Saturday, August 1, 2009

ပညာရှင်သုံးအင်္ဂလိပ်စာ


ပြောရဦးမယ် ကျနော့်အကြောင်း။ ကျနော့်ခမျှာ အင်္ဂလန်ရောက်ပြီး အင်္ဂလိပ်စာညံ့နေလို့ တက္ကသိုလ်ချက်ချင်းမတက်နိုင်ရှာသေးဘူး။ ဒါနဲ့ ဘာလုပ်ရလဲ ဆိုတော့ အပြင် အင်္ဂလိပ်စာသင်တဲ့ကျောင်းမှာ သုံးလသင်တန်းတစ်ခုအတွက် စတာလင်ပေါင် (၄၅၀)နှုံးနဲ့ တစ်နှစ်ကျော်ကျော်လောက်တက်လိုက်ရသေးတယ်။ အဲဒါပြီးတော့မှ IELTS စာမေးပွဲကို သုံးခါလောက်ဖြေရတယ်။ ဖြေတော့လဲ လိုချင်တဲ့ Band/Level (7) မရပြန်ဘူး။ ဒါပေမဲ့ ကျနော်တက်မည့် SOAS ကောလိပ်၊ လန်ဒန်တက္ကသိုလ်မှာ နိုင်ငံခြားကျောင်းသားတွေအတွက် အခွင့်အရေးတစ်ခုရှိတယ်။

အဲဒါက ဘာလဲဆိုတော့ Pre-sessional Course ခေါ် အင်္ဂလိပ်စာမွန်းမံသင်တန်းတစ်ခုဖွင့်ထားပေးတယ်။ Band (7) အထိမရတဲ့နိုင်ငံခြားကျောင်းသားတွေအားလုံး အဲဒီသင်တန်းတက်ကြရတယ်။ အဲဒီသင်တန်းက နှစ်မျိုးရှိတယ်။ တစ်ခုက ရှစ်ပတ်ကြာသင်တန်း၊ နောက်တစ်ခုက လေးပတ်ကြာသင်တန်း။ IELTS စာမေးပွဲမှာ Level (6) ပဲရတဲ့ကျောင်းသားတွေဟာ ရှစ်ပတ်ကြာသင်တန်းတက်ကြရတယ်။ Level (6.5) ရရင်တော့ လေးပတ်ကြာသင်တန်းကို တက်ခွင့်ပြုပါတယ်။ ကျနော်ကတော့ ရှစ်ပတ်ကြာသင်တန်းတက်ရတယ်ဆိုတော့ စဉ်းစားသာကြည့်ပေတော့။

သင်တန်းကြေးကတော့ သိပ်မများပါဘူး။ ရှစ်ပတ်ကြာသင်တန်းအတွက် စတာလင်ပေါင် (၂၃၈၀) တိတိပေးရတယ်။ မြန်မာကျပ်ငွေနဲ့ ယောင်လို့များ မတွက်မိစေနဲ့။ ခေါင်းမူးသွားမယ်။ လက်ရှိပေါက်ဈေး စတာလင်တစ်ပေါင်ကို မြန်မာကျပ်ငွေ(၁၈၀၀)နဲ့ပဲ တွက်ကြည့်ပေါ့။ နည်းနည်းနောနော မဟုတ်ဘူးနော်။ ဒီလောက်ငွေကြေးအမြောက်အများ အကုန်အကျခံပြီးတက်ရတာ ဘာတွေ သင်ပေးတာမို့လို့လဲ လို့မေးစရာရှိတယ်။ အင်္ဂလိပ်စာသက်သက်ပါပဲ။ ဒါပေမဲ့ "Academic English" တဲ့။ Academic English ဆိုတာ မွေးကတည်းက အင်္ဂလိပ်လိုပြောလာတဲ့ အင်္ဂလိပ်လူမျိုးတွေတောင် မတတ်ကြပါဘူး။ ဒါကြောင့် အဲဒီသင်တန်းက ဈေးကြီးတာ။

IELTS စာမွေးပွဲဖြေဖို့ အပြင်ကျောင်းမှာ အင်္ဂလိပ်စာသင်ရတုန်းကလဲ ကျောင်းက သင်ပေးတဲ့ အင်္ဂလိပ်စာက Academic ပါပဲ။ Cambridge University ထုတ်စာအုပ်တွေကို ရွေးသင်ပေးတာ။ စာမေးပွဲမှာလဲ General နဲ့ Academic နှစ်မျိုးရှိတဲ့အနက် တက္ကသိုလ်တက်မည့် ကျောင်းသားတွေအားလုံး Academic လိုင်းကိုပဲရွေးကြရတယ်။ General ကိုမဖြေရဘူး။ အဲဒီ Academic English Exam ကို ဖြေပြီး သင့်တော်တဲ့ Level ရလို့ တက္ကသိုလ်တက်ခွင့်ရတဲ့ ကျနော့်ခမျှာ တက္ကသိုလ်ရောက်ပြန်တော့ Academic English ကို ကျွမ်းကျင်ဖို့ ပြန်သင်နေရပြန်တယ်။

ကျနော်တို့အတန်းကို ကိုင်တဲ့ ဗြိတိရှလူမျိုး အင်္ဂလိပ်စာဆရာမ ကက်သရင်းလူးဝင်းစ်က ဘာပြောလဲဆိုတော့ “မင်းတို့ သင်ယူခဲ့တဲ့ IELTS က Academic မဟုတ်ဘူး” တဲ့။ စိတ်ဓာတ်ကျပါဘိခြင်း။ ကျနော့်ခမျှာ IELTS အောင်တုန်းက ကိုယ့်ကိုယ်ကို ငါတော်တော်ဟုတ်လှပြီလို့ အောက်မေ့ခဲ့ရသေးတယ်။ သူနဲ့တွေ့မှ ဒါလဲ Academic မဟုတ်သေးဘူးတဲ့။ သူကိုယ်တိုင်က IELTS စာမေးပွဲတွေမှာ စာစစ်နေရတဲ့ ဆရာမတစ်ယောက်ကိုး။ ဒါနဲ့ Academic English ဆိုတာ ဘယ်လိုဟာမျိုးတုန်းလို့ သင်ရင်းသင်ရင်းနဲ့ သတိထားလာရတယ်။ အာပါးပါး မလွယ်ဘူးဗျို့။ စည်းကမ်းတွေ အလွန်များတာကလား။ နောက်တစ်ခု ဆရာမက ပြောသေးတယ်။ “ဗြိတိန်မှာ အင်္ဂလိပ်လို ရေးသားထုတ်ဝေတဲ့ သတင်းစာစောင်ရေ ရာချီရှိရှိတဲ့အနက် တကယ် Academic English နဲ့ ရေးတဲ့ သတင်းစာတွေဟာ နှစ်စောင်သုံးစောင်လောက်ပဲရှိတယ်” တဲ့။ အဲဒါတွေကတော့ The Times နဲ့ The Financial Times စတာတွေပါပဲ။

တကယ်တော့ Academic English ဆိုတာ သုတေသနပညာရှင်တွေ အကြောင်းအရာခိုင်ခိုင်လုံလုံနဲ့ ရေးသားထားတဲ့ အင်္ဂလိပ်စာမျိုးပါ။
(၁) မိမိတင်ပြလိုတဲ့ အကြောင်းအရာမှန်သမျှကို ပိုမိုခိုင်မာစေဖို့ Reference (အကိုးအကား) တွေ မဖြစ်မနေပါရတယ်။
(၂) အဓိပ္ပါယ်နှစ်မျိုးထွက်နိုင်တဲ့ Slang/Idiom/Colloquial/Phrasal verb တွေနဲ့ လုံးဝမရေးရဘူး။
(၃) အကြောင်းအရာတစ်ခုခုကို တစ်ဘက်သတ်ဆန်ဆန် မတင်ပြရဘူး။
(၄) မိမိအယူအဆကို ပြောချင်ရင်လဲ ဘာကြောင့်ဒီလိုပြောရတယ်ဆိုတာ ခိုင်လုံအောင် အကြောင်းပြရတယ်။
(၅) စကားလုံးတိုင်းမှာ ယဉ်ကျေးသိမ်မွေ့တဲ့ သဘောပါဝင်ရတယ်။
(၆) အကြောင်းအကျိုး မခိုင်လုံတဲ့ အကြောင်းအရာကို မတင်ပြရဘူး။
(ရ) ဖြစ်နိုင်သမျှ Passive Form နဲ့ ရေးရမယ်၊ Active Form ကို ရှောင်ရမယ်။
(၈) I, you စတဲ့ Subjective Term (ပုဂ္ဂလဒိဋ္ဌာန်စကားလုံး) တွေကို တတ်နိုင်မျှရှောင်ရမယ်။ အဲဒီအတွက် Passive ကို သုံးရပါတယ်။
(၉) တတ်နိုင်သမျှ Objective (ဓမ္မဒိဋ္ဌာန်ကျခြင်း) ဖြစ်ရမယ်။ အဲဒီအတွက် it, this စတာတွေကို သုံးရပါတယ်။
(၁၀) သွယ်ဝိုက်တဲ့ အရေးအသားမျိုးမဖြစ်စေရဘူး။ စာဖတ်သူခေါင်းထဲကို မိမိပြောချင်တဲ့အကြောင်းအရာကို တိုက်ရိုက်ထည့်ပေးနိုင်ရမယ်။
(၁၁) All, Every, Nothing စတဲ့ ၀ါးလုံးသိမ်းပြောတဲ့ "Sweeping Statement" တွေကို ရှောင်ရမယ်။
(၁၂) I'm, don't, they're စတဲ့ Contract Form တွေနဲ့ လုံးဝမရေးရဘူး၊ I am, do not, they are ဒီလိုပုံမျိုးနဲ့ပဲ ရေးရမယ်။
စသည်စသည် အများကြီးပါပဲ။

ကျနော်လဲ အခုမှ စတင်လေ့လာသင်ယူနေရတုန်း ရှိပါသေးတယ်။ သိပ်များများ မသိသေးပါဘူး။ သိသလောက်လေးကို ပြောပြတာပါ။ နောက်ပြီး ကျနော်ရေးတဲ့ အင်္ဂလိပ်စာတွေကို Academic Criteria တွေနဲ့ ပြန်စစ်ကြည့်တယ်။ အဟဲ--ပြောရမှာတောင် ခပ်ရှက်ရှက်။ တစ်ခုမှ အသုံးမကျဘူး။ ဒါပေမဲ့ သိမ်းထားပါတယ်။ နောင်တစ်ချိန်ပြန်ကြည့်ရအောင်လို့။ ဘယ်လိုများ ကွာလဲပေါ့။ မြန်မာပြည်မှာတုန်းကလဲ အင်္ဂလိပ်စာကို အများကြီး သင်ခဲ့ရတယ်။ အင်ဒိယမှာ MA တက်နေတုန်းကလဲ နှစ်နှစ်လုံးလုံး အင်္ဂလိပ်စာနဲ့ပဲ သင်ယူခဲ့ရတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒီ Academic English ဆိုတာကို မသိခဲ့ရဘူး။ ရိုးရိုးသားသားဝန်ခံရရင် Academic ဆိုတာ အကယ်ဒမီ ထူးချွန်ဆုတစ်မျိုးလို့ပဲ အောက်မေ့ခဲ့ဘူးတယ်။ အော်--ဒုက္ခပါလားနော်၊ ငါ့နှယ်။

အဲဒီတော့ အင်္ဂလိပ်နိုင်ငံက အဆင့်မီတက္ကသိုလ်ကြီးတွေမှာ တက္ကသိုလ်ကျောင်းသားတစ်ယောက် ကျကျနနဖြစ်ချင်သပဆိုရင်တော့ အထက်မှာ ကျနော်ပြောခဲ့တဲ့ Academic Criteria တွေနဲ့ တတ်နိုင်သမျှ ကိုက်ညီအောင် အင်္ဂလိပ်စာကို ကြိုတင်ကျိုးစား လေ့လာထားဖို့တော့ လိုမယ်ဗျာ။ အနာဂတ်ရည်ရွယ်ချက် ကြီးကြီးမားမားရှိကြတဲ့ ကျနော့်ညီငယ် ညီမငယ်တွေကို အဲဒါလေးပြောပြချင်ပါတယ်။ တော်ကြာ တက္ကသိုလ်ရောက်ရောက်ချင်း ကျနော့်လို အူကြောင်ကြောင်ဖြစ်နေကြမှာစိုးလို့။ ကြိုးစားကြနော်။ Academic ဖြစ်အောင်။

1 comment:

မေဓာဝီ said...

ကိုမင်းထက်ရေ ... ကျမလဲ ဒီမှာသာ ကျောင်းတက်နေတယ်၊ ပညာရှင်သုံး အင်္ဂလိပ်စာ မတတ်ဘူးရှင့်။ အချင်းချင်း communicate လုပ်ဖို့တောင် ခုထိ အဆင်မပြေချင်သေးဘူး။ ညံ့တာအဲဒီလောက်ထိ။ :(
ကိုမင်းထက်ကို အားကျမိပါတယ်။ ကျမတော့ အများကြီး လုပ်ဖို့ လိုသေးတယ်။