အမမေးခွန်းကို ကျနော်ချက်ချင်းပြန်မဖြေပါ၊ အဘယ့်ကြောင့်ဆိုသော် အမ သိလျက်သားနှင့် တမင်မေးခြင်းဖြစ်ကြောင်း ကျနော်အတတ်သိနှင့်နေသည်။ ကျနော် မေးခွန်းပြန်ထုတ်မိသည်။
“ဘာလဲ အမက လိုက်မပို့ချင်လို့လား”
“အမယ်၊ ငါ့မောင် ဘယ်သွားချင်သွားချင်၊ လိုက်မပို့ခဲ့တာ ရှိလို့လား၊ ငါ့မောင်သွားမယ်ဆို အမလိုက်ပို့ဖို့ အဆင်သင့်၊ ကြိုတင်သိနေလို့ ကားတောင် ငှါးထားပြီးပြီ၊ မနက်ဖန် မနက်ကားထွက်မယ်၊ ထုံးစံအတိုင်း ကလေးတွေပါမယ်၊ ထမင်းချိုက်၊ ဟင်းချိုက်နဲ့ စားစရာတွေ အကုန်စီစဉ်ပြီးပြီ၊ တစ်ခုပဲ၊ ရာသီဥတုကတော့ စိတ်မချရဘူး၊ မိုးရွာနိုင်တယ် မောင်လေးရဲ့”
“ကိစ္စမရှိပါဘူး အမ၊ မိုးရွာလည်း မောင်လေးတော့ သွားရမှာပဲ၊ မျှော်ရစ်မှ မသွားရရင် မောင်လေး အသက်တိုလိမ့်မယ်”
ယင်းသို့ပြောလိုက်သောအခါ ကျနော့်အမ ပြူးသွားလေတော့သည်။ တစ်မျိုးမထင်စေလိုပါ၊ အမမျက်လုံးအစုံ ပြူးကျယ်သွားခြင်းကို ဆိုလိုခြင်းသာ ဖြစ်ပါသည်။ တစ်ခါတုန်းက အမမေးခွန်းတစ်ခု မေးခဲ့ဖူးသည်။
“မောင်လေးက မောင်းမကန်လာတိုင်း ဘာဖြစ်လို့ မျှော်ရစ်ကို မဖြစ်မနေ သွားသွားနေရတာလဲ”ဟူ၍။
ကျနော့်မှာ တိကျသော အဖြေမရှိပါ။ ထို့ကြောင့် တိကျရေရာသော အဖြေမျိုးကိုလည်း ကျနော်မပေးနိုင်ခဲ့ပါ။ သွားချင်သောကြောင့်ဟုသာ အဖြေပေးခဲ့နိုင်ပါသည်။ စောဒကတက်သော မေးခွန်းမျိုး ထပ်မံအမေးမခံရသောကြောင့်သာ တော်သေးသည်ဟု စိတ်ဖြေခဲ့ရသည်။ အမှန်အားဖြင့် အမကိုယ်တိုင်သည်ပင် မျှော်ရစ်ကို သွားရမည်ဆိုပါက အမြဲတမ်းပျော်ရွှင်နေသည်ချည်း။ သွားမည်ဆိုသည်နှင့် လူစုပြီး ကားငှါးဖို့ အဆင်သင့်ဖြစ်နေတတ်သည်မှာ ကျနော့်အမ၏ ချစ်စရာကောင်းသော အကွက်တစ်ကွက်ပင်။
ကလေးများမှာ ကျောင်းအားရက် မဟုတ်သည်ကတစ်ကြောင်း၊ ကနန်းတောင်သို့သွားပြီးသည့်အတွက် ပင်ပန်းနေကြသည်ကတစ်ကြောင်း၊ မျှော်ရစ်တောင်သို့ မကြာခဏရောက်ဖူးနေကြသည်ကတစ်ကြောင်းကြောင့်
အားလုံးမလိုက်ဖြစ်ကြတော့။ သို့သော်လည်း ပရိသတ်အင်းအားက နည်းသွားသည်ဟုမရှိ၊ နှစ်ဆယ်ကျော်နေသည်ချည်းပင်။ ဤခရီးတွင် နောက်တိုးလိုက်ပါသူများလည်း မနည်း။ ယင်းတို့အနက် မောင်းမကန်၏ စူပါဆရာမလေးလည်း အပါအ၀င်ဖြစ်သည်။ ယင်းသည့်ကြောင့်ပေလော မသိ၊ ကျနော့်ရင်ထဲ ပိုမိုပျော်ရွှင်နေသယောင်။ တိတ်တခိုးမျှော်လင့်ခဲ့ဖူးသော အဖြေတစ်ခုအတွက် နှစ်ပေါင်းများစွာလွန်စေပြီးမှ အနီးကပ်မြင်ခွင့်ကလေးမျှရမည့် အခွင့်အရေးသည်ပင် ကျနော့်ရင်ကို နွေးထွေးစေခဲ့သည်။
နံနက်ခင်း အလင်းရောက်နေပြီဖြစ်ပေသည့် မိုးရာသီ၏ သဘာဝအလှည့်အပြောင်းမှာ ညောင်းရသောခရီးသည် နွေးထွေးသောရင်ကို အေးမြစေလေရော့ထင့်။ ကားပေါ်တွင် လိုက်ပါမည့်သူများ အဆင်သင့်နေရာယူကြပြီးချိန်မှာ ကားဆရာ၏ “လူစုံပြီနော်”ဟူသောမေးခွန်းအသံနှင့်အတူ သူ၏ကားစက်အသံသည်လည်း နိုးထအော်မြည်လာလေသည်။
“ဟုတ်ကဲ့၊ စုံပါပြီဆရာ”၊ အုပ်စုခေါင်းဆောင်ဖြစ်သော ကျနော့်အမက ဖြေသည်။ “လမ်းဆုံရောက်ရင် ဆရာမလေးကို ခေါ်ရဦးမှာနော်၊ အဲဒီမှာ ကားခဏရပ်ပေးဦး” အမက ဆက်ပြောသည်။ အိမ်ရှေ့မှ ကားဘီးစတင်လိမ့်ထွက်သည်နှင့် ပြိုလုလုမိုး၏ တဖွဲဖွဲရွာသွန်းမှုကြောင့် မိုးစက်မိုးပေါက်များ မနားတမ်းလာမှန်ကြသဖြင့် ကားမှန်များကို ပိတ်လိုက်ကြရသည်။
မောင်းမကန်လမ်းဆုံ။ ။ယင်းလမ်းဆုံသည် ရွာ၏ အစည်ကားဆုံးသော နေရာတစ်ခုဖြစ်သည်။
ရွာရှိ ဘုံဆိုင်မှန်သမျှနှင့် စတိုးဆိုင်အကြီးအငယ်အရွယ်အလတ် အစုံရှိသည့်အပြင် ထားဝယ်မြို့ပေါ်သို့ ယင်းလမ်းဆုံမှ စတင်ထွက်ခွါရသည်။ မောင်းမကန်ကမ်းခြေသို့ ယင်းလမ်းဆုံမှ တစ်ဆင့်သွားရသည်။ အနီးအပါးရွာများသို့လည်း ယင်းလမ်းဆုံမှပင် ထွက်ခွါကြရသည်။ အခုသွားရမည့် မျှော်ရစ်ခရီးကိုလည်း ယင်းလမ်းဆုံမှပင် တာထွက်ကြရပေဦးမည်။ ယင်းလမ်းဆုံတွင် ဆရာမလေး နေသည်။ သူ့ကို ယင်းလမ်းဆုံတွင် ခေါ်တင်ခဲ့ရမည် တဲ့။ လမ်းဆုံသို့မရောက်သေးခင်မှာပင် ကျနော့်မျက်လုံးအစုံက သူစောင့်နေမည့်နေရာကို ကြိုတင်မြင်ယောင်နေမိသည်။ “တစ်ယောက်တည်းလော၊ အဖေါ်နှင့်လော”ဟု စဉ်းစားမိချိန်တွင် ရင်ဘတ်ပင် တုန်ခါသွားသည်ဟု ထင်ယောင်လာရသည်။
“ပွမ် ပွမ် ပွမ်-------”၊ လမ်းဆုံရောက်သောအခါ ကားဆရာ ဟွန်းတီးပြီး အချက်ပြလိုက်သည်။ နေ့လည်စာစားဖို့ အစားအသောက်ထည့်ထားသော စတီးချိုက်လေးကိုကိုင်ကာ ဆရာမလေးထွက်လာသည်။ ကျနော်ပျော်သွားသည်။ သို့ပေတည့် သူ့နောက်မှ ကပ်လျှက် နှစ်နှစ်နှင့် သုံးနှစ်အရွယ်ကလေးမလေးနှစ်ယောက်ပါလာသဖြင့် ဇဝေဇ၀ါ ဖြစ်သွားရပြန်သည်။ “မတွေ့ရသော သုံးလေးနှစ်အချိန်ကာလအတွင် ဤမျှပင် ပြောင်းလဲ ခဲ့ချေပြီလော” ကျနော် မဆီမဆိုင်တွေးဖြစ်သည်။ အနားရောက်လာသောအခါ “အကို အဲဒါ ကျမသမီးလေး နှစ်ယောက်လေ”။ မပွင့်တပွင့်လှမ်းပြောသည်။ ကျနော်ကမ္ဘာပျက်သည်သို့ ခံစားလိုက်ရသည်။ “အော်---သူ့မှာ မိသားစုတွေနဲ့တောင် ဖြစ်နေပြီကော” ပူလောင်သောအတွေးများ ၀င်ခိုနားလာသဖြင့် ရွာနေသောမိုးသည်ပင် အေးမြမှုကို မပေးစွမ်းနိုင်တော့ကြောင်း ကျနော့်ရင်ဘတ်ထဲက သိနေသည်။
လမ်းဆုံမှ ကားစထွက်လိုက်သည်။ မိုးသည် သည်းသည်းမဲမဲ ရွာနေသည်။ ကားမှန်ကို ၀ိုက်ပါဖြင့်
မနားတမ်းသုတ်ပေးနေရသည်။ ကျနော့်ရင်ထဲက အငြှိုးပင် ကူးစက်သွားလေသည်လား မပြောတတ်၊ အခုမှ မိုးကလည်း ပိုမိုသည်းထန်လာသည်။ မိုးသည်းသည်းနှင့်အတူ လေပြင်းလည်း တိုက်ခတ်နေသေးရာ လမ်းဘေးဝဲယာရှိ သစ်ပင်ကြီးငယ်တို့ ယိမ်းထိုးလှုပ်ရှားနေကြသည်။ တစ်ပင်နှင့်တစ်ပင် ယိမ်းထိုးထိတွေ့ ကျီစယ်ခွင့်ရသဖြင့် သစ်ပင်ကြီးငယ်တို့ ဒီလေဒီမိုးကို ကျေးဇူးတင်နေကြလိမ့်မည်ထင့်။ ကျနော့်ရင်မှာတော့ အပြင်လေပြင်းနှင့်အတူ မုန်တိုင်းထန်နေသည်။ အပြင်ဘက်မကြည့်နိုင်တော့။ မျက်လုံးအစုံကို မှိတ်ထားလိုက်သည်။
“ညက အိပ်ရေးမ၀ဘူးလား ညီလေး”
ကားဆရာမေးခွန်း။ ကျနော့်ကို ကြည့်ပြီး ညက အိပ်ရေးပျက်သောကြောင့် ကားပေါ်မှာ အိပ်ငိုက်နေသည်ဟု ထင်ပုံရသည်။
“အော် ဟုတ်ကဲ့ အကို၊ ညကအိပ်ယာဝင်တာ နည်းနည်းညဥ့်နက်သွားလို့ပါ”
ကျနော် ညာပြောလိုက်ရသည်။ အမှန်တော့ ရင်အပူကို လူမသိအောင် ဟန်ဆောင်နေခြင်းမျှသာဖြစ်ကြောင်း ကိုယ်ကိုယ်တိုင်သာသိပါသည်။ မိုးသည်းထန်နေဆဲ။ လေပြင်းတိုက်ခတ်နေဆဲ။ ထို့အတူ ကျနော့်ရင်ထဲမှာလည်း ကမ္ဘာပျက်နေဆဲ။ လူတစ်ယောက်၏ မျှော်လင့်ချက်ပျက်စီးသွားခြင်းသည် ထိုလူ၏ကမ္ဘာလေး ပျက်စီးသွားခြင်းပင် မဟုတ်ပါလော။ ကျနော့်ကမ္ဘာသည် ယင်းသို့သောနည်းဖြင့် ကျေမွခဲ့ရချေပြီတည်း။ ထို့ကြောင့် ကျနော့်နှလုံးသားသည်လည်း သုညကမ္ဘာက ပြာမှုံလေးတစ်ခုအဖြစ်နှင့်သာ ဆက်လက်လွင့်မျောနေလေတော့သည်။
မျှော်ရစ်သို့သွားရာ ကားလမ်းကလေးသည် မဆိုးလှသော်လည်း အတက်အဆင်း အကွေ့အကောက်များ၊
မြန်မာပြည်လမ်းများထုံးစံအတိုင်း လမ်းလယ်ခေါင်တွင် ရေတွင်းရေကန်များဖြင့် ပြည့်နက်နေသည်ဖြစ်ရာ ကားဆရာမှာ အတော်ပင် ဂရုစိုက်ပြီး မောင်းနှင်နေရရှာသည်။ ထို့ပြင် မိုးကလည်း သည်းထန်၊ လေကလည်း ပြင်းပြန်သဖြင့် မောင်းမကန်ရွာမှသည် (၇) မိုင်သာသာရှိသော ဤခရီးမျှကိုပင် တစ်နာရီကျော်ကျော် မောင်းနှင်ပြီးသည်နောက်မှ မျှော်ရစ်တောင်တော်သို့ ရောက်ရတော့သည်။
မျှော်ရစ်ဒေသ၀န်းကျင်တစ်ခုလုံးသည် အုံ့ဆိုင်း ညိုမှောင်လျက်ရှိလေသည်။ ဒီမိုး ဒီရေ ဒီလေပြင်းကို အံတုလျှက် ကျနော်တို့အလျင်ရောက်နှင့်နေသော ဧည့်သည်အချို့ကိုလည်း တွေ့လိုက်ရသည်။ ပျော်စရာခရီးကို ထွက်လာသူများဖြစ်သည့်အလျောက် မိုးရွာနေခြင်းသည်ပင် သူတို့အတွက် ပျော်စရာတစ်ခုဖြစ်နေလေသည်ထင့်။ အပေါ်အင်္ကျီကိုချွတ်ပြီး ကေသာမစိုအောင် မိုးအုပ်လျှက် ဆင်မယာဉ်သာခြေလှမ်းဖြင့် မနှေးမမြန် လျှောက်နေသော မိန်းကလေးများကိုလည်း တွေ့ခဲ့ရသည်။ မျှော်ရစ်တောင်ခြေရှိ ဈေးဆိုင်တမ်းကလေးမှာ ၀ယ်ယူသူကင်းမဲ့ကာ ခြောက်သွေ့လျှက် ရှိလေသည်။ အလည်လာသူဧည့်သည်အများစုမှာ စားစရာသောက်စရာ အပြည့်အစုံယူပြီး လာလေ့ရှိကြရာ မျှော်ရစ်ဈေးဆိုင်များမှာ အလွန်ရောင်းရသည်ဟု ဘယ်သောအခါမျှ မရှိခဲ့။ တစ္ဆေမခြောက်ရုံတမယ် လူအနည်းငယ်ဖြင့် ဈေးဆိုင်များကို ဖွင့်ထားရရှာကြသည်။ သို့သော် ဒေသအသီးသီးက မနုဿလူသားများသည် သည်နေရာ၊ သည်ဒေသသို့ လာကြသည်၊ ပတ်ကြသည်။
သည်မျှော်ရစ်ဝန်းကျင်သည် မည်သည့်ရွာနှင့်မျှ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါ။ မောင်းမကန်၊ ကျောက်ဆင်၊
သဘော့ဆိပ်၊ ကင်းနီ၊ ယင်ကြီး စသော ရွာများသည် မောင်းမကန် ကမ်းခြေတောက်လျှောက်တည်ထားသော ရွာကြီးများဖြစ်သည်။ မျှော်ရစ်သို့ မော်တော်ကာဖြင့်သွားပါက ယင်းရွာများကို ဖြတ်သန်းရသည်။ မျှော်ရစ်သွားကားလမ်းကို တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် ကမ်းရိုးတမ်းရွာများကို ဖြတ်သန်းဖေါက်လုပ်ထားသည်။ မျှော်ရစ်သည် ယင်ကြီးရွာအဆုံး ပင်လယ်ပြင်သို့ ထိုးထွက်နေသော အငူတွင်တည်ရှိသည်။ သို့သော် ယင်ကြီးရွာနှင့်ကား သက်ဆိုင်ခြင်းမရှိ။ ယင်းကမ်းရိုးတမ်းရွာများရှိ ဘုန်းကြီးကျောင်းများက အဖွဲ့အစည်းတစ်ခုဖွဲ့ကာ မျှော်ရစ်ဒေသနှင့် မျှော်ရစ်တောင်တော်ဘုရားကို စုပေါင်းပြီး ၀ိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ထားကြသည်။
သည်းသောမိုးအောက်မှာ ရွှဲသောကိုယ်ကို အခြောက်ခံဖို့ ဆိုင်တစ်ဆိုင်အနီးတံစက်မြိတ်တွင် ကားရပ်လိုက်သည်။ ကားပေါ်မှ အသီးသီးဆင်းကြပြီးနောက် ဆိုင်ထဲသို့ အပြေးဝင်ခဲ့ကြရတော့သည်။ ခနော်ခနဲ့နှင့် တဲသာသာဆိုင်ကလေးသည် ကျနော်တို့အုပ်စုဝင်လိုက်သည်နှင့် ယိမ်းယိုင်သွားလေသလားပင် အောင့်မေ့ရသည်။ ဆိုင်အိုလေးအတွင်း မိုးမပက်နိုင်သည့်နေရာတွင် အသာထိုင်ကာ မိုးအတိတ်ကို စောင့်နေကြရသည်။
“ဒီကလေးနှစ်ယောက်က ကျမညီမလေးရဲ့ကလေးတွေပါ၊ သူတို့အမေက ဘန်ကောက်မှာသွားအလုပ်လုပ်နေတော့ ကျမပဲသူတို့လေးတွေကို ကျွေးမွေးပြုစုနေရတာပေါ့၊ ကိုယ့်လက်ထဲ ကြီးပြင်းလာကြတော့လည်း ကျမရင်ထဲက မွေးတဲ့သမီးလေးတွေလိုကို သံယောဇဉ်ကြီးမိနေပြီပေါ့ အကိုရယ်”
ဘယ်အချိန်က ရောက်နေသည်မသိ၊ နောက်ကအသံကြောင့် လှည့်ကြည့်ဖြစ်သည်။ သူ့ကို တွေ့ရသည်။ ကျနော့်ရင်ထဲကို သူဝင်ကြည့်လိုက်သည်ထင့်။ ကျနော့်၏ပျက်စီးသွားသော အိမ်မက်ကမ္ဘာလေးကို ပြန်လည်တည်ဆောက်ပေးခဲ့သည်။ မိုးအသံနှင့်ရောနှောနေသော သူ့အသံတွင် တုန်ခါမှု တစ်ခုခုရှိနေကြောင်း သတိပြုလိုက်မိသည်။ ရင်ထဲမှာရုတ်တရက်ဖြစ်ပေါ်လာသော ၀မ်းမြောက်မှုကို ပတ်ဝန်းကျင်အမြင်မကပ်အောင် အတော်ထိမ်းပြီးမှ---
“အော်----ဟုတ်လား၊ အကိုက ဆရာမကလေးတွေလို့တောင် အောင့်မေ့နေမိတာ၊ တော်သေးတာပေါ့”။ ကျနော့်ပါးစပ်က လွှတ်ကနဲ ထွက်သွားသည်။
“ဘာကို တော်သေးတာလဲ အကို”၊ သိသိကြီးနှင့်မေးသည်လော၊ မသိယောင်ဆောင်မေးသည်လော ကျနော်မဝေခွဲတတ်။ စကားလမ်းကြောင်း လွှဲဖယ်ပြောလိုက်ရသည်။
“အော်၊ ဒီကလေးတွေကို အခုလို အနီးကပ်စောင့်ရှောက်ပေးမည့်သူရှိနေတော့ တော်သေးတာပေါ့လို့ ပြောတာပါဆရာမရယ်”
ရင်ထဲမှာ တကယ်ပြောချင်သောစကားက တခြား၊ ပြောလိုက်ရသောစကားက တခြား။ ကျနော်သတ္တိနည်းခဲ့ပါသည်။ မရဲလို့ လွဲခဲ့ရပေါင်းလည်း များချေပြီ။ လွဲခဲ့ဖူးသောအခါများစွာထဲ အခုတစ်ခါကိုလည်း ပေါင်းထည့်ပြီး ဆက်လက်ရေတွက်နေရပေဦးတော့မည်ထင့်။
မိုးတိတ်လေပြီ။ တိတ်သည်ဟုဆိုသည်ထက် အားပျော့သွားသည်ဟုဆိုက ပိုမိုမှန်ကန်ပါလိမ့်မည်။ မသည်းသော်လည်း တဖွဲဖွဲတော့ ရွာနေဆဲ။ နံနက် (၁၀) နာရီခွဲကျော်ကျော်အချိန်ဖြစ်သည်။ ပါလာသော ဟင်းနှင့်ထမင်းချိုက်ကြီးငယ်များကို ကိုယ်စီကိုယ်စီသယ်ယူပြီး ဟိုဘက်မျှော်ရစ်တောင်တော်သို့ သွားရန်စိုင်းပြင်းနေကြသည်။ ကလေးများက တစ်ယောက်မှ ဆိုင်ထဲထိုင်မနေချင်ကြ။ မိုးထဲရေထဲ ပြေးလွှားဆော့ကစားနေလိုကြသည်။ သူတို့အမေများကို ကြောက်သဖြင့်သာ ငြိမ်နေကြခြင်းဖြစ်သည်။ မိုးတိတ်လို့ အပြင်ထွက်ခွင့်ရပြီဆိုသည်နှင့် ဟိုဘက်တောင်တော်သို့ ပြေးဖို့ ပြင်ကြတော့သည်။
ကျနော်တို့အဖွဲ့ရောက်နေသောတောင်ကို “မော်ရစ်”တောင်ဟုခေါ်ပြီး ဟိုဘက်ပင်လယ်ထဲက တောင်ကိုမူ “မျှော်ရစ်” တောင်ဟုခေါ်ကြောင်း ရေးထားသောဆိုင်းဘုတ်များက ပြောပြနေကြသည်။ သို့သော်လည်း မည်သူကမျှ “မော်ရစ်တောင်” သွားမည်မပြောကြ။ “မျှော်ရစ်တောင်” သွားမည်ဟုသာ ပြောကြသည်။ အမှန်အားဖြင့် “မော်ရစ်နှင့် မျှော်ရစ်” တောင်နှစ်ခုသည် ညီအမပင်ဖြစ်ပါသည်။ စာပေရာဇ၀င်မှာ
မည်သို့ရေးဖွဲ့ခဲ့ကြသည် မသိရသော်တည့် ပါးစပ်ရာဇ၀င်များမှာ ဟိုလူတစ်မျိုးပြော၊ ဒီလူတစ်ဖုံဆင်ဖြင့် သတင်းစုံလင်လှသည်။ ဟိုးယခင်ကဆိုလျှင် တောင်ညီအမနှစ်ဖေါ်တို့ကို ပင်လယ်ရေခြားထားသဖြင့် ပင်လယ်ရေမြင့်တက်လာချိန်တွင် ဤဘက်မော်ရစ်တောင်မှ ဟိုဘက်ပင်လယ်ထဲရှိ မျှော်ရစ်တောင်ကို သွားနိုင်ခွင့်မရှိတော့။ သို့သော်လည်း ယခုအခါမှာ တောင်နှစ်ခုအကြား ခြားထားသော ပင်လယ်ပြင်ကို ဖြတ်ပြီး ကော်ကရစ်တံတားကြီးတစ်ခု ခိုင်မာစွာတည်ဆောက်ပြီးဖြစ်သောကြောင့် ဒီဘက်မှသည် ဟိုဘက်ဆီသို့ အလွယ်တကူပင် ကူးသန်းသွားလာနိုင်ကြတော့သည်။
တံတားပေါ်မှာရပ်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်လျှင် အနီးအပါးကကျောက်ဆောင်ကျောက်သားများ၊ ခပ်လှမ်းလှမ်းက မောင်းမကန်ပင်လယ်ရေမျက်နှာပြင်နှင့် ဟိုးအဝေးက ထိုးထောင်မတ်စောက်သော တောင်ကြီးများကို လှပခန့်ငြားစွာတွေ့မြင်နိုင်သည်။ ဓာတ်ပုံဝါသနာအိုးများအတွက် အလှပဆုံး ရှုခင်းရှုကွက်ကို ပေးနိုင်သော နေရတစ်ခု ဖြစ်ပေလိမ့်မည်။ ကျနော်သည်ပင် ပါလာသော ဒစ်ဂျစ်တယ်ကင်မရာအသေးလေးဖြင့် ရသလောက် ရိုက်ဖြစ်ခဲ့သည်။ ရောက်တိုင်းသွား၊ သွားတိုင်းရိုက်ထားသော မျှော်ရစ်ဒေသဓာတ်ပုံများသည်လည်း ကျနော့်ကွန်ပျူတာထဲ GBများစွာနေရာယူလျှက်ရှိလေပြီ။ တံတားပေါ်မှာ ကျနော်တစ်ယောက်တည်းရပ်ပြီး သဘာဝအလှအပအားလုံးကို ခံစားနိုင်စွမ်းမရှိပါ။ ခံစားနိုင်သည့်တိုင် ပြည့်စုံသောခံစားမှုမျိုး မဖြစ်နိုင်သည်ကို ကျနော့်ရင်ထဲက သိနေသည်။ ထို့ကြောင့် သူအလာကို စောင့်နေမိသည်။
“အရမ်းလှတာပဲနော်”၊ သူ့နှုတ်ခမ်းလေးတွေ ပွင့်လာသည်။
“ဟုတ်တယ်၊ အရမ်းကို လှတာပဲ၊ ဒီလိုအလှအပမျိုး မြို့ကြီးပြကြီးတွေမှာ မရနိုင်ဘူး၊ ဒါကြေ
ာင့် အကိုတော့ မြို့သူ/မြို့သားတွေကို တကယ်သနားမိတယ် သိလား” ဟာသနှော၍ ပြောမိသည်။
“အဲဒါကြောင့် ကျမက အကို့ကို သနားနေတာပေါ့လို့” မပွင့်တပွင့်အပြုံးဖြင့် သူတုန့်ပြန်သည်။
“ဘာဖြစ့်လို့” သူဘာပြောမည်ဆိုသည်ကို ကြိုတင်သိနေလင့်ကစား ကျနော်မေးခွန်းထုတ်ဖြစ်သည်။
“သနားတာပေါ့လို့၊ ငယ်ငယ်ကတည်းက ရွာမှာမနေပဲ ဟိုသွားဒီသွားနဲ့၊ ဒီလောက်လှပတဲ့ သဘာဝရှုမျှော်ခင်းတွေကို အကို ငတ်မွတ်နေမှာသေချာလို့ပေါ့။ အဲဒါကြောင့် သနားနေမိတာ”
စကားတတ်သော သူ့ပါးစပ်ကို သော့ခတ်ထားနိုင်စွမ်း ကျနော့်မှာ မရှိခဲ့။ တစ်ခုခုပြန်ပြောဖို့ အားယူလိုက်သည်။ လိုချင်သော စကားလမ်းကြောင်းပေါ်တင်ပေးဖို့ ကျနော်ကျိုးစားကြည့်သည်။
“အော် အဲဒါကြောင့်လား၊ အဲဒါကြောင့်ဆိုရင်တော့ မသနားပါနဲ့။ အဲဒီထက် ပိုပြီးသနားစရာကောင်းတာ အကို့မှာ ရှိတယ် သိလား”
သူ့ရဲ့ တုန့်ပြန်မှုကို မျှော်လင့်နေမိသည်။ ကျနော့် ရင်တွေ တုန်ခါလာသလို ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းအစုံပွင့်လာသည်။
“အကို့မှာ ဘာများ အခြားသနားစရာရှိနေသေးလို့လဲ၊ ပြည့်စုံနေတာပဲမဟုတ်လား”
ကျနော့်ရင်ဘတ်ထဲ သူဝင်ကြည့်လိုက်ကြောင်း ကျနော်သိလေပြီ။ ပြောချင်သော စကားကို အရဲစွတ်ပြီးပြောဖို့ အချိန်ရောက်ပေပြီ။ မိုးရွာပြီးခါစ ဖြစ်သော်လည်း ရင်ထဲမှာ ရှိမ်းရှိမ်းဖိန်းဖိန်းဖြစ်လာသလို ခံစားလိုက်ရသည်။ အားယူလိုက်သည်။ ထိုစဉ်----
“မောင်လေး----ဟေး မင်းထက်----လာလာ မြန်မြန်လာ၊ ဒီမှာ မျှော်ရစ်ဆရာတော်ဘုရား
နေ့ဆွမ်းဘုဉ်းပေးခါနီးပြီ၊ ဆွမ်းကပ်ကြရအောင်”
အမ လှမ်းခေါ်သံဖြစ်သည်။ အားယူထားသမျှ ဘယ်ဆီရောက်ကုန်သည်မသိ။ ကျနော့်စိတ်ထဲ အမကို နည်းနည်းစိတ်ဆိုးသွားသည်။ အလိုက်ကမ်းဆိုးမသိဟု စိတ်ထဲရေရွတ်လိုက်မိသည်။ သို့သော် အမကို အရမ်းချစ်ပါသည်။ အားလုံးထက်ပိုချစ်ပါသည်။ အမသည်ပင် အမေ၊ အမသည်ပင် အဒေါ်၊ အမသည်ပင် ကျနော့်ဘ၀ရဲ့ တစ်ခုတည်းသော တွယ်တာစရာဖြစ်သည်။ သည်အမကို ကျနော်စိတ်ချမ်းသာအောင် ထားရမည်။ အမခေါ်ရာသို့ အပြေးသွားလိုက်သည်။ သူ့ကို လှည့်ကြည့်ဖြစ်သည်။ သူ နောက်ကကပ်လိုက်လာသည်။ မျှော်ရစ်တောင်တော်ကျောင်းဆရာတော်ဘုရားကို နေ့ဆွမ်းဆက်ကပ်ကြသည်။ နေ့ဆွမ်းဘုဉ်းပေးရင်း ဆရာတော်အမိန့်ရှိသော မျှော်ရစ်အကြောင်း တစ်စေ့တစ်စောင်း ကြားသိခွင့်ရခဲ့သည်။
“မင်းတို့ မောင်းမကန်ရွာသူ/ရွာသားတွေ ဒီကို မကြာမကြာလာနေကြတာ တွေ့တာပဲ၊ ဒါပေမဲ့ မင်းတို့ထဲမှာ ဒီမျှော်ရစ်တောင်ရဲ့ အကြောင်းကို ကောင်းကောင်းပြောနိုင်တဲ့သူ ရှိသလားကွဲ့” သက်တော်ရွယ်တော် (၇၄)နှစ်ခန့်ရှိပြီဖြစ်သော ဆရာတော်ဘုရားက အမိန့်ရှိလိုက်ရာ ငယ်စဉ်က အတန်းထဲ ဆရာမေးခွန်းထုတ်ခံရသည့်ပမာ ကျနော်တို့အဖွဲ့သားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးစိစိလုပ်နေကြရတော့သည်။ အမှန်အားဖြင့် မည်သူမျှ ဂဂနန သိသူမရှိပါ။ ကျနော်တို့အဖွဲ့ထဲမှာသာမဟုတ်၊ ဤရွာနီးချုပ်စပ်က လူသားမှန်သမျှသည်လည်း သိကြလိမ့်မည်မထင်ပါ။ လူတိုင်းနီးပါး ပါးစပ်ရာဇ၀င်မျှနှင့် ပြောဟောနေကြသော်လည်း ဤတောင်တော်၏ လျှို့ဝှက်ဆန်းကျယ်သော အဖြစ်သနစ်ကို တကယ်သိသူမှာ လွန်စွာမှပင် ရှားပါးလှပါသည်။ ဆရာတော်က ဆက်လက်အမိန့်ရှိပါသည်။
“မင်းတို့ အလောင်းစည်သူ မိဖုရားသုံးယောက်ရဲ့ ကျောက်ရုပ်တွေဆီ ရောက်ပြီးကြပြီလား”။ ယင်းမေးခွန်းကြောင့် ကျနော့်မှာ ပြောမပြတတ်အောင်ပင် စိတ်ဝင်စားသွားသည်။
အလောင်းစည်သူမင်း။ ဤမင်းသည် ပထမမြန်မာနိုင်ငံတော်၏ တတိယမင်းဆက်ဖြစ်သည်။
ဘုရင်အနော်ရထာနှင့် ကျန်စစ်သားပြီးလျှင် ပုဂံနန်းမွေကို သက်ဦးဆံပိုင် ဆက်ခံခွင့်ရသော ဘုန်းရှင်ကံရှင်မင်းတစ်ပါးဖြစ်သည်။ တိုင်းတစ်ပါးသားနှင့် ချစ်ရည်လူးနေသော သမီးတော်ရွှေအိမ်သည်ကို ကုလားမျိုးနွယ်နှင့် မရောစပ်စေလိုသော ခမည်းတော်ကျန်စစ်မင်းကြီးသည် အမျှော်အမြင်ကြီးမားစွာဖြင့် သမီးတော်ရွှေအိမ်သည်ကို မွန်မင်းသားတစ်ပါးနှင့် နေရာချပေးခဲ့သည်။ ရွှေအိမ်သည်အတွက် ရင်နာကောင်းနာမည်ဖြစ်သော်လည်း မြန်မာလူမျိုးများနှင့် တိုင်းပြည်အတွက် မင်းကောင်းမင်းမြတ်တစ်ပါးကို ရရှိခဲ့သည်။ ထိုမင်းကား အလောင်းစည်သူပင်တည်း။ လက်ရုံးရည်နှလုံးရည်အလွန်ပြည့်ဝကြောင်း ရာဇ၀င်အစောင်စောင်ရေးသားထားသည်ကို ဖတ်ရှုနိုင်ပါသည်။
အလောင်းစည်သူမင်းသည်
(၁) ဘိုးတော်ကျန်စစ်မင်းကြီး၏ ကတိသစ္စာပြယုဂ်တစ်ခုလည်းဖြစ်သည်။
(၂) မွန်+မြန်မာချစ်ကြည်ရေး၏ သ၀ဏ်လွှာတစ်ခုလည်းဖြစ်သည်။
(၃) မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်ပေးရာ လက်နက်စကြာတစ်ခုလည်းဖြစ်သည်။ ထို့ပြင်
(၄) စာပေရာဇ၀င်၊ ပါးစပ်ရာဇ၀င်များဖြင့် ပြည့်နှက်နေပြီး အလွန်စိတ်ဝင်စားဘွယ်ကောင်းသော မင်းတစ်ပါးလည်းဖြစ်နေပြန်သည်။
(၅) ကျနော်တို့ရွာ၏ “မောင်းမ+ကံ” ဟူသော အမည်သည်ပင် အလောင်းစည်သူမင်းနှင့် ဆက်စပ်လျှက် ရှိနေပေရကား---
မျှော်ရစ်တောင်ဆရာတော်ဘုရား ပါးစပ်မှ ဤမင်းနာမည် ပါလာသောအခါ ကျနော်သည် ဆရာတော် ဆွမ်းဘုဉ်းပေးရာ စားပွဲအနီးတိုး၍ ထိုင်လိုက်မိသည်အထိပင် စိတ်ဝင်တစား ဖြစ်သွားရတော့သည်။
“အဲဒီကျောက်ရုပ်ဆိုတာ တကယ်ရှိလို့လားဘုရား” မရဲတရဲမေးလိုက်ရသည်။ အငေါက်ခံရမှာလည်း စိုးရသေးသည် မဟုတ်လော။
“အေး၊ ရှိတယ် တကာလေးရ၊ တကယ်တော့ လူတိုင်းမြင်နေရတဲ့ ကျောက်တုန်းကြီးတွေပါပဲ၊ မင်းတို့
လည်းရောက်ဖူး၊ မြင်ဖူးကြပြီးသားပါ၊ ဒါပေမဲ့ ဘယ်သူမှ မသိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါမျိုးက ကာယကံရှင်ကိုယ်တိုင် ပြောပြမှ သိရမည့် ကိစ္စမျိုးကိုးကွဲ့” ဆရာတော် အေးအေးဆေးဆေးပင် အမိန့်ရှိသည်။ ဆရာတော်သည် ဆက်လက်ပြောပြလိုဟန်ရှိနေသည်။ ထို့ကြောင့် ကျနော်က---
“ဒါဆို ဆရာတော့်ကို အဲဒီမိဖုရားတွေက ပြောခဲ့တယ် ဆိုတဲ့သဘောလားဘုရား” ကျနော် မေးခွန်းထုတ်လိုက်သည်။
“အေး၊ ဟုတ်တယ်၊ သူတို့ကိုယ်တိုင်ပြောပြခဲ့တာ၊ အိမ်မက်ထဲမှာတောင် မဟုတ်ဘူး၊ အပြင်မှာလာပြီးပြောပြတာ” ဆရာတော်သည် ပြောရင်း ပြောရင်း အားပါလာဟန်ရှိလေသည်။ ဆက်လက်ပြီး ဆရာတော်ဘုရားက
“လွန်ခဲ့တဲ့ ငါးလခန့်ကပဲ တကာလေး”
ယင်းသို့ပြောပြီး ဆွမ်းစားဆောင်၏ အပြင်ဘက်ရှိ ပင်လယ်ရေပြင်သို့ ငေးမော ကြည့်ရှုနေတော်မူလိုက်သည်။
---------------------
ညနေငါးနာရီလောက် နေ၀င်သွားသည်နှင့် တပြိုင်နက် မျှော်ရစ်တောင် ပတ်ဝန်းကျင်သည် လှိုင်းသံလေသံများမှတစ်ပါး အခြားမည်သည့်လူသားအသံမှ ကြားရခြင်းမရှိနိုင်တော့ပေ။ မျှော်ရစ်ဒေသတွင် လူနေအိမ်ဟူ၍မရှိ။ အနီးအပါး မော်ရစ်တောင်တက်လမ်းဘေးများတွင် အနည်းငယ်ရှိသော်လည်း မျှော်ရစ်တောင်တော်နှင့် အတော်လှမ်းကွာသေးသည်။ နေထိုင်သူများမှာလည်း တံငါသည်များနှင့် ဈေးသည်အနည်းစုသာဖြစ်သည်။ မျှော်ရစ်တောင်တော်ဘုရားပေါ်မှာ အလှည့်ကျတာဝန်ယူရသော ဂေါပကလူကြီးများသည်ပင် (၄)နာရီထိုးသည်နှင့်တပြိုင်နက် တံခါးသော့ပိတ်ပြီး အိမ်ပြန်သွားလေ့ရှိကြသည်။ ထို့ကြောင့် ညနေဆည်းဆာအချိန်ရောက်လျှင် မျှော်ရစ်တောင်တော်သည် လူသူလေးပါး ကင်းဆိတ်လျှက်ရှိနေပေတော့သည်။
“ဆရာတော်ဘုရား၊ တပည့်တော်မတို့ ၀င်လာခဲ့မယ်နော်ဖရာ့”
အသံကြားသဖြင့် တစ်ပါးတည်း ပုတီးစိမ့်ကာ ဘုရားအာရုံပြုနေသော မျှော်ရစ်ဆရာတော်ကြီးသည် ပုတီးကို ကုတင်ပေါ်ခဏတင်ထားလျှက်--
“အိမ်း အိမ်း၊ ၀င်ခဲ့ကြ၊ ၀င်ခဲ့ကြ” ဟုဆိုကာ ၀င်ခွင့်ပြုလိုက်သည်။ အလွန်ချောမောလှပသော အမျိုးသမီးသုံးယောက် တန်းစီကာ ဆရာတော်ဘုရား သီတင်းသုံးတော်မူရာကျောင်းထဲ ၀င်လာခဲ့ကြသည်။ တောက်ပြောင်သော အ၀တ်အစားများကို ၀တ်ဆင်ထားပြီး မွေးကြိုင်သော ရနံ့များကိုလည်း ထုံသင်းထားကြောင်း သတိပြုမိလိုက်သည်။ အကြီးဆုံးဖြစ်ဟန်တူသော အမျိုးသမီးက အစိမ်းရောင်ဝမ်းဆက်ကို လှပသေသန့်စွာဝတ်ဆင်ထားသည်။ အလတ်ဖြစ်ဟန်တူသူက အနီရောင်နှင့် အငယ်ဆုံးအမျိုးသမီးက ပန်းနုရောင်ဝမ်းဆက်ကို ၀တ်ဆင်ထားကြောင်း ဆရာတော်အမြင်အားဖြင့် သတိထားလိုက်သည်။
“နေပါဦးတကာမလေးတို့၊ ဒီအချိန်ကြီးကျမှ ဘယ်ကရောက်လာကြတာတုန်းကွဲ့၊ ထားဝယ်မြို့ပေါ်က ဆင်းလာကြရင်တော့ အပြန်နောက်ကျနေတော့မှာပဲ၊ ခါတိုင်းဆို ဒီအချိန် လူသူလေးပါး လာလေ့မရှိကြတော့ဘူး၊ ဘုန်းကြီးဒီမှာနေတာ နှစ်အတော်ကြာပြီ၊ အခုလို အချိန်ကြီး လာတာ တကာမလေးတို့သုံးယောက် ပထမဆုံးပဲ၊ ကဲပြောပါဦး ဘယ်ကရောက်လာကြတာတုန်း” ဆရာတော်ဘုရားက မနားတမ်းစကားပြောပြီး စိတ်ဝင်တစား မေးခွန်းထုတ်လိုက်သည်။
“ရှင် တော်တော်ရက်စက်တာပဲ၊ ကျမတို့သုံးယောက်ကို ပစ်ထားပြီး အဝေးထွက်သွားတယ်၊ အခုမှ ဘာမသိယောင်ဆောင်နေတာလဲ၊ ပြန်လာလို့တော်သေးတယ်၊ ပြန်မလာရင် လိုက်ခေါ်မလို့ လုပ်နေတာ”။ အစိမ်းရောင်ဝမ်းဆက်နှင့် အကြီးဆုံးအမျိုးသမီးထံမှ ထွက်လာသော စကားသံကြောင့် ဆရာတော် တအံ့တသြဖြစ်သွားရတော့သည်။ အစိမ်းရောင် အ၀တ်အစားများကို တမင်ရွေးချယ်ကာ ၀တ်ခဲ့လေရော့သလား မပြောတတ်၊ ထွက်လာသော စကားများမှာ ခပ်စိမ်းစိမ်းများပင်ဖြစ်သည်ဟု ဆရာတော် မှတ်ချက်ပြုလိုက်သည်။
“ဟဲ့ ဟဲ့၊ တကာမလေး၊ ဘာတွေ ပြောနေတာတုန်း၊ ဘယ်သူ့ပြောနေတာတုန်း၊ ဘုန်းကြီးက ဒီမှာလေ” ဆရာတော်လည်း ယောင်နနဖြစ်ပြီး ပြောရတော့သည်။
“ဘယ်သူ့မှ ပြောမနေဘူး၊ ရှင့်ကိုပဲ ပြောနေတာ၊ တကယ်တည်းမှပဲ၊ ဒီမှာနေရတာ ပျင်းနေပါတယ်ဆို သူက လာလိုက်သွားလိုက် လုပ်နေသေးတယ်၊ ဒိရှေ့တော့ ဘယ်မှ မသွားနဲ့တော့ ဒီကျောင်းမှာပဲ တစ်သက်လုံးနေ၊ မောင်တော်လည်း သိပ်မကြာခင်ပြန်လာတော့မှာပဲဟာ”
“ဗျာ” ဆရာတော်ဘုရားပါးစပ်က ယင်းမျှသာ ထွက်နိုင်ရှာတော့သည်။ ထို့နောက်မှ ဆရာတော့်စိတ်ထဲတွင် ဥစ္စာစောင့်မတွေများလေလားဟု သံသယ၀င်တော်မူလာပြီးလျှင်----
“တကာမလေးတို့က ဒီတောင်မှာနေတဲ့ ဥစ္စာစောင့်မလေးတွေလား” ဆရာတော်မရဲတရဲ မေးလိုက်သည်။
“ဘာဥစ္စာစောင့်မှ မဟုတ်ဘူး၊ မိဖုရား မိဖုရား၊ အလောင်းစည်သူမင်းကြီးရဲ့ နန်းတော်ထဲက မိဖုရားတွေ၊ သိပြီလား” ယင်းအဖြေကြောင့် ဆရာတော်ဘုရား ပိုမိုအံ့သြသွားရပြန်လေပြီ။
“ဟဲ့ တကာမလေး၊ အလောင်းစည်သူမင်းဆိုတာ ဟိုးရှေးရှေးတုန်းက မြန်မာရာဇ၀င်ထဲပါတဲ့ ပုဂံမင်းတစ်ပါးပဲ၊ ညီးတို့က ဘယ်လိုလုပ်ပြီး သူ့မိဖုရားဖြစ်နေရပြန်တာတုန်း”
ဆရာတော်လည်း မထူးတော့ပြီမို့ သူတင်ကိုယ်တင်ပြောရတော့သည်။
“ကိုယ်တော့်ကို ပြောပြရတာ တော်တော်ကြပ်တာပဲ၊ နားလည်းမလည်ဘူး၊ မိဖုရားပါဆို မိဖုရားပေါ့၊ အလောင်းစည်သူမင်း ဖောင်စကြာနဲ့ တိုင်းခန်းလှည့်လည်တာ မကြားဖူးဘူးလား ကိုယ်တော်”
ယင်းသို့ ဘောက်ဆတ်ဆတ်မေးသဖြင့် ဆရာတော်ဘုရားက ကြားဖူးကြောင်း အမိန့်ရှိလိုက်ရာ----
“ကျမတို့သုံးယောက်က မင်းကြီးတိုင်းခန်းလှည့်လည်ရာမှာ ပုဂံနေပြည်တော်က ပါလာတဲ့ မိဖုရားငယ်တွေပဲ၊ ဒီတောင်ဒေသရောက်တော့ ကျမတို့သုံးယောက်ကို ဒီမှာပဲ နေခဲ့၊ မောင်တော်မကြာခင်ပြန်လာခဲ့မယ်ဆိုပြီး ထားခဲ့တာ အခုထိပဲ၊ ထွက်သွားကတည်းက အခုထိပေါ်မလာသေးဘူး၊ လာဖို့တော့ နီးနေပါပြီလေ၊ ကျမတို့ သုံးယောက်လည်း မင်းကြီးထွက်သွားပြီးကတည်းက တစ်နေ့တစ်နေ့ မျှော်မျှော်နေရင်းနဲ့ပဲ အချိန်ကုန်ခဲ့ရတာ၊ ကျမတို့က ဒီမှာ မောင်တော်မင်းကြီးအလာကို မျှော်ပြီးကျန်ရစ်ခဲ့ရတာ၊ နှစ်ပေါင်းရှစ်ရာကျော်သွားပြီ၊ ဒီမှာကျောက်ရုပ်လုပ်ပြီး စောင့်နေကြရတာ။ ရှင်က နည်းနည်းမှ မသနားဘူး၊ ကိုယ်ချင်းမစာဘူး၊ ထွက်သွားလိုက်ပြန်လာလိုက်နဲ့၊ အဲဒါကြောင့်
အခုလာပြောတာ၊ နောက်ဆို ဘယ်မှထွက်မသွားနဲ့တော့၊ ဒီမှာပဲနေရမယ်”
အမျိုးသမီးအကြီးက မနားတမ်းပြောပြလိုက်တော့သည်။
သို့သော်လည်း ဆရာတော်သည် ဇဝေဇ၀ါဖြင့် မယုံကြည်နိုင်သေး။ အိပ်မက်လည်းမဟုတ်၊ အပြင်မှာ တကယ်ဖြစ်နေကြောင်း သေချာအောင် ကိုယ့်ပေါင်ကိုယ် ဆိတ်မိသည်အထိ အူကြောင်ကြားဖြစ်နေခဲ့ရသည်။
“ကျောက်ရုပ်လုပ်ပြီးနေတာဆိုတော့ ဘယ်နားမှာလဲ အဲဒီကျောက်က၊ ငါဒီတောင်ဝန်းကျင် လျှောက်သွားနေခဲ့တာကြာပြီ၊ လူနဲ့တူတဲ့ကျောက်ရယ်လို့ တစ်ခါမှ မတွေ့ဖူးပါဘူး” ဆရာတော်စပ်စုလိုက်သည်။
“လူနဲ့တူလို့ကော ဖြစ်မှာတဲ့လား၊ ဒီနေရာကို လူတိုင်းလာနေကြတာ၊ လူနဲ့တူအောင် ကျောက်ရုပ်ဖန်ဆင်းထားရင် လာလည်တဲ့လူတွေ ရုပ်ရုပ်သဲသဲနဲ့ ကျမတို့ ဒီမှာကောင်းကောင်းနေလို့တောင် ရမှာမဟုတ်ဘူး၊ နေပါဦး၊ ရှင်က ရှင်တို့ယောက်ျားပစ္စည်းနဲ့ မိန်းမပစ္စည်းကို ကွဲကွဲပြားပြား ခွဲခြားတတ်ရဲ့လား”
ယင်းသို့အမေးခံလိုက်ရသောကြောင့် ဆရာတော့်ခမျာ အူကြောင်ကြောင် ဖြစ်သွားရပြန်သည်။ ဘာကို ဆိုလိုလေသနည်းဟု စဉ်းစားရင်း အတွေးပေါက်သွားသောအခါ
“အင်း၊ ဟုတ်ကဲ့၊ ခွဲခြားတတ်ပါတယ်၊ ဘာခက်လို့လဲ၊ အရှင်းကြီးပဲဟာ” ဆရာတော်လည်း စိတ်မရှည်ချင်တော့။ ဘာတွေလာပြောနေမှန်းလည်းမသိဟု စိတ်ထဲရေရွတ်နေမိသည်။
“ဒါဖြင့်ရင် အဲဒီကျောက်တုံးတွေက ဘယ်နားမှာလဲ” ဆရာတော်သိချင်လာသည်။
“ဒီမျှော်ရစ်တောင်တော်ရဲ့ အနောက်တောင်ထောင့်မှာရှိတယ်၊ ပင်လယ်ရေကျတဲ့အချိန်ဆို အထင်းသားမြင်နိုင်တယ်။ အလယ်က ကျောက်တုံးက ကျမပဲ၊ ဘေးက ကျောက်တုံးကြီးနှစ်ခုကတော့ သူတို့နှစ်ယောက်ပဲ၊ အခုလိုက်ကြည့်မလား၊ ပြမယ်” ဟု ပြောလေရာ ဆရာတော်ဘုရားက----
“အခုတော့ မကြည့်သေးပါဘူး၊ ရှိတယ်ဆိုလည်း ပြီးတာပါပဲ၊ အဲဒီဘက်မှာ ကျောက်တုံးတစ်ခု ခပ်ဆန်းဆန်းရှိနေတာတော့ သတိပြုမိတယ်၊ တကာမလေးပြောတာ အဲဒီကျောက်တုံးကြီးဖြစ်မယ်ထင်တယ်၊ ပုံစံက ဟိုလိုလို ဒီလိုလိုနဲ့ဆိုတော့ ဘုန်းကြီးလည်း ကြာကြာမကြည့်ရဲပါဘူး” အမိန့်ရှိလိုက်ရာ အမျိုးသမီးသုံးယောက်မှာ တဟားဟား ရယ်မောရင်း----
“ပြန်လိုက်ပါဦးမယ် ကိုယ်တော်၊ အားတဲ့အခါ ထပ်လာကြည့်နော်” ဟုပြောပြီးကျောင်းပေါ်မှ ဆင်းသွားလေတော့သည်။
ဆရာတော်ဘုရားလည်း ယောင်ယမ်းပြီး ကုတင်ပေါ်က စိမ့်ပုတီးကို လှမ်းကိုင်လိုက်ပြီးမှ စိတ်ရှုပ်ထွေးသဖြင့် အပြင်ဘက် ကြည့်လိုက်ရာ အမျိုးသမီးသုံးယောက်၏ အရိပ်အယောင်မျှပင် မြင်ခွင့်မရတော့ပဲ မြင်ကွင်းမှ ပျောက်ချင်းမလှ ပျောက်ဆုံးသွားလေတော့သည်။
----------------------------
“ဆရာတော် အချိုပွဲလေး ဘုဉ်းပေးတော်မူပါဦးဘုရား”
အနားက ယပ်တောင်ခပ်ရင်း ဆရာတော်ကို လျှောက်ထားလိုက်ရသည်။ စကားတွေ အများကြီးပြောလိုက်ရသည့်အတွက် ဆရာတော် မောသွားဟန်ရှိသည်။ ငှဲ့ထားသော ရေနွေးကို အသာယူပြီး တစ်ငုံသောက်လိုက်သည်။ ယင်းသည့်နောက်---
“မင်းတို့ထမင်းစားဖို့ လုပ်ကြတော့၊ စားပြီးမှပဲ အဲဒီဘက်သွားကြည့်ကြပေါ့၊ ကလေးတွေနဲ့ဆိုတော့ ကြည့်လဲ သွားကြဦး၊ ကျောက်တုံးတွေပေါ်က ချော်ကျရင် မသက်သာဘူး၊ အေးအေး ဆေးဆေးလည်း စားကြ၊ သောက်ကြ၊ အနားယူဖို့ လာကြတာဆိုတော့ လောလောလောလော မလုပ်ကြနဲ့၊ ဘုန်းကြီးလည်း ခဏအနားယူလိုက်ဦးမယ်” ဟု ပြောကာ စားပွဲပေါ်ကရေနွေးခွက်ကိုကိုင်ကာ မော့သောက်ရင်း တစ်ခုခုကို လေးလေးနက်နက် စဉ်းစားတွေးတောနေဟန်ဖြင့် ငြိမ်နေတော်မူလိုက်သည်။
ဘုန်းကြီးပြီးလျှင် ကျောင်းသားများ စားသောက်ရသည့်ထုံးစံအတိုင်း ကျနော်တို့အဖွဲ့သားများအားလုံး ပျော်ပျော်ပါးပါး စားသောက်ကြလေသည်။ ကျနော့်မှာ ဆရာတော်ဘုရားအမိန့်ရှိသော ကျောက်တုံးကို သွားကြည့်လိုစိတ်ပြင်းပြနေသဖြင့် ထမင်းပင် ကောင်းစွာမစားနိုင်ပဲ ရှိချေသည်။ မိန်းကလေးများမှာလည်း ဆရာတော်ဘုရားပြောပြသည်ကို ယုံနိုးနိုး/ မယုံနိုးနိုးဖြင့် ပြုံးစိစိလုပ်နေကြလေသည်။ မည်သို့ဆိုစေ၊ ဤတောဤတောင်ထဲ တစ်ပါးတည်းဧကစာကျင့်ပြီး သီတင်းသုံးတော်မူနေသော ဆရာတော်သည် လုပ်ကြံလည်ဆယ်၍ပြောမည် မဟုတ်သည်ကိုကား ကျနော် အလေးအနက် ယုံကြည်ပေသည်။ ကျနော်တို့ မောင်းမကန်မှာ နေ့စဉ်ပြောနေ၊ ကြားနေရသော ပါးစပ်ရာဇ၀င်သည်လည်း ဤမျှော်ရစ်တောင်၏ အကြောင်းပင်ဖြစ်သည်။ ဥစ္စာစောင့်ပေါသည်၊ နတ်ကြီးသည်၊ စသည်ဖြင့် တွေ့ဖူးကြုံဖူးသူများမှ တစ်ဆင့် အမျိုးမျိုးပြောဆိုသံ ကြားနေရသော်လည်း ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျတွေ့ပြီး ပြောသည်ကို မကြားခဲ့ရစဖူး။ ထို့ကြောင့် ကျနော်သည် ဆရာတော်ပြောပြသော အကြောင်းအရာပေါ် အလွန်ပင် စိတ်ဝင်စားပြီး အလေးထားကာ မှတ်သားခဲ့ရတော့သည်။
ပင်လယ်ပြင်ကို ဖြတ်သန်း၍ တိုက်ခတ်နေသော လေနုအေးသည် နေ့လည်စာစားသောက်ကြပြီးနောက် ကျောက်ဆောင်ကျောက်တုံးများပေါ်တွင် အနားယူအပန်းဖြေနေကြသော ကျနော်တို့အဖွဲ့သားများကို လန်းဆန်းတက်ကြွစေရုံမက အိပ်ပြန်ချင်စိတ်ကိုပင် ပျောက်ကွယ်သွားစေနိုင်လောက်အောင် ဆွဲဆောင်အားကောင်းလွန်းနေဘိသည်။ အနားယူနေသော ကျောက်ဆောင်ပေါ်မှ အောက်ဖက်သို့ ကြည့်လိုက်သောအခါ ဆရာတော်ဘုရား အမိန့်ရှိသော အလောင်းစည်သူမိဖုရားသုံးယောက်တို့၏ ကျောက်တုံးများကို အတိုင်းသားမြင်နေရသည်။ အလယ်ခေါင်က ကျောက်တုံးကြီးသည် ဘာလိုလို ညာလိုလို ဟန်ပေါက်နေသဖြင့် မိန်းကလေးများမှာ မကြည့်ရဲပဲ တစ်ဘက်လှည့်နေကြရရှာသည်။ အရင်တုန်းက ကြည့်မိရှုမိကြမည်ဖြစ်သော်လည်း ယခုကဲ့သို့ အကြောင်းအရာကို သိထားခြင်းမရှိသဖြင့် သာမန်အားဖြင့်ပင် ကြည့်ကြပေမည်။ ယခုမူ ဆရာတော်ကြီးစကားကြောင့် ယင်းကျောက်တုံးကြီးက ဘာကို ကိုယ့်စားပြုသည်ဆိုသည်ကို သိလိုက်ရသဖြင့် သူတို့ခမျှာ အနားပင်မကပ်ရဲပဲ ကွေ့ပတ်ကာ သွားနေရရှာတော့သတည်း။
(လက်ညောင်းသွားပြီဗျာ၊ နောက်မှပဲ ဆက်ရေးတော့မယ်၊း))