Tuesday, September 30, 2008

အင်္ဂလိပ်မလေးကို စာသင်ပေးခြင်း(သို့)ကျနော် အဘိဓမ္မာဆရာ

ကျနော်အင်္ဂလန်ရောက်ပီး လေးငါးလလောက်ကြာတော့ ကျနော်နဲ့အဆောင်အတူနေတဲ့ အဘိုးကြီးတစ်ယောက်က (ကျနော့်ကို လေဆိပ်မှာ လာကြိုသူ) သူနဲ့ရင်းနှီးတဲ့ အင်္ဂလိပ်မလေးတစ်ယောက်ကို ခေါ်လာတယ်။ ကျနော့်ဆီမှာ အဘိဓမ္မာသင်ရအောင်တဲ့။ ဘုရား ဘုရား။ အသာလုပ်ပါဗျာ။ ဘယ့်နှယ် အင်္ဂလိပ်စကားတောင် ကောင်းကောင်းမပြောတတ်တဲ့ ကျနော်က အခက်တကာအခက်ဆုံးဘာသာရေးစာပေတစ်မျိုးဖြစ်တဲ့အဘိဓမ္မာကို အင်္ဂလိပ်လူမျိုးကို သင်ပေးရဦးမယ်တဲ့။

ဒါပေမဲ့ လွန်စွာကြီးကျယ်မြင့်မြတ်လှတဲ့ ကျနော်တို့မြန်မာလူမျိုးတွေရဲ့ ဂုဏ်သရေကို ထိမ်းသိမ်းသောအားဖြင့် ဟန်ကိုယ့်ဖို့ထားပြီး မလုပ်နိုင်ဘူးလို့တော့ မငြင်းလိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် အင်ဒိယမှာနေတုန်းက ကျနော်ယူတဲ့ ဒဿနိကဗေဒဘာသာရပ်တွေထဲမှာ အဘိဓမ္မာကိုလဲ တစ်ဘာသာအနေနဲ့ လေ့လာခဲ့ရတော့ ပြန်ကြည့်လိုက်ရင် သင်နိုင်မယ်လို့ယုံကြည်တယ်လေ။ အဲဒီယုံကြည့်ချက်လေးကို အားကောင်းအောင်စုပြီး ဟုတ်ကဲ့ပါခင်ဗျားလို့ ပြန်အဖြေပေးလိုက်ရတယ်။ ဒီလိုနဲ့ပဲ ဘာမဟုတ်တဲ့ကျနော်ဟာ အင်္ဂလိပ်မလေးကို အဘိဓမ္မာသင်ပေးတဲ့ ဆရာတစ်ဆူဖြစ်လာလေတော့သတည်း။

ပြောရဦးမယ်။ ကျနော်သင်ပေးရမယ့် အင်္ဂလိပ်မလေးနာမည်က Sophia/ဆိုဖီယာ တဲ့။ သူ့ကြည့်ရတာ ငေါင်တောင်တောင်နဲ့။ အင်း နာမည်ကလဲ ဆိုဖီယာ၊ စိတ်ဝင်စားတဲ့ ဘာသာရပ်ကလဲ ဖီလိုဆိုဖီ ဆိုတော့ ငေါင်တောင်တောင်ဖြစ်တာတောင် နည်းသေးတယ်လို့ တွက်မိတယ်။ ဒါနဲ့ သူတို့ထုံးစံအတိုင်း မိတ်ဆက်တာပေါ့။ How are you? လို့ကျနော်က အင်္ဂလိပ်လိုမေးလိုက်တော့ ကျမနေကောင်းပါတယ်ရှင် တဲ့။ ဗျာ---ဗမာလိုပြောတယ်--။ ဒါနဲ့ ဗမာစကားပြောတတ်သလားလို့မေးတော့ ဒီဝါကျတစ်ကြောင်းပဲ မှတ်ထားတာ တဲ့။ အမလေးဗျာ၊ တော်ပါသေးရဲ့။ ဘာဖြစ်လို့လဲဆိုတော့ သင်ရမယ်ဆိုရင်လဲ ကျနော်က အင်္ဂလိပ်လိုပဲ သင်ချင်တာကိုး။ ဒါမှ ကျနော်လဲ အင်္ဂလိပ်စာတိုးတက်မှုရှိမှာပေါ့။ ဒါနဲ့ နောက်အပတ်ကစပီး စနေနေ့တိုင်းလာခဲ့လို့ ရင်တထိတ်ထိတ်နဲ့ ဒိတ်လုပ်လိုက်ရတယ်။

သူငယ်ချင်းသို့ (၄)

ကိုယ်အင်္ဂလန်စရောက်တဲ့နေ့(၁၃/၀၉/၀၇)က မှတ်မိသေးတယ်။ နေတော်တော်သာတယ်။ သိပ်အေးမယ်လို့ထင်ခဲ့တာ၊ ချွေးတောင်ပြန်တယ် သူငယ်ချင်း။ နေ့လည်စာစားပီး ကိုယ်နေမယ့်အဆောင်ရောက်တော့ ညနေ(၃)နာရီကျော်နေပြီ။ အဆောင်ရှိတဲ့လူတွေကို နှုတ်ဆက်ပြီးတော့ ကိုယ့်အတွက်ပေးထားတဲ့နေရာမှာပဲ ပါလာတဲ့ပစ္စည်းတွေ ဘာတွေထားလိုက်တယ်။ ပြီးတော့ ခဏနားတယ်။ ရေချိုးတယ်။ ရေချိုးခန်းဝင်တော့ စိတ်ထဲမှာ ခံစားလိုက်ရတာ တစ်ခုပြောရဦးမယ်။

အင်္ဂလန်မှာရှိတဲ့ လူနေအိမ်တွေက နှစ်ထပ်အိမ်လေးတွေများတယ်။ အခန်းတွေလဲ ကျဉ်းတယ်။ အကြောင်းကို ရှာကြည့်တော့ သိပ်ချမ်းတဲ့တိုင်းပြည်မို့ အနွေးဓာတ်အလုံလောက်ပေးနိုင်အောင် တမင်တကာ အခန်းတွေကို ခန့်ကျဉ်းကျဉ်းဖွဲ့စည်းထားတယ်လို့ ယူဆရတယ်။ ဟိုးရှေးရှေးကတည်းက အကွက်ချပြီး ဆောက်ထားတာ။ ရေပိုက်လိုင်းတွေ၊ gas ပိုက်လိုင်းတွေ စနစ်တကျတပ်ဆင်ထားတယ်။ တစ်နိုင်ငံလုံး gas မီးဖိုကို သုံးရပေမဲ့ အင်ဒိယမှာလို gas အိုးလေးတွေကို ၀ယ်ပြီးသုံးရတာမျိုးမဟုတ်ဘူး။

မှတ်မိတယ်မို့လား၊ ကိုယ်တို့အင်ဒိယမှာနေတုန်းကဆို gas မီးဖိုလေးနဲ့ ချက်စားကြရတာ။ တစ်ခါကုန်ရင် တစ်ခါသွားဖြည့်တဲ့ စနစ်ပေါ့။ အင်္ဂလန်မှာတော့ ခုနားကပြောခဲ့သလိုပဲ အစကတည်းက ဘယ်နားဘာဆိုတဲ့အကွက်ချစီစဉ်ပြီး ဆောက်ထားတဲ့အတွက် အဲဒီလို့ gas ကုန်တဲ့အခါ သွားဖြည့်ရတာမရှိဘူး။ တစ်ခါတည်း ပိုက်လိုင်းတပ်ပေးထားတယ်။ အဲလိုတပ်လို့ရအောင်ကလဲ အိမ်တွေကို အတွဲလိုက် အတွဲလိုက် အကွက်ရိုက် ဆောက်ထားရတယ် ထင်ပါရဲ့။ အိမ်သစ်ယာသစ်ဆောက်တာမျိုးမတွေ့ရသလောက်ပဲ။ အထူးသဖြင့် လန်ဒန်မြို့မှာ လူနေအိမ်မဆောက်တော့ဘူး လို့တောင် ပြောနိုင်တယ်။ ဆောက်ရင်လဲ တခြားအဆောက်အဦးတွေပဲ ဆောက်တာများတယ်။

ပြောရင်းပြောရင်းနဲ့ ရေချိုးခန်းထဲဝင်လို့ ရတဲ့ခံစားချက်ကိုတောင် မေ့သွားပြီ။ ကိုယ်ရေးချိုးခန်းထဲဝင်တော့ ဘာခံစားရလဲဆိုရင် ၀ဋ်ကြွေးတစ်ခုကို ပေးဆပ်ဖို့များ အင်္ဂလန်နိုင်ငံရောက်လာသလား အောင့်မေ့မိတယ်။ ရေချိုးခန်းလေးက ကျဉ်းရတဲ့အထဲ လူတစ်ကိုယ်စာဝင်ဆန့်လောက်ရုံ ရေချိုးဇလားထဲ ဆင်းချိုးရတယ်။ သိပ္ပံမောင်ဝရေးတဲ့ အောက်စဖိုဒ်တက္ကသိုလ်မှတ်တမ်းထဲမှာလိုပဲ။ ဖတ်ဖူးတယ်မို့လား။ ရောက်စဆိုတော့ နည်းနည်းမှ အဆင်မပြေဘူး။ မြန်မာပြည်မှာတော့ သိတဲ့အတိုင်းပဲ ကျယ်ကျယ်ဝန်းဝန်း တောလဲတောအလိုက်၊ မြို့လဲမြို့အလိုက် လွတ်လွတ်လပ်လပ် ချိုးရတယ်။ အခုတော့လဲ တစ်နှစ်တောင်နေပြီးပြီဆိုတော့ ပုံမှန်ဖြစ်သွားပါပြီ။ ဒါမေပဲ့ ကိုယ့်မြန်မာကိုတော့ အစဉ်လွမ်းနေရဦးမှာပါပဲ သူငယ်ချင်း။

အဲဒီတော့ ကိုယ်ပြောခဲ့တဲ့ ပေးဆပ်လိုက်ရတဲ့ အရာတွေထဲမှာ ဒီအင်္ဂလိပ်တိုင်းပြည်မှာ ရေချိုးခန်းထဲရေ၀င်ချိုးရတဲ့ကိစ္စကိုလဲ ဒုက္ခတစ်ခုလို့ သတ်မှတ်လိုက်တယ်။ အော် ဒီမှာနေနေသေးသမျှတော့ ဒီလိုပဲ သည်းခံပြီး ၀င်စိမ်နေရဦးတော့မှာပဲလို့။ အခုဒီစာရေးနေတဲ့ချိန်ဟာ လန်ဒန်မှာ ည(၁၀)နာရီခွဲနေပြီ။ မြန်မာပြည်မှာတော့ မနက်(၄)နာရီပေါ့။ ကိုယ်က ညအိပ်ယာဝင်ခါနီးမှာပဲ ရေချိုးတာများတယ်။ အဲဒီတော့ သူငယ်ချင်းရေ ကိုယ်ခုနားလေးက ပြောခဲ့တဲ့ရေချိုးဇလားထဲဆင်းပြီး ရေသွားချိုးလိုက်ဦးမယ်။ ဘိုင့်ဘိုင်နော်။ မနက်ဖန်လဲ ကျောင်းသွားရဦးမယ်။ ကိုယ်လဲ ဒေါ်မာမာအေးလိုပဲ ပြောစရာလေးတွေလဲ တစ်ပုံကြီးကျန်သေးတယ်။ နောက်မှ ဆက်ပြောတာပေါ့။

သူငယ်ချင်းသို့ (၃)

သူငယ်ချင်း သိတဲ့အတိုင်းပဲလေ၊ ကိုယ်အင်္ဂလန်ကို ပညာတော်သင်အဖြစ် လာရတော့မယ်ဆိုတော့ ကိုယ့်လက်ထဲပိုက်ဆံဆိုလို့ တစ်ပြားမှရှိတာမဟုတ်ဘူး။ ကိုယ့်ဆရာသမားတွေရဲ့စောင်မကြည့်ရှုမှုနဲ့ ရောက်ခဲ့ရတာ။ ကိုယ့်အိမ်ကလဲ အဲလောက်များပြားတဲ့ ငွေကြေးပမာဏ မတတ်နိုင်ဘူးလေ။ မြန်မာပြည်မှာဆိုရင် အတော်အတန်လူဖြစ်လောက်တဲ့ ငွေကြေးပမာဏကို သုံးစွဲခွင့်ပြုပြီး တစ်ခါမှမရောက်ဖူးတဲ့ အင်္ဂလိပ်လူမျိုးတွေရဲ့ မြေပေါ်ခြေချခွင့်ရခဲ့တယ်။ Heathrow Airport ရောက်တယ်ဆိုရင်ပဲ ဘယ်သူမှ လာကြိုမယ့်လူမရှိဘူး။ ကိုယ်တစ်ယောက်တည်း ဒီလောက်ကြီးတဲ့လေဆိပ်ထဲမှာ တ၀ဲလည်လည်ဖြစ်နေတာ။ အရေးထဲ လူဝင်မှုကြီးကြပ်ရေးမှာ ၀င်တန်းစီနေလိုက်ရတာကလဲ ငါးနာရီကျော်ကျော်လောက်ရှိတယ်။

မနက် (၇) နာရီခွဲလောက်ကတည်းက လေဆိပ်ထဲရောက်နေလိုက်တာ နေ့လည်တစ်နာရီလောက်ကျမှ အပြင်ရောက်တော့တယ်။ လက်ထဲမှာလဲ အိပ်ကြီးအိပ်ငယ်နဲ့။ ကိုယ်နဲ့မျက်မှန်းတန်းမိလောက်တဲ့လူတစ်ယောက်စ နှစ်ယောက်စ ရှိလိုရှိငြားရှာမိသေးတယ်။ ဘယ်သူမှလဲ လာမကြို။ ကိုယ်ကိုယ်တိုင်လဲ ဘယ်သွားရမှန်းမသိနဲ့၊ စဉ်းသာစားကြည့်ပေတော့။ ဒါနဲ့ အထွက်မှာရှိတဲ့ ငွေလဲဆိုင်မှာ ဒေါ်လာတစ်ထောင်လောက် စတာလင်ပေါင်ငွေနဲ့သွားလဲ လိုက်သေးတယ်။ အဲဒီနေ့ (၁၃/၀၉/၀၇)ငွေလဲနှုံးနဲ့ ဒေါ်လာတစ်ထောင်မှ ပေါင်ငွေ ၄၅၀ ကျော်ကျော်ပဲရတယ်။ (နောက်မှ အပြင်မှာလဲတာ ပိုကောင်းမှန်းသိရတယ်။)

ဒါနဲ့လက်ထဲမှာရှိတဲ့ ခုနလေးကတင် လဲထားတဲ့ပေါင်ငွေတွေထဲက အကြွေတချို့ယူပြီး ကိုယ်နေမယ့်အဆောင်ပိုင်ရှင်ဆီ လေဆိပ်ထဲက ဖုန်းရုံးသွား ဖုန်းဆက်ကြည့်တယ်။ ကံအားလျှော်စွာပဲ၊ ရသွားတယ်။ အတော်လေးကြာတော့ ကားမောင်းတဲ့ ဟိန္ဒူကုလားလေးတစ်ယောက်နဲ့ အဘိုးကြီးတစ်ယောက်ရောက်လာကြတယ်။ ပြဿနာက သူတို့ကလဲ ကိုယ့်ကိုမမြင်ဖူး၊ ကိုယ်ကလဲ သူတို့ကိုမမြင်ဖူးဆိုတော့ သူတို့ရောက်လာပေမဲ့ လေဆိပ်ထဲအတော်ကြာကြာ ကိုယ့်ရှေ့မှာဖြတ်သွားဖြတ်လာလုပ်ပြီးမှ ကြိုတဲ့လူတွေဆိုတာ သိရတော့တယ်။ သူငယ်ချင်းရာ အဲဒီကျမှပဲ အသက်ရှူချောင်တော့တယ်။

ဒါ--ကိုယ့်ရဲ့ပထမဆုံးသောနိုင်ငံခြားအတွေ့အကြုံတော့လဲ မဟုတ်ပါဘူး။ ကိုယ်တို့တတွေ အင်ဒီယမှာလဲ နှစ်အတော်ကြာကြာ နေလာခဲ့ကြတာပဲ။ ကွဲပြားမှုတော့ ရှိတာပေါ့။ ကိုယ်မရောက်ဖူးတဲ့အရပ်ဆိုတော့ ဘယ်နေနေ ဒီလိုပဲဖြစ်ကြမယ် ထင်ပါရဲ့။ ပါလာတဲ့ အထုပ်အပိုးတွေ ယူပြီးကားပေါ်တက်၊ လေဆိပ်ကထွက်လာတော့ နေ့လည်နှစ်နာရီလောက်ရှိနေပြီ။ ကိုယ်လေဆိပ်ထဲ ဘယ်လောက်ကြာခဲ့လဲ တွက်သာကြည့်တော့။ အဆောင်မရောက်ခင် လမ်းမှာပဲ နေ့လည်စာဝင်စားလိုက်တယ်။ ဗုဖေးရောင်းတဲ့ ကုလားဆိုင်တစ်ဆိုင်မှာပါ။ ဒီ--ကုလားဆိုတဲ့ လူမျိုးတွေနဲ့ကလဲ ဘယ်နားသွားသွားလွတ်ကို မလွတ်ဘူး။ အင်ဒိယမှာနေကတည်းက စိတ်နာနေရတဲ့ကုလား၊ ဒီမှာလဲ လာတွေ့နေပြန်ပြီ။ အော် ဒါလဲ ရေစက်တစ်မျိုး ထင်ပါရဲ့။

Monday, September 29, 2008

အစပ်ကြိုက်သူများ သတိ


ဒီနေ့ Sky News ထဲမှာ ငရုပ်သီးကြိုက်သူတွေ သတိထားစရာသတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ သတင်းက----
အင်ဒရူးလီလို့ခေါ်တဲ့ အသက်(၃၃)နှစ်အရွယ်ရှိ စားဖိုမှူးတစ်ယောက် သူ့သူငယ်ချင်းနဲ့ အစပ်ဆုံးဟင်းလျာတစ်မျိုးကို လောင်းကြေးထပ်ပြီး စားပြသတဲ့။ သူစားတဲ့ဟင်းလျာကတော့ အင်မတိအင်မတန်စပ်တဲ့ ငရုပ်ဆီတစ်မျိုးပါ။ အဲဒီငရုပ်ဆီကို တစ်ခွက်လုံး ကုန်အောင်သောက်ပြီးတော့ တစ်ကိုယ်လုံးယားယံလာပြီး အိပ်မရလောက်အောင်ကို ဖြစ်သွားသတဲ့။ နှလုံးထိသွားတယ် လို့ဆိုပါတယ်။ နောက်ဆုံးတော့ လျှောပါလေရော။ အဲဒီတော့ အလောင်းအစားလဲ ကြည့်လုပ်ကြဖို့ မိတ်ဆွေများကို အသိပေးပါတယ်ဗျား။ အပြည့်အစုံဖတ်ချင်သူများအတွက် ဆိုင်ရာ link ကိုပေးလိုက်ပါတယ်။
http://uk.news.yahoo.com/skynews/20080929/tuk-chef-dies-after-hot-chilli-dare-45dbed5.html

ကျနော့် ဘလောဂ်မှာ ဒီလိုသတိထားစရာ သတင်းလေးတွေလဲ ရံခါ ဖတ်ခွင့်ရအောင် ထည့်ပေးပါမယ်။
အားလုံးကို ကျေုးဇူးတင်လျှက်
မင်းထက်

ထာဝရအချစ်

နောက်ပြန်မလှည့်၊
ရှေ့သို့ဆက်လဲ၊
မြင်ခဲ့အာရုံ၊
မျက်ဝန်းစုံကြောင့်၊
ခြေတုန်ဟန်ပျက်၊
ခြေမသွက်ဘူး။

နေ့ရက်လညောင်း၊
နှစ်သို့ပြောင်းလဲ၊
မဟောင်းမေတ္တာ၊
ချစ်သစ္စာကြောင့်၊
ရင်မှာနင့်စွဲ၊
မမေ့ရဲဘူး။

ဘ၀ပန်းတိုင်၊
ဆုံးခန်းတိုင်အောင်၊
အားပြိုင်ကျိုးစား၊
ရည်မှန်းထားလဲ၊
စိတ်အားငယ်ငယ်၊
ချစ်သက်လယ်ကို၊
မေ့ဘွယ်မမြင်၊
စိတ်အစဉ်ဝယ်၊
မှတ်ထင်အမြဲ၊
ရင်ထဲကချစ်၊
အနှစ်တစ်ရာ၊
မမေ့သာပြီ။

သူငယ်ချင်းသို့ (၂)

သူငယ်ချင်းရေ ကိုယ့်မှာပြောစရာတွေ အများကြီးရှိနေသေးလို့ ဆက်ရေးပါရစေဦး။ အခု ဒီစာကိုရေးနေတဲ့ အချိန်ဟာ လန်ဒန်မြို့ရဲ့ မြင်ရခဲလှတဲ့ နေ၀န်းကြီး အရှေ့က ထွက်ပြူလာနေတဲ့အချိန်ပေါ့။ မနက်ခင်း ရှစ်နာရီကျော်ကျော်ပဲရှိသေးတယ်။ မနက်စာစားပီးကာစပေါ့။ ကိုယ့်လူကော ဘာစားပီးပီလဲ။ မနေ့က ပြောခဲ့တာတွေ မှတ်မိသေးလား။ ကိုယ်စွန့်လွှတ်ထားခဲ့ရတာတွေ ဆိုတာလေ။ အခုအဲဒါပဲ ဆက်ပြောရဦးမယ်။

အသိဥာဏ်မရင့်ကျက်နိုင်သေးတဲ့ လူငယ်တစ်ယောက်ရဲ့ (ကိုယ့်လူ မရယ်နဲ့နော်၊ ကိုယ့်အသက်ကိုယ့်လူ သိပါတယ်။) ရင်ထဲမှာ နှလုံးသားခံစားမှုတွေကို စွန့်လွှတ်လိုက်ရတဲ့ ဒုက္ခဟာ အတော်ကြီးတယ် ဆိုတာ ကိုယ်ကိုယ်တိုင် ကြုံရမှပဲ ယုံတော့တယ်လို့ ပြောရမလိုဖြစ်နေပြီ။ ဟုတ်တယ် သူငယ်ချင်း၊ ဟိုးအရင်တုန်းက ကိုယ့်လူနဲ့ ကိုယ် မန္တလေးမှာ အတူနေစဉ်တုန်းက မှတ်မိသေးတယ်မို့လား။ မိုးဆီသွားကြတာလေ။ ကိုယ့်လူရဲ့အသည်းလေးပေါ့။ အဲဒီတုန်းက ကိုယ်က ကိုယ့်လူသွားရာနောက်က တကောက်ကောက်လိုက်ပီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးရတဲ့ နှလုံးသားအဖြည့်ခံလေးဘ၀နဲ့ပါ။

ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ်တားခဲ့တယ်။ ရှေ့ဆက်မသွားဖို့။ ပြောမရတဲ့အခါ သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ကိုယ်ကြိုးစားခဲ့ရတယ်။ အဲဒီလိုက်လျောမှုတွေ အလိုက်သိမှုတွေကြောင့်ပဲလား မပြောနိုင်ဘူး။ ကိုယ်တို့နှစ်ယောက်ဟာ ခွဲမရတဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့ကြတယ်။ ထားပါတော့လေ။ ကိုယ့်စကားပဲ ဆက်ပါ့မယ်။ အဲဒီတုန်းက ကိုယ့်လူရင်ထဲမှာ ဘယ်လို ဘယ်လောက်ထိ နာကျင်စူးရှ ခံစားနေရတယ်ဆိုတာ ကောင်းကောင်းနားမလည်နိုင်ခဲ့ဘူး။ အခုတော့ သူငယ်ချင်း ကိုယ်ကိုယ်တိုင် ဒီလမ်းကြောင်းပေါ်ရောက်ပြီး ပန်းတိုင်တစ်ခုအတွက် နောက်လမ်းကြောင်းတစ်ခုကို ပြောင်းရတဲ့အခါ ရင်နင့်အောင် ခံစားရတဲ့ အဖြစ်ရယ်လို့ နားလည်စွာ လက်ခံကျေနပ်တတ်ပါပြီ။
ို
ကိုအမြန်ပြန်ခဲ့နော် ဆိုတဲ့ ချစ်သူ့စကားသံဟာ ကိုယ့်အသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားခဲ့ ဆိုတဲ့ စကားလုံးတွေကို ကျော်တက်ပြီး ရင်ဝကို ဒုန်းကနဲ့ လာဆောင့်လိုက်တဲ့အခါ အခုချက်ချင်းပဲ လေယာဉ်လက်မှတ်ထ၀ယ်ပြီး ပြန်ရလောက်အောင် နာကျင်ခံခက်သွားရတာလဲ အကြိမ်ကြိမ်။ ကိုယ့်ရင်ထဲက ခံစားချက်ကို ငုံ့ကြည့်ရင်း သူ့ရင်မှာ ဘယ်လိုရှိနေမယ် ဆိုတာကို ကိုယ်ချင်းစာမိလေတိုင်း အသိုင်းအ၀ိုင်းရဲ့ မျှော်လင့်ချက်ကိုတောင် ဥပေက္ခာပြု လျှစ်လျူရှုချင်စိတ်တွေ ပေါ်လာတတ်လေရဲ့။

ဒီနေရာမှာ ကိုယ်တစ်ခုစဉ်းစားမိတယ်၊ ခံစားမှု (feeling or sensation) နဲ့ ဆင်ခြင်နိုင်မှု (contemplation) သို့မဟုတ် နှလုံးသား (heart) နဲ့ ဦးဏှောက် (brain) ဆိုတဲ့ သဘောတရားတွေအကြောင်းပေါ့။ တစ်ခုနဲ့တစ်ခု ဘယ်လောက်ထိ အချင်းချင်းမှီတွယ်မှု (interdependence) ရှိကြသလဲ ဆိုတဲ့ မဆိုင်တဲ့မေးခွန်းတွေလဲ မေးမိသေးတယ်။ ရယ်စရာတော့ ခန့်ကောင်းကောင်း။ အဲလို မဆီမဆိုင် စဉ်းစားတတ်လို့ပဲ ကိုယ့်ကို သူတို့က တစ်ခါတစ်လေ ကိုကိုကြောင် တဲ့။ အဲဒီထဲမှာ ကိုယ့်ပန်းကလေးတော့ မပါပါဘူး။ သူက ကိုယ်ဘာပြောပြော နားဝင်ချိုပြီး အထင်ကြီးနေတတ်တဲ့ သူရယ်လေ။ သူကတော့ ကိုယ့်ကို ဖရော်ဖက်ဆာလေး တဲ့။ ကြည့်စမ်း၊ လှလိုက်တဲ့နာမည်။ သူမို့ပေါ့။ သူများဆို ဒီနာမည် ဘယ်လိုမှ စဉ်းစားတတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ချစ်တယ်လို့ပြောတာ။ ကိုယ်က အမြှောက်ကြိုက်တယ်လေ။

အဲဒီကြည်နူးမှုတွေ၊ တွယ်တာစရာလေးတွေကို နောက်ပြန်လှည့်ကြည့်မအားပဲ မျက်ရည်ဝဲနေတဲ့ ချစ်သူ့မျက်ဝန်းကို မကြည့်မအောင် မျက်နှာလွှဲရင်း ရှေ့ဆက်ရမယ့် ခရီးရှည်အတွက် လက်ဆွဲသေတ္တာ အသေးလေးထဲ အ၀တ်အစားတွေနဲ့ လိုအပ်ရာရာလေးတွေ အတင်းထိုးသိပ်ထည့်လိုက်ရသလို အားသစ်မာန်သစ်တွေကို ရင်ထဲအတင်းထိုးသိပ်ထည့်ပြီး မတွက်ဆ မမျှော်မှန်းနိုင်တဲ့ ခရီးရှည်တစ်ခုအတွက် အင်းအားချည့်နဲ့တဲ့ နောက်ထပ်ခြေတစ်လှမ်းကို ကြိုးစားပြီး လှမ်းခဲ့ရပြန်တယ် သူငယ်ချင်း။

Sunday, September 28, 2008

သူငယ်ချင်းသို့ (၁)

သူငယ်ချင်း ကိုယ်တို့ခွဲခဲ့တာ ကြာပီနော်။ တစ်နှစ်ကုန်လို့ နှစ်နှစ်ထဲတောင်ရောက်နေပေါ့။ ကိုယ့်စိတ်ထဲမှာတော့ မနေ့ကလိုပဲ ခံစားနေရတယ်။ ရင်ထဲမှာ တစ်ခုခု ပျောက်ဆုံးနေသလိုပဲ။ နာမည်ဖေါ်လို့မရတဲ့ ခံစားချက်တွေကို စုပေါင်းပြီး မီးရှို့ပစ်လို့ရရင်ကောင်းမယ်။ တစ်နေ့ ပြန်ဆုံရမှာ သိနေပေမဲ့ စိတ်ထဲမှာတော့ အဲဒီတစ်နေ့ဆိုတဲ့ မသေချာမှုကြီးကို မုန်းတီးနေသလိုပဲ။ အမြန်ရောက်ချင်နေတဲ့ စိတ်ဆန္ဒကြောင့်ဆိုတာတော့ သူငယ်ချင်း နားလည်မှာပါ။

အခုဆို ကိုယ်ဒီလန်ဒန်ရောက်နေတာ တစ်နှစ်ကျော်ပြီ။ အတိအကျပြောရရင်တော့ ဒီနေ့ဟာ တစ်နှစ်ပြည့်လို့ ဆယ့်ငါးရက် အစွန်းထွက်လာပီ ဆိုပါတော့။ အဲဒီအချိန်အတွင်း ကိုယ်ဘာရခဲ့သလဲ ပြန်စဉ်းစားနေမိတယ်။ ရယူမှုတိုင်းဟာ ပေးဆပ်မှုနဲ့ ဒွန်တွဲနေတယ် ဆိုတဲ့ သီဝရီတစ်ခုကို တိုင်တည်ပြီးပြောပါရစေ သူငယ်ချင်း။ ရတာမပြောခင် ကုန်တာအရင်ပြောချင်တယ်။ ကုန်တာဆိုတာထက် စွန့်လွှတ်လိုက်ရတာနဲ့ စွန့်လွှတ်ထားရတာတွေလို့ပြောရင် ပိုမှန်မယ်ထင်တယ်။ စခွဲခွါခဲ့တဲ့အချိန်ကစပီး စွတ်လွှတ်ထားခဲ့ရတာ တွေကတော့ ကိုယ့်ရင်ကိုနွေးထွေးစေတဲ့ ပန်းပွင့်လေးတွေပါပဲ။

ဟုတ်တယ်။ တန်ဖိုးသတ်မှတ်လို့မရနိုင်တဲ့ အဲဒီပန်းပွင့်လေးတွေဟာ ကိုယ့်ရဲ့ ပထမဆုံး စွန့်လွှတ်ထားခဲ့ရတဲ့ မြတ်နိုးဂေဟာတွေပဲ့ပေါ့။ ဆုံနိုင်ခွင့်ရဲ့ တစ်ဘက်စာမျက်ကို ရောက်သွားတဲ့အချိန်မှာ မျှော်လင့်ချက်ဆိုတာလဲ အဓိပ္ပါယ်သတ်မှတ်လို့မရတဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်သွားတယ်လေ။ ဒါပေမဲ့ အဒီအဓိပ္ပါယ်တိတိကျကျ မသတ်မှတ်နိုင်တဲ့ကဗျာကိုပဲ ခုံမင်မြတ်နိုးစွာနဲ့ စိတ်ထဲမှာ မကြာခဏဆိုသလို ရေရွတ်နေမိတယ်။ ကိုယ်လိုရာဆွဲတွေးပြီးတော့လဲ ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် ကြည်နူးကျေနပ်နေမိတယ်။

တစ်ခါတစ်လေတော့လဲ ကဗျာရဲ့အဓိပ္ပါယ်ကို ဖေါ်ဖို့ကြိုးစားရင်း ကိုယ်လာရာလမ်းကြောင်းကိုတောင် မေ့ချင်သလိုလိုပဲ။ ဒါပေမဲ့ သူငယ်ချင်း ကဗျာကို မဖတ်မိအောင် ကြိုးစားနေကြည့်ရင်း ရှေ့ဆက်ရမယ့်ခရီးကို လှမ်းမျှော်ကြည့်ပြန်တော့ ကိုယ့်ကိုယ်ကို မရေရာတဲ့ ခရီးသွားတစ်ယောက်လို မြင်မိပြန်ရော။ ဒါပေမဲ့ ရင်ထဲမှာရုတ်တစ်ရက် ပေါ်လာတဲ့ နွေးထွေးမှုပန်းပွင့်လေးတွေရဲ့ မျှော်လင့်ချက်မျက်ဝန်းတွေကို နောက်ပြန်လှည့်ကြည့်ချင်စိတ်တွေကို လူနာတစ်ယောက်ရဲ့ အလွန်ခါးသီးတဲ့ဆေးကို ၀ါးမျိုရသလို ကျိတ်မှိတ်မျိုချရင်း ရှေ့ဆက်ရမယ့်ခရီးရှည်အတွက် ခွန်းအားချိနဲ့တဲ့ ခြေတစ်လှမ်းကို ကျိုးစားပြီး ပေးဆပ်လိုက်ရတယ်။

အနမ်းမှား

လရောင်ကို နမ်းရှိက်၊
ရလိုက်တဲ့ အနံ့၊
မသန့်ရပ်တဲ့ အတွေ့အထိ၊
အသိတစ်ခု ၀င်လာ၊
အာ-------
ငါ အနမ်းမှားနေပါလား။

ကြာတစ်ပွင့်ရဲ့သောက

ကုမုဒြာ၊
လ အသာ သူပွင့်မှာမို့၊
လ မသာ အမှောင်ည၊
သူရောက်မှာ စိုး။

ပန်ကြားခြင်းနိဒါန်း

ကျနော် ဒီနေ့ (၂၈/၀၉/၂၀၀၈) ကစပြီးတော့ ဘလော့ဂ်တစ်ခုကို ဖန်ဆင်းတယ်။ ကျနော်ပြောချင်တာတွေ၊ ကျနော့်ခံစားချက်တွေကို ကျနော့်သူငယ်ချင်းတွေနဲ့ ဝေမျှခံစားချင်တယ်။ ကျနော်သိတဲ့ သတင်းတွေကိုလဲ ပေးမယ်။ သူများဆီက တရားဝင်သတင်းတွေကိုလဲ တစ်ဆင့်ဖြန့်ချီမယ်။ အဲဒါကျနော်ရဲ့ အဓိကရည်ရွယ်ချက်။ သူများကို ဆရာလုပ်ဖို့တော့ မဟုတ်ဘူးနော်။ ဘာဖြစ်လို့ အဲလိုပြောရလဲဆိုတော့ ခေါင်းစဉ်ကို ကျနော်က အလင်းတန်း လို့ပေးထားခဲ့တာလေ။ သူများကို အလင်းရောင်ပေးဖို့ဆိုတဲ့ရည်ရွယ်ချက်ကြောင့်ဆိုရင် ကျနော်ရွေးထားတဲ့ခေါင်းစဉ်ဟာ သိပ်ကြီးကျယ်ကျသွားလိမ့်မယ်။ ကျနော့်ရင်ထဲမှ သိလိုက်တာလေးတွေကို ပြောပြချင်တာက အဓိကပါ။ စာဖတ်သူအတွက် အလင်းတန်းတစ်ခု ဖြစ်ချင်လဲ ဖြစ်သွားနိုင်တာပေါ့။ ကျနော့်ကို ပြန်လည်ဝေဘန်ဖို့လဲ စာဖတ်သူကို ဖိတ်ခေါ်ပါတယ်။ တိုက်တော့ မတိုက်ခိုက်ပါနဲ့။ အဲဒါတစ်ခုတော့ ကြိုတင်ပြောထားချင်တယ်။ ကျနော် စစ်မဖြစ်ချင်ဘူး။ ကျနော်က ငြိမ်းချမ်းရေးကို ရှေးရှူချင်တယ်။ ရင်ထဲက ဒေါသတွေပါတဲ့ အသုံးအနှုံးတွေနဲ့ ဘယ်သူ့ရင်ကိုမှ မပူလောင်စေချင်ဘူး။ ကျနော်ကိုယ်တိုင်ရဲ့ ရင်ထဲမှာလဲ အေးမြနေချင်တယ်။
ကျေးဇူးတင်စွာဖြင့်
မင်းထက် (ယူကေ)