တစ်နေ့သ၌ ဘိုးတော်ဘုရင်မင်းတြားကြီးသည် တောင်သမန်အင်းစောင်းကို နန်းတော်ပေါ်မှ ငေးကြည့်ရင်း အနားရှိ ငယ်ကျွန်တော် ပညာရှိအမတ်မင်း ပေါ်ဦးကို အောက်ပါအတိုင်း အမိန့်ရှိလိုက်လေ၏။
“ဟဲ့ ငပေါ်ဦး၊ ဒီနှစ်ကျင်းပမည့် လှေလှော်ပြိုင်ပွဲမှာ ငါကိုယ်တော်မြတ်လည်း ပါဝင်ယှဉ်ပြိုင်ချင်သကွဲ့၊ အဲဒါမောင်မင်း ဖြစ်မြောက်အောင် စီစဉ်စေဗျား၊ ငါကိုယ်တော်ပြိုင်ပွဲဝင် လှော်ခတ်မည့်လှေကို အပေါ့ပါးဆုံးနဲ့ အမြန်ဆုံးပြေးနိုင်အောင် စီစဉ်ပေတော့၊ ငါကိုယ်တော်မြတ် အနိုင်ရမှ ဖြစ်မယ်နော် မောင်မင်း”
အမတ်ကြီးလည်း မင်းတြားကြီးအမိန့်ကို ကြားရသည်တွင် ပြုံးချင်ချင်စိတ်ကို ချိုးနှိမ်ကာ “မှန်လှပါ ဘုန်းတော်ကြောင့် မင်းတြားအလိုကျ အကောင်းဆုံးပြိုင်လှေတော်ကြီးကို ကျွန်တော်မျိုးငပေါ် စီစဉ်မည်ဖြစ်ကြောင်းပါဘုရား” ဟု လျှောက်ထားလိုက်လေ၏။ ယင်းသို့လျှောက်ထားပြီးသကာလ အမတ်ကြီးသည် “ဤဘုရင်သည် လှေမပြောလေနှင့်၊ ပေါက်ပေါက်တောင် မည်သို့လှော်ရမည်ကို မသိလေဘဲ လှေပြိုင်ပွဲဝင်ပြီး အနိုင်ရလိုချေသေး၏၊ သို့သော်လည်း ငါသည် မင်းတြားအိမ်နိပ်စံဘ၀ကပင် အတူပါ ငယ်ကျွန်ကြီးဖြစ်သည့်အလျောက် မင်းတြား၏ အကျိုးစီးပွါးကို ကောင်းစွာဆောင်ရွက်ခဲ့ပေပြီ၊ အခုလည်း ဤပြိုင်ပွဲတွင် မည်သည့်နည်းနှင့်မဆို မင်းတြား အနိုင်ရအောင် ကြံဆောင်အံ့” ဟု တွေးမိလေ၏။
ယင်းသို့တွေးမိပြီး ဘုရင်မင်းတြားနှင့် အမတ်ကြီးတို့နှစ်ဦး ကောင်းစွာထိုင်နိုင်လောက်သော ထူးဆန်းသောပြိုင်လှေတစ်စီးကို ပြိုင်ပွဲကာလအမီ တည်ဆောက်ပေးရန် လှေလုပ်သမားများထံ ညွှန်ကြားချက်များနှင့်အတူ အခကြေးငွေပေးကာ အပ်နှံလိုက်လေ၏။ ၎င်းလှေမှာ စကောဝိုင်းပုံသဏ္ဌာန်ရှိပြီး လှော်ခတ်မည့် တက်များမှာလည်း တက်ပြားမဟုတ်ပဲ ၀ါးလုံးနှစ်လုံးသာ ဖြစ်လေ၏။ သို့ဖြင့် ပြိုင်ပွဲကာလသည်လည်း ရောက်လာလေတော့၏။
တောင်သမန်အင်းစောင်းတွင်ကား ထူးထူးခြားခြား မင်းတြားကိုယ်တိုင်လှေလှော်ပြီး ပြိုင်ပွဲဝင်မည်ဆိုသောကြောင့် ပွဲကြည့်ပရိသတ်မှာ ကြက်ပျံမကျ လွန်စွာစည်းကားလျက်ရှိချေ၏။ ရှေးဦးစွာ ပြိုင်ပွဲဝင်မည့်လှေများကို တာအထွက်တွင် စီကာစဉ်ကာထားသည်ဖြစ်ရာ မင်းတြားနှင့် အမတ်ကြီးတို့ လှော်ခတ်မည့်လှေတော်ကို အစွန်ဆုံးတွင်ထားရန် မတ်ကြီးက မှာကြားထားလေ၏။ အစစအရာရာ စီစဉ်ပြီးသောအခါ အမတ်ကြီးက ပြိုင်ပွဲစတင်တော့မည်ဖြစ်ကြောင်း မင်းတရားအား သွားရောက်လျောက်ထားလေ၏။
မင်းတြားက “အမတ်မင်းငပေါ်ရဲ့၊ ငါကိုယ်တော်လှော်မည့်လှေကို ကောင်းစွာပြင်ဆင်ထားရဲ့လားကွဲ့” ဟု အမိန့်တော်ရှိလေရာ “မှန်လှပါ ဘုန်းတော်ကြောင့် ကောင်းစွာပြင်ဆင်ထားကြောင်းပါ၊ ထို့ပြင် မင်းတြားလှော်မည့် လှေတော်မှာ မလှော်ခင်ကပင် ပြေးချင်ချင်ဖြစ်နေပါသောကြောင့် ကမ်းစပ်တွင် ကြိုးခိုင်ခိုင်ဖြင့် တုတ်နှောင်ထားရကြောင်းပါဘုရား” ဟု လျောက်ထားလိုက်သည်။ မင်းတြားလည်း ခေါင်းတညိပ်ညိပ်လုပ်ကာ ပြုံးတော်မူပြီး “အိမ်း ကောင်းသကွဲ့၊ ဒီအတိုင်းဆို ငါကိုယ်တော် အနိုင်ရဖို့ အသေအချာပေါ့ အမတ်မင်းရဲ့” ဟု အမိန့်ရှိလိုက်ရာ အမတ်ကြီးကလည်း “မှန်လှပါ ဘုန်းတော်ကြောင့် မင်းတြားပင် အနိုင်ရမည်ဖြစ်ကြောင်းပါဘုရား” ဟု လျောက်ထားလိုက်လေ၏။
မင်းတြားကြွလာပြီး ပြိုင်ပွဲဝင်လှေများကို လိုက်လံကြည့်ရှုလေရာ အစွန်ဆုံးတွင် ကြိုးများဖြင့်တုတ်နှောင်ထားသော စကောဝိုင်းကြီးတစ်ခုကို မြင်တော်မူပြီး အံ့သြစွာဖြင့် “ဟဲ့ ငပေါ်ရဲ့၊ ဒီစကောဝိုင်းကြီးက ဘဇာကြောင့်များ ပြိုင်လှေတွေနဲ့အတူ ဒီနေရာမှာ ရှိနေရတာလဲကွဲ့” ဟုမေးရာ အမတ်မင်းက “မှန်လှပါ ဘုန်းတော်ကြောင့် မင်းတြားလှေတော်ကြီးဖြစ်ကြောင်းပါဘုရား” လျောက်ထားလေရာ မင်းတြားက “ဒီစကောဝိုင်းကြီးနဲ့ ငါကိုယ်တော်မြတ် အနိုင်ရအောင် ဘယ်လှော်ခတ်နိုင်မလဲ ငပေါ်ရဲ့” ဟု ခပ်ငေါက်ငေါက် မိန့်တော်မူလေ၏။ အမတ်ကြီးကလည်း “မှန်လှပါ ဘုန်းတော်ကြောင့် မင်းတြားပင် ဧကန်မုချ အနိုင်ရမည်ဖြစ်ကြောင်းပါဘုရား” လျောက်ထားလိုက်သည်။ “မောင်မင်း ငါကိုယ်တော် အရှက်ကွဲအောင်တော့ မလုပ်နဲ့နော်” မိန့်တော်မူရာ ပေါ်ဦးက “မှန်လှပါ ဘုန်းတော်ကြောင့် အနိုင်ရမှာ သေချာကြောင်းပါဘုရား” ဟု ထပ်မံ၍ အာမခံလိုက်လေ၏။
မင်းတြားနှင့် အမတ်ကြီးတို့ စကောဝိုင်းပုံသဏ္ဌာန်ရှိ လှေဝိုင်းကြီးအပေါ်သို့ တက်ရောက်နေရာယူပြီးသောအခါ ပြိုင်ပွဲတာဝန်ရှိ အမတ်တစ်ယောက်က စတင်တာထွက်ရန်အချက်ပြလိုက်ရာ ပြိုင်ပွဲဝင်လှေအသီးသီးတို့ လျင်မြန်စွာ တရွှီးရွှီးအသံမည်သည့်တိုင် ရေပေါ်တွင် ပြေးသွားကြလေ၏။ သို့သော်လည်း မင်းတြားတို့လှေတော်မှာမူ အ၀ိုင်းဖြစ်သည့်အပြင် လှော်သည့်တက်များမှာလည်း ၀ါးလုံးများသာဖြစ်လေရာ ရှေ့အနည်းငယ်သာတိုး၍ ရေပေါ်တွင် ချာချာလည်လျှက်ရှိချေတော့သည်။ တခြားပြိုင်လှေများ ဟိုဘက်ကမ်းစပ်ရှိ ပန်းတိုင်သို့ အသီးသီးဝင်ရောက်သွားသည့်တိုင် ဘုရင့်ပြိုင်လှေတော်ကြီးမှာ ရေလယ်ခေါင်မျှသာရောက်နေသေးရာ မင်းတြားက “ဟဲ့ ငပေါ်ဦးရဲ့၊ မင်းလုပ်တာနဲ့ ဒီတစ်ခါတော့ ငါကိုယ်တော် တကယ်အရှက်ကွဲရပြီ၊ နေနှင့်ဦး ကမ်းပေါ်ရောက်မှ မောင်မင်းကို ငါကိုယ်တော် ထောင်းဦးမယ်ကွဲ့” ဟု ကြိမ်းလိုက်ရာ ပေါ်ဦးက “မှန်လှပါ ဘုန်းတော်ကြောင့် ကျွန်တော်မျိုးတို့လှေတော်ကြီး မုချဧကန် အနိုင်ရမည်ဖြစ်ကြောင်းပါဘုရား” ဟု လျောက်ထားလိုက်ပြန်၏။
သို့နှင့် တရွေ့ရွေ့လှော်ခတ်ခဲ့ရာ အချိန်အတော်ကြမှ ဟိုဘက်ကမ်းစပ်သို့ ရောက်သွားလေ၏။ ကမ်းစပ်သို့ရောက်ရောက်ချင်း အမတ်ကြီးက “မင်းတြားကြီး နိုင်ပြီ” ဟု အားရပါးရ အော်လိုက်ရာ ကြည့်ရှုအားပေးနေသော ပရိသတ်ကြီးမှာ များစွာ အံ့သြသွားပြီး မင်းတြားနှင့်ဦးပေါ်ဦးကို ပြုံးစိစိဖြင့် ကြည့်ရှုကြလေ၏။ မင်းတြားလည်း “ဟဲ့ ငပေါ်ရဲ့၊ နောက်ဆုံးမှ ငါတို့က ဒီဘက်ကမ်းရောက်လာနိုင်ခဲ့တာ အများလည်းသိလျှက်သားနဲ့ ဘဇာကြောင့် ငါနိုင်တယ်လို့ အော်ရသတုံး၊ မောင်မင်း ရူးများနေသလား” ကြိမ်းလိုက်ရာ “မှန်လှပါ ဘုန်းတော်ကြောင့် ကျွန်တော်မျိုးတို့ ပက်ပက်စက်စက်ကြီးကို အနိုင်ရရှိကြောင်းပါဘုရား” ဟုပြန်လည်လျှောက်ထားလေ၏။ ယင်းသို့လျှောက်ထားပြီး ပေါ်ဦးက မင်းတြားကို အောက်ပါ မေးခွန်းတစ်ခုကို သေသေချာချာ စဉ်းစားဖြေရန် မေးလိုက်လေ၏။
“အရှင်မင်းတြား စဉ်းစဉ်းစားစား တွေးတွေးဆဆ ဖြေတော်မူပါ၊ နွားနှစ်ကောင် ဦးချိုဖြင့် ထိုးဝှေ့ခတ်ကြတဲ့အခါ ရှေ့ကပြေးသောနွားသည် အနိုင်ရပါသလော၊ နောက်မှ လိုက်သော နွားသည် အနိုင်ရပါသလော?”
မင်းတြားလည်း ခေတ္တတွေးတောပြီး ပြုံးစိစိလုပ်ကာ “ငါကိုယ်တော် နိုင်တယ် ငပေါ်ဦးရဲ့” ဟု အမိန့်ရှိကာ ရှက်ရှက်ဖြင့် နန်းတော်သို့ ပြန်ကြွသွားလေတော့သတည်း။
ကျနော်တို့တိုင်းပြည်ရှိ လူကြီးမင်းများသည် ဤသို့ဤနှယ်ပင် နောက်မှ နေရပါလျှက် ကမ္ဘာ့နိုင်ငံကြီးများနှင့် ယှဉ်၍ ယှဉ်၍---------------------။
တွေးတောကြပါကုန်။
2 comments:
ကိုမင်းထက်ရေ ... ဘုန်းတော်ကြောင့် ပျော်ရွှင်စရာ ခရစ်စမတ် ဖြစ်ပါစေ :P
၂၀၁၀နှစ်သစ်မှာ မင်းတြားကြီး မင်းထက်အလိုကျဖြစ်ပါစေ သားးးး))
Post a Comment