်။ မူဝါဒကောင်းလျှင် ယခုဘ၀မှာ ချမ်းသာပြီး အယူဝါဒကောင်းလျှင် နောင်ဘ၀လက်ခံ ယုံကြည်သူများအတွက် နောင်ဘ၀မှာ ချမ်းသာနိုင်သည်။ နောင်ဘ၀ကို မယုံကြည်သူများအတွက်လည်း ယခုဘ၀တွင် စိတ်ချမ်းသာခွင့်ရနိုင်သည်။ ထို့ကြောင့် မူဝါဒနှင့် အယူဝါဒသည် အကောင်းဖြစ်ဖို့ အလွန်အရေးကြီးလှသည်။

မူဝါဒသည် ကောင်းသည်ဖြစ်စေ/မကောင်းသည်ဖြစ်စေ၊ အယူဝါဒသည်လည်း ကောင်းဖြစ်စေ/ဆိုးသည်ဖြစ်စေ၊ ပယ်စွန့်ဖို့ရန် အလွန်မလွယ်ကူသော အရာများဖြစ်သည်ကို လူတိုင်းသိသည်။ မူဝါဒဆိုးတစ်ခုကို ချေမှုန်းပြီး မူဝါဒကောင်းတစ်ခု၊ သို့မဟုတ် ကောင်းသည်ဟု ထင်ရသော မူဝါဒတစ်ခုကို မွေးစားဖို့အတွက် လူပေါင်းများစွာတို့ အသက်ပေါင်းများစွာပေး၍ နှစ်ပေါင်းများစွာ တော်လှန်ကြရသလို အယူဝါဒတစ်ခုကို ပယ်စွန့်ပြီး ပိုကောင်းသည်ဟုထင်ရသော အယူဝါဒတစ်ခု ထူထောင်ရန်မှာလည်း လွန်စွာခဲခက်သော အလုပ်ဖြစ်ကြောင်း အများနားလည်ကြသည်။ အဘယ်ကြောင်းနည်း?

အဖြေသည် ရှုထောင့်အမျိုးမျိုးမှ ကြည့်၍ ရှုပ်ထွေးနိုင်သော်လည်း လွယ်ကူသောအဖြေတစ်ခုကားရှိသည်။ ယင်းမှာ သက်ဆိုင်ရာ မူဝါဒရေးရာခေါင်းဆောင်များနှင့် အယူဝါဒရေးရာခေါင်းဆောင်တို့၏ အတ္တဆန်မှုပင်ဖြစ်သည်။ တော်လှန်သည်-ဟူသောစကားလုံးသည် မူဝါဒနှင့်ဆိုင်သလို အယူဝါဒနှင့်လည်း ဆိုင်သည်။ ထို့အပြင် အဖိနှိပ်ခံတို့၏ မခံမရပ်နိုင်မှုနှင့်လည်းသက်ဆိုင်သည်။ နိုင်ငံရေးအရ ဖိနှိပ်ခံရသူတို့က သက်ဆိုင်ရာ မူဝါဒကို တော်လှန်၍ ဘာသာရေးအရ ဖိနှိပ်ခံရသူတို့ကလည်း သက်ဆိုင်ရာ အယူဝါဒကို တော်လှန်ကြသည်။

ယနေ့ခေတ်တွင် ဘာသာရေးအရတော်လှန်မှုသည် လွန်စွာမထင်ရှားတော့သော်လည်း သက်ဆိုင်ရာ အဖိနှိပ်ခံလူတန်းစားများ၏ နှလုံးအိမ်တွင်မူ အုံကြွလျှက် ပေါက်ကွဲချိန်ကို စောင့်စားနေကြလေပြီ။ နိုင်ငံရေးအရ အဖိနှိပ်ခံလူတန်းစားများသည်ကား တူရာလူစုပြီး တိုက်ပွဲဝင်နေကြလေပြီ။ နိုင်ငံရေးအရ မူဝါဒကို တော်လှန်သည်ဖြစ်စေ၊ ဘာသာရေးအရ အယူဝါဒကို တော်လှန်သည်ဖြစ်စေ၊ ပန်းတိုင်မှာ တစ်ခုတည်းသာဖြစ်သည်။ ယင်းကား လွန်လပ်မှုပင်တည်း။ ယင်းလွတ်လပ်မှုအတွက် သက်ဆိုင်ရာ အဖိနှိပ်ခံလူတန်းစားအလွှာ အသီးသီးတို့က အသက်အသေခံပြီး တိုက်ပွဲဝင်နေကြရသည်။

ယနေ့မြန်မာပြည်သူတို့သည်လည်း ကမ္ဘာတစ်ဝှန်းရှိ အဖိနှိပ်ခံ လူတန်းစားများတွင် အလွှာတစ်ခုအနေဖြင့် ပါဝင်နေသည်။ နိုင်ငံရေးအရရော ဘာသာရေးအရပါ လွတ်လပ်မှုများဆုံးရှုံးပြီး မူဝါဒရေးရာတော်လှန်ရေးတိုက်ပွဲများနှင့် အယူဝါဒရေးရာတော်လှန်ရေးတိုက်ပွဲများကို ကဏ္ဍအသီးသီးမှ ၀ါဝင်ဆောင်ရွက်နေကြသည်။ အထူးသဖြင့် နိုင်ငံရေးအရ မူဝါဒအဟောင်းကို လက်မခံနိုင်ကြသဖြင့် မူဝါဒအသစ်တစ်ခုသို့ ဦးတည်ရည်မှန်းကာ လှုပ်ရှားနေကြသည်။ သို့သော် အုပ်ချုပ်သူအလွှာတစ်ခု၏ အတ္တဆန်မှုကြောင့် ဆယ်စုနှစ်ပေါင်းများစွာကြာသည့်တိုင် လွတ်လပ်ခွင့်ကို မရကြသေး။ အသက်အသေခံကြသည်။ စည်းစိမ်အပျက်ခံကြသည်။

သို့သော် အုပ်ချုပ်သူအလွှာတို့ အတ္တဆန်နေသေးသမျှ၊ တော်လှန်သူအလွှာတို့ မညီညွတ်နိုင်သေးသမျှ လက်ရှိမူဝါဒကို ချေဖျက်ဖို့ရာ လွယ်ကူမည်မဟုတ်ပေ။ အသက်အိုးအိမ်စည်းစိမ်များကို ဆက်လက်ရင်းနှီးကြရပေဦးမည်။ မိမိမကြိုက်သော အယူဝါဒကို မိမိစိတ်ထဲမှာပင် ပယ်ဖျက်ပစ်နိုင်သော်လည်း မိမိမကြိုက်သော မူဝါဒကိုကား ယင်းနည်းအားဖြင့် ပယ်ဖျက်၍ မရနိုင်ချေ။ ယင်းအတွက် သဘောတူရာ အဖိနှိပ်ခံတို့ စုရုံးညီညွတ်မှဖြစ်နိုင်သည်။ မူဝါဒအဟောင်းကို ချေဖျက်ဖို့ အဖိနှိပ်ခံတို့ မညီညွတ်နိုင်သေးသမျှ ဖိနှိပ်သူအာဏာရှင်တို့၏ ပလ္လင်ကို ကောင်းစွာလှုပ်ရှားစေနိုင်လိမ့်မည်မဟုတ်ကြောင်း ကောင်းစွာလက်ခံအပ်သတည်း။

ငယ်စဉ်က အတွေး



ထိုနေ့က မင်းမင်း အိမ်အပြန်နောက်ကျသည်။ အတန်းပြီးချိန် မိုးသည်းထန်စွာ ရွာသွန်းနေသေးသဖြင့် လွယ်အိပ်ထဲ ထည့်ယူလာသော စကောသာသာ ထီးကလေးကို အားမကိုးလောက်။ စာသင်ခန်းထဲမှာပင် အခြားကျောင်းသားများနည်းတူ အချိန်ဖြုန်းရင်း ဆော့နေရသေးသည်။ ထမင်းဆာသည်။ အိမ်အမြန်ပြန်ချင်နေသည်။ ပါလာသော ထမင်းဗူးမှာ နေ့လည်ကတည်းက ကုန်ပြီ။ ကျောင်းဝင်းအတွင်းရှိ ဈေးတန်းမှာလည်း ရာသီဥတုကြောင့် စောစောပင် သိမ်းလိုက်ကြသည်။ ကျောင်းဆင်းချိန် ၀ယ်စားစရာလည်း ဘာမျှ မရှိတော့။ မိုးအစဲစောင့်ရင်း ဆော့နေရသည်မှာလည်း ပျော်စရာမကောင်းလှ။ စိတ်က အိမ်ကိုသာ တမ်းတနေမိသည်။ အမေနှင့်အဖေ၊ အမနှင့်ညီမငယ်လေးများကို တွေ့ချင်လှပြီ။

မိနစ်သုံးဆယ်လောက် မနားတမ်း ကြမ်းနေသော မောင်းမကန်မိုးသည် တဖြေးဖြေးအားပျော့လာသည်။ ထီးကောင်းကောင်းရှိသူများနှင့် မိုးကာအင်္ကျီပါသူများမှာ အလျှိုအလျှို ပြန်နစ်ကုန်ပြီ။ တဖြေးဖြေး ကျောင်းဝင်းအတွင်း လူအရေအတွက် နည်းသထက်နည်းနည်းလာသည်။ မင်းမင်းလည်း မနေသာတော့။ လွယ်အိပ်ကို ပုခုံးသိုင်းလွယ်လိုက်ပြီး ပါလာတဲ့ ထီးစုတ်လေးကို အသာဖွင့်လိုက်သည်။ သူ့နည်းတူ မိုးအတိတ်စောင့်စားရင်း ခုံတန်းရှည်တစ်ခုအပေါ်လှပစွာထိုင်နေသော အိမ်နီးနားချင်း အတန်းဖေါ်သူငယ်ချင်းမလေး မိုးမြင့်ဝေကို ပြန်ဖို့ပြောလိုက်သည်။ မိုးမြင့်ဝေ အသာထလာသည်။ “ဟုတ် မင်းမင်း၊ ငါလဲ ပြန်ချင်လှပြီဟယ်၊ ဒီမိုးကလဲ ပြီးပဲ မပြီးနိုင်တော့ဘူး”။ မိုးမြင့်ဝေလည်း မင်းမင်းနှယ် မိုးကို မကျေနပ်။

မောင်းမကန်ကမ်းခြေအနီးရှိ စာသင်ကျောင်းကလေးသည် မင်းမင်းတို့ မိုးမြင့်ဝေတို့အိမ်မှ တစ်မိုင်ကျော်ကျော်ဝေးသည်။ စက်ဘီးမရှိသဖြင့် ကျောင်းသွားကျောင်းပြန် လမ်းလျှောက်ကြရသည်။ ယခုလို မိုးတွင်းကာလများမှာ သူတို့လေးတွေအတွက် သိပ်တော့ မသက်သာလှ။ မောင်းမကန်မိုးမှာ ကမ်းခြေက တိုက်ခတ်လာသော လေသရမ်းကြောင့် တည်တည်ငြိမ်ငြိမ် ရွာသည်တော့ မဟုတ်။ ပါလာသော ထီးစုတ်လေးမှာ တစ်ကိုယ်လုံးမဆိုထားဘိ၊ ခေါင်းကိုပင် မနည်းလုံအောင်ကာကွယ်ပေးနေရရှာသည်။ မစဲသေးသော်လည်း ခပ်ကျဲကျဲ ကျနေသော မိုးစက်မိုးပေါက်များသည် လေအဝှေ့မှာ တစ်ကိုယ်လုံးကို လာမှန်နေသည်။ မင်းမင်းရော မိုးမြင့်ဝေရော သူတို့တွင်ပါလာသော ထီးကလေးများကို အနိပ်ဆုံးဖြစ်အောင် ခေါင်းနှင့်ထီးရွက် ထိသည်အထိ အုပ်မိုးထားကြရရှာသည်။ စာအုပ်များထည့်ထားသော လွယ်အိပ်ကို အထူးဂရုစိုက်ပြီး ပိုက်ထားရသည်။ နောက်ကမိုးပက်လျှင် လွယ်အိပ်ကို ရင်မှာပွေ့ထားရပြီး ရှေ့ကမိုးပက်လျှင် မိုးဘက်ကျောပေးကာ ခဏရပ်နေရသေးသည်။ မင်းမင်းသည် စာကို ချစ်သလို စာအုပ်များကိုလည်း မြတ်နိုးသည်။ စာအုပ်များ မိုးအစိုမခံနိုင်ပေ။ မိုးမြင့်ဝေလည်း သူ့နှင်နှင်။ သူတို့နှစ်ယောက်လုံးမှာ အတန်းထဲတွင် စာတော်သော ကလေးများဖြစ်ကြသည်။

မညှာသောမိုး၊ ရွာသွန်းဖြိုး၍လည်း မပြီးနိုင်။ မင်းမင်း သူ့အိမ်ဝင်းအနားရောက်လာသည်။ မိုးမြင့်ဝေလည်း သူ့အိမ်ဘက်ထွက်သွားလေပြီ။ အိမ်ဝင်းထဲ ၀င်ဝင်ချင်း မင်းမင်းတွေ့လိုက်ရသော မြင်ကွင်းမှာ သူညီ အငယ်ကောင်လေး တံစက်မြိတ်တွင် မိုးရေချိုးရင်း ဖားလိုက်ရိုက်နေသော မြင်ကွင်းဖြစ်သည်။ ထိုမြင်ကွင်းကို မင်းမင်းမကြိုက်။ “သူများအသက် မသတ်ရ”ဟု စာထဲမှာဖတ်ဖူးသည်။ အတန်းထဲမှာ ဆရာဆရာမများကလည်း သင်ပြဖူးသည်။ အခု သူ့ညီလေး သူများအသက် လိုက်သတ်နေပြီ။ နုနယ်သေးသော သူ့နှလုံးသားထဲ ဖားကလေးများကို သနားခြင်းနှင့်အတူ သူ့ညီ၏လုပ်ရပ်ကို တားဆီးလိုစိတ် ချက်ချင်း ၀င်ရောက်လာတော့သည်။

“ဟေ့ကောင် စုစု၊ သူများအသက် မသတ်ရဘူးကွ၊ ငရဲကြီးတတ်တယ်”
မင်းမင်း လှမ်းအော်လိုက်သည်။ တံစက်မြိတ်ပေါ်ကျနေသော မိုးသီးမိုးပေါက်များနှင့် ခပ်ပြင်းပြင်းသရမ်းနေသော လေတိုက်ခပ်သံကြောင့် အငယ်ကောင် ကြားဟန်မတူ။ မင်းမင်းစိတ်ထွက်သွားဟန်တူသည်။ သူ့ညီရှိရာသို့ အပြေးကလေး သွားလိုက်ပြီး “ဟေ့ကောင် ငါပြောနေတာ မင်းမကြားဘူးလား”၊ ပြောပြောဆိုဆို သူ့ညီခေါင်းကို လက်သီးခပ်ပြင်းပြင်း တစ်ချက်ပေးလိုက်သည်။ အငယ်ကောင်ခမျှာ ဘုမသိဘမသိနှင့် ငိုယိုကာ အိမ်ပေါ်တက်ပြေးသွားသည်။ ကလေးတစ်ယောက်အတွက် အားကိုးရာအစစ်သည် ချစ်စွာသော မိခင်ပင်ဖြစ်သည်။ မိခင်၏ ရင်ခွင်ထက် ပိုမိုလုံခြုံသောနေရာသည် သူတို့တွက် ဘယ်နေရာမှာမှ မရှိ။

“ဟဲ့ မင်းမင်း၊ ကလေးကို ဘာဖြစ်လို့ လက်သီးနဲ့ ထိုးရတာလဲ?” ဒေါ်မြင့်မြင့် သူ့သားအကြီးကောင်ကို လှမ်းအော်လိုက်သည်။ “သူက တံစက်မြိတ်မှာ ဖားရိုက်နေတာ အမေ၊ အဲဒါ တားမရလို့” မင်းမင်းမှာ အဖြေရှိသည်။ မှန်သည့်အတိုင်းပင် ပြန်ဖြေလိုက်သည်။ “အမယ်လေးတော်---မင်းက အခုမှ ငါးတန်းပဲ ရှိသေးတယ်၊ တကယ့်ဆရာကြီး လေသံနဲ့ပါလား၊ သူက ကလေးလေးဟဲ့၊ ဘာမှ သိသေးတာ မဟုတ်ဘူး” ဒေါ်မြင့်မြင့် သားငယ်ကို ကာကွယ်စကားဆိုသည်။ မင်းမင်းဘာမှ ပြန်မပြောတော့။ လွယ်အိပ်ကို တိုင်မှာချိတ်လိုက်သည်။ စိုရွှဲနေသော အင်္ကျီ ဘောင်းဘီများကို ချွတ်လဲလိုက်သည်။ ရေပင်မချိုးနိုင်ရှာသေး။ ဆာနေသော ဗိုက်ကိုဖြည့်တင်းဖို့ မီးဖိုချောင်သို့ ၀င်ပြီး သူ့အမေ ဒေါ်မြင့်မြင့် အသင့်ချက်ပြုတ်ထားသော ထမင်းဟင်းများကို ဆာဆာနှင့် တအားလွေးလိုက်သည်။

ထမင်းစားရင်း မင်းမင်းစိတ်ထဲမှာ မှန်သည်လား/မှားသည်လား သူကိုယ်တိုင်ဝေခွဲမရသော အတွေးတစ်ခု ခိုနေသည်။ “ငါပြောတာ ကောင်းတာပြောတာပဲ၊ ညီလေး ဒီလိုဖားတွေ လိုက်ရိုက်နေရင် ငရဲကြီးမှာပေါ့၊ အမေက ဘာဖြစ်လို့ ငါ့ကို ဆူရလဲ မသိဘူး၊ အမေတို့က ဘာမှန်းလဲ မသိဘူး”။ ထမင်းအ၀စားပြီး ပန်းကန်ကိုဆေးသည်။ လက်ကိုဆပ်ပြာနှင့် ပြောင်စင်အောင် ဆေးကြောလိုက်ပြီး စားပွဲပေါ်ထွင် သူ့အမေ ခေါက်ထားသော လက်သုပ်ပ၀ါဖြင့် သေသေချာချာ သုပ်လိုက်သည်။ မအိပ်ချင်သေးသော်လည်း အိမ်ခန်းထဲ ၀င်လာခဲ့သည်။ သူ့စိတ်ထဲမှာ အတွေးစက မပျယ်သေး။ အခန်းထဲရှိ ပန်းများဝေဆာနေသော ဘုရားစင်ရှေ့ရောက်လာသည်။ ဘုရားကျောင်းဆောင်ငယ်လေးထဲတွင် သပ်ပါယ်စွာ သီတင်းသုံးထိုင်တော်မူနေသော ဗုဒ္ဓရုပ်ပွါးတော်ကို မော်ဖူးရင်း ကျက်မှတ်ခဲ့ဖူးသော ကဗျာလေးတစ်ပိုဒ်ကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို”
“အသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျားအသက်ကို”

အထာသိ၊ ကြည့်ဆက်ဆံ


လုဒၶ မေတၳန ဂေဏွယ်၊
ထဒၶ မဥၨလိကမၼဳနာ။
မူဠှံဆန္ဒာနုဝတ္တေန၊
တထာတထေန ပဏ္ဍိတံ။
(စာဏကျ-၃၃)

အလိုကြီးသူကို ဥစ္စာဓနပေးကမ်းခြင်းဖြင့် ဆက်ဆံပါ၊
အမျက်ကြီးသူကို ရိုသေသမှုပြုခြင်းဖြင့် ဆက်ဆံပါ၊
ထုံဖျဉ်းတွေဝေသူကို လိုက်လျောခြင်းဖြင့် ဆက်ဆံပါ၊
ပညာရှိကို ဟုတ်တိုင်းမှန်ရာပြောဆိုခြင်းဖြင့် ဆက်ဆံပါ။
(ရှေးဆုံးမစာ)

မဟာဇနကစိတ်ဓာတ်


သော အဟံ ၀ါယမိဿာမိ၊
ယထာသတ္တိ ယထာဗလံ။
ဂစံ္ဆ ပါရံ သမုဒ္ဒဿ၊
ကဿံ ပုရိသကာရိယံ။
(ဇာတက)


သတ္တိဗလ၊ ရှိသမျှဖြင့်၊
နောက်မဆုတ်တမ်း၊ ငါကြိုးပန်းအံ့၊
ယောက်ျားမှန်ရဲ့၊ ဇွဲလက်နက်ဖြင့်
တစ်ဘက်ကမ်းရောက်၊ ငါကူးမြောက်အံ့။
(မဟာဇနကမင်းသား)