Sunday, August 1, 2010

ရှင်တောင်ပုံတောင်လား




“တောဘောင် တောင်ဘောင်၊ ရှင်တောဘောင်၊
တောဘောင် မတ်စွတ်၊ တပ်မရွတ်”

ငယ်စဉ်တောင်ကျေး ကလေးဘ၀က ပါးစပ်ဖျားမှာ ရေပန်းစားရွတ်ဆိုခဲ့ဖူးသော ထားဝယ်ကဗျာကလေးတစ်ပုဒ်ပါ။ ဒီကဗျာလေးကို မြန်မာအမှူးပြုပြီး သီဆိုမယ်ဆိုရင်တော့ “တောင်ပုံ တောင်ပုံ၊ ရှင်တောင်ပုံ၊ တောင်ပုံ မတ်စောက်၊ တက်မရောက်” လို့ ဆိုနိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ ရှင်တောင်ပုံတောင်ကြီးဟာ မတ်စောက်လွန်းတဲ့အတွက် တက်လို့ မရောက်နိုင်ပါဘူး တဲ့။ ဒါပေမဲ့ အဲဒါက ဟိုးအရင်တုန်းကပါ။ အခုတော့ တက်လို့မရောက်နိုင်လောက်အောင်ကို မတ်စောက်မြင့်မားလှတဲ့ ရှင်တောင်ပုံတောင်ကြီးလည်း “တောင်ကြီးဖ၀ါးအောက်” ဖြစ်သွားရပါပြီ။



ရှင်တောင်ပုံတောင်ကြီး တည်ရာဒေသကတော့ ထားဝယ်လေးမြို့နယ်ထဲ အ၀င်အပါဖြစ်တဲ့ သရက်ချောင်းမြို့လေးဖြစ်ပါတယ်။ ထားဝယ်မြို့ပေါ်ကနေ ဆိုင်ကယ်စီးသွားရင် မိနစ်လေးဆယ်လောက်ဆို ရောက်ပါပြီ။ ထားဝယ်လို “ရှင့်ခ္လော” လို့ခေါ်တဲ့ သရက်ချောင်းမြို့လေးမှာ ကြည့်စရာလည်ပတ်စရာ ထူးထူးခြားခြားသိပ်မရှိလှပေမဲ့ သရက်ချောင်းရေတံခွန်နဲ့ ရှင်တောင်ပုံတောင်ကြီးကြောင့် ထားဝယ်သူထားဝယ်သားတွေ အသွားအလာ မပြတ်လှပါဘူး။ ကျနော်လည်း ကိုယ့်ရပ်ကိုယ့်ရွာရောက်တုန်းရောက်ခိုက် သရက်ချောင်းမြို့ကလေးသို့ ခေတ္တရောက်ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ဒူးရင်းသီး စားချင်လို့။

ခင်မင်ရင်းနှီးလှတဲ့ သူငယ်ချင်းတစ်ယောက် အခြေချနေထိုင်တဲ့ ဒီမြို့လေးကို ရောက်လာရခြင်းရဲ့အဓိကအကြောင်းကတော့ အထက်မှာပြောခဲ့သလို ဒူးရင်းသီးစားချင်လို့ပါပဲ။ ဘာလို့လဲ ဆိုတော့ သရက်ချောင်းမြို့နယ်လေးရှိတောတောင်တွေမှာ ဒူးရင်း၊ မင်းဂွတ်၊ စွံပဒတ်၊ ပိန္နဲသီးတွေ အလွန်ပေါပါတယ်။ ရာသီအချိန်ကျရင် ၀ယ်စားစရာမလိုအောင်ကို ပေါတဲ့ နေရာလေးပါ။ မောင်းမကန်ရွာမှာတော့ သူများရွာက လာရောင်းတဲ့ ဒူးရင်းသီးပဲ စားရတာများပါတယ်။ ရွာထွက်၊ ခြံထွက်သိပ်မရှိလှပါဘူး။ ဒီတော့ ဒူးရင်းသီးကောင်းကောင်းစားချင်ရင် သရက်ချောင်းပြေးကြရတာပါပဲ။ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။ သရက်ချောင်းရောက်တော့ သူငယ်ချင်းက ၀မ်းသာအားရနဲ့ ဆီးကြိုနှုတ်ဆက်ပြီး လာရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြတဲ့အခါ ဒူးရင်းသီးရာသီကုန်သွားလို့ မရှိတော့ဘူးတဲ့။ ထားဝယ်စကားနဲ့ ပြောရရင်တော့ “ဒူးရင်းသီးပွဲသွားပြီ”တဲ့။

ထားဝယ်သူထားဝယ်သားတွေက သက်ဆိုင်ရာ စားပင်သီးပင်တွေ ကုန်ဆုံးတဲ့ရာသီကို “ပွဲသွားပြီ”လို့ ပြောလေ့ရှိပါတယ်။ ဥပမာ၊ စွံပဒတ်သီးကုန်တဲ့ရာသီရောက်ရင် စွံပဒတ်သီးပွဲသွားပြီ စသည်အားဖြင့် ပြောလေ့ရှိပါတယ်။ ကိုယ်လည်း ဒူးရင်းသီးပွဲသွားပြီဆိုတော့ ကိုယ့်တံထွေးကိုယ်မျိုပြီး လှည့်ပြန်ရတော့ မလိုလိုဖြစ်နေတုန်း သူငယ်ချင်းက ရေတံခွန်သွားရအောင်ဆိုတာနဲ့ သရက်ချောင်းရေတံခွန်ဘက် ဆိုင်ကယ်ကိုယ်စီနဲ့ ထွက်ဖြစ်ခဲ့ကြတယ်။

ရေတံခွန်ဘက်ထွက်ခဲ့ရာ သရက်ချောင်းမြို့အ၀င်လမ်းက အင်မတိအင်တန်ကို ဆိုးဝါးလှပါတယ်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဘုန်းရှင်ကံရှင်မင်းတြားကြီးက ရေတွင်းပေါင်းရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင်ကို လမ်းလယ်ခေါင်မှာ တူးထားတော့ သွားရလာရတာ အတော့်ကို ဂွကျလှဘိခြင်း။ လမ်းမကောင်းလို့ ဟိုကွေ့သည်ပတ်လုပ်ပြီး မောင်းခဲ့ရတဲ့ ဆိုင်ကယ်ခမျာ ခဏနေတော့ တာယာပေါက်ပါလေရော့လား။ အချိန်ကြည့်လိုက်တော့ ညနေ (၅) နာရီထိုးလုလု၊ လာရာလမ်းက မိုးတဖြိုင်ဖြိုင်နဲ့၊ ဒီကြားထဲ ဆိုင်ကယ်ဘီးက ထပေါက်ပြန်တော့ ရှေ့ဆက်ဖို့လည်းခက်၊ လှည့်ပြန်ဖို့လည်းအခက်နဲ့ လမ်းဘေးဆင်းပြီး ဆိုင်ကယ်က လူကို စီးပြီးသွားနေရတဲ့ဘ၀ ရောက်ခြင်းမလှ ရောက်ရတော့တာပါပဲ။အတူပါလာတဲ့ ညီမလေးက သူစီးတဲ့ဆိုင်ကယ်ကို ပေးပြီး ကိုယ့်ဆိုင်ကယ်ကို သူနဲ့ တူမလေးက တွန်းသွားလေရဲ့။ အဟဲ---ကိုယ့်ခမျှာ ယောက်ျားဖြစ်ပြီး ဆိုင်ကယ်တွန်းသွားရမှာ ရှက်ကြောင်းညီမလေး ရိပ်မိရှာလို့ တော်ပါသေးရဲ့ဗျား။

ဒီလိုနဲ့ ရှေ့နားက သူငယ်ချင်းအသိအိမ်တစ်အိမ်မှာ ခဏ၀င်နားပြီး ညီမလေးတို့ကို စောင့်နေရသေးတယ်။ တာယာပေါက်တဲ့ဆိုင်ကယ်ကို မြို့ထဲကကျွတ်ဖာလေးထိုးဆိုင်တစ်ဆိုင်မှာအပ်၊ အသိအိမ်က ဆိုင်ကယ်တစ်စီးယူပြီး ရေတံခွန်ဘက် ကိုယ်အုပ်စုလိုက်ကြီး ချီတက်ခဲ့ကြတယ်။ ကျနော်တို့အုပ်စုမှာ ကျနော့်အမကြီး၊ ညီမလေးနဲ့ တူမနှစ်ယောက်၊ ညီတစ်ယောက်၊ သူငယ်ချင်းသုံးယောက် စုစုပေါင်း (၇) ယောက်ပါတယ်။ ရေတံခွန်ရောက်တော့ ဘာမှထူးထူးခြားမရှိပါဘူး။ ရေတံခွန်ပါဆိုမှတော့ တောင်ပေါ်က လျောကျလာတဲ့ ရေတွေကို ငေးကြည့်နေရုံပါပဲ။ မက်လောက်စရာ ရှုကွင်းရှုကွက်လည်း သိပ်မရှိတော့ ခဏပဲနေဖြစ်ပါတယ်။ အရင်ကလည်း ရောက်ဖူးထားတဲ့ နေရာမို့ ရောက်ပြန်ပါပဲ။ ဒါပေမဲ့ အဲဒီရေတံခွန်ကနေ အထက်ကြည့်လိုက်တော့ အင်မတန်မြင့်မားလှတဲ့ တောင်ထွဋ်ကြီးတွေ့ရပါတယ်။ ဒါနဲ့ သူငယ်ချင်းကို မေးကြည့်တော့ အဲဒါ ရှင်တောင်ပုံတောင်ပေါ့ တဲ့။



အဲဒီကျမှပဲ ငယ်ငယ်ကတည်းက ကြားဖူးနားဝရှိနေတဲ့ ရှင်တောင်ပုံတောင်ဆိုတာ ဒီသရက်ချောင်းမြို့နယ်ထဲကကိုးလို့ သိရပါတော့တယ်။ ငယ်ငယ်ကတော့ ကြားပဲကြားဖူးနေတာ။ ဒီတောင်ကြီး ဘယ်နေရာရှိမှန်းတောင် မသိခဲ့ပါဘူး။ တောဝင်၊ တောင်တက်ဝါသနာကြီးလှတဲ့ ကျနော့်ခမျှာ တောင်မြင်တော့ တက်ချင်စိတ်ပေါက်လာပြန်ပါရော့လား။ သူငယ်ချင်းကို မေးကြည့်တော့ တက်လို့ရတယ် ဆိုတာနဲ့ အုပ်စုလိုက်ကြီး ဆိုင်ကယ်ကိုယ်စီနဲ့ ချီတက်ခဲ့ကြပြန်ပါတယ်။ ရှင်တောင်ပုံတောင်မကြီးကို တက်တဲ့လမ်းကို တောင်စောင်းတွေဖြိုပြီး ကျောက်ကြမ်းလမ်းကလေး တောင်ပတ်ဖေါက်ပေးထားပါတယ်။ ကားနဲ့တက်မယ်ဆိုရင် ဂျစ်ကားလောက်ပဲ တက်နိုင်တဲ့လမ်းမျိုးပါ။ အကွေ့အကောက်ရာထောင်နဲ့ ကျောက်ကြမ်းလမ်းကို မောင်းတက်ရတဲ့ခရီးဟာ တစ်ချက်ချော်တာနဲ့ အသက်ထွက်ဖို့ပဲ ရှိပါတယ်။ ဒီလမ်းကို ကျနော်တို့အဖွဲ့ ကျိုးစားပြီး ရင်ဖိုဖိုနဲ့ တက်ခဲ့ကြရပါတယ်။

တောင်ပတ်လမ်းတစ်လျှောက် မြင်ရတဲ့မြင်ကွင်းတွေကတော့ သစ်ပင်ကြီးငယ်တွေနဲ့ ဟိုးခန့်လှမ်းလှမ်းတောင်ခြေက စိမ်းညို့ညို့လယ်ကွင်းပြင်ကြီးတွေချည်းပါပဲ။ မိုးတဖြိုက်ဖြိုက်နဲ့ ဆည်းဆာချိန်ဖြစ်တဲ့အတွက် ပုဇင်းရင်ကွဲကောင်လေးတွေရဲ့ စူးရှရှအော်သံတွေနဲ့ အိပ်တန်းတက်ငှက်ကလေးတွေရဲ့ နှုတ်ခွန်းဆက်သံတွေကို ကြားနေကြရပါတယ်။ ဆိုင်ကယ်ပေါ်ထိုက်လိုက်ရင်း ငယ်ငယ်က ရွတ်ခဲ့ဖူးတဲ့ အထက်ပါ ကဗျာလိုလို သီချင်းလိုလို ရှင်တောင်ပုံဖွဲ့ကို သတိတရဆိုမိပါသေးတယ်။ မတ်စောက်လွန်းလို့ တက်မရတဲ့တောင်ကြီးကို အခုတော့ ငါတက်နေရပြီဆိုတဲ့ အသိက တောင်ထိပ်ရောက်ချင်စိတ်ကို နိုးဆော်နေသလိုပါပဲ။ တောင်ပေါ်မရောက်ခင် သုံးပုံတစ်ပုံလောက်မှာ ရှင်သီဝလီကျောင်းဆောင်နဲ့ ရှင်သီဝလိရုပ်တုတော်ကို ဖူးတွေ့ပါတယ်။ အဲဒီနေရာက အောက်ဘက်လှမ်းကြည့်လိုက်ရင်ကိုပဲ တခြားတောင်စဉ်တောင်တန်းတွေ အများကြီးနဲ့ လယ်ကွင်းပြင်ကျယ်ကြီးတွေကို မျက်စိတစ်ဆုံးတွေ့မြင် ခံစားနိုင်ပါတယ်။



တောင်ခြေကနေ မိနစ်သုံးဆယ်ကျော်ကျော်လောက်မောင်းပြီးတဲ့အခါမှာတော့ ကျနော်တို့အဖွဲ့ ရှင်တောင်ပုံတောင်ထိပ်ကို ဘေးမသီရန်မခရောက်ခဲ့ကြပါတော့တယ်။ တက်မရောက်နိုင်တဲ့တောင်ကြီးပေါ်သို့ အခြေချမိချိန်မှာတော့ အင်မတန်သန့်ရှင်းလေနုအေးတစ်မျိုးကို ရှူရှိုက်ခွင့်ရကြပါတယ်။ ရင်တဒိတ်ဒိတ်နဲ့ မောင်းတက်ခဲ့ရတဲ့ ဒီခရီးရဲ့အဆုံးမှာ ဖူးတွေ့ရတာကတော့ တောင်ထိပ်ပေါ်မှာ သပ္ပါယ်လှစွာတည်ထားတဲ့ ရှင်တောင်ပုံစေတီတော်ကြီးပါပဲ။ တောင်ထိပ်ပေါ်မှာ စေတီတော်ကြီးနှစ်ဆူနဲ့ ထိုင်တော်မူရုပ်ပွါးတော်ကြီးတစ်ဆူ တည်ထားတာ ဖူးတွေ့ရပါတယ်။ စေတီတော်၊ ရုပ်ပွါးတော်တွေကို စောင့်ရှောက်ရင်း သီတင်းသုံးနေကြတဲ့ ရဟန်းတော်အချို့ကိုလည်း ကြည်ညိုစွာ ဖူးတွေ့ခွင့်ရခဲ့ပါတယ်။ လူသူအရောက်အပေါက်နည်းပါးလှတဲ့ ဒီတောင်ကြီးပေါ်မှာ သီတင်းသုံးရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဆွမ်းရေးကွမ်းရေးကအစ ခက်ခဲမှာ အမှန်ပါပဲ။ လာဘ်လာဘဆိုတာလည်း မြေပျန့်က သံဃာတော်တွေလို့ ပေါများကြမှာ မဟုတ်ပါဘူး။ ရောက်တုန်းရောက်ခိုက် တောင်ပေါ်မှာသီးတင်းသုံးတဲ့ဦးပဇင်းလေးကို ကန်တော့ရင်း တတ်နိုင်သလောက်စုပေါင်းပြီး ဒါနပြုခွင့်ရခဲ့ပါတယ်။



တောင်ပေါ်ရှိစေတီတော်၊ ရုပ်ပွါးတော်တွေကို ၀အောင်ဖူးရင်း ပတ်ဝန်းကျင်ရဲ့ သဘာဝအလှကို တ၀ကြီးခံစားခဲ့ကြရပါတယ်။ တောင်ပေါ်က စီးမိုးကြည့်လိုက်ရင် လောကကြီးတစ်ခုလုံးဟာ ငြိမ်းချမ်းတည်ငြိမ်နေသယောင် ခံစားရပါတယ်။ စားဖို့သောက်ဖို့၊ ကြွားဖို့ဝါဖို့ လုပ်နေကြရတဲ့ နေ့တဓူဝ (နိစ္စဓုဝ) အလုပ်တွေနဲ့ ရင်မောစရာကောင်းလှတဲ့ လူသားတွေရဲ့ အမောတွေကို ဒီလိုနေရာမျိုးမှာ လွှင့်ပစ်ခဲ့လို့ရရင် လွှင့်ပစ်ခဲ့ချင်ပါတယ်။ ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ ဝေးရာနယ်မြေ၊ ငြိမ်းချမ်းမှုတွေကို သိုမှီးရာနယ်မြေဖြစ်တဲ့ ဒီရှင်တောင်ပုံတောင်ထိပ်မှာ ရင်အမောတွေကို ဖြေလျော့ရင်း အနားယူလို့ ကောင်းတုန်းမှာပဲ နေခွင့်မသာ၊ အိမ်ပြန်ရဦးမယ်ဆိုတဲ့ အသိဝင်လာတာကြောင့် စေတီတော်တွေကို နောက်ဆုံးကန်တော့ပန်းဆင် ဖူးမျှော်ခဲ့ပြီး လာရာလမ်းကို မြန်းခဲ့ကြရပါတော့တယ်။


စိမ်းညို့ညို့သွင်၊ တောင်မင်းယာဉ်လည်း၊ တိမ်ဝင်ထိုးဖေါက်၊ မိုးသို့ရောက်မျှ၊ မတ်စောက်မြင့်မား၊ မြတ်ဘုရားနဲ့၊ တရားသံဃာ၊ ကွန်းခိုရာတည့်။ လူ့ရွာသောက၊ ပူသမျှတို့၊ အေးမြစေရာ၊ ဤတောင်သာဝယ်၊ ခြေရာချခွင့်၊ ငါရလင့်ပြီ။ ငါနှင့်ပေါင်းပါ၊ မိတ်သဟာလည်း၊ ငါ့နှယ်ရင်အေး၊ သောကဝေးစေ၊ တောင်းဆုချွေ၏။ ငါလေပြုစု၊ မြတ်ကောင်းမှုလည်း၊ လူထုအများ၊ ချမ်းသားပွါးဖို့၊ ရငြားပါစေ၊ မျှပေးဝေသည်၊ တောင်ထွေတောင်စု၊ သက်သေပြု။




1 comment:

MDW said...

အဲဒီနေရာတွေ တခါမှ မရောက်ဖူးဘူး။
ရှုခင်းလေးတွေက လွမ်းမောစရာပဲ။
နောက်ထပ်ဓာတ်ပုံတွေရှိသေးရင် တင်ပေးပါအုံး။ ကြည့်ချင်လို့။