Sunday, December 6, 2009

မိုက်တွင်းရယ် နက်ပါဘိ


ကိုမြင့်တစ်ယောက် ညည အိပ်မပျော်တဲ့ ရက်တွေ များခဲ့ပေပြီ။ ရင်ထဲမှာ အရှိန်အဟုန် ပျင်းထန်စွာ တောက်လောင်နေတဲ့ ရာဂမီးကို ငြိမ်းပစ်ချင်သည်။ သို့သော် ဘယ်လို ငြိမ်းရပါ့။ အိမ်သူ သက်ထားနဲ့ အိပ်ယာတစ်ခုတည်း အတူအိပ်နေရပါလျှက် သူမက သူ့ဆန္ဒကို နည်းနည်းမှ လိုက်လျောခြင်းမရှိ။ ကိုမြင့်ခမျှာ ထကြွသောင်းကြမ်းနေတဲ့ ဆန္ဒနဲ့အတူ အိပ်ယာထဲ လူလဲအိပ်ရင်း နေမြင့်လေ အရူးရင့်လေ ဖြစ်နေရှာသည်။ နဖူးပေါ်လက်တင်ရင်း အတိတ်ကို ပြန်လည်စဉ်းစားနေမိသည်။ အိမ်ထောင်သက်တမ်း ခုနှစ်နှစ်သို့ပင် ချီခဲ့လေပြီ။ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်လည်း ထွန်းကားခဲ့ပြီ။

ခင်ခင်ကို စတွေ့စဉ်တုန်းကတည်းက ကိုမြင့် စွဲစွဲလမ်းလမ်း ချစ်ခဲ့သည်။ ရနိုင်တဲ့နည်းလမ်းမျိုးစုံဖြင့် ခင်ခင့်အချစ်ကို ရဖို့အရေး သူကျိုးစားခဲ့ရရှာသည်။ ခင်ခင့်မိဘတို့က ချမ်းသာကြသူများတော့ မဟုတ်ကြ။ သာမန်စားနိုင် သောက်နိုင် အဆင့်ရှိရုံပင်။ သို့သော် သမီးလေးခင်ခင့်နောင်ရေး လှပဖို့အတွက် မိဘတို့ ၀တ္တရားရှိသည့်အလျောက် ခင်ခင်ဆယ်တန်းအောင်ပြီးသောအခါ တက္ကသိုလ်တက်နိုင်သည့်တိုင် တာဝန်ကျေကျေ ဆောင်ရွက်ပေးခဲ့ကြသည်။ ဘ၀ကို နားလည်သော ခင်ခင်တစ်ယောက် စာကိုသာ ဖိကျိုးစားဖို့ ဆုံးဖြတ်ထားသည်။ သူ့အတွက် အချစ်သည် အရေးကြီးသော အစိတ်အပိုင်းတစ်ခုမဟုတ်သည်ကိုလည်း နားလည်ခဲ့သည်။ ထို့ကြောင့် ရည်းစားစကားလိုက်ပြောသူ၊ စာလိုက်ပေးသူ ကျောင်းသားတွေကို အလိမ်မာနည်းသုံးကာ တုန့်ပြန်ခဲ့ရသည်။ သို့သော် ဇွဲကောင်းသော ကိုမြင့်ကိုမူ သူမလက်လျော့ခဲ့ရတော့သည်။ ယင်းသို့အားဖြင့် ခင်ခင်နဲ့ ကိုမြင့်တို့နှစ်ယောက် အများနည်းတူ တက္ကသိုလ်ရဲ့ စုံတွဲလေးတစ်တွဲ ဖြစ်လာခဲ့သည်။

ကိုမြင့်မိဘများက ချမ်းသာသူများပီပီ ကိုမြင့်ကို သူတို့နည်းတူ ချမ်းသာသော မိန်းကလေးတစ်ယောက်နဲ့ နေရာချပေးလိုသည်။ ကိုမြင့်ကိုလည်း အမျိုးမျိုးနားချကြသည်။ သို့သော် ကိုမြင့်ရင်ထဲဝယ် ခင်ခင်သာ အစဉ်ကြီးစိုးလျှက်ရှိရာ မိဘတို့၏ စကားသည် ဘက်ဖက်နားဝက ၀င်လာပြီး ညာဖက်နားဝမှ ထွက်သွားရတော့သည်။ ခင်ခင့်မိဘများကမူ သူ့တို့သမီးကို သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရမည် ဆိုတဲ့ သဘောမျိုးနဲ့ ဘာမှ ထူးထူးခြားခြားမပြောကြ။ ကျောင်းပီးအောင် လုပ်ဖို့သာ အတန်တန်မှာကြားသည်။ ဘွဲ့ရပညာတတ်တစ်ယောက်အဖြစ် သမီးကို မြင်လိုကြသည်။ အိမ်ထောင်ရေးသည် သမီး၏ ကံပေါ်မူတည်သည်ဟုလည်း လက်ခံထားကြသည်။

ကိုမြင့်မှာမူ ခင်ခင်နဲ့ ဝေးမှာ စိုးလှသည်။ မြန်မြန်လက်ထပ်ချင်ပြီ။ တူနှစ်ကိုယ်တဲအိုပျက်မှာ နေပြီး ထမင်းရေပဲ လျက်ရလျက်ရ၊ ခင်ခင်နဲ့ဆို ခယောင်းလမ်းကိုပင် ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်နေသည်။ ကျောင်းပြီးသည်အထိပင် မစောင့်ချင်တော့။ သူငယ်ချင်းများနှင့် တိုင်ပင်ကာ ခင်ခင့်ကို ခိုးပြေးချင်နေသည်။ သို့သော် ခင်ခင့်ဆန္ဒကိုလည်း လိုက်လျောချင်သေးသည်။ ခင်ခင်ကျောင်းပြီးတဲ့ အထိ အောင့်အီးကာ စောင့်စားခဲ့သည်။ ကျောင်းပြီးသောအခါ ကိုမြင့်တစ်ယောက် မိဘတို့၏ အစီအမံကိုမျက်ကွယ်ပြုပြီး ချစ်သူခင်ခင့်ကို ခိုးပြေးခဲ့သည်။ ခင်ခင်ကလည်း ကိုမြင့်ကို ချစ်ပါသည်။ သိပ်ချစ်သည်ဟုပင် ဆိုရမည်။ ချမ်းသာသော မိဘအသိုင်းအ၀ိုင်းကို စွန့်ခွါပြီး သူလိုမိန်းကလေးတစ်ယောက်ကို ယူဝံ့သော ကိုမြင့်အချစ်ကိုလည်း တန်ဖိုးထားသည်။

ကိုမြင့်တစ်ယောက် ခင်ခင်နဲ့ လက်ထပ်ပြီးသောအခါ မယ်မယ်ရရ အလုပ်မရှိ။ အလုပ်တစ်ခုခု ထလုပ်ဖို့ ဆုံးဖြတ်သည်။ ခေတ်ကာလမကောင်းသဖြင့် လမ်းစလမ်းန သိပ်မမြင်။ ထို့ကြောင့် သူငယ်ချင်း၏ ကားဝပ်ရှော့တွင် အလုပ်တောင်းပြီး သူငယ်ချင်းနဲ့တူ အလုပ်လုပ်သည်။ ကိုမြင့်ကျိုးစားပါသည်။ ခင်ခင်အတွက် သူကျိုးစားနေခြင်းဖြစ်သည်။ သူငယ်ချင်းကလည်း သူ့အပေါ် အင်မတန်ကောင်းသောသူမို့ ကိုမြင့် ကံကောင်းသည်ဟု ဆိုနိုင်သည်။ ကိုမြင့်အလုပ်ခဖြင့် အိမ်ငှါးခကို ပေးနိုင်သည်။ ခင်ခင်အတွက် အ၀တ်အစားလှလှပပ ဆင်ပေးနိုင်သည်။ ယင်းသို့ ချစ်သူနှစ်ဦး ဘ၀ကို မောတစ်လှည့် ပြေတစ်ခါဖြင့် ဖြတ်သန်းရင်း သားတစ်ယောက်၊ သမီးတစ်ယောက်ထွန်းကားခဲ့ချေပြီ။

ကံကြမ္မာသည် ကိုမြင့်တို့ အိပ်ထောင်ရေးဘ၀လေးကို မျက်နှာသာပေးနေသည်။ ကိုယ်ပိုင် ကားဝပ်ရှော့တစ်ခု ထူထောင်နိုင်သည်အထိ ကိုမြင့်တို့ အခြေတင့်ခဲ့သည်။ ကျိုးစားနိုင်ခဲ့သည်။ ကိုယ်ပိုင်စီးပွါးရေးကို လုပ်ကိုင်နေရသော ကိုမြင့်လက်ထဲတွင် ရောက်လာသမျှ ပိုက်ဆံသည် ကိုမြင့် အပိုင်ချည်းသာဖြစ်သည်။ ငွေရွှင်ပြီး စီးပွါးဖြောင့်လာသောအခါ အပေါင်းအသင်းများလာသလို အသောက်အစားလည်း ဖက်လာတော့သည်။ လူမျိုးစုံနဲ့ ပေါင်းသင်းရုံသာမက မယ်မျိုးစုံနဲ့ပါ ပျော်တတ်လာသည်။ ခင်ခင်ကို သူမေ့ချင်ချင်ဖြစ်လာသည် အထိပင်။ ခင်ခင်ကတော့ ကလေးနှစ်ယောက်မိခင်ပီပီ ကလေးများအတွက် မိခင်မေတ္တာနှင့် တာဝန်ဝတ္တတရားကို ကျေပွန်သည်။ သူ့မိဘနှစ်ပါးလည်း သူ့အပေါ် ကျေပွန်ခဲ့ကြသည်ပဲလေ။

တစ်နေ့ ကိုမြင့်တစ်ယောက် အပြင်းဖျားသည်။ တုန်သည်။ ချမ်းသည်။ ငှက်ဖျားဟု ထင်သည်။ သို့သော် ငှက်ဖျားဖြစ်ရအောင်ကလည်း ကိုမြင့် ဘယ်မှတော့ သွားသည်မဟုတ်။ အထူးကုဆေးခန်းတစ်ခုသို့ သွားကာ ဆေးကုသည်။ သွေးစစ်သည်။ ဆရာဝန်ပြောသော အဖြေကို ခင်ခင်သိရသော အခါ မူးမေ့မတတ်ဖြစ်ခဲ့ရတော့သည်။ ကိုမြင့်မှာ HIV ပိုးရှိနေပြီ တဲ့။ ကိုမြင့်အတွက် စိုးရိပ်သလို သူ့ကိုယ်သူအတွက်ရော ကလေးနှစ်ယောက်အတွက်ပါ စိတ်ပူမိသည်။ ထို့ကြောင့် ဆရာဝန်ကို ကြောက်ကြောက်နှင့်ပင် ပြောရသည်။ သူ့ကိုလည်း သွေးစစ်ပေးဖို့။ ဆရာဝန်ကလည်း စစ်သင့်ကြောင်း အကြံပြုသည်။ ကလေးနှစ်ယောက်ကိုပါ စစ်သည်။ ကံကောင်းထောက်မသဖြင့် ခင်ခင်ရော ကလေးနှစ်ယောက်ပါ ကူးစက်မှုတစ်စုံတစ်ရာ မတွေ့ရသေး။ ထိုအချိန်မှ စပြီး ခင်ခင်ဆုံးဖြတ်ချက် တစ်ခု ပြတ်ပြတ်သားသား ချလိုက်သည်။ ကိုမြင့်နဲ့ လိင်မဆက်ဆံတော့-ဟု။ သို့သော် ကလေးနှစ်ယောက် မျက်နှာကို ထောက်ထားပြီး အတူနေထိုင်သည်။ အတူအိပ်သည်။ ကိုမြင့်ဆန္ဒကိုမူ စိုးစဉ်းမျှပင် လိုက်လျောခြင်း မပြုတော့။

ကိုမြင့်တစ်ယောက် နဖူးပေါ်တင်ထားသော လက်ကို ရုတ်သိမ်းပြီး သက်ပြင်းအရှည်ကြီး တစ်ခုကို ချလိုက်သည်။ ယင်းသက်ပြင်းနဲ့အတူ ဆုံးဖြတ်ချက်တစ်ခုကိုပါ ချလိုက်သည်။ ဆုံးဖြတ်ချက်ကား ရောဂါပိုးကူးစက်နေသော သူ့ကိုယ်ထဲက သွေးကို ခင်ခင့်ကိုယ်ထဲ ထည့်ပေးဖို့။ တဏှာ၏ သွေးဆာမှုကြောင့် ကိုမြင့်တစ်ယောက် မလုပ်သင့်သည်ကို လုပ်ဖို့ မှားယွင်းစွာ ဆုံးဖြတ်မိလေပြီ။ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဖို့ အတွက် ကိုမြင့်ခမျှာ အချိန်ရှိသရွေ့ အကြံထုတ်နေသည်။ သူ့အကြံအောင်ပါက ခင်ခင်သူ့ဆန္ဒကို အရင်အတိုင်း လိုက်လျောလာလိမ့်မည်ဟုလည်း ယုံကြည်နေသည်။ ခင်ခင်မရိပ်မိအောင် မင်သေသေနဲ့ နေသည်။ အကြံထုတ်သည်။ အရင်ဆုံး ဆေးထိုးအပ်တစ်ချောင်း ရအောင်ရှာထားသည်။ ယင်းအတွက် ဘာအခက်အခဲမှ မရှိ။ အိပ်ဆေးတစ်မျိုးကိုလည်း ရှာသည်။ သူ့အတွက် အလွယ်တကူပင်။ အိပ်ယာဝင်ခါနီး ခင်ခင်သောက်မည့် ဖျော်ရည်ထဲ အိပ်ဆေးမှုတ်အနည်းငယ် ရောထည့်ထားလိုက်သည်။ အမှတ်တမဲ့နေသော ခင်ခင့်ခမျှာ ယောက်ျားလုပ်သူ၏ အကြံပက်စက်ပုံကို မရိပ်မိသဖြင့် ခါတိုင်းလိုပင် သောက်ပြီး အိပ်ယာဝင်လိုက်သည်။

ခင်ခင်တစ်ယောက် တစ်နေကုန် အိမ်တာဝန်၊ ကလေးနှစ်ယောက်၏ တာဝန်များကြောင့် ပင်ပန်းသည့်အပြင် ကိုမြင့်၏ အိပ်ဆေးအရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ အကြံသမား ကိုမြင့်ကလည်း ခင်ခင့်အိပ်အပျော်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့သည်။ သူ့လက်မောင်းမှ သွေးအနည်းငယ်ကို ဆေးထိုးအပ်ဖြင့် စုတ်ယူလိုက်ပြီး ခင်ခင့်ပေါင်ထဲသို့ အသာထိုးစိုက်ချလိုက်သည်။ အိပ်ပျော်နေသော ခင်ခင်ခမျှာတော့ အိပ်မက်တွေများ မက်နေသည်လား မပြောတတ်။ ကိုမြင့် ဆေးထိုးအပ်ကို ဆွဲနှုတ်ပြီး ပြီးချင်း ခင်ခင်တစ်ယောက် အလန့်တကြား နိုးထလာသည်။ အိပ်မက်ထဲ အလွန်အဆိပ်ပျင်းသော မြွေဆိုးတစ်ကောင် သူ့ကို လာကိုက်သည်ဟု မြင်မက်ကြောင်း အမောတကော ပြောသည်။ ကိုမြင့်ခမျှာလည်း မူမမှန်ဖြစ်နေသည်။ ဆေးထိုးအပ်ကို ရုတ်တရက်ဆွဲနှုတ်လွှင့်ပစ်လိုက်သဖြင့် သွေးစက်များ အိပ်ယာပေါ်ပေကျံခဲ့သည်။ ကိုမြင့်ကို ကြည့်ပြီး ခင်ခင် မသင်ကာဖြစ်လာသည်။ မီးထဖွင့်လိုက်သည်။ သူ့ပေါင်အနည်းငယ် နာကျင်နေသည်ကိုလည်း သတိပြုမိသည်။ မြင်ရလေပြီ အိပ်ယာပေါ်ရှိသွေးစက်အချို့။

ခင်ခင် အလန့်တကြား အော်လိုက်မိသည်။ ကိုမြင့် ဖုံးကွယ်ဖို့ ကျိုးစားသေးသည်။ သို့သော် နောက်ကျသွားချေပြီ။ အခြေအနေအရပ်ရပ်ကို ခင်ခင် သဘောပေါက်လိုက်သည်။ သူ့ကိုယ်ထဲမှာ ကိုမြင့်၏ HIV ရောဂါပိုးပါသော သွေးများ နေရာယူသွားချေပြီ။ ရှိုက်ကြီးတငင် ငိုသည်။ မနားတမ်း ငိုသည်။ ပြောစရာစကားလုံးတွေလည်း ဗလုံးမထွေးဖြစ်ပြီး တစ်ခုမှ မပီသတော့။ ၀မ်းနည်းသည်။ အရမ်းဝမ်းနည်းသည်။ မည်သည့်စကားလုံးဖြင့် ကိုမြင့်ကို တုန့်ပြန်ပြောဆိုရမည်နည်း သူမသိတော့။ ဤမျှမိုက်မဲသော၊ ဤမျှရက်စက်သော ယောက်ျားမျိုးနဲ့ နေရသည်ကို သူ့ဝဋ်ကြွေးကြောင့်ဟု ယူဆကာ ကရုဏာမဲ့လှသော ကံကြမ္မာကို ပက်ပက်စက်စက် အပြစ်တင်လိုက်သည်။ ဇနီးသည်၏ ယူကျုံးမရအဖြစ်ကို ကြည့်ကာ ကိုမြင့် သနားလာသည်။ မှားကြောင်း တောင်းပန်သည်။ သို့သော် အရာရာသည် နောက်ကျသွားခဲ့ချေပြီ။ အခုမှ နောင်တရနေလို့လည်း အကျိုးထူးတော့မည် မဟုတ်။

ခင်ခင့်ရင်ထဲတွင် တမြေ့မြေ့ခံစားနေရသည်။ ယင်းသို့ဖြစ်တိုင်း ကလေးငယ်နှစ်ယောက်၏ မျက်နှာသည်သာ သူ့မအာရုံတွင် ပေါ်ပေါ်လာသည်။ စဉ်းစားလေလေ ယောက်ျား၏ လုပ်ရပ်အပေါ် သည်းမခံနိုင်လေလေ ဖြစ်လာသည်။ ခွင့်လွှတ်ရမည့် ကိစ္စမဟုတ်ကြောင်းလည်း သူမ နားလည်လိုက်သည်။ ထို့ကြောင့် ယင်းအဖြစ်အပျက်ကို တရားရင်ဆိုင်ဖို့ ဆုံးဖြတ်ကာ တရားရုံးသို့ အကြောင်းစုံလျှောက်ထားလိုက်သည်။ တရားရုံးက ဤမျှမိုက်မဲလှသော ကိုမြင့်ကို ထောင်ဒဏ် (၁၄) နှစ်တိတိ ကျခံစေဖို့ ချမှတ်လိုက်သည်။ ကိုမြင့်တစ်ယောက် မှန်းချက်နှင့် နှမ်းထွက်မကိုက်တော့။ သူ့ရည်ရွယ်ချက်မှာ ခင်ခင့်မှာလည်း သူ့နှယ်ရောဂါပိုးရှိနေပါက ရောဂါပိုးရှိသူအချင်းချင်းမို့ သူ့ဆန္ဒကို လိုက်လျောလိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့သည်။ အခုတော့ သူ့စိတ်ကူးအိပ်မက်တွေကို ထောင်ထဲမှာပင် ကုန်ဆုံးစေရတော့မည်။ အော်----မိုက်မဲလေစွ---မိုက်မဲလေစွ----

မှတ်ချက်။ ။ သတင်းအမှန်ကို အခြေခံရေးထားပါသည်။ မူရင်းသတင်းကို ဖတ်လို့ပါက အောက်ပါ လင့်ခ်ကို နှိပ်ပြီး ဖတ်ကြပါရန်။
http://uk.news.yahoo.com/5/20091206/twl-hiv-man-injects-sleeping-wife-with-o-3fd0ae9.html

2 comments:

မြတ်လေးငုံ said...

စာရေးဆရာကြီးရေး စာတွေကို လာအားပေး
ပြီးဖတ်သွားပါတယ်ရှင်.။ကိုယ့်ဘော်ဘော် ဆိုတော့ အားပေးပြီးသားပေါ့နော်.။ နောက်
ကိုလဲခုလိုစာ လေးတွေများများတင်ပေးပါ.။

မြစ်ကျိုးအင်း said...

ခက်ပါပေ့ဗျာ

သိပ်ချစ်လို့လည်း ယူသေးတယ်
ဒါမျိုးအတွေးမျိုး ဖြစ်တာ မိုက်ရိုင်းတာပဲ

ရာဂ နတ်ဖမ်းစားတော့လည်း အသိတရားတွေ ကန်းသွားတယ် ထင်တာပါပဲ