Sunday, August 30, 2009

လက်ရှိဇာတ်ကောင်ရုပ်

အဟား၊ မေဓာဝီလာအော် နေပြီ “ကိုမင်းထက်ကြီး တဂ်ထားတာ ကြာပြီ၊ အခုထိ ပြန်မတဂ်သေးဘူးလား” တဲ့။ တဂ်ပါ့မယ်ဗျာ။ သူလုပ်တာနဲ့ ကိုယ့်အကြောင်း လူသိတော့မှာပဲ။ ကဲ ပြောမရရင်လဲ တဂ်ပြီ။

ပစ္စုပ္ပန်မှာ

လိုချင်တာ
တစ်ခုမှ မရသေး။

ဖြစ်ချင်တာမဖြစ်ရလို့
စိတ်နာနာနဲ့ မဖြစ်ချင်တာကိုပဲ
ကျိပ်ပြီးလက်ခံထားလိုက်တယ်။

အများဆုံးတွေးမိတာကတော့
ယူရိုမီလျံပေါက်ရင် ဘာလုပ်မယ်ဆိုတာပဲ။

ရေးဖြစ်တဲ့ စာတွေကတော့
ဖတ်မိသူ နောက်တစ်ခါ ပြန်မဖတ်ချင်တဲ့ စာမျိုး။

အချစ်ဆုံးလူကို ပြောပါဆိုရင်
ကိုယ့်ကိုယ်ကိုပဲ၊ မညာဘူးနော်။

အမုန်းဆုံးလူကို ပြောပါဆိုရင်တော့
ဒါလဲ ကိုယ့်ကိုယ်ကိုပဲ ပြောရမယ်။

ဘာကို အဓိကခံစားတတ်သလဲဆိုတော့
ဂီတရသ။

ဆန့်ကျင်ဘက်လိင်တွေအပေါ်မှာ
စိတ်ဝင်စားတတ်တဲ့ အကျင့်ကလေးတော့ လက်ရှိအချိန်အထိ ပုထုဇဉ်ပီသနေဆဲ။

ဘာကို အလိုချင်ဆုံးလဲ မေးရင်တော့
လွတ်လပ်မှု။

နားထောင်ဖြစ်တဲ့ သီချင်းကတော့
တွံတေးသိန်းတန်ရဲ့ “အချစ်တစ်ပွဲနဲ့ စစ်ပွဲတစ်ရာ”။

အကြိုက်ဆုံးအစားအစာကတော့
ဗမာအစားအစာ။

မကြိုက်ဆုံးအစားအစာကတော့
ကုလားအစားအစာ။

အသီးထဲမှာတော့
ပန်းသစ်တော်သီးကို အကြိုက်ဆုံးပဲ။

အကြိုက်ဆုံးအရေကတော့
ဟဲဟဲ။ ရေပါပဲဗျာ။

အဖြစ်ချင်ဆုံးကတော့
အမြဲတမ်းစိတ်ချမ်းသာသူ။

မဖြစ်ချင်ဆုံးကတော့
အမြဲတမ်းစာကျက်/ကြည့်နေရတဲ့ ကျောင်းသားဘ၀။

ကောင်မလေးတွေအပေါ်မှာတော့
ယောက်ျားလေးတွေနဲ့ မတူဘူးလို့ မြင်မိတယ်။

လူတွေအပေါ်မြင်တဲ့ အမြင်ကတော့
သိပ်မသဲကွဲဘူး။

လူတွေက ကိုယ့်အပေါ်မြင်တဲ့ အမြင်ကတော့
ဂျစ်ကပ်ကပ်ကောင်တစ်ယောက်။

လောလောဆယ်အများဆုံးလုပ်ဖြစ်တာကတော့
တစ်နေကုန် ရုပ်ရှင်ကြည့်တယ်။ (ကျောင်းအားနေသည်။)

ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့
အားလုံးခေါင်းရင်းမှာပုံထားတယ်။

ကျမ်းမာရေးကတော့
သူမသာ ကိုယ်မသာပါပဲ။

ရောက်ဖြစ်တဲ့နေရာအများစုကတော့
မသွားချင်တဲ့နေရာတွေ။

တစ်ခါတရံရွတ်မိတဲ့ကဗျာတစ်ပုဒ်ကတော့
“အရောင်အသွေး၊ မပြောင်သေးခင်၊
ကလေးကလှောင်၊ ခွေးကဟောင်မယ်၊
ဟေ့ကောင်မင်းထက်၊ စိတ်မပျက်နဲ့၊
ရှေ့ဆက်အလုပ်လုပ်”။

လွမ်းမိတဲ့နေရာတစ်ခုကတော့
မောင်းမကန်ကန်းခြေ။

သနားနေမိတာကတော့
ကိုယ့်ကိုယ်ကိုနဲ့ ကိုယ်နဲ့တူတဲ့လူတွေအားလုံး။

မေ့ပစ်ချင်တဲ့အရာတစ်ခုကတော့
မေ့လို့မရနိုင်တဲ့အရာ။

ချီးကျူးမိတဲ့လူတွေကတော့
အများအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသူတွေ။

ကဲ့ရဲ့ရှုပ်ချမိသူတွေကတော့
ကိုယ်ကျိုးကြည့်အတ္တသမားတွေ။

ှဆန္ဒမရှိတဲ့နေရာကတော့
ယခုလက်ရှိနေရာ။

ဆန္ဒရှိတဲ့ နေရာကတော့
အညာကို ပြန်ချင်တယ်။

စွဲလမ်းနေမိတာက
ကော်ဖီခါးခါးတစ်ခွက်။

အမြဲလွမ်းနေမိတာက
၃၁-ဘုံက ချစ်သူများ။

စိတ်ဝင်စားဆုံးအရာတစ်ခုကတော့
ဒဿန။

လိုအပ်နေတာတစ်ခုကတော့
မလိုအပ်တာတွေ လုပ်တဲ့အကျင့်ဖျောက်ဖို့။

ခိုကပ်တတ်တဲ့အကျင့်ကတော့
ငယ်ငယ်ကတည်းက မပါတာ။

ဝန်ခံချင်ကတော့
ကျနော်ဟာ လူသားတစ်ယောက်ပါဗျာ။

ကိုယ့်ကိုယ်ကို ပြန်ပေးတဲ့ လက်ဆောင်


A friend is a gift you give yourself.

Robert Louis Stevenson (1850-1894)

မိတ်ဆွေဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပေးတဲ့ လက်ဆောင်တစ်မျိုးပဲ။

(ရောဘတ်လူးစစ်စ် စတီဗင်ဆန်)


“လက်ဆောင်”ဟုပြောသောအခါ ကိုယ်က သူများကိုပေးတဲ့လက်ဆောင်၊ သူများက ကိုယ့်ကိုပေးတဲ့လက်ဆောင်ဟု အများနားလည်ပြီးဖြစ်သည်။ သို့သော် ကိုယ့်ကိုယ်ကို လက်ဆောင်ပြန်ပေးသည်ဟု၎င်း၊ ကိုယ့်ကိုယ်ကို ပြန်ပေးရတဲ့လက်ဆောင်တစ်မျိုးရှိသည်ဟု၎င်း ပြောသောအခါ ရယ်ကောင်းရယ်ကြပေမည်။ ၀တ္ထု၊ ကဗျာ၊ အက်ဆေးနှင့် ခရီးသွားစာပေရေးသားသူ စကော့တလန်နိုင်ငံသား စာရေးဆရာကြီး ရောဘတ်လူးစစ်စ်ကမူ လောကမှာ ကိုယ့်ကိုယ်ပြန်ပေးတဲ့ လက်ဆောင်တစ်မျိုးရှိသည် ဟုဆိုသည်။ ထိုလက်ဆောင်မှာ “မိတ်ဆွေ” ပင်တည်း။ သို့သော် မိတ်ဆွေဟု စကားလုံးအားဖြင့် အလွယ်တကူပြောဆိုနေကြသော်လည်း ၎င်း၏အနက်အဓိပ္ပါယ်မှာ များစွာကျယ်ပြောသလို အလွန်ရဖို့ခဲရင်းသော၊ သို့မဟုတ် ပေးဖို့ခက်ခဲသော လက်ဆောင်တစ်မျိုးလဲဖြစ်သည်။

ကျနော့်ဘ၀မှာ မိတ်ဆွေအမျိုးမျိုးရှိခဲ့ဖူးသည်၊ ရှိလဲရှိနေဆဲ၊ နောင်လဲ ရှိနေပေဦးမည်။ မိတ်ဆွေမရှိ၍ မဖြစ်။ “အမိတ္တဿ ကုတော သုခံ-မိတ်ဆွေမရှိသူအား ချမ်းသာမရှိ” ဟု နီတိဆရာများ မိန့်မှာခဲ့ကြသည်။ လူသည် အသိုင်းအ၀ိုင်းနှင့် နေထိုင်ရှင်သန်ရသော သတ္တ၀ါ တစ်မျိုးဖြစ်သည်။ အသိုင်းအ၀ိုင်းနှင်း ကင်းမဲ့သွားပါက ထိုသူ့ကို နိပ်ကျသော တိရစ္ဆာန်ဟု၎င်း၊ သို့မဟုတ် မြင့်မြတ်သော နတ်ဒေ၀တာဟု၎င်း မှတ်ယူနိုင်ကြောင်း ဂရိဒဿနဆရာကြီး အရစ္စတိုတယ်လ်က ပြောဖူးသည်။ ကျနော်သည် တိရစ္ဆာန်လည်း မဖြစ်လိုပါ၊ ထို့အတူ နတ်ဒေ၀တာလဲ မဖြစ်လိုပါ။ ကျနော်ဖြစ်ချင်သောအရာမှာ လူပီသသော လူတစ်ယောက်ဖြစ်သည်။ ထိုသို့ဖြစ်ဖို့အတွက် မိတ်ဆွေအပေါင်းအသင်းကို ဆက်လက်ရှာဖွေရပေဦးမည်။

လွန်ခဲ့တဲ့ သုံးရက်လောက်က ကျနော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က သူ့အခက်ခဲလေးတစ်ခုကို ပြောပြသည်။ သူ့နဲ့အလွန်ရင်းနှီးသူ လုပ်ဖေါ်ကိုင်ဖက် တစ်ယောက်က အခုတစ်လော သူ့အပေါ်ဆက်ဆံပုံ မူမမှန်ကြောင်း၊ သူ့ကိုယ်သူပဲ တော်တယ်၊ တတ်တယ်၊ လှတယ်လို့ထင်နေကြောင်း ပြောပြသည်။ ကျနော် ကောင်း၏/ဆိုး၏ မှတ်ချက်တစ်စုံတစ်ရာပြန်မပေးလိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် ယင်းစကားအားလုံးသည် သူ့တစ်ဦးတည်း၏ ပါးစပ်မှ ထွက်လာသော စကားများသာဖြစ်သည်။ မှန်ချင်လဲမှန်ပေမည်၊ အပိုအလိုတွေလဲ ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့် ကျနော်မသိရသော ဟိုဘက်လူကိုအပြစ်ဖို့ပြီး ကျနော့်မိတ်ဆွေတိုင်တန်းသော စကားများကို အတည်မယူပါ။ သို့သော် သူ့ကို မေးခွန်းတစ်ခု ပြန်မေးလိုက်သည်။ “ခင်ဗျားက အဲဒီလို ထင်နေတာမျိုးကော မဖြစ်နိုင်ဘူးလား?၊ နောက်ပြီး အဒီလိုပြောရလောက်အောင် ခိုင်လုံတဲ့ အထောက်အထားတွေကော ရှိလို့လား?”။ ထိုမေးခွန်းအတွက် သူပေးသောအဖြေသည် သူ့အထင်သာဖြစ်သည်။

သူက သူ့ရဲ့မိတ်ဆွေအပေါ် “သူတစ်ပါးကို အကောင်းမမြင်တတ်သူ၊ ကိုယ့်ကိုယ်ကိုပဲ အထင်ကြီးသူ၊ မြင်မြင်သမျှကို ကိုယ်နဲ့နှိုင်းယှဉ်တတ်သူ” အဖြစ် မြင်သည်။ လူတစ်ယောက် စရိုက်တစ်မျိုးစီလွှမ်းမိုးခံနေရတဲ့အတွက် သူ့အမြင် မှန်ကောင်းမှန်နိုင်သည်။ သို့သော် ယင်းပြစ်ချက်၊ သို့မဟုတ် စွပ်စွဲချက်အားလုံးသည် အချင်းချင်း စိတ်ဝမ်းကွဲပြားနေတဲ့အခါ ပိုမိုပေါ်လွင်သယောင်ရှိတတ်သည်။ တစ်ဘက်သား၏ သာမန်အပြုအမူများသည် မိမိက ဂရုတစိုက်ကြည့်နေတဲ့အခါမျိုးမှာ “ငါ့ကိုပဲ စောင်းပြီး လုပ်လေသလား? ပြောလေသလား? စသည်အားဖြင့် “လား?” ပေါင်းများစွာ ခေါင်းထဲဝင်လာပြီး အမြင်မကြည်မလင်ဖြစ်တတ်သည်။ ထို့ကြောင့် ကျနော်သည် ကျနော်မကြိုက်တဲ့သူတွေနဲ့ မတွေ့မိအောင် ကျိုးစားနေသည်။ ထိုသူတို့၏ သာမန်အပြောအဆို အမူအယာများကြောင့် ကျနော် အကုသိုလ်မပွါးလိုပါ။ ကျနော့်မိတ်ဆွေကိုလဲ ယင်းသဘောကို ပြောပြဖြစ်သည်။

အပေါင်းအသင်းဆိုင်ရာ ဘုရားစာပေလာ လမ်းညွှန်ချက်များနှင့် ခေတ်ပညာရှင်တို့ အဆိုအမိန့်တွေ များစွာရှိသော်လဲ ကျနော့်တို့လို သာမန်လူတွေအတွက် တစ်ခါတရံမှာ လိုက်နာဖို့ရာ ခက်ခဲလှသည်။ သို့သော်လဲ အပေါင်းအသင်းဆိုင်ရာ Key တစ်ခုတော့ရှိသည်။ ယင်းမှာ တစ်ဘက်သားအလိုသို့ တတ်နိုင်သမျှ လိုက်လျောခြင်းပင်တည်း။ မိတ်ဆွေအပေါင်းအသင်း တည်မြဲရေးမှာ သူ့အလိုသို့ လိုက်လျောခြင်းသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်ကြောင်း သတိထားမိက သိနိုင်သည်။ ကျနော်ရထားသော ရေရှည်/ရေတိုမိတ်ဆွေမြောက်များစွာတို့ကို သတ္တုချကြည့်ပါက “သူ့အလိုသို့လိုက်လျောခြင်း” ကီးကို အခါများစွာ အသုံးပြုခဲ့ကြောင်း ၀န်ခံရပေမည်။ တစ်ရံတစ်ခါ ကိုယ့်ဆန္ဒနည်းနည်းမှ မပါပဲ လိုက်လျောခဲ့ရသော အခါများလဲ များစွာများစွာပင်ရှိခဲ့ဖူးပါသည်။ ယင်းအတွက် ကျနော်ရလိုက်သော ရလာဒ်မှာ ထိုသူများသည် ကျနော့်အတွက် ဘာမဆို လုပ်ပေးဝံ့သော သူများဖြစ်လာခဲ့ကြသည်။ ကျနော်သည် ယင်းကီးကို အသုံးပြုပြီး ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်များစွာ ပေးခဲ့ဖူးသည်၊ အခုလဲ ပေးနေဆဲ၊ နောင်လဲ ပေးနေရဦးမည်သာဖြစ်ပါသတည်း။

အားလုံး ကိုယ့်ကိုယ်ကို လက်ဆောင်ကောင်းတွေ ပေးနိုင်ကြပါစေ----။


Saturday, August 29, 2009

ဣတ္ထိ၀င်္ကံ


လူတိုင်းလောက်နီးပါး တစ်ဘ၀မှာ တစ်ခါလောက်တော့ အနည်းဆုံး ကျကျနန အညာခံရဖူးမည်ထင်ပါသည်။ အညာခံရခြင်းသည် အလွန်ခံပြင်းချင်စရာကောင်းသော စော်ကားခံရမှုတစ်ခုဟု ကျနော်မြင်သည်။ သို့သော် အကျိုးစီးပွါးပျက်စီးလောက်အောင်အညာခံရခြင်းမျိုးမဟုတ်ပါက တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခွင့်လွှတ်နိုင်ပါသေးသည်။ ကျနော့်ဘ၀မှာ အညာခံပေါင်းများခဲ့ပါပြီ။ ကိုယ်က သူများကို ညာခဲ့ဖူးတာ ရှိသလို သူများတွေရဲ့ အညာကိုလဲ မကြာခဏဆိုသလို ခံခဲ့ရဖူးသည်။ ၀ဋ်လိုက်လေခြင်းလောဟု ကျနော်စဉ်းစားနေမိသည်။ ဖြစ်ကောင်းဖြစ်ပေမည်။ ၀ဋ်ဆိုလျှင်လဲ ကျေစေတော့ရယ်လို့ အားချိစွာ တောင်းဆုပြုမိသည်။

ကျနော့်ဘ၀ထဲကို သူရောက်လာပုံက ထူးဆန်းသည်။ သို့မဟုတ် တိုက်တိုက်ဆိုင်ဆိုင်ဟု ဆိုရပေမည်။ ကြာခဲ့ပါပြီ။ လွန်ခဲ့သော တစ်နှစ်ကျော်ကျော်လောက်က ဖြစ်သည်။ ကျနော့် g-mail ထဲကို e-mail တစ်စောင်ဝင်လာသည်။ “------- မနက်ဖန် ကျူတိုရီရယ် ရှိတယ်နော်၊ ရှင်လာမယ် မဟုတ်လား၊ ကျမတို့ကျောင်းမှာတွေ့ကြတာပေါ့၊----------” တဲ့။ သူ့စာဖတ်ပြီး ကျနော် ဇဝေဇ၀ါဖြစ်သွားသည်။ ငါ့မှာလဲ ဘာကျူတိုရီရယ်မှ လုပ်စရာမရှိပါလား။ အောက်က နာမည်ဖတ်လိုက်တော့ ကျနော်နဲ့ သိပ်ရင်းနှီးတဲ့ ကောင်မလေးတစ်ယောက်ရဲ့နာမည်မျိုး။ လိပ်စာကလဲ ကျနော့်ဆီမူထားတဲ့ လိပ်စာ၊ တစ်ခုခုတော့ မှားနေပြီဟု ကျနော်ကောက်ချက်ချမိသည်။

ကျနော်စာပြန်လိုက်သည်။ “ငါ--------မဟုတ်ဘူး၊ မင်းလူမှားနေပြီ” ဟု။ သူ့ဆီက စာပြန်လာသည်။ “ရှင်ကျမကို အရူးမလုပ်နဲ့နော်၊ ဘာလူမှားလဲ----------ရဲ့” တဲ့။ ဂွတော့ ကျနေပြီ။ ဘယ်လိုလုပ်ရပါ့။ ပြဿနာက သူလဲမဟုတ်၊ ကျနော်လဲမဟုတ်၊ ကျနော်နဲ့ ချွတ်စွပ်နာမည်တူ သူငယ်ချင်းတစ်ယောက် သူ့မှာ ရှိနေခြင်းဖြစ်သည်။ အဲဒီလူရဲ့ e-mail လိပ်စာကလဲ “N” တစ်လုံးပိုတာကလွဲရင် ကျနော့်လိပ်စာနဲ့ အားလုံးတူသည်။ ကျနော်အဖြေရလိုက်သည်။ သူဒါကြောင့် မှားနေတာကိုး။ သူ့ကို ရှင်းပြလိုက်တဲ့အခါ သူသဘောပေါက်သွားသည်။ ဒါပေမဲ့ ဇာတ်လမ်းက အဲဒီမှာတင်ပြတ်မသွားပဲ ရှေ့ဆက်တိုးလာသည်။

နောက်တစ်နေ့ သူနဲ့ အွန်လိုင်းမှာတွေ့သည်။ သူက စပြောသည်။ “ဟေ့-------” တဲ့။ ကျနော်စာပြန်လိုက်သည်။ “ငါ မင်းသူငယ်ချင်း-------မဟုတ်ဘူးဟ”။ ကျနော့်အကောက်ကို သူ့သူငယ်ချင်းအကောက်လို့ပဲ မှတ်ယူနေဆဲဖြစ်သည်။ သူ့သူငယ်ချင်းမဟုတ်ကြောင်း ပြောလိုက်တော့ “ရှင်ကျမကို စကားမပြောချင်ရင် Block လုပ်နိုင်တယ်နော်” တဲ့။ ကျနော်ပြန်ပြောလိုက်သည်။ “အဲလိုလဲ မဟုတ်သေးဘူးလေ၊ အရင်က သူငယ်ချင်းမဟုတ်ပေမဲ့ အခုသူငယ်ချင်းဖြစ်လို့ရတာပဲ”လို့။ “ဒါဆိုလဲ ပြီးတာပဲ” တဲ့၊ သူတုန့်ပြန်သည်။ ဒီလိုနဲ့ သူနဲ့ ကျနော် အွန်လိုင်းမှာ အသိမိတ်ဆွေတွေဖြစ်လာခဲ့ကြသည်။

ငါးလလောက်ကြာပြီးတဲ့အခါ ရင်းနှီးမှုတွေ တိုးသထက်တိုးလာသည်။ သူ့မိန်းကလေးသူငယ်ချင်းတစ်ချို့က သူ့ကို ကျနော်နဲ့ သဘောတူသည်။ ကျနော်ဘက်ကလဲ ပြတ်ပြတ်သားသားမငြင်းလေတော့ သာမန်ခင်မင်မှုအဆင့်ကို ကျော်လာခဲ့သည်။ ဒါပေမဲ့ ကျနော်တစ်ခုတော့ သူ့ကို သေသေချာချာပြောခဲ့သည်။ “ငါ့မှာ ချစ်သူရှိတယ်နော်၊ ငါမင်းကို ညီမလေးတစ်ယောက်လိုပဲ ချစ်မယ်” လို့။ သူဘာမှပြန်မပြော။ အဲဒီနောက်ပိုင်းတွေမှာ သူမကြာခဏပြောဖူးတဲ့ စကားတစ်ခွန်းရှိသည်။ “ရှင့်ကို မရမကလာယူမှာနော်၊ ပုန်းနေမယ် မကြံနဲ့” တဲ့။ ခင်မင်မှုကြောင့် နောက်တာပဲလို့ ကျနော်တွေးသည်။

သူ စလုံးနဲ့စတဲ့ နိုင်ငံတစ်နိုင်ငံသို့ ပညာသင်ဖို့ထွက်သွားသည်။ ကျနော်နဲ့ ပိုနီးစပ်လာသည်။ အင်္ဂလန်ကနေ စလုံးသို့ ViopDiscount ဖြင့် ဖုန်းအလကားပြောနိုင်သည်။ သူ့မှာ အခက်အခဲရှိတိုင်း လာလာပြောပြ၊ ညီးပြလေ့ရှိသည်။ ကျနော် နားထောင်ပေးသည်။ ကျနော်လဲ မကြာခဏဖုန်းဆက်ဖြစ်သည်။ တစ်ခါတစ်လေ သူလိုအပ်တဲ့ စာလေးဘာလေး ရေးပေးဖြစ်သည်။ ကျနော်လဲ သူ့ကို ချစ်မိနေပြီလား မပြောတတ်။ ဒါပေမဲ့ ကျနော့်မှာ ချစ်သူရှိနေကြောင်းကို ကျနော်မမေ့။ ချစ်သူအပေါ် သစ္စာရှိဖို့ ဆုံးဖြတ်ထားသည်။ သူ့ကိုတော့ ညီမလေးတစ်ယောက်ထက် မပိုမိအောင် သတိထားခဲ့သည်။

အဲဒီကာလတွေအတွင်း သူ့ကို အသဲအသန်ကြိုက်နေတဲ့ သူဋ္ဌေးသားတစ်ယောက်လဲ ရှိသည်။ သူ့အတွက် ဘာမဆိုလုပ်ပေးနိုင်စွမ်းရှိသည်။ အဲဒီလူကလဲ ကျနော့်ကို အားကျသည်။ Lucky man လို့ မကြာခဏပြောဖူးသည်။ ကျနော်ကတော့ ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ တစ်ခါမှ မယူဆခဲ့မိ။ ဒါ့အပြင် ကျနော်နဲ့ နာမည်တူတဲ့ သူ့သူငယ်ချင်းကလဲ ကျနော့်ကို ကံကောင်းတဲ့လူလို့ ပြောပြန်သည်။ သူနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ လူအတော်များများသိခွင့်ရသည်။ သူတို့အားလုံးက ကျနော့်ကို ကံကောင်းသူလို့ ထင်ကြသည်။ ဘာကြောင့်လဲတော့ ကျနော်မသိ။ အခုထိလဲ ဘာကံကောင်းမှန်းမသိရသေး။

တစ်နေ့ကျနော့်ချစ်သူက သူနဲ့အဆက်အသွယ်ရှိမှန်းသိသွားပြီး ကျနော့်ကို ပြတ်ပြတ်သားသားရွေးချယ်ဖို့ပြောသည်။ ကျနော်ဇဝေဇ၀ါမဖြစ်ခဲ့ပါ။ ငါမင်းကိုပဲ ချစ်တယ်လို့ ပြောလိုက်သည်။ ဒါပေမဲ့ ကျနော်ကြားထဲမှာ ဗျာများခဲ့ရသည်။ ချစ်သူနဲ့စကားပြောတဲ့အခါ ချစ်သူက ရင်ဘတ်အောင့်ကြောင်း မကြာခဏပြောလာသည်။ သူနဲ့တွေ့တဲ့အခါလဲ သိပ်နေမကောင်းကြောင်း၊ ရင်ဘတ်အောင့်ကြောင်း ပြောပြန်သည်။ ဘာကြောင့် အောင့်ကြသည်တော့ ကျနော်မသိ။ နောက်ပိုင်းသူတို့နှစ်ယောက် e-mail လိပ်စာရကြပြီး အွန်လိုင်းမှာ အချေအတင်ပြောကြဆိုကြသည်။ သူတို့ပြောထားတဲ့စကားမှန်သမျှကို ကျနော့်ဆီပို့ကြသည်။ ကျနော်ဘာလုပ်ရမည်မသိ။ တစ်ယောက်ကချစ်သူ၊ တစ်ယောက်က ညီမလေးလိုချစ်ရသူ။

ဇာတ်လမ်းထွင်သော နေ့တစ်နေ့။ မှတ်မှတ်ရရ အဲဒီနေ့က သူနဲ့ VZO မှာ စကားပြောဖြစ်သည်။ ရန်ကုန်ခဏပြန်ရောက်နေသည်။ နေမကောင်းလို့ ဆေးသောက်နေရသည်ဟုဆိုသည်။ ကျနော် အားပေးစကားပြောသည်။ ကျမ်းမာရေးဂရုစိုက်ဖို့ စိတ်ပါလက်ပါပြောပြသည်။ ဒါပေမဲ့ စကားလမ်းကြောင်းလွဲပြီး ကျနော့်ချစ်သူနဲ့ သူနဲ့ စကားများခဲ့ကြောင်း ရောက်သွားသည်။ ပြောရင်းပြောရင်း သူ့ကို အားလုံးက ၀ိုင်းညာကြတယ်လို့ စွပ်စွဲပြန်သည်။ ကျနော်ဘာပြောရမှန်းတကယ်မသိ။ ရှင်းပြလို့လဲ နားမထောင်။ ခဏကြာတော့ အိပ်တော့မယ်ပြောပြီး အိမ်အပေါ်ထပ်တက်သွားသည်။ နောက်တစ်နေ့မနက်မိုးလင်းတော့ ကျနော့်ဆီ သူ့မိတ်ဆွေတွေ၊ ညီမတွေဆီက စာတွေရောက်နေသည်။ သူ မနိုးသော အိပ်ခြင်းဖြင့် အိပ်သွားပြီ တဲ့။

ကျနော်တုန်လှုပ်သွားသည်။ ဒီသတင်းအမှန်ပဲလား? အဲဒီနောက် သတင်းမျိုးစုံဆက်တိုက်ကြားရသည်။ သူ့ကိုကြိုက်နေတဲ့ သူဋ္ဌေးသားဆီကရော၊ သူ့ယောက်ျားလေးသူငယ်ချင်းဆီကရော၊ သူ့ညီမလေးဆီကရော သတင်းမျိုးစုံ ကြားရသည်။ သုံးရက်တိတိ မေ့နေကြောင်း၊ ဆေးရုံတင်လိုက်ရကြောင်း၊ နှလုံးခွဲစိပ်လိုက်ရကြောင်း၊ အိမ်ကကားရောင်းပြီး နှလုံးအသစ်နဲ့ အစားထုံးဖို့သုံးလိုက်ရကြောင်း၊ စသဖြင့် စသဖြင့်၊ ကျနော့်ဆီ သတင်းမျိုးစုံရောက်လာသည်။ ဒါပေမဲ့ နောက်တစ်နေ့မှာ ပြန်သတိရလာကြောင်း ၀မ်းသာစရာသတင်း ကြားရပြန်သည်။ ကျနော်ဝမ်းသာခဲ့သည်။ မဖြစ်စေချင်ပါ။ ရင်ထဲက လှိုက်လှိုက်လှဲလှဲဆုတောင်းနေခဲ့သည်။ သူကျမ်းမာပါစေ။

နောက်တစ်နေ့မနက် ကျနော် ပို့ထားတဲ့မေးလ်တွေဖွင့်လိုက်တဲ့အခါ သူ့ညီမလေးဆီက တစ်စောင်ဝင်နေသည်။ သူ့မမကြီးတစ်ယောက် ဒီတစ်ခါတော့ တကယ်ဆုံးသွားပြီဆိုတဲ့အကြောင်း၊ ကျနော့်ချစ်သူနဲ့ အွန်လိုင်းမှာ စကားများရင်း ချုပ်ထားတဲ့ နှလုံးနေရာမှာ ချုပ်ရိုးပြေပြီး သွေးတွေထွက်လာကြောင်း၊ အဲဒါနဲ့ပဲ ဆုံးသွားပုံရကြောင်း၊ ညတွင်းချင်း သူ့ရပ်ကို ကားနဲ့ပြန်သယ်သွားမှာဖြစ်ကြောင်း၊ ဘယ်နေ့ဘယ်ရက်မှာ မြှုတ်နှံမှာဖြစ်ကြောင်း၊ အသေးစိမ့်သတင်း ပေးထားသည်။ ကျနော်လုံးဝစိတ်မကောင်းတော့ပါ။ ငါ့ဆုတောင်းမပြည့်လေချင်းဟု ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။ ကျနော်က ဆုတောင်းမပြည့်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်သည်။ ဒါပေမဲ့ သူ့အသိုင်းအ၀ိုင်းက သူသေရတာ ကျနော့်ကြောင့်ဟု မြင်သည်။ ကျနော်ရန်ကုန်ပြန်ရောက်လာရင် ကားနဲ့တိုက်သတ်မယ်ဟု ကျိမ်းသူက ကျိမ်းသည်။ ကြောက်စရာ။

သူသေတာ အခုဆို နှစ်လကျော်သွားခဲ့ပြီ။ အွန်လိုင်းမှာ သူ့ညီမလေးတွေနဲ့ မကြာခဏတွေ့သည်။ တွေ့တိုင်း သူတို့အမသေရတာ ကျနော်ကြောင့်ဟု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပြောနေကြဆဲ။ ကျနော်လဲ ဆက်လက်မရှင်းပြချင်တော့။ ဒါပေမဲ့ သူမသေခင် ကျနော့်အတွက် စိန်လက်စွပ်တစ်ကွင်းထားခဲ့သည်ဟု သိရသည်။ အဲဒီလက်စွပ်ကို အခုလက်ရှိချစ်သူနဲ့ လက်ထပ်ရင် ကျနော့်ကို မပေးရ၊ အခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ရင်ပေးရမည် ပြောခဲ့ကြောင်း ဆိုသည်။ ကျနော်မယူလိုကြောင်း ငြင်းထားပါသည်။ လက်မခံရဲပါ။ ကျနော့်အတွက် အသုံးလဲ မ၀င်ပါ။ အွန်လိုင်းမှာတွေ့တဲ့အခါတိုင်း သူ့ညီမလေးတွေက ကျနော်ဆီ လက်စွပ်ပို့ဖို့အကြောင်း ပြောလေ့သည်။ ကျနော်ငြင်းတဲ့အခါတိုင်း သေသွားတဲ့ သူတို့အမဆန္ဒအတိုင်း ပေးရမှာပဲဟု ပြောသည်။

ဒါပေမဲ့ ဒီနေ့မနက်မှာ ကျနော် ခိုင်လုံတဲ့လူတစ်ယောက်ဆီက သတင်းကြားရသည်။ သူ မနေ့က စင်ကာပူပြန်ထွက်သွားပြီ တဲ့။ ကျနော်သိလိုက်သည်။ ဒီတစ်ခါလဲ အညာခံရပြန်ပြီ။

Tuesday, August 18, 2009

လောကီတက်ကျမ်း


“မပန်သာသည်---လှလွန်းသည့်ပန်း”
လှလွန်းလို့လဲ မပန်ရဲ
“မနမ်းသာသည်---မွှေးလွန်းသည့်ပန်း”
မွှေးလွန်းလို့လဲ မနမ်းရဲ
“မလှမ်းသာသည်---ဝေးလွန်းသည့်ပန်း”
ဝေးလွန်းလို့လဲ မလှမ်းရဲ
ဒါဆို ဘာလုပ်ရမလဲ ကိုသိန်းတန်ရယ်?

လှလွန်းမွှေးလွန်းဝေးလွန်းရုံနဲ့
လက်လျှော့လိုက်ရတော့မှာတဲ့လား?
ငါကား ယောက်ျား
အလကားတော့ လက်မလျှော့ဘူး
ကိုလွမ်းမိုးပြောခဲ့တယ်
“တုံးခုလို့မှ ခူးမရရင် တံခြူနဲ့ခူး”တဲ့
မလွယ်ပေမဲ့ ဇွဲတော့ရှိရမယ်။

ရှင်မဟာရဋ္ဌသာရရဲ့
“နှမလက်လျှော့နေလေတော့” ဆိုတာ
နှမတွေကိုပဲပြောတာ
နှထီးတွေမပါဘူး ဟုတ်စ
အဲဒီတော့ လက်လျှော့ဖို့မလိုဘူး။

ကျုပ်ဆရာပြောဖူးတဲ့
စကားတစ်ခွန်းလဲရှိသေးတယ်
“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်”တဲ့
ဘာဖြစ်ချင်လဲ အရင်သိအောင်လုပ်
တကယ်ဖြစ်ချင်/မဖြစ်ချင်လား စဉ်းစား
ပြီးရင် တကယ်လုပ်
ဖြစ်ကို ဖြစ်မယ်
မဖြစ်ရင် လာပြော။

အဲဒီလို အဲဒီလို
လောကီရေးရာ သီချင်းပဒေသာနဲ့
အဆိုအမိန့်တွေကို ကိုးကား
နောင်အခါ တိုးပွါးအောင်
ကဲ ကြိုးစားပေတော့။


Sunday, August 16, 2009

ကိုယ့်အားကိုယ်ကိုး


လှေငယ်တစ်စီးနဲ့ ငါ
ပင်လယ်မှာ လွင့်မျော
ကြီးလွန်းတဲ့ လှိုင်းတွေအကြား
ကြိုးစား လှော်ခပ်
ဒါပေမဲ့
ဘယ်အရပ်လဲ ငါမသိ။

အိမ်မြောင်မရှိတဲ့ ငါ
အားကိုးရာ ရှာရှင်း
လမ်းပြကြယ်တစ်စင်းတွေ့
အရှေ့ရပ်ပါလား။

ငါသွားချင်တဲ့ နေရာမဟုတ်
ပြန်ဆုတ်မှ ဖြစ်မယ်
သွားသင့်တဲ့အရပ်သို့ ဦးလှည့်
ရုတ်တရက်
လေပျင်းတစ်ချက်ဝှေ့
ငါ့လှေငယ် ကွေ့စောင်း
အရပ်ပြောင်းသွားပြီ။

ကောင်းကင်သို့ မော်ကြည့်
လမ်းပြကြယ် မရှိတော့
မိုးတိမ်အတိ ဖုံး
လမ်းပျောက်ဆုံးပြီ
အရှုံးပေးရတော့မလား?

ဒီလှေနဲ့ ဒီခရီး
ငါတစ်ယောက်တည်း လှော်ခပ်
ရောက်ချင်တဲ့ အရပ်ရောက်
နောက်ပြန်မဆုတ်တော့ပြီ
ကမ်းရောက်ဖို့ အဓိက။

မယုတ်သော ဇွဲ
ခိုင်မြဲသော သန္နိဋ္ဌာန်
မြဲမြန်သော လုလ္လ
ငါ့ဘ၀ရဲ့ အားကိုးရာအစစ်
ပင်လယ်မှာ ငါမနစ်စေရ
မေခလာကယ်မှ အသက်ရှင်ရမည့်သူမဟုတ်
ပန်းတိုင်သို့ ရောက်ဖို့ရည်
ကိုယ့်ကိုယ်ကို အားကိုးမည်။

Saturday, August 15, 2009

တွေးမိတိုင်း


လှောင်အိမ့်အပြင်ဘက်
စောင်းငဲ့ချောင်းကြည့်
ဘယ်သူတွေ ရှိသလဲ?

လေအ၀ဲမှာ လွင့်ပျော်
ရွက်ယော် တစ်ချို့
စိမ်းညို့ညို့တောတန်း
လွတ်လပ်စွာ ပျံသန်းနေတဲ့ ဟင်္သာတစ်အုပ်
လွမ်းတေးတစ်ပုဒ် သီဆိုနေတဲ့ဥသြတစ်ကောင်
လွမ်းစရာမြင်ကွင်း
ရင်တွင်း ၀င်ရောက်
ငါလဲ လွတ်မြောက်ချင်ပြီ။

ငါ တစ်ယောက်တည်း
လှောင်အိမ်ထဲမှာ
ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်
ဖေါက်ထွက်ဖို့ စဉ်းစား
မတရားဖမ်းဆီးထားတာ ဘယ်သူတွေလဲ?

ရင်မှာတွေးမိ
မချိခံခက်
ရက်စက်သူကို အပြစ်ဖို့
မနှစ်မြို့စရာ လုပ်ဇာတ်
ရပ်တန်းက ရပ်ပါတော့။


Saturday, August 8, 2009

သြဂုတ် (၈) ရက် မမေ့နဲ့


တစ်ခါက တို့ပြည်မှာ
မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခု
သက္ကရာဇ် ရေတွက်
၈-ရက်နဲ့ ၈-လ
ခုနှစ်မှာ ၈၈
တွက်စစ်လိုက်သော်
၂၁-နှစ်တောင် ကြာခဲ့ပြီ။

ပြည်သူတစ်ရပ်လုံး အုံကြွ
ဆန္ဒကိုယ်စီ ထုတ်ဖေါ်
လှုံ့ဆော်ခဲ့ကြတာကတော့
မူဝါဒပြောင်းလဲရေး
ကလေးကအစ လမ်းပေါ်ထွက်
ရဟန်းတော်များလဲ မနေသာ
အသေအချာ စီတန်း
ဆွမ်းတော်အတွက် မဟုတ်
လမ်းပေါ်တက်လို့ ဟစ်အော်
ခေတ်အခေါ် ဒီမိုကရေစီ
လိုချင်ပြီ ပေးတော့ တဲ့။

ထိုစဉ်ရော အခါမူ
အုပ်ချုပ်သူ တစ်သင်း
နေ၀င်း စိန်လွင်နဲ့
ဒေါက်တာတဲ့ မောင်မောင်
စောမောင်ကွဲ့ ဗိုလ်ချုပ်ဟူ
အပိုလုပ်သူ အများ
ပြည်သူ့သံ မနာခံ
ရာဇသံပေးနိုင်ခဲ့ လား?

စည်းလုံးမှု စွမ်းအား
မေ့မသွားကြပါနဲ့
ဒို့အများ ညီညွတ်မှ
ပြည်ကျွတ်မှာကို တွေးကြ
ရေးပြလို့မရတဲ့
ဒုက္ခနဲ့လောကဓံ
တော်လှန်ရင် မမြဲပါဘူး။

တိုက်ပွဲရဲ့ ထုံးစံ
အနာခံရ ရိုးမို့
အသာစံဖို့ စဉ်းစား
အချင်းများနေရင်တော့
၈-ရက်နဲ့ ၈-လ
နောင်နှစ်တစ်ရာလာစေ
ဒို့တတွေ မလွတ်မြောက်
စစ်ဖိနပ်အောက်မှာ အသက်ဆုံး
အရှုံးတွေနဲ့ ပျက်စီး
ဆက်ငြီး ကြရဦးမှာပါ။

ဒါကြောင့် ပြောချင်တာက
၈၈-အရေးခင်းမှာ
သွေးခင်းလို့ အသက်စွန့်သွားကြတဲ့
ပြည်သူ့ရဲခေါင် ညီနောင်တွေနဲ့
ပြည်သူချစ်ရ ညီအမများကို
လေးစားဂုဏ်ပြု
အလေးထား ပုံတုလို့
နောင်တစ်ခါ အရေးပေါ်ရင်
ဘေးချော် မနေကြပါနဲ့
သွေးဖေါ် အစစ်ဖြစ်စေဖို့
အခုကတည်းက အသင့်ပြင်
အားလုံးပင် လမ်းပေါ်ထွက်လို့
အသက်သော် စတေးရစေ
အရေးတော်ပုံ အောင်ဖို့ရည်
အညီညာနဲ့ စည်းလုံး
ခရီးဆုံးအောင် သွားကြမယ်။

(၈၈-အရေးတော်ပုံကာလအတွင်း စစ်ဖိနပ်အောက်မှာ အသက်ပျောက်သွားကြရရှာသော ပြည်သူ့သားကောင်းများသို့ ဤကဗျာဖြင့် ဦးညွတ်ဂုဏ်ပြုပါသည်။


Sunday, August 2, 2009

ကျောင်းသားစိတ်

တနင်္လာ စပါလို့
ဆုံးပါတဲ့ သောကြာ
နေ့ငါးဖြာ ကျောင်းမပျက်
သွားရသည်သာ။

ပျင်းလို့ပဲ နေနေ
ပျော်လို့ပဲ သွားသွား
ကျောင်းပျက်ရင် အိမ်စာခက်မှာမို့
လွယ်အိပ်ကို လွယ်ကာဂျောင်းရတယ်
ကျောင်းတော်သို့လား။

သောကြာနေ့ ညနေ
တန်းပြီးချိန် ရောက်သွား
နားရက်ကို အကြိုမြင်လို့
ကိုယ်ဘ၀င် လှုပ်ကာမြူးလှတယ်
ရူးပေါ့ တအား။

အားရက်မှာ အလွန်ပျော်
ဖေါ်တွေနဲ့ အများ
စာအုပ်စုံစီဖတ်လို့
ရုပ်ရှင်ကုန် နှံ့အောင်ကြည့်ကြတယ်
မိလှ သဗျား။

ဘလော့ဂ်စုံ ရွာလယ်
သုတ-ကယ် ယူထား
မှတ်ချက် အဖုံဖုံတင်လို့
ကိုယ်ထင်ရာ နင်းကန်ပြောပြတယ်
ဟောပေါ့ တအား။

ဒါပေမဲ့ တနင်္လာ
ရောက်လာပြန် အနား
ကျောင်းရက်ကို အကြိုမြင်လို့
ကိုယ်ဘ၀င် ညှိုးကာဆင်းရတယ်
ပျင်းလှ သဗျား။

Saturday, August 1, 2009

ထူးဆန်းသော နိုင်ငံတကာဥပဒေများ

သင် နိုင်ငံတကာသို့ ခရီးဘယ်နှစ်ကြိမ်လောက်သွားခဲ့ဖူးပါသလဲ?
သင်သွားခဲ့ဖူးသော နိုင်ငံများမှ လိုက်နာရမည့် စည်းကမ်းတွေကို ဂရုပြုခဲ့မိပါသလား?
သို့မဟုတ် ထူးထူးဆန်းဆန်း ထုတ်ထားတဲ့ စည်းကမ်းတွေကို လေ့လာမှတ်သားခဲ့ဖူးပါသလား?
ရှိကောင်းရှိမှာပေါ့နော်။ သင်ဟာ ခရီးသွားနေတဲ့လူတစ်ယောက်ဆိုရင်တော့ ဘယ်နိုင်ငံရောက်ရင် ဘယ်လိုနေထိုင်ရမည်ဆိုတဲ့ စည်းကမ်းတွေကို အကြမ်းမျဉ်းလောက်တော့ သိထားဖို့လိုပါလိမ့်မယ်။ “ရောမရောက်ရင် ရောမလိုကျင်”့ လို့ အဆိုရှိသမို့လား။

အင်္ဂလန်နိုင်ငံရှိ ဆန်းရှိုင်းခရီးသွားလုပ်ငန်းဌာနက "sunshine.co.uk" ဆိုတဲ့ သူတို့ Website တစ်ခုမှာ နိုင်ငံတကာခရီးသွားသူများအတွက် ရောက်ရာနိုင်ငံအလိုက် လိုက်နာရမည့် စည်းကမ်းများကို စုဆောင်းတင်ပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဌာနနဲ့ အဆက်အသွယ်လုပ်ပြီး ခရီးသွားကြတဲ့သူတွေက ဘယ်နိုင်ငံရောက်ရင် ဘယ်လိုနေထိုင်ရမလဲ? စတဲ့မေးခွန်းတွေကို မေးလွန်းလို့ တစ်ခါတည်း Website မှာ တင်ပေးထားတယ်လို့ဆိုပါတယ်။ အဲဒီစည်းကမ်းတွေဟာ ရုတ်တရက်ကြည့်ရင် ရယ်စရာကောင်းသလို ခေတ်နောက်ကျတဲ့ စည်းကမ်းတွေလို့လဲ ထင်ရပါတယ်။ ဒါပေမဲ့ စည်းကမ်းဆိုတာ အကြောင်းမဲ့သက်သက်ထုတ်ထားတာမျိုးတော့ ရှားပါတယ်။ စည်းကမ်းတစ်ခုထုတ်ရင် စည်းကမ်းထုတ်ရလောက်တဲ့ အကြောင်းတွေက သူ့နေရာနဲ့ သူရှိပြီးသားပါ။

အဲဒီစည်းကမ်းတွေက ဘာတွေလဲ? ကြည့်ကြရအောင်ပါ။

(၁) အီတလီနိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ Milan မြို့ကိုရောက်ရင် သင်သတိထားရမည့်အချက်က အသုဘအခမ်းအနားနဲ့ ဆေးရုံလူနာသွားမေးတဲ့အခါက လွဲရင် သင်တစ်ချိန်လုံး ပြုံးနေဖို့ လိုပါတယ်။

(၂) အမေရိကန်နိုင်ငံ အရှေ့မြောက်ဘက်က New England ပြည်နယ်မြို့တော်တစ်ခုဖြစ်တဲ့ Massachusetts ကို ရောက်ရင်တော့ တစ်ခုသတိထားပါ။ သင်ကားမောင်းလျှင် ကားမောင်းနေစဉ်အတွင်း ကားအရှေ့ခန်းမှာ လိင်ဆက်ဆံမှုမပြုလုပ်ပါနဲ့၊ အဖမ်းခံရဖို့ ရှိပါတယ်။

(၃) နိုင်ငံတကာမြို့တော်ကြီးတွေမှာ မြို့တွင်းကားတွေမောင်းတဲ့အခါ ဟွန်းမတီးရဥပဒေတွေ ရှိပါတယ်။ မြန်မာပြည် ရန်ကုန်မှာတောင် ဟွန်းမတီးရနယ်မြေတွေ သတ်မှတ်ထားတာ တွေ့ဖူးမှာပေါ့။ ဒါပေမဲ့ ဒိန်းမတ်နိုင်ငံမှာတော့ ကားဟွန်းတီးဖို့ တရားဝင်သတ်မှတ်ထားပါတယ်။ နောက်ပြီး မိမိကားအောက်မှာ ကလေးငယ်လေးတွေ ရှိနေ/မနေ စစ်ဆေးဖို့လဲ မမေ့ပါနဲ့။

(၄) ထိုင်းနိုင်ငံမှာတော့ အဆောက်အဦး အပြင်ဘက်ထွက်ရင် သင်တစ်ခု သတိထားရမှာက အတွင်းခံဘောင်းဘီ ၀တ်ထားပြီးပြီလားဆိုတာ ကိုယ့်ကိုယ်ကို စစ်ဆေးပါ။ ၀တ်မထားရင်တော့ တရားဝင်မဟုတ်ဘူးနော်။ ရဲလာစစ်လို့တွေ့သွားရင် အဖမ်းခံရဖို့ ရှိပါတယ်။

(၅) အမေရိကန်နိုင်ငံရှိ အရှေ့လယ်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ Michigan ကိုရောက်ရင်တော့ လူအများရေကူးတဲ့ ရေကူးကန်ထဲ ရေကူးသွားမယ်ဆိုရင် တစ်ခုသတိထားပါ။ အဲဒါက ဘာလဲဆိုရင် သင့်ရေကူးဝတ်စုံကို ရဲအရာရှိတွေဆီမှာ အစစ်ဆေးခံပြီးပြီလား ဆိုတာပါပဲ။

(၆) အမေရိကန်နိုင် အရှေ့တောင်ပိုင်းဒေသက ပြည်နယ်တစ်ခုဖြစ်တဲ့ Florida ရောက်ရင်တော့ ထူးဆန်းတဲ့ ဥပဒေနှစ်ခုကို သင်တွေ့ရပါလိမ့်မယ်။ တစ်က အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတွေ တနင်္ဂနွေနေ့တွေမှာ လေထီးမခုန်ရ၊ ခုန်လျှင် ထောင်ဒဏ်။ နှစ်က ရေကူးဝတ်စုံဝတ်ပြီး သီချင်းမဆိုရ။ သင်အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ဒါတွေကို သတိထားဖို့ လိုပါလိမ့်မယ်။

(၇) ပေါ်တူဂီနိုင်ငံအလယ်သွားမယ်ဆိုရင်တော့ ကြိုတင်သတိထားရမည့်အချက် တစ်ချက်ရှိပါတယ်။ အထူးသဖြင့် ပင်လယ်ဘက်တွေ ဘာတွေသွားရင် ပိုသတိထားရပါ့မယ်။ အဲဒါက ဘာလဲဆိုတော့ “ပင်လယ်ထဲရှူရှူးမပန်းရ”ဥပဒေပါပဲ။ ပန်းမိလို့ကတော့ ရဲနဲ့တွေ့ပြီသာမှတ်ပေတော့။

(၈) ဟောင်ကောင်မှာ သင်ဘာတွေသိခဲ့ဖူးသလဲ? အဲဒီမှာလဲ ထူးဆန်းတဲ့ စည်းကမ်းတွေရှိပါတယ်။ အထူးသဖြင့် လင်မယားတွေ သတိထားရမည့် စည်းကမ်းပါ။ မိန်းမလုပ်သူက တစ်ခြားယောက်ျားနဲ့ဖေါက်ပြားမိရင် ယောက်ျားဖြစ်သူက သူ့ဇနီးကို ဘယ်နည်းနဲ့မဆို မိမိစိတ်တိုင်းကျ နှိပ်စက်သတ်ဖြတ်ပိုင်ခွင့်ရှိပါတယ်။ အဲ--ယောက်ျားဖြစ်သူက အခြားမိန်းမနဲ့ဖေါက်ပြားတယ်ဆိုရင်တော့ မိန်းမဖြစ်သူက သူ့လက်နှစ်ဘက်နဲ့ပဲ သတ်ခွင့်ရှိပါတယ်။ ဒုတ်၊ ဓား၊ သေနတ်စသည် သုံးခွင့်မရှိပါဘူး။

(၉) ကမ္ဘာပေါ်မှာ ဆွင့်ဇလန်နိုင်ငံဟာ အေးချမ်းမှု၊ သာယာဝပြောမှုတွေနဲ့ နာမည်ကြီးပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေဟာ တိတ်ဆိတ်ငြိမ်သက်မှုကိုလဲ မြတ်နိုးကြပါတယ်။ ဒါကြောင့် ညဆယ်နာရီနောက်ပိုင်း အိမ်သာတက်တဲ့အခါ သတိထားပါ။ အိမ်သာတက်ပြီးရင် ရေဆွဲမချမိပါစေနဲ့။ ဥပဒေရှိပါတယ်။ ဆူညံအောင်လုပ်မှုနဲ့ တရားအစွဲခံရပါလိမ့်မယ်။

(၁၀) သင် ကနေဒါနိုင်ငံသို့ ရောက်ဖူးပါသလား? အဲဒီမှာလဲ ထူးဆန်းတဲ့ လုပ်ပုံကိုင်ပုံတွေ ရှိတယ်နော်။ ပြစ်မှုကျူးလွန်လို့ ထောင်ကျတဲ့ ထောင်သားတွေကို ထောင်ကလွှတ်တဲ့အခါ ကျည်ဆန်ထည့်ထားတဲ့ လက်ကိုင်သေနတ်တစ်လက်နဲ့ မြင်းတစ်ကောင်ပေးပါတယ်။ အဒီထောင်သားက သေနတ်ကိုယူ မြင်းကို စီးပြီး မြို့ပြင်ကို ထွက်သွားရပါတယ်။

ကဲ အခုပြောခဲ့တဲ့ နိုင်ငံနဲ့ မြို့တွေဆီ အလည်သွားမယ်ဆိုရင်တော့ အဲဒီစည်းကမ်းဥပဒေတွေကို ကြိုတင်သိအောင်လုပ်သွားပေတော့။ မဟုတ်ရင် သက်ဆိုင်ရာ ရဲနဲ့ မိသွားပြီး အိမ်မပြန်နိုင် ဖြစ်နေမှာစိုးရတယ်။ ဂရုစိုက်နော်။

မှတ်ချက်။ http://in.news.yahoo.com/139/20090730/385/ten-new-guide-tells-holidaymakers-about.html သတင်းကို ဆီလျော်အောင် ဘာသာပြန်ဖေါ်ပြပါသည်။

ပညာရှင်သုံးအင်္ဂလိပ်စာ


ပြောရဦးမယ် ကျနော့်အကြောင်း။ ကျနော့်ခမျှာ အင်္ဂလန်ရောက်ပြီး အင်္ဂလိပ်စာညံ့နေလို့ တက္ကသိုလ်ချက်ချင်းမတက်နိုင်ရှာသေးဘူး။ ဒါနဲ့ ဘာလုပ်ရလဲ ဆိုတော့ အပြင် အင်္ဂလိပ်စာသင်တဲ့ကျောင်းမှာ သုံးလသင်တန်းတစ်ခုအတွက် စတာလင်ပေါင် (၄၅၀)နှုံးနဲ့ တစ်နှစ်ကျော်ကျော်လောက်တက်လိုက်ရသေးတယ်။ အဲဒါပြီးတော့မှ IELTS စာမေးပွဲကို သုံးခါလောက်ဖြေရတယ်။ ဖြေတော့လဲ လိုချင်တဲ့ Band/Level (7) မရပြန်ဘူး။ ဒါပေမဲ့ ကျနော်တက်မည့် SOAS ကောလိပ်၊ လန်ဒန်တက္ကသိုလ်မှာ နိုင်ငံခြားကျောင်းသားတွေအတွက် အခွင့်အရေးတစ်ခုရှိတယ်။

အဲဒါက ဘာလဲဆိုတော့ Pre-sessional Course ခေါ် အင်္ဂလိပ်စာမွန်းမံသင်တန်းတစ်ခုဖွင့်ထားပေးတယ်။ Band (7) အထိမရတဲ့နိုင်ငံခြားကျောင်းသားတွေအားလုံး အဲဒီသင်တန်းတက်ကြရတယ်။ အဲဒီသင်တန်းက နှစ်မျိုးရှိတယ်။ တစ်ခုက ရှစ်ပတ်ကြာသင်တန်း၊ နောက်တစ်ခုက လေးပတ်ကြာသင်တန်း။ IELTS စာမေးပွဲမှာ Level (6) ပဲရတဲ့ကျောင်းသားတွေဟာ ရှစ်ပတ်ကြာသင်တန်းတက်ကြရတယ်။ Level (6.5) ရရင်တော့ လေးပတ်ကြာသင်တန်းကို တက်ခွင့်ပြုပါတယ်။ ကျနော်ကတော့ ရှစ်ပတ်ကြာသင်တန်းတက်ရတယ်ဆိုတော့ စဉ်းစားသာကြည့်ပေတော့။

သင်တန်းကြေးကတော့ သိပ်မများပါဘူး။ ရှစ်ပတ်ကြာသင်တန်းအတွက် စတာလင်ပေါင် (၂၃၈၀) တိတိပေးရတယ်။ မြန်မာကျပ်ငွေနဲ့ ယောင်လို့များ မတွက်မိစေနဲ့။ ခေါင်းမူးသွားမယ်။ လက်ရှိပေါက်ဈေး စတာလင်တစ်ပေါင်ကို မြန်မာကျပ်ငွေ(၁၈၀၀)နဲ့ပဲ တွက်ကြည့်ပေါ့။ နည်းနည်းနောနော မဟုတ်ဘူးနော်။ ဒီလောက်ငွေကြေးအမြောက်အများ အကုန်အကျခံပြီးတက်ရတာ ဘာတွေ သင်ပေးတာမို့လို့လဲ လို့မေးစရာရှိတယ်။ အင်္ဂလိပ်စာသက်သက်ပါပဲ။ ဒါပေမဲ့ "Academic English" တဲ့။ Academic English ဆိုတာ မွေးကတည်းက အင်္ဂလိပ်လိုပြောလာတဲ့ အင်္ဂလိပ်လူမျိုးတွေတောင် မတတ်ကြပါဘူး။ ဒါကြောင့် အဲဒီသင်တန်းက ဈေးကြီးတာ။

IELTS စာမွေးပွဲဖြေဖို့ အပြင်ကျောင်းမှာ အင်္ဂလိပ်စာသင်ရတုန်းကလဲ ကျောင်းက သင်ပေးတဲ့ အင်္ဂလိပ်စာက Academic ပါပဲ။ Cambridge University ထုတ်စာအုပ်တွေကို ရွေးသင်ပေးတာ။ စာမေးပွဲမှာလဲ General နဲ့ Academic နှစ်မျိုးရှိတဲ့အနက် တက္ကသိုလ်တက်မည့် ကျောင်းသားတွေအားလုံး Academic လိုင်းကိုပဲရွေးကြရတယ်။ General ကိုမဖြေရဘူး။ အဲဒီ Academic English Exam ကို ဖြေပြီး သင့်တော်တဲ့ Level ရလို့ တက္ကသိုလ်တက်ခွင့်ရတဲ့ ကျနော့်ခမျှာ တက္ကသိုလ်ရောက်ပြန်တော့ Academic English ကို ကျွမ်းကျင်ဖို့ ပြန်သင်နေရပြန်တယ်။

ကျနော်တို့အတန်းကို ကိုင်တဲ့ ဗြိတိရှလူမျိုး အင်္ဂလိပ်စာဆရာမ ကက်သရင်းလူးဝင်းစ်က ဘာပြောလဲဆိုတော့ “မင်းတို့ သင်ယူခဲ့တဲ့ IELTS က Academic မဟုတ်ဘူး” တဲ့။ စိတ်ဓာတ်ကျပါဘိခြင်း။ ကျနော့်ခမျှာ IELTS အောင်တုန်းက ကိုယ့်ကိုယ်ကို ငါတော်တော်ဟုတ်လှပြီလို့ အောက်မေ့ခဲ့ရသေးတယ်။ သူနဲ့တွေ့မှ ဒါလဲ Academic မဟုတ်သေးဘူးတဲ့။ သူကိုယ်တိုင်က IELTS စာမေးပွဲတွေမှာ စာစစ်နေရတဲ့ ဆရာမတစ်ယောက်ကိုး။ ဒါနဲ့ Academic English ဆိုတာ ဘယ်လိုဟာမျိုးတုန်းလို့ သင်ရင်းသင်ရင်းနဲ့ သတိထားလာရတယ်။ အာပါးပါး မလွယ်ဘူးဗျို့။ စည်းကမ်းတွေ အလွန်များတာကလား။ နောက်တစ်ခု ဆရာမက ပြောသေးတယ်။ “ဗြိတိန်မှာ အင်္ဂလိပ်လို ရေးသားထုတ်ဝေတဲ့ သတင်းစာစောင်ရေ ရာချီရှိရှိတဲ့အနက် တကယ် Academic English နဲ့ ရေးတဲ့ သတင်းစာတွေဟာ နှစ်စောင်သုံးစောင်လောက်ပဲရှိတယ်” တဲ့။ အဲဒါတွေကတော့ The Times နဲ့ The Financial Times စတာတွေပါပဲ။

တကယ်တော့ Academic English ဆိုတာ သုတေသနပညာရှင်တွေ အကြောင်းအရာခိုင်ခိုင်လုံလုံနဲ့ ရေးသားထားတဲ့ အင်္ဂလိပ်စာမျိုးပါ။
(၁) မိမိတင်ပြလိုတဲ့ အကြောင်းအရာမှန်သမျှကို ပိုမိုခိုင်မာစေဖို့ Reference (အကိုးအကား) တွေ မဖြစ်မနေပါရတယ်။
(၂) အဓိပ္ပါယ်နှစ်မျိုးထွက်နိုင်တဲ့ Slang/Idiom/Colloquial/Phrasal verb တွေနဲ့ လုံးဝမရေးရဘူး။
(၃) အကြောင်းအရာတစ်ခုခုကို တစ်ဘက်သတ်ဆန်ဆန် မတင်ပြရဘူး။
(၄) မိမိအယူအဆကို ပြောချင်ရင်လဲ ဘာကြောင့်ဒီလိုပြောရတယ်ဆိုတာ ခိုင်လုံအောင် အကြောင်းပြရတယ်။
(၅) စကားလုံးတိုင်းမှာ ယဉ်ကျေးသိမ်မွေ့တဲ့ သဘောပါဝင်ရတယ်။
(၆) အကြောင်းအကျိုး မခိုင်လုံတဲ့ အကြောင်းအရာကို မတင်ပြရဘူး။
(ရ) ဖြစ်နိုင်သမျှ Passive Form နဲ့ ရေးရမယ်၊ Active Form ကို ရှောင်ရမယ်။
(၈) I, you စတဲ့ Subjective Term (ပုဂ္ဂလဒိဋ္ဌာန်စကားလုံး) တွေကို တတ်နိုင်မျှရှောင်ရမယ်။ အဲဒီအတွက် Passive ကို သုံးရပါတယ်။
(၉) တတ်နိုင်သမျှ Objective (ဓမ္မဒိဋ္ဌာန်ကျခြင်း) ဖြစ်ရမယ်။ အဲဒီအတွက် it, this စတာတွေကို သုံးရပါတယ်။
(၁၀) သွယ်ဝိုက်တဲ့ အရေးအသားမျိုးမဖြစ်စေရဘူး။ စာဖတ်သူခေါင်းထဲကို မိမိပြောချင်တဲ့အကြောင်းအရာကို တိုက်ရိုက်ထည့်ပေးနိုင်ရမယ်။
(၁၁) All, Every, Nothing စတဲ့ ၀ါးလုံးသိမ်းပြောတဲ့ "Sweeping Statement" တွေကို ရှောင်ရမယ်။
(၁၂) I'm, don't, they're စတဲ့ Contract Form တွေနဲ့ လုံးဝမရေးရဘူး၊ I am, do not, they are ဒီလိုပုံမျိုးနဲ့ပဲ ရေးရမယ်။
စသည်စသည် အများကြီးပါပဲ။

ကျနော်လဲ အခုမှ စတင်လေ့လာသင်ယူနေရတုန်း ရှိပါသေးတယ်။ သိပ်များများ မသိသေးပါဘူး။ သိသလောက်လေးကို ပြောပြတာပါ။ နောက်ပြီး ကျနော်ရေးတဲ့ အင်္ဂလိပ်စာတွေကို Academic Criteria တွေနဲ့ ပြန်စစ်ကြည့်တယ်။ အဟဲ--ပြောရမှာတောင် ခပ်ရှက်ရှက်။ တစ်ခုမှ အသုံးမကျဘူး။ ဒါပေမဲ့ သိမ်းထားပါတယ်။ နောင်တစ်ချိန်ပြန်ကြည့်ရအောင်လို့။ ဘယ်လိုများ ကွာလဲပေါ့။ မြန်မာပြည်မှာတုန်းကလဲ အင်္ဂလိပ်စာကို အများကြီး သင်ခဲ့ရတယ်။ အင်ဒိယမှာ MA တက်နေတုန်းကလဲ နှစ်နှစ်လုံးလုံး အင်္ဂလိပ်စာနဲ့ပဲ သင်ယူခဲ့ရတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒီ Academic English ဆိုတာကို မသိခဲ့ရဘူး။ ရိုးရိုးသားသားဝန်ခံရရင် Academic ဆိုတာ အကယ်ဒမီ ထူးချွန်ဆုတစ်မျိုးလို့ပဲ အောက်မေ့ခဲ့ဘူးတယ်။ အော်--ဒုက္ခပါလားနော်၊ ငါ့နှယ်။

အဲဒီတော့ အင်္ဂလိပ်နိုင်ငံက အဆင့်မီတက္ကသိုလ်ကြီးတွေမှာ တက္ကသိုလ်ကျောင်းသားတစ်ယောက် ကျကျနနဖြစ်ချင်သပဆိုရင်တော့ အထက်မှာ ကျနော်ပြောခဲ့တဲ့ Academic Criteria တွေနဲ့ တတ်နိုင်သမျှ ကိုက်ညီအောင် အင်္ဂလိပ်စာကို ကြိုတင်ကျိုးစား လေ့လာထားဖို့တော့ လိုမယ်ဗျာ။ အနာဂတ်ရည်ရွယ်ချက် ကြီးကြီးမားမားရှိကြတဲ့ ကျနော့်ညီငယ် ညီမငယ်တွေကို အဲဒါလေးပြောပြချင်ပါတယ်။ တော်ကြာ တက္ကသိုလ်ရောက်ရောက်ချင်း ကျနော့်လို အူကြောင်ကြောင်ဖြစ်နေကြမှာစိုးလို့။ ကြိုးစားကြနော်။ Academic ဖြစ်အောင်။